TWH – မြန်မာနိုင်ငံတွင် ကျင်းပပြီးခဲ့သောရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၈)

April 22, 2012

သန်းဝင်းလှိုင်
ဧပြီ ၂၂၊ ၂၀၁၂
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့၌ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့၏ တခဲနက်သောထောက်ခံမှုတို့ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၉၂ နေရာ အပြတ်အသတ်အနိုင်ရရှိသော်လည်း စစ်အစိုးရသည် အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၆၀ အကြာ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ရန်ကုန်မြို့ ကျောက်တံ တားမြို့နယ်ရှိ ဂန္ဒီခန်းမဆောင်၌ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ စုဝေးရောက်ရှိပြီး ‘ဂန္ဒီခန်းမ ကြေညာစာတမ်း’ ကို ထုတ်ပြန်ခဲ့လေ သည်။

အဆိုပါစာတမ်း၌ …. ‘ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီးခဲ့ပြီးဖြစ်သော်လည်း အထွေထွေ ရွေးကောက်ပွဲကြီးဖြစ်လျှင် ပြည်သူ့လွှတ်တော်ကို မရှေးမနှောင်းကာလ၌ အမြန်ဆုံးဖွဲ့စည်းပေးရမည်မှာ ဓမ္မတာပင်ဖြစ်လေသည်။ ပြည်သူ လူထုကလည်း ဤအတိုင်းမျှော်လင့်နေကြပေသည်။ သို့သော် ရွေးကောက်ပွဲကြီးပြီး၍ ရက်ပေါင်း (၆၀) ကြာလာသည့်တိုင်အောင် ပြည်သူ့ လွှတ်တော်ကို မဖွဲ့စည်းရသေးပေ။

ရွေးကောက်ပွဲတွင် လုံးလုံးလျားလျား အများစုအနိုင်ရရှိထားသော အဖွဲ့ချုပ်သည် နိုင်ငံတော်အတွက် လောလောဆယ် အကျိုးစီးပွားနှင့် ရေရှည်အနာဂတ်ကာလအကျိုးစီးပွားများကို အခြေခံထား၍၊ တမျိုးသားလုံးပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်ဖြင့် ပွင့်လင်းသော၊ ရိုးသား သော၊ စေတနာအပြည့်ပါသော နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှုများပြုလုပ်သွားရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အဆိုပြုချက်ကိုလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က တစုံတရာအကြောင်းပြန်ကြားခြင်း မရှိခဲ့သေးပေ။

ရဟန်းရှင်လူပြည်သူများ၊ လယ်သမားများ၊ အလုပ်သမားများ၊ ကျောင်းသားလူငယ်များ၊ ဝန်ထမ်းများအပါအဝင်ဖြစ်သော တိုင်းရင်းသားပြည် သူလူထုကြီးသည် နိုင်ငံတော်တွင် ဒီမိုကရေစီအခွင့်အရေးများ ကန့်သတ်ခံထားမှုကြောင့် လက်ရှိမျက်မှောက်ပြုနေရသော စားဝတ်နေရေး ကြပ်တည်းမှု၊ စိုးရိမ်ထိတ်လန့်နေရမှုနှင့် သောကဗျာပါဒဘေးမှ ကင်းလွတ်ရေးတို့အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံးကူး ပြောင်းရောက်ရှိရန် ဆန္ဒပြင်းပြလျက်ရှိနေပေသည်။

ယနေ့ပြည်သူတို့ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသော အကြပ်အတည်းများသည် ပြည်သူတို့က ယုံကြည်ကိုးစားစွာ ရွေး ချယ်တင်မြှောက်လိုက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းသော ပြည်သူ့လွှတ်တော်ကသာဦးဆောင်၍ ပြည်သူ့ဆန္ဒနှင့် အညီ ဖြေရှင်းအပ်ပေသည်။

သို့ဖြစ်ရာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၂) ပုဒ်မ (၃) ၌ ပြဋ္ဌာန်းထားသော “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေ နှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့လွှတ် တော်ကို အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန် အရေးတကြီးလိုအပ်နေပေသည်။

သို့ဖြစ်ရကား ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး မဖြစ်မနေ မွေးဖွားသန့်စင်ပေးရပေတော့မည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအ ခန်း (၁)၊ ပုဒ်မ ၂ (က) တွင် “လွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကိုဆိုသည်”ဟု ပြဋ္ဌာန်းထားချက်အရ ယခုပေါ်ပေါက်လာမည့် ပြည် သူ့လွှတ်တော်သည် တိုင်းပြုပြည်ပြုလွှတ်တော်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့ အလေးအနက်ခံယူထားပေသည်။

ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာ (သို့တည်းမဟုတ်) ဥပဒေနှင့်အညီဖြစ်အပ်သော အာဏာလွှဲပြောင်းရေးကိစ္စတို့နှင့် ပတ်သက်၍ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အသင့်ရေးဆွဲထားရှိပြီးဖြစ်ကြောင်း သိရှိရ၍ ကျွန်ုပ်တို့က ကြိုဆိုပေ သည်။

အဆိုပါ ၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အခြားအဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းဆွေးနွေးမည့်အစီအစဉ်ကိုလည်း ကျွန်ုပ်တို့က ထောက်ခံပေသည်။

ဤယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေးကို ဖြစ်မြောက်အပ်ပေသည်ဟု ကျွန်ုပ်တို့က တ ညီတညွတ်တည်း ယူဆကြပေသည်။

