ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဒေါင်းဝါဒနဲ့ဒေါင်းအလံ

May 16, 2012

မောင်စွမ်းရည်
မေ ၁၆၊ ၂၀၁၂
မိတ်ဆွေများ ခင်ဗျား ….

ဒီတပတ် ကျနော်ပြောမှာကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “ဒေါင်းဝါဒ” နဲ့ “ဒေါင်းအလံ” အကြောင်း ဖြစ်ပါတယ်။ ဆရာကြီးဟာ “ဒေါင်းဋီကာ” ဆိုတဲ့ ကျမ်းတစောင်ပြုစုပြီး မြန်မာတို့ရဲ့ဒေါင်းတဆိပ်သင်္ကေတ အကြောင်းကို မြန်မာ့အမျိုးသားနိုင်ငံရေးသဘောတရား အ ဖြစ် ပြုစုရေးသားဖူးပါတယ်။ ဋီကာဆိုတာ “အဖွင့်ကျမ်း” လို့ အဓိပ္ပါယ်ရပါတယ်။ ဒေါင်းဋီကာကို ၁၉၁၉ ခုနှစ် “၀ံသာနု” ခေါ်တဲ့ အမျိုးသား လှုပ်ရှားမှုကြီးလှိုင်းထချိန်မှာ ရေးခဲ့တာပါ။ ဆရာကြီးက အဲ့သလို အဖွင့်ဋီကာကျမ်းပေါင်း ဒါဇင်လောက်ရေးခဲ့ရာမှာ ဒေါင်းဋီကာဟာ အထင် ရှားဆုံးဖြစ်ပြီး အမျိုးသားကျောင်းတွေမှာ လဲ ကျောင်းသုံးဖတ်စာအုပ်တအုပ်အဖြစ် ပြဌာန်းခဲ့တဲ့ ကျမ်းတစောင်လဲဖြစ်ပါတယ်။ (ပြည်တွင်း ငြိမ်း ချမ်းရေးလှုပ်ရှားမှုခေတ်ကာလအတွင်းမှာ ဆရာကြီးကိုယ်တိုင် တိုက်တွန်းချက်အရ မန္တလေး ကြီးပွားရေး (လူထု) တိုက်က ဆရာကြီးရဲ့စာအုပ်အချို့ကို ပြန်လည်ပုံနှိပ်ထုတ်ဝေရာမှာ ဒေါင်းဋီကာလဲ ပါဝင်ခဲ့ပါတယ်)

ဒေါင်းဆိုတာ မြန်မာတို့ရဲ့ရှေးအစဉ်အလာအရ နေမင်းကြီးရဲ့အထိမ်းအမှတ်အဖြစ် သင်္ကေတပြုခဲ့ပြီးကိုလိုနီခေတ် အမျိုးသားလှုပ်ရှားမှုမှာ ပထမဆုံးနဲ့ အမြင့်မားဆုံးလွှင့်ထူခဲ့တဲ့ ၀ံသာနုလှုပ်ရှားမှုအလံတော်လည်းဖြစ်ခဲ့ပါတယ်။ (၀ံသာနုဆိုတာ ပါဠိစကား။ ၀ံသ+ အနု + ရက္ခိတ = အမျိုး + အစဉ် + စောင့်ရှောက်ရေးတရားလို့ အဓိပ္ပါယ်ရပါတယ်။ အဖျားဆွတ်ပြီး “၀ံသာနု” လို့ ခေါ်ရိုး ရှိခဲ့ပါတယ်) ၀ံသာနုခေတ်မှာ ဒေါင်းပုဝါ ဒေါင်းအလံတွေကလဲ အထူးခေတ်ထချိန်ဖြစ်ပါတယ်။ အဲ့ဒီခေတ်က ဒေါင်းတံဆိပ်က “ကဒေါင်း” ဖြစ်ပါတယ်။ (မြန်မာဘုရင်တွေ စတင်သုံးစွဲခဲ့တဲ့ ငွေဒင်္ဂါးမှာလဲ ဒေါင်းတံဆိပ်ခတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အဲ့ဒီခေတ်က တေးကဗျာတပုဒ် မှာ “ ခုခေတ်တွင် ခုကာလ ဒေါင်းရှိမှ လူလိမ္မာ ဒေါင်းမပါ လူပျိုပေါက်တို့ ကဲမရောက်ပါ” လို့ စပ်ဆိုခဲ့ကြဖူးပါတယ်။ ကျနော်တို့ခေတ်မှာ သီချင်းရေးကြတော့ “ဂုဏ် ဂုဏ် ဂုဏ်၊ ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်။ ငွေကိုသာ ရေလိုသုံးရင် လုပ်သမျှ တင့်တယ်” လို့ ဖွဲ့ ဆိုကြတဲ့ သဘော ဖြစ်ပါတယ်)

