မြန်မာ့လယ်ယာမြေစနစ်၏ ဦးတည်ချက်လမ်းကြောင်း

May 3, 2012

ဦးမျိုး (ဥပဒေ)
မေ ၃၊ ၂၀၁၂
၁၈၈၅ ခုနှစ် သီပေါမင်းပါတော်မူသည်အထိ မြန်မာ့လယ်ယာမြေစနစ် သည် မြေရှင်ပဒေသရာဇ်စနစ် လယ်ယာမြေပိုင်ဆိုင်မှုဖြစ် သည်။ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့က မြန်မာ့မြေကို သိမ်းပိုက်လိုက်သည်နှင့် ချက်ခြင်းမြေရှင်ပဒေသရာဇ်လယ်ယာမြေစနစ် ပျောက်ကွယ်သွားသည် ကား မဟုတ်ပေ။ မြေရှင်ပဒေသရာဇ်လယ်ယာမြေပိုင်ဆိုင်မှုနေရာတွင် အင်္ဂလိပ်နယ်ချဲ့အရင်းရှင်စနစ်၏ လယ်ယာမြေပိုင်ဆိုင်မှုစနစ်က ၀င်လာသည်။ အမှန်မှာ ပဒေသရာဇ်ခေတ် ကုန်ထုတ်လုပ်မှုဆိုသည်မှာ ပြည်တွင်းစားသုံးမှုဖူလုံရန် ထုတ်လုပ်ခြင်းဖြစ်ပြီး နယ်ချဲ့အရင်းရှင် စနစ်၏ ကုန်ထုတ်လုပ်မှုဆိုသည်မှာကား နိုင်ငံခြားပို့ကုန်အဖြစ် ဆန်စပါးကိုထုတ်လုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်နယ်ချဲ့အရင်းရှင်စနစ်ဝင်လာသည့်အချိန်က လယ်ယာမြေဧကပေါင်း တစ်သန်းရှိခဲ့ရာမှ ၁၂ သန်းအထိ တိုးချဲ့စိုက် ပျိုးလာနိုင်ခဲ့သည်။ ၁၁ သန်းတိုးလာရန် မြန်မာမြေယာများကို ဖော်ထုတ်လာခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာ့တောင်သူလယ်သမားများကို စေတနာမေတ္တာထား၍ကား အလျဉ်းမဟုတ်ပါ။ တိုးလာသည့် လယ်ယာမြေအမြောက်အမြားပေါ်မှ ထွက်ရှိလာမည့် ဆန်စပါးများကို ပြည်ပ ထုတ်လုပ်နိုင်ရန် အရင်းရှင်ကုန်ထုတ်လုပ်မှုကို စတင်ခဲ့ခြင်းဖြစ်ပါသည်။ ပဒေသရာဇ်စနစ်ထုတ်လုပ်မှုမှ အရင်းရှင်ထုတ်လုပ်မှုသို့ ကူးပြောင်း လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် လူ့အဖွဲ့အစည်းအတွင်းရှိ ၈၀ ရာခိုင်နှုန်းကျော်သော တောင်သူလယ်သမားများမှာ ပဒေသရာဇ်သွေးစုတ်မှုမှ အရင်းရှင်နယ်ချဲ့သွေးစုတ်မှုသို့ ပြောင်းလဲသွေးစုတ်ခံရခြင်းသာဖြစ်သည်။ သွေးစုတ်ခံရမှုကား မပြောင်း။

ဤနေရာတွင် အနည်းငယ်ရှင်းပြလိုသည်မှာ ကုန်ထုတ်လုပ်နည်းပြောင်းမှ ခေတ်ပြောင်းသည်ကို တစေ့တစောင်းလောက်သာ တင်ပြလိုပါ သည်။ ကိုယ်ကိုယ်တိုင် တွေ့ကြုံခံစားရမှ အာရုံသိမှ ဆင်ခြင်သိသို့ တိုက်ရိုက်ခံစားနားလည်လာမှာဖြစ်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံ တိုင်းရင်ဆိုင်ရသည့်ပြဿနာမှာ ထုတ်လုပ်နည်းသည်အခရာကျပါသည်။ ကုန်ထုတ်လုပ်မှုစနစ်တိုင်းတွင် ထုတ်လုပ်ရေးအင်အားစုနှင့် ထုတ်လုပ်ရေးဆက်ဆံရေးတို့၏ ပကတိတည်ရှိနေသည့် အခြေအနေ လက်တွေ့ကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ထုတ်လုပ်ရေး အင်အားစုတွင် လူနှင့်ထုတ်လုပ်ရေးဆိုင်ရာကရိယာအားလုံး (လယ်ယာမြေ၊ ကုန်ထုတ်ကရိယာ၊ သဘာဝအရင်းအမြစ်များ -စသည်ဖြင့်) ပါဝင်ပါသည်။ ထုတ်လုပ်ရာတွင် လိုက်ပါဆောင်ရွက်ရသည့်လူများ၏ အဓိကစီးပွားရေးတွင် ထွက်ရှိလာသည့်ပစ္စည်းများကို မည်သို့ခွဲဝေသနည်း။ မည်ကဲ့ သို့ ဆက်ဆံပါသနည်။ မည်မျှလောက် ပိုင်ဆိုင်ကြပါသနည်း၊ ဆိုသည့် ခွဲဝေမှု၊ ဆက်ဆံမှုနှင့် ပိုင်ဆိုင်မှုကို တကန့်စီ ဆက်စပ်သိရှိထားရန် လိုပါသည်။ သို့မှသာ ထုတ်လုပ်နည်းပြောင်းဖို့ လိုအပ်ချက်ကို တိုက်ရိုက်ခံစားနိုင်ပါမည်။ ကုန်ထုတ်လုပ်ရေး ဆိုသည်မှာ အခြေခံစီးပွားရေး၏ သော့ချက်ဖြစ်ပါသည်။ အခြေခံစီးပွားရေးအပေါ်တွင် တည်ဆောက်ထားသော အပေါ်ထပ်အဆောက်အအုံ (လွှတ်တော်များ၊ အစိုးရ၊ တရားရုံး၊ ဂတ်တဲနှင့်အကျဉ်းထောင်၊ ရဲတပ်ဖွဲ့၊ စစ်တပ်) တို့၏ အထက်အောက်ဆက်ဆံမှုကို တိုက်ရိုက်သိမြင်ရန်လိုပါသည်။ အနောက် ဥရောပနိုင်ငံများတွင် ပဒေသရာဇ်မင်းတွေကို အရင်းရှင်တွေက ခေါင်းဖြတ်တော်လှန်ခဲ့သည့် သမိုင်းပြောင်းလဲချက်များက သင်ခန်းစာ ဖြစ် ပါသည်။ ဤသည်ကိုပင် ခေတ်ပြောင်းသည် (၀ါ) ကုန်ထုတ်လုပ်မှု ပြောင်းလဲသည်ဟုခေါ်ပါသည်။

မိမိတို့နိုင်ငံတွင် ပဒေသရာဇ်ကို အင်္ဂလိပ်ကသိမ်းပိုက်ပြီး နယ်ချဲ့အရင်းရှင်စနစ် ကိုတည်ထောင်ခဲ့သည်။ ပဒေသရာဇ်စနစ်ကို တော်လှန် ပြောင်းလဲခဲ့ခြင်းမဟုတ်သည့်အတွက် ပဒေသရာဇ် လူ့အဖွဲ့အစည်းအတွင်းက စိတ်နေသဘောထားများကို ယနေ့တိုင်တွေ့မြင်နေရပါသေး သည်။ ပဒေသရာဇ် လူ့အဖွဲ့အစည်းမှ ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း လူ့အဖွဲ့အစည်းဘ၀သို့ ပြောင်းလဲခြင်းသာ အမှန်စင်စစ်ဖြစ်ပါသည်။ ထုတ်လုပ်နည်းမှာလည်း ပဒေသရာဇ်ခေတ်က ထွန်နှင့်နွား၊ ယခုလည်း ထွန်နှင့်နွား၊ ကိုလိုနီအရင်းရှင်ခေတ်ကလည်း ထွန်နှင့်နွား၊ ဘာများ ကွာခြားပါသနည်း။ တိုင်းပြည်လွတ်လပ်ရေးရပါသည်ဆိုကတည်းက ယနေ့ထိ ထွန်နှင့်နွားပင် မဟုတ်ပါလော။ လယ်ယာမြေ ကုန်ထုတ် လုပ်မှုစနစ်တွင် နယ်ချဲ့အရင်းရှင်ခေတ်နှင့် လွတ်လပ်ရေးခေတ်၌ ထုတ်လုပ်မှုစနစ်ပြောင်းမသွားပါ။ မြေရှင်စနစ်ကို ထိန်းသိမ်းထားကာ အရင်းရှင်ခေတ်ကို နယ်ချဲ့အင်္ဂလိပ်ကျင့်သုံးခဲ့သည်ထက်ဆိုးစွာ သက်ဆိုင်ရာ ဦးနု၊ ကျော်ငြိမ်းနှင့် ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေအစိုးရတို့ ကျင့် သုံးခဲ့ကြသည်။ လက်ရှိစစ်ဗိုလ်ချုပ်တွေကလည်း မုန့်လုံးစက္ကူကပ် ဖန်တရာတေ ကျင့်သုံးနေသည်။

တကယ်တန်း တိုင်းပြည်တိုးတက်ဖို့ဆိုလျှင် ထုတ်လုပ်နည်းကိုပြောင်းလဲဖို့ မုချလိုအပ်သည်။ နံပါတ်တစ် – နိုင်ငံတော်က ကျင့်သုံးနေသည့် အစိုးရလက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ရပါမည်။ မြေရှင်စနစ်ကိုဖျက်ဖို့ဆိုလျှင် လက်ဝါးကြီးအုပ်မှု နည်း သဏ္ဍာန်အမျိုးမျိုးကို ဖယ်ရှားပစ်ရပါမည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဖွံ့ဖြိုးတိုးတက်စေရပါမည်။ လူ့အခွင့်အရေးကို လေးစားရပါမည်။ မြေရှင်စနစ် ကို အမြစ်ကလှန်ပစ်မှ အရင်းရှင်ထုတ်လုပ်မှုစနစ်သို့ ပြောင်းလဲနိုင်ပါမည်။ သို့မှ ခေတ်ပြောင်းပြီး တိုင်းပြည်၏ လက်မှုလယ်ယာ ထွန်နှင့် နွားဘ၀မှလွတ်မြောက်ပြီး လယ်ယာလုပ်သားများ ပေါ်ပေါက်လာရကျိုးနပ်ပါမည်။ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ပါမည်။ သို့အတွက် လူမှုဘ၀ပြောင်းလဲရေးလိုအပ်ချက်များအတွက် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်ရပါမည်။ ကိုယ့်ဘ၀တွင် ကိုယ်သာအရှင်သခင် ဖြစ်ပါသည်။

လက်ရှိလယ်ယာမြေစနစ်၏ လားရာဘက်တူရှုကို လယ်ပြင်မှာဆင်သွားသလို မြင်နေရပါသည်။ သွားနေ ပါသည် အရင်းရှင် လယ်ယာကုန် ထုတ်လုပ်ရေးစနစ်၊ မြေယာစနစ် ပြုပြင်ပြောင်းလဲ ရပါမည်။ အရင်းရှင် လယ်ယာမြေကုန်ထုတ်လုပ်ရေးစနစ်သို့ ထုတ်လုပ်ရေးအင်အားစု ပြောင်းလဲလိုလျှင် ကုန်လုပ်ဆက်ဆံရေးစနစ်ကိုပါ တပါတည်းပြောင်းလဲရပါမည်။ ပိုင်ဆိုင်မှု၊ ခွဲဝေမှုနှင့် ဆက်ဆံမှုဘ၀ အားလုံးကိုပြောင်း လဲနိုင်ရပါမည်။

