Ashin Wirath – ကျောင်းထိုင်သာသနာပြုနည်း

May 9, 2012

ကျောင်းထိုင်သာသနာပြုနည်း
အရှင်ဝီရသူ
မေလ ၉၊ ၂၀၁၂

မျက်မှောက်ခေတ်သာသနာ၌ သာသနာပြု ရဟန်းတော်များ၏ သာသနာရေးဆောင်ရွက်ချက် တနည်းအားဖြင့် သာသနာပြုနည်းဗျူဟာ (၆) မျိုး ရှိပါသည်။ ၎င်းတို့မှာ …

(၁) တရားဟောသာသနာပြုနည်း
(၂) တရားပြသာသနာပြုနည်း
(၃) စာချသာသနာပြုနည်း
(၄) သင်တန်းပို့ချသာသနာပြုနည်း
(၅) စာရေး (ကျမ်းပြု) သာသနာပြုနည်း
(၆) အသင်းအဖွဲ့တည်ထောင် သာသနာပြုနည်း တို့ဖြစ်ပါသည်။

၁။ တရားဟောသာသနာပြုနည်း ။ ။ မြတ်စွာဘုရားမှစ၍ တရားဟောသာသနာပြုခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၆၀၀ နီးပါးရှိပါပြီ။ မြတ် စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟော၍ သာသနာပြုခဲ့ပါသည်။ ရှင်သာရိပုတ္တရာသည်ပင် ရှင်မဟာအဿဇိထံမှ တရားနာရ၍ သောတာပန်တည်ခဲ့ပါသည်။ သာသနာထွန်းကားပြန့်ပွားရေး သာသနာတည်တန့်ခိုင်မြဲရေးတို့အတွက် တရားဟောခြင်းသည် များစွာကျေးဇူးပြုပါသည်။ သာသနာမကွယ်သေးဘဲ တည်ရှိနေဦးမည့် ကာလတစ်လျှောက် တရားဟောသာသနာပြုခြင်းသည် မဖြစ်မနေ ရှိနေဦးမည့် သာသနာပြုလုပ်ငန်း ဖြစ်ပါသည်။ ရှင်အရဟံထံတော်မှတရားနာရ၍ အနော်ရထာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အချိန်မှစ၍ မြန်မာ ပြည်၌ တရားဟောသာသနာပြုနည်း တွင်ကျယ်လာခဲ့ပါသည်။ လယ်တီဆရာတော်၊ အနီးစခန်းဆရာတော်၊ ထူးကြီးဆရာတော်၊ မင်းကွန်း ဆရာတော်၊ သီတဂူဆရာတော်၊ မြစကြ်ာဆရာတော်၊ ၀ါးခင်းကုန်းဆရာတော် စသည်တို့မှာ တရားဟောသာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီးများဖြစ်ပါသည်။

၂။ တရားပြသာသနာပြုနည်း ။ ။ မြတ်စွာဘုရား ဟောပြောညွှန်ပြသည့် နည်းနာများကို လက်တွေ့ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူကြရာမှ အမြိုက်တရားအရသာကိုခံစားကြရပြီး မိမိတို့ရရှိခံစားဖူးသည့် တရားထူးတရားမြတ်များကို ပြန်လည်ပို့ချရင်း သာသနာပြုသည့်နည်းသည် တရားပြသာသနာပြုနည်းဖြစ်ပါသည်။ မြတ်စွာဘုရားသည် ပရိတ်သတ်လေးပါးအား ဆိုင်ရာဆိုင်ရာ ဝေနေယျတို့နှင့် သင့်တော်မည့် ကမ္မ ဋ္ဌာန်းတရားကို ဟောပြောပို့ချပြသ ညွှန်ကြားခဲ့ပါသည်။ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များက ကမ္မဌာန်းနည်းများကိုနာယူပြီး ကိုယ်တိုင်ကျင့်ကြံပွား များ အားထုတ်ကြရင်းမှ တရားထူး တရားမြတ်များ ရရှိခဲ့ကြပါသည်။ ထို့သို့ တရားပြသာသနာပြုနည်းသည်လည်း မြတ်စွာဘုရားရှင်၏ သာသနာပြုနည်းဖြစ်၍ မြတ်စွာဘုရားသာသနာတည်ရှိနေသမျှ ကာလပတ်လုံး တည်ရှိနေဦးမည့် သာသနာပြုနည်းဗျူဟာတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ကမ္မဋ္ဌာန်းရိပ်သာများတည်ထောင်ပြီး တရားပြသာသနာပြုခဲ့သည့် ဆရာတော်ကြီးများ၊ လက်ရှိလည်း တရားပြနေ သည့် ဆရာတော်ကြီးများ များစွာရှိပါသည်။ လယ်တီဆရာတော်၊ ဝေဘူဆရာတော်၊ စွန်းလွန်းဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ် ဆရာတော်၊ မိုးညှင်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ ကသစ်ဝိုင်ဆရာတော်၊ တော်ကူးဆရာတော်၊ ရွှေတောင်ကုန်းဆရာတော်၊ ချမ်းမြေ့ ဆရာတော်၊ သဒ္ဓမ္မရံသီဆရာတော်၊ ရွှေဥမင်ဆရာတော်၊ ဖားအောက်ဆရာတော် စသည်တို့မှာ ကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ တရားပြ သာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီများဖြစ်ပါသည်။

၃။ စာချသာသနာပြုနည်း ။ ။ စာချသာသနာပြုလုပ်ငန်းသည်လည်း မြတ်စွာဘုရားလက်ထက်ကပင် တည်ရှိခဲ့သည့် သာသာနာပြုနည်းဗျူဟာ ဖြစ်ပါသည်။ ပိဋကသုံးပုံတတ်၍ တပည့်များကို စာပေပို့ချသာသနာပြုရာ၌ ပေါဋ္ဌိလမထေရ်ကြီးမှာ ထင်ရှားပါသည်။ မြန်မာပြည်၌လည်း ပုဂံခေတ် ကျမ်းတတ်အကျော်ဆရာတော်ကြီးများမှအစ ပခုက္ကူခေတ် ကျမ်းပြုအကျော်ဆရာတော်ကြီးများ၊ စံကင်းဆရာတော်၊ မစိုးရိမ် ဆရာတော်၊ မြတောင်ဆရာတော်၊ ၀ိသုဒ္ဓါရုံဆရာတော်၊ မိုးကောင်းဆရာတော်၊ ခင်မကန်ဆရာတော်၊ တောင်သမန်ဆရာတော်၊ ဂွေးချိုဆရာ တော်၊ ဘုရားကြီးဆရာတော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၊ ဓမ္မိကာရာမဆရာတော်၊ ထီးလင်းဆရာတော်၊ နန္ဒီသေနာရာမဆရာတော်၊ ဆီဘန်နီဆရာတော်၊ မင်းကွန်းဆရာတော်စသည်တို့မှာ စာသင်တိုက်ကြီးများတည်ထောင်၍ စာပေပို့ချပြီး သာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီးများ ဖြစ်ပါသည်။

