Yarzar – အင်န်အယ်ဒီ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ

May 15, 2012

ရာဇာ၊ မေ ၁၅၊ ၂၀၁၂

၂၀၀၂ကနေ စပြီးလုပ်ကိုင်လာတဲ့ NLD HIV/AIDS section ဟာ ခုဆို ဆယ်နှစ်ပြည့်လွန်လာပြီဖြစ်တယ်ဗျာ။ ဒီ တော့ သမင်လည်ပြန်ခေါ်ခေါ် ခြင်္သေ့လည်ပြန် ပြောပြော အတိတ်ကိုတူးဆွတယ် ဆိုဆို ဖြစ်ပျက်ခဲ့သမျှကို
အခြားလူများသိထားစေချင်လို့ ဒီစာကို ရေးပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတွေကိုရေးမှာပါ။ ဒီတော့လူပုဂ္ဂိုလ်အချို့ကြောင်းလည်း ပါကောင်း ပါနိုင်တယ်ပေါ့ဗျာ။ သို့သော် ဖြစ်ရပ်မှန်ရေးမှာဆိုတော့ အမှန်တိုင်းပဲ ရေးသင့်တယ်ထင်လို့ မခြွင်းမချန် ရေးလိုက်ပါတယ်။

ဒီကိစ္စကို ဒေါ်ဖြူဖြူသင်းရေးဖို့ကောင်းတာကို မင်းက ဘာဝင်ရှုပ်သလဲတော့ မမေးလေနဲ့ဗျို့။ သူ့မယ် အချိန်မရှိဘူး ခင်ဗျ။ ကျနော်ကလည်း အစ အဆုံးဆိုသလိုလည်းသိ၊ တောင်ကလိ မြောက်ကလိကလည်း ၀ါသနာဆိုသလို ပါနေတော့ မောင်ရာဇာရေးတာကိုသာ သည်းညည်းခံ ဖတ်ပေတော့ပေါ့ဗျာ။

ဒီလိုဗျ။ ဒီအကြောင်းရေးတော့မယ်ဆိုတော့ ကိုယ့်ကြောင်းလည်းကိုယ် ပြန်စဉ်းစားရသေးတာပေါ့ဗျာ။ ကျနော့်အကြောင်း ရေးပြမှာ မဟုတ်ပါဘူး၊ ကျနော်ဘာကြောင့် ဒီလုပ်ငန်းမှာပါဝင်ခဲ့သလဲ ဆိုတာလေး အကြမ်းဖျင်းပြောချင်တာပါ။ ဒီလိုဗျ။ ကျနော် မှတ်မှတ်ရရ ၁၉၉၈ခုနှစ် ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ရောက်သွားတယ်။ ရောက်သွားပုံကလည်း ဆန်းတယ် ပြောရမယ်။ ကျနော့်ညီဖြစ်တဲ့ နေခြည်က အဲ့ဒီ
သွား သွား နေသဗျ။ ကျနော်က အဒေါ်အငယ်တစ်ယောက်အိမ်မှာ နေရတယ်။ သူ့သားက ကျနော့် အကိုတစ်ဝမ်းကွဲက ဖောင်ကြီးမှာ သမ ကောလိပ်တက်နေတယ်။ သူ့အတွက် ပိုက်ဆံသွားပေးရင်း လမ်းမှာစိတ်ကူးရတာနဲ့ ရန်ကုန်မှာ ကျနော့်က မသွားတတ် မလာတတ်ဗျ။ ဒီတော့ ဒီချုပ်ရုံးနာမည်တပ်ပြီးလည်း မမေးမစမ်းရဲဆိုတော့ ဆင်မလိုက်ကနေ ခြေကျင်လျောက်ပေါ့ဗျာ။

ကျနော်တို့လိုတောင်ပေါ်သားတစ်ယောက်အတွက်တော့ မလှမ်းလှဘူး ဆိုရမယ်။ ဒါပေမယ့် တော်တော်နဲ့ မရောက်ဘူးဗျ။ ကိုယ်ကလည်း မမေးရဲကိုး။ ဒါနဲ့ယာဉ်ထိန်းရဲကို သွားမေးလိုက်တယ်။ တာမွေဖက်ရောက်သွားရော။ အဲ့ဒီကနေ တစ်ခါပြန်လျောက်ဆိုတော့ ရောက်ပါရဲ့ အဖွဲ့ချုပ်ကို… ဒါပေမယ့် လူတွေ သိပ်မရှိတော့ဘူးဗျ။ အချို့လူငယ်လေးတွေ ရွယ်တူတွေပေါ့။  အဲ့သလိုလူငယ်လေးတွေကတော့ ဖော်ဖော်ရွေရွေပါပဲ။

