လမ်းပေါ်က အနုပညာ – remembrance of Keith Haring

May 5, 2012

မောင်ဒေး မြန်မာပြန်ဆိုသည်
မ ၄၊ ၂၀၁၂

(ယနေ့ Google ကို ကြည့်လိုက်ပါ၊ အထက်ပါပုံကို မျက်နှာစာတွင် တွေ့ရမည်။ လမ်းပေါ်က အနုပညာများ ဖန်တီးသော ကိသ်ဟားရင်း [၁၉၉၀ တွင် ကွယ်လွန်သူ] အား ဂုဏ်ပြုထားသည့် ပုံ ဖြစ်သည်။ သူ၏ ဖန်တီးမှုများအတိုင်း ဂုဏ်ပြု ရေးဆွဲထားခြင်း ဖြစ်သည်။ လမ်းပေါ်က အနုပညာနှင့် ပတ်သက်ပြီး ခဏလေးများ ဘလော့တွင် အောက်ပါအတိုင်း တွေ့ရလေသည်)


ဒီနေ့ ကမ္ဘာအနှံ့ကို လျှောက်သွားကြည့်ပါ။ အဲ့ဒီတစ်ကမ္ဘာလုံးအနှံ့က လမ်းဘေးတွေမှာ နံရံတွေပေါ်မှာ အဆောက်အအုံတွေမှာ ပြီးတော့ ကြော်ငြာဆိုင်းဘုတ်တွေပေါ်မှာ နောက်ဆုံးအမှိုက်ပုံးတွေရဲ့ ဘေးပတ်လည်မှာ ပန်းချီလက်ရာတွေ ပန်းပုလက်ရာတွေ ပြီးတော့ စတစ်ကာပုံတွေကို ရှုပ်ရှုပ်ထွေးထွေးမြင်ရမှာ ဖြစ်တယ်။ အဲ့ဒီအနုပညာ လက်ရာတွေကို “လမ်းပေါ်က အနုပညာ “( Street Art) လို့ခေါ်ကြပါတယ်။ ဒီ အနုပညာလက်ရာတွေဟာ နယူးယောက်မှာ ရှိတယ်။ တိုကျိုနဲ့ ပါရီမှာရှိတယ်။ ကိတ်ပ်တောင်းနဲ့ အော်စလိုမြို့တွေမှာလည်း ရှိတယ်။ မြို့တိုင်းမြို့တိုင်းမှာ ရှိတယ်။

လမ်းပေါ်က အနုပညာလက်ရာတွေကို ကမ္ဘာကသိအောင်ဖြန့်ချိနေတာကတော့ အင်တာနက်ဝက်ဘ်ဆိုက်တွေ ပန်းချီအဖွဲ့အစည်းတွေ စာအုပ်တွေနဲ့ မဂ္ဂဇင်းတွေဖြစ်တယ်။