ထို့နောက် ဒီမိုကရေစီပြည်ထောင်စုသစ်အတွက်ရည်သန်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို ကျွန်ုပ်တို့ပါဝင်သော ပြည်သူ့လွှတ် တော်ကသာလျှင် ရေးဆွဲပြဋ္ဌာန်းအတည်ပြုရန် တာဝန်ရှိပေသည်။ ကျွန်ုပ်တို့ကလည်း ထိုတာဝန်ကို ထမ်းဆောင်သောအခါ၌ ကျယ်ပြန့်စွာ ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပေသည်။

သို့သော် ပြည်သူ့လွှတ်တော်၏ အာဏာအပ်နှင်းမှုမရှိဘဲ ပြည်သူ့လွှတ်တော်၏ အာဏာစက်မရှိဘဲ၊ ပြည်သူ့လွှတ်တော်၏ အဆောင်အယောင် အရှိန်အဝါမရှိဘဲ၊ ပြည်သူ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခြင်းမရှိဘဲ၊ ပြည်သူ့လွှတ်တော်မှအပ အခြားမည်သည့်နေရာ၊ မည်သည့်အချိန်၌ မဆို၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခွင့်လည်းမရှိ၊ ပြဋ္ဌာန်းအတည်ပြု ခွင့်လည်းမရှိ၊ သို့ရေးဆွဲကြမည်ဆိုလျှင် လွှတ်တော်အာဏာ စက်မရှိသဖြင့် ဥပဒေအာဏာစက်လည်း ရှိလိမ့်မည်မဟုတ်ပေ။ ဤလမ်းကြောင်းအတိုင်းဆောင်ရွက်မှုသည် သိက္ခာပင်ရှိလိမ့်မည်မဟုတ်ဟု ကျွန်ုပ်တို့ယူဆသည်။

ထို့ကြောင့် ပြည်သူလူထုလိုလားတောင့်တနေသော ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးထူထောင်ရန်အတွက် ရည်သန်သော ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေအသစ် ရေးဆွဲရန်အလို့ငှာပင်၊ ပြည်သူ့လွှတ်တော်ကို စောလျင်စွာခေါ်ယူဖွဲ့စည်းရန် အထူးလိုအပ်ကြောင်းမှာ ထင်ရှားပေ သည်။

သို့ဖြစ်ရကား ပြည်သူ့လူထုကြီး၏ဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၂)၊ ပုဒ်မ (၃) အရလည်းကောင်း၊ ဒီမိုကရေစီ စနစ်၏ အနှစ်သာရများအရလည်းကောင်း၊ နိုင်ငံတကာကျင့်ထုံးကျင့်နည်းများနှင့်လျော်ညီစွာလည်းကောင်း၊ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ လအတွင်း ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြကုန် သော ကျွန်ုပ်တို့အား ဤနေ့ ဤရက်မှစ၍ တညီတညွှတ်တည်း တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပေသည်” ဟူ၍ ရေးသားဖော်ပြ ထားပေသည်။

သို့သော် “ဂန္ဒီခန်းမကြေညာစာတမ်း” မထုတ်ပြန်မီ တရက်အလို ၁၉၉၀ ပြည့်နှစ် ဇူလိုက်လ ၂၇ ရက်နေ့တွင် နဝတအစိုးရ သည် ကြေညာချက် အမှတ် ၁/၉၀ ကို ချက်ချင်းထုတ်ပြန်၍ “လူထုကရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကြရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်များသာဖြစ်သည်။ နိုင်ငံတော်အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်မည်မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အညီ ခိုင်မာသောဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပေါ်ပေါက်လာမည့်အစိုးရ တရပ် မဖွဲ့စည်းမီ ကြားကာလတွင် နဝတအနေဖြင့် ဒို့တာဝန်အရေးသုံပါး၊ နဝတကြေညာချက် ၁/၈၈ တွင်ပါရှိသော တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးစသည့် လုပ်ငန်းတာဝန်ကြီး (၄) ရပ်အနက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးတာဝန်မှအပဖြစ်သော လုပ်ငန်းတာဝန်ကြီး (၃) ရပ်နှင့် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များကို အလေးဂရုပြု ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ခဲ့သည်။

ဤသို့ဖြင့် နဝတစစ်အစိုးရသည် ရွေးကောက်ပွဲပြီးလျှင် အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးပြီး တပ်မတော်က စစ်တန်းလျားသို့ပြန်မည်ဟု ကတိပြုပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲပြီးသည့်အခါ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးခြင်းလုံးဝမလုပ်ခဲ့သလို စစ်တန်းလျားသို့ လည်း လုံးဝမပြန်ခဲ့ချေ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။ ထို့နောက် အဖွဲ့ချုပ်ယာယီဥက္ကဋ္ဌနှင့် ဗဟန်းမြို့ နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မောင်အား ၁၉၉၀ စက်တင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီး၍ ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အလားတူပင် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအာ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ပြည်နယ်/တိုင်း/မြို့နယ်/ကျေးရွာများရှိ အဖွဲ့ချုပ်ရုံးများအား ဝင် ရောက်ရှာဖွေ၍ စာရွက်စာတမ်းများ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းများပြုခဲ့သည်။

၁၉၉၂ ခုနှစ်တွင် နဝတစစ်အုပ်စုအတွင်း အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်။ အနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟုကတိပြုခဲ့သော ဗိုလ် ချုပ်မှူးကြီးစောမောင်ကို ရုတ်တရက်ဖယ်ရှားကာ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နဝတ၏ကြေညာချက်အမှတ် ၁/၉၂ ဖြင့် အစိုးရအဖွဲ့ကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ပြန်လည်ဖွဲ့စည်း၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေအား နဝတဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်ကြီးသန်းရွှေအား ၁၉၉၂ ခုနှစ်၊ မတ်လ၂၀ ရက်နေ့ ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၉၂ ခုနှစ်၊ ဧပြီလ၂၄ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ်လည်းကောင်း အပ်နှင်းကြောင်းကြေညာခဲ့သည်။