၎။ သင်တန်းပို့ချသာသနာပြုနည်း။ ။ ရှေးခေတ် ရှေးအခါက ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာသင်တန်း၊ ပရိတ်ပဋ္ဌာန်းသင်တန်းစသည်ဖြင့် ၀ိဇ္ဇာပညာရပ်ဆိုင်ရာ ဘာသာရေးသင်တန်းများ မရှိသေးပါ။ ရှိစရာလည်းမလိုပါ။ ရှိလျှင်လည်း အောင်မြင်မည်မဟုတ်ပါ၊ အကြောင်းမှာ ရှေး ဆရာတော်ကြီးများသည် မြန်မာနိုင်ငံ၏ပညာရေးကို ချုပ်ကိုင်ထိန်းသိမ်းထားသောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ကလေးများမှန်သမျှ ဘုရားရှိခိုးအမျိုးမျိုး၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း အပါအ၀င် ဆယ်စောင်တွဲလာပရိတ်ကြီးများ လောကနီတိတို့မှစ၍ သဒ္ဒါ၊ သင်္ဂြိုဟ်စသည်တို့ကို မသင်မနေရ သင်ကြားရသောကြောင့် လူပုဂ္ဂိုလ်တိုင်းနီးပါး ဘာသာရေးအခြေခံရှိကြပါသည်။ အဘိဓမ္မာတတ်သိကြ ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုသင်တန်းဟူ၍လည်းကောင်း၊ အဘိဓဓ္မာသင်တန်းဟူ၍လည်းကောင်း သီးခြားပို့ချစရာမလိုတော့ပါ။ လွတ် လပ်ရေးရပြီးနောက်ပိုင်းကာလ၌ ခေတ်ပညာတတ် ခရစ်ယာန်သာသနာပြုကျောင်းများ ပေါ်ပေါက်လာရာမှစ၍ ခေတ်မီလိုသော မိဘများက ရဟန်းတော်များ အရိပ်အာဝါသထဲမှ ကလေးများကိုဆွဲထုတ်ခေါ်ယူသွားရာမှ တစ်စစဖြင့် ဘက (ဘုန်းကြီး ကျောင်းသင်) ပညာရေးများ ဆုံးရှုံးလာခဲ့ခြင်းဖြစ်ပါသည်။ မျက်မှောက်ခေတ်၌ကား သာသနာပြုရဟန်းတော်များသည် ဘွဲ့တံဆိပ်ပညာရေးနောက် အပူတပြင်းလိုက်နေ ကြ၍ ကလေးများ၏ ဘာသာယဉ်ကျေးမှုဖြစ်သည့် ဗုဒ္ဓစာပေ၀ိဇ္ဇာပညာရေးကို လျစ်လျူရှုလာခဲ့ကြပါသည်။ ထိုအခါ ကလေးများ၏ ရင်ထဲနှ လုံးသားထဲ၌ ဘုရားတည်ပေးရန်အလို့ငှါ ဘာသာတရားကို လက်ဆင့်ကမ်း ပေးရန်အလို့ငှာ၊ အခြေခံယဉ်ကျေးမှုသင်တန်းများမှအစ အဘိ ဓမ္မာသင်တန်းများအထိ သင်တန်းများပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ ထို့အပြင် ရဟန်းတော်များ သာသနာပြုရာ၌ အထောက်အကူဖြစ် အောင် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများ၊ ပရိယတ္တိတက္ကသိုလ်ကြီးများလည်း တည်ထောင်ဖွင့်လှစ်လာခဲ့ကြပါသည်။

၅။ စာရေး (ကျမ်းပြု) သာသနာပြုနည်း ။ ။ သီဟိုဠ်ခေတ် အရှင်မဟာဗုဒ္ဓဃောသ၏ မြတ်စွာဘုရားဟောတော်မူသည့် ပိဋကတ်သုံးပုံ ပါဠိတော်များကို ဖွင့်ဆိုသည့်ကျမ်းများဖြစ်သော အဋ္ဌကထာကျမ်းများမှစတင်၍ စာရေးသားခြင်း၊ ကျမ်းပြုခြင်း၊ သာသနာပြုနည်းပညာများ ထွန်းကားလာခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။ စာသင်၊ စာချ၊ စာဖတ်ပရိတ်သတ်များ အသိအလိမ္မာတိုးပွားရန် အလို့ငှာစာရေး သားခြင်း၊ ကျမ်းပြုခြင်း သာသနာပြုလုပ်ငန်းများသည်လည်း အမှန်တကယ်လိုအပ်သည့်နည်းပညာဖြစ်ပါသည်။ ရှင်မဟာသီလ၀ံသ၊ ရှင်မ ဟာရဋ္ဌသာရ၊ မင်းဘူးအရှင် ဦးသြဘာသ၊ ဆရာတော် ဦးဗုဓ်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ညောင်ကန်ဆရာတော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၊ မင်းကွန်းဆရာတော်၊ တောင်တန်းဆရာတော် စသည်တို့မှာ စာပေကျမ်းဂန်ရေးသားပြုစုရင်း သာသနာပြုရာ၌ ထင်ရှားသော ဆရာတောကြီးများ ဖြစ်ပါသည်။