ကျနော့်အကိုလို ဆရာလိုဖြစ်နေတဲ့ တွံတေးသားကိုမင်းလွင်နဲ့ တိုးတော့ အားပိုရှိသပေါ့ဗျာ။ နောက်ပိုင်းတော့ မရောက်တစ်ချက် ရောက်တစ်ချက်ပေါ့လေ။ တွံတေးကနေ ရန်ကုန်လာဖို့ ကျနော့်မှာ ငွေမရှိဘူး။
အပေါင်းသင်းထဲက တတ်နိုင်တဲ့သူက ပေးရင်တော့ သွားတာပေါ့။ ကြေညာချက်ဝယ် ဘာညာဆို အရမ်းပျော်တယ်။ ကြေညာချက်ဝယ်ပြန်လာ၊ ကျနော်ပြန်ရောက်ချိန် သုံးနာရီဝန်းကျင်ပေါ့။

လက်ဖက်ရည်ဆိုင်မှာ ကိုမင်းလွင်တို့၊ ကိုအောင်ဆုတို့၊ ကိုမြင့်ဦး၊ ကိုတင်အောင်စိုးတို့၊ ကိုတင်ထွန်းတို့က ပြောတော့ နေတာပဲ။ ကျနော်လည်း သဘောကတော့ မပေါက်လှဘူးဗျ။ ဒါပေမယ့် လူငယ်ဖွဲ့စည်းရေး လုပ်ရမယ်
ဘာညာပေါ့ဗျာ။ ပြောနေတာတော့ကြားနေတယ်။ ကျနော်ကတော့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဘယ်သိမလဲ။ ကိုယ် စိတ်ဝင်စားတဲ့အဖွဲ့စည်းကိစ္စဆိုတော့ ပေနားထောင်နေတာပေါ့။

ဒါပေမယ့် နောက်ပိုင်းတော့ ဒီချုပ်ရုံးကို အရောက်ပေါက်ကျဲသွားတယ်။ ကျနော် ဆယ်တန်းပြန်ဖြေနေရတယ်လေ။ နောက်ဆယ်တန်းပြီးတော့လည်း ၀မ်းရေးတွက်ကော ကိုယ်နေတဲ့အဒေါ်အိမ် အဆင်ပြေဖို့ကော  အိမ်အလုပ်တချို့ကူလုပ်ရင်း ဒီချုပ်ဖက် သိပ်ဦးမလှည့်နိုင်ဘူး ဆိုပါတော့။

ဒါပေမယ့် သတင်းတွေ မပြတ်ကြားရတယ်။ လူငယ်ဖွဲ့စည်းရေး လုပ်လို့ ကျနော်နဲ့အနည်းငယ် ခင်မင်သလိုဖြစ်နေတဲ့ လှိုင်သာယာက လူငယ်တချို့ ထောင်ထဲရောက်၊ တချို့ထွက်ပြေးကြရသတဲ့။  အဲသည်ထဲက အောင်အောင်သိုက်နဲ့ ဉာဏ်ဝင်းအောင်ကိုတောင် ကိုမင်းလွင်က ဖွက်ထားပေးရသေးတာကိုး။ သတင်းမပြတ်လှဆို ကိုမင်းလွင်က အမြဲသွားနေသလို၊ နေခြည်နဲ့ ကိုသင်းက အဖွဲ့ချုပ်က  သင်ပေးနေတဲ့အင်္ဂလိပ်စာသင်တန်းလည်း သွား သွားတက်နေတာလည်း တစ်ကြောင်းပါတာပေါ့။ ကျနော်လည်း ဒီအင်္ဂလိပ်စာသင်တန်း တက်လှချင်သပေါ့ဗျာ။ ဒါပေမယ့် ကိုယ့်ဝမ်းနာကိုယ်သာသိပေါ့။ တခြားလည်း မကြည့်တော့ပါဘူး။ ကိုယ့်အခြေနေနဲ့ ကိုယ် နေ ပေါ့လေ။

ထားပါတော့ …။ ၂၀၀၀ ခုနှစ် လောက်ကျတော့ ကျနော်ကစွတ်ရွတ်ပြီး အကြောင်းကြောင်းကြောင့် ရန်ကုန်ကို မမြင်မစမ်းနဲ့ အကန်းလို ရောက်လာတယ်။ ရောက်စ သွားစရာနေရာလည်းမရှိ၊ အိပ်စရာနတ္ထိပေါ့လေ။  ရွှေဂုံတိုင်ကျောက်ဖျာဟာ ဆိုဒိုးနားအိပ်ရာလို သဘောထားတာပါပဲ။ ဘူတာကြီးက တစ်ညအိပ် ခြောက်ဆယ် ဂုံနီအိတ်အိပ်ရာဆိုရင်တော့ ကျနော့်အတွက် အင်မတန်ကောင်းမွန်လုံခြုံတဲ့ မြကျောက်ဖျာပဲပေါ့။

ဒါလည်းအသာထား …။ တကယ့်ဇာတ်သွားကိုပြောချင်လို့ နည်းနည်းတော့ သည်းညည်းခံပေးပါ။ အဲ့လိုတောရောက် တောင်သွား ခွေးဝင်စားလိုနေရင်း ကျနော် ကံကောင်းသွားတယ်။ ကျနော့်ကို သိကြားမတယ် ပြောရမယ်။ တကယ်မတာက သိကြားမဟုတ်ဘူးဗျို့။ဆံပင်ရှည်ဖားလျားနဲ့ပန်းချီဆရာတစ်ယောက်ခင်ဗျ။ သိန်းသိန်းတဲ့ …။  သူ့နာမည်ရင်းက ကိုသိန်းလွင်ပါ၊ အသားမဲမဲ အရပ်ကလန်ကလားနဲ့။ သနားစိတ်ကတော့ အပြည့်အရှိသား။  သူကလည်း လူမိုက်ကံကောင်း …။ ရန်ကုန်မှာ နှစ်ပေါင်းသုံးဆယ်လောက် နေလာတာ တစ်ခါဖူးမျှ အိမ်ငှားနေရတယ်ဆိုတာ မရှိဘူးတဲ့။ သူ လက်ရှိနေတာက သုဝဏ္ဏက ဗိုလ်ချုပ်အိမ်ရာဆိုပဲ။

ဒါနဲ့ သူ့အိမ် ညဖက် ရောက်။ မနက်ထတော့မှ ကဗျာဆရာ ငနဲတစ်ယောက်ရှိတာ သိရတယ်ဗျ။ ကျနော်က ဟိုးကတည်းကပဲ ဒီလို ပန်းချီကဗျာဆရာတွေနဲ့ အဆက်စပ်ရှိတယ်ဗျ။ အဲ့တစ်ချက် ကံကောင်းစေတာပဲပေါ့လေ။ အနည်းဆုံး အိပ်ရာအတွက် မပူရဘူးပေါ့။ စားစရာတွက်တော့ ကြုံသလို အလုပ်ရှာရမှာပေါ့။ဒါပေမယ့် ခုန ကဗျာဆရာဝင်းမြင့်က ကျနော့်ကျွေးကျေးဇူးရှင် ဖြစ်လာတာပါပဲ။ သိန်းသိန်းသူငယ်ချင်း  ကိုမိုးကြီးကတော့ ကျွေးနေ ကျေးဇူးရှင်ပေါ့ဗျာ။ ဘယ်နှယ့် သိန်းသုံးလေးရာတန် အိမ်နဲ့ ဗိုလ်ချုပ်ရွာဆိုတဲ့ ဂုဏ်ပုဒ်အိမ်ရာကြီးမှာ စားစရာ ဗလာနတ္ထဆိုတော့ တွေးသာကြည့်ပေါ့လေ။

အဲ့ဒီသုဝဏ္ဏမှာကလည်း သင်္ကန်းကျွန်းမြို့နယ်ဥက္ကဌကြီး ဦးတင်မြနဲ့ နီးတယ်ဗျ။ အဲ့သည်တော့ အကြောင်းဆိုက်လာတော့ အဖွဲ့ချုပ်သင်္ကန်းကျွန်းမြို့နယ်ဥက္ကဌအိမ်ဟာ ကျနော့်ကွန်းခိုရာနဲ့ မနက်စာဖူလုံရာ ဖြစ်လာတယ်။
အဲ့ဒီကနေရုံးကလေး ဘာလေးသွားပေါ့လေ။

အဲ  … မေ့ကျန်ခဲ့လို့ တွံတေးမှာနေတုန်းကတည်းက အဖွဲ့ချုပ် တနင်္လာ၊ သောကြာတရားပွဲတွေ ရောက်ဖူးတယ်ဗျ။ စီအီးစီတွေက ထိပ်ကထိုင်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက်ဟောပြော၊ လာနားထောင်တဲ့သူတွေက မရှင်းတာ သိချင်တာ ရှိတာကိုမေးပေါ့ဗျာ။ ငွေကြေးကိစ္စရပ်တွေမေးတာမှာ အဘဦးလွင်ပြန်ဖြေတာကို အတော်လေး သဘောကျခဲ့ဖူးတယ်။

မေးတဲ့သူက… ဗမာနိုင်ငံမှာ တရုတ်နယ်စပ်မှာဆို တရုတ်ငွေသုံးပြီး၊ ထိုင်းနယ်စပ်မှာ ထိုင်းငွေတွေသုံးနေတဲ့အပေါ် ဘယ်လိုသဘောရသလဲ ဆိုတော့ -ကျုပ်နားလည်တာကတော့ နိုင်ငံတစ်နိုင်ငံဟာ ငွေတစ်မျိုးပဲသုံးတယ် ဆိုတဲ့ အဖြေပါ။ ဒီကြားထဲ ဗိုလ်ချုပ်ကြေးရုပ်မှာ လက်ကာပြထားတာ ဘာအဓိပ္ပါယ်လဲ လို့ မေးတဲ့သူကလည်း မေးသေးတယ်ဗျ။ ကျနော်တော့ ဒီဟာကိုပဲ နိုင်ငံရေးလို့ ထင်မှတ်ထားရတာပေါ့ဗျာ။

ခုနင်ကစကားဖြတ်ကိုပြန်ဆက်ရင် အဲ့ဒီသင်္ကန်းကျွန်းအဖွဲ့ချုပ်ဥက္ကဌက တစ်ယောက်တည်း နေတာဗျ။ ဒီတော့ သူ့အိမ်မှာက စနေ၊ တနင်္ဂနွေလို နေ့ဆို အဖွဲ့ချုပ်ဝင်တွေ တရုန်းရုန်းပေါ့ဗျာ။ ကုန်တာ ကျတာလေးတော့  ရှိသူစိုက် ပေါ့။ မရှိသူ ငိုက်ပေါ့။ ငိုက်ချင်ယောင်ဆောင်ရတာ ပေးစရာမရှိလို့။ အဲ့လို နေရင်းသား … လမ်းလည်း လျောက်ရသေးသဗျ။ အခုလက်ရှိနာမည်ကြီးနေတဲ့ စာရေးဆရာသင်းရီ ခေါ် သဲကုန်းအမတ် ဦးသိန်းထွန်းရယ်၊ ကျနော်ရယ် တတွဲထဲလို နေကြတာပေါ့လေ။

အဲ့တုန်းက ရံဖန်ရံခါ လမ်းလျောက်ပြီး ရုံးသွားတဲ့အခါလည်း သွားပေါ့။ မဖြူဖြူသင်းတို့နဲ့ကတော့ အတော်လေး အအစောကြီးက ရင်းနှီးနေကြပေါ့ဗျာ။ အခြားလူတွေလည်း အများကြီးရှိသေးတယ်ဗျ။ ကျနော်အဖွဲ့ချုပ်နဲ့
ပတ်သတ်ပြီး ရေးအုံးမယ်လည်း စိတ်ကူးထားတယ်ပေါ့ဗျာ။ လောလောဆယ်တော့ ဒီခုခံအားကျဆင်းမှုနဲ့ ပတ်သက်ခဲ့တာလေးတွေ ရေးမှာပါ။

(ဆက်လက်ဖော်ပြပါမည်)

(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်)

(ဓာတ်ပုံ – ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ဒီဇင်ဘာ က အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်ဖြူဖြူသင်း၏ လူနာဂေဟာသို့ သွားရောက်စဉ်ဓာတ်ပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်