ထို့နောက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် နဝတ၏ အမိန့်အမှတ် ၁၃/၉၂ ဖြင့် အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ကို ဥက္ကဌဗိုလ်ချုပ်မျိုးညွှန့်အပါအဝင် အဖွဲ့ဝင် (၁၈) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့နောက် အမျိုးသားညီလာခံကျင်းပရေးကော်မရှင်သည် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်ကိုယ်စားလျယ်များ၊ နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားသင့်သည်ပုဂ္ဂိုလ်များ စသည့် အစု အဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သည်။ ဖိတ်ကြားရာတွင် နိုင်ငံရေးပါတီ (၁၀) ပါတီမှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၅ ဦးစီဖြင့် ကိုယ်စားလှယ် ၅၀ ဦး၊ ရွေးချယ်ခံထားရသူများအနက်မှ ပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၁၀၇) ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် (၂၁၅) ဦး၊ တောင်သူလယ်သမားကိုယ်စားလှယ် (၉၃) ဦး၊ အလုပ်သမားကိုယ်စားလှယ် (၄၈) ဦး၊ အသိပညာရှင်အတတ် ပညာရှင် (ဋ္ဌာနစုံ၊ အလွှာစုံ၊ ကဏ္ဍစုံမှ) ၄၁ ဦး၊ နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ် (ဝန်ကြီးဋ္ဌာနစုံမှ) ၉၂ ဦး၊ အခြားဖိတ်ကြားသင့်သည့် ကိုယ်စားလှယ် (တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့စုံ၊ ပညာရှင်စုံ) ၅၇ ဦး၊ စုစုပေါင်း အစုအဖွဲ့ (၈) စုမှ ကိုယ်စားလှယ် (၇၀၂) ဦးတို့ကိုတက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ ယင်းကိုယ်စားလှယ် (၇၀၂) ဦးအနက် ပါတီကိုယ်စားလှယ် (၉၂) ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် (၇) ဦးအပါအဝင် ပေါင်း (၉၉) ဦးသာခွင့်ပြုခဲ့သည့်အတွက် တက်ရောက်ခွင့်ရှိသူအားလုံး၏ ၁၄ ဒဿမ ၁၀ ရာခိုင်နှုန်းသာရှိပေသည်။ ကျန်ပုဂ္ဂိုလ်များမှာ နဝ တစိတ်ကြိုက် ခေါင်းခေါက်ရွေးချယ်ထားသည့် မြို့နယ်အဆင့်လက်ကိုင်တုတ် အရာရှိများသာဖြစ်သည်။ ယင်းကြောင့် အမျိုးသားညီလာခံ သည် ပြည်သူ့ကိုယ်စားပြုညီလာခံဟု မခေါ်ထိုက်ပေ။

ညီလာခံလုပ်ထုံးလုပ်နည်းများ လိုက်နာကျင့်သုံးရန်အတွက် ကြိုတင်ရေးသားထားသည့်စာအုပ်များကိုလည်း တစ်ယောက်တစ်အုပ် ဝေငှခဲ့ သည်။ ထို့အပြင် အမျိုးသားညီလာခံ၏ ဦးတည်ချက် (၆) ရပ်ကိုလည်း ချမှတ်ခဲ့သည်။ ယင်းတို့မှာ …
(၁) ပြည်ထောင်စု မပြိုကွဲရေး
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး
(၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
(၆) အနာဂတ်နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးတို့ဖြစ်သည်။

ဤသို့ဖြင့် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် နဝတစစ်အစိုးရသည် အမျိုးသားညီလာခံကို ရန်ကုန်မြို့ အလုံလမ်းရှိ သမ္မတအိမ်တော်ဝင်း အတွင်း၌ စတင်ကျင်းပပြီး အစည်းအဝေးတွင် အခြေခံမူ (၁၀၄) ချက်နှင့် အခန်းကြီး (၅) ခန်းကို သတ်မှတ်ခဲ့သည်။

အဆိုပါညီလာခံသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးအောင်ရွှေခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၈၈ ဦး တက် ရောက်ခဲ့လေသည်။

ယင်းနောက် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် နဝတအစိုးရသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို လူမှုရေး အသင်းတစ်ခုအဖြစ်အကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဋ္ဌာနတွင်မှတ်ပုံတင်လျက် စတင်ဖွဲ့စည်းခဲ့သည်။

အမျိုးသားညီလာခံတွင် နဝတစစ်အစိုးရသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် အသင့်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ညီလာခံကိုယ်စားလှယ်များ၏သဘောဆန္ဒအတိုင်း ရေးဆွဲလေဟန် စစ်အစိုးရခေါင်းခေါက်ရွေးချယ်ထားသော ကိုယ်စားလှယ် အများစုကို ဗဟိုပြု၍ ပုံဖော်ဆောင်ရွက်လာခဲ့သည်။

သို့ဖြင့် “အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် လူထုကရွေးချယ်တင်မြှောက်ရန်မလိုဘဲ စစ်တပ်မှ ၂၅ ရာခိုင်နှုန်း အလိုအလျောက်ပါရှိရေး” ကို ပြောင်ပြောင်တင်းတင်းပင် ထည့်သွင်းရေးဆွဲခဲ့သည်။