တောလက်ကျေးရွာများတွင် လယ်ယာအလုပ်သမား ရှားပါးမှုပြဿနာများ တနေ့ထက်တနေ့ တိုးပွားလာနေသည်။ ဘယ်ပျောက်ကုန် သနည်း။ အိမ်နီးနားချင်းနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သိန်းသန်းချီ၍ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ လူသားအရင်း အမြစ်များ အဆုံးရှုံးခံနေရသည်။ ကြီးမားသည့်လုပ်အား ဆုံးရှုံးမှုကြီးဖြစ်သည်။ ယနေ့လွှတ်တော်များတွင်လည်း လယ်ယာအလုပ်သမား အနိမ့်ဆုံးလစာသတ်မှတ်သည့်ဥပဒေကိုပြဋ္ဌာန်းဖို့ ငြင်းဆန်နေသည်။ လယ်ယာအလုပ်သမား သွေးစုတ်မှုနှုန်းထားကို ပြည်သူလူထု အုတ် အော်သောင်းနင်းသိရှိသွားကြမည်ဖြစ်သောကြောင့် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်။ လွှတ်တော်ထဲက မှူးကြီးမတ်ကြီးများ ဗူးသီးဘတ်ကြီး ဖြစ်မသွားစေလိုပါ။ မိမိနေ့တိုင်းစားနေသည့်ထမင်း လယ်ကွင်းထဲကလာသည်လောက်ကိုတော့ သိကြပေလိမ့်မည်။ လစာ သိန်းဆယ်၊ ရာချီယူထားသည့် ငွေတွေဘယ်ကရသနည်း။ ကျေးဇူးသိတတ်ရပါမည်။ ရေကြည်သောက်လျှင် ရေတွင်းတူးသူ၏ ကျေးဇူးသစ္စာကိုစောင့် သိရပါမည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၀င်နိုင်ငံ ဖြစ်နေသည့်တိုင် အခြားအေဆီယန်နိုင်ငံများတွင် ရရှိသည့် လစာနှုန်း ထားထက် အဆတရာလောက် နိမ့်ကျနေသည်။ မည်ကဲ့သို့ ဆင်းရဲမွဲတေမှုကို ဟန့်တားနိုင်ပါမည်နည်း။

ကိုယ့်နိုင်ငံ၏ လုပ်အားအရင်းအမြစ် ဆုံးရှုံးမှုသည် တိုင်းပြည်၏ ဆုံးရှုံးမှုဖြစ်သည် ကို အလေးအနက်ထားရန်လိုပါသည်။ ဆုံးရှုံးမှုဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေယဉ်ကျေးမှု အမျိုးသားအမွေအနှစ် တစုံလုံးဆုံးရှုံးမှုဖြစ်ပါသည်။ မည်သို့ ကာကွယ်စောင့်ရှောက်ကြ ပါမည်နည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တစုံလုံးကို ပြောင်းလဲပစ်လိုက်ရပါမည်။ အခြေခံစီးပွားရေးကို ပြောင်းလဲနိုင်မှ အပေါ်ထပ် အဆောက်အအုံ၏ တာဝန်ကျေပြွန်ပါမည်။ အခြေခံစီးပွားရေးကို မပြောင်းလဲနိုင်သည့် ဘယ်လွှတ်တော် ဘယ်အဆောက်အအုံ ဘယ်အဖွဲ့ အစည်းကိုမှ ဒို့ပြည်သူများက လက်ပိုက်ကြည့်နေကြမည်တော့မဟုတ်။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့မည့်တနေ့ ပေါ်ပေါက်လာမည်က မုချ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to မြန်မာ့လယ်ယာမြေစနစ်၏ ဦးတည်ချက်လမ်းကြောင်း

  1. San Oo on May 3, 2012 at 3:11 pm

    ဦးမျိုးရဲ့ အယူအဆကို ထောက်ခံပါတယ်။

  2. june on May 4, 2012 at 11:09 pm

    I also support the idea.
    In reality, basically most of Burmese paddy fields are not in level grounds (not included hilly regions). That’s why separated by many blocks to maintain water. Tractors are not easy to enter to plow those current fields. Farmers also couldn’t pay for tractors’ charges. Production cost will be more if use with tractors. When tractors broke or disable in the mud, still need to pulled by cattles. Cattles need dried straws which farmers could afford and avaiable by themselves, while tractors need diesel. To change industrialized agriculture system for our country is not as easy as on papers.
    To dream come true, we need local and foreign agriculture exparts and especially budgets.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်