အပြောင်းအလဲနဲ့ အလဲအပြောင်း

May 17, 2012
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မေ ၁၇၊ ၂၀၁၂
“မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း’’ ဆိုတဲ့ အခြေအနေရောက်အောင် ပြုလုပ်တဲ့အခါမှာ တခါတည်း ခေါင်းနဲ့ပန်းလှန်သလို ပြောင်းပြီး လဲပစ်မလား၊ တဆင့်ချင်း လဲပြီးတော့မှ ပြောင်းယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်းဟာ ခေါင်း ဆောင်ကောင်းတို့ရဲ့ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ’’

(တောင်တွင်းကြီး၊ နတ်မှီတောရဆရာတော်ကြီး)

၁၃၃၅-၃၆ (၁၉၇၄-၇၅) ခုနှစ်များက ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်မှာပြုလုပ်တဲ့ နိကာယ်ငါးရပ်သင်တန်းမှာ မြတ်စွာဘုရားရှင်ရဲ့ တရားဦးဒေသနာ (ဓမ္မစကြာ) နဲ့ပတ်သက်လို့ အတော်လေး အကျယ်တ၀င့် ဆွေးနွေးပြောဆိုကြပါတယ်။

သင်တန်းတာဝန်ခံ (စာချ) ဖြစ်တဲ့ ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးက “ဗုဒ္ဓပွင့်တော်မူချိန်အထိ မဇ္ဈိမဒေသမှာ အဓိကလွှမ်းမိုးထားတဲ့ အယူဝါဒက အတ္တ၀ါဒ’’ ပဲ။ အတ္တ၀ါဒဆိုတာ အကျဉ်းချုပ်ကတော့ နိစ္စ = မြဲတယ်၊ ဓူဝ = ခိုင်ခန့်တယ်။ သဿတ = ဒီအတ္တကလေးချည်း တစ်ဆက်တည်းဖြစ်နေတယ်။ အ၀ိနာသီ = ဒီအတ္တကလေးဟာ ပျက်စီးခြင်းလည်း မရှိဘူး။ သဗ္ဗဗျာပီ = တကိုယ်လုံးမှာရော အရာခပ်သိမ်းမှာပါ ပံျ့နှံ့ပြီး တည်နေတယ်။ သယံဝသီ = အဲဒီအတ္တရဲ့ အလိုကျအတိုင်းသာအရာရာက လိုက်နေရတယ်’’ လို့ ယုံကြည်လက်ခံတဲ့ဝါဒပေါ့။

“ဆင်းရဲကင်းပျောက် ချမ်းသာရောက်ရေး’’ ဆိုတဲ့နေရာမှာလည်း ဒီအတ္တကို အခြေခံ အရှိအဖြစ် ခံယူပြီးတော့ပဲ အတ္တရဲ့အလိုကျ လိုအပ်သမျှ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ရှာဖွေခံစားပေးခြင်းဟာ ချမ်းသာအစစ်ပဲလို့ခံယူပြီး အမြဲကြိုးစားကျင့်သုံးကြတဲ့ “ကာမသုခလ္လိကာနု ယောဂ’’ အုပ်စုရယ်၊ ဒီအတ္တကလေး ဒီခန္ဓာကိုယ်ကြီးကို ငြီးငွေ့စွန့်ခွာပြီး မဟာပရမတ္ထမလို့ခေါ်တဲ့ မူလအတ္တကြီးဆီပြန်ရောက်မှ ချမ်းသာ အစစ်ကိုရရှိမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတဲ့ အတ္တကလေးကို အမျိုးမျိုးညှဉ်းဆဲကျင့်သုံးတဲ့ “အတ္တကိလမထာနုယော ဂ’’ အုပ်စုရယ်ဆိုပြီး အုပ်စုနှစ်မျိုးကွဲသွားတာပါ။

တို့မြတ်စွာဘုရားရှင်လည်း အလောင်းတော်သိဒ္ဓတ္ထမင်းသားဘ၀မှာ ဒီအစွန်းနှစ်ခုလုံးကို ကိုယ်တိုင်ကျင့်သုံးခဲ့တာပဲမဟုတ်လား။ ကပိလ၀တ် နန်းတော်ထဲမှာ ကာမသုခလ္လိကာနုယောဂအကျင့်ကိုလည်း သူမတူအစွန်းရောက်အောင် ကျင့်သုံးခဲ့တာပဲ။ “အတ္တ’’ဆိုတာ သူ့အလိုအတိုင်း ဖြစ်စေတယ်လို့ ဆိုထားပေမယ့် တကယ့်လက်တွေ့မှာ အိုတာ၊ နာတာ၊ သေတာကိုကျတော့သူဘာမှ မတတ်နိုင်ဘူးဆိုတာလည်း သိရော တစ်ခါတည်း ဥရုဝေလတောအရောက် ထွက်သွားတော့တာပဲ။

ကပိလ၀တ်နန်းတော်ထဲတုန်းက အတ္တရဲ့ အလိုလိုက် အကြိုက်ဆောင်ပေးနေပေမယ့် တကယ့်ဒုက္ခကို မငြိမ်းစေဘူးဆိုတဲ့ သတိသံဝေဂရခဲ့ပေ မယ့် “အတ္တဆိုတာ ရှိကို မရှိဘူး၊ အနတ္တပဲ’’ ဆိုတဲ့အသိမျိုးတော့ မရခဲ့ဘူးလေ။ ဒါကြောင့်လည်း ဥရုဝေလတောထဲရောက်တော့ အဲဒီအတ္တ ကလေးကိုပဲ အရှိလို့ ထင်မြဲထင်နေပြီး ကျင့်သုံးတဲ့နေရာမှာတော့ နန်းတော်ထဲကနဲ့ ဆန့်ကျင်ဘက်အဖြစ်နဲ့ အတ္တကို လုံးဝအလိုမလိုက်ဘဲ ဆန့်ကျင်ညှင်းဆဲတဲ့အကျင့်ကို ကျင့်ပြန်ရော။ ဒါဟာလည်း နောက်ဆုံးတော့ “သေဖို့ပဲရှိတော့တယ်’’ ဆိုတဲ့အခြေအနေရောက်လာတော့မှ ကောင်းကောင်းကြီး သံဝေဂရသွားတော့တာ။

အတ္တဆိုတာ “သယံဝသီ = သူ့အလိုကျအတိုင်း ဖြစ်ရမယ်’’ ဆိုပေမယ့် အခုလို အစားအသောက်ပါဖြတ်လိုက်တဲ့ အခါမှာတော့ ဒါရဲ့ဆိုးကျိုးက အတ္တကို ထိခိုက်တာမတွေ့ရဘဲ ခန္ဓာကိုယ်ကြီးကိုပဲ ထိခိုက်တော့တာကိုး။ အဲဒီတော့မှ “အတ္တ’’ ဆိုတာ မရေရာ မသေချာတဲ့ အယူဝါဒတစ် ခုပဲဆိုတာကို ရေးရေးသဘောပေါက်လာတာ။

ဒါနဲ့ အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ အတ္တဆိုတာကို ဂရုမစိုက်တော့ဘဲ ခန္ဓာကိုယ်ကို ရပ်တည်နိုင်စေမယ့်အစားအစာကို စားသုံးပြီး ဗောဓိမဏ္ဍိုင်ကို ကြွတော့တာပေါ့။ ဗောဓိပင်ခြေရောက်တဲ့အခါ အတ္တအကြောင်းကိုမစဉ်းစားတော့ဘဲ ခန္ဓာကိုယ်ရဲ့ တကယ့်အရှိတရားကို ရှာဖွေသုံးသပ်မိရာက တကယ့်တရားစစ် တရားမှန်ကို ရှာဖွေတွေ့ရှိပြီး သဗ္ဗညုဘုရားအဖြစ်ရောက်သွားတာပေါ့။

ဒီနေရာမှာ တပည့်သားများအနေနဲ့ နှိုင်းယှဉ်သတိထားစရာ အချက်တစ်ခုရှိတယ်။ မြတ်စွာဘုရားရှင်ဟာ ကိုယ်တိုင်ဘုရားဖြစ်ဖို့အရေးမှာ ကပိလ၀တ်နန်းတော်ထဲက ထွက်ခဲ့ပြီးနောက် ဥရုဝေလတောထဲမှာ ခြောက်နှစ်လုံးလုံးမျက်စေ့လည်ခဲ့ရတာ။ ဒါကြောင့် တောထွက်ချိန်ကစပြီး ဘုရားဖြစ်ချိန်အထိ အချိန် (၆) နှစ်တောင်ကြာသွားခဲ့တယ်။ အဲ ..တပည့်သားများကျတော့ ပထမဆုံး တပည့်ဦးကြီးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ ဟာ တရားဟောလို့ (၆) ရက်မြောက်မှာပဲ အနတ္တလက္ခဏသုတ်ကိုဟောလိုက်တော့ အားလုံးအာသဝေါကုန်ခန်းတဲ့ ရဟန္တာတွေ ဖြစ်ကုန်ကြ တယ်။ တချို့တပည့်သားတွေဆိုရင် တခဏချင်းနဲ့တောင် ရဟန္တာတွေ ဖြစ်ကုန်ကြတာရှိတယ်လေ။ ဒီနေရာမှာ ဘုရားရှင်ရဲ့ “သတ္ထာဒေ၀မနု ဿာနံ = နတ်လူအပေါင်းတို့ရဲ့ ဆရာကောင်း ခေါင်းဆောင်ရှေ့သွားကောင်းဖြစ်တယ်’’ ဆိုတဲ့ဂုဏ်ဟာ အလွန်ထင်ရှားတယ်ဆိုပြီး ဆရာ တော်က စကားကိုခဏရပ်လိုက်ပါတယ်။

“ဆရာတော် ခေါင်းဆောင်ကောင်းပီသပုံလေးလဲ ထင်ရှားအောင် နည်းနည်းချဲ့ပြီး ပြောပေးပါဦးဘုရား’’လို့ လျှောက်ထားကြတဲ့အခါ ဆရာတော်က – ဘုရားပွင့်တဲ့အချိန်မှာ ရာဇဂြိုဟ်ဝန်းကျင်မှာ ထင်ရှားတဲ့ဘာသာရေးဂိုဏ်းကြီးခြောက်ဂိုဏ်းဆိုတာ ထင်ရှားရှိနေပြီ။ အဲဒီ ဂိုဏ်းကြီးတွေကို အသီးအသီးဦးဆောင်ကြတဲ့ ဂိုဏ်းဆရာကြီးတွေက ပုရာဏကဿပစတဲ့ ဆရာကြီးတွေပေါ့။ အဲဒါအရှင်တို့လည်း သိကြပြီးသားပဲ။ အဲဒီဂိုဏ်းဆရာကြီးတွေဟာ အမှားနဲ့အမှန်ကွဲပြားအောင် ဘာကျင့်စဉ်မှ ဟုတ်တိပတ်တိ ကျင့်ကြဖူးတာမဟုတ်ဘူး။ သူတို့ စိတ်ကူးရသလို တချို့လည်း ကြားဖူးနားဝရှိတဲ့အထဲက သူတို့စိတ်ကူးနဲ့တည့်သလိုရှောင်ဖို့ ပညတ်တာတွေလည်းရှိတယ်။ ဆောင်ဖို့ တိုက် တွန်းတာတွေလည်း ရှိတယ်။ သူတို့ကသာ ဂိုဏ်းဆရာကြီးတွေအဖြစ်နဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး အခန့်သားအပူဇော်ခံနေကြပေမယ့် သူတို့ ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ရှောင်ကြ၊ ဆောင်ကြလို့ဘယ်တပည့်မှတော့ ဆင်းရဲဒုက္ခလွတ်ငြိမ်းချမ်းသာသွားတယ်လို့ မရှိပါဘူး။ ဒါပေမယ့် သူတို့ကတော့ ဇွတ်အတင်းပဲ လိုက်နာခိုင်းနေကြတာပဲ။

လူတွေဆိုတာကတော့ ဆင်းရဲကိုကြောက်ပြီး ချမ်းသာကိုမျှော်နေကြတာဆိုတော့ ဘာရယ်လို့ မဟုတ်ဘူး။ အပြောအဟောကောင်းတာကို ရမ်းယုံလိုက်ကြတာပ။ဲ ပြီးတော့ “မောဟစရိတိတဿ အာဓာနဂ္ဂါဟိတိတာ ဒုပုပ္ပဋိနိဿိဂ္ဂိတိတာ = အသိဉာဏ်ချို့တဲ့သူမူများဟာ အယူအစွဲ ပြင်းထန်သလောက် အယူဝူ၀ါဒကို စွန့်လွှတ်ဖို့ခဲယဲယဉ်းကြတယ်’’ (၀သိဒုမ္ဓိဂ် – ၁၀၃) ဆတိုအတိုင်း အယယူဝါဒကို ယုံကြည်လက်ခံပြီးရင်လည်း “အမှားကြာတော့ အမှန်ဖြစ်၊ အမှန်အစစ် အမှားထင်၊ ဘုရားပင် ကုလို့မရ’’ ဆိုတာမျိုးတွေ ဖြစ်ကုန်တတ်ကြတော့ ဒီဆရာကြီးတွေရဲ့ နောက် လိုက်တွေမှန်သမျှဟာ အယူဝါဒတခုရဲ့ အစမ်းသပ်ခံသားကောင်များဘ၀နဲ့ပဲ “နေလည်း ဆင်းရဲ၊ သေလည်း ဆင်းရဲ’’ ဆိုတဲ့ အဖြစ်မျိုးနဲ့ ရခဲ တဲ့ လူ့ဘ၀ကြီးတစ်ခုလုံး အချည်းအနှီး ဆုံးရှုံးနစ်နာသွားကြတယ်။

မြတ်စွာဘုရားရှင်ကို နတ်လူအပေါင်းတို့ရဲ့ ရှေ့သွားခေါင်းဆောင်ကောင်း (သတ္ထာဒေ၀မနုဿာန) လို့ဆိုရတာက မြတ်စွာဘုရားရှင်အနေနဲ့ ရှောင်ရှားရမည့် အစွန်းကျင့်စဉ်မှားနှစ်ခုနဲ့ပတ်သက်ပြီး အစမ်းသပ်ခံသားကောင်အဖြစ်နဲ့ ဘယ်တပည့်သားကိုမှ အသုံးမချဘူး။ သူ့ကိုယ်သူ သာ အသုံးချခဲ့တာ။ အစွန်းမှားနှစ်ခုထဲက အတ္တကိလမထ အစွန်းမှားကျင့်စဉ်ဆိုတာ တကယ့်အာဇာနည်စစ်စစ်ဖြစ်တဲ့ အလောင်းတော်ကြီး မို့သာခံနိုင်တာ။ သာမန်ပုဂ္ဂိုလ်မျိုးဆိုရင် ခြောက်နှစ်မပြောနဲ့ ခြောက်ရက်အထိခံနိုင်ရင်ကံကောင်း။

ဒါကြောင့်လည်း ဘုရားအလောင်းတော်ဟာ ကိုယ်တိုင်အစမ်းသပ်ခံအဖြစ်နဲ့ ခြောက်နှစ်အထိ အစမ်းသပ်ခံပြီးတဲ့အခါ “ဒုက္ခော = ဆင်းရဲရုံ သက်သက်ဖြစ်တယ်။ အနတ္ထသံဟိတော = ဘာကောင်းကျိုးမှ မရနိုင်ဘူး’’ ဆိုပြီး ယတိဖြတ်ဆုံးဖြတ်လိုက်တယ်။ နောင်လာနောက်သား တပည့်များအနေနဲ့ ဒီလိုအမှားစွန်းရောက်အောင် အစမ်းသပ်ခံစရာမလိုတော့ဘူး။ ဒါကြောင့်လည်း ဘုရားကိုယ်တော်တိုင် ဘုရားဖြစ်ရေး အားထုတ်ရာမှာ ခြောက်နှစ်အထိကြာခဲ့ပေမယ့် တပည့်တွေကျတော့ ဉာဏ်ဓာတ်ခံကြီးရင် ကြီးသလို တချို့အချိန်ပိုင်းအတွင်း၊ တချို့ ရက် ပိုင်းအတွင်း ကျင့်ဖွယ်ကိစ္စတွေ ပြီးမြောက်သွားကြတာပေါ့။

ဒါဟာ ခေါင်းဆောင်ကောင်း ဆရာကောင်းတို့ရဲ့ နောက်လိုက်တပည့်ဖြစ်ရခြင်းရဲ့အကျိုးပဲ။ ဘုရားရှင်ကို ခေါင်းဆောင်ကောင်း ဆရာကောင်းလို့ ချီးကျူးဂုဏ်ပြုရတာဟာလည်း အမှားရဲ့ဒဏ်ကို အများ (နောက်လိုက်တွေ) မခံရစေဘဲ ကိုယ်တိုင်အစမ်းသပ်ခံ အဆင်းရဲခံပြီးမှ လမ်းမှန်ကို ချွင်းချက်မရှိ တိတိကျကျ ညွှန်ပြဦးဆောင်နိုင်လို့ပဲပေါ့။

ကိုယ်တိုင်စမ်းသပ်ခံရခြင်းရဲ့ကျေးဇူးက ဘယ်လောက်ထိရောက်မှုရှိသလဲဆိုရင် ကာမသုခလ္လိကအစွန်းကို ပယ်ရမယ်ဆိုတဲ့ကိစ္စမှာ သာမန် တစ်ယောက်ယောက်ကသာပြောမယ်ဆိုရင် “စပျစ်သီးမှည့်ကိုမမှီလို့ ချဉ်တယ်ပြောနေတာ’’ ဆိုတာမျိုးဖြစ်နေမှာ။ ခုတော့ စကြာဝတေးမင်း ဖြစ်မည့်စည်းစိမ်ကိုတောင်စွန့်ခဲ့တာဆိုတော့ ဘယ်သူမှအပြစ်မပြောသာတော့ဘူး။ ပြီးတော့ အတ္တကိလမထကျင့်စဉ်ဆိုတာ အဲဒီခေတ်တုန်း က လူအလေးစားဆုံး အထင်အကြီးဆုံး အကျင့်လေး။ သာမန်ပုဂ္ဂိုလ်ကသာ ဒီအကျင့်မျိုးကိုပယ်ရမယ်လို့ပြောရင် “သူမကျင့်နိုင်လို့ အပြစ် ပြောတာ’’ လို့ အထွန့်တက်ခံရမှာပေါ့။ ကိုယ်တိုင်ခြောက်နှစ်ကြီးများတောင် စံချိန်ချိုးပြီးကျင့်ခဲ့တာဆိုတော့ ဘယ်သူကမှ အပြစ်မပြောနိုင် တော့ဘူး။ အစွန်းတရားတွေဟာ အမှားတွေဖြစ်ပေမယ့် တရားဦးကိုတော့ အများကြီးကျေးဇူးပြုခဲ့တယ်မဟုတ်လား။ အဲဒါ ကိုယ်တိုင် အစမ်း သပ်ခံခဲ့လို့ပဲပေါ့။ လောကမှာ နောက်လိုက်တပည့်သားများကို စွန့်လွှတ်အနစ်နာခံကြဖို့ပြောဆိုတဲ့ခေါင်းဆောင်မျိုးတွေ ပေါလှပေမယ့် ကိုယ်တိုင်စံပြဖြစ်အောင် စွန်လွှတ်အနစ်နာခံတဲ့ခေါင်းဆောင်မျိုးကအရှားသား မဟုတ်လား။ ဒါကြောင့် တရားဦးဓမ္မစကြာကို သေသေ ချာ ချာလေ့လာကြည့်ရင် ဘုရားရှင်ရဲ့ ခေါင်းဆောင်ကောင်းပီသမှုဟာ အလွန်ထင်ရှားတယ်လို့ပြောတာ။

အဲ .. နောက်တချက်က လူအများ လက်ခံယုံကြည်နေကြတဲ့ “အတ္တ’’ဆိုတဲ့ဝါဒကြီးဟာ မရှိကို အရှိထင်နေကြတဲ့ဝါဒကြီးသာ ဖြစ်တယ်။ တ ကယ့်အမှန်အကန်တရားက အတ္တမရှိတဲ့ “အနတ္တ’’ သာဖြစ်တယ်လို့ သိမြင်တော်မူပြီးတဲ့ အနတ္တ၀ါဒီဘုရားရှင်ဟာ ပထမဆုံးတရားဦးအဖြစ် ရွေးချယ်ရာမှာ အနတ္တလက္ခဏသုတ်ကိုမရွေးချယ်ဘဲ ဓမ္မစက္ကပ၀တ္တနသုတ်ကိုသာ ရွေးချယ်ဟောကြားတော်မူတယ်။ ဒီသုတ်ကို ငါးရက်လုံး လုံး ဟောကြားတော်မူစဉ်မှာ “အနတ္တ’’ ဆိုတာနဲ့ပတ်သက်လို့ တစ်လုံးတပါဒမျှဟောမသွားခဲ့ဘူး။ ဒါဟာလည်း အလွန်အရေးပါတဲ့ ရွေးချယ် ဟောပြောမှုပဲ။ မြတ်စွာဘုရားရှင်ရဲ့ အဟောအပြောလိမ္မာမှု ဒေသနာကောသလ္လဉာဏ်တော်အစွမ်းကလည်း အလွန့်ကိုအံမခန်းပဲ။ ဒီအ ကြောင်းအရာကတော့ မဇ္ဈိမဒေသရဲ့ ဘာသာရေးအတွေးအခေါ်များနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ နတ်မှီဆရာတော်ကိုယ်တိုင် ရှင်းပြ တာ ပိုပြီးကောင်းပါလိမ့်မယ်။ ဆရာတော် ရှင်းပြပေးပါဦးဆိုပြီး ပြောဆိုလျှောက်ထားလိုက်ပါတယ်။

ဆရာတော်ကြီးက – “အဘိဓမ္မာတစ်ရပ်မှာပဲ ဖြစ်ဖြစ်၊ အယူဝါဒတစ်ခုခုမှာပဲဖြစ်ဖြစ်၊ ခေတ်စနစ်တစ်ခုမှာပဲဖြစ်ဖြစ်၊ မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း’’ ဆိုတဲ့အခြေအနေရောက်အောင်ပြုလုပ်တဲ့အခါမှာ တစ်ခါတည်း ခေါင်းနဲ့ပန်းလှန်သလိုပြောင်းပြီး လဲပစ်မလား၊ တဆင့် ချင်းလဲပြီးတော့မှ ပြောင်းယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရေးဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အလွန် အရေး ကြီးတဲ့အရည်အချင်းတစ်ခုပဲ။ စပ်ကူးမတ်ကူးဆိုတဲ့ကာလမျိုးမှာ ဦးဆောင်တဲ့ပုဂ္ဂိုလ်ရဲ့ ဒီဆုံးဖြတ်ချက် အမှားအမှန်ဟာ အဖွဲအစည်းတစ်ခုရဲ့ အောင်မြင်တည်တံ့မှုနဲ့ ဆုံးရှုံးပျက်စီးမှုကို အဆုံးအဖြတ်ပေးသွားမှာ။

ဦးဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်ကောင်း ဟုတ်, မဟုတ်ဆိုတာဟာလည်း သူ့ရဲ့မှန်ကန်တဲ့ ဆုံးဖြတ်လုပ်ကိုင်မှုနဲ့ အောင်မြင်တည်တံ့မှုကို ကြည့်ပြီးတော့ပဲ သတ်မှတ်ကြတာမဟုတ်လား။ အခုန ကွင်းကျောင်းဆရာတော်ပြောသွားသလိုပဲ မြတ်စွာဘုရားရှင်အနေနဲ့ ပထမဆုံးသာသ နာပြုတရားအဖြစ်နဲ့ မိဂဒါဝုန်တောမှာ တရားဟောပြရမှာက ပဉ္စ၀ဂ္ဂီငါးဦးတို့ဖြစ်နေတယ်။ ဒါက ပထမဆုံး အလေးအနက်ထားစဉ်းစားရမယ့် ကိစ္စပဲ။ ဒီနေရာမှာ ပဉ္စ၀ဂ္ဂီငါးဦးတို့မဟုတ်ဘဲ တခြားပုဂ္ဂိုလ်တစ်ဦးဦးလည်း ဖြစ်ခဲ့မယ်၊ အဲဒီပုဂ္ဂိုလ်ကလည်း အယူဝါဒနဲ့ပတ်သက်လို့ အမှားနဲ့ အမှန်ကိုသာ တိတိကျကျသိချင်တယ်လို့ဆိုလာရင်တော့ ဘုရားရှင်အနေနဲ့ ဘာမှသိပ်ရှည်ရှည်ဝေးဝေးပြောစရာမလိုဘူး။ “သင်တို့ အများစု ယုံကြည်လက်ခံနေကြတဲ့ “အတ္တ’’ ဆိုတဲ့ အယူဝါဒဟာ မှားတယ်။ ငါဘုရားရှင် ရှာဖွေတွေ့ရှိထားတဲ့ “အနတ္တ’’ သဘောတရားကသာ အ မှန်ဖြစ်တယ်’’ လို့ ပြောဆိုလိုက်ရုံပဲရှိမှာပေါ့။

ဒါပေမယ့် အခုတရားနာကြမည့်ပုဂ္ဂိုလ်တွေက ပဉ္စ၀ဂ္ဂီငါးဦးဖြစ်နေတယ်လေ။ အားလုံးသိထားတဲ့အတိုင်းပဲ ပဉ္စ၀ဂ္ဂီငါးဦးထဲမှာ ဦးစီးဦးဆောင် ဖြစ်တဲ့ ကောဏ္ဍညပုဏ္ဏားကြီးဆိုတာက တကယ့်အတ္တ၀ါဒီအကြီးစားကြီးလေ။ ဗြဟ္မဏတို့ရဲ့ အတ္တ၀ါဒနဲ့ အတ္တ၀ါဒအခြေခံဝေဒကျမ်း အတတ် ပညာမှာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းဆရာဖြစ်ခဲ့တာ။ အလောင်းတော်မင်းသား ဖွားမြင်ခါစမှာ “ဘုရားဖြစ်မှာ ဧကန်’’ လို့ တစ်ခွန်းတည်းဟောနိုင်စွမ်းရှိတဲ့ ပညာရှင်ကြီးမဟုတ်လား။

သူနဲ့အတူ ကျန်တဲ့အဖွဲ့ဝင်လေးဦးတို့လည်း ဘာထူးမလဲ။ အတ္တ၀ါဒကို အခိုင်အမာ အစွဲပြင်းထန်ကြသူတွေပဲ။ ဒါကြောင့်လည်း ဥရုဝေ လတောမှာ အလောင်းတော်က အတ္တကို ညှဉ်းဆဲဖို့ ပြင်းပြင်းထန်ထန်အားထုတ်နေစဉ်မှာ ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်နေသူတွေ ဖြစ်ခဲ့ တာပေါ့။ နောက်တော့ အလောင်းတော်က အတ္တကိုညှဉ်းဆဲတဲ့အယူအကျင့်ကိုစွန့်လွှတ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ဖို့ အစာစား လိုက်တာနဲ့ တပြိုင်နက် အလောင်းတော်အပေါ်မှာ အယုံအကြည်မရှိတော့ဘဲ စွန့်ခွာသွားကြတဲ့ပုဂ္ဂိုလ်တွေမဟုတ်လား။

အဲဒီပုဂ္ဂိုလ်တွေကို တရားဦးဟောတဲ့အခါ ၀င်ဝင်ချင်း ဆောက်နဲ့ထွင်းဆိုတာလို “ မင်းတို့မှတ် တတ်တယ်ထင်နေတဲ့” အတ္တဆိုတဲ့ ၀ါဒက အမှားကြီးကွ။ အခု ငါရှာဖွေတွေ့ရှိခဲ့တဲ့ အနတ္တဆိုတာက အမှန်လို့သာ ဟောကြည့်လိုက်ပါလား၊ မိဂဒါဝုန်မှာ တရားပွဲကြီးဖြစ်သွားမလား ၊ ငြင်းခုံရန်တွေ့ပွဲကြီး ဖြစ်သွားမလား၊ ဒါကို မြတ်စွာဘုရားက ချင့်ချိန်စဉ်းစားရတာပေါ့။ သမားကောင်းတို့မည်သည် လူမမာက ရောဂါပြင်းနေရင် ဆေးကိုငြင်းတတ်တယ်။ ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ တိုက်ရိုက်ပဋိပက္ခဆေးကို တိုက်ကြွေးခဲ့ရင်လည်း လူမမာက အော့အန်ပြီး ထွေးထုတ်ပစ် တတ် တယ်ဆိုတာကို သိထားရတယ်လေ။

မြတ်စွာဘုရားကိုလည်း “မဟာဘိသက္က = ကျွမ်းကျင်လိမ္မာတဲ့ တရားဆေးဆရာကြီး’’ လို့ ဆိုကြတယ်မဟုတ်လား။ မြတ်စွာဘုရားရှင်က ဒီအခြေအနေအရပ်ရပ်ကို ကျွမ်းကျင်နားလည်ပြီးသား။ ဒါကြောင့် အတ္တသမားတွေနဲ့ ထိပ်တိုက်တွေ့ရမည့်ပထမဆုံးတရားဦးမှာ “အနတ္တ’’ ဆိုတဲ့စကားလုံးကို တစ်လုံးတစ်ပါဒမျှ မပြောတာပေါ့။ တရားဦးအဖြစ်နဲ့ ဟောတော်မူတဲ့ ဓမ္မစကြာတရားတော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံးတရားတော်ဖြစ်တာနှင့်အညီ အဘက်ဘက်က ဘယ်လိုမှဟာကွက်မရှိရအောင်ဟောထားတဲ့ ဒေသနာတော်ဖြစ်လို့ အခုခေတ် ကာလစကားနဲ့ ပြောရမယ်ဆိုရင် “ဘုရားရှင်ရဲ့ မာစတာပိစ်’’ လို့တောင် ပြောလို့ရလိမ့်မယ်။ ဒီတရားဦး ဒေသနာတော်ကို အသေအချာ လေ့ လာကြည့်ရင် မြတ်စွာဘုရားရှင်ရဲ့တရားဟောပုံ ကျွမ်းကျင်လှတဲ့ ဒေသနာကောသလ္လဉာဏ်တော်ကိုလည်း ခန့်မှန်းသိနိုင်လောက်တယ်။

ဒီတရားတော်မှာ အဓိကဖြစ်တဲ့သစ္စာလေးပါးကို ဟောကြားတော်မူတဲ့အခါမှာ ပထမဆုံးသစ္စာအဖြစ်နဲ့ ဒုက္ခသစ္စာကိုပြလိုက်တယ်။ စည်းရုံး ရေးပုံစံအရ ကြည့်မယ်ဆိုရင် ဒါဟာ တကယ့်ကို အရေးပါတဲ့ကိစ္စပဲ။ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်မဖြစ်အောင် ဟောပြောတဲ့အခါမှာ အရေးအကြီးဆုံးက ပထမဦးဆုံးတင်ပြတဲ့အချက်အပေါ်မှာ နှစ်ဦးနှစ်ဖက် ဆန့်ကျင်ငြင်းခုံစရာ မရှိတဲ့အချက်ဖြစ်ဖို့က အလွန်အရေးကြီးတယ်။ ဒါကြောင့်လည်း ဘုရားရှင်က ဘယ်သူမှ ငြင်းဆန်လို့မရနိုင်တဲ့ ဒုက္ခသစ္စာကို အဦးဆုံးချပြလိုက်တာပဲ။ အဲဒီအချက်ဟာ တရားနာနေကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့မဆိုထားနှင့် ဘုရားရှင်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ပြုနေတဲ့ ဘာသာရေးဂိုဏ်းဆရာကြီးတွေပင် ဖြစ်စေဦးတော့ မြတ် စွာဘုရားရှင် ချပြလိုက်တဲ့ “အိုခြင်း၊ နာခြင်း၊ သေခြင်းဟာ ဆင်းရဲခြင်း အမှန်ဖြစ်တယ်’’ ဆိုတဲ့အချက်ကို ဘယ်သူမှ ဆန့်ကျင်ကြမှာ မဟုတ် ပါဘူး။

ဒီနေ့အထိလည်း ဒီအဆိုကိုဆန့်ကျင်ပြီး “သေရတာဟာ ဒုက္ခမဟုတ်ပါဘူး/ သုခစစ်စစ်ပါ’’ လို့ပြောတဲ့ ဘာသာရေးဂိုဏ်းဂဏဆိုတာရှိမယ်မဟုတ်ပါဘူး။ အဲဒီလို ဘယ်သူမှငြင်းချက်မထုတ်နိုင်တဲ့အဆိုကို ဘုရားရှင်က ချပြလိုက်တာ။ ပဉ္စ၀ဂ္ဂီငါးဦးလုံး ဘယ်သူမှ
မငြင်းဘူး အားလုံးတညီတညွတ်တည်း သဘောတူထောက်ခံကြရတာပဲ။

အဲ … ဒုတိယသစ္စာကတော့ အတော်ကြီးကို အရေးပါတဲ့သစ္စာပဲ။ ပထမအဆိုဖြစ်တဲ့ ဒုက္ခသစ္စာရဲ့လက်သည်အကြောင်းတရားမှန်ကို ချပြ ရမှာကိုး။ တကယ်က ဘာသာဝါဒတွေ အသီးသီးကွဲပြားခြားနားကြရတာဟာ ဒီဒုက္ခသစ္စာရဲ့အကြောင်း လက်သည်သတ်မှတ်တဲ့နေရာမှာ ကွဲပြားခြားနားသွားကြတာပဲ။ ပဉ္စ၀ဂ္ဂီတို့ကိုယ်တိုင်လည်းပဲ ဒီအချက်နဲ့ပတ်သက်ပြီးမျက်စေ့လည်နေကြတာပဲ။ သူတို့က ဒုက္ခဆိုတာ မဟာ ပရမ အတ္တကြီးရဲ့ကိုယ်ပွားများဖြစ်တဲ့ ဗြဟ္မာ၊ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးကမကျေနပ်လို့ ဖြစ်ပေါ်ကြုံတွေ့နေရတယ်လို့ ထင်မှတ်ယုံကြည် နေကြတာကိုး။

အဲဒီမှာ ဘုရားရှင်က “ဒုက္ခရဲ့ လက်သည်တရားခံအစစ်အမှန်ဟာ ကိုယ်က ကျေနပ်စရာ၊ မကျေနပ်စရာဆိုပြီး ထင်မြင်စွဲလမ်း ကပ်ငြိထားတဲ့ တဏှာသမုဒယကြောင့်ဖြစ်ရတာ’’ လို့ ချပြလိုက်တယ်။ ဒီတရားတော်ကို ပဉ္စ၀ဂ္ဂီငါးဦးလုံး တညီတညွတ်တည်း လက်ခံလာတဲ့အထိ ငါးရက် တိတိ ဟောကြားရတယ်ဆိုတာ ဒီဒုတိယသစ္စာအပေါ်မှာ မကျေညက်ကြလို့ အထပ်ထပ်အခါခါ ဆွေးနွေးရှင်းပြနေရတာကြောင့်ပဲ ဖြစ် လောက်တယ်။ ဒီနေရာမှာကျတော့ သူတို့ထင်မြင်ယုံကြည်လက်ခံထားတဲ့အချက်နဲ့က ဆန့်ကျင်နေတာကိုး။

အကြိမ်ကြိမ်အထပ်ထပ် သုံးသပ်ကြည့်လိုက်တော့မှ “ဘယ်သူမဆို ကိုယ်ထင်မြင်စွဲလမ်းထားတဲ့ ကျေနပ်စရာ မကျေနပ်စရာများနဲ့ ပတ် သက်မှသာ ကျေနပ်စရာထင်တဲ့အရာနဲ့ကျတော့ မတွေ့ဆုံ မပြည့်စုံလို့ ဒုက္ခဖြစ်ရတယ်။ မကျေနပ်စရာလို့ထင်ထားတဲ့အရာနဲ့ကျတော့ လွှဲဖယ်မရဘဲ ကြုံတွေ့နေရတဲ့အတွက် ဒုက္ခဖြစ်ကြရတယ်’’ ဆိုတဲ့အချက်က ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရတော့ဘဲ လက်ခံသွား ကြတော့ တာ။

ဒီအချက်ကိုလက်ခံသွားတာနဲ့ တပြိုင်နက် ကျန်တဲ့သစ္စာတွေကလည်း အလိုလို သဘောတူသွားကြမှာပါပဲ။ ဟုတ်တယ်လေ အားလုံးမျက်စေ့ လည်နေတဲ့အချက်က အကျိုးတရားအပေါ်မှာမှ မဟုတ်ဘဲ။ အကြောင်းတရားအပေါ်မှာ မျက်စေ့လည်ပြီး ၀ိဝါဒကွဲနေကြတာမဟုတ်လား။ အခုဒီအချက်ကို ကျေနပ်သဘောတူသွားပြီဆိုရင် ကျန်တဲ့သစ္စာနှစ်ပါးက သိပ်ပြီး ငြင်းခုံဆန့်ကျင်စရာမရှိတော့ဘူး။ “ဒုက္ခ’’ ဆိုတာရှိသလို “ဒုက္ခခပ်သိမ်းချုပ်ငြိမ်းမှု’’ဆိုတဲ့ အမှန်တရားလည်းရှိတယ်ဆိုတဲ့ တတိယသစ္စာကိုလည်း လွယ်လွယ်ကူကူ လက်ခံသွားကြမှာပါပဲ။

အဲ .. ဒုက္ခချုပ်ငြိမ်းကြောင်း မဂ္ဂသစ္စာကျတော့လည်း သူတို့အရင်ကထင်ထားသလို “မဟာပရမအတ္တကြီးရဲ့အလိုကျဖြစ်လို့’’ ဆိုတဲ့ အချက်က ဒုတိယသစ္စာမှာကတည်းက ဒီအယူအဆကို စွန့်လွှတ်ခဲ့ပြီးဖြစ်လို့ အထွေအထူးငြင်းနေစရာ မရှိလောက်တော့ပါဘူး။ အားလုံးသဘောတူ လက်ခံသွားကြမှာပါပဲ။ ဒီသစ္စာလေးပါးလုံးကို ကျေကျေနပ်နပ် သိမြင်လက်ခံနိုင်သွားတာနဲ့ တပြိုင်နက် တရားသဘောကို အမှန်အကန် သိမြင်တဲ့