fbpx

ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ – ၁၉၄၅)

April 19, 2012

သန်းဝင်းလှိုင်
ဧပြီ ၁၉၊ ၂၀၁၂
တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက “ဗိုလ်ဗထူးသည် နာမည်နှင့်လိုက်အောင် ထူးမည့်သူဖြစ်သည်။ အကယ်၍ ၎င်းသာ ဆက်လက်အသက်ရှင်နေသေးပါမူ ၎င်းအတွက် ရှေ့တက်လမ်းများစွာရှိသည်ဟု ကျွန်ုပ်ယုံကြည်မိသည်။ သူသည် အကျင့်သိက္ခာရှိ၏။ ဉာဏ်ရှိ၏။ သတ္တိရှိ၏။ ဝီရိယရှိ၏။ သူ့ကို ကောင်းစွာမြေတောင်မြှောက်ပေးလျှင် သူသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတလွှားတွင်ပါ ကျော်ကြားနိုင်သော စစ်ခေါင်းဆောင်၊ စစ်သူရဲဖြစ်နိုင်၏။ သူသည် နိုင်ငံရေးဘက်တွင် များစွာအတွေ့အကြုံမရှိသေး လင့်ကစား သူ့တွင် နိုင်ငံရေးသန္ဓေဉာဉ်ရှိသည်ဟု ကျွန်ုပ်ယူဆသည်။ အကယ်၍ အခွင့်အရေးကောင်းစွာရပါမူ နိုင်ငံရေးတွင်လည်း စွမ်းစွမ်း တမံဖြစ်လာနိုင်သည်ဟု ကျွန်ုပ်ထင်၏။ ဤမျှ အလားအလာရှိသော ဗိုလ်ဗထူးသည် ကျွန်ုပ်တို့နှင့်အတူ မရှိတော့ပြီ။

သူသည် ကမ္ဘာအနှံ့အပြားတွင် အရေးပါအရာလည်းရောက်လုဆဲဖြစ်သော အလုပ်သမားလူတန်းစားမှ ပေါ်ထွက်လာခဲ့သည်။ သူသည် သူကဲ့သို့ အခွင့်အရေးမရှိသော အလားအလာမရှိသူ အများအပြားပေါ်ထွက်စေနိုင်သော လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့်အတိုင်း လည်း လုပ်၍ စွန့်ခဲ့သည်။ ဝံ့ခဲ့သည်။ သို့သော် သူကား ရေတိမ်တွင် နစ်ခဲ့ရသည်။ အကယ်၍သာ သူ့အစွမ်းသတ္တိများကို မဟာမိတ်တပ်များသည် သေချာစွာတွေ့ကြုံပါက အင်္ဂလိပ်စစ်တပ်တွင် သူရသတ္တိအတွက် အမြင့်ဆုံးဝိတိုရိယကရော့စ် (Victoria Cross) ခေါ် ဆုတံဆိပ်ကို ရမည်မှာ မလွဲဟု ထင်မိတော့သည်။ အမှတ် (၃) အင်္ဂလိပ်တပ်မမှူး ဗိုလ်ချုပ်ကြီးမစ်ဆာမီပြောပြချက်အရဆိုလျှင် ဗိုလ်ဗထူး၏နာမည်ကို လန်ဒန်ဂေ ဇက်တွင် ချီးကျူးဖော်ပြမည်ဟုပြောခဲ့သည်။ ဤမျှစွန့်စားတိုက်ခိုက်ခဲ့သော ဗိုလ်ဗထူးသည် တိုက်ခိုက်ရာတွင် ဘာမျှမထိခိုက်ဘဲ ငှက်ဖျားရော ဂါနှင့်ကျဆုံးရသည်မှာ ရေတိမ်တွင်နစ်ခြင်းသာဖြစ်တော့သည်” ဟူ၍ ပြောဆိုခဲ့သည်။

ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်) ၌ ထားဝယ်ခရိုင်၊(ယခု တနင်္သာရီတိုင်းဒေသကြီး) လောင်းလုံမြို့နယ်၊ လေးသွန်းခံ ကျေးရွာတွင် အဖ ရွာသူကြီး ဦးဘထွန်း (မြန်မာ့စွယ်စုံကျမ်း အတွဲ (၇) စာမျက်နှာ (၃၃၄) တွင်ဖော်ပြထားသော ဗိုလ်မှူးကြီး ဗထူးအတ္ထုပ္ပတ္တိ၌ ၎င်း၏ဖခင်အမည်ကို ဦးဖိုးထွန်းဟု မှားယွင်းစွာဖော်ပြထားသည်။) နှင့် အမိ ဒေါ်စိန်မြရင်တို့မှဖွားမြင်သည့် တတိယ မြောက်သားဖြစ်သည်။ သူ့အထက်တွင် အစ်ကို ဖိုးစုနှင့် ကိုပေါဒင်တို့ရှိ၍ အောက်တွင် ညီမ မခင်ကြည်နှင့်မစိန်ပိုတို့ ရှိသည်။

ငယ်စဉ်က လေးသွန်းခံရွာနှင့် လယ်ကွင်းကြီးတစ်ကွင်းခြားသည့် စစ်မြဲရွာဘုန်းကြီးကျောင်း၌ စတင်ပညာဆည်းပူးသည်။ မြန်မာစာအခြေခံအနည်းငယ်ရရှိလာပြီးမှ ထားဝယ်မြို့ရှိ ဆန်းချီရပ် ဆွေမျိုးအိမ်၌နေကာ အစိုးရအထက်တန်းကျောင်းတွင် ဆက်လက်ပြီး အင်္ဂလိပ်-မြန်မာ (၇) တန်းအထိ ပညာသင်ကြားခဲ့သည်။ အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်လာ၍ ကျောင်းမှထွက်လိုက်သည်။

မိဘနှင့်ဆွေမျိုးသင်္ဂဟများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း လက်မခံခဲ့။ ဟိန္ဒားသတ္တုတွင်းသို့သွားရောက်၍ အလုပ်ရှာဖွေရာ မိဘများနှင့်ခင်မင်ရင်းနှီးသည့် ဟိန္ဒားသတ္တုတွင်း အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် အလုပ်ရခဲ့သည်။ ထိုအလုပ်မှာ ရေစုပ်စက်ကြီး ကို ဆီထိုးရသည့်အလုပ်ဖြစ်ပြီး တစ်နေ့လျှင် တစ်ဆယ့်နှစ်ပဲရသည်။ ထိုမှ တစ်နေ့တစ်ကျပ်စား စက်မောင်းသမားဘဝဖြင့် ၁ နှစ်ခန့်လုပ် ကိုင်ပြီးနောက် ရိုးသားဖြောင့်မတ်၍ လုံ့လဝီရိယရှိစွာ ကြိုးစားလုပ်ကိုင်ခဲ့ခြင်းကြောင့် မိုင်းအိုဗာစီယာဘဝသို့ တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။

ပေါင်းသင်းဆက်ဆံမှုကောင်းခြင်း၊ ခေါင်းဆောင်မှုကောင်းခြင်းတို့ကြောင့် အလုပ်သမားပေါင်း၏ ချစ်ခင်ရင်းနှီးခြင်းကိုခံရကာ အလုပ်သမားစာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်လာရသည်။ ကိုဗထူးသည် နဂါးနီအသင်းဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

မိဘများနှင့် ခင်မင်ရင်းနှီးစွဲရှိသည့် ဟိန္ဒားမိုင်းအိုဗာစီချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏သမီး မအုန်းတင် (ဗိုလ်မှူးကြီးဗထူး၏ ဇနီးဒေါ်အုန်း တင် (၇၈) နှစ်သည် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ပိတောက်ရွှေဝါလမ်းနေအိမ်၌ (၂၇-၇-၉၂) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။) နှင့် တစ်စတစ်စ ချစ်ခင်မိလာခဲ့ကြသည်။ နှစ်ဖက်သောမိဘများကလည်း ကျေနပ်သဘောတူကြသဖြင့် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏အိမ်၌ ထိမ်းမြားလက်ထပ်ပေးခဲ့သည်။ သားကြီး မောင်ဖေဝင်း (ဗိုလ်မှူးမြင့်ထူး-စစ်အစိုးရ၏ညှဉ်းပမ်းနှိပ်စက်မှုကြောင့်စစ် ကြောရေးစခန်းတွင် သေဆုံးခဲ့ရသူ)၊ သားငယ်မောင်စိန်ဝင်း (ဦးစန်းထူး၊ ဒု-အုပ်ချုပ်ရေးအရာရှိ၊ ရေနံ-ကွယ်လွန်) နှင့် သမီး မခင်ဝင်း (ဒေါ် မိမိလေး) ဟူ၍ သားသမီးသုံးယောက် ထွန်းကားခဲ့သည်။

နယ်ချဲ့အရင်းရှင်လက်အောက်၌ ဆင်းရဲပင်ပန်းစွာလုပ်ကိုင်လာကြသော ပစ္စည်းမဲ့အလုပ်သမားများ၏ ဒုက္ခဘဝအတွေ့အကြုံကို ခံစားမိ သောအခါ မခံမရပ်နိုင်သဖြင့် ဇနီး၏မောင် မိုင်းအိုဗီစီယာ ကိုစိန်လင်း (၁၉၅၈ ခုနှစ် ထားဝယ်မြူနီစီပယ်ဥက္ကဌ ဦးစိန်လင်း) နှင့်အတူ ဟိန္ဒား သတ္တုတွင်း အလုပ်သမားအစည်းအရုံးကို ၁၉၄၀ ပြည့်နှစ်တွင် ဖွဲ့စည်းတည်ထောင်လိုက်သည်။ အလုပ်သမားဘဝနစ်နာမှုများကို ဖော်ထုတ် ပြီး အခွင့်အရေးတိုးတက်ခံစားရေး တိုက်ပွဲဝင်ခဲ့သည်။ ယင်းအချိန်၌ နယ်ချဲ့အင်္ဂလိပ်များ အာဏာပြင်းထန်စဉ်ဖြစ်၍ တိုက်ပွဲအောင်မြင်မှု မရသည့်အပြင် အလုပ်သမားများမှာ ပိုမိုဖိနှိပ်မှုကိုခံကြရသည်။ ကိုဗထူးနှင့်အတူ ယောက္ခမဦးလွန်းပင်နှင့် ယောက်ဖကိုစိန်လင်းတို့ အလုပ် ဖြုတ်ခံလိုက်ရသည်။ သို့သော် ၁၉၄၂ ခုနှစ်၊ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲအတွက် အလုပ်သမားများ၏ နှလုံးသားတွင် တန်ဖိုးမဖြတ်နိုင်သော တော်လှန်ရေးစိတ်ဓာတ်များ စတင်သန္ဓေတည်စေသည့်အမြတ်ကိုကား ရရှိလိုက်ပေသည်။

ထို့နောက် ဦးလွန်းပင်၊ ကိုစိန်လင်းတို့နှင့်အတူ ဖွတ်လက်တိုရွာ၊ ဓလိချောင်းရွာနှင့် ဖောင်းတောရွာများတွင် သစ်ကုန်သည်အလုပ်ကို လုပ် ကိုင်ရင်း သတ္တုတွင်းနယ်မြေဒေသ၌ နယ်ချဲ့ဆန့်ကျင်မှုစည်းရုံးရေးကို ဆောင်ရွလျက်ရှိသည်။

၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်မှူးကြီးလက်ျာဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်များနှင့်အတူ ယိုးဒယား (ထိုင်း)မှဖြတ်၍ ထားဝယ်မြို့နယ် မေတ္တာရွာကိုဖောက်ပြီး မြန်မာပြည်အတွင်းသို့ စတင်ဝင်ရောက်လာသည်။

ထိုအချိန်တွင် ကိုဗထူးတို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို တောင်သုံးလုံးရွာမှဆီးကြိုကြ၍ ဦးလွန်းပင် အထွေထွေတာဝန်ခံအဖြစ် သတ္တုတွင်းနယ်မြေဒေသ၌ တပ်သား၊ ရိက္ခာ၊ လက်နက်စုဆောင်းရေးတာဝန်ကို ဗိုလ်ဉာဏနှင့် တွဲဖက်တာဝန်ယူဆောင်ရွက်သည်။ ကိုစိန်လင်းက ယိုးဒယားပြည် ဘွန်တီးစခန်းသို့ လက်နက်များသယ်ယူပို့ဆောင်ရန် တာဝန်ခံအဖြစ် သွားရောက်ဆောင်ရွက်ရသည်။ ကိုဗ ထူးသည် မိမိ၏ချစ်စွာသော သတ္တုတွင်းအလုပ်သမားများနှင့်အတူ ဗိုလ်ဗလတပ်တွင် ဝင်ရောက်လိုက်၏။

ထားဝယ်မြို့ကို ဘီအိုင်အေတပ်က လုံးဝသိမ်းပိုက်လိုက်ပြီးနောက် ရှေ့သို့ စစ်ကြောင်းချီရာတွင် ကိုဗထူးသည် တပ်သား (၁၅) ယောက်ကို အုပ်ချုပ်ရသော သာမန်တပ်ကြပ်ကလေးရာထူးဖြင့် တာဝန်ယူဆောင်ရွက်ရသည်။

မြန်မာနိုင်ငံအတွင်း၌ အင်္ဂလိပ်နယ်ချဲ့တို့ထွက်ခွာသွားပြီးနောက် ၁၉၄၂ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊အိုင်၊အေ) ကိုဖျက်သိမ်းကာ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ၊ ဒီ၊ အေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ်ဖွဲ့စည်းသော ဗမာ့ကာကွယ် ရေးတပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးကြီးရာထူးဖြင့် သေနာပတိခန့်အပ်၍ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးရန်နိုင်၊ ဗိုလ်မှူးဇေယျတို့ အား တပ်ရင်းများကိုဦးစီးစေပြီးလျှင် တပ်ရင်း (၃) ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူးရန်နိုင်ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင်တပ်ရင်း အမှတ်(၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီးရာထူးဖြင့် တပ်ခွဲမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရလေသည်။

ဗမာ့ကာကွယ်ရေးတပ်မတော်ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှုလက်မှုတပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင်ဖွဲ့ခဲ့သည်။ ဗိုလ် ဗထူးကို ထိုတပ်တွင် ပြောင်းရွှေ့ထမ်းဆောင်စေ၍ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ကာ ဗိုလ်မှူးအဆင့်အတန်းသို့ တိုးတက်ခန့်ထားခံရသည်။ ကသာနယ်၊ အင်းတော်နယ်တဝိုက်၌ ဗြိတိသျှလေထီးတပ်သားများ လှုပ်ရှားလာသော အခါ၊ အင်ဖားသို့ ချီတက်ရန် လမ်းပန်းအဆက်အသွယ်များ လိုအပ်သောအချိန်တွင် ဗိုလ်မှူးဗထူး၏ စက်မှုလက်မှု တပ်ရင်းအမှတ် (၁) သည် လမ်းပန်းဖောက်လုပ်ရန်လည်းကောင်း၊ လေထီးတပ်များနှင့်ရင်ဆိုင်ရန်လည်းကောင်း မြောက်ပိုင်းစစ်မြေသို့ ထွက်လာရသည်။ အနေ အထိုင်အစားအသောက်ဆင်းရဲခြင်း၊ ဆေးဝါးရိက္ခာညံ့ဖျင်းခြင်းကြောင့် ရဲဘော်များ နာမကျန်းဖြစ်ကာ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ ဗိုလ်မှူးဗထူးကိုယ်တိုင်လည်း ငှက်ဖျားရောဂါစွဲကပ်ခဲ့ရလေသည်။ ဆက်သွယ်ရေးမရရှိမှုတို့ကြောင့် ၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား အယောင်ဆောင်လွတ်လပ်ရေးပေးလိုက်သည်ကိုပင် ဗိုလ်မှူးဗထူးတို့မသိလိုက်ဟု ဆိုသည်။

၁၉၄၄ ခုနှစ် မေလတွင် ဗမာ့တပ်မတော် (ဂျပန်ပေးသော လွတ်လပ်ရေးရပြီးနောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများခွဲခြားသတ်မှတ်ကာ ဗိုလ်မှူးဗထူးကို တိုင်းမှူးအဖြစ်ခန့်အပ်ပြီးလျှင် မန္တလေးသို့ ပြောင်းရွှေ့စေခဲ့သည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ငူဘက်တွင် ပျဉ်းမနားအထိ မြောက်ဘက်တွင် တမူး၊ ကလေးဝနယ်အထိကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ် ရင်း အမှတ် (၁)၊ (၃)၊ (၄) နှင့် (၅)၊ စက်မှုလက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီးတပ်များရှိသည်။ ဗိုလ်မှူးဗထူးသည် မန္တလေးတိုင်းမှူးအဖြစ် အဆက်ပြတ်နေသော တပ်ရင်းများဆီသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။

တစ်နေ့သော် အမရပူရမြို့ လူထုအစည်းအဝေးတစ်ခုအတွက် ဖိတ်ကြားခြင်းခံရသဖြင့် အဖော်အရာရှိ နှစ်ယောက်နှင့်အတူ ကားတစ်စီးဖြင့် ထွက်သွားကြ၏။ အစည်းအဝေးကိစ္စပြီး၍ ည (၉) နာရီခွဲခန့်တွင် ပြန်လာခဲ့၏။ ၎င်းတို့၏ကားနောက်မှ ဂျပန်စစ်အရာရှိ ကားတစ်စီးသည် မောင်းနှင်၍ လာ၏။ ကားသည် ရှေ့ကိုကျော်တက်ရန် ကားဟွန်းကို အဆက်မပြတ်တီး၍ လာ၏။ ဗိုလ်မှူးဗထူးက ကားမောင်းသည့်ရဲဘော်အား ရှောင်ပေးလိုက်ရန်ပြော၏။ သို့သော်လမ်းမှာ လမ်းကျဉ်းဖြစ်၍ မတက်နိုင်သည်ကို ကားပေါ်ရှိဂျပန်အရာရှိက ဂျပန်စကားဖြင့် ဆဲရေးတိုင်း ထွာ၏။ သို့နှင့် ဆက်လက်မောင်းလာရာ လမ်းကျယ်သို့ရောက်သည်နှင့် ဂျပန်ကားသည် ရှေ့သို့ကျော်မတက်ဘဲ ၎င်းတို့ကားရှေ့မှ ရပ် လိုက်ခြင်းဖြင့် ကားနှစ်စင်းလုံးရပ်သွားစေ၏။ ဗိုလ်မှူးဗထူးသည် ကားပေါ်မှဆင်းလိုက်၏။ ကားပေါ်မှ ဂျပန်အရာရှိသည်လည်း ဒေါသနှင့် စတင်စကားပြောရာမှ ဂျပန်အရာရှိသည် မိမိဓားကိုဆွဲချွတ်မည်အပြုတွင် ဗိုလ်မှူးဗထူးသည် မိမိဓားကို အမြန်ဆွဲထုတ်၍ ဂျပန်၏ဦးခေါင်း တည့်တည့်သို့ ခုတ်လိုက်လေသည်။

ထိုသို့ ဓားချင်းယှဉ်ပြိုင်ရေးနှင့်ပတ်သက်၍ အခြားသူတစ်ဦးတစ်ယောက်သာဆိုပါက တပ်မတော်အရာရှိကြီးများ အလုပ်ရှုပ်စရာ။ ယခုမူကား ဂျပန်တို့လေးစားသော ဗိုလ်မှူးဗထူးဖြစ်နေခြင်း၊ ဗိုလ်မှူးဗထူးအကူအညီကိုလည်း ဂျပန်တို့များစွာအလိုရှိနေခြင်း၊ ဗိုလ်မှူးဗထူးသည် လမ်းမ ကျလျှင် မည်သည့်အခါမျှ မခံကြောင်းကို ယခင်မြောက်ပိုင်း စစ်မြေပြင်မှအဖြစ်အပျက်ကိုလည်း ဂျပန်တို့သိရှိနေခြင်း၊ ဗိုလ်မှူးဗထူးကိုယ်တိုင် မတရားသည်ကိုမလုပ်ဟူ၍ ဂျပန်တို့နားလည်ခြင်း၊ ယခုကိစ္စမှာ မိမိတို့ဂျပန်အရာရှိကပင်လျှင် မူးယစ်ရမ်းကား ဆဲရေးတိုင်းထွာခြင်း စသည် တို့ကြောင့် ဗိုလ်မှူးဗထူးမှာ မည်သည့်အရေးအပြစ်ပေးခြင်းမှမခံရဘဲ အမှုပြီးပြတ်ခဲ့လေသည်။

ဗိုလ်မှူးဗထူးသည် အမည်နှင့်လိုက်အောင် ထူးခြားသည်။ တနေ့သော် ဗမာပြည်တစ်ပြည်လုံး ဖက်ဆစ်ဂျပန်တို့၏ ရက်စက်မှု၊ မမျှတမှု၊ အ သနားအညှာတာကင်းမဲ့မှုကြောင့် စားသောက်နေထိုင်မှုကျပ်တည်းကာ ကုန်ဈေးနှုန်းမြင့်မားသဖြင့် ‘ငါတည်တဲ့ဘုရား လင်းတပင်နားနား’ ဟူဘိသကဲ့သို့ မျက်စိကိုစုံမှိတ်၍ ခတ်မဆိတ်နေခဲ့သော ရုပ်သေးမဟာ ဗမာအစိုးရသည် အပိုရှားပါးစရိတ်ထုတ်ပေးရန် စီမံရတော့၏။

ထိုစဉ်အခါက ဗိုလ်မှူးဗထူးသည် အပိုစရိတ်ဂျပန်ငွေစက္ကူတော်တော်များများ ရလေသည်။ မိမိရုံးမှ ငွေစာရင်းအရာရှိက ငွေစက္ကူအထုပ်ကြီး ကို စားပွဲတွင်တင်ထားသည်ကို စူးစိုက်ကြည့်နေ၏။

“တချို့တော့လဲ သားမယားဆီ ပြန်ပို့ကြတာပဲ။ ငါလဲအိမ်ကို တစ်ခေါက်မှမပြန်မိဘူး။ ‘ဉာတကာနဉ္စသင်္ဂဟော’ ဆွေမျိုးတို့အား ထောက်ပံ့ရမည် လို့ ဘုရားဟောဒေသနာနဲ့အညီ သားမယားဆီ ငွေကြေးတော့ထောက်ပံ့သင့်တာပဲ။ ဒါပေမယ့် ငါယခုအလုပ်လုပ်နေတာဟာ မင်္ဂလာတရား တော်နှင့်အညီ သားကျွေးမှု၊ မယားကျွေးမှု၊ ဆွေမျိုးများ ထောက်ပံ့မှုအတွက်မဟုတ်ဘူး။ ငါစစ်ထဲဝင်တာ တိုင်းပြည်အတွက်ပဲ။ သူတို့ကို ထောက်ပံ့ချင်လို့ မဟုတ်ဘူး။ သူတို့ကို ဟိုစဉ်ကထောက်ပံ့ခဲ့ပြီ။ ကျွေးမွေးပြုစုခဲ့ပြီ။ အခု ငါ့အဖို့ ဒီငွေတွေကို ငါနဲ့ ဆင်းရဲဖော်ဆင်းရဲဘက် အလုပ်လုပ်ဖက်ဖြစ်တဲ့ ငါ့ရဲ့ရဲဘော်တွေကိုသာ ထောက်ပံ့သင့်တယ်” ဟုဆုံးဖြတ်ကာ စစ်မြေပြင်၌ အမျိုးမျိုးပင်ပန်းခဲ့သည့်ရဲဘော်များ အ ပန်းပြေစေရန် ပွဲလမ်းသဘင်ပြုလုပ်ပျော်ရွှင်ရေးအတွက် အသုံးချခဲ့လေသည်။ ဗိုလ်မှူးဗထူးက အစဉ်သဖြင့် ရဲဘော်များအား သတိရအားကိုး သလို ရဲဘော်တို့ကလည်း ဗိုလ်မှူးဗထူးအား လေးစားယုံကြည်အားထားခဲ့ပေသည်။

လူမျိုးအနေဖြင့် ဂျပန်လူမျိုးများမှာ ချစ်ခင်ဖွယ်ရာကောင်းလှသည်။ သို့ရာတွင် သူတို့ကျင့်သုံးသောဖက်ဆစ်ဝါဒမှာမူ အလွန်ဆိုးရွားလှသည်။ နောက်ဆုံး ဖက်ဆစ်ဒဏ်ကိုမခံနိုင်တော့သဖြင့် ဗိုလ်ချုပ်အမှူးရှိသော တပ်မတော်အရာရှိများ၊ ဗမာနိုင်ငံရှိ ဖက်ဆစ်ကိုတော်လှန်လိုသော အစည်းအရုံးများ၊ အသင်းအပင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဂျပန်ကို တော်လှန်ရန်ရွေးချယ်ခြင်း နယ်ခွဲခြားသတ်မှတ်ခန့်ထား ရာတွင် တိုင်းမှူးဗိုလ်မှူးဗထူးမှာ မူလမိမိစီစဉ်ထားရှိပြီးဖြစ်သော အထက်မြန်မာပြည်တိုင်းကိုပင် တာဝန်ခံခေါင်းဆောင်အဖြစ် ရွေးချယ်စေ လွှတ်ခြင်း ခံရလေသည်။ ဗိုလ်မှူးဗထူးသည် အထက်မြန်မာပြည်တိုင်းမှူးအဖြစ် လက်ရွေးစဉ်ရဲဘော်များကို ခေါင်းဆောင်ကာ ပြောင်းရွှေ့ သွားလေသည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ဂျပန်ကိုတော်လှန်ရန် ရန်ကုန်မြို့၌ လျှို့ဝှက်စွာကျင်းပသောဆွေးနွေးပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းဦးစီး သည့် တော်လှန်ရေးကော်မတီအဖွဲ့ဝင်တို့နှင့်အတူ ဗိုလ်မှူးဗထူး တက်ရောက်ခဲ့သည်။

၁၉၄၅ ခု နှစ်ဦးပိုင်းတွင် မဟာမိတ်တပ်တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ဝင်ရောက်ကာ မန္တလေးမြို့သို့ ဦးတည်ချီတက်ကြသည်။ ဗိုလ်မှူးဗ ထူးသည် နိုင်ငံစည်းရုံးရေး၊ စစ်ရေးအခွင့်သာမှုတို့ကို ရှေ့ရှု၍ မိမိလက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါမှတပ်များဖြင့် ၁၉၄၅ ခု၊ မတ်လ (၈) ရက်နေ့ ဂျပန်အား စတင်တော်လှန်တိုက်ခိုက်သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဗမာ့တပ်မတော်သည် ဂျပန်ကိုတော်လှန်ရန် အသေးစိတ်စီစဉ်ချက်များ မပြီးပြတ်သေး။ ဤတွင် ဗိုလ်မှူးဗထူးသည် သူ၏တပ်များ ဂျပန်တို့အားတော်လှန်ခြင်းကြောင့် ကျန်တပ်များ ဒုက္ခ တွေ့မည်ကိုသိရှိသဖြင့် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးအတွက် ကြေညာချက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဆက်အသွယ်ဖြတ်ကာ မိမိ၏တပ်ကို ဗမာ့တော်လှန်ရေးတပ်မတော်အမည်ဖြင့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးနှင့် ပူးတွဲဆောင်ရွက်လျက် ဗိုလ်ချုပ်အောင်ဆန်းကို ရန်သူအဖြစ်ကြေညာလျက်ရှိကြောင်း ပရိယာယ်ဖြင့် ဖော်ပြကြေညာထားလေသည်။

ဗိုလ်မှူးဗထူး ထုတ်ပြန်ခဲ့သည့်ကြေညာချက်မှာ ….
“ရဲဘော်တို့ …. ငါတို့တစ်တွေသည် ငါတို့တိုင်းပြည်လွတ်လပ်ရေးအတွက် ငါတို့၏အသက်ကိုပမာမထားဘဲ တပ်မတော်သားပီပီ တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း အများသိကြသည်။

ဖက်ဆစ်ဂျပန်တွေသည် ငါတို့လူမျိုးများအား အမျိုးမျိုးညှဉ်းဆဲသတ်ဖြတ်ပြီး ငါတို့ကိုလွတ်လပ်ရေးမပေးဘဲ ကျွန်သဘောက်ဘဝသို့ ပို့ ဆောင်ခဲ့ကြကြောင်း၊ ဘမော်နှင့်အောင်ဆန်းအမှူးပြုသည့် ရုပ်သေးအစိုးရရဲ့စစ်တပ်သည် ဂျပန်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ကာကွယ်ပေး နိုင်လိမ့်မည်ဟု ငါတို့ယုံကြည်အားထားခဲ့ကြသော်လည်း ယခုအထိ သူတို့သည် မည်သည့်ကာကွယ်မှုကိုမျှ ပြုလုပ်မပေးနိုင်ခဲ့သဖြင့် ငါတို့ သည် ဤအတိုင်း ခေါင်းငုံ့၍ ခံမနေနိုင်တော့ပေ။

ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ ငါ့လက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါ စသောနယ်များရှိ တပ်များသည် ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့်ပူးပေါင်းလျက် ဖက်ဆစ်ဂျပန်တို့အား စတင်တိုက်ခိုက်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။

ရဲဘော်တို့ ….
ဖက်ဆစ်ဂျပန်လူရိုင်းများအား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သုတ်သင်ကြလော့။

ဗိုလ်မှူးဗထူး
မြန်မာ့တော်လှန်ရေးတပ်မတော်
အထက်မြန်မာပြည်

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကား နားလည်မှု ရရှိပြီးဖြစ်သည်။ ထိုသို့ ပရိယာယ်ဖြင့် ကြေညာချက်ကြောင့်လည်း အောက်မြန်မာနိုင်ငံရှိ တပ်အသီးသီးသည် ၁၉၄၅ ခု၊ မတ်လ (၂၇) ရက်နေ့တွင် ဂျပန်တော်လှန်ရေး အစီအစဉ်များကို အောင်မြင်စွာ ဆက်လက်လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

မန္တလေးမြို့နှင့် မန္တလေးနယ်အတွင် မဟာမိတ်များမရောက်မီ ဗိုလ်မှူးဗထူးတပ်များသည် ဂျပန်များကို ရှင်းလင်းထားနိုင်ခဲ့သည်။ ဗိုလ်မှူး ဗထူးတို့ဖွဲ့စည်းထားသော ပြောက်ကျားတပ်များအကူအညီဖြင့် မဟာမိတ်တပ်များလည်း အောင်မြင်စွာချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့ (ယခု ပြင်ဦးလွင်) ကို မဟာမိတ်များ သိမ်းပိုက် ရာတွင် ဗမာ့မျိုးချစ်ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်းထုတ်ပြန်ချက်များပေါ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အထက်မြန်မာပြည်တိုင်းတွင်း ဗိုလ်မှူးဗထူးစတင်တော် လှန်ခဲ့သော မတ်လ ၈ ရက်နေ့မှ ၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၇ ပွဲ တိုက်ခဲ့ရသည်။ တိုက်ရသော ရန်သူအင်အားမှာ ၈၁၀၀ ခန့် ရှိသည်။ ရန်သူ့ဘက်မှ အကျအဆုံးမှာ ၄၂၈ ယောက် (ဒုဗိုလ်မှူးကြီးတဦးအပါအဝင်) ၃၁ ယောက် ဒဏ်ရာရခဲ့သည်။ စစ်သုံ့ပန်း ၁၂ ယောက် ဖမ်းဆီး မိခဲ့သည်။ ဗိုလ်မှူးဗထူး၏ ထူးချွန်စွာဆောင်ရွက်မှုကြောင့် ၁၉၄၅ ခုနှစ်၊ မေလ (၁) ရက်နေ့ပါ ပြည်သူ့လွတ်လပ်ရေးတပ်မတော် (ဗမာ့မျိုး ချစ်တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူးဗထူးကို ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ နှစ်ဆင့်တိုးတက်ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ မန္တလေးတိုင်းတပ်မှူး ဗိုလ်မှူးဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူးအဆင့်အတန်းမှ ဗိုလ်မှူးကြီးအဆင့်အတန်းသို့ နှစ်ဆင့်တိုးပေးလိုက်သည်ဟု ဖော်ပြထားသည်။

မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည်သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီးဗထူးသည် ကျောက်ဆည်မှတစ်ဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်း မြို့သို့ ချီတက်ခဲ့သည်။ ထိုအချိန်က မိုးဥတုလည်းဖြစ်၍ ရာသီဥတုမှာ ကြမ်းတမ်းလှသဖြင့် ခရီးပမ်းလူပမ်းဖြစ်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးနှင့် တကွ ရဲဘော်တို့သည် ကျန်းမာရေးချို့တဲ့၍ ဖျားနာကြ၏။ ဗိုလ်မှူးကြီးဗထူးသည်လည်း အင်းတော်၊ ကလေးဝစစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်သော ငှက်ဖျားရောဂါပြန်ပေါ်လာတော့သည်။ ငှက်ဖျားရောဂါကို ရှိသမျှဆေးဝါးတို့ဖြင့် အစွမ်းကုန်ကုစားပါသော်လည်း နာလန်မထူ တော့ဘဲ ၁၉၄၅ ခုနှစ်၊ ဇွန်လ (၂) ရက် ည (၈) နာရီ (၁၀) မိနစ်အချိန်တွင် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်၊ မြင်းကြားဒိုးရွာအနီး တယ်လူးစခန်း၌ (၂၉) နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်သွားရှာလေတော့သည်။ မကွယ်လွန်ခင်အချိန်ကလေးမှာပင် စခန်းရှိရဲဘော် များကို ဗိုလ်အာဠာဝကတပ်ရှိမည့်နေရာကိုမေး၍ “အာဠာဝကကို ပြန်ခေါ်၊ စစ်ကိုဆက်တိုက်ကြ” ဟူ၍ နောက်ဆုံးအမိန့်ပေးခဲ့သေးသည်။ တယ်လူးစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြားဒိုးရွာအနီး အိမ်ခြေ (၇) အိမ်ခန့်သာရှိသော ရွာသိမ်ရွာငယ်ကလေးသာ ဖြစ်လေသည်။ တောင်ကြိုအုံကြား စစ်မျက်နှာတို့၌သာ အချိန်ကုန်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးသည် ကွယ်လွန်ချိန်အထိ သူ့အား ဗိုလ်မှူးကြီးအဆင့်သို့ တိုး မြှင့်ဂုဏ်ပြုသော ဗိုလ်ချုပ်အောင်ဆန်း၏အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီးဗထူးကား ဗမာ့လွတ်လပ်ရေးအတွင်း ဝင်ရောက်သည့် နေ့မှစ၍ ဇနီးနှင့်သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက်ကြည့်ရှုရန် အချိန်မရလောက်အောင် တိုင်းပြည်နှင့်လူမျိုးအတွက် တာ ဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးသာ ဖြစ်လေသည်။ ဗိုလ်မှူးကြီးဗထူး၏ပုံသဏ္ဌာန်မှာ အရပ်ရှည်ရှည်၊ မေးချွန်ချွန်၊ မျက်လုံးပြူးပြူး၊ မျက်ကွင်းချိုင့်ချိုင့်၊ နှုတ်ခမ်းမွှေးမတိုမရှည် ဆံပင်စုတ်ဖွားဖွားဟူ၏။

အောင်ပန်းမြို့ (ကလောနှင့် ၅ မိုင်ကွာဝေးသည်) တွင် ဗိုလ်မှူးကြီးဗထူးနှင့် ရဲဘော်များအတွက် ကျောက်တိုင်တစ်ခု စိုက်ထူထားသည်။ အဆိုပါကျောက်တိုင်တွင် “မြန်မာနိုင်ငံတော် ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ်ဂျပန်တော်လှန်တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန် လဆုတ် (၈) ရက်နေ့ ည (၈) နာရီ (၁၀) မိနစ်အချိန် တယ်လူးစခန်းတွင်ကျဆုံးရှာသော ဗိုလ်မှူးကြီးကာနယ်ဗထူးနှင့် ရဲဘော်နှစ်ဆယ့် ခြောက်ယောက်” ဟု ကမ္ပည်းထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအားဂုဏ်ပြုချီးကျူးသောအနေဖြင့် တပ်မတော်မှလည်း ‘ဗထူးတပ်မြို့’ ဟူသော အမည်ဖြင့် တပ်စခန်းမြို့တစ်ခုကို ရပ်စောက် (လောက်ဆောက်) မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ၁၉၅၃ ခုနှစ်၌ တည်ထားလေသည်။

မည်သို့ဆိုစေ… ဖက်ဆစ်ဂျပန်တို့ကို ပထမဦးဆုံးတိုက်ခိုက်ခဲ့သော ဗိုလ်မှူးကြီးဗထူး၏အမည်သည် ထာဝစဉ်ထွန်းလင်းတောက်ပြောင်နေမည်မှာ မလွဲဧကန်ပင်တည်း။

စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)၊ စာ-၃၃၄၊ ၃၃၇။
(၂) သိပ္ပံစိုးရင်၊ ဗမာ့တော်လှန်ရေးအာဇာနည် ဗိုလ်မှူးကြီးဗထူး၊ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ပကြိမ် ၁၉၆၉။
(၃) တင်တင်ဝင်း ‘ဗမာ့သားကောင်း ဗိုလ်မှူးဗထူး’ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၇ (၁၉၆၉၊ မတ်လ) စာ ၁၅-၁၉။
(၄) ဗိုလ်မှူးဗထူး၏ ပေးစာများ မြဝတီမဂ္ဂဇင်း (၁၉၇၀၊ မတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

One Response to ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ – ၁၉၄၅)

  1. Maung Khin Myint on April 20, 2012 at 10:57 am

    We the 8.8.88 generation students. Salute……..Who have sacrificed their live during our country for

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)