မပျော့ပါဘူး ကော့မှူးရာ

April 18, 2012

အရှင် ၀ီရသူ
ဧပြီ ၁၈၊ ၂၀၁၂
၅၊ ၄၊ ၂၀၁၂ မနက် ၄း ၃၀ နာရီ အိပ်ရာထ၍ ဘုရားအနေကဇာတင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေစဉ် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ၏ ဒကာများဖြစ်သော ကိုတွက်နှင့် ကိုအောင်တို့ ရောက်လာကြ၏။ ပဋ္ဌာန်းရွတ်အမျှဝေပြီး ရေအိမ်ဝင်မည်ပြုစဉ် ဖုန်းဆက်လာ၏။ ကော့မှူး-ဦး အဂ္ဂသာမိက ဆက်ခြင်းဖြစ်သည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ စာထွက်လာသည်။ ရဲစခန်း၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်သံဃနာယက အဖွဲ့၏ ခွင့်ပြုချက်ကိုရယူပြီးမှ တရားပွဲကျင်းပရန်” အမိန့်ကျလာခြင်းဖြစ်သည် ဆို၏။

သူက ဆက်လက်၍ပြောသေးသည်။ “အရင် ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရတုန်းကလည်း ဒီအတိုင်းပဲလုပ်ခဲ့တာပဲ ဘာမှမဖြစ် ဘူး။ အခု အရှင်ဘုရားကျမှ အမိန့်တွေထုတ်လာတာ။ ကြွဖြစ်အောင် ကြွခဲ့ပါ။ တရားဟောခွင့်မရလည်း ကျောင်းမှာပဲထိုင်ပြီး ကန်တော့ခံ- အပူဇော်ခံပေးပါ” ဟူ၏။

တပည့်ဖြစ်သူ လူပျံကျော်ကြီး အောင်ကိုဝင်းကလျှောက်သည်မှာ “မနေ့ည နှစ်ချက်တီးကတည်းက ဖုန်းဆက်ကြောင်း၊ SB တွေ၊ ရဲတွေ ခြေ ရှုပ်နေကြောင်း၊ ညနေ (၅) နာရီမှာစာကျလာ၍ ကော့မှူးမြို့သို့သွား၍ ပွဲမိန့်လျှောက်ခဲ့ကြောင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌက ရဲစခန်း ထောက်ခံစာရမှ လက်မှတ်ထိုးပေးမည်ဟုပြောကြောင်း၊ ယနေ့မနက် ၉း ၀၀ နာရီမှာ အဖြေသိရမည်ဖြစ်ကြောင်း၊ အစစ်ဆေးအမေးမြန်း ထူကြသည်ကို စိတ်ဓာတ်မကျမိဖို့ စာရေးသူအားလျှောက်ထားပေးဖို့မှာသွားကြောင်း” ဖြစ်လေသည်။

လေယာဉ်လက်မှတ်လည်း ဖြတ်ပြီးပြီ၊ လေဆိပ်သွားဖို့လည်း ပြင်ဆင်နေပြီဖြစ်၍ ကြွဖြစ်အောင် ကြွခဲ့ပါ့မည်။ လောလောဆယ်တွင် ရပ်ကျေး သံဃနာယကအဖွဲ့၏ခွင့်ပြုချက်ကို အရယူထားဖို့နှင့် ကျန်ဌာနများကို ပွဲမိန့်တောင်းခံမနေဘဲ အကြောင်းကြားရုံသာ ကြားလိုက်ဖို့ မှာရလေ သည်။ ရပ်ကျေးသံဃနာယကအဖွဲ့ကအဓိကဖြစ်၍ ကျန်အဖွဲ့များခွင့်မပြုလည်း ရပ်ကျေးကတာဝန်ယူလျှင် ဟော၍ဖြစ်ကြောင်း၊ ကျန်အဖွဲ့ များခွင့်မပြုလည်း ဟောဖြစ်အောင်ဟောမည်ဖြစ်ကြောင်း ပြောပြလိုက်လေသည်။ သူလည်း အားတက်သွားလေ၏။ ရပ်ကျေးက ကိုယ့်လူဖြစ် ၍ ချက်ချင်းရနိုင်သည်ဆိုကာ ဝမ်းသာအားရဖြစ်သွားလေသည်။ ၂၄၊ ၃၊ ၂၀၁၂ မှ ၃၀၊ ၃၊ ၂၀၁၂ ထိ ဟောခဲ့ပြီးသည့် ရန်ကုန်ပွဲစဉ်များကိုလည်း အထောက်အထားအဖြစ် ပူးတွဲတင်ပြဖို့ ရေးမှတ်ခိုင်းလိုက်ရ၏။

မေတ္တာရှင်ဒကာ ကိုတွတ်တို့ လိုက်ပို့သည့်ဆိုင်မှာ အရုဏ်ဆွမ်းစားသည်။ အရှင်ဇဝန(မေတ္တာရှင်) တို့၊ သီတဂူကြယ် တစ်ပွင့် အရှင်ပညာနန္ဒ တို့၊ ဓမ္မဓရ ဦးကုမာရ၊ ဦးစန္ဒောဘာသ (ဖိုးလမင်း) စသည့် ဓမ္မကထိကအများစု သည်ဆိုင်မှာ ဘုဉ်းပေးကြသည်ဆို၏။ ဆိုင်အမည်က ရတနာကဖေး ဖြစ်သည်။ တံခွန်တိုင်၊ လမ်းဆုံအဝိုင်းနားမှာ ဖြစ်၏။ ဆိုင်ပိုင်ရှင်များက လူလတ်ပိုင်း မျှသာ ဖြစ်လေသည်။ ကိုကျော်ကျော်လွင်+ မစိုးစိုးငြိမ်းတို့ဖြစ်၏။ ကိုကျော်ကျော်လွင်က ကိုယ်တစ်ခြမ်းလေဖြတ်ထား၍ ဆေးကုသနေရလေရာ သက်သာရုံသာရှိနေသေး၏။ ပုံမှန် အဆင့်သို့ မရောက်သေးပေ။ ထုံးစံအတိုင်း မစိုးစိုးငြိမ်းက စာရေးသူ၏ အိုးဘိုရောက်ကြောင်း တရားဟောင်းများကို နားထောင်ဖူးကြောင်း၊ သဘောကျကြောင်း၊ ကြည်ညိုလေးစားကြောင်း ဝမ်းသာအားရလျှောက်ထားလေ၏။

မေတ္တာရှင်ဒကာ ကိုတွတ်ကဆက်ပြောသည်မှာ “သူများတွေက နာရေးကားဆိုင်ရှေ့ရပ်လာရင် နိမိတ်မကောင်းဘူးဆိုကာ ငြူစူတတ်ကြ တယ်။ တချို့မောင်းထုတ်တာတောင် လုပ်ကြတယ်။ ဒီဆိုင်က ဒီလိုမဟုတ်ဘူး။ နာရေးကားဆိုက်လာတာနဲ့ ကားပေါ်ပါလာသူ လူအားလုံး ဘယ်လောက်များများ လ္ဘက်ရည်ကော်ဖီ အကုန်လှူတော့တာပဲ” ဟူ၏။ နားဝင်ချိုလိုက်ပါဘိ။ ဆရာကောင်းတပည့်များ ဖြစ်လေသည်။ ၎င်း တို့၏ဆရာများ တာဝန်ကျေကြလေသည်။

“ကုသိုလ်ဆိုတာ ယူတတ်မှရတာ”ဟူသော ရှေးဆရာတော်၏အဆုံးအမကား လက်တွေ့ကျသော စကားရပ်ဖြစ်လေသည်။ နာရေးအသင်း ဝင်များနှင့် နာရေးဆောင်ရွက်သူများ၊ နာရေးလိုက်ပါပို့ဆောင်သူများ၊ နာရေးမိသားစုဝင်များအပေါ် ကြံဖန်၍ကုသိုလ်ယူတတ်ပုံကို မချီး ကျူးဘဲ မနေနိုင်ခဲ့ပေ။ သံဃာများကိုဆွမ်းကပ်ရာမှာလည်း ဆိုင်မှာကပ်သည်မဟုတ်၊ အိမ်ထဲပင့်၍ ခမ်းနားထည်ဝါစွာပင့်၍ ကပ်ခြင်းဖြစ်၏။ ယခင်အခေါက်များက သည်လိုဆိုင်မျိုးရှိမှန်းမသိခဲ့၍ မန်းမြို့တော်ဆိုင်မှာ အရုဏ်တက်ခဲ့ရကြောင်းပြောကာ ဆိုင်လိပ်စာကို မှတ်သားခဲ့ရ လေသည်။

လေဆိပ်ရောက်သည်နှင့် ဦးအဂ္ဂသာမိထံဖုန်းဆက်သည်။ သူက “ကြိုဆိုရေးအဖွဲ့များနှင့် ဒလဘက်ကမ်းမှ စောင့်ကြိုနေမည်။ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်သံဃနာယက၊ မြို့နယ်သာသနာရေးမှူး၊ ရဲစခန်းမှူးတို့ထံ သူ၏ ဒကာများလွှတ်ထားသည်” ဆို၏။ စာရေးသူ၏ မူလအစီစဉ် မှာ “ရွှေပြည်သာမှာ တည်းမည်။ ကော့မှူးသို့ တရားသွားဟောမည်။ ဟောပြီးလျှင် ပြန်လာမည်။ နောက်တစ်နေ့ည ဆက်ဟောမည်။ ချက် ချင်းပြန်လာမည်” ဖြစ်လေ၏။ ယခုမူ သူက “နှစ်ညတော့ သူ့ဆီမှာအချိန်ပေးပါ” ဆိုလာ၍ မူလအစီစဉ်ပျက်ကာ ကော့မှူးသို့ တန်းသွားရပေ တော့မည်။