၆။ အသင်းအဖွဲ့ တည်ထောင်သာသနာပြုနည်း ။ ။ ခေတ်၏တောင်းဆိုမှု ခေတ်၏လိုအပ်ချက် အရ ခေတ်နှင့်လိုက်လျောညီထွေရှိအောင် သာသနာပြုလိုကြသူများသည် အသင်းအဖွဲ့များတည်ထောင်၍ သာသနာပြုလာခဲ့ကြပါသည်။ လူမှုရေးကိုအခြေခံသည့်အသင်းများ၊ ဘာ သာရေးကိုအခြေခံသည့်အသင်းများ၊ ကျန်းမားရေးကိုအခြေခံသည့်အသင်းများ စသည်ဖြင့် များစွာရှိပါသည်။ ယခုအခါ၌ နှစ်တစ်ရာ ကျော်ပြီ ဖြစ်သော သာသနာပြုအသင်းကြီးများဖြစ်သည့် မင်းကွန်းဘိုးဘွားရိပ်သာ၊ ၀ိုင်အမ်ဘီအေအသင်း၊ မလွန်ဆန်လှုအသင်း၊ ပရိယတ္တိသာသနဟိ တ (သကျသီဟ) အသင်းတို့မှာ အသင်းအဖွဲ့များတည်ထောင်၍ သာသနာပြုရာ၌ ထင်းရှားသောအသင်းကြီးများ၊ သာသနာ့မိခင်ကြီးများ ဖြစ်ကြပါသည်။ ယခုခေတ်တွင်လည်း သီတဂူဆေးရုံ၊ ၀ါးချက်ဆေးရုံ၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးများ၊ ဗြဟ္မစိုရ်အသင်း၊ ရွှေပြည်ဟိန်း ကု သိုလ်ဖြစ်ဆေးခန်းနှင့် သွေးလှူအသင်းများ၊ သန့်ရှင်းရေးအသင်းများသည်လည်း ခေတ်၏တောင်းဆိုမှုကို ဖြည့်ဆည်းသည့်အနေဖြင့် ပေါ် ပေါက်လာသော သာသနာပြုအသင်းများဖြစ်ကြပါသည်။

ထိုသာသနာပြုနည်း (၆) မျိုးတွင် အနည်းဆုံး နှစ်ခုသုံးခုကိုလုပ်ဆောင်ရင်း ဘက်စုံအောင်မြင်သည့်ဆရာတော်ကြီးများ လည်းရှိပါသည်။

(၁) လယ်တီဆရာတော်ဘုရားကြီးသည် စာသင်တိုက်ဖွင့်လှစ်၍ စာချ၏၊ အောင်မြင်၏။ တရားဟော၏၊ အောင်မြင်၏။ တရားပြ၏၊ အောင် မြင်၏။ စာရေး (ကျမ်းပြု) ၏၊ အောင်မြင်၏။ သုံးလူ့ရှင်ပင် ခုနှစ်နေ့ဘုရားရှိခိုးမှစ၍ တေးထပ်များ အလယ်၊ ဒီပနီကျမ်းများအဆုံး ဆရားတော် ကြီးပြုစုခဲ့သမျှ ထင်းရှားသည့်ကျမ်းများပင်ဖြစ်ပါသည်။ အင်္ဂလိပ်ခေတ်၌ ဆရာတော်၏ အရွယ်မရွေး လူတန်းစားမရွေး ဖတ်ရှုနိုင်သော စာပေများ၏ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဘာသာရေးအခြေခံရခဲ့ကြပါသည်။ ကိုးကွယ်မှု အဆင့်အတန်းမြင့်မားခဲ့ပါသည်။ ခရစ် ယာန်သာသနာပြုဆရာတို့ ဆရာတော်ကြီးကို တိုးမပေါက်ပါ။ ယခုချိန်ထိ လယ်တီတိုက်ဟူ၍ မုံရွာမှာထင်ရှားစွာရှိပြီး လယ်တီဆရာတော် အဆက်ဆက်အုပ်ချုပ်လျှက် ပရိယတ္တိသာသနာထွန်းကား ပြန့်ပွားအောင် ဆောင်ရွက်လျှက်ရှိပါသည်။ ပဋိပတ္တိဘက်မှာလည်း လယ်တီ ၀ိပဿနာသည် ယနေ့ထက်တိုင် မရိုးနိုင်သည့် ၀ိပဿနာရှုနည်းအဖြစ် အများစုကလက်ခံနေပါသည်။ လယ်တီ ဦးပဒုမ၊ လယ်တီ ဦးဝိလာသ၊ လယ်တီ ဦးကောဝိဒ၊ လယ်တီ ပဏ္ဍိတဦးမောင်ကြီးစသည်ဖြင့် ဘက်စုံထူးချွန်ထက်မြက်သော သာသနာပြုသူရဲကောင်းများမှာ လယ်တီ ဆရာတော်ဘုရားကြီး၏ လက်ရုံးတပည့်ရင်းများ ဖြစ်ကြပါသည်။

