ဖိုးထက် – ကျွန်တော် အဟေတုက ၀ါဒသမား

November 19, 2013

ကျွန်တော် အဟေတုက ၀ါဒသမား
ဖိုးထက်
နိုဝင်ဘာ ၁၉၊ ၂၀၁၃


“Misfortune never comes alone” ဆိုတဲ့ အင်္ဂလိပ်စကားပုံကို စပြီးသိရစဉ်က ကျွန်တော့် စိတ်ထဲမှာ အမျိုးမျိုး ဘာသာပြန်ကြည့်မိတယ်။ ကံဆိုးခြင်းများသည် အဖော်အပေါင်းနှင့်လာသည်။ ကံမကောင်းခြင်းသည် တစ်ယောက်ထဲ မည်သည့်အခါမှ မလာ။ အခု အသက်လေး နည်းနည်းရလာမှ မြန်မာစကားပုံတစ်ခုကို ကွက်ခနဲ့ သွားသတိရတယ်။ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” လို့ ဘာသာပြန်လိုက်ရင် ပိုကောင်းမလားလို့လေ။
ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုလဲ မေးစမ်းကြည့်ဘူးပါရဲ့။ အားလုံးက တစ်ညီတစ်ညွှတ်ထဲ ပြောကြတယ်။ ကံဆိုးပြီဆိုရင် ဘယ်တော့မှ တစ်ခါထဲနဲ့ မပြီးဘူးလို့ အများစုကပြောကြတယ်။ ကျွန်တော့်ဘ၀ကိုယ် ကျွန်တော်လဲ ပြန်ငဲ့ကြည့်ပါရဲ့။ မှန်သင့် သလောက် မှန်တယ်လို့ ပြောရမှာဘဲပေါ့။ ကိုယ်ရေး ကိုယ်တာ အဆင်မပြေဖြစ်ပြီဆိုရင်၊ အလုပ်တွေက ယားရင်တောင် ထုံးတို့ မှတ်ထားရလောက်အောင် အလွန်များတယ်။ စိတ်ကြည်ကြည်လင်လင် ဖြစ်မနေဘူး၊ ကိုယ်လက် မကျန်းမာဘူးဆိုရင် အပေါင်းအသင်း၊ ရောင်းရင်း၊ ချစ်ရ ခင်ရ၊ မြတ်နိုးရသော သူများက အမျိုးမျိုး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်ရက်အားကြတယ်။
ကံဆိုး ကံကောင်းနဲ့ ပါတ်သက်ပြီး ဆရာငွေကြည်ရဲ့ ကာတွန်း တစ်ကွက်ကို သွားသတိရတယ်။ ကံကောင်းလို့ လေယာဉ်ပျံစီးရ၊ ကံဆိုးချင်တော့ လေယာဉ်ပျံ ပျက်ကျ။ ကံကောင်းချင်တော့ လေထီးပါလာ။ ကံဆိုးချင်တော့ လေထီးက မပွင့်။ ကံကောင်းချင်တော့ အောက်က ကောက်ရိုးပုံကိုတွေ့။ ကံဆိုးချင်တော့ ကောက်ရိုးပုံနဲ့ လွဲ သေရော…လို့ ဆရာ့ကာတွန်းတစ်ကွက်ကို ဖတ်ဘူးတယ်။
လူဆိုတာ မွေးကတည်းက သေသည်အထိ ကံဆိုး၊ ကံကောင်းဆိုတာ ဆရာ့ကာတွန်းလိုဘဲနေမှာပါ။ ရွှေလင်ပန်းနဲ့ အချင်းဆေး မင်း မွေးတဲ့ သူတွေတောင် ကံဆိုးတယ်ဆိုတာ ရှိတာပါဘဲ။ ဗုဒ္ဓဘာသာဆိုတာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းလို့ ကျွန်တော် မှတ်ထားတယ်။ ဒါပေမယ့် ကံကိုယုံပြီး ဆူးပုံ မနင်းရာလို့ ဆိုတယ်မို့လား။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ဗုဒ္ဓဘာသာတိုင်း ပြောနေကြစကားက သေချာတွေးကြည့်ရင် အထွန့်တက်စရာကြီးပါဘဲ။ မကောင်းတာတွေဘဲ လုပ်ပြီး မကောင်းတာ တစ်ခုမှ မဖြစ်ဘဲ ပေကတ်ကတ်ကြီး စာထိုင်ဖတ်နေတဲ့ သူတွေကို လက်ညှိုးထိုးပြီး စောဒက တက်မယ်ဆို တက်စရာပေါ့လေ။
ကိုယ်က သူ့အသက်ကို သတ်လို့ ကိုယ့်ကို သူများက တစ်ချိန်ချိန်မှာ သတ်လိမ့်မယ်လို့ တွေးခေါ်ခြင်းဟာ သိပ်တော့ မနိပ်လှဘူးပေါ့။ ဘယ်သူမှ မသတ်ဘဲ ကိုယ့်စိတ်ထဲမှာ အလိုလို သေနေရတဲ့ ကိစ္စတွေ သူသူ ကိုယ်ကိုယ် ရှိနေကြတာဘဲ မို့လား။ လူမသေဘူး။ စိတ်သေတယ်။ ရုပ်မသေဘူး။ ၀ိဥာဉ်သေတယ်။ ဒါကြောင့် ကံ ဆိုတဲ့ ကိစ္စကြီးကိုတွက်ရင် တစ်နဲ့ တစ်ပေါင်းရင် နှစ်ဖြစ်ရမယ်လို့ ပုံသေကားချ တွေးသလို တွေးလို့ မရဘူး ထင်ပါရဲ့။
နာဂစ်မှာ လူတွေသေရတာ၊ ဆူနာမီတွေမှာ လူတွေ သေရတာ၊ ငလျင်တွေမှာ လူတွေသေရတာ စတဲ့ သဘာဝဘေးတွေမှာ လူတွေ သေရတာတောင်မှ ကံကို လူက ပြုပြင်ပြောင်းလဲလို့ ရတယ်။ ကိုယ်တွေရဲ့ နာဂစ်ထက် ကြီးတဲ့ မုန်တိုင်းကြီး တိုက်တာတောင်မှ သေတဲ့ လူက သောင်းဂဏန်းတောင် ပြည့်ရဲလားမသိ။ ကြိုတင်ပြီး (နည်းနည်းဘဲဖြစ်ဖြစ်)ကာကွယ်နိုင်တယ်။ ချက်ချင်း လက်ငင်း အကူအညီရောက်တယ်။ သြော်…သေတာတောင် ဒီကောင့်နှယ် ကိန်း အနည်း၊ အများ ယှဉ်နေသေးတယ်လို့ မတွေးပါနဲ့ဗျာ။ ကျွန်တော် ပြောချင်တာက အဲဒီလို သဘာဝတရားကိစ္စကြီးကိုတောင်မှ လူက ကံကောင်းအောင် ပြုပြင်လို့ရတယ်လို့ ဆိုလိုချင်တာပါ။
စစ်ပွဲတွေကနေ လူတွေ သေရတာကြတော့ တစ်ချိန်လုံး ဘာသာတရားအမြင်ကြီးက ကြည့်နေလို့လဲ အဆင်မပြေဘူး ထင်တာဘဲ။ အရင်ဘ၀က သူများ အသက်ကို သတ်လို့ အခုဘ၀မှာ စစ်ထဲမှာ သေရတယ်လို့ ငြင်းချင် ငြင်းပေါ့။ ဒီကောင် ဘာသာမဲ့ကြီး။ ဓမ္မ န္တရာယ် အကောင်လို့ ထင်ချင်ထင်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အသေအကြေသတ်ချင်ကြ၊ ဖြတ်ချင်ကြ၊ မာန်မာန ထားချင်ကြတဲ့ စိတ်ထားတွေနဲ့ အတိတ်ကံဆိုတာကြီးနဲ့ ဘယ်ဒင်းကို အပြစ်ပြောဖို့ သင့်သလဲ ဆိုတာဘဲ ကျွန်တော်က ပြောချင်တာပါ။
နောက်ပြီး ကံကောင်းစေဖို့ ဟိုဟာဆောင်ပါ၊ ဒီဟာဆောင်ပါ၊ သက်စေ့ ဟိုအရွက် ဒီအရွက် တွေ အိပ်ယာအောင် ထားအိပ်ပါ ဆိုတဲ့ ဗေဒင် ကိန်းခန်း တွေကို ကျွန်တော် သိပ် သဘောမတွေ့လှဘူး။ ငှက်လွှတ်ပါ၊ ငါး သက်စေ့လွှတ်ပါ၊ သက်ကြီး ဘိုးဘွားလှူပါ စတဲ့ လှူခြင်းနဲ့ ပါတ်သက်တဲ့ ယတြာတွေကိုတော့ ကောင်းတဲ့ ကိစ္စတွေမို့လို့ အထူး ငြင်းစရာ မရှိပါဘူး။ သို့သော် ဒီလိုလုပ်လိုက်လို့ ကံတက်လာတယ်၊ ကံမြင့်လာတယ်လို့ လာပြောရင် ကျွန်တော်က ပြုံးစေ့စေ့ဘဲ နေဖြစ်တယ်။
အို..ကိုယ်လို ကောင် ဘာဟုတ်သေးလဲဗျာ။ ပြည်သူလူထုကို ဦးဆောင် ပညာပေးရမယ့်၊ ခေါင်းဆောင်နေပြရမယ့် လူတွေတောင် အမျိုးမျိုး ယတြယာတွေနဲ့ လုံးချာရိုက်နေတာ မြန်မာလူမျိုးတိုင်း သိကြပါတယ်။ ကြက်ဆူစိုက်တယ်၊ ပြောင်းဖူးကြီးကိုင်ပြီး လူကြားထဲ လျှောက်သွားတယ်။ သိပ်ရှုပ်တာဘဲ လို့ ကျွန်တော်က မြင်ပြီး စိတ်ထဲ ခပ်ချဉ်ချဉ်ပေါ့။
အဲဒီ ကံကောင်းစေဖို့ လုပ်တဲ့ အဆောင်၊ ယတြယာ ကိစ္စတွေကို ကျွန်တော် အရမ်းကြီး ဖိငေါက်ပြောလို့ မရတဲ့ ကိစ္စရှိတယ်ဆိုတာ ၀န်ခံစမ်းပါရစေ။ ကျွန်တော့် အမေ မွေးသမိခင် မာတာပိတောပေါ့။ သူ့ဘုရားစဉ်က ယပ်တောင် တစ်ချောင်းကိုတွေ့လို့ ဆွဲယူလိုက်တော့ ယပ်တောင် ပေါ်မှာ ကျွန်တော့်နာမည်ကြီးကို ပီပီသသကြီး ရေးထားတာ တွေ့ရတယ်။ “အမေ…ဒါဘာလဲဗျ” လို့ ကျွန်တော်မေးတော့ “ငါ့သားလေး နိုင်ငံခြားမှာ လေလို အေးမြပါစေဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဟဲ့…ကိုင်း ပြန်ထားစမ်းပါ..မင်း အပူမဟုတ်ပါဘူး” လို့ ပြောရှာတယ်။ ဒီလို ကံကောင်းစေဖို့ အဆောင်ယတြယာမျိုးကျတော့ ဟုတ်တာ ၊ မဟုတ်တာ အသာထားလို့ ကျွန်တော့်မှာ ကြည်နူးချမ်းမြေ့ရတယ်။ စိတ်ထဲမှာတော့ “သြော် …အမေရယ် လေဆိုတာ အမြဲအေးနေတာမှ မဟုတ်တာ။ ကျွန်တော့်ကို ပူလောင်စပ်ခါးနေအောင် တိုက်ချသွားတဲ့ လေပူတွေ ရှိတယ်ဗျ” လို့ ကျွန်တော် အထွန့်တက်မနေခဲ့ဘူးလေ။ အမေ စိတ်ချမ်းသာနေတဲ့ ကိစ္စကြီးဘဲ။ ကောင်းတဲ့ ကိစ္စဘဲ။ ကျွန်တော့်နာမည် ပါတဲ့ ယပ်တောင် ဘုရားစဉ်ပေါ် ရှိတာနဲ့ ဒီအကောင် ကျန်းမာ ချမ်းသာနေမှာဘဲ လို့ အမေအတွေးတွေ ပွားနေရင်ကိုဘဲ ကျွန်တော် ပျော်ရမှာဘဲလေ။
သူများ လူမျိုးတွေ ကံမကောင်းဘူး၊ ကံကောင်းတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ကျွန်တော်တို့လောက် တော့ အလုပ် မရှုပ်ဘူးထင်တယ်။ သူတို့ အလွန်ဆုံးရှောင်တာက ဆယ့်သုံးဂဏန်းဘဲ။ ဂျီးဆပ်သခင် နောက်ဆုံး ညစာစားတော့ အားလုံး ၁၃ ယောက်။ ၁၃ ယောက်မြောက် ဂျူးဒပ်စ် ဆိုတဲ့ လူက သစ္စာဖောက်သမား။ ဒီတော့ ၁၃ ဆိုရင် အနောက်နိုင်ငံက လူတွေ တွန့်ကြတယ်လို့ ကျွန်တော် ဖတ်ဘူးတယ်။