ဦးအဂ္ဂသာမိကား ပွင့်လင်းရိုးသားသူဖြစ်၏။ သူ၏ပွင့်လင်းမှုကလည်း ကြောက်စရာ။ လွန်ခဲ့သည့်ငါးနှစ်က ပန်းဆိုးတန်းမှာ တရားခွေဝယ်ပြီး ပြန်လာသည်တွင် နောက်မှလူတစ်ယောက်လိုက်လာကြောင်း၊ ထိုသူက စီဒီတစ်ချပ်ကပ်လှူကြောင်း၊ ဘာတရားလဲဟုမေးရာ နားထောင် ကြည့်ပါ၊ သိပါလိမ့်မည်ဟု ပြောသွားကြောင်း၊ ကျောင်းရောက်၍ နားထောင်ကြည့်ရာမှ စာရေးသူ၏ အမျိုးသားရေးတရားများ ဖြစ်နေကြောင်း၊ ‘အမြဲရှုံးနေသော ဘောလုံးပွဲ’၊ ‘လက်ဖဝါးပေါ်က ကံကြမ္မာ’၊ ‘မိခင်ရွာက သာသနာ’၊ ‘ဒို့မြန်မာ ဘယ်လ’ဲ၊ တရားများကို အကြိုက်ဆုံး ဖြစ် ကြောင်း၊ တရားဟောကြားသူ ထောင်ကျနေမှန်းလည်းမသိခဲ့ကြောင်း၊ သူကလည်း ပြန်လည်လက်ဆင့်ကမ်း၍ ဖြန့်ဖြူးလျက်ရှိကြောင်း ပြောပြလေသည်။

စာရေးသူနှင့် သိကျွမ်းမှုလည်း မရှိ၊ အဆက်အသွယ်လည်း မရှိပါဘဲ၊ တရားပွဲကို အားခဲပင့်ခြင်းဖြစ်၏။ မူလက ရန်ကုန်ခရီးစဉ်ပြီးလျှင် ဆက်လက်လက်မခံဘဲနေဖို့စိတ်ကူးထားသော်လည်း၊ ၇၊ ၄၊ ၂၀၁၂ ရက်နေ့တွင် ရွှေပြည်သာတရားပွဲတစ်ခုရှိနေ၍ ကော့မှူးကိုပါ လက်ခံလိုက်ရ လေ၏။ ဦးအဂ္ဂ ကံကောင်းသည်ဟုဆိုရမည်။ စစ်ကိုင်းဘုန်းကြီးမှဆက်သွယ်ပေးသော ဒကာမကြီးဒေါ်နန်းထွေးကား စာရေးသူအကျဉ်းကျ ကာလတလျှောက် လ္ဘက်ခြောက် လ္ဘက်မွှေး၊ ဆီတိုဟူးနှင့် စားစရာများ ပုံမှန်ပို့လှူခဲ့သော အပျိုကြီးမဖြစ်၏။ လူချင်းရင်းနှီးမှုမရှိသော်လည်း မရီးဖြစ်သူ ဒေါ်မာလာ၏သူငယ်ချင်းများဖြစ်နေ၍ မရီးတော်အလှူလုပ်တိုင်း ဒေါ်နန်းထွေးတို့ အမြဲပါရမီဖြည့်ကြလေရာ စာရေးသူနှင့်လည်း အကျွမ်းတဝင်ဖြစ်ခဲ့ရခြင်းဖြစ်လေသည်။ ဒေါ်နန်းထွေးနှင့် မည်သို့မည်ပုံ ပတ်သက်သည် မသိရသော်လည်း ဒေါ်နန်းထွေးကို ကျေးဇူးဆပ်ချင်၍ တရားပွဲကိုလက်ခံလိုက်ခြင်း ဖြစ်လေသည်။

ဤတွင်မှ ဦးအဂ္ဂ၏ပွင့်လင်းမှုကို စတင်တွေ့ခွင့်ရလိုက်ခြင်းဖြစ်၏။ တနေ့ ဦးအဂ္ဂမှဖုန်းဆက်လာပါသည်။ “ပွင့်ပွင့်လင်းလင်းပြောမယ်။ တရား ပွဲကုသိုလ်ရှင်လည်း မပေါ်ဘူး၊ တရားပွဲအတွက် သီးသန့်ဓမ္မပူဇာအလှူငွေလည်း မလှူနိုင်ဘူး။ ဒါပေမဲ့ တရားနာပရိသတ်လှူတဲ့ငွေကိုတော့ တစ်ပြားမကျန် အကုန်လှူမယ်။ အဲဒါ အရှင်ဘုရားကို အတိအလင်းပြောတာ၊ ကြွချင်ရင်ကြွ၊ မကြွချင်ရင်လဲနေ၊ အရှင်ဘုရားသဘော၊ အရှင် ဘုရားပဲဆုံးဖြတ်” ဟု တိုတိုတုတ်တုတ်နှင့် တဲ့တိုးကြီးပြောချလာ၏။ စာရေးသူကလည်း “အရှင်ဘုရား အားမငယ်ပါနဲ့၊ လူငယ်လူရွယ်တွေ တရားပွဲရောက်လာအောင်သာ စည်းရုံးထားပါ။ ပရိသတ်စည်တယ်ဆိုရင် ဟောအားရှိတာပါပဲ။ ကန်တော့ပွဲအတွက်တော့ ထည့်တွက်မနေနဲ့၊ ရွာနီးစပ်အတွက် ဗွီနိုင်းတွေကပ်ဖို့၊ ဖိတ်စာတွေဝေဖို့၊ ကြိုပို့စီစဉ်ပေးဖို့၊ အသံချဲ့စက်နှင့် လိုက်လံဆော်သြပေးဖို့သာ အဓိကထားပါ။” ဟု ပြန်လျှောက်လိုက်၏။ ဦးအဂ္ဂကား နှစ်ဆယ့်ငါးဝါရှိပြီးဖြစ်၍ စာရေးသူထက် တစ်ဝါကြီးသူဖြစ်လေသည်။ သူကလည်း “စိတ်ချပါ- လူစည်ဖို့ အတွက် မပူပါနဲ့။ အရင်တုန်းက နိုင်ငံကျော်ဆရာတော်တစ်ပါးကို ပင့်ဖူးပါတယ်။ လူတအားစည်ပါတယ်” ဟု ပြန်မိန့်လေ၏။ ဆက်လက်ပြီး “ဒါပေမဲ့ ဘာမှမကျန်ခဲ့ပါဘူးကိုယ်တော်” ဟု ငြီးငြူသွားခဲ့လေသည်။ အဆိုပါဆရာတော် ဘာတွေဟောသွားခဲ့သည်။ ဘာကြောင့် မကျန်ခဲ့ သည်ကိုတော့ မမေးမိလိုက်ပေ။

ဤသို့ဖြင့် စာရေးသူလည်း နယ်တရားပွဲများ လှည့်လည်ဟောကြားနေရသောကြောင့် ဦးအဂ္ဂနှင့် အဆက်အသွယ်ပြတ်သွားခဲ့ပေသည်။ တပတ် ခန့်အကြာတွင် ဦးအဂ္ဂထံမှ ဖုန်းဆက်လာ၏။ “အရှင်ဘုရား တရားပွဲကိုအတည်ပြုပြီးပြီလား”ဟု မေးလာခြင်းဖြစ်၏။ တော်ရုံတန်ရုံ ဘုန်းကြီးဆိုလျှင် တရားပွဲလက်ခံဖို့ နေနေသာသာ အော်ငေါက်ပစ်လိုက်မည်မှာ သေချာလေသည်။ စာရေးသူလည်း တအံ့တသြနှင့် “အရှင် ဘုရားက အခုထိအတည်မပြုရသေးဘူးလား” ဟု မေးလိုက်မိလေ၏။ သူကလည်း “အရှင်ဘုရား ဆုံးဖြတ်ဖို့အချိန်းပေးထားတာ” ဟု ဆို လာပြန်၏။ အကဲစမ်းသည်လော၊ အပြောမတတ်သည်လော။ သူ့သဘောကို မစောကြောတတ်သောကြောင့် ခေါင်းငုံ့ခံလိုက်ရလေ၏။ အထက်စီးမှဆက်ဆံ၍ တရားပွဲပင့်သည့်ပုဂ္ဂိုလ်မျိုး သည်တစ်ခါသာ ကြုံဖူးခြင်းဖြစ်ပါသည်။ စိတ်ထဲမှာကား “အပျိုးကြီး ဒေါ်နန်းထွေးရေ… ခင်ဗျားကိုယ်တော်ဘက်က တင်းတာဗျ။ တရားပွဲလျှောက်သူဘက်ကတင်းမာတာ ဒီတစ်ခါပဲကြုံရသေးတယ်” ဟု ပြောနေမိတော့၏။ လမ်း စရိတ် မကြေလျှင်နေပါစေ။ အိပ်စိုက်သာသနာပြုလျှင် ပြုရပါစေ- သည်လောက်စိတ်အားထက်သန်နေမှတော့ ကြွဖြစ်အောင်ကြွ၍ ဟောပစ် လိုက်မည်ဟုလည်း အားတင်းထားလိုက်မိပေသည်။

တရားပွဲကြော်ငြာအတွက် စာရေးသူ၏အတ္ထုပ္ပတ္တိအကျဉ်းနှင့်ဓာတ်ပုံကို ဆက်တောင်း၏။ ဒေါ်နန်းထွေးကို ယူခိုင်းလိုက်ဖို့နှင့်၊ စာရေးသူမရှိ လည်း ကျောင်းမှာဝင်ယူ၍ ရကြောင်းပြောခဲ့ရလေသည်။ ကိုးဘွဲ့ရဆရာတော် တရားပွဲများကျင်းပဖူးသည်ဆိုသောကြောင့် ပွဲမိန့်အတွက် ထည့်မပြောဖြစ်ခဲ့ပေ။ သူကလည်း ပွဲမိန့်မခံဟုသိရ၏။ “တရားပွဲလုပ်တာ ပွဲမိန့်တောင်းစရာမလိုပါဘူး” ဟု ခံယူထားကြောင်းလည်း သိရ၏။ ဇွတ်တရွတ်နိုင်ပြီး အတော်တင်းမာသည်ဟု ရွာသားများပြောမှ သိရလေသည်။

ဦးမောင်မောင် လာကြိုသည်။ ၎င်းကားဖြင့် ပန်းဆိုးတန်းသို့ တန်းထွက်လာခဲ့၏။ ၁၁း ၀၀ နာရီထိုးမှ ဆိပ်ကမ်းရောက်သည်။ ဈေးထိပ်တွင် ဘုန်းကြီးနှစ်ပါး ရပ်စောင့်နေသည်ကို တွေ့ရ၏။ ဇက်နှင့်ကူးလျှင် ဆွမ်းချိန်မမီမည်စိုး၍ သမ္ဗာန်ငှားကာ မြစ်ကူးရလေသည်။ ဘဝတလျှောက် ရန်ကုန်မြစ်ထဲတွင် လှေသမ္ဗာန်စီးဖူးသည်မှာ သည်တကြိမ်ပထမဦးဆုံး ဖြစ်လေသည်။ ဇင်ယော်ငှက်လေးတွေကျွေးဖို့ စားစရာမပါလာခဲ့ သော်လည်း ဇင်ယော်ငှက်လေးတွေကို မတွေ့ရသည်မှာကြာပြီဖြစ်၍ သူတို့ကိုကြည့်ရင်း ကြည်နူးမိခဲ့လေသည်။ ဒလဆိပ်ကမ်းရောက် သည်နှင့် အပေါ့သွားဖို့နေရာရှာရ၏။ “ကျား” “မ” ဝန်ဆောင်မှုဌာနမှာ အပေါ့သွားသည်။ “တယောက် (၁၀၀) ကျပ်” ဟု ရေးထားသည်ကို တွေ့ရ၏။ “အပေါ့တခါသွား ငွေတစ်ရာ” ဒလသူတို့ မသက်သာပါကလား တွေးမိ၏။ အိုးဘိုထောင် ဦးဘချစ်၏ဝန်ဆောင်မှုနှင့် ဘာမျှမထူးပေ။ ဦးဘချစ်က “မိလ္လာတခါသွား ကော်ဖီမစ်တထုပ်” တောင်းသည်သာ ထူးလေ၏။ ကောင်တာမှ အမျိုးသမီးကြီးကား စာရေးသူတို့အတွက် ပေးသည်ကိုလည်း မယူ၊ ကျောင်းသားအတွက်ပေးသည်ကိုလည်း မယူပေ။ လက်အုပ်ချီကာ အရိုအသေပြု၍သာနေလေ၏။

၁၁း ၃၀ နာရီထိုးနေပြီဖြစ်၍ နီးစပ်ရာဆိုင်မှာ နေ့ဆွမ်းစားကြ၏။ စားရသည်မှာ အဆင်မပြေသော်လည်း ခရီးပန်းလာ၍ ဆာလာသည်အား လျော်စွာ ဝမ်းပြည့်သည်အထိ စားလိုက်မိလေသည်။ လ္ဘက်ရည်ပွဲ အချိုပွဲအတွက်လည်း ဘာမျှမရှိ။ ရှိလျှင်လည်း စားချိန်မရှိတော့ပြီဖြစ်၍ လက်ဆေးပါးစပ်ဆေးကာ ကားဖြင့်ထွက်လာခဲ့ကြ၏။ တက္ကစီကားဖြင့် ထွက်လာခြင်းဖြစ်၏။ ကားပေါ်မှာ ခဏအိပ်ပျော်သွားသည်။ ဦးအဂ္ဂလက်တို့နှိုးမှ အဖျောက်ရွာရောက်မှန်း သိလိုက်ရ၏။ အဖျောက်ရွာ ရပ်ကျေးသံဃနာယကဥက္ကဋ္ဌ ဦးစန္ဒောထံမှာ ခဏနားသည်။ ဦး အဂ္ဂတို့ ရွာတန်းရှည်ရွာမှ ယောဂီဝတ်အသင်းများက သည်မှာစောင့်ကြိုနေကြခြင်း ဖြစ်၏။ ကျောင်းတိုက်အဝင် လမ်းဝဲယာမှ မေတ္တာပို့များ ရွတ်ဆို၍ ကြိုဆိုနေကြပေသည်။

ဘုန်းကြီး ဦစန္ဒောက ပွဲမိန့်အဆင်ပြေသွားမည်ဖြစ်ကြောင်း စိတ်မပူစေလိုကြောင်း ပြောလေသည်။ ထိုသို့ပြောနေစဉ် စာရေးသူ၏ မွေးရပ်ဇာ တိ၊ မိဘနှစ်ပါး၊ ပရိယတ္တိအရည်အချင်း၊ သာသနာရေးဆောင်ရွက်ချက်တွေကို ဖုန်းဖြင့်လှမ်းမေးနေ၍ ဦးအဂ္ဂကဖြေဆိုပေးနေရ၏။ ထို့နောက် “အဆင်ပြေသွားမှာပါ။ ဘာမှမပူပါနဲ့”ဟု တဖက်က မှာသွားသည်ဆို၏။

အဖျောက်ရွာမှ နွားလှည်းယာဉ်ဖြင့်ထွက်လာ၏။ ယောဂီများက ထော်လာဂျီသုံးစီး၊ ဦးအဂ္ဂနှင့် ကျောင်းသားတို့က ဆိုင်ကယ်ကိုယ်စီဖြင့် လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေ တလှိမ့်လှိမ့်တက်လာကြသည်ကို သည်တခါသာ ခံစားဖူးခြင်းဖြစ်လေသည်။ လက် တဖက် က လှည်းရံတိုင်ကိုကိုင်၍ ကျန်တဖက်က ထီးကိုကိုင်ကာ တလမ်းလုံး လက်မအားတမ်း လှည်းစီးလာရခြင်း ဖြစ်လေသည်။ သင်္ကန်းတခုလုံး ရွှေအိုရောင်မှ ဖုန်မှုံ့ရောင်သမ်းသွားလေ၏။ အချို့နေရာများတွင် ဖုန်မဝင်အောင် မျက်စိမှိတ်၍သာထားရလေသည်။ ပျော်စရာတော့ကောင်း သည်။ သဘာဝတရားဖြင့် သဘာဝကျကျ ကြိုဆိုတတ်သော ရွာတန်းရှည်ရွာ အရှေ့ကျောင်းဆရာတော် ဦးအဂ္ဂသာမိကို စိတ်ထဲမှကြိတ်၍ ချီးကျူးနေမိလေ၏။

ပထမတွင် နေပူ၏။ ထို့နောက် မိုးစက်ကလေးတွေ ကျလာ၏။ ထို့နောက်တွင်မူ မိုးအုံ့၍ သွားလေသည်။ ထီးပိတ်ကာ လှည်းပေါ်တင်ထားရာမှ ပြုတ်ကျသွားရာ ထော်လာဂျီဆရာက ကောက်ယူပေးရသည်နှင့် ကြုံရလေ၏။ လှည်းခရီးဖြင့် မိနစ်ငါးဆယ်ခန့်သာ လာရလေသည်။ ရှုးရှုးရှဲရှဲ အသံမြည်၍ သေးခဏခဏပေါက်နေရှာသောနွားများကိုကြည့်၍ သနားနေမိ၏။ အပြန်ခရီးအတွက်မူ လှည်းမစီးဘဲ ထော်လာဂျီသာစီးဖို့ စိတ်ကူးမိလေသည်။ နွားများကိုသနားသောကြောင့် ဖြစ်၏။

လှည်းစီးနေစဉ် ဖုန်းခေါ်သံမြည်လာ၍ တောရွာမှာလည်း GSM ဖုန်းလိုင်းမိကြောင်း သိလိုက်ရလေသည်။ အံ့သြမိသွား၏။ ကျုံမငေးမြို့ ညီ တော်မောင်ထံမှ ဖြစ်၏။ တဖက်က ဖုန်းကိုင်စကားပြောရင်း၊ ကျန်တဖက်က လှည်းရံတိုင်ကိုအားပြုကိုင်ထားကာ လှည်းစီးလိုက်လာရ၏။ ထီးကိုင်မထားရ၍ တော်သေးသည်။

ရွာတန်းရှည်ကိုရောက်၍ အရှေ့ကျောင်းဝင်းထဲဝင်လိုက်သည်နှင့် ရွာသူရွာသားများက လက်အုပ်ချီ တန်းစီလျက် ကြိုဆိုနေကြ၏။ လှည်း ပေါ်မှဆင်းတော့ ရွှေအိုရောင်သင်္ကန်းမှ ဟုတ်ပါလေစ အောက်မေ့ရ၏။ ဖုန်အလိမ်းလိမ်းကပ်နေ၍ ဖြူဖတ်ဖြူရော် ဖြစ်နေလေပြီ။

ညနေ ၃း ၀၀ နာရီခန့် ရွာရောက်သည်။ တရားပွဲ ပွဲမိန့်ကား မကျသေး။ တရားပွဲ ပွဲမိန့်ကျမည် မကျမည်မှာ မသေချာ မရေရာမှန်းသိပါလျက် ဝေယျာဝေစ္စသမားများကား တက်ကြွနေကြ၏။ မနေ့ညက ၂း ၀၀ နာရီထိ ထိုင်စောင့်သူကစောင့်၊ မြို့တက်၍ ပွဲမိန့်ကျဖို့ လှုပ်ရှားသူက လှုပ်ရှားနှင့် ညဥ့်နက်မှအိပ်ရာဝင်ခဲ့ရသည်ဆို၏။

တရားပွဲမဏ္ဍပ်ကား ရွာလေးနှင့်စာလျှင် ခမ်းနားသည်ဟုဆိုရမည်။ သူများထက် တမူထူးခြားသည်မှာ စာရေးသူပုံ ဗွီနိုင်းများကို ဝဲယာတဖက် တချက်တွင်ချိတ်ဆွဲထားပြီး ဗွီနိုင်းပုံများအထက်တွင် မုခ်ဦးဆိုင်းဘုတ်ထိုးသလို စာတန်းထိုးထားခြင်းဖြစ်၏။ တခုက “ကမ္ဘာမြေ ငြိမ်းချမ်း ပါစေ” ဆုတောင်းစာတန်းဖြစ်ပြီး ကျန်တခုမှာ “အမျိုးဘာသာ သာသနာကို မြတ်နိုးတန်ဖိုးထားတတ်ပါစေ” ဟူ၍ ဖြစ်လေသည်။

ရွာသားများပြင်ဆင်နေသည်ကို လေ့လာနေမိ၏။ ကျောင်းရှေ့ကွင်းပြင်ကြီးကို ကောက်ရိုးဖြန့်ခင်းသည်။ ကျင်းတွေချိုင့်တွေရှိလျှင် အနိမ့် အမြင့်မညီသောကြောင့် ကောက်ရိုးဖြင့် မြေညှိခြင်းပင်ဖြစ်လေသည်။ ထိုကောက်ရိုးများပေါ်၌ ကော်ဇောများ၊ ဖျာများ ခင်းကြလေ၏။ ပလ္လင် တက်လမ်းတလျှောက် ဝဲယာတွင် မတ်တတ်မီးလုံးတိုင်အတိုလေးများ ခင်းကျင်းထွန်းညှိထား၏။ ရွာကျောင်း၊ မြို့ကျောင်း ကျောင်းအားလုံးမှ ငှားရမ်းကူညီကြခြင်း ဖြစ်သည်ဆို၏။

သူတို့ပြင်ဆင်နေစဉ် စေတီတော်ကိုဖူးမြင်ကန်တော့၍ ကျောင်းအနီးတဝိုက်လျှောက်ပတ်ကြည့်မိ၏။ စေတီတော်၏ ဝဲဘက်၊ တရားပွဲမဏ္ဍပ် ၏ ခေါင်းရင်းတည့်တည့်တွင် ရေကန်ကြီးနှစ်ကန် ရှိလေသည်။ ပထမရေကန်၊ ဒုတိယရေကန်ဟု ခေါ်သည်ဆို၏။ ရေထုမှာ ဒူးဆစ်ခန့်သာ နက်ပြီး ရေကန်နှစ်ခုလုံးမှာ ကြာပန်းကြာပင်များနှင့် ဖုံးလွှမ်းလျှက်ရှိပေသည်။ ရေနှင့်ကြာ အလွန်ပဏာရသည့် ရှုခင်းပင်။ သည်ည “ရေမြင့်မှ ကြာတင့်မည်” တရားဟောဖို့ စိတ်အားပို၍ထက်သန်လာ၏။

ရွာသူများ ရေခပ်နေသည်ကို တွေ့ရသည်။ အမျိုးသမီးများ ရေထမ်းနေကြခြင်းဖြစ်၏။ ဟိုဘက်ထိပ် သည်ဘက်ထိပ်မှာ တည်ရှိနေကြ၍ မစပ်စုမိ။ ထိပ်ဆုံးကျသော ရေကန်၏ ထိပ်ဆုံးအစွန်တွင် ရွာသားများ ရေခပ်နေသည်ကို တွေ့ရ၏။ ရေကန်ထဲမှ ရေထမ်းဖြင့် ရေသယ်၍ ထော်လာဂျီပေါ် သွန်လောင်းနေကြခြင်း ဖြစ်၏။ အတော်ပင် ဆန်းကြယ်လေသည်။ ထော်ဂျီပေါ်တွင် တာလပတ်ကြီးခင်း၍ ထော်လာဂျီ ဘောင်လေးခုပေါ်တွင် တာလပတ် နှုတ်ခမ်းသားများကို ကြိုးနှင့်ချီ၍ထားကာ ထော်လဂျီ ဝမ်းဗိုက်ထဲသို့ ရေသွန်လောင်း ထည့်နေခြင်းဖြစ်၏။

အိမ်ခြေနှစ်ရာခန့်ရှိသော ရွာတန်းရှည်ရွာလေးသည် ထိုရေကန်ကြီး နှစ်ကန်ကို မှီခိုနေရသည် ဆို၏။ ဘုံဘိုင်တွင်းများ နေရာအနှံ့အပြား ရှိသော်လည်း သုံးရေအတွက်သာ အားကိုးရသည်။ သောက်ရေအတွက်မူကား မိုးရေလှောင် သည်ကန်ကြီးများကို အားကိုးရသည်ဆို၏။ အိမ်နီးသူက ရေထမ်းဖြင့်ခတ်ယူ၍၊ ဝေးသူများက ထော်လာဂျီဖြင့် သယ်ယူကြသည်။ ထိုရေများကို စဥ့်အိုးကြီးများဖြင့် သိုလှောင်ထားကြပြီး၊ သောက်ရေအဖြစ် သောက်သုံးကြသည်ဆို၏။ ကြိုချက်သန့်စင်၍ သောက်ကြခြင်းမျိုး မဟုတ်ကြပါ။ ရေစစ်ဖြင့် ရေစစ်၍ ရေစိမ်း သက်သက် ကိုသာ သောက်ကြခြင်းဖြစ်ပေသည်။

ရေကိုသိုလှောင်ထားပြီးသောက်မှသာ သောက်၍ကောင်းသည်။ သိုလှောင်မထားဘဲ ယခုခပ် ယခုသောက်လျှင် ကြာရိုးနံ့နံသည်ဆို၏။ ဝမ်း ပျက်ဝမ်းလျှောရောဂါများ ရေနှင့်ပတ်သက်သည့် အခြားရောဂါများ တခါမျှမဖြစ်ပေါ်ကြဟု ဆို၏။

စာရေးသူသည် ရေနွေးသာသောက်လေ့ရှိရကား ရေစိမ်းကိုမသောက်ဝံ့ဘဲ ဖြစ်နေလေသည်။ ရေသန့်ဘူးများကို ခရီးသွားစဉ် သောက်လေ့ရှိ သော်လည်း ယခု ကြာကန်ရေကို စမ်းသောက်ကြည့်ဖို့ရာ မဝံ့မရဲဖြစ်နေလေသည်။ ဝမ်းပျက်လျှင် တရားပွဲပျက်သွားမည်စိုးသောကြောင့် ဖြစ် ၏။ နောက်ဆုံးတွင် ဇွတ်ကြိတ်မှိတ်သောက်လိုက်ရလေ၏။ လေးလေးပင်ပင် ရှိလေ၏။ စိုးရိမ်နေသော ဝမ်းပျက်ဝမ်းလျှောရောဂါများ လုံးဝ မဖြစ်ပေ။

ညစဉ် ၇း ၀၀ နာရီကြေညာထားသော်လည်း ၈း ၃၀ နာရီမှ တရားဟောရ၏။ ပရိသတ်ကို စောင့်နေရသောကြောင့်ဖြစ်သည်။ အစောကြီး ကတည်းက ရောက်နှင့်နေသောပရိသတ်ကို အားနာဖို့ပြောသော်လည်းမရ။ “ဒေါ်အောင်ဆန်းစုကြည်လာတုံးက ဒီထက်ပိုဆိုးတယ်။ တော သူတောင်သားတွေ ဒါမျိုးကရိုးနေပြီ” ဟု ဆိုကြသည်က များ၏။ ကြိုတင်ရောက်နှင့်နေသော တရားနာပရိသတ်ကို နမူနာပြသဖို့ ယူလာသည့် “ငရဲပြည်မှ အပြန်” မှတ်တမ်းခွေလည်း ပြခွင့်မရပေ။ ပရိုဂျက်တာမရှိသောကြောင့်ဖြစ်၏။ ဈေးသက်သက်သာသာနှင့်ရသော ပရိုဂျက်တာ ငှားပေးမည်ဟု ကပ္ပိယအောင်ကိုဝင်းကပြောသော်လည်း ရွာဘုန်းကြီးက လက်မခံဟုဆိုသည်။ ထို့ကြောင့် တရားနာပရိသတ်ခမျာ ငူငူကြီး သာ ထိုင်နေကြရလေသည်။

ပလ္လင်ပေါ်တက်ခါနီးမှ ပွဲမိန့်ကျလာ၏။ မြို့နယ်ဥက္ကဋ္ဌ ဆရာတော်ကလက်မှတ်ထိုးပေး၍ ဟောခွင့်ပြုသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင် အုပ်ချုပ်ရေးမှူးအထိ ထပ်တင်ရဦးမည်ဖြစ်၍ နှုတ်မိန့်သာချပေးသည်။ ယနေ့ည လွတ်လွတ်ကင်းကင်းဟောဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ မိန့်မှာသည်ဆို၏။ ဦးအဂ္ဂကိုယ်တိုင် လာပြောသည်။

ရေကမမြင့် ကြာမတင့်၊ အလှမဆင့်ပြီ။
ရေမြင့်ပါမှ ကြာတင့်ရ၊ အလှဆင့်ဝေစည်။

တရားပွဲ ပလ္လင်ပေါ်သို့ အတက်တွင် ထီးဖြူများ၊ အလံများ၊ ပန်းဖလားများဖြင့် ကြိုဆိုကြ ပင့်ဆောင်ကြသော်လည်း ပလ္လင်ပေါ်မှအဆင်း အပြန်လမ်းတလျှောက်တွင်မူ တပါးတည်းသာ ပြန်လာခဲ့ရလေသည်။ တခါမျှမကြုံတွေ့ဘူးသောကြောင့် ခပ်ကြောင်ကြောင် ဖြစ်နေမိလေ ၏။

တရားပွဲအပြီးတွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များရောက်နေသည်ဆို၍ ကျောင်းပေါ်တက်၍ ဦးချရ၏။ ဦးအဂ္ဂက မနေ့ည .၁၂း ၀၀ နာရီကျမှရောက်လာကြောင်း၊ တာဝန်ယူလိုက်ကြောင်း၊ ရဲစခန်းနှင့် သာသနာရေးဌာတို့က သူတာဝန်ယူသည်ဆို၍ မငြင်းဆန်ကြတော့ ကြောင်း၊ သူ့ကျောင်းမှာလည်း တရားပွဲကျင်းပနေကြောင်း၊ သူ့တရားပွဲကိုပစ်ခဲ့ကာ သည်မှာလာရခြင်းဖြစ်ကြောင်း၊ မြို့နယ်သံဃနာယက အဖွဲ့ဝင် ဦးကောဏ္ဍညကပြောပြနေလေသည်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေး၍ ကြောက်ကြောက်လန့်လန့်နှင့် လာရပုံပေါ်သည်။ ဓမ္မစစ် တရားသားချည်းသက်သက်ဟောသည်ကို တွေ့ရမှ စိတ်အေးသွားရပုံပေါ်၏။

မြို့နယ်သံဃနာယက ဆရာတော်များကို ဦးချနှုတ်ဆက်ပြီး ကျောင်းနောက်ဖေးဘက်ထွက်ကာ ပရိတ်ရွတ်နေမိ၏။ တန်ခူးလဆန်း (၁၄)ရက်ညဖြစ်၍ ငွေလသာနေသည်။ ငွေလမင်းမျက်နှာကို လွတ်လပ်အားရစွာ ကြည့်ခွင့်ရခြင်းသည်လည်း မင်္ဂလာတစ်ပါးပင်ဖြစ်လေသည်။ ဟင်းလင်းပြင် လယ်ကွင်းများဘက်မှရရှိသော စပါးနံ့၊ ငွေလမင်းထံမှရရှိသော အအေးဓာတ်တို့ကြောင့် စိတ်တွေကြည်လင်လန်းဆန်း၍ လာ၏။ ပရိတ်ရွတ် အမျှဝေပြီးပြန်လာသည်တွင် အခန်းထဲ၌ ဧည့်သည်များရောက်နေသည်ကို တွေ့ရပေသည်။ ကော့မှူးမြို့နယ် အောင်နိုင် ရေးအဖွဲ့ဝင် ဦးစိန်သောင်းတို့အဖွဲ့ဖြစ်၏။ ဦးစိန်သောင်းကား အသက် (၆၈) နှစ်အရွယ်ရှိပြီဖြစ်သော်လည်း တက်ကြွနေဆဲဖြစ်၏။ ၁၉၈၂ – ၁၉၈၅၊ ၁၉၈၈ – ၁၉၉၁၊ ၁၉၉၃ – ၁၉၉၈ အင်းစိန်ထောင်မှာ သုံးခါနေဖူးသည်ဆို၏။ နိုင်ငံရေးဆွေးနွေးဖြစ်၏။ ဓာတ်ပုံရိုက်ခွင့်တောင်း၍ ရိုက်ခွင့်ပြုလိုက်ရာ NLD ပင်နီအင်္ကျီထုတ်ဝတ်ကာ နိုင်ငံခြားစတိုင် ဒူးတစ်ဖက်ထောက်၍ အရိုက်ခံလေသည်။ ရန်ကုန်မှပြန်ရောက်သည်နှင့် မနားဘဲ တရားပွဲလာဖော်ရသည်။ အချိန်ပေး၍ စောင့်ဖော်ရသည်။ ညဥ့်နက်သည်အထိ ဆွေးနွေးရှာသည်။ အာဂအဖိုးအိုပင်။

ဘုန်းကြီးရော လူတွေပါ တရားကောင်းကြောင်း မပြောပါ။ သူတို့မျှော်လင့်ထားသည့်တရားမဟုတ်သောကြောင့် အားမရကြခြင်း ဖြစ်ပေ သည်။ တရားနာပရိသတ်ကလည်း မများပြားလှပါ။ ဝတ်အသင်းသူတွေကသာ များပေသည်။ လူငယ်လူရွယ်တွေလည်း လုံးဝမတွေ့ရပါ။ ဘိုးဘွားများသာ များပေသည်။ ပရိသတ်နည်းသော်လည်း ခြင်္သေ့မင်းထုံးနှလုံးမူကာ အားရပါးရဟောခဲ့ပေသည်။ အသံချဲ့စက်ကလည်း အဆင်မပြေလှပါ။ တဂွီဂွီတဂွမ်ဂွမ်နှင့် ပြင်ဆင်နေသည်ကို ထိုင်စောင့်နေသည်မှာ အတော်ကြီးပင်ကြာပေသည်။ ကန်တော့ပွဲမပါသည့် တရားပွဲ၊ တရားပွဲကုသိုလ်ရှင်၊ ဓမ္မပူဇာအလှူရှင်မပေါ်သည့်တရားပွဲပင်ဖြစ်သော်လည်း အားခဲ၍ စိတ်ရှည်လက်ရှည်ဟောကြားခဲ့ပေသည်။ တရားနာပရိသတ်ကား မဂ္ဂင်ရှစ်ပါးတောင် အလွတ်မရကြပါ။ ရှေ့ကကြောင်းပေးသည်ကိုပင် လိုက်မဆိုနိုင်ကြပါ။ ဝတ်အသင်းသူများ များ ပြားပါလျှက် မဂ္ဂင်ရှစ်ပါး အသံမထွက်တတ်သည်ကို ကြည့်က ရွာမှာ သာသနာမထွန်းကားသေးမှန်း သိသာနိုင်ပေသည်။ ရွာတန်းရှည်ရွာကား သနားစရာအတိပါတကား။

၆၊ ၄၊ ၂၀၁၂ အရုဏ်ဆွမ်းစားပြီးသည်နှင့် ရေဒီယိုသင်တန်းပို့ချဖို့ လူစုခိုင်းထားရ၏။ ကျေးရွာလူထု မျက်စိပွင့်နားပွင့်ဖို့လိုသည်။ အထူးသဖြင့် ရေဒီယိုနိုင်ငံရေးလောက်တော့ လုပ်ဖို့လိုသည်။ ရေဒီယိုနားထောင်မှ နိုင်ငံရေးအသိဉာဏ်ပွင့်လင်းမည်။ မျက်မှောက်နိုင်ငံရေးကို မျက်ခြေ ပျက်မခံဘဲ အမြဲသိနေမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်။ နောက်ဆုံး ဘယ်ပါတီကိုမဲပေးရမည်၊ ဘယ်ပါတီကို မဲမပေးထိုက်သည်ကို သိရှိစေရန် ရေဒီယိုနားထောင်ရမည်။ ထို့ကြောင့် တရားပွဲကို အားမရသည့်လူငယ်လူရွယ်များအတွက် ရေဒီယိုနိုင်ငံရေးသင်တန်းပို့ချဖို့ စိတ်ကူးရခြင်း ဖြစ်ပေသည်။

လူစုံပြီဆိုကာ လာခေါ်၍ ကျောင်းပေါ်တက်သွားသည်။ မိန်းကလေးများက အများစုဖြစ်နေ၏။ အဘွားကြီးများလည်း ပါလေသည်။ ဦးဇင်းများ ကိုရင်များလည်း တက်ကြ၏။ လူငယ်လူရွယ်များ လုံးဝမပါပေ။ ဝေယျာဝစ္စလုပ်နေသည့် လူလတ်ပိုင်း လူကြီးပိုင်းမှ လေးငါးယောက်သာ လုပ်လက်စကိုရပ်ထားပြီး လာနားထောင်သည်ကို တွေ့ရ၏။

“ရေဒီယိုတစ်လုံးရဲ့တန်ဖိုးကို ထောင်ကျမှသိခွင့်ရတာ။ မျက်စိကန်း နားကန်းဘဝနဲ့နေရလို့ သတင်းငတ်မွတ်နေတာကြောင့် တပည့်များကို ရေဒီယိုနားထောင်ခိုင်းသော်လည်း တပည့်များမှာ ရေဒီယိုနားမထောင်တတ်ကြကြောင်း၊ အရေးကြီးသတင်း၊ ထိပ်တန်းသတင်း၊ နိုင်ငံရေး သတင်း၊ စစ်ရေးသတင်း စသည် မခွဲခြားတတ်ကြကြောင်း၊ (၁၄) ရက်တကြိမ် ရေဒီယိုနားထောင်နည်း ပြောပြခဲ့ရကြောင်း၊ မိနစ်ပိုင်းခန့်သာ ပြောခွင့်ရခဲ့သော်လည်း လပေါင်းများစွာကြာလာသည့်အခါ တပည့်များ ရေဒီယိုနားထောင်တတ်လာကြောင်း၊ တပည့်များပါလာသည့် သ တင်းများ တိကျခိုင်မာလာ၍ ထောင်ထဲမှာ သတင်းနှင့်ပတ်သက်လာရင် စာရေးသူကိုသာ အားကိုးကြကြောင်း” အစချီ၍ ပို့ချခဲ့လေသည်။ လက်တွေ့လည်း ရေဒီယိုဖွင့်ပြကာ ရှင်းပြပေးခဲ့၏။

ညတရားပွဲ ကောင်းကြောင်းမပြောကြသော်လည်း ရေဒီယိုတရားကိုကား လူတွေ့တိုင်း ချီးကျူးကြလေသည်။ သို့သော် လူငယ်လူရွယ်များ မပါ၍ အားမရခဲ့ပေ။ ဆွေးနွေးဖို့မေးမြန်းဖို့ ဖိတ်ခေါ်သော်လည်း တယောက်သာမေးမြန်းသည်ကို တွေ့ရ၏။ အကြောက်တရားလွှမ်းမိုးနေ ကြခြင်း၊ နိုင်ငံရေးအသိ ခေါင်းပါးနေခြင်းကြောင့်၊ နိုင်ငံရေးဗဟုဿုတ ဆည်းပူးဖို့ မနည်းပြောပြနေရ၏။

ရွှေမြန်မာများ ရေဒီယိုတောင် နားမထောင်တတ်ကြကြောင်းပြောမိရာ၊ မေတ္တာရှင် ဒကာကိုတွက်က ဝန်ခံလေသည်။ “တပည့်တော်လည်း ဘုန်းဘုန်းပြောမှ ရေဒီယိုနားထောင်နည်းကိုသိခွင့်ရခဲ့တာ”ဟု လျှောက်လေ၏။ တရားပွဲမအောင်မြင်သော်လည်း ရေဒီယိုသင်တန်း အောင် မြင်သောကြောင့် ဖြေသာခဲ့ရပေသည်။

ဦးအဂ္ဂကား အာဂန္တုကဝတ်ပင် မကျေပေ။ အလုပ်များနေ၍လောမသိ။ ဓမ္မကထိကအား သံပုရာရည်လေးတစ်ခွက် ရေသန့်ဘူးလေးတစ်ဘူးပင် ပို့ဖော်မရပေ။ ရေနွေးကြမ်းလေး ရှိနေ၍တော်ပေသေး၏။ စတုမဓုပါလာ၍ တော်ပေသေး၏။ စာရေးသူနှင့် မန္တလေးမှလိုက်လာသော ဒကာ ကိုတွတ်ကား-ဘုန်းကြီးကိုမလျှောက်သော်လည်း မျက်နှာပျက်၍နေချေ၏။

ဦအဂ္ဂကား “ဒို့မြန်မာဘယ်လဲ” တရားမျိုးဟောပေးဖို့ ထပ်တလဲလဲတိုက်တွန်းနေလေ၏။ စာရေးသူကား မတုန်မလှုပ် ကျောက်ရုပ်အသွင်ဖြင့် သာ ခပ်မဆိတ်နေခဲ့ရလေသည်။

တန်ခူးလပြည့်နေ့။ ဘုရားပွဲနိဗ္ဗာန်ဈေးကား စည်းကားလှ၏။ ဘုရားပတ်ပတ်လည်တွင် ဆိုင်ခန်းလေးများ နေရာချထားပေး၏။ ဆိုင်ခန်းခြောက် ဆယ်ခန့်ပင် ရှိပေသည်။ လူငါးဆယ်စာလှူဒါန်းသည့်ဆိုင်မျိုးက အနည်းဆုံးဖြစ်၏။ လူတစ်ရာ နှစ်ရာစာထိလှူဒါန်းသည့်ဆိုင်မျိုးပင် ရှိလေ သည်။ အဖျော်ရည်ဘူး၊ ထမင်းထုပ်မှစ၍ စားစရာသောက်စရာများ စုံလင်လှပေသည်။ အမျိုးသမီးများကသပ်သပ်၊ အမျိုးသားများက သပ်သပ်၊ ကားများကသပ်သပ်၊ မဲရုံများမှာ တန်းစီမဲနှိုက်ယူကြရ၏။ တစ်ယောက်လျှင် မဲလက်မှတ် လေးငါးစောင်စီရကြ၏။ ကျောင်းတံ ဆိပ်တုံးပါသည့်စာရွက်ပေါ်တွင် ဆိုင်နံပါတ်များရေးသားထားသည့် မဲစာရွက်များဖြစ်၏။ ထိုမဲလိပ်များကိုယူ၍ ဆိုင်နံပါတ်အတိုင်းဆိုင်ရှင်ကို ပြလိုက်လျှင် ဆိုင်ရှင်က သူလှူမည့်ပစ္စည်းကို ကြည်ဖြူစွာလှူလိုက်လေတော့၏။ ကလေးလူကြီး၊ ပျိုပျိုအိုအို၊ ကျားကျားမမ အရွယ်စုံ အလွှာ စုံ ဝင်ရောက်တိုးဝှေ့ မဲနှိုက်နေကြသည်ကိုကြည့်၍ အရိုးခံတောဓလေ့ကို သဘောကျနှစ်ခြိုက်မိလေသည်။

ကလေးများကိုပေးသည့် မဲဌာနကား ပို၍ဆန်းကြယ်လေသည်။ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွေးကောက်ပွဲအောင်နိုင်ရေး ကြော်ငြာဗီနိုင်း ထောင်၍ မဲလိပ်ဝေငှနေ၏။ အမေစုနှင့် မျိုးဆက်သစ်ကလေးလူငယ်များ လွန်စွာမှလိုက်ဖက်နေပေသည်။ တောရွာလေးမှာ နေခွင့်ရခြင်း ကြောင့် မြို့မှာလို ဧည့်မကျတော့ပေ။ အချိန်ရ၍ ခရီသွားဆောင်းပါးပင် ရေးဖြစ်မိလေသည်။

ညတရားပွဲကား ပထမညလောက်ပင် လူမစည်တော့ပေ။ နိဗ္ဗာန်ဈေးတွင် အလုအယက်တိုးဝှေ့တန်းစီနေသော ရွာသူရွာသားများ ဘယ် ရောက်သွားပါလိမ့် အောက်မေ့ရ၏။ “အခွင့်ကောင်းကို လက်မလွတ်စေနဲ့” တရား ဟောကြားခဲ့၏။

“ပလ္လင်ပေါ်မှာ ဖင်ပူအောင်ထိုင်ပါရစေဦး။ ဒီတရားတွေဟောလို့ ထောင်ကျခဲ့တာ။ ထောင်ကထွက်လာတော့လည်း ဒီတရားပဲ ပြန်ဟောရမယ် ဆိုရင်တော့ ထောင်ထဲပြန်သွားရဦးမှာပါ။ အမျိုးဘာသာ သာသနာအတွက်ဆိုရင် ဦးဇင်းဟောခဲ့တဲ့ တရားဟောင်းတွေနဲ့တင် ပြည့်စုံနေပါပြီ။ ကဏ္ဍစုံအောင်လည်း ဟောခဲ့ပြီးပါပြီ။ အစိုးရရဲ့ အခန်းကဏ္ဍရောက်ရင် အဖမ်းခံရမယ်ဆိုတာ ကြိုသိပြီးသား ဖြစ်လို့ အစိုးရရဲ့အခန်းကဏ္ဍကို နောက်ဆုံးမှ ဟောခဲ့တာပါ။ နှစ်ပွဲပဲဟောရသေးတယ်။ တန်း အဖမ်းခံရတာပါပဲ။”

“အမျိုးဘာသာ သာသနာအတွက် ဟောပြောမှုကဏ္ဍ ပြီးဆုံးသွားပါပြီ။ လက်တွေ့ဆောင်ရွက်ဖို့ပဲ လိုပါတော့တယ်။ ရွာတိုင်းရွာတိုင်းမှ ရွာ ဘုန်းကြီးတိုင်းဟာ ကလေးငယ်တွေအတွက် ဘာလုပ်ပေးရမယ်၊ ကျောင်းသားလူငယ်တွေအတွက် ဘာလုပ်ပေးရမယ်၊ လူကြီးသူမတွေအ တွက် ဘာလုပ်ပေးရမယ်ဆိုတာကို ခေါင်းထဲအမြဲထည့်ထားဖို့ လိုပါတယ်။ ဥပမာ – ကလေးတွေအတွက် ယဉ်ကျေးလိမ္မာရေး၊ ကျောင်းသား လူငယ်တွေအတွက် စာကြည့်တိုက်၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ သင်တန်းများ၊ စာပေဟောပြောပွဲနှင့် ပညာရပ်ဆိုင်ရာဟောပြောပွဲများ၊ လူ ကြီးတွေအတွက် တရားပွဲများ၊ တရားစခန်းများ၊ နေ့စဉ်တရားအားထုတ်ခွင့် တရားနာခွင့်ရစေမည့် သတ်မှတ်နေရာများ ပြုလုပ်ပေးထားဖို့ လိုပါတယ်။ ဒါမှ တာလုံမှာ ဖြစ်ပါတယ်။ ရပ်ရွာသာသနာ တိုးတက်ဖြစ်ထွန်းမှာဖြစ်ပါတယ်” စသည်ဖြင့် ဟောကြားခဲ့ပေသည်။

ဒုတိယညတရားကိုတော့ ကြိုက်ကြသည်ဟု ဦအဂ္ဂကမိန့်တော်မူပေသည်။ သူလည်းလက်ခံသည်ဟုဆိုလာ၍ တော်ပါသေး၏။

တရားဟောအပြီး လယ်ကွင်းစပ်နားသွား၍ ပရိတ်ရွတ်နေလိုက်၏။ တန်ခူးလပြည့်ည ငွေလမင်းက ထိန်ထိန်သာလျက်၊ လရောင်အောက်မှာ လယ်ကွင်းများက ရိုးတိုးရိတ်တိတ်၊ ထိုးထိုးထောင်ထောင်၊ ပရိတ်ရွတ်ရသည်မှာ အလွန်တရာအရသာရှိလှ၏။ ငွေလမင်း၏ မျက်နှာတော်ကို မော်ဖူး၍ မဝခဲ့။ ငွေလမင်း၏ အအေးဓာတ်ကို ပွေ့ဖက်၍ မဝနိုင်။ ဟိုတစ်ချိန် လရောင်ငတ်ခဲ့စဉ်ကရေးစပ်ခဲ့သော “ဘဝနွေထဲက လမိုက် ညများ” လရောင်တမ်းချင်းကဗျာရှည်ကို ပြန်လည်သတိတရ အောက်မေ့နေမိ၏။

“အုတ်တိုက်ထူထူမှာ
ပြုတ်အိုက်ကာ ပူလောင်လှတာမို့
ဖုတ်လှိုက်ကာ အသက်ရှုကြပ်တဲ့အပြင်
လေမ၀င် ခြင်တွေကိုက်လေတော့
နွေမိုက်မှာ သေခါလိုက်ချင်ရဲ့
ဆိုးတဲ့ဘ၀။

သံတိုင်တွေကြားကနေ
ကြံမှိုင်ကာ ဖွေရှာတော့
နွေညမှာ ငွေလသာပါလျှက်
ငွေလရောင် မောင့်ဆီမလာတာက
မျက်နှာလိုက်တာလား မမငွေ။

သခင့်မျက်နှာ ပပ၀င်းကို
ပင့်သက်လွှာ မော်ကာဖူးရင်ဖြင့်
ပျော်ကာမြူး ထူးမယ့်ဘ၀င်။
သံတံခါးရဲ့ တစ်ဖက်မှာ
စံထားသက်လျာ အနေခက်တာကြောင့်
ပွေရတက်ဗျာပါ အပူတွေအေးရအောင်
တစ်ချက်တစ်ခါလေးမျှလောက်
မျက်နှာကလေးပြလှည့်ပါဦး မမငွေ။

စန္ဒူပမ သုတ္တန်တွင်
ဗုဒ္ဓရှင် ထုတ်ပြန်ခဲ့တာက
အဟုတ်မှန်စွာ သဘာဝ
လဆိုတာ မျက်နှာမလိုက်ပါတဲ့။

ထိုသို့ပင် ဖြစ်ပါလျက်ကယ်နှင့်
သဘာဝကို ဆန့်ကျင်
ပကာသနလို စတန့်ထွင်ကာ
လ၀န်းခင် ပုံစံချိုးတာက
ခေါင်မိုးပေါ် ဖြတ်လိုဖြတ်
နောက်ဖေးဘက် ပတ်လိုပတ်
ဘေးဘက်မှ ဝေ့လိုဝေ့
ရှေ့မျက်နှာ လရောင်ကျတော့လဲ
အရိပ်အရောင် ခရုံလေး
နိမိတ်တဘောင် ပြရုံလေးနဲ့
မမငွေ စေတနာမွဲတာကြောင့်
ဝေဒနာ အသဲခြောက်လို့နေ။

လှောင်အိမ်ထဲက နှလုံးသားမို့
အရောင်မှိန်မွဲကာ အမုန်းပွားလေသလား
အရှုံးသမား အမိုက်ဖြစ်ပေမယ့်
ဘုရားမကြိုက်တဲ့ ဒုစရိုက်ကို ရှောင်ကြဉ်
လောကတစ်ခွင် သာယာရေးအတွက်
အသွေးအသက်တွေ
ပေးဆပ်နေသူများကိုမှ
မညှာအား မစာနာ
မေတ္တာမဲ့ကာ ပစ်ခွာနှင့်တာကြောင့်
သခင့်မျက်နှာ မမြင်တွေ့ရဘဲ
သခင်အငွေ့ကို မြင်သရွှေ့နဲ့သာ

ကျေနပ်နေရတော့မှာပေါ့ မမငွေ။
သြော်…ဘ၀နွေများမြောင်ထဲမှာ
လမိုက်ညရဲ့ သားကောင်မျိုးနဲ့
အမှောင်တိုးကာ
အလင်းရှာသူ တစ်ယောက်ပေမို့
ခရီးတစ်ထောက်တစ်နေရာမှာ
မငြီးလောက်စေရာ မေတ္တာတရားတွေနဲ့
ကြည့်လှည့်မြင်လှည့်ကြင်တော်မူ။

အိုကွယ်………
သခင့်ကိုယ်ငွေ့အအေးဓါတ်တွေနဲ့
ပွေ့ဖက်လို့ နမ်းတော်မူလှည့်ပါ
အကြင်နာ ထာဝရပွားရပါတဲ့
သခင်မလေး ဘုရား”…..။

ပရိတ်ရွတ် အမျှဝေ၍ပြန်လာသည့်အခါ ဦးအဂ္ဂရောက်နေသည်ကို တွေ့ရ၏။ ဒကာကိုတွတ် တပည့်အောင်ကိုဝင်း (လူပျံကျော်ကြီး) နှင့် စကားပြောကောင်းနေကြသည် ထင်၏။ ခဏတစ်ဖြုတ် စကားဝင်ပြောပြီး အိပ်ရာဝင်ခဲ့မိလေသည်။ ည ၁၂း ၀၀ နာရီ ထိုးနေပြီတည်း။

၇၊ ၄၊ ၂၀၁၂ မနက် အရုဏ်ဆွမ်းစားပြီး ပြန်ဖို့ပြင်ဆင်ကြ၏။ နွားလှည်းစီးခဲ့ရသည့်ဒဏ်ကြောင့် တကိုယ်လုံးနာကျင်နေ၍ နွားလှည်းနှင့် ပြန်မ ပို့ရန် ဒကာကိုတွတ်က ဦးအဂ္ဂကိုလျှောက်ထားသောကြောင့် ဦးအဂ္ဂ ကားစီစဉ်ရ၏။ သို့သော် အဆင်မပြေ။ ခွန်ဒေါင်းနှင့်လိုက်ပို့မည် မခုန် မဆောင့်စေရန် ဆန်အိပ်တွေတင်လာပေးမည်ဆို၍ လက်ခံလိုက်၏။ ဘာနှင့်ပြန်ရပြန်ရ နေ့ဆွမ်းအမီ ရွှေပြည်သာရောက်ဖို့အတွက် ရွာမှ အမြန်ထွက်ရမည်သာတည်း။

ခွန်ဒေါင်းစီးရင်း ဦးအဂ္ဂနှင့်စကားပြောဖြစ်သည်။ မေတ္တာပို့သည့် အမျိုးသမီးယောဂီကြီးကို ချီးကျူးစကားဆိုဖို့စိတ်ကူးရှိသော်လည်း တရား ထဲမှာ ထည့်မပြောဖြစ်ခဲ့မိကြောင်း လျှောက်ထားရ၏။ အိပ်ရေးဆက်တိုက်ပျက်၍ထင်သည် ခွန်ဒေါင်းစီးရင်းပင် တစ်ချက်တစ်ချက် မှေးခနဲ အိပ်ငိုက်သွားတတ်၏။ လက်နှစ်ဖက်ကလည်း သံတန်းကိုကိုင်ထားလျက်၊ ဖုန်မဝင်အောင် နေကာမျက်မှန်ကလည်း တပ်ထားလျက်၊ ခေါင်း ကိုလည်း သင်္ကန်းတစ်ထည်ဖြင့်ခြုံထားလျက်ဖြစ်သောကြောင့် ငိုက်မှန်းသိကြမည်မထင်။

အဖျောက်ရွာ ရတနာမဏ္ဍိုင်ကျောင်းရောက်သည့်အခါ ရန်ကုန်မှ ကားကြိုမလာသေး။ ယဉ်ကျေးမှုသင်တန်း ဝင်ကြည့်မိ၏။ ကလေးများက တစ်ညီတစ်ညွတ်တည်း လက်အုပ်ချီနှုတ်ဆက်ကြ၏။ ရှေ့ပိုင်းကမပီသ၍ ဘာတွေရွတ်ဆိုနေမှန်းမသိရ။ နောက်ဆုံးစကား “မင်္ဂလာပါ ဆရာ တော်ဘုရား” ကျမှ သဲသဲကွဲကွဲကြားရ၏။ “မင်္ဂလာပါတပည့်တို့ ထိုင်ကြပါ။ ဆက်သင်ကြပါ” ပြောရ၏။ ဆရာမများက အလှည့်ကျ လာသင် ပေးရသည်။ ဆယ်ဌာနခန့်ရှိသည်။ ကျောင်းသားကျောင်းသူ တထောင်ကျော်သည်။ ဇေကမ္ဘာဦးခင်ရွှေ၏ သာသနာနုဂ္ဂဟအသင်းကြီးထံမှ အထောင့်ပံ့ကိုယူ၍ မြို့သံဃနာယကအဖွဲ့က စီစဉ်ခြင်းဖြစ်သည်။ သာသနာနုဂ္ဂဟအသင်းကြီး၏ ကမ္ဗည်းရေးထိုးထားသည့် ပြဌာန်းစာအုပ် များကို တွေ့ရ၏။ ဆရာဒကာ လက်တွဲညီညာ သာသနာပြုနေသည်မှာ အားရစရာပင်။

ရေးမိုးချိုးပြီး အဖျောက်ရွာမှထွက်ခဲ့သည်။ ဦးအဂ္ဂကို သေချာစွာ ရှိခိုးဦးချ နှုတ်ဆက်ခဲ့၏။ ဦးအဂ္ဂ ကံကောင်းပါသည်။ တရားပွဲတစ်ပွဲသာ ဖြစ်မြောက်အောင်မြင်သွား၏။ သူက သိပ်အားမစိုက်လိုက်ရ။ ဖုန်းဆက်ပင့်ရုံဖြင့် ဓမ္မကထိကကို အလွယ်တကူရခဲ့၏။ သူများတွေက မရမက အောက်ကျို့ငိုပြပြီး ပင့်ဆောင်နေချိန်မှာ သူက အထက်စီးမှ တင်းတင်းမာမာ ပြတ်ပြတ်သားသား။ သူများတွေက ကျောင်းအထိလိုက်လာပြီး ဓာတ်ပုံများ၊ အတ္ထုပ္ပတ္တိများ တောင်းယူချိန်မှာ သူကတော့ ဖုန်းတစ်ချက်ဆက်ရုံနှင့် အလွယ်တကူရရှိခဲ့၏။ သူများတွေက တရားဟောချိန် လောက်သာ ဓမ္မကထိကနှင့်ထိတွေ့ခွင့်ရကြသော်လည်း သူက နှစ်ညတိတိ ဓမ္မကထိကကို အခန်းထဲထိ ပင့်ဆောင်ထားနိုင်ခဲ့။ သူများတွေက ဓမ္မကထိကကို ဖူးဖူးမှုတ်ထားသော်လည်း သူကတော့ ရေသန့်လေးတစ်ဘူး၊ သံပုရာရည်လေးတစ်ခွက်တောင် ပို့ဖော်မရ။ သူများတွေက အကြိုအပို့အတွက် အထူးတလည်စီမံထားကြသော်လည်း သူကတော့ ရိုးရှင်းစွာပင် နွားလှည်းနှင့် ခွန်ဒေါင်းနှင့်။ သူများတွေက လမ်းစရိတ် အတွက် လက်မှတ်အတွက် လိုအပ်ချက်မရှိရလေအောင် ပြာပြာသလဲလုပ်ပေးကြသော်လည်း သူကတော့ လမ်းစရိတ်လည်းမလို၊ လက်မှတ် လည်းမလို။ သူ၏ဘုန်းကံကြောင့် အပျိုကြီး ဒေါ်နန်းထွေးက ကြားမှဆိုက်လှူသွားခဲ့ပေသည်။ ဘုန်းရှင်ကံရှင် ဦးအဂ္ဂကား အပျိုကြီးဒေါ်နန်း ထွေးထံဖုန်းဆက်၍ ကျေးဇူးစကားပြောဆိုဖို့တောင် တိုက်တွန်းမရ ဖြစ်နေသည်ဆို၏။

ရေဒီယိုသင်တန်းသို့ လူငယ်တွေကိုခေါ်၍မရခြင်း၊ ညတရားပွဲများမှာ လူငယ်တွေမတွေ့ရခြင်း၊ ဝေယျာဝစ္စအဖွဲ့မှာလည်း လူငယ်တွေ မရှိ ခြင်းကြောင့် စည်းရုံးရေးတော့ ညံ့ပုံရ၏။ လူစည်အောင်လုပ်ပေးထားဖို့ ဝန်ခံကတိပေးထားသော်လည်း ပွဲမိန့်ကိစ္စ ဝင်နှောက်လာ၍ ပထမည လူမစည်။ တရားပွဲမဖြစ်တော့ဘူး အထင်ဖြင့် မလာကြခြင်းဖြစ်သည်ဆို၏။ အသံချဲ့စက်ဖြင့် လှုံ့ဆော်ခြင်း၊ ကားအကြိုအပို့ စီစဉ်ပေးခြင်းများ လည်း မလုပ်နိုင်သောကြောင့် လူမစည်ခြင်းဖြစ်လေသည်။

ယောဂီအဝတ်စားနှင့် ဝတ်သင်းသူများ များစွာနာကြသော်လည်း မဂ္ဂင်ရှစ်ပါး မရေတွက်နိုင်ကြသည်ကိုထောက်၍ တရားစခန်း (၁၂) ကြိမ် ကျင်းပခဲ့ခြင်းသည် မအောင်မြင်သကဲ့သို့ ရှိနေလေသည်။

ကော့မှူးသူ အားလုံးကလည်း မျှော်လင့်ထားသည့် တရား မဟောကြားခဲ့၍ ကျေနပ်ပုံမပေါ်။ စာရေးသူအား ပျော့ပြောင်း သွားပြီထင်နေလေ၏။ ထို့ကြောင့် ကော့မှူးသူတို့အား ပြောကြားပါရစေ။ “မပျော့ပါဘူး ကော့မှူးရာ” ဟူ၍။

ဦးပဉ္စင်း ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်း၊ နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။
Email.wirathu2012@gmail.com
ဖုန်း – ၀၉ – ၂၀၀၄၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

3 Responses to မပျော့ပါဘူး ကော့မှူးရာ

  1. Soe Gyi on April 18, 2012 at 10:18 pm

    သိပ်ရှည် လွန်းနေတယ်လို့  ထင်ပါတယ်
    အင်တာနက် မှာ ဆောင်းပါး ဖတ်ရတာ သိပ်ပြီး
    အရှည်ကြီး မရေးသင့်ပါ။
    သိပ်ရှည် တာမျိုးတွေ ကို တခြား စာရေးဆရာတွေ ဆိုရင်
    ပါးနပ် စွာနဲ့  အပိုင်းတွေ ခွဲ ရေးတော့ အိုကေပါတယ်

    • moemaka on April 19, 2012 at 7:18 am

      ဟုတ်ကဲ့ခင်ဗျ။ အမှန်က စာရေးသူက အပိုင်း (၃) ပိုင်းခွဲထားပါတယ်။ ကျနော်တို့မှာ တခါတခါ အချိန်လုပြီး လုပ်ရကိုင်ရတာတွေရှိတဲ့အတွက် တပေါင်းတည်းပဲ တင်ပေးလိုက်တာပါ။ အခုလို ထောက်ပြဝေဖန်ပေးတာကို ကျေးဇူးတင်ပါတယ်။

  2. La Minn on April 20, 2012 at 8:49 pm

    အရှင်ဝီရသူက.. ဦးအဂ္ဂအပေါ် နဲနဲ စိတ်အောင့်တောင့်တောင့် ဖြစ်နေတယ်လို့ ထင်တယ်.. တကယ်တော့ အရှင်ဝီရသူဟာ အနစ်နာခံပြီး ဦးဆောင်တတ်သူ၊ ဒီလို ကိစ္စမျိုးတွေလောက်ကို ခေါင်းထဲထားမှာ မဟုတ်လောက်ဘူးလို့ ဦးအဂ္ဂအနေနဲ့ ယူဆထားတာကြောင့် ဖြစ်မယ် ထင်ပါတယ်။ အရှင်ဝီရသူဟာ သာမန် ထောင်ထွက်ဘုန်းကြီး၊ ဓမ္မကထိကတစ်ပါးမဟုတ်ပဲ ထောင်ထဲမ၀င်ခင်ကတည်းက ရှင်/လူ အသိုင်းအ၀န်းကြားမှာ လူတကာက အလေးတယူ ကရုတစိုက်ပြုတာ ခံနေရတဲ့.. အလေးစားအကြည်ညိုခံ နိုင်ငံကျော် ဓမ္မကထိကတစ်ပါး ဖြစ်တဲ့အတွက် ပုထုဇဉ်မာန်လေး ရှိနေနိုင်တယ်ဆိုတာ ဦးအဂ္ဂအနေနဲ့ ထည့်တွက် စဉ်းစားသင့်ပါတယ်။ လူဆိုတာ ကိုယ့်ကိုအသိအမှတ်ပြု အလေးဂရုပြုတာမျိုး လိုလားကြတဲ့သဘာဝကို အထူးသဖြင့် အရှင်ဝီရသူလို လူမျိုးအတွက် အထူး ထည့်တွက်စဉ်းစား စရာမလိုလောက်ဘူုးလို့ ဦးအဂ္ဂက ထင်မြင်ယူဆထားပုံရပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်