(၂) ပထမမစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ (အဂ္ဂါဘိဓဇ) သည်လည်း ထူးချွန်သောဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီး သည် မစိုးရိမ်တိုက်ကြီးနှစ်တိုက်ကို တည်ထောင်နိုင်ခဲ့ပါသည်။ စာသင်သားတို့ ညအခါကျမ်းများ လေ့လာရာတွင် လွယ်ကူအောင် ပဋ္ဌာန်းနှစ် ချက်စုလေ့လာနည်းကို တီထွင်ဆန်းသစ်ခဲ့ပါသည်။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကြီးနှင့်သာ အံဝင်ခွင်ကျ ကိုက်ညီမှုရှိလှသော သိမ့်မွေ့နက်နဲခက်ခဲသည့် ပဋ္ဌာန်းတရားတော်ကို လူသာမန် ရဟန်းသာမန်တို့ လေ့လာဖို့မလွယ်ကူလှပါ။ တိပိဋိက စာမေးပွဲများတွင်လည်း နှစ်ပုံအောင်ပြီးမှ အဘိဓမ္မာပဋ္ဌာန်းပိုင်းရောက်လျှင် အခက်တွေ့နေပြီး တစ်နေလေ့ ထစ်နေလေ့ရှိကြပါသည်။ အာဒိကမ္မိက တိပိဋိကဓရ မင်း ကွန်းဆရာတော်ကြီးသည်ပင် ပဋ္ဌာန်းကျမ်းများ အာဂုံဆောင်ရန်ခက်ခဲနေ၍ မစိုးရိမ်ဆရာတော်ကြီးထံ နည်းခံခဲ့ရပါသည်။ မစိုးရိမ် ပဋ္ဌာန်းနှစ် ချက်စုနည်းဖြင့်လေ့လာသည့်အခါတွင် ပဋ္ဌာန်းတရားသည် အလွန်လွယ်ကူလွန်းသည်ဟုထင်ရကြောင်း မင်းကွန်းဆရာတော်ကြီးက မိန့်ဖူးပါ သည်။ မစိုးရိမ်ဆရာတော်ကြီး၏ ပဋ္ဌာန်းလေ့လာနည်းသည် ဤမျှထိအောင် ပေါက်မြောက်ခဲ့ပါသည်။ မစိုးရိမ်ဆရာတော်ကြီးသည် လယ်တီ ဆရာတော် မင်းကွန်းဆရာတော်တို့ကဲ့သို့ နယ်လှည့်တရားမဟောသော်လည်း ဘာသာရေး အခမ်းအနားများ၌ ဆရာတော်သြ၀ါဒပေးခဲ့သည့် အဆုံးအမများမှာ မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြ၀ါဒတရားများကဲ့သို့ပင် ဘ၀ကိုပြောင်းလဲစေခဲ့ပါသည်။ ချမ်းမြေ့စေခဲ့ပါသည်။ ထို့ အပြင် ဆရာတော်သည် စာသင်သားသံဃာထုအတွက် အလုပ်တွေအမျာကြီးလုပ်သွားခဲ့ပါသည်။ မန္တလေး-ပရိယတ္တိသာသနာဟိတ အ သင်း ကြီးက တစ်နှစ်တစ်ကြိမ် ကျင်းပသည့် နိကာယ်စာမေးပွဲ၊ မိုးကုတ်မြို့ နိကာယ်စာမေးပွဲနှင့် အနယ်နယ်အရပ်ရပ်၌ နိကာယ်စာမေးပွဲများကို တည်ထောင်ကာ နိကာယ်သာသနာပြုနိုင်ခဲ့ပါသည်။ ဆရာတော်ကြီး၏တပည့်များသည်လည်း ဆရာတော်ကြီးနည်းတူ စွမ်းဆောင်နိုင် ခဲ့ကြပါသည်။ ပရိယတ္တိဘက်မှရော ပဋိပတ္တိဘက်မှာပါ ထူးချွန်ထင်ရှားလှသည့် ဆရာတော်အများစုမှာ ဆရာတော်ကြီး၏ တပည့်ကြီးများဖြစ် ပါသည်။ မစိုးရိမ်တိုက်များမှ ဆရာတော်ကြီးများအပြင် မော်လမြိုင်မြို့ အဂ္ဂါဘိဓဇ တောင်လေးလုံးဆရာတော်ကြီးနှင့် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ကြီးတို့မှာ ထင်ရှားသောတပည့်ကြီးများဖြစ်ပါသည်။ ထို့အပြင် ပရိယတ္တိသာသနာကို အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်အတွက် ကျောင်းထိုင်နာယက အရည်အချင်းသတ်မှတ်မှုကလည်း စံတင်ထိုက်လှပါသည်။ အသက်သိက္ခာတော်များနှင့် လုပ်သက်သမ္ဘာများကို ဦးစားပေးမရွေးချယ်ပါ။ ဆွေမျိုးညာတိဟူ၍လည်း ကျောသားရင်သား မခွဲခြားပါ။ စွမ်းနိုင်သူများကိုသာ ရွေးခြယ်သတ်မှတ်တော်မူပါသည်။ ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ (အဘိဝံသ) ဘွဲ့ရပုဂ္ဂိုလ်များကိုသာလျှင် ကျောင်းထိုင်နာယကအဖြစ် ရွေးခြယ်သတ်မှတ် တော်မူပါသည်။ မစိုးရိမ်တိုက်ကြီးများရှိမည်သည့် ရဟန်းတော်များမဆို အဘိဝံသဘွဲ့ရက အလိုအလျောက် (အော်တိုမက်တစ်) ဖြင့် တိုက် တာအုပ်ချုပ်ရေးအဖွဲ့ နာယကစာချစာရင်းဝင် ကျောင်းထိုင်ကျောင်းပိုင် ပုဂ္ဂိုလ်ဖြစ်ခွင့်ရှိပါသည်။ ထို့ကြောင့်လည်း မစိုးရိမ်တိုက်ကြီးများ၌ အဘိဝံသဘွဲ့ရ စာချအကျော် အပါး (၃၀) ကျော်တို့ဖြင့် ပရိယတ္တိသာသနာကို တည်ငြိမ်ခန့်ညား ယနေ့ထိတိုင် စွမ်းဆောင်နိုင်ကြခြင်းဖြစ် ပါသည်။

(၃) ဘာသာဋီကာ ကျမ်းပြုအကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီးသည်လည်း စာသင်တိုက်ဖွင့်သည်၊ အောင်မြင်သည်။ ကျမ်းများ ပြုစုသည်၊ အောင်မြင်သည်။ စာရေးသည်၊ အောင်မြင်သည်။ ဧရာမစာသင်တိုက်ကြီးအဖြစ်အောင်မြင်ခဲ့၍ ဓမ္မကထိကများကဲ့သို့ နည်လှည့် တရားမဟောသော်လည်း ဆရာတော်၏ နံနက်ခင်းသြ၀ါဒများမှာ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များအတွက် ဘ၀တစ်ခုလုံး အကျိုးရှိခဲ့သည့် တရားတော်များအဖြစ် အောင်မြင်ခဲ့ပါသည်။ မဟာဂန္ဓာရုံဆရာတော်များ အဆက်ဆက်အုပ်ချုပ် ဆောင်ရွက်လျှက်ရှိပြီး ပရိယတ္တိဝိသာရဒဂုဏ်နှင့်ပြည့်စုံသော ကျမ်းတတ်အကျော်အမော် တပည့်ကြီးငယ်များ များစွာပေါ်ထွန်းခဲ့ပါသည်။ ရဟန်းပုဂ္ဂိုလ်များအတွက် ဘာသာဋီကာ ကျမ်းပေါင်းများစွာကို ပြုစု၍ အောင်မြင်ခဲ့သလို လူပုဂ္ဂိုလ်များအတွက်လည်း ရတနာ့ဂုဏ်ရည်၊ ကိုယ့်ကျင့်အဘိဓမ္မာဘာသာသွေး၊ ဘုရားဥပ ဒေတော်ကြီး၊ တစ်ဘ၀သံသရာ၊ အနာဂတ်သာသနာ၊ သင်္ဂြိုဟ်ဘာသာဋီကာ စသည့်ကျမ်းများကို ရေးသားပြုစုရာ၌လည်း အောင်မြင်ခဲ့ပါသည်။ နေတတ် ထိုင်တတ် သာသနာပြုတတ်အောင် နိုင်ငံတကာက လေးစားအားကျလောက်အောင် ကျောင်းတိုက်ကြီးကို ခေတ်မီခမ်းနားစွာ တည်ထောင်ခဲ့ပါသည်။ ထူးချွန်ထက်မြက်သော တပည့်ကြီးများနှင့် မဟာဂန္ဓာရုံတိုက်ခွဲများမှာ ရာဂဏန်းမက ထောင်ဂဏန်းမျှထိ ရှိပါသည်။ ထိုအထဲတွင် ကမ္ဘာအေး မဟာဂန္ဓာရုံတိပိဋကဓရဆရာတော် ဦးသုမင်္ဂလာလင်္ကာရလည်း တစ်ပါးအပါအ၀င် ဖြစ်ပါသည်။ တောင်မြို့ မဟာ ဂန္ဓာရုံဆရာတော်ကြီး၏ သာသနာပြုနည်း နည်းစနစ်၊ အုပ်ချုပ်ဖွဲ့စည်းသည့်ပုံစံ၊ ပြုစုသည့်ကျမ်းများနှင့်ရေးသားသည့်စာပေများကြောင့် နှစ်ဆယ်ရာစု မြန်မာ့အထူးချွန်ဆုံး ဂန္ထ၀င်စာရင်းဝင် စာရေးဆရာအဖြစ် မော်ကွန်းအတင်ခံရပါသည်။ ကိုယ်ကျင့်အဘိဓမ္မာ၊ ရတနာ့ဂုဏ်ရည်၊ သင်္ဂြိုဟ်ဘာသာဋီကာတို့မှာ လူပုဂ္ဂိုလ် ပညာရှိများ အနှစ်သက်ဆုံးကျမ်းစာအုပ်များဖြစ်ပါသည်။ ယခု ချိန်ထိလည်း အကြိမ်ကြိမ် ရိုက်နှိပ် ထုတ်ဝေနေရသည့် ခေတ်အဆက်ဆက်ပညာရှိများ လက်ခံနေမည့်စာအုပ်များ ဖြစ်ပါသည်။

(၄) မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးသည်လည်း ဘက်စုံ ထူးချွန်သည့်ဆရာတော်၊ စွယ်စုံရဆရာတော် ဖြစ်ပါသည်။ မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကလောင်းလျာများ မွေးထုတ်သည့် တိပိဋက စာသင်တိုက် ကြီးနှင့် ရန်ကုန် စကားဝါတိပိဋက စာသင်တိုက်ကြီးများကို တည်ထောင်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး မရှိတော့သည့် ယနေ့ထိတိုင် ပိဋကတ်အာဇာနည်းများ ပေါ်ထွန်းလျှက်ရှိပါသည်။ ဆဋ္ဌတိပိဋကဆရာတော် ဘဒ္ဒန္တ၀ါယာမိန္ဒမှ အစ ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ဘဒ္ဒန္တ၀ံသပါလာလင်္ကာရစသည်ဖြင့် ပိဋကသုံးပုံ အာဂုံဆောင် ဆရာတော်များ၊ ရေးဖြေအောင် ဆရာတော်များ ပေါ်ထွန်းလျှက်ရှိပါသည်။ ထို့ပြင် မင်းကွန်းဆရာတော်ကြီးသည် ရန်ကုန်မန္တလေး ပရိယတ္တိတက္ကသိုလ် ကြီးများအတွက် တစ်နိုင်ငံလုံး လိုက်လံအလှူခံပေးရင်း တရားဟော သာသနာပြုခဲ့ပါသည်။ ဆရာတော်ကြီး၏ တိပိဋက ဟောစဉ်တရားများမှာ ပါဠိ+အနက်+မြန်မာလို ဖွင့်ဆိုချက်များဖြင့် အဆင့်အတန်းမြင့်လှပါသည်။ ယခုထိတိုင် ရဟန်းပညာရှိ လူပညာရှိများ လက်ကိုင်ထားရ ကိုးကားနေရသည့် ခိုင်ခန့်သော ကျမ်းကြီးများ သဖွယ်ဖြစ်ပါသည်။ ဆဋ္ဌသင်္ဂါယနာ အထိမ်းအမှတ်အဖြစ် ထုတ်ဝေရန် သာသနာ့ဥသျှောင် ဆရာတော်ကြီး၏ တောင်းပန်တိုက်တွန်းမှုအရ ရေးသားပြုစုသော မဟာဗုဒ္ဓ၀င် ၆-တွဲ ၈-အုပ်။ ကျမ်းကြီးများမှာ သာမန်ပုဂ္ဂိုလ်များ တော်တန်ရုံ ကျမ်းဂန်နှံ့စပ်သူးများ၏ ပညာအရည် အချင်းဇွဲလုံ့လ ၀ီရိယဖြင့် မရေးသားနိုင်သည့် ကျမ်းကြီးများဖြစ်ပါသည်။ ရဟန်းပညာရှိ လူပညာရှိများ လက်ကိုင်သုံးစွဲ၍ အားကိုးအားထားပြုရသည့် ဂန္ထ၀င်မြောက် ခိုင်မာသော ကျမ်းကြီးများဖြစ်ပါသည်။ လယ်တီဆရာတော်ကြီး ကဲ့သို့ပင် တေးထပ် ကဗျာများ ရေးစပ်ရာမှာလည်း ကျွမ်းကျင် ပြောင်မြောက်လှပါသည်။ ဆရာတော်ကြီး ငယ်စဉ်မှစ၍ စပ်ဆိုရေးသားခဲ့သော တိပိဋက ကာဗျမာလာ လင်္ကာစာအုပ်ကြီးမှာလည်း ၀ါသနာရှင်များ အားထားရသည့် စာအုပ်ကြီးဖြစ်ပါသည်။ တိုင်းနှင့် ပြည်နယ် ဒေသကြီးများရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တိပိဋက ကျောင်းတော်ကြီးများ သည် ဆရာတော်ကြီး၏ ကျေးဇူးတရားများဖြစ်ပါသည်။