ယင်းနောက် ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့၌ကျင်းပသော အမျိုးသားညီလာခံတွင် (၂၇-၁၁-၉၅) ရက်စွဲတပ်လျက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးထားသော အဖွဲ့ချုပ်၏သဘောထားမူဝါဒစာတစ်စောင်ကို အမျိုးသားညီလာ ခံကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်တိုးထံ လိပ်မူတပ်၍ ပေးပို့ခဲ့သည်။ ထို့အပြင် အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီသို့လည်း သဘောထားပြန် ကြားရန် စာဖြင့် ထပ်မံအကြောင်းကြားခဲ့သည်။ အကြောင်းပြန်ကြားစာမရရှိသဖြင့် အဖွဲ့ချုပ်သည် အမျိုးသားညီလာခံကျင်းပရေးဥက္ကဋ္ဌထံ ပေးစာတစ်စောင်ကို ထပ်မံပေးပို့ခဲ့ပြန်သည်။

အဖွဲ့ချုပ်ပေးပို့သောစာ၌ …
(၁) အမျိုးသားညီလာခံက ချမှတ်ထားသော အခြေခံမူများကို ပြန်လည်သုံးသပ်ရန်
(၂) ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော အဖွဲ့ချုပ်၏လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့် အမျိုးသားညီလာခံကိုယ်စား လှယ်များကို ပြန်လည်ဖွဲ့စည်းပေးရန်
(၃) ညီလာခံတွင် ချမှတ်ကျင့်သုံးနေသော နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ပေးရန်
(၄) အထက်ပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေးအတွက် အလေးထားဆောင်ရွက်ရန် စသည့်အချက် များကို ဖော်ပြထားသည်။

သို့သော်အမျိုးသားညီလာခံစုံညီအစည်းအဝေး၌ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်များကို လေ့လာခြင်းဖြင့် အဖွဲ့ချုပ်၏လိုလားသောတွေ့ဆုံဆွေးနွေးရေးကိစ္စကို လုံးဝမပါရှိကြောင်းသိရှိရသဖြင့် ယင်းနေ့ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှာပင် အဖွဲ့ချုပ်သည် စစ်အစိုးရပြုလုပ်ကျင်းပသည့် အတုအယောင်အမျိုးသားညီလာခံကို ယင်းပုံစံအတိုင်းပင် ဆက်လက်ကျင်းပနေမည်ဆိုပါက (၁) အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ (၂) စစ်မှန်သောပါတီစုံ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်လာနိုင်ရေး၊ (၃) အများပြည်သူတို့၏ယုံကြည်လက်ခံနိုင်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေးများကို အထောက်အကူပြုနိုင်လိမ့်မည်မဟုတ်ဟု သဘောထားကြေ ညာချက်ကိုထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံကိုယ်စားလှယ်များ ညီလာခံတက်ရောက်နေမှုကို ရပ်ဆိုင်းလိုက်သည်။ တဆက် တည်းမှာပင် တွေ့ဆုံဆွေးနွေးရေးနှင့်ညှိနှိုင်းအဖြေရှာရေးကိုလည်း တောင်းဆိုခဲ့ပါသည်။ နဝတစစ်အစိုးရက အဖွဲ့ချုပ်၏ဆုံးဖြတ် ချက်အပေါ် တူးတူးခါးခါးတုန့်ပြန်၍ ၁၉၉၆ခုနှစ် မေလ၃၀ရက်နေ့တွင် အမျိုးသားညီလာခံကို လုံးဝရပ်ဆိုင်းပစ်လိုက်လေသည်။

ထို့နောက် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၉၇ ဖြင့် နဝတအဖွဲ့ကိုဖျက်သိမ်း၍ ကြေညာချက်အမှတ် ၂/ ၉၇ ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ကိုဖွဲ့စည်း၍ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်းထုတ်ပြန်ခဲ့သည်။

၂၀၀၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် နအဖအစိုးရသည် လမ်းပြမြေပုံ (၇) ချက်ကို ကြေညာခဲ့ပြီး၊ ယင်းနှစ်အောက်တိုဘာလ ၂ ရက်နေ့ တွင် (၈) နှစ်ကြာရပ်ဆိုင်းထားသော အမျိုးသားညီလာခံစတင်နိုင်ရန်အတွက် နအဖအစိုးရ၏ အမိန့်အမှတ် ၁၂/၂၀၀၃ ဖြင့် အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၀၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ပြန်လည်စတင်သည့် အမျိုးသားညီလာခံသို့ အစုအဖွဲ့ရှစ်ခုတွင် ကိုယ်စားလှယ် ၁၀၈၂ ဦး တက်ရောက် သည်ဟု စစ်အစိုးရက ကြေညာခဲ့သော်လည်း ညီလာခံသို့ တစညမှအပ ရွေးကောက်ပွဲအနိုင်ရပါတီများ လုံးဝမတက်ရောက်တော့ဘဲ နအ ဖ၏ လက်ညှိုးထောင်ခေါင်းညိတ်ပုဂ္ဂိုလ်များသာ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲထားသော တော်လှန်ရေးအင်အားစုများ တက်ရောက်ခွင့်ရသော်လည်း ၎င်းတို့ကိုယ်စားပြုသော တိုင်းရင်းသားတို့၏ကိုယ်စားလှယ်များအဖြစ် နိုင်ငံရေးအရ ဂုဏ်ပြည့် တန်းပြည့် တက်ရောက်ခွင့်ကိုမပေးဘဲ အထူးဖိတ်ကြားထားသောအစုအဖွဲ့အဖြစ်သာ တက်ရောက်ခဲ့ရခြင်းဖြစ်သည်။ အပစ်အခတ်ရပ်အင်အားစုများမှ တင်ပြချက်များကိုလည်း မှတ်တမ်းတင်ရုံသာတင်ပေးပြီး ပယ်ချချောင်ထိုးပစ်ခဲ့သည်။ ထို့ကြောင့် နအဖပြုလုပ်ပေးသော အမျိုးသားညီလာခံ ဆိုသည်မှာ အမျိုးသားညီလာခံတစ်ခုရှိသင့်ရှိထိုက်သော ကြန်အင်လက္ခဏာများလုံးဝမရှိသောကြောင့် ပြည်တွင်းပြည်ပအင်အားစုများက အတုအယောင်အမျိုးသားညီလာခံဟုသာ ပြောဆိုခဲ့ကြသည်။

ထို့အတုအယောင်ညီလာခံမှ အခြေခံမူ (၁၀၄) ချက် ချမှတ်ခဲ့၍ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်း ရေးဆွဲရေးကော်မရှင်ကို နအဖ၏ ကြေညာချက်အမှတ် ၂/၂၀၀၇ ဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် အောက်တိုဘာလ၂၅ ရက်နေ့ တွင် အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၀၇ ဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံမူကြမ်းရေးဆွဲရေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နအဖ၏ကြေညာချက်အမှတ် ၁/၂၀၀၈ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ၂၀၀၈ ခုနှစ် မေလတွင် ပြည်သူ့ဆန္ဒခံယူအတည်ပြုမည်ဟု ကြေညာသည်။ ထိုနေ့မှာဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင်ကျင်းပမည်ဖြစ်ကြောင်း နအဖအစိုးရကြေညာခဲ့ပြန်သည်။

ထို့နောက် ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မုန်တိုင်းဒဏ်ခံ (၄၇) မြို့နယ်မှအပ မြန်မာနိုင်ငံတဝန်းလုံးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းပြည် လုံးကျွတ်ဆန္ဒခံယူပွဲကိုလည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် မုန်တိုင်းဒဏ်ခံကျန်ရှိနေသော ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲကို လည်းကောင်းကျင်းပရာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ သန်း ၂ သိန်းကျော်အနက် ရာခိုင်နှုန်း ၉၈ ဒဿမ ၁၂ ရာခိုင်နှုန်းက မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်း အတည်ပြုထောက်ခံခဲ့ကြောင်း မေလ ၂၉ ရက်နေ့တွင် လိမ် ညာထုတ်ပြန်ခဲ့သည်။

ထိုသို့ နာဂစ်မုန်တိုင်းခံရစဉ်အတွင်း လူထုအား ကြိုတင်မဲများ၊ လိမ်ညာညစ်ပတ်မှုများ၊ အတင်းအဓမ္မဖိအားပေး၍ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုက နာဂစ်ဖွဲ့စည်းပုံဟု ကင်ပွန်းတပ်ခဲ့ကြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၁၅) ခန်းပါဝင်၍ ပုဒ်မပေါင်း (၄၅၇) ခု ပါရှိသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁) အခြေခံမူ၌ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်နေခြင်း၊ အခန်း (၁) ပုဒ်မ ၂၀ တွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ် လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ပေးထားခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအ ကဲဖြစ်နေခြင်း၊ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင် နေခြင်း၊ အခန်း (၁) ပုဒ်မ (၂၀) တွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိ ခြင်း၊ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိခြင်း၊ ဒို့တာဝန်အရေး သုံးပါးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟူ၍ ထည့်သွင်းထားခြင်း၊ ပုဒ်မ ၆၀ (ခ) (၃) အရ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါဝင်နေ ခြင်း၊ အခန်း (၇) ပုဒ်မ ၃၃၈ အရ တပ်မတော်မှအပ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ကွပ်ကဲမှု အောက်တွင် ရှိရမည်ဟူ၍ ပါရှိခြင်း၊ အခန်း (၁၁) ပုဒ်မ ၄၁၂၊ ၄၁၃၊ ၄၁၈၊ ၄၁၉ အရ အရေးပေါ်ကာလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကိုကျင့်သုံး၍ အာဏာပိုင်ခွင့်ကို တရားဝင်ခွင့်ပြုထားသည့် အပြင် ပုဒ်မ (၄၁ရ) အရ တစ်နှစ်အထိ သတ်မှတ်နိုင်ခြင်း၊ ထို့အပြင် လိုအပ်ပါက အချိန်ကာလာအကန့်အသတ်မရှိ စစ်အုပ်ချုပ်ရေးဖြင့် နိုင်ငံ တော်အား အုပ်ချုပ်ရန်ခွင့်ပြုထားခြင်း၊ အခန်း (၁၄) ပုဒ်မ ၄၄၃၊ ၄၄၅ မှ ၄၄၇အထိ ပြဋ္ဌာန်းချက်များအရ ယခင်စစ်အစိုးရတို့အသုံးပြုခဲ့သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်အသုံးပြုနိုင်ခြင်း၊ စသည့်အချက်များကို လေ့လာတွေ့ရှိရပေသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက် ရှိစစ်အာဏာရှင်စနစ်ကို တရားမဝင်အဆင့်မှ တရားဝင်အဆင့်သို့ ဖော်ဆောင်ထားသည့် အခြေခံဥပဒေသာဖြစ်ပေသည်။

၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ကို နအဖစစ်အစိုးရအလိုကျ ပုဂ္ဂိုလ် (၁၇) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ကော်မရှင် ၏လုပ်ပိုင်ခွင့်များကိုလည်း အလွန်အကျွံသတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

၂၀၁၀ ပြည့်နှစ် မတ်လ ၂၃ ၇က်နေ့တွင် NLD အဖွဲ့ချုပ်သည် အထူးကြေညာချက်အမှတ် ၂/၀၃/၁၀ ကိုထုတ်ပြန်ခဲ့ရာ ကြေညာချက်အပြည့် အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်း ဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့ကို ပြဋ္ဌာန်းလိုက်သည်။

အထက်ပါဥပဒေများကို ဖတ်ရှုလေ့လာသုံးသပ်ကြည့်လျှင် ဒီမိုကရေစီကျင့်စဉ်များ၊ လွတ်လပ်မှုများ၊ တရားမျှတမှုများ မရှိကြောင်းတို့ကို အ ထင်အရှားတွေ့မြင်နေရပါသည်။ အဓိကကျသော သာဓကအချို့မှာ ….

(၁) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ (ဋ) တွင် “နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း”ဟု ကော်မရှင်အား တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ထားပါသည်။ ဤသည်မှာ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ လွတ်လပ်စွာစည်းရုံးခွင့်၊ ဖွဲ့စည်းခွင့်၊ စုဝေးခွင့်စသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများကို ကော်မရှင်က ကန့်သတ်ချုပ်ချယ် ထားခြင်း ဖြစ်ပါသည်။

(၂) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၏ ပုဒ်မ ၄ (င) တွင် ပါတီတည်ထောင်လိုသူများသည် “ထောင်ဒဏ်ကျခံနေရသူများ မဟုတ် ခြင်း”ဟု သတ်မှတ်ထားပါသည်။ ဤသည်မှာ နိုင်ငံရေးပါတီတစ်ခု၏ အခွင့်အရေးကို ငြင်းဆန်ခြင်းဖြစ်သလို ဒီမိုကရေစီကျင့်စဉ်ကို ချိုး ဖောက်ခြင်းလည်း ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ၏ အခန်း (၁၀) တွင် “နိုင်ငံရေးပါတီ များ ဖွဲ့စည်းခြင်း” နှင့် “နိုင်ငံရေးပါတီများဆက်လက်ရပ်တည်ခွင့်မရှိခြင်း” ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲဆန့်ကျင်နေပါသည်။ ဖွဲ့စည်းပုံအခြေခ ဥပဒေ အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များ ပုဒ်မ ၄၄၉ တွင် “ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်တွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်” ဟူ၍ ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ဥပဒေတရပ်ကိုပြဋ္ဌာန်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်ပြီး ပြ ဋ္ဌာန်း၍မရပေ။ ထို့အပြင် နောက်ကြောင်းပြန်အာဏာသက်ရောက်ခြင်း ဖြစ်နေပါသည်။ ဥပဒေတစ်ရပ်ရပ်သည် ပြဋ္ဌာန်းပြီးသည့်နေ့မှစ၍ အာဏာသက်ရောက်နေရမည်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါစကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၃ (င) ၌ “ဥပဒေ တစ်ရပ်ရပ်တွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရ” ဟုလည်းကောင်း၊ ရှင်းလင်းစွာပြဋ္ဌာန်းထားပါသည်။ တဖန် ပြစ်ဒဏ် ကျခံနေရသူကို နောက်ထပ်ပြစ်ဒဏ်ပေးသလိုလည်း ဖြစ်နေပါသည်။

(၃) နိုင်ငံရေးပါတီများမှ မှတ်ပုံတင်ခြင်းဥပဒေ၏ ပုဒ်မ (၁၀) ၌ ပါတီဝင်များကိုစည်းရုံးရာတွင် ရှိရမည့်အရည်အချင်းများကို သတ်မှတ်ခြင်း၊ ပုဒ်မ ၂၃ တွင် “ကော်မရှင်သည် ပါတီများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီဆောင်ရွက်စေရန် ကြီးကြပ်နိုင်သည်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား ကော်မရှင်ကိုယ်စား ကြီးကြပ်ရန်တာဝန်ပေးအပ် နိုင်သည်” ဟု သတ်မှတ်ထားခြင်း၊ ပုဒ်မ ၂၄ (ခ) တွင် “ပါတီတစ်ခု၏ ပါတီတွင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တစ်ဦးဦးက ကော်မရှင်သို့ တင်ပြ တိုင်ကြားလာပါက ကော်မရှင်သည် စုံစမ်းစစ်ဆေး၍ လိုအပ်လျှင် နိုင်ငံတော်၏အကျိုးငှာ ထိုပါတီများလိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်” ဟု သတ်မှတ်ထားခြင်းတို့သည် နိုင်ငံရေးပါတီတစ်ခု၏လုပ်ပိုင်ခွင့်များကို ကော်မရှင်က လွန်ကျူးစွာ ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်ပါသည်။

(၄) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ ပုဒ်မ ၁၁ (ဃ) တွင် … “လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသဘောထားကို မျက်ကွယ်ပြုရာရောက်ပါသည်။ (အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေ သကြီး လွှတ်တော်) သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင်လည်း ထို့နည်းတူဖြစ်ပါသည်။

(၅) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ အခန်း (၁၃) ပုဒ်မ ၈၂ တွင် “ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အပါအဝင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်သောပုဂ္ဂိုလ်သည် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်” ဟု ယေဘုယျ သာ ပြဋ္ဌာန်းထားပါသည်။ မလိုက်နာပါက မည်သည့်ပြစ်ဒဏ်မျှ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပါ။ ထို့အပြင် ပုဒ်မ ၈၇ တွင် “ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင်များ၏လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်း အရ ဖြစ်စေ တရားစွဲခြင်းမခံထိုက်စေရ” ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ဤသည်မှာ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုမရှိအောင် အာဏာပိုင်တို့က စိတ်ကြိုက်လုပ်ဆောင်နိုင်အောင် အာဏာပိုင်တို့က မိမိတို့စိတ်ကြိုက် ရွေးချယ်ခန့်ထားသောပုဂ္ဂိုလ်များအား အကာအကွယ်ပေးသလို ဖြစ်နေပါသည်။ (အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင်လည်း ထိုနည်းတူဖြစ်ပါသည်။

(၆)ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ ပုဒ်မ ၉၁ (က) တွင် …. “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၁၄ (၈၉) ကို ဤဥပဒေဖြင့် ရုတ်သိမ်းလိုက်သည်” နှင့် ပုဒ်မ ၉၁ (ခ) တွင် …. “ဤဥပဒေဖြင့် ရုတ်သိမ်းလိုက်သည်” ဥပဒေအရကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီ ထွေမရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်များသည် အလိုအလျောက် ပျက်ပြယ်သည်ဟု မှတ်ယူရမည်” ဆိုသည့် ပြဋ္ဌာန်းချက်တို့မှာ လုံးဝတရားနည်းလမ်းမကျပါ။ ပြည်ထောင်စုမြန်မာနိုင်ငံနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်း ချက်များ ပုဒ်မ ၄၄၆ တွင် … “တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၄၄၇တွင် … “တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်” ဟူ၍လည်းကောင်း၊ အတည်ပြုပြဋ္ဌာန်းထား ပါသည်။ ဤပုဒ်မ ၄၄၆ နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်က ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲဥပဒေ (ဥပဒေ အမှတ် ၄/၈၉) တို့ကို ပယ်ဖျက်ခြင်းမဟုတ်ဘဲ၊ ဥပဒေပြုသူက ဥပဒေကိုချိုးဖောက်ပြီး ဥပဒေက မည်သို့ပင်ဆိုစေကာမူ ပယ်ဖျက်ခြင်းသည် လုံးဝတရားနည်းလမ်းမကျပါ။

၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်အား လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဟု သတင်းထုတ်ပြန်၍ မြန်မာနိုင်ငံပြန်တမ်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးခြင်းမရှိသေးသည့်အတွက် ယင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် အလိုအလျောက်ပျက်ပြယ်ခြင်းမရှိချေ။

(၇)ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက် ပွဲဥပဒေများပြဋ္ဌာန်းနိုင်ရန် အတွက် ပြည်သူလူထုထံသို့ ဥပဒေမူကြမ်းချပြရှင်းလင်းခြင်းမရှိဘဲ ပြည်သူလူထုထဲမှအကြံပြုချက်များ၊ သဘောဆန္ဒများကို တောင်းခံခြင်း မရှိဘဲ အာဏာပိုင်တို့က စိတ်ကြိုက်တဖက်သတ်ရေးဆွဲခဲ့ခြင်းဖြစ်ပါ၍ တရားမျှတမှု လုံးဝမရှိပါ။

သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌက နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအပေါ် ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ ၅ (က) (ဇ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြား သက် သာခွင့်အက်ဥပဒေပုဒ်မ ၄၅ နှင့် ၅၄ အရ ရန်ကုန်မြို့တရားရုံးချုပ်တွင် ၂၀၁၀ပြည့်နှစ် မတ်လ ၂၃ ရက်နေ့၌ တရားစွဲပါသည်။ တရားရုံး တရားမဋ္ဌာနမှ တာဝန်ရှိသူက “ကျွန်မတို့၌ စီရင်ပိုင်ခွင့်မရှိလို့” ဟုပြောပြီး အမှုတွဲကို နေ့လည် ၁၂း၃၀ နာရီခန့်တွင် ပြန်ပေးလိုက်ကြောင်း ကြေညာလိုက်ပါသည်။

၂၂-၃-၂၀၁၀ နေ့တွင်ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၀ ပြည့်နှစ် မတ်လ၂၉ ရက်နေ့တွင် အဖွဲ့ချုပ်ဗဟိုကော်မတီအစည်းအဝေးသို့ အချက် (၆) ချက်ပါ ၎င်း၏သဘောထားတရပ်ကို ပေးပို့လိုက်သည်။ ပေးပို့ခဲ့သော သဘောထား (၆) ချက်မှာ …
(၁) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ရွှေဂုံတိုင်ကြေညာချက်ကို စွဲကိုင်ရမည်။
(၂) တရားမျှတမှုမရှိသော တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
(၃) အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
(၄) အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟုယူဆနိုင်သည့်အလုပ်များကို လုံးဝမကြိုက်၊ လက်မခံ။
(၅) ပြည်သူလူထုကို ပြောကြားလိုသည်မှာ မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက် သွားမည်။
(၆) အဖွဲ့ချုပ်ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။

ဟူ၍ဖြစ်သည်။ ထိုနေ့မှာပင် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် နအဖစစ်အစိုးရထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာဥပဒေများ သည် ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် ဒီမိုကရေစီ (ဝါ) တရားမျှတမှုလုံးဝမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည် မဟုတ်ကြောင်း အဖွဲ့ချုပ်ကိုယ်စားလှယ် (၁၁) ဦးတို့က ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိ၍ တရားဝင်တည်ရှိနေသော ….
(၁) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
(၂) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
(၃) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
(၄) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်
(၅) ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်
(၆) မြို (ခ) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)
(၇) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
(၈) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
(၉) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(၁၀) ‘ဝ’ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအ ဖွဲ့ ဥပဒေအမှတ် ၄/၈၈) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထား ရမည်။ ယင်းသို့လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍ ကြေညာခဲ့သည်။

သို့သော် အဆိုပါပါတီ ၁၀ ပါတီအနက်
(၁) ပြည်ထောင်စု ပအို့ဝ်အမျိုးသားများအဖွဲ့ချုပ်
(၂) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
(၃) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
(၄) ‘ဝ’အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(၅) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ပါတီတည်ထောင်ခွင့် ဆက်လက်လျှောက်ထားခြင်းမရှိ၍ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် နအဖစစ်အစိုးရက ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

ကော်မရှင်၏ နည်းဥပဒေပြဋ္ဌာန်းချက်အရ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၃၀ ရက်နေ့အတွင်း ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့သော နိုင်ငံရေးပါတီ ၃၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ သို့သော် …
(၁) ပြည်နယ်တိုးတက်ရေးပါတီ၊
(၂) ညီညွတ် သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊
(၃) ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုးတက်ရေးပါတီတို့ကိုမူ ပါတီတည်ထောင်ခွင့်မပြုခဲ့ပေ။

နိုင်ငံရေးပါတီသစ် ၃၇ ပါတီ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီကိုမှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ချုပ်တွင်ပါဝင်ခဲ့သော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ ဝါရင့်နိုင်ငံရေးသမားဦးသုဝေနှင့် နိုင်ငံတော်ခေါင်းဆောင်ဟောင်းများ၏သမီးများဖြစ်ကြသည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ဦးဆောင်သော ဒီမိုက ရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရက်တစ်ပါတီတို့သည် ထင်ရှားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ၁၁ရက်နေ့တွင် သတ်မှတ်ကြေညာထားသော အမျိုး သားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၃၆၊ တိုင်းရင်းသားလူမျိုးစုမဲဆန္ဒနယ် ၂၉ ပါဝင်သည့် မဲဆန္ဒနယ်မြေ စုစုပေါင်း (၁၁၆၃)ခု တွင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် (၂၉၈၇)ဦး တို့သည် တသီးပုဂ္ဂလကိုယ်စားလှယ် ၈၂ ဦး အပါအဝင် စုစုပေါင်း (၃၀၆၉) ဦးတို့သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကအဖြစ်ပါဝင်၍ လက်ရှိနိုင်ငံတော်ဝန်ကြီး ချုပ် ဦးသိန်စိန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော လူမှုရေးအသင်းအသွင်ပြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ကြိုတင်မဲများ၊ အသက်မပြည့်မဲများ၊ အဓမ္မမဲများ၊ ဖိအားပေးမဲ၊ သေဆုံးနေသူ၏မဲ၊ မဲလိမ်မဲခိုး ခြိမ်းခြောက်မဲ စသည့် မဲပေါင်းစုံဖြင့် အပြတ်အသတ်အနိုင်ရရှိသွားခဲ့သည်။ ယင်းနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စုစုပေါင်း မဲဆန္ဒနယ် (၈၈၂) ခုတွင် အနိုင်ရရှိကြောင်း စစ်အစိုးရက ကမ္ဘာသို့ ခပ်တည်တည်ကြေညာခဲ့သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်အနိုင်ရရှိသောပါတီများမှာ အောက်ပါအတိုင်းဖြစ်သည်။

ပါတီအမည် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်း/ပြည်နယ်လွှတ်တော် စုစုပေါင်း
၁။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၅၉ ၁၂၉ ၄၉၄ ၈၈၂
၂။တိုင်းရင်းသားစည်းလုံးညီညွှတ် ရေးပါတီ ၁၂ ၄၈ ၆၅
၃။ အမျိုးသားဒီမိုကရေစီအင်အားစု ၁၆
၎။ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ ၁၈ ၃၆ ၅၇
၅။မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါ တီ ၁၆
၆။ တိုးတက်ရေးပါတီ ၁၉ ၃၅
၇။ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ၁၀
၈။တအောင်း(ပလောင်)အမျိုးသား ပါတီ
၉။ ’ဝ’ဒီမိုကရက်တစ်ပါတီ
၁၀။ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ
၁၁။ ကရင်ပြည်သူ့ပါတီ
၁၂။၈၈ကျောင်းသား (ပြည်ထောင်စုမြန်မာနိုင်ငံ)
၁၃။ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၁၄။ပလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ
၁၅။အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး
၁၆။ကယန်းအမျိုးသားပါတီ
၁၇။အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်
၁၈။ချင်းတိုးတက်ရေးပါတီ ၁၂
၁၉။ချင်းအမျိုးသားပါတီ
၂၀။စည်းလုံးညီညွတ်ရေးနှင့်ဒီမို (ကချင်ပြည်နယ်)
၂၁။လားဟူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေး
၂၂။တသီးပုဂ္ဂလ
စုစုပေါင်း ၃၂၅ ၁၆၈ ၆၆၁ ၁၁၅၄

ထို့နောက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသ ကြီးလွှတ်တော်များကို ခေါ်ယူကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ကျင်းပ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များသည် သဘာပတိရှေ့၌ ကတိသစ္စာပြုကြပြီး လက်မှတ်ရေးထိုးကြသည်။ ထိုနေ့မှာပင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ (ဗိုလ်မှူးချုပ်ဟောင်းတင်ဖေ၏သား) တို့အား ရွေးကောက်တင်မြှောက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးခင်မောင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြညိမ်းတို့အား ရွေးကောက်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် သီဟသူရ ဦးတင်အောင်မြင့် ဦးအား ရွေးချယ်ခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစည်းအဝေးကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်ကျင်းပ၍ နိုင်ငံတော်သမ္မတအဖြစ် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်၊ ဒုတိယသမ္မတ များအဖြစ် သီဟသူရဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်း (ခ) မောင်အုန်းတို့အား ရွေးချယ်ခဲ့ကြသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီများကိုဖျက်သိမ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးထွန်းထွန်းဦးအားလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌအဖြစ် ဦးသိန်းစိုးအားလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌအဖြစ် ဦးတင် အေးအားလည်းကောင်း၊ ပြည်ထောင်စုရှေ့နေအချုပ်အဖြစ် ဒေါက်တာထွန်းရှင်အားလည်းကောင်း၊ ပြည်ထောင်စုစာရင်းချုပ်အဖြစ် ဦးလွန်း မောင်အားလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌအဖြစ် ဦးကျော်သူအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ ပြည်ထောင်စုတရား လွှတ်တော် တရားသူကြီးများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များ၊ ဒုတိယရှေ့နေချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများအား ခန့်အပ်ခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်