ဒီလိုနဲ့ လမ်းပေါ်က အနုပညာတွေဟာ ကမ္ဘာလုံးဆိုင်ရာ အမြင်အာရုံယဉ်ကျေးမှုတစ်ရပ် ဒါမှမဟုတ်အနုပညာလှုပ်ရှားမှုတစ်ရပ် ဖြစ်လို့လာခဲ့ပြီ။ အခုဆို ပန်းချီပြခန်းတွေနဲ့ ပြတိုက်တွေကတောင် အဲ့ဒီအနုပညာရှင်တွေရဲ့ လက်ရာတွေကို ၀ယ်ယူစုဆောင်းနေကြပြီလေ။ လမ်းပေါ်က အနုပညာရဲ့ သမိုင်းကြောင်းကို သီးခြားတည်ဆောက်ပြဖို့ကတော့ မလွယ်လှပါဘူး။ ဒီအနုပညာဟာ ကမ္ဘာတစ်ဝန်းက နေရာများစွာမှာ နည်းမျိုးစုံနဲ့ ဖွံ့ဖြိုးခဲ့လို့ပါ။ ပုဂ္ဂလိကပိုင် ဒါမှမဟုတ် ပြည်သူပိုင်အဆောက်အအုံတွေရဲ့ နံရံတွေပေါ်မှာ ပန်းချီရေးခြင်းဟာ တရားဥပဒေကို ဆန့်ကျင်တဲ့ကိစ္စဖြစ်တာကြောင့် အနုပညာရှင်တွေဟာ လျှို့လျှို့ဝှက်ဝှက် လုပ်ကြရတယ်ဆိုတဲ့ အချက်ကလည်း လမ်းပေါ်က အနုပညာရဲ့ သမိုင်းဆိုင်ရာ အချက်အလက် စုဆောင်းမှုကို ထိခိုက်စေပါတယ်။ ဒီအနုပညာကို အဓိပါယ်သတ်မှတ်ဖို့လည်း ခက်ပါတယ်။ ဒီအနုပညာလှုပ်ရှားမှုအပေါ် လူတွေကလည်း ရှုမြင်ပုံ အမျိုးမျိုးနဲ့ သုံးသပ်ကြတယ်။ တချို့ကဆို ဒီအနုပညာဟာ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး သူများရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးတယ်လို့တောင် မြင်ပါတယ်။

ဒါပေမယ့် တချို့ကလည်း ဒီအနုပညာဟာ ရိုးရာကနေခွဲထွက်တဲ့ အနုပညာပုံစံတစ်ရပ် ကြွယ်ဝတဲ့ ခံစားမှုဖော်ထုတ်ချက် တစ်ရပ်လို့ယုံကြည်ကြပါတယ်။

လမ်းပေါ်က အနုပညာလှုပ်ရှားမှုဟာ ၁၉၆၀ပြည့်လွန်နှစ်များအတွင်း နယူးယောက်မြို့မှာ စတင်ခဲ့တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ လူငယ်တွေက မှုတ်ဆေးဗူးတွေသုံးပြီး နံရံတွေပေါ်နဲ့ ရထားတွဲတွေပေါ်မှာ သူတို့ရဲ့ အမှတ်တံဆိပ်တွေကို ရေးထိုးခဲ့ရာက စခဲ့တာပါ။ အဲ့ဒီ အမှတ်တံဆိပ်တွေဟာ အဲ့ဒီလူငယ်တွေ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာနဲ့သူတို့ရဲ့ အနုပညာလက်ရာတွေကို ကိုယ်စားပြုပါတယ်။ ဒီလိုတံဆိပ်တွေ စာလုံးတွေရေးသားတာကို ဂရာဖီတီ (Graffiti)လို့လည်းခေါ်တယ်။ ဒီပန်းချီအရေးအသားတွေဟာ စိတ်လှုပ်ရှားစရာ ကောင်းပြီးခွန်အားလည်း ရှိလှပါတယ်။ တချို့ ဂရာဖီတီပန်းချီတွေဟာ မြို့ခံမြေအောက် ဂိုဏ်းတွေရဲ့ နယ်နိမိတ်ပြအမှတ်အသားတွေ ဖြစ်ခဲ့တယ်။

ဂရာဖီတီပန်းချီဟာ မြို့ပြနေ လူငယ်တွေရဲ့ လမ်းယဉ်ကျေးမှုကို ဖော်ပြတဲ့ သီးခြားအနုပညာ လှုပ်ရှားမှု တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဂရာဖီတီပန်းချီဟာ လူမှုရေးနဲ့ နိုင်ငံရေး ဆိုင်ရာ တော်လှန်ပြောင်းလဲမှုတွေ၊အကျပ်အတည်းတွေကို မျာစွာကိုယ်စားပြုနိုင်ခဲ့တယ်။ ဒီအနုပညာဟာ ယဉ်ကျေးမှုနဲ့ အာဏာတို့ကပြဋ္ဌာန်းထားခဲ့တဲ့ အနုပညာတစ်ရပ် ဖြစ်တယ်။ လမ်းပေါ်က အနုပညာသမားတွေရဲ့ အားသာချက်က သူတို့ဟာ မြို့တွေလျှောက်သွားပြီး လူတိုင်းမြင်တွေ့ခွင့်ရမယ့် အနုပညာလက်ရာတွေကို ဖန်တီးနိုင်တာပဲ။ သူတို့ဟာတရားဝင်အသိအမှတ်ပြုမှုမပါဘဲနဲ့လည်း နာမည်ကျော်တွေဖြစ်ခွင့်ရှိတယ်။ မကြာခဏလည်းအာဏာပိုင်တွေနဲ့ ပြသနာတက်ခဲ့ကြတယ်။ များသောအားဖြင့် ဂရာဖီတီသမားတွေက နံရံပေါ် ပန်းချီရေးလိုက်၊ခဏနေတော့ အာဏာပိုင်တွေလာပြီးဖျက်ပစ်လိုက်နဲ့ သံသရာလည်နေတာပါပဲ။

 

ကိသ်ဟားရင်း နှင့် သူ၏အနုပညာလက်ရာတစ်ခု


၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လမ်းပေါ်ကအနုပညာရှင်တွေအဖြစ် အနုပညာကို စတင် လုပ်ကိုင်ခဲ့ကြသူနှစ်ယောက်နာမည်အရမ်းကြီးလာတယ်။ သူတို့ကတော့ ကိသ်ဟာရင်း(Keith Haring)နဲ့(Jean Michel Basquiat)ဂျွန်မိုက်ကယ်ဘက်စကီးယေးတို့ဖြစ်ကြပြီး နယူယောက်မြို့က ဖြစ်ပါတယ်။ သူတို့ဟာ နာမည်ကျော် ပန်းချီပြခန်းတွေနဲ့ပြတိုက်တွေမှာ အလျင်အမြန် နေရာရလာကြတယ်။ သူတို့ကြောင့်ပဲ လမ်းပေါ်က အနုပညာဟာ လူကြိုက်များတဲ့ အနုပညာယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာတယ်။

 

ဂျွန်မိုက်ကယ် ဘက်စကီးယေးနှင့် သူ၏အနုပညာလက်ရာတစ်ခု


ယနေ့လမ်းပေါ်က ပန်းချီမှာ ပုံသဏ္ဍာန်မျိုးစုံ ရှိပါတယ်။ လူသိများတဲ့ နောက်ထပ် နယူးယောက်လမ်းပေါ်က အနုပညာရှင်ကတော့ ဆွန်း( Swoon) ဆိုသူပါပဲ။ ဒီပန်းချီဆရာမဟာ သူကြုံတွေ့ရတဲ့လူတွေရဲ့ ပုံတူကို စက္ကူဖြတ်စညှပ်စတွေနဲ့ ဖန်တီးပြုလုပ်ခဲ့တယ်။ အဲ့ဒီစက္ကူလူရုပ်တွေက အပြင်ကလူအရွယ်အစား ပုံသဏ္ဍာန်အတိုင်း အတိအကျပါပဲ။ ဒီပုံတွေကို ဆွန်းက နယူးယောက်မြို့အနှံက နံရံတွေပေါ်မှာကပ်ပြီး တင်ဆက်ခဲ့တယ်။ နမူနာတစ်ခုပြောရရင် သူတစ်ခါတုန်းကပြုလုပ်ခဲ့တဲ့ပုံဟာ ကစားနေတဲ့ကောင်လေးတစ်ယောက်ပုံဖြစ်တယ်။ ဒီကောင်လေးဟာ သူ့ရဲ့ပြုံးရယ်နေတဲ့မျက်နှာကိုနောက်ပြန်လည့်ထားပြီး အဝေးတစ်နေရာကို ထွက်ပြေးနေတာဖြစ်တယ်။ ဆွန်းရဲ့ ရုပ်ပုံရေးဆွဲပုံဟာ ခွန်အားရှိတယ်။ ပုံရဲ့ လှုပ်ရှားမှုကိုလည်း ပေါ်လွင်စေတယ်။ စောစောက ကောင်လေးပုံကို ဆွန်းကတခြားဂရာဖီတီပုံတွေနားမှာ ထားလိုက်တယ်။ ဒီတော့ ကောင်လေးဟာ အဲ့ဒီရုပ်ပုံကြီးတွေဆီကနေလွတ်မြောက်အောင် ထွက်ပြေးနေဟန် ပေါ်လွင်သွားတာပေါ့။

ပန်းချီဆရာမ ဆွန်းဟာ လမ်းပေါ်က အနုပညာရှင်အဖြစ် အနုပညာလုပ်ငန်းကို စခဲ့တာမဟုတ်ပါဘူး။ သူဟာ ဘရွတ်ကလင်းက ပရတ်အနုပညာသိပံ(Pratt Institute) မှာပန်းချီဘာသာရပ်ကို သင်ယူခဲ့သူဖြစ်တယ်။ နောက်ပိုက်မှာ ပြခန်းတွေနဲ့ အလုပ်လုပ်ရတာကို စိတ်ကုန်လာပြီး သူ့ရဲ့ ပန်းချီပညာကိုလမ်းပေါ် ရွှေ့ခဲ့တာဖြစ်တယ်။ သူလမ်းဘေးမှာ တင်ဆက်လိုက်တဲ့ လက်ရာတွေ ပြောင်လဲသွားပုံကို ဆွန်းကသိပ်သဘောကျတယ်။ အဲ့ဒီလက်ရာတွေဟာ လမ်းပေါ်မှာဆိုတော့ အချိန်နဲ့အမျှ နေပူမိုးရွာစတဲ့ ရာသီဥတုဒဏ်ကို ခံရပြီး တဖြည်းဖြည်း ပျက်စီးလွင့်ပျောက် ကုန်တာပေါ့။ ဒါကိုဆွန်းက သဘောကျတာ။ ပြီးတော့ လမ်းပေါ် အနုပညာက ပေးတဲ့ လွတ်လပ်စွာဖန်တီးဖော်ပြခွင့်အပေါ်မှာလည်း ဆွန်းသာယာသွားတယ်။ လူတွေကလည်း ဆွန်းရဲ့အားကောင်းလှတဲ့ လက်ရာတွေကို ကြိုက်ကြတယ်။ နယူးယောက်မြို့က MOMA လို့ခေါ်တဲ့ မော်ဒန်အနုပညာပြတိုက်ကဆိုရင် ဆွန်းရဲ့ လက်ရာသုံးခုကို ၀ယ်ယူစုဆောင်းခဲ့ပါတယ်။

 

အနုပညာရှင် ဆွန်း၏ အနုပညာလက်ရာတစ်ခု


တက်ဆက်ပြည်နယ် ဟူစတန်မြို့ကို ရောက်ရင်တော့ နစ်တာပလိစ်(Knitta Please)ဆိုတဲ့အနုအုပ်စုတစ်စုရဲ့ အသွင်ကွဲ ဂရာဖီတီလက်ရာကို မြင်တွေ့ရမှာဖြစ်တယ်။ နစ်တာပလိစ်အုပ်စုမှာ ပန်းချီပညာရှင် ၁၀ယောက်ပါပြီး သူတို့က သူတို့ရဲ့လက်ရာတွေကို ချည်ထိုးတဲ့နည်းနဲ့ ဖန်တီးကြတယ်။ နစ်တာပလိစ်ရဲ့ အဖွဲ့ဝင်နှစ်ယောက်က ချည်ထိုးပြီးရောင်းစားရတဲ့ အလုပ်ကို ငြီးငွေ့လွန်းလို့ လမ်းပေါ်အနုပညာကိုဖန်တီးမှုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ချည်ထိုးလက်ရာတွေဟာ တံခါး လက်ကိုင်တွေ၊ လမ်းဘေး ဆိုင်းဘုတ်တွေနဲ့မြို့အနှံ့မှာ ရပ်ထားတဲ့ မော်တော်ကားတွေပေါ်ကို ရောက်ကုန်ကြတယ်။

လမ်းပေါ်က အနုပညာဟာ ကမ္ဘာတစ်လွှားမှာအရမ်းကို လူကြိုက်များ ရေပန်းစားပါတယ်။ နမူနာပြရရင် ပြင်သစ်နိုင်ငံ ပါရီမြို့က လမ်းထောင့်တွေမှာ ဆပေ့စ်အင်ဗေဒါး(Space Invader)လို့ခေါ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာတွေကို မြင်တွေ့ရပါမယ်။ ဆပေ့စ်အင်ဗေဒါးဆိုတာဟာ ၁၉၈၀ပြည့်နှစ်တွေမှာ အရမ်းနာမည်ကြီးတဲ့ ဗီဒီယိုဂိမ်းတစ်မျိုးရဲ့အမည်ပါ။

ဒီပြင်သစ်ပန်းချီဆရာကတော့ သေးငယ်တဲ့ မှန်ကွဲစလေးတွေသုံးပြီး ဂြိုဟ်သားပုံတွေ ဖန်တီးပါတယ်။ ပါရီက အဆောက်အအုံအတော်များများပေါ်မှာ သူ့ရဲ့ရောက်စုံ၊အကောင်စုံလက်ရာတွေဟာ နေရာယူထားလေရဲ့။ ဆပေ့စ်အင်ဗေဒါး ဒီအနုပညာအလုပ်ကို လုပ်လာတာ၁၀နှစ်ခန့်ရှိပါပြီ။ ဒီလိုလုပ်လို့ သက်ဆိုင်ရာရဲ့ ဖမ်းဆီးချုပ်နှောင်မှုကိုလည်း အကြိမ်ကြိမ်ခံခဲ့ရတယ်။ ဒါပေမယ့် သူဟာ ဒီအလုပ်ကို ဆက်လုပ်နေတုန်းပဲ။ သူဟာ မြို့တွေကို လက်ဆောင်တွေထားရစ်ခဲ့တာလို့ သူအမြဲပြောလေ့ရှိတယ်။

ဆပေ့စ်အင်ဗေဒါးရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ပေါ်မှာ သူသွားခဲ့တဲ့မြို့တွေရဲ့ စာရင်းအပြည့်အစုံရှိပါတယ်။ သူဟာ ဒါကာ၊ဘင်္ဂလားဒက်ရှ်၊မွမ်ဘာဆာ၊ကင်ညာ၊အီစတန်ဘူလ်နဲ့ တူရကီတို့လို နေရာတွေကိုထားရစ်ခဲ့တယ်။

 

ပြင်သစ်နိုင်ငံ ပါရီမြို့က လမ်းထောင့်များတွင် ဆပေ့စ်အင်ဗေဒါး လက်ရာများကို မြင်တွေ့ရပုံ


ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့ဟာလည်း လမ်းပေါ်က အနုပညာကို ကြွယ်ကြွယ်၀၀ ပိုင်ဆိုင်တဲ့မြို့ဖြစ်တယ်။ ဥပမာအားဖြင့် အဲ့ဒီမြို့မှာ အော့စ်ဂမ်မီယိုစ် (Os Gemeos)ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေတဲ့ အနုပညာရှင်ညီအစ်ကို နှစ်ယောက်ရဲ့ လက်ရာတွေကိုတွေ့နိုင်တယ်။ သူတို့အများဆုံး ရေးဆွဲလေ့ရှိတာကတော့ လိမ္မော်ရောင် အသားရောင်နဲ့ရယ်စရာကောင်းတဲ့ လူမျက်နှာတွေပါပဲ။ သူတို့ရဲ့ ဒီမျက်နှာပုံတွေဟာ အသွင်ကွဲပုံစံတွေဖြစ်ပြီး ခံစားမှုရသတစ်မျိုးစီကို ပေးပါတယ်။ တစ်ခါတလေကျတော့ သူတို့က လူတစ်ယောက်တည်းရဲ့ အရုပ်ကိုပဲ ရေးတတ်တယ်။ တစ်ခါတစ်ရံကျတော့လည်း လူရုပ်တွေအများကြီး၊လှုပ်ရှားမှုတွေအများကြီးနဲ့ အင်မတန် ရှုပ်ထွေးတဲ့ပုံတွေကို ရေးတယ်။ ကမ္ဘာအနှံ့က ပန်းချီပြခန်းတွေဟာ အော့စ်ဂမ်မီယိုစ် ညီနောင်ရဲ့ လက်ရာတွေကို ပြပွဲတင်ခဲ့ပြီးပါပြီ။

 

အော့စ်ဂမ်မီယိုစ် အနုပညာရှင်ညီအစ်ကို နှစ်ယောက်နှင့် သူတို့၏ လက်ရာများ


အနုပညာရှင်တွေ ဒီလိုထူးခြားတဲ့ လမ်းပေါ်က အနုပညာကို လုပ်ကိုင်ကြတာ အကြောင်းပြချက် အမျိုးမျိုးနဲ့ဖြစ်တယ်။ တချို့က အနုပညာလက်ရာအပေါ်မှာ စီးပွားရေးအရ အမြတ်ထုတ်တဲ့ ပန်းချီပြခန်းတွေနဲ့ ပြတိုက်တွေကို လက်မခံလို့ဖြစ်တယ်။ အချို့က အဲ့ဒီတရားဝင်ပြခန်းတွေနဲ့ ပြတိုက်တွေဟာ ပြည်သူနဲ့ အနုပညာကို သီးခြားစီဖြစ်အောင် ပိုင်းခြားပစ်နေတယ်လို့ မြင်လို့ပဲ။ သူတို့က လမ်းပေါ်က အနုပညာဟာမြို့ပြ၀န်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်တယ်ဆိုတဲ့ အချက်ကို သဘောကျနှစ်ခြိုက်ကြတယ်။

တချို့အနုပညာရှင်တွေကျတော့ သူတို့ရဲ့ အနုပညာနဲ့သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ဖော်ထုတ်ချင်လို့ဖြစ်ပြီး အချို့ကျတော့လည်း လမ်းပေါ်က အနုပညာဟာ စီးပွားရေးလုပ်ငန်းကြီးတွေ၊ကော်ပိုရေးရှင်းကြီးတွေ မင်းမူနေတဲ့ ထုံးတမ်းအစဉ်အလာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်လို့ ရှုမြင်ကြတယ်။ သူတို့က မြို့ပြနံရံတွေကို စီးပွားရေးကြော်ငြာတွေပဲ လွမ်းမိုးထားတာကို မလိုလားဘူး။ ကြော်ငြာတွေတောင် နံရံပေါ်ရောက်ခွင့်ရှိရင် သူတို့ရဲ့ အနုပညာလက်ရာတွေလည်း နံရံပေါ်ရောက်ခွင့်ရှိရမယ်လို့ ယုံကြည်တယ်။ လမ်းပေါ်က အနုပညာရှင်များစွာဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကိုလည်း မခံရအောင်လက်တစ်လုံးခြားလုပ်ပြီး ခိုးကြောင်ခိုးဝှက် ပန်းချီရေးရတာကို နှစ်သက်ကြဆဲပါ။

တချို့လမ်းပေါ်က အနုပညာရှင်တွေက ငွေပေးပြီး နေရာယူရေးကြတာရှိတယ်။ ၀ါရှင်တန်က ဘော့ဖ်(Borf) ဆိုတဲ့ ပန်းချီဆရာကတော့ သူ့ရဲ့ရုပ်ပုံသေးသေးလေးတွေကို မြို့အနှံ့ လျှောက်ရေးပါတယ်။ သူရဲ့လက်ရာတွေဟာ လူကုံထံနဲ့ အစိုးရရဲ့ ဖိနှိပ်မှုကို မုန်းတီးကြောင်းတွေဖော်ပြတဲ့ လက်ရာတွေပဲလို့ ဝေဖန်ရေးဆရာတွေက ဆိုတယ်။ လူငယ် တော်တော်များများကတော့ သူ့ရဲ့ တော်လှန်အနုပညာကို ကြိုက်ကြတယ်။ သူတို့အတွက် ဘော့ဖ်ရဲ့ လက်ရာတွေဟာ နားလည်ရခက်ပြီး ခွန်အားကြီးတဲ့ သတင်းစကားကို ပေးပါတယ်။ တချို့ကတော့ သူ့လက်ရာတွေကို ရာဇ၀တ်မှုလို့မြင်တယ်။ ၂၀၀၅ခုနှစ် နွေတုန်းက ရဲတွေဟာ လမ်းပေါ်မှာ ပုံရေးနေတဲ့ ဘော့ဖ်ကို ဖမ်းချုပ်ခဲ့ကြပါတယ်။ သူဟာ ထောင်တစ်လ ကျခံခဲ့ရတယ်။

လမ်းပေါ်က အနုပညာဟာ ကြော်ငြာ ကုမ့္ပဏီတွေရဲ့ နာမည်ကျော် ဒီဇိုင်းပညာတစ်ရပ်ဖြစ်လို့လာခဲ့ပါပြီ။ ကြော်ငြာတချို့ကို ကြည့်ရင် ဂရာဖီတီသမားတွေရဲ့ လွှမ်းမိုးမှုကို တွေ့ရမှာဖြစ်တယ်။ နာမည်ကျော် အက်ဒီဒပ်စ်( Adidas)ကုမ့္ပဏီဟာ သူတို့ရဲ့ ၂၀၀၆ကြော်ငြာစီမံကိန်းအတွက် လမ်ပေါ်က အနုပညာကို ရွေးချယ်ထားတယ်။ အက်ဒီဒပ်စ်က ဘာလင်မြို့မှာ ဧရာမ အဖြူရောင်ဆိုင်းဘုတ်ကြီးတွေ ချိတ်ပါတယ်။ အဲ့ဒီဆိုင်းဘုတ်တွေပေါ်မှာ အက်ဒီဒပ်စ်ဆိုတဲ့ အမှတ်တံဆိပ် စာလုံးပဲပါတယ်။ ဂရာဖီတီသမားတွေက ဒီဆိုင်းဘုက်ပေါ်မှာ ရေးချင်ရာရေးလို့ရတယ်။ တကယ်လို့ ဆိုင်းဘုတ်တစ်ခုမှာ ဂရာဖီတီပုံတွေပြည့် သွားပြီဆိုရင် အဲ့ဒီဆိုင်းဘုတ်ကိုသုံးပြီး အက်ဒီဒပ်စ်က သူ့ရဲ့ ထုတ်ကုန်သစ်တစ်ခုကို ကြော်ငြာပါတယ်။

အင်တာနက်ဟာ လမ်းပေါ်က အနုပညာအတွက် အင်မတန်ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ လက်ရာတွေကို အင်တာနက်က တစ်ဆင့် တစ်ကမ္ဘာလုံးကိုပြသခွင့် ရတယ်။ ဘယ်လိုပဲ ပိတ်ပင်မှုတွေ ရှိနေပါစေ။ လမ်းပေါ်က အနုပညာဟာ ဆက်လက်ပြီး ရှင်သန်ကြီးထွားနေမှာ အသေချာပါပဲ။

 

VOA အသံလွှင့်ဆောင်းပါးပါ Dana Demange ၏ Art You Can See for Free,on Street Around the World ကို မောင်ဒေး မြန်မာပြန်ဆိုသည်။


(လင်းရောင်ခြည် USA မဂ္ဂဇင်းမှ ကူးယူ တင်ပြပါသည်ဟု ခဏလေးများ ဘလော့ http://khanalaymyar.blogspot.com/2009/09/blog-post_09.html တွင် ဖော်ပြထားသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments