နာကျဉ်စေသော ကစားကွင်းများ

April 30, 2012

ဖိုးထက်
ဧပြီ ၃၀၊ ၂၀၁၂
ကျနော်သည် အလွန် အပျင်းကြီးသော အကောင်ဖြစ်သည်။ ကျနော်ပျင်းသောကိစ္စများကို ချရေးပြရလျှင် စာမျက်နှာအများကြီး အလဟဿ ဖြစ်သွားနိုင်သဖြင့် အကျယ်မရှင်းလိုတော့။ ပျင်းသောအကြောင်းအရာတွေက အသက်အရွယ်အရ အပြောင်းအလဲ ရှိနိုင်သည်။ ငယ်ငယ်က စွန်းဝုခုံးလို၊ ရမ်ဘိုလို ဗွီဒီယိုဇာတ်လမ်းများကြည့်ရမှာမပျင်းပေမယ့် အသက်ကြီးလာသော အခုအရွယ်မှာလှည့်တောင် မကြည့်ချင်တော့။ သို့သော် အသက်ကြီးလာသော်လည်း မပြောင်းမလဲ ပျင်းမြဲ ပျင်းလျှက် ပျင်းဆဲကိစ္စများမှာ ကျက်စာများကြည့်ရခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းဖြစ်သည်။

အသက်ကြီးလာပြီး အလုပ်လုပ်နေသော ကျနော့်အတွက် ကျက်စာများ အလွတ်ကျက်မှတ်ရသော ဒုက္ခမှလွတ်ကင်းလာသောကြောင့် အ ရေးမကြီး။ သို့ပေသိ အသက်အရွယ်ရလာလေ ကိုယ်လက်လှုပ်ရှား တစ်ခုခုလုပ်သင့်သည်ကို သိလာလေဖြစ်သောကြောင့် ထိုအပျင်းကြီး သောကိစ္စကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်လာရသည်။

ကျန်းမာရေးရှုထောင့်က ကြည့်ကြည့်၊ စိတ်ဖိစီးမှုလျော့ကျဖို့ဘဲကြည့်ကြည့် ကိုယ်လက်လှုပ်ရှားလုပ်ခြင်းသည် အလွန်သင့်တော်မှန်း သိ သည်။ မိုးရွာသည်တောင် တစ်သက်လုံးလိုလို လမ်းလျှောက်မပျက်သော လူထုဦးလှ၊ ရွှေဥဒေါင်းကြီးတို့ထက် မလျော့သောအသိဖြင့် ကိုယ် လက်လှုပ်ရှားလုပ်သင့်သည်ကို သိသည်။ အသိသည် အသိဖြစ်သည်။ အလုပ် မဟုတ်။ ကျနော်ကဖြင့် ပျင်းမြဲ ပျင်းလျက်ရှိသည်။

လူသည် မိမိကိုယ်ကို အလွန်ဖော့ပြီးတွေးသောသတ္တ၀ါဖြစ်သည်။ အလုပ်သွား အလုပ်ပြန် မိနစ် ၃၀ ခန့် လမ်းလျှောက်ရသော ကျနော့်အတွက် အတော်ကြီးပိုလျှံသော ကိုယ်လက်လှုပ်ရှားမှုဟု သတ်မှတ်သည်။ လုံလောက်သည်သာမက ပိုလျှံလွန်းသည်ဟုထင်ပြီး ကျနော့်ကို ကျနော် အလွန်သနားသည်။

အသက်ရလာသည်နှင့်အမျှ ခေါင်းမူးတာလိုလို၊ သွေးတိုးတာလိုလို၊ ခါးအောင့်တာလိုလိုဖြစ်လာပြီး ဗိုက်ကြီးပူလာတာကိုတွေ့တော့ “ငါ အား ကစားတစ်ခုခုလုပ်မှ ဖြစ်တော့မယ်” ဟု တွေးမိသည်။ “သူ့ကျွန်မခံပြီ” “ ကျန်စစ်မင်း” စသည့် မြန်မာ့ရုပ်ရှင်လောကတွင် ၀က်ဝက်ကွဲ နာမည်ကြီးပြီး သောက်သောက်လဲရှုံးသော ရုပ်ရှင်များကြည့်ဘူးသည်။ ထိုရုပ်ရှင်ဇာတ်ကားများထဲမှ ဗိုက်ပူကျန်စစ်သား၊ ဖောသွပ်သွပ် သူရဲကောင်းတွေကြည့်မိပြီး ရုပ်ပြလုပ်စားတဲ့သူတွေတောင် ဗိုက်ပူကြီးတွေကို ဂရုမစိုက်သေးတာ ငါက ဘာအရေးလဲဟု တွေးမိပြန်သည်။

သို့သော် တမြန်မနေ့ အလုပ်ပိတ်ရက် အိပ်ရာထကတည်းက လေးလံနေသော စိတ်နှင့်ကိုယ်ခန္ဓာကြီးကို ပေါ့ပါးလန်းဆန်းစေရန်အတွက် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို ညနေတော့လုပ်အုံးမှဖြစ်မည်ဟု တေးမှတ်ထားလိုက်သည်။ ညနေရောက်တော့ ဘောင်းဘီတိုဝတ်၊ ကင်း ဗတ်ဖိနပ်လဲကာ ပြေးမလို့ဟုပြောသော ကျနော့်ကို အိမ်ကလူများက လူနာတင်ကားနံပါတ်သိတယ်မို့လားဟု ရွဲ့ကြသည်။ အပျင်းကြီးသော ဒင်းတို့ကို ငပျင်းကျနော်က အထွန့်တက်ပြန်ပြောမနေဘဲ အိမ်နားက ဘောလုံးကွင်းကြီးထဲကို ထွက်ခဲ့သည်။ လောကကြီးမှာ လူတွေသည် ငပျင်းတွေကြီးဘဲဟု တစ်နှစ်တစ်ခါ လေ့ကျင့်ခန်းလုပ်သော ကျနော်က အထက်စီးအတွေးနှင့် တွေးပေးလိုက်သည်။

ဘောလုံးကွင်းထဲရောက်တော့ ဒီနိုင်ငံငယ်လေးမှာ ကျန်းမာရေးလိုက်စားတဲ့သူတွေအတော်များသားဟု တွေ့လိုက်ရသည်။ ဘုစုခရုအရွယ်မှ အစ တစ်လှမ်းချင်းလျှောက်နိုင်သော ဘိုးဘိုး၊ ဘွားဘွားအရွယ်များအထိ အရွယ်စုံလေ့ကျင့်ခန်းလုပ်နေသည်ကို တွေ့ရသည်။ ဖြည်းဖြည်းမှန် မှန်ပြေးသူများရှိသည်။ ပေါ့ပေါ့ပါးပါး စကားတပြောပြော လမ်းလျှောက်နေသူများလဲမရှား။ ပင်ပင်ပန်းပန်းဖြင့် ဘောလုံးကန်၊ အမြန်ပြေး၊ အလေးမနေသူများလဲ အများသား။ ကြောင်တောင်တောင် ကျနော်က ဘောလုံးကွင်းကြီးကို နှစ်ပါတ်ပတ်ပြေးအပြီးမှာတော့ အတော်ဖား သွားသည်။ အကြောလျှော့ရင်း၊ ဟိုဟိုဒီဒီငေးရင်း ရွှေနိုင်ငံကြီးကို သတိတရရှိလာသည်။

ချွေးသံတရွှဲရွှဲ အားရပါးရ ခုန်ပေါက်ဆော့ကစားနေသောကလေးတွေကိုကြည့်ပြီး အိမ်က ကလေးလေးတွေကို အမှတ်ရလာသည်။ ရန်ကုန် ရှိ အိမ်မှကလေးတွေက အလိုလိုက်တတ်သော ကျနော့်ကိုတွေ့တိုင်း ပူဆာသည့်ကိစ္စအများစုမှာ ကစားကွင်းတွေကို လိုက်ပို့ခိုင်းခြင်းဖြစ် သည်။ တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာနေကြသော သူတို့၏ကွင်းပြင်ကျယ်ကျယ်ကြီးများကို မက်မောစိတ်ကို ကိုယ်ချင်းစာမိသည်။ သို့ သော် သူတို့လေးတွေ၏ ဆူဆူညံညံအသံများ၊ ရန်ဖြစ်သံများ၊ အလိုဆန္ဒများကြောင့် ကျနော်က တွန့်ဆုတ်တတ်သည်။ ဒင်းလေးတို့သွားဖို့ ပြင်ရဆင်ရ လုပ်ရသည်ကို စောင့်ရသည့်အပြင် အငှားကားငှားရ၊ မပျောက်မရှရအောင် ဂရုစိုက်ရတာတွေကြောင့်လဲ ပါသည်။

ကျနော့်ရှေ့ဘောလုံးကွင်းကြီးထဲရှိ ကလေးလေးတွေကတော့ အုပ်ထိန်းသူ လူကြီးသူမပင် ပါကြသူ သိပ်မတွေ့ရ။ အပူအပင်မရှိ သောင်း ကျန်းကြသည်။ အခန့်မသင့် ဒင်းလေးတို့ ဆော့ကစားရင်း ကျိုးပြုသွားရင်လဲ ပြည့်စုံ လုံလောက်သော ခေတ်မှီဆေးဝါးကုသမှုတွေက မပူမ ပင်ရ။ ကွင်းပြင်ကျယ်ကျယ်ကြီးထဲမှာ ကစားရင်း ကျိုးတယ်ပြုတယ်ဖြစ်ရအောင်လည်း တစ်ယောက်နဲ့တစ်ယောက် ရိုက်ချိုးမှသာ ဖြစ်နိုင် မည်။ ဒီတော့ အားရပါးရ ဆော့ကြစမ်း၊ ကမြင်းကြစမ်း။

ကျနော့်ဘေးရှိ အဘွားအရွယ် အမေကြီးတစ်ယောက်ကတော့ ဘောလုံးကွင်းကြီးကို နောက်တပါတ်ထပ်ပြီး လမ်းလျှောက်ဖို့ ပြင်နေသည်။ ကျနော် ရန်ကုန်မှာရှိနေစဉ်က အသက်အရွယ်ရလာသောအမေ့ကို မနက်စောစောလမ်းလျှောက်ဖို့သွေးဆောင်ရတာကို သတိရသည်။ အမေက သားဖြစ်သူနှင့်အတူတူ မနက်ခပ်စောစောထပြီး လမ်းလျှောက်ပေမယ့် မှောင်မှောင်မည်းမည်း အနိမ့်မြင့်အတက်ကျ များလှသော လမ်းတွေကို စိတ်အပျက်ကြီးပျက်ကာ ဘယ်လိုခေါ်ခေါ် မလိုက်တော့။ နဂိုကမှ အပျင်းဓာတ်ခံရှိသောအမေသည် “ငါ့ဘာသာ အိမ်ထဲဘဲ နေ ပါ့မယ်။ နင့်လမ်းတွေနဲ့ ငါ့ချော်လဲကျိုးကန်းသွားမှဒုက္ခ” ဆိုသော အကြောင်းပြချက်နှင့်အတူ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့သာ အချိန်ကုန် တော့သည်။ အထပ်မြင့်မြင့်တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာနေပြီး သွေးတိုး၊ ဆီးချိုရှိသော အမေ့ကျန်းမာရေးအတွက် မကောင်းမှန်း သိပေ မယ့် လှေခါးအမြင့်ကြီးတွေကို အတက်အဆင်းလုပ်ဖို့မလွယ်သောကြောင့် ကျနော်ကလဲ ထပ်ပြီးမကြိုးစားချင်။

ဒီနိုင်ငံငယ်လေးမှာက ကျောင်းတိုင်း၊ ကျောင်းတိုင်းမှာ ဘောလုံးကွင်းအကြီးကြီးတကွင်းတော့ ရှိစမြဲ။ ရပ်ကွက်တိုင်း၏ မနီးမဝေးမှာ ကစား ကွင်းလေးတွေ ရှိသည်။ ယုတ်စွအဆုံး လူနေတိုက်ခန်းကြီးတွေ၏ အနီးနားတွေမှာ အားကစားလုပ်စရာ မြေနေရာကွက်လပ်လေးတွေနှင့် အားကစားလုပ်ဖို့ ကိရိယာတန်ဆန်ပလာ အကြမ်းထည်တွေကို လုပ်ပေးထားသည်။ ကျနော် အလုပ်သွားရာလမ်းရှိ ဈေးသက်သက်သာ သာဖြင့် လူတိုင်း ၀င်ကစားလို့ရသော တင်းနစ်ကွင်းကြီးများကို မြင်ယောင်မိသည်။ တင်းနစ်ကစားနေကြသောလူများ၏ အ၀တ်အစား၊ ခေါင်းစီး၊ ဖိနပ်များက ကျနော်အရူးအမူး နှစ်သက်သော မိထွားကြီး ရှာရာဗိုဗာ၊ ရာဖေးလ်နာဒယ်တို့ စတိုင်လ်ထက် သာလွန်ကြသည်။ တင်း နစ်ကစားတော့ ဘောလုံးက ထန်းတစ်ဖျား။ ဘယ်လောက်ဘဲကစားတာညံ့ညံ့ ထိုလူများ၏ ရီသံလွင်လွင်လေးများကို ကျနော်သတိထား မိသည်။ ပျော်ရွှင်ကြည်နူးနေကြသော သူတို့ကိုတွေ့တိုင်း ကျနော့်ရင်က ဘာကိုနာလို့နာမှန်းမသိ။

ကျနော့်အတွေးတွေချော်နေစဉ်မှာ ကျနော်ရောက်နေသောဘောလုံးကွင်းကြီးကို အမှောင်ထုက ဖုံးလွှမ်းလာသည်။ အားကစားကွင်း ထောင့်လေးထောင့်တွင်ရှိသော မီးဆိုင်းတိုင်ကြီးတွေမှ မီးရောင်များ ဖြာဆင်းကျလာသည်။ နေညိုချိန်မှာ အိမ်ပြန်မှဖြစ်တော့မည်။ အိမ် ရောက်ရင် ရန်ကုန်က အိမ်ကိုဖုန်းဆက်ရအုံးမည်။ ကျနော်ငယ်စဉ်က ပညာသင်ကြားခဲ့သော မူလတန်းကျောင်းဝင်းလေး၏ ဘောလုံးကွင်း ကျဉ်းကျဉ်းလေးကို ၀န်းရံကာဆောက်နေသည့်တိုက်ခန်းများထဲမှ တိုက်ခန်းတစ်ခန်းလောက် ၀ယ်ဖို့ ကြိုးစားနေသော အမေ့ကို တားဆီးမည်။ ဒီလ ဘီယာဖိုးလျှော့ကာ ကလေးတွေကို ကစားကွင်းလိုက်ပို့ဖို့ ပိုက်ဆံပိုပြီး ပို့လိုက်မည့်အကြောင်း အသိပေးလိုက်မည်။ အိမ်က ကလေး တွေ၏ “ဟေး” ဆိုသည့် တီတီတာတာအော်ဟစ်သံများကိုတော့ ကျနော် ကြားနိုင်မှာတော့မဟုတ်။ သူတို့၏ဝေးရာသို့ ရောက်နေသော ကျ နော့်ရင်ဘတ်ကြီး အတွင်းကျကျဆီမှ အောင့်လာတာကို ဒင်းလေးတို့ မသိနိုင်ပါစေနဲ့လို့ ဆုတောင်းရင်း အိမ်အပြန်လမ်းဆီသို့ ဦးတည်မိသည်။ ကျနော့် ကျော နောက်မှာတော့ ပျော်ရွှင်ကြည်နူးစွာဖြင့် ကိုယ်လက်လှုပ်ရှားပြုလုပ်နေကြသော ကျနော့်သွေး၊ ကျနော့်သားများမဟုတ်သည့် လူများ ကျန်နေရစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)