ကျွန်တော်တို့မှာတော့ ရက်ရာဇာ၊ ပြဿဒါး။ နဂါးခေါင်း အလှည့်။ ကုန်ကုန်ပြောရရင် “မွေးနေ့သောကြာ တနင်္လာ ကေသာဆံညှပ် မပြုအပ်” ဆိုတဲ့ စာချိုးနဲ့တောင် ကိုယ့်အမွှေးအမှင် ကိုယ် ရိတ်ချင်တဲ့ အချိန် မရိတ်ရအောင် လုပ်တာတော့ တဆိတ်လွန်တယ် ထင်တာဘဲ။
တွေးလို့ရသလောက် ကျွန်တော် ဆက်တွေးကြည့်မိတယ်။ ဒီမိုကရေစီအရေး ခေါင်းမဖော်နိုင်အောင် ကျွန်တော်တို့ ပြည်သူလူထု စစ်ဖိနပ်ကြီးနဲ့ နင်းချေ ခံခဲ့ရချိန်က (အခုတော့ ကတ္တီပါ ဖိနပ်လေး ပြောင်းစီးထားတယ်) “သြော်…ကံပေါ့..သူတို့က ဘုန်းကံကြီးတာကိုး” ဆိုတဲ့ မှတ်ချက်တွေ ကြုံတွေ့ဘူးတယ်။ စိတ်အပျက်ကြီး ပျက်ရတယ်ဆိုတာထက်ကို ပိုတယ်ဗျာ။ “သြော်…သူတို့ ခိုးဝှက်နေတာ ကံကောင်းလို့ ခိုးရတာပေါ့နော်..ဘုရား” လို့ ဆရာတော်တစ်ပါးကို ပြန်ခံ လျှောက်ဘူးလို့ ဘာစကားမှ မမိန့်တော့ဘဲ နေတာ ခံရဘူးတယ်။ “ကံဆိုတာ အလုပ်လို့ ယုံကြည်တဲ့ အဘွားကြီးနဲ့ သူလို လူတွေ ရှိခဲ့လို့ အခု ဖိနပ်လေး ပြောင်းစီးပြီး ခပ်ဆဆ နင်းတာ ခံကြရတာဘုရား” လို့ အခု ပြန်သွားလျှောက်ရင် ကျောင်းပေါ်က ကန်ချမယ် ထင်ပါရဲ့။
  ပြီးတော့…ကျွန်တော် ဖတ်ဘူးတဲ့ ဦးရွှေအောင်ရဲ့ ဗုဒ္ဓ (သို့) အနှိုင်းမဲ့ ဆိုတဲ့ စာအုပ်ထဲက ၀ါဒ သုံးမျိုးကို သတိရလာတယ်။ နတ္ထိက၀ါဒ၊ အကြိယာဝါဒ၊ အဟေတုက ၀ါဒ၊ တဲ့။
နတ္ထိက၀ါဒက အကျိုးကိုပါယ်တာ။ အကြောင်းကို လက်ခံပေမယ့် အကျိုးကို လက်မခံတာ။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ နက်ဖြန်ခါမရှိ ဆိုတဲ့ အယူဝါဒ။ အလုပ်တစ်ခု လုပ်လိုက်လို့ နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးတရားကို စဉ်းစားစရာ မလိုဘူးတဲ့။ ဆရာကြီး ဥပမာပြုတာက လမ်းစဉ်နှင့် ပန်းတိုင်မှာ လမ်းစဉ်သာ ပမာန ဆိုတဲ့ သဘောတဲ့။ ငါတို့ ရေးထားတဲ့ စာအုပ်ကြီးက အမှန်၊ ငါတို့ လုပ်ပေးခဲ့တာတွေက အမှန်ပေါ့လို့ ငတ်ပြတ်နေတဲ့ လူတွေကို လှည့်မကြည့်ဘဲ ငြင်းနေတဲ့ လူတွေ ကို ပြောထင်ပါရဲ့။
အကြိယာဝါဒကြတော့ အကြောင်းကိုပါယ်တာ။ အကျိုးတရားသာ အဓိက။ ကိုယ်လိုချင်တာရဖို့ ဘယ်သူ့ သတ်ရ၊ သတ်ရ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သဘောတဲ့။ ကိုယ့်နိုင်ငံ ချမ်းသာဖို့ သူများနိုင်ငံ ဘာဖြစ်ဖြစ်ဆိုတဲ့ လူတွေ ထားတဲ့ စိတ်ထားမျိုးနေမှာပေါ့။ ဆရာကြီးက လမ်းစဉ်နဲ့ ပန်းတိုင်မှာ ပန်းတိုင် အဓိက ဆိုတဲ့ ၀ါဒပေါ့လို့ ညွှန်းသွားတယ်။ ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာဘဲ လိုချင်တယ်ဆိုတဲ့ ၀ါဒထင်ပါရဲ့။
အဟေတုက ၀ါဒကြတော့ အကြောင်းကော အကျိုးကော နှစ်ခုလုံး ပါယ်တာတဲ့။ လောကကြီးက သူဖြစ်ချင်သလို ဖြစ်နေတာ။ ကောင်းတာလုပ်ပေမယ့် ကောင်းတာ ဖြစ်ချင်မှ ဖြစ်တာ။ မကောင်းတာ လုပ်ပေမယ့် ကောင်းတာ ဖြစ်ချင်ဖြစ်တတ်တာ။ လမ်းစဉ်လဲ အဓိက မဟုတ်ဘူး။ ပန်းတိုင်လဲ အရေးမကြီးဘူး။ ကောင်းတယ် ထင်ရင် ချသာ ချ ဆိုတဲ့ ၀ါဒတဲ့။ သိပ်တွေးမနေနဲ့၊ နောက်ဆံ တင်းမနေနဲ့ လုပ်သာလုပ် ဆိုတဲ့ ၀ါဒတဲ့။
ကိုယ့်ဘာသာကိုယ် ဘယ်ဝါဒနဲ့များ သွားငြိနေသလဲလို့ တွေးမိတယ်။ တစ်ခုမှ မလွတ်ပါလား။ နည်းနည်း နည်းနည်းဆီတော့ ဖြတ်သန်းခဲ့တဲ့ ဘ၀မှာ သွားငြိနေတာပါလား။ အငြိအတွယ်ဆုံး၊ မလွတ်မလပ် အဖြစ်ဆုံး ၀ါဒကတော့ အဟေတုက ၀ါဒ ပါဘဲ။ Good တယ် ထင်ရင် Do သာ Do လို့ ပြောပြောနေတတ်တာ အခုမှ ဘုရားမကြိုက်တဲ့ အဟေတုက၀ါဒနဲ့ သွားငြိနေတာသွားတွေ့တယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲလို့ တွေးမိတော့ မှန်၊ မှား မစဉ်းစားနိုင်လောက်အောင် ဥာဏ်ပညာနည်းလို့ဘဲ နေမှာပေါ့။
ကြားဘူးနားဝ အင်္ဂလိပ်စကားပုံလေးနဲ့ ဖတ်ဘူးတာလေးတွေနဲ့ ကိုယ်ရေး ကိုယ်တာ ကံအကြောင်းမလှတာတွေကနေ လျှောက်စဉ်းစားရင်း တောရေး ၊ တောင်ရေး လျှောက်ရေးနေတာပါ။ ကိုယ်ရေး ကိုယ်တာ ကံဆိုးခြင်းတွေကတော့ အထူးပြောဖို့ မရှိပါဘူး။ လူ့သဘာဝ ကိုယ့်အပူ ကိုယ်ရှာ တယ်လို့ ခပ်ဖွဖွ တွေးပေးလိုက် ပြီးတာပါဘဲ။ ပြီးတော့လဲ ပြီးသွားကြမယ့် ကိစ္စတွေမို့လား။ လူဆိုတာ မသေမချင်း ချစ်ခြင်း၊ မုန်းခြင်း၊ မနာလို ၀န်တိုခြင်း တွေနဲ့ နပန်းလုံး သတ်နေရတာပါဘဲ။ ချစ်ခြင်းနဲ မုန်းခြင်းက ဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ ပန်းတဲ့။ နိဗ္ဗာန်ကို မျက်မှောက် မပြုမနိုင်မခြင်းတော့ ဒီလိုဘဲ နှစ်ပါးသွားနေရမှာဆိုတော့ အထူးမပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော်က ရေကို ရေဗူး အပေါက်နဲ မခပ်ဘူးတာတော့ သေချာတယ်။ ငါတွေးတာတွေသာ အမှန်။ ခင်ဗျားတို့ အကုန်အမှားဆိုတဲ့ အတွေးမျိုးလဲ မရှိသလောက် နည်းတာလဲ သေချာတယ်။

ဟုတ်ပါတယ်..သေချာပါတယ်ဗျာ…ကျွန်တော် အဟေတုက ၀ါဒသမားကြီးပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်