သခင်အောင်ဆန်းတို့ရဲ့ဒုတိယကောလိပ်သပိတ်ခေတ်မှာ ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲဒီရေ မြင့်သထက်မြင့်လာတဲ့အတွက် ခေတ်နဲ့အညီ “ခွပ်ဒေါင်း” အလံကို ပြောင်းလဲလွှင့်ထူလာခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာတော့ သခင်အောင်ဆန်ုးရဲ့သမီးနဲ့ ကျောင်းသားလူငယ် ထုကြီးက ခွပ်ဒေါင်းအလံကို လက်ဆင့်ကမ်းယူ လွှင့်ထူခဲ့ပါတယ်။ ဒါ့ကြောင့် ခွပ်ဒေါင်းအလံဟာ ၀ံသာနုခေတ်က ဒီနေ့ခေတ်အထိ နှစ်ပေါင်း ၁၀၀ နီးပါး တလူလူလွင့်နေဆဲ ဖြစ်ပါတယ်။

ဆရာကြီးရဲ့တစ်ဒါဇင်မျှရှိတဲ့ဋီကာတွေကို ကျနော်တို့ ကျောင်းဆရာတွေ ကျောင်းသားတွေရဲ့ထုံးစံနဲ့ အညီ “ ဗိုလ် ဒေါင်း ဘွိုင်းကောက် ခွေး မျောက် မြင်း ကြာ၊ စုံနံသာနှင့် ဆွာရပ် ဂဠုန် သူပုန် ဂုဏ်ပြု ဋီကာစု” လို့ အတိုကောက် လင်္ကာစပ်ပြီး မှတ်သားထားခဲ့ဖူးပါတယ်။ ဒေါင်းဋီကာ၊ ဗိုလ်ဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ မျောက်ဋီကာ၊ ဂဠုန်ပျံ ဒီပနီဋီကာ စသဖြင့် ထင်ရှားပါတယ်။ (အဲ့ဒါတွေထဲက ဘွိုင်းကောက် ဋီကာဆိုတာ ပထမတက္ကသိုလ် သပိတ်မှောက်ပွဲတုန်းက “သပိတ်မှောက်” ဆိုတဲ့ ဝေါဟာရမပေါ်သေးလို့ အင်္ဂလိပ်စကားနဲ့ ဘွိုင်းကောက် (Boycott) ကို ယူပြီးသုံးစွဲခဲ့တာပါ။ ခွေးဋီကာဆိုတာ သူ့တပည့်နိုင်ငံရေးခေါင်းဆောင်တွေကို အင်္ဂလိပ်အစိုးရပစ်ပေးတဲ့ ငါးထောင်စား အ မတ်ရာထူးကို ခွေးတွေ အမဲရိုးလုသလို လုကြ ကိုက်ကြ ခဲကြပုံကို ရှုံ့ချရေးသားခဲ့တာပါ၊ အဲ့သလို အဖွင့်ကျမ်း အကျယ်ချဲ့တဲ့ကျမ်းတွေကို ဋီကာနဲ့ အားမရရင် ဒီပနီ၊ ဂဏ္ဍိ စသဖြင့် ကျမ်းတွေ ဆက်လက်ပြုစုလေ့ရှိပါတယ်) အဲ့ဒီ ဋီကာကျမ်းတွေဟာ အင်္ဂလိပ်အစိုးရကို တိုက်ပွဲဝင်တဲ့ သမိုင်းစဉ် ကျမ်းတွေပါပဲ။ သပိတ်မှောက်တာကအစ သူပုန်ထတာအထိ လှုံ့ဆော်အားပေးတဲ့ကျမ်းတွေ ဖြစ်ပါတယ်။

(ဒါ့ကြောင့်လဲ အင်္ဂလိပ်အစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သူတို့ရဲ့ “ရန်သူတော် နံပါတ် ၁” အဖြစ် စာရင်းတင်ခဲ့တာ ဖြစ်ပါတယ်။) ဂဠုန်ပျံ ဒီပနီ ဋီကာဆိုရင် တောင်သူလယ်သမား သူပုန်ထမှုကြီးဖြစ်တဲ့ ဆရာစံသူပုန်ကြီးကို ဂုဏ်ပြုဖွဲ့ဆိုရေးသားထားတဲ့ကျမ်းဖြစ်ပါတယ်။ ခေတ်ပညာတတ်ဆိုတဲ့နိုင်ငံရေးသမားတွေက ဂဠုန်သူပုန်ထမှုကို ထောက်ခံအားပေးဖို့အရေးမှာတွေဝေနေစဉ် ဆရာကြီးက “ရဂုစံ ချစ်စရာ တပည့်တို့မှာ လဥုံအရဟံ သစ္စာကတိတွေနဲ့၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့” လို့ “သရဏဂုံသုံးပါးနဲ့ ချိတ်ဆက်ရေးဖွဲ့ ထားတဲ့ လေးချိုးကြီးနဲ့ အစချီပြီး စာတစောင် ပေတဖွဲ့အဖြစ် ဂုဏ်ပြုအားပေးခဲ့ပါတယ်။ ဒီလိုရေးဖွဲပုံမျိုးဟာလဲ ကြီးကျယ်ခမ်းနားလွန်းလို့ ဆရာကြီးမို့သာ ရေးရဲ ရေးနိုင်စွမ်းပေတကားလို့ တွေးတောအံ့သြရပါတယ်။ ခုလို ကျနော်တို့မျက်မှောက်ခေတ်မှာ မြန်မာပြည်သူတွေ ခွပ်ဒေါင်းအလံ တလူလူ လွှင့်ထူနေတာကို ဆရာကြီးသာ သက်ရှိထင်ရှားရှိပြီး မြင်တွေ့ရရင် “သြောင်း..အရဟံသစ္စာ ကတိတွေနဲ့ ဒေါင်းအလံကိုသာ ဂစ္ဆာမိကြပေတော့” လို့ ရေးဖွဲ့အုံးမှာ မုချပါပဲလို့ တွေးတောနေမိပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဋီကာတွေ ဒီပနီတွေ ဂဏ္ဍိတွေမှာ လေးချိုးကြီး ကဗျာတလှည့် အဖွင့်စကားပြေတလှည့်နဲ့ ယောဂီရ သေ့ကြီးက တပည့်မတွေနဲ့ အချီအချ စကားပြောဟန်နဲ့ ရေးသားလေ့ရှိပါတယ်။

ဒေါင်းဋီကာမှာတော့ ဂျီစီဘီအေခေါ် “ဗုဒ္ဓဘာသာ ကလျာဏ ယုဝ” အသင်းကြီး (၁၉၀၆) ကို စတင်တည်ထောင်သူတဦးဖြစ်တဲ့ ဦးဘဖေနဲ့ ဦးပု၊ ဦးထွန်းရှိန်တို့ ၀ံသာနုခေါင်းဆောင်သုံးဦး ဘိလပ်ကိုသွားရောက်ပြီး မြန်မာနိုင်ငံအုပ်ချုပ်ရေးကို တိုးတက်ကောင်းမွန်အောင်ပြုပြင်ဖို့ ပထမဆုံးအကြိမ် သွားရောက်အရေးဆိုတာကို ဂုဏ်ပြုဖွဲ့ဆိုတဲ့ လေးချိုးကြီးပါရှိပါတယ်။ “ဖေ ပု ရှိန် အင်္ဂလန်နန်းမြေသွားတို့ကိုဖြင့် သပြေ နုချိန် တင်ရန် ပန်းတွေကလဲ များလိုက်ပါဘိသနဲ့” လို့ စသဖြင့် ဖွဲ့ ဆိုထားပါတယ်။ “အပေါင်းဘ၀င် ချမ်းစေဖို့ အကောင်းတမင် မှန်းမှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံထူ” လို့ ဖွဲ့ဆိုကာ ဒေါင်းအလံကို စတင်လွှင့်ထူလိုက်ပြီး “ကောင်းအတိတ်နဲ့ ကြောင်းနိမိတ်ထွေရာစော လိုက်တော့ သောင်းထိပ် ရွှေမြန်မာတကြောမှာဖြင့် ဒေါင်းပရိတ်တော်ကြောင့် ကောင်းဟိတ်ဇေယျာသော” လို့ အောင်ဆုပထနာပြုခဲ့ပါတယ်။

အဲ့သလို ဖေ ပု ရှိန် အင်္ဂလန်သွားတာကို ပြည်သူလူထုကြီးက ရန်ကုန် ဂျူဗလီဟောမှာ လူထုဆန္ဒပြပွဲကြီး ပြုလုပ်ထောက်ခံခဲ့ကြပါတယ်။ ခေတ်သစ်အမျိုးသားရေးလှုပ်ရှားမှုသမိုင်းမှာ ဂျူဗလီဟော လူထုဆန္ဒပြပွဲကြီးဟာ ပထမဆုံးနဲ့ အကြီးမားဆုံးဆန္ဒပြပွဲကြီးအဖြစ် မော်ကွန်းတင် ရစ်ပါတယ်။ ဒီပွဲကြီးအကြောင်းကို ဆရာကြီးက လေးချိုးကဗျာကြီးနဲ့ဂုဏ်ပြုဖွဲ့ဆိုတဲ့အခါ “ပြည်ပေါ်မဟီတွင်မဖြင့် အညီနော်ဝေမည် ဝေမည်နဲ့ ဒီမော်ကရေစီ ရွေညီပွဲတွင်မှ မရအနေ၊ မြန်မာ့မြေကလဲ ခဲမည်လို့ အခြေဆင်တယ်နော်ကွယ် နွှဲကြလေအင်” လို့ ရေးဖွဲ့ထားတာ တွေ့ရတော့ ၁၉၁၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှု့တွေအတွင်း ဆရာကြီး စတင်ရောက်လာကတည်းက “ဒီမော်ကရေစီ” အရေးကို ဒေါင်းအလံလွှင့်ထူပြီး တိုက်ပွဲဝင်ခဲ့တာပါကလားလို့ အားရ၀မ်းသာ အံ့သြဂုဏ်ယူမိပါတယ်။

နောက်ထပ်ပြီး ဋီကာတွေ ဒီပနီတွေ ဆက်လက်ရေးသားပြုစုတဲ့အခါ၊ “နေသောင်းထောင် အရောင်မညိုးသလိုပ ပြေကောင်းအောင် ဆောင်မကိုးရယ်လို့ ရွှေဒေါင်းတောင်ကလောင်တမျိုးရယ်နဲ့ တောင်ရိုးမှာ ဆရာမြဲမပေါ့” လို့ အားခဲတိုက်ပွဲဝင်ခဲ့ပုံကိုဖေါ်ထုတ်ရင်း တိုက်ပွဲဝင် ကလောင်ကိုလဲ “ရွှေဒေါင်းတောင်ကလောင်” လို့ ဘွဲ့အမည်တပ်ကာ မော်ကွန်းတင်ခဲ့ပါတယ်။ ခုလို မြန်မာပြည်မှာ ဒေါင်းအလံတလူလူ လွှင့်ထူပြီး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့အဆင့်သစ်တခု အောင်ပွဲခံနေတာမျိုးကို ဆရာကြီး သက်ရှိထင်ရှား မြင်ခွင့်ကြုံလိုက်ရင် “သြောင်း..အရဟံ သစ္စကတိတွေနဲ့ ဒေါင်းအလံ ဂစ္ဆာမိကြလေပြီတကား” ဥဒါန်းကျူးမှာ မုချမလွဲပါဘူးလို့ တွေးတောရင်း မျက်မှောက်ခေတ် ဒို့ဗမာ ကလောင်ရှင်တွေလဲ ရွှေဒေါင်းတောင်ကလောင်ကို ဆက်လက်ပြီး စွဲမြဲစွာကိုင်ဆောင်နိုင်ကြပါစေသော ဆုတောင်းပထနာ အမွှန်းနဲ့ ဆရာစွမ်းရဲ့ဗမာအလွမ်းစာကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။

(ဗွီအိုအေ သက်ကြီးစကားအစီအစဉ်မှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်