(၅) တောင်စွန်း ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးဆိုလျှင် စာသင်တိုက်ဖွင့်ပြီး စာချသည်။ နှစ်စဉ်နီးပါး ထိုစာသင်တိုက်မှ အကျော်အမော်များ ထွက်သည်။ အောင်ချက်ကောင်းသည်၊ ရိပ်သာဖွင့်၍ တရားပြသည်။ နှစ်စဉ်ယောဂီဦးရေ လျော့သည်မရှိ တိုးမြဲတိုးသည်။ စာရေးကျမ်းပြုသည်။ ဆရာတော်ပြုစုသော တရားစာအုပ်များမှာ ပရိယတ်ကျမ်းဂန်နှံ့စပ်သော စာချအကျော် ဆရာတော်များကတောင် ချီးကျူးအံ့သြရသည်။ တရားဟောသည်။ အနယ်နယ် အရပ်ရပ်မှ တရားပွဲများကို အချိန်အခါပေးတိုင်း ကြွရောက်ချီးမြှင့်သည်။ တရားနာ ပရိသတ်များမှာ ကိုယ်တွေ့တရားများ၊ သာမန်လူတို့ လက်လှမ်းမမီနိုင်သော သိမ်မွေ့ခက်ခဲနက်နဲသော တရားတော်များကိုနာရ၍ ပင့်ရကျိုး နပ်သည်။ ဤသို့လျှင် တောင်စွန်းဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးသည် စာချ၊ စာရေး၊ တရားဟော၊ တရားပြရင်းဖြင့် သာသနာပြု တော်မူရာ ဘက်စုံအောင်မြင်သည့်ဆရာတော်ကြီး ဖြစ်ခဲ့ပေသည်။ ဘက်စုံထူးချွန်သည့်တပည့်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပေသည်။ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ ဓမ္မဒူတ အရှင်ပညိဿရ၊ ဓမ္မဒူတ အရှင်ပညာသာရတို့မှာ ဆရာတော်နည်းတူ ဘက်စုံထူးချွန်သည့် သာသနာပြု သူရဲကောင်း ရဟန်းတော်များဖြစ်ပါသည်။

(၆) ကျွန်ုပ်သည် မြန်မာပြည်ရှိ ထင်ရှားကျော်ကြားသည့်ဆရာတော်ကြီးများကို သရုပ်ခွဲကြည့်မိပါသည်။ သံဃာထု၏ လေးစားကြည်ညိုမှု ခံယူရသော ဆရာတော်ကြီးများ၊ လူထု၏လေးစားကြည်ညိုမှုကို ခံယူရသော ဆရာတော်ကြီးများ၊ သံဃာထုရော လူထုပါမကျန် ရဟန်းရှင်လူ ပုဂ္ဂိုလ်အားလုံး၏ လေးစားကြည်ညိုမှုကိုခံယူရသော ဆရာတော်ကြီးများဟူ၍ သုံးမျိုးသုံးစားတွေ့ရပါသည်။ စာချသက်သက်ဖြင့် ပရိယတ္တိသာ သနာပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ သံဃာထု၏လေးစားကြည်ညိုမှုကို ခံယူခဲ့ရပါသည်။ လူထုအတွက် တရားဟော တရားပြ သက်သက်ဖြင့် ပဋိပတ္တိသာသနာပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ လူထု၏လေးစားကြည်ညိုမှုကို ခံယူခဲ့ရပါသည်။ သံဃာထုရော လူထုအတွက်ပါ သာသနာပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ ရဟန်းရှင်လူ ပြည်သူအားလုံး၏ တမ်းတမ်းတတ လွမ်းတသသဖြင့် ပါးစပ်ဖျားမှ မချနိုင်လောက်အောင်၊ နှလုံးသည်းဆိုင်တွင် ခိုင်ခိုင်မာမာ စွဲမြဲနေလောက်အောင် ယုံကြည်လေးစား အားထားကိုးကွယ်မှုကို ခံယူခဲ့ရပါသည်။ ဥပမာ- လယ်တီဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဇောတဆရာတော်တို့ဖြစ်ပါသည်။

မြတ်ဘုရား၏ သာသနာသည် သံဃာများ စံစားရန်အတွက်သာ မဟုတ်ပါ။ လူပုဂ္ဂိုလ်များ အတွက်လည်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်များအတွက်သာ မဟုတ်ပါ။ သံဃာများအတွက်လည်း ဖြစ်ပါသည်။ လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း ခံစားနိုင်ခွင့် ရှိသည့် သာသနာဖြစ်ပါသည်။ မွေးကင်းစ ကလေးငယ်များမှစ၍ သေမင်း၏ခံတွင်းဝရှိ လူကြီးများအထိ ခံစားပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် အရည်အချင်းရှိသော စွမ်းနိုင်သော ပိဋိကတ် အကျော်အမော် ဆရာတော်များသည် သံဃာထုအတွက်ရော လူထုအတွက်ပါ အလုပ်လုပ်သင့်လှပါသည်။ သာသနာပြုရဟန်းတော်များ မွေးထုတ်ပေးဖို့လိုသလို လူသားတိုင်း အသိအလိမ္မာရှိအောင် ဘ၀နေနည်းထိုင်နည်းသိအောင် နေတတ်ထိုင်တတ် သွားတတ်လာတတ် ပြု မူဆောင်ရွက်တတ် ပြောဆိုဆက်ဆံတတ် နှလုံးသွင်းတတ် အနေတတ် အသေမြတ်အောင် သာသနာပြုဖို့လည်း လိုအပ်လှပါသည်။

ယနေ့သံဃာအများစုသည် ဒကာပေါများရန်အတွက် ဒကာရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်၍ သာသနာပြုနေကြပါသည်။ စင်စစ် ဆရာ ဒကာတော်စပ်မှုမှာ ခိုင်မြဲသောသဒ္ဓါတရားမရှိလှပါ။ အပေါ်ယံတော်စပ်မှု သဒ္ဓါအတုသာဖြစ်ပါသည်။ “ဒကာက လှူမည် ဆရာက ယူမည်” ဆိုသည့် အတိုင်းအတာသည် သဒ္ဓါတရားပေါ်မှာ အခြေခံနေပါသည်။ ထိုအခါ ဆရာက ဒကာမှာ အမြင်မတော်တာရှိလျှင်ပင် မဆုံးမရဲ မပြောရဲတော့ပါ။ ဆုံးမပဲ့ပြင်လိုက်လျှင် ဒကာဘက်မှ သဒ္ဓါတရားပျက်သွားမှာ စိုးရိမ်လာပါသည်။ ထို့ကြောင့် ဒကာများကို အလိုလိုက်ရင်း ဆရာရော ဒကာပါ တဖြည်းဖြည်းဖြင့် ပျက်စီးလာတတ်ပါသည်။ ဒကာဘက်မှကြည့်လျှင်လည်း ဆရာကိုကြည်ညိုလျှင် လှူမည်။ အကြည် ညိုပျက်လျှင် လှူမည်မဟုတ်တော့ပါ။ အကြောင်းမှာ ဆရာ ဒကာတော်စပ်မှု သဒ္ဓါတရားဖြင့် တည်ဆောက်ထားသောကြောင့် ဖြစ်ပါသည်။

ယနေ့ သံဃာအများစုသည် တပည့်ပေါများရန်အတွက် တပည့်ပျိုးထောင်ရေးလုပ်ငန်းများကို မသိကျိုးကျွံပြုလျှက် ရှိပါသည်။ ဆရာ တ ပည့်တော်စပ်မှုသည် မေတ္တာ စေတနာ ကရုဏာ မုဒိတာ သြဇာတို့ဖြင့် တည်ဆောက်ထားသောကြောင့် ခိုင်မြဲပါသည်။ ဆူပူကြိမ်းမောင်း ရုံဖြင့်လည်း အကြည်ညိုမပျက်ပါ၊ ရိုက်နှက်ဆုံးမလျှင်လည်း အကြည်ညို မပျက်ပါ။ တကယ့်သဒ္ဓါတရားအစစ်ဖြစ်ပါသည်။ အပေါ်ယံ ကြည် ညိုမှုမဟုတ်ပါ။ အတွင်းကျကျ ထဲထဲဝင်ဝင် ချစ်ကြောက်ရိုသေမှုဖြစ်ပါသည်။ ထို့ကြောင့် သိက္ခာရှိရှိ ဘုန်းကံကြီးလို လာဘ်များလိုသော သံဃာများသည် တပည့်များ ပြုစုပျိုးထောင်သင့်လှပါသည်။

ဆရာဒကာ ဆက်ဆံရေးနှင့် ဆရာတပည့်ဆက်ဆံရေးကွာဟမှုကို ဥပမာပြုပါဦးမည်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသည် အနေအထိုင် ကောင်း၏။ ဆက်ဆံရေးတော်၏။ ကြည်ညိုဖွယ်ဆောင်၏။ ထို့ကြောင့် ရပ်ရွာက လေးစားကြည်ညို၏။ ထောက်ပံ့လှူဒါန်းကြ၏။ တစ်နေ့တွင် ကျောင်းဒကာမိသားစုက ဆွမ်းချိုင့်လာယူရာတွင် ဆရာဘုန်းကြီး ညစာစားနေသည်ကို တွေ့သွားကြ၏။ ကျောင်းဒကာများ အကြည် ညိုပျက်ကာ တသက်လုံး ဆွမ်းမပို့တော့ပါ။ ဆရာဒကာတော်စပ်မှုမှာ ဒကာ့အပေါ်တွင် ဆရာကမှီနေရသဖြင့် အချိန်မရွေး အကြည်ညို ပျက် နိုင်ပါသည်။ အချိန်မရွေး ဆက်ဆံရေးပြိုကွဲနိုင်ပါသည်။ ထို့ကြောင့်ပင် ကျောင်းဆောက်ပြီးကာမှ ရေစက်မချနိုင်တော့ဘဲ ပစ်ထားခံရသည့် ဘုန်းကြီးများ ကျောင်းဆောက်ပြီးကာမှ ပန္နက်အုတ်မြစ်ပါမကျန် ပြန်ဖျက်ယူသွားကြသည့်ဒကာများဖြင့် ဆရာဒကာပြိုကွဲမှုများ တွေးမြင်နေ ရခြင်း ဖြစ်ပါသည်။

ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသည် အနေအထိုင်ကောင်း၏။ သာသနာအတွက် အလုပ်လုပ်၏။ ရပ်ရွာကျိုးဆောင်ရွက်၏။ သို့သော် ထို ဘုန်းကြီးမှာ လူမှုဆက်ဆံရေးမတတ်ပါ။ အပေါက်ဆိုးလှပါ၏။ ထိုသို့အပြောဆိုးသော်လည်း သဘောရိုးကိုသိနေကြ၍ တပည့်များက လေး စားရိုသေကြပါသည်။ တစ်နေ့ ထိုဘုန်းကြီး ညစာစားနေစဉ် တပည့်ကျောင်းဒကာ မိသားစုများနှင့် ပက်ပင်းတွေ့ပါသည်။ ထိုအခါ ကျောင်း ဒကာနှင့် ကျောင်းအမက ကလေးများကိုပထုတ်ကာ ဘုန်းကြီးစားပြီးသည်များကို ဆေးကြောသန့်ရှင်းပေးခဲ့ပါသည်။ နောင်အခါများတွင် ဆရာဘုန်းကြီးဗိုက်ဆာလျှင် အလွယ်တကူစားနိုင်သည့် အစာအာဟာရများ၊ ဆရာဘုန်းကြီးကြိုက်တတ်သော အစာအာဟာရများ ပို့လှူ ထားပါတော့သည်။ ဆရာတပည့်တော်စပ်မှုသည် ခိုင်မြဲသောသဒ္ဓါတရားဖြင့် ချီနှောင်ထားခြင်းဖြစ်ကြောင်း သက်သေဖြစ်ပါသည်။ မေတ္တာ ကရုဏာ မုဒိတာတို့ဖြင့် အပြန်အလှန် လေးစားကြည်ညို ချစ်ခင်နေကြ၍ ဆရာဘုန်းကြီး မှားကွက်များကို အပြစ်မမြင်ပါ။ သြော် . . . သူလဲ ဆာရှာပေမည်ကိုးဆိုသည့် ကိုယ်ချင်းစာတရား ကိန်းဝပ်နေပါသည်။

ဆရာတော်ကြီးတစ်ပါးသည် ငယ်စဉ်အခါ တပည့်ကျောင်းသားများကို စာပေသင်ကြားပို့ချပေးတော်မူခဲ့ပြီး ထိုဆရာတော် သက်တော်ကြီး ရင့်လာသည့်အခါ ထိုဆရာတော်၏တပည့်တစ်ယောက်သည် အစိုးအရအဖွဲ့တွင် ထိပ်တန်းအရာရှိကြီးတစ်ယောက် ဖြစ်နေသည်ကို တွေ့ရ လေ၏။ ထိုအရာရှိကြီးက မိမိဆရာကိုကျေးဇူးဆပ်လို၍ ဆရာအကြောင်းစုံးစမ်းသည့်အခါ ထိုဆရာတော်ကြီးမှာ ရဟန်းသိက္ခာ ပျက်စီးနေ ပေပြီ။ ရပ်သိရွာသိ အကုန်လုံးသိနေကြပါသည်။ သို့တိုင် ထိုတပည့်ကြီးမှာ အကြည်ညိုမပျက်ပါ။ ကျောင်းဆောက်လှူသည်၊ ကား ၀ယ် လှူသည်။ ကျန်းမာရေးအတွက် စောင့်ရှောက်ခဲ့ပါသည်။ ဆရာတပည့်တော်စပ်မှုသည် ဘယ်သူဖျက်ဖျက် မပျက်နိုင်သည့် သဒ္ဓါတရားအပေါ် မူတည်နေသည်ကို ဆရာတော်ကြီးက သက်သေပြသွားခြင်းဖြစ်ပါ၏။

ထို့ကြောင့် အနာဂတ်သာသနာ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ညီငယ်သံဃာများကိုမှာကြားလိုသည်မှာ အတိမ်းအစောင်းမခံ သည့် ဒကာ/မ ရှာဖွေရေးလုပ်ငန်းများဖြင့် သာသနာပြုခြင်းကိုရှောင်ကြဉ်ပြီး ခိုင်မြဲသောသဒ္ဓါတရားဖြင့် သာသနာကို တကယ်ကြည်ညိုမည့် အစစ်အမှန်သဒ္ဓါတရားများတိုးပွားအောင် တပည့်များကိုပြုစုပျိုးထောင်ပေးဖို့ ဖြစ်ပါသည်။ အကျိုးအမြတ်ကြီးသလို အရင်းအနှီးလည်း ကြီး မားပါသည်။ ရယူလိုလျှင် ပေးဆပ်ရမည် ဖြစ်ပါသည်။

ကိုယ်ကျင့် သိက္ခာမြင့်မားရမည်၊ စိတ်ရင်းကောင်းရမည်၊ သဘောထားကြီးရမည်။ စေတနာကောင်းဖြင့် အလုပ်များများ လုပ်ရမည်။ ဤ သည်မှာ ဆရာဘက်မှ ပေးဆပ်ရမည့် အရင်းအနှီးများ ဖြစ်ပါ၏။ ထိုအရင်းအနှီးများမှ ဘုန်းကံကြီးခြင်း လာဘ်များခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း၊ သြဇာကြီးခြင်း၊ ပါရမီပြည့်၍ နိဗ္ဗာန်ရောက်သည့် တိုင်အောင် ကောင်းကျိုးခံစားရခြင်းစသည့် အသီးအပွင့် အကျိုး အမြတ်များ ဖြစ်ထွန်းလာမည် ဖြစ်ပါ၏။ ရှေးဆရားတော်ကြီးများသည် ဤနည်းဖြင့် သြဇာတည်ဆောက်ခဲ့ပါ၏။ သာသနာပြုတော်မူခဲ့ပါ၏။ အပင်မပျိုးဘဲ အညွန့်မချိုးကြပါ၊ ရေတွင်းမတူးဘဲ ရေကြည် မသောက်ခဲ့ကြပါ၊ မရင်းနှီးဘဲ မသီးမပွင့်ချင်ကြပါ၊ ဤသည်ကို ညီနောင်အများ သတိထားဘို့လိုပါ၏။

မိမိသည် သာသနာဥသျှောင်မထေရ်ကြီးများကို အကဲခတ်လေ့လာကြည့်ဖူးပါ၏။ ဂဏာဓိပတိ ဆရာတော်ကြီးတစ်ပါးကပြောသည်မှာ “ငါ တို့ ဂိုဏ်းက ဒကာဦးရေသာများတာ၊ သံဃာဦးရေအနည်းသား” ဟု ဖြစ်၏။ တခြားဂိုဏ်းမှ သံဃာ့ဥသျှောင် ဆရာတော်ကြီး တစ်ပါးကလည်း “ငါတို့ဂိုဏ်းက သံဃာသာများကျတာ၊ ဒကာကျတော့ သူတို့ကိုမမီဘူးဗျ”ဟု သြ၀ါဒ ပေးသည်ကို တွေ့ရပါသည်။ လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွင်ရင်း သာသနာပြုလျှင် လူထုမေတ္တာခံစားရမှာ ဖြစ်ပြီး သံဃာအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရင်း သာသနာပြုလျှင် သံဃာထု၏ မေတ္တာကို ခံစားရမည်ဖြစ်ပါသည်။ လူထုရော သံဃာထုပါမကျန် သာသနာတော်တစ်ရပ်လုံးအတွက် အလုပ်လုပ်ပါမူ လူထုမေတ္တာရော သံဃာထု၏ မေတ္တာပါခံယူရမှာ ဖြစ်ပါသည်။

မည်သည့်ဂိုဏ်းပင်ဖြစ်စေကာမူ အလုပ်မလုပ်လျှင် မကြီးပွားနိုင်ပါ။ မြတ်စွာဘုရားသည် သံဃာထုရော လူထုအတွက်ပါမကျန် အလုပ်လုပ်ခဲ့ သည်။ သာသနာပြုခဲ့သည်။ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အနစ်နာခံခဲ့သည်ကို မမေ့ကြဘို့လိုပါ၏။

(ဤစာမူကို မန္တလေးအိုးဘိုထောင်၌ နေစဉ် ၂- ၃- ၂၀၀၅ (၁၃၆၆ ခု၊ တပို့တွဲလဆုတ် ၇ ရက်) ခုနှစ်ကရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်