ယဉ်ကျေးမှုဆိုတာ (၂) – မြန်မာ့လူ့အဖွဲ့အစည်းအစ ယဉ်ကျေးမှုဖလှယ်ပုံကို လေ့လာခြင်း

April 19, 2012

ငြိမ်းချမ်းအေး
ဧပြီ ၁၉၊ ၂၀၁၂
ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနဲ့ပတ်သက်လို့ ပထမဆောင်းပါးနိဂုံးမှာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ စားသောက်၊ နေထိုင်၊ ဝတ်ဆင်၊ ပြုမူ၊ ဆက်ဆံ ပုံတွေဟာ ခေတ်သစ်ကမ္ဘာရဲ့ ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်ဖြစ်ထွန်းမှု သဘောအရ၊ တနည်းအားဖြင့် အတွေးအခေါ်၊ ယဉ်ကျေးမှု၊ သတင်း အချက်အလက်၊ အရင်းအနှီး၊ ကုန်စည်၊ လူမှုဆက်ဆံရေး စတာတွေဟာ ခေတ်ဆက်သွယ်ရေး၊ နည်းပညာတိုးတက်ဖြစ်ထွန်းမှုနဲ့အတူ မြေကျောရှုံ့ပြီး ကမ္ဘာ့ပထဝီကိုဖြတ်သန်းဆီးစီးလာတဲ့ဖြစ်စဉ်သဘောကြောင့် ပြောင်းလဲလာတယ်လို့ ဆိုခဲ့ပါတယ်။

ဒီဆောင်းပါးမှာတော့ လူအဖွဲ့အစည်းတွေရဲ့အစ သမိုင်း၊ ယဉ်ကျေးမှုတွေကို ပြန်လည်လေ့လာရင်လည်း လူ့အဖွဲ့အစည်းအချင်းချင်း ကိုး ကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ နေထိုင်၊ စားသောက်၊ ဝတ်ဆင်မှုပုံစံတွေဟာ မျက်မှောက်ခေတ်လို မြန်ဆန်၊ ကြီးထွား၊ သိ သာမှု မရှိသည့်တိုင်အောင် အပြန်အလှန်ကူးယူလေ့ရှိတာပါပဲဆိုတဲ့သဘောကို ဆက်လက်ဆွေးနွေးပါမယ်။

• အကြိုသမိုင်း (Prehistory)
သမိုင်မတင်မီခေတ် (ဝါ) မြန်မာ့အကြိုသမိုင်းကိုကြည့်ရင် ခုလက်ရှိ မြန်မာပြည်အထက်ပိုင်းမှာ တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အထောက် အထားတွေအရ လွန်ခဲ့တဲ့ နှစ် ၄၀၀,၀၀၀ ခန့်ကစပြီး အညာသားလို့နာမည်ပေးထားတဲ့ လူလို့ပြောနိုင်တဲ့သူတွေ ရှိနေပြီဖြစ်တယ်။ ဒီရှေးလူ (သို့) အညာသားတွေဟာ ဂျာဗားလူ၊ ဘေဂျင်းလူတွေလိုပဲ မတ်တပ်ရပ်ပြီး သွားနိုင်နေပြီ။ ခေါင်းသေးငယ်၊ မျက်နှာမလှ၊ ကိုယ်လက် အချိုး မကျပေမယ့် လိင်အပါအဝင် ကိုယ်လက်အင်္ဂါ စုံနေပြီ။ ယခင်အနှစ် ၄၀,၀၀၀ ခန့်စပြီး မနုဿလူသား စစ်စစ်ဖြစ်နေပြီဖြစ်တယ်။

ပထမတော့ အညာသားတွေဟာ ကျောက်ခေတ်လူရိုင်းတွေ (Savages) ဖြစ်တယ်။ အညာသားတွေရဲ့ ယဉ်ကျေးမှု (Anyathian Culture) ကလည်း ကမ္ဘာအနှံ့အပြားက ရှေးဦးလူတွေလိုပဲ ပထဝီ၊ ရာသီဥတု စတဲ့ သဘာဝရဲ့ ပုံသွင်းခြင်းကို ခံရတယ်။ သူတို့ဟာ အဝတ်မဝတ်ဘူး၊ မီးကို အသုံးချတတ်ပြီ။ သဘာဝဒဏ်နဲ့ သူတို့ထက်ကြီးတဲ့ သတ္တဝါကြီးတွေရဲ့အန္တရာယ်ကလွတ်အောင် ဂူထဲမှာ နေလေ့ရှိတယ်။ အပူပိုင်း သစ်တောတွေကရတဲ့ အပင်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေ၊ သူတို့ဖမ်းနိုင်တဲ့ သူတို့ထက်အင်အားနည်းတဲ့ အကောင်တွေ၊ ငါးတွေကို စားတယ်။ လက်နက်အဖြစ် ကျောက်ခေတ်ဦးမှာ ကျောက်ခဲကြမ်း၊ နောက်ပိုင်း (လွန်ခဲ့တဲ့နှစ်၂၀၀,၀၀၀ ခန့်) မှာ ကျောက်ကို လက်နက် အဖြစ် ပီပီပြင်ပြင်လုပ်တတ်လာတဲ့အပြင် သစ်သားတင်းပုတ်၊ ဝါးချွန်၊ လောက်လွှဲတွေကိုပါ အသုံးပြုလာတယ်။ မုဆိုး၊ တံငါအဖြစ် အသက် မွေးတယ်။ ပုဂ္ဂလိက မိသားစုပုံစံမျိုး မဟုတ်ပေမယ့်လည်း ဘုံ အိမ်ထောင်၊ သားမွေးပြုကြတယ်။ လင်၊ မယား (ဝါ) ယောင်္ကျား၊ မိန်းမ တန်း တူ အိမ်ထောင့်တာဝန် (ဝါ) အုပ်စုတာဝန် စားဝတ်နေရေး၊ လုံခြုံရေးကို ထမ်းတယ်။ အုပ်စုတစ်ခုနဲ့တစ်ခု ရန်ဖြစ်လေ့ရှိနေပြီဖြစ်တဲ့အတွက် လူအင်အားလိုတော့ မျိုးဆက်ပွားမှုမှာ အဓိကျတဲ့မိန်းမတွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ နေရာပေးလေ့ရှိတယ်။ ခေတ်မီသားဖွားပညာလို့ မဆိုနိုင်ပေမယ့် သူတို့နည်း၊ သူတို့ဟန်နဲ့ စနစ်တကျ သားဖွားပညာတတ်နေပြီ။ လူဦးရေးပွားစီးပွားမှုတန်ဖိုးကို နားလည်နေပြီဖြစ်တဲ့အတွက် ကလေးအရွယ် အသေအပျောက်ဖြစ်မှုကို အလေးထားတယ်။ အုပ်စုတွေရန်ဖြစ်ရင် ရှုံးတဲ့အုပ်စုကယောင်္ကျားတွေ အသတ်ခံရလေ့ရှိပြီး၊ မိန်းမတွေ မယားအဖြစ်အသိမ်းခံရတယ်ဆိုတော့ ရှေးလူတွေဟာ အများအားဖြင့် အုပ်စုမတူ (မျိုးကွဲ) တွေကို အိမ်ထောင်ပြုလေ့ရှိတယ်လို့ ဆိုနိုင်တယ်။ သူတို့အကြောင်းတွေကို ခုခေတ် ရှမ်းပြည်မှာရှိတဲ့ ပြဒါလင်းဂူ ယခင်အနှစ် (၁၀,၀၀၀ – ၂၀,၀၀၀) ခန့်ကလို လှိုဏ်ဂူတွေမှာ ရေးဆွဲထားတဲ့ ကျောက်နံရံဆေးရေးပန်းချီတွေကတဆင့် သိရတယ်။

ကျောက်ခေတ်သစ် တော်လှန်ရေးစပြီးတော့ အညာသားတွေဟာ လူရိုင်းကနေ လူကြမ်းတွေ (Barbarians) အဖြစ် ပြောင်းလဲတိုးတက်လာ တယ်။ ကျောက်ခေတ်သစ် (ယခင်အနှစ် ၉,၀၀၀ – ၃,၀၀၀) မှာ ယဉ်ကျေးမှုလည်း တိုးတက်လာပြီ။ အဝတ်ကို အရှက်လုံရုံ ဝတ်တတ်ပြီ။ မုဆိုး၊ တံငါဘဝကို လုံးလုံး မစွန့်ပေမယ့် စိုက်ပျိုးရေးနဲ့ မွေးမြူရေး စလုပ်လာပြီဖြစ်တယ်။ အညာသားတွေဟာ သဘာဝကရတဲ့ ထန်းရည်၊ ထန်းလျက်တို့ကို လွန်ခဲ့တဲ့နှစ် ၁၀၀,၀၀ ခန့်က စားသုံးတတ်နေပေမယ့် လူကစိုက်ရတဲ့ ဆန် (စပါး) ကိုတော့ လွန်ခဲ့တဲ့နှစ် ၈,၀၀၀ ခန့်က စ စိုက်ပြီး စားကြတယ်။ လွန်ခဲ့တဲ့ အနှစ် (၃,၀၀၀) ခန့်ကစပြီး ဆည်ရေသောက် စပါးစိုက်တတ်ပြီဖြစ်တယ်။ ကွမ်းရွက်ကိုသိနေပြီဖြစ်ပေမယ့် ကွမ်းစားတဲ့ ဓလေ့မရှိသေးပါ။

မြေပြန့်တွေမှာ အိမ်ဆောက်၊ ရွာတည် နေထိုင်လာကြပြီ၊ အိုးထိန်းစက်မလုပ်တတ်သေးပေမယ့် လက်လုပ်အိုးတွေလုပ်ပြီး ချက်ပြုတ် စား သောက်တတ်နေပြီ။ လက်နက်အတတ်မှာလည်း လေးနဲ့မြှားလုပ်တတ်ပြီ ဖြစ်တယ်။ ဝန်တင်လှည်းလုပ်တတ်ပြီး လှည်းနဲ့နွား တွဲသုံးတတ်ပြီ ဖြစ်တယ်။ အစားအစာရှာဖွေစုဆောင်းရတဲ့ဘဝကနေ အစားအစာ (အသီးအနှံ၊ အသား) ကို ထုတ်လုပ်နိုင်ပြီ။ စုပေါင်းထုတ်လုပ်၊ စုပေါင်းစား သောက်ကြတဲ့ သမိုင်းဦးဘုံမြေစနစ် အစပြုပြီလို့ဆိုနိုင်တယ်။

ကျောက်ခေတ်တလျောက်လုံးကို ကြည့်ရင် ကိုးကွယ်ယုံကြည်မှု အနေနဲ့ ညောင်ပင်ကြီးတွေ၊ ကျောက်တုံး၊ ကျောက်တောင် အကြီးကြီးတွေ ကို ကိုးကွယ်တာတွေရှိတယ်။ တမလွန်ဘဝယုံကြည်တယ်လို့ ယူဆရတယ်။ အုပ်စုမတူတဲ့သူတွေကိုဖမ်းပြီး ယစ်ပူဇော်တယ်။ လူသားစား တယ်လို့တော့ တထစ်ချ မဆိုနိုင်၊ စားတဲ့အုပ်စုတွေ ရှိကောင်းရှိမယ်။ ပျော်ရွှင်မှုအနေနဲ့ ယစ်ပူဇော်ပွဲတွေမှာ ယောင်္ကျား၊ မိန်းမ သေရည်၊ သေရက် သောက်ကြတယ်။ ကျောက်ခေတ်သစ်မှာ ပန်းချီ၊ ပုံဆွဲ၊ အနုပညာကို ခံစားဖန်တီးတတ်ပြီလို့ ယူဆနိုင်တယ်။

သူတို့တွေဟာ လက်ရှိလူမျိုးအခေါ်နဲ့ ဘာလူမျိုးတွေလည်းလို့ သေချာမပြောနိုင်၊ တိဗက်မြန်မာ၊ ပျူ၊ မွန်ခမာ၊ ထိုင်းရှမ်းတွေ ဖြစ်စရာရှိတယ်။ လက်ရှိ မြန်မာပြည်အနှံ့အပြားမှာနေပြီးတော့ မနုဿဗေဒအခေါ်အရတော့ မွန်ဂိုလွိုက်၊ နီဂရွိုက်၊ သြစတြေလွိုက် စတဲ့အမျိုးတွေ ဖြစ်တယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ တရုတ်၊ အာရှအလယ်ပိုင်း ကျောက်ခေတ်လူ့အဖွဲ့အစည်းတွေမှာ လူဦးရေစီးကြောင်းတွေရှိပြီး ယဉ် ကျေးမှု၊ ဓလေ့၊ အတတ်ပညာဖလှယ်တာတွေနေပြီ ဖြစ်တယ်ဆိုတာကို အဆိုပါဒေသတွေမှာ တူးဖော်တွေ့ရတဲ့ ပုံသဏ္ဍာန်တူညီတဲ့ ကျောက်ခေတ်လက်နက်တွေက သက်သေပြုတယ်။ အနောက်ဘက် အိန္ဒိယနဲ့တော့ အဲ့အချိန်အထိ ထိစပ်မှုမရှိသေးပါ။

ခု အထက်မှာ တင်ပြခဲ့တာတွေ အများစုဟာ မြေထဲမှတူးဖေါ်ရရှိတဲ့မြေထဲသမိုင်း (Archaeology)၊ အထောက်အထေားအပေါ် အခြေခံတယ်။ ကျောက်နံရံ အရုပ်တွေက တဆင့်သိရတဲ့ အစသမိုင်း (Protohistory ) မှ အချက်တွေလည်းပါတယ်။

• အစသမိုင်း (Protohistory)
လွန်ခဲ့တဲ့ နှစ် ၃,၀၀၀ ခန့် လက်ရှိမြန်မာတွေနေတဲ့နေရာမှာ လူတွေစုစည်းနေထိုင်မှု၊ လူမှုအဖွဲ့အစည်း ကျယ်ပြန့်လာပြီး မြို့တွေ စပေါ်လာပြီ ဖြစ်တယ်။ လက်ရှိတူးဖော်တွေ့ရှိချက်အရ အစောဆုံးဟု ယူဆနိုင်တဲ့မြို့မှာ ကူမဲမြို့အနီးရှိ ပျူမြို့ဟောင်း မိုင်းမော (ယခင်နှစ် ၂,၁၀၀) ဖြစ် တယ်။ တွေ့ရှိပြီး ကနဦးရှေးမြို့ဟောင်းတွေကတော့ ပျူလူမျိုးတွေပဲတည်တဲ့ တောင်တွင်းကြီးမြို့အနီးရှိ ဗိဿနိုး (ယခင်နှစ် ၂,၀၀၀)၊ ဝက် လက်မြို့အနီးရှိ ဟန်လင်း (ယခင်နှစ် ၁,၇၀၀)၊ မော်ဇာအနီးရှိ သရေခေတ္တရာ (ယခင်နှစ် ၂,၁၀၀) တို့ဖြစ်တယ်။ ကုန်ဘောင်ခေတ် ဘကြီး တော် (၁၈၁၉-၁၉၃၇) လက်ထက် မှန်နန်းရာဇဝင် (The Glass Palace Chronicle of the Kings of Burma) (၁၈၂၉) မှာ ဘုရား (ဗုဒ္ဓ)နဲ့ အမျိုးတော်အောင် ကြံဖန်ပြီး “တကောင်း အဘိရာဇာ သာကီမျိုး” လို့ မှတ်တမ်းတင်ခဲ့ရတဲ့ အထက်ဘက် (မြောက်ပိုင်း) က တကောင်းလည်း မြေထဲသမိုင်းတွေ့ရှိချက်အရ ပျူမြို့ပြနိုင်ငံပဲ ဖြစ်တယ်။

အရှေ့မြောက်ကလာတဲ့ပျူတွေဟာ မြန်မာတွေလိုပဲ မွန်ဂိုလွိုက်လူမျိုးနွယ်၊ တိဗက်-မြန်မာ (တိဗက်တို-ဘာမင်း) စကားပြောသူတွေ ဖြစ် တယ်။ ပျူခေတ်ရောက်တော့ အိန္ဒိယနဲ့အဆက်အဆံရှိတာ တော်တော်ကြာနေပြီဖြစ်တဲ့အတွက် အိန္ဒိယယဉ်ကျေးမှု၊ ဟိန္ဒူ၊ ဗြဟ္မဏအယူ (Barhmanism)၊ ဗုဒ္ဓသာသနာ စတာတွေလွှမ်းမိုးတယ်။ အိန္ဒိယတိုင်းသားတွေဟာ ယဉ်ကျေးမှု၊ ဗိသုကာ၊ နိုင်ငံရေး၊ အတွေးအခေါ်၊ စီးပွား ရေးနယ်ပယ်ပေါင်းစုံမှာ အထောက်အပံ့ပေးခဲ့တယ်။ မြန်မာတွေ လက်ရှိမြန်မာတွေနေနေတဲ့ နေရာတွေကို မဝင်ခင်ကတည်းက သူတို့ဟာ ပင်လယ်ကတဆင့် အောက်မြန်မာနိုင်ငံကိုဝင်လာနေထိုင်နေပြီ ဖြစ်တယ်။ [ပါမောက္ခလုစ့် (G.H.Luce) ၁၉၄၀ မှာ ရေး၊ ဒေါက်တာ သန်းထွန်း ၂၀၀၅ မှာ ပြင်ဆင်၊ ဖြည့်စွက်၊ တည်းဖြတ်၊ ဘာသာပြန် “Economic Life of the Early Burma” စာတမ်းမှ]။

အကြမ်းအားဖြင့် ပျူတွေ လက်ရှိမြန်မာတွေ နေတဲ့နေရာမှာ နေသွားတဲ့ကာလက ခရစ်ရာစု (၄) ရာစု မှ (၉) ရာစု အထိလို့ သတ်မှတ်နိုင်တယ်။ ခရစ်နှစ် (၇) ရာစုခန့်မှာ အိန္ဒိယအက္ခရာကိုသုံးပြီး ပျူတွေ စာရေးတတ်လာတယ်။ အဝတ်အစား၊ ဓလေ့၊ ထုံးစံ၊ ယဉ်ကျေးမှုတွေမှာ အိန္ဒိယ ဟန် တော်တော်လွှမ်းမိုးတယ်။ မြို့နာမည်တွေကိုလည်း ဗိဿနိုး (Vishnu)၊ သရေခေတ္တရာ (Sri Ksetra) အစရှိသဖြင့် အိန္ဒိယကလာတဲ့ ပါဋိ (Pali)၊ သက္ကတ (ရိုက်) (Sanskrit) ဘာသာစကား နာမည်တွေပေးတယ်။ အများစုဟာ ထေရဝါဒဗုဒ္ဓ (Theravada Buddhism) ဘာ သာဝင်တွေဖြစ်တယ်လို့ ယူဆနိုင်ပေမယ့် မဟာယန (Vajrayāna)၊ ဟိန္ဒူ (Hinduism) ၊ ဗြဟ္မဏအယူ (Barhmanism)၊ လောကနတ်အယူ (Avalokiteśvara)၊ နတ်ကိုးကွယ်မှု စတာတွေလည်းရှိတယ်။ ကျွဲ၊ နွား ယစ်ပူဇော်မှုတွေ၊ အရက်သေစာ သောက်စားမှုတွေလည်း တွင်တွင် ကျယ်ကျယ် ရှိသေးတယ်။

ကျောက်ခေတ်ကနေ ကြေးခေတ်ကို ပြောင်းသွားပြီ။ နိုင်ငံရေး၊ စီးပွးရေးအရဆိုလည်း သမိုင်းဦးဘုံမြေစနစ်ကနေ အိန္ဒိယကရတဲ့ မြေရှင် ပဒေသရာဇ်စနစ်ကို စပြောင်းပြီ ဖြစ်တယ်။ လူမလိုင်အလွှာ (Elite) ပဒေသရာဇ်တွေ၊ အုပ်စိုးသူလူတန်းစာ၊ ကုန်သည်၊ သာသနာ့ဝန်ထမ်း၊ အုပ်ချုပ်ခံ သူဆင်းရဲ၊ စတဲ့ လူတန်းစားတွေပေါ်လာပြီ ဖြစ်တယ်။ ကျွန်စနစ်လည်း ရှိတယ်။ နိုင်ငံခြားကုန်သွယ်မှု၊ ငွေကြေးစနစ် (ပျူ ငွေ ဒင်္ဂါး) စတဲ့ ခိုင်မာတဲ့စီးပွားရေးစနစ်လည်း ရှိပြီဖြစ်တယ်။ ပျူမြို့ပြနိုင်ငံတွေဟာ တရုတ်နဲ့ အိန္ဒိယကြား ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာ ရှိ တော့ စီးပွားဖွံ့ဖြိုး၊ ကြွယ်ဝချမ်းသာတယ်။ ရောမသံအဖွဲ့တွေတောင် ဒီလမ်းကြောင်းကိုဖြတ်ဖူးတယ်လို့ တရုတ်မှတ်တမ်းတွေမှာ ပါတယ်။ အဓိကကုန်သွယ်မှုကတော့ တနင်္သာရီကမ်းရိုးတန်းမှတဆင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု ဖြစ်တယ်။

ပျူဟာ အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု၊ စာပေ စတာတွေရပြီးဖြစ်လို့ ယဉ်ကျေးမှုအဆင့်တန်းမြင့်ပြီး အင်မတန် ယဉ်ကျေး ကြတယ်။ နောက်ပိုင်းခေတ်တွေလို မိန်းမခွဲခြားခံရမှုလည်း မရှိဘူး။ မိန်းမတွေလည်း ယောင်္ကျားတွေနဲ့အတူ စာတတ်မြောက်ကြတယ်။ အနု ပညာ၊ လက်မှုပညာ၊ ဗိသုကာပညာ အင်မတန်ထွန်းကားတယ်။ အံ့သြဖွယ်ကောင်းလောက်အောင် လက်ရာမြောက်ကြတယ်။ တရုတ်မှတ် တမ်းတချို့က ပျူတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းရေးကို လိုလားတယ်။ စစ်ပွဲကို မကြိုက်ဘူး။ အဝတ်မှာ ပိုးထည်ဝတ်ရင် ပိုး ကောင်လေးတွေကို သတ်တယ်ဖြစ်မှာစိုးလို့ ချည်ပဲဝတ်တယ်လို့တောင် ရေးကြတယ်။

ခုလက်ရှိ မြန်မာတွေနေတဲ့နေရာမှာ ပျူလိုပဲ အရင်နေနေတာက ယခု ကမ်ပူချာ၊ ဗီယက်နမ်ရှိ လူမျိုးတွေနဲ့ အမျိုးတူ၊ သြစတြိုအေရှား တစ် အနွယ်ဝင် မွန်ခမာမျိုးနွယ် မွန်တွေဖြစ်တယ်။ မွန်တွေဟာ မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်မှာ အဓိကနေတယ်ဆိုပေမယ့်လည်း မြန် မာပြည်အလယ်ပိုင်းကိုလည်း ရောက်တယ်။ သူတို့ဟာ ပျူလိုပဲ အိန္ဒိယယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ၊ အက္ခရာကိုလက်ခံတော့ ဗြဟ္မဏ ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာပြီး ခရစ်နှစ် (၈) ရာစုလောက်မှာ စာရေးတတ်လာတယ်။

ပျူနဲ့ မွန်တွေ ထိတွေ့မှုရှိကြတော့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူမှုရေး၊ စီးပွားရေး အပြန်အလှန် ဖလှယ်၊ အကျိုးပြုတယ်။ ပိုအားကောင်းတဲ့ အိန္ဒိယယဉ်ကျေးမှုကို နှစ်စုစလုံးရတော့လည်း ယုံကြည်မှုကိုးကွယ်မှု၊ စာပေ စတဲ့ယဉ်ကျေးမှုတိုးတက်ပြောင်းလဲမှုတွေ ရှိလာတယ်။ ပျူမြို့ ပြနိုင်ငံတည်ဆောက်မှုပုံစံတွေရဲ့သြဇာဟာ နောက်ပိုင်း မြန်မာမြို့ပြတည်ထောင်မှုတွင်သာမက ယိုးဒယား (Siamese) အထိပါ သက်ရောက် တယ်။ မြန်မာတွေ ခုလက်ရှိ မြန်မာအများစုနေထိုင်တဲ့ အလယ်ပိုင်းကိုဝင်လာတဲ့ အချိန်မှာ အိန္ဒိယ၊ ပျူ၊ မွန်တို့ဆီက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့၊ ဗိသုကာ၊ စာပေ စတာတွေရလို့ တောင်ပေါ်သား လူကြမ်း၊ လူရိုးကြီးတွေအဖြစ်ကနေ နောက်ပိုင်း ပုဂံလက်နက်အင်ပါ ယာကြီးထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းခဲ့ရတယ်။
…………………….
ပျူနဲ့ မွန်တွေ တန်ခိုးကျဆင်းတဲ့အချိန် မြန်မာတွေ မြေပြန့်ဆင်းလာပြီး အခြေချပုံနဲ့ ယဉ်ကျေးမှု ဆက်လက်ဖြစ်ထွန်းပုံတွေကို နောက်ဆောင်းပါးမှာ ဆက်လက်တင်ပြပါမယ်။
………………….
ကိုးကား။ ။ ဖတ်ဖူးတဲ့ ဒေါက်တာသန်းထွန်းရေး “မြန်မာ့သမိုင်းမြေပုံများ” လို သမိုင်းစာအုပ်တွေ၊ သုတေသနစာတမ်းတွေ၊ ဆောင်းပါးတွေ၊ ဗိုလ်မှူးဘရှင်ရေး “အနော်ရထာအရင်က မြန်မာနိုင်ငံ” လို သမိုင်းစာအုပ်တွေ၊ ပါမောက္ခလုစ့် (G.H.Luce) “Pre-Pagan Burma” လို စာ အုပ်တွေနဲ့ အခြားသမိုင်းနဲ့ဆိုင်တဲ့စာတွေမှ အချက်အလက်များကို ကိုးကားပါတယ်။

ဓာတ်ပုံ – ဝီကီပီဒီးယား အခမဲ့လိုင်စင် မှ – ပျူမြို့ပြနိုင်ငံများကို လက်ရှိခေတ် ဗမာပြည်မြေပုံတွင်ဖော်ပြချက်။

ကိုးကား။ ။
• ဗိုလ်မှူးဘရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ ဆွေဆွေမော် စာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၁၉၇၅။
• ဒေါက်တာသန်းထွန်း၊ မြန်မာ့သမိုင်းမြေပုံများ၊ မုံရွေးစာအုပ်တိုက်၊ ၂၀၀၄။
• ဒေါက်တာသန်းထွန်း၊ ပုဂံခေတ် လူမှုရေး၊ “ရှေးမြန်မာတို့ ဝမ်းစာရှာပုံ” အခန်း၊ ရာစုသစ်စာအုပ်တိုက်၊ ၂၀၀၅။ (မူရင်း – “Economi Life of the Early Burma” by G. H. Luce၊ JBRS၊ တွဲ ၃၀၊ ပိုင်း ၁၊ ဧပြီ ၁၉၄၀ ပါ သုတေသနစာတမ်းကို ဒေါက်တာသန်းထွန်း ပြင်ဆင်၊ ဖြည့် စွက်၊ တည်းဖြတ်၊ ဘာသာပြန်သည်။)
• ဒေါက်တာသန်းထွန်း၊ “မြန်မာ့ဓလေ့” ဆောင်းပါး၊ The Waves မဂ္ဂဇင်း၊ အတွဲ ၄၊ စင်တင်ဘာ၊ ၂၀၀၆။
• Janice Stargardt, “The Ancient Pyu of Burma: Early Pyu cities in a man-made landscape”, Illustrated Edition, 1990.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

4 Responses to ယဉ်ကျေးမှုဆိုတာ (၂) – မြန်မာ့လူ့အဖွဲ့အစည်းအစ ယဉ်ကျေးမှုဖလှယ်ပုံကို လေ့လာခြင်း

  1. maungKhit on April 19, 2012 at 7:31 pm

    It looks like this is a very good article.

    Reference is very important.

    Reference list should consist of ‘
    name of book
    ISBN, if any,
    volume
    page number from 123- 134 etc .

    As article covers a huge topic and such topic is grand, the reference should be also ‘ like a research paper ‘ as well, so that the article is well supported with references. Then the article become more priceless and full of credits.

    • NYEIN CHAN AYE on April 19, 2012 at 10:09 pm

      Yeah, I’m also aware about that and now trying to re-collect the books names, publishing date (at least). I’ll try to mention more detail in next article. I really don’t think I could put the exact page numbers as I’m away from home at the moment. Besides I only intend it to be informative article rather than academic research paper, targeting the young people who haven’t got much chance to learn the origin of Burmese or Burmese culture.
      Thanks for your suggestion.
      NCA

  2. leon on April 21, 2012 at 8:47 am

    I’d like u to write about the Pyu.Do u think Pyu and Burmans are the same? In my opinion I don’t think so,cos the functions of these two are not all the same. I’ll expecting yr writing.Thanks for this article.

  3. အညာသီရံ on April 21, 2012 at 8:25 pm

    ဆရာဘုန်းတင့်ကျော် ရဲ့ before 2200 of Myanmar စာအုပ်ကို ကြိုက်တယ်ဗျာ၊ ဗိုလ်မှူးဘရှင် ရဲ့ စာ ဖတ်ရတာတော့ စိတ်ထဲ မရွှင်ဘူး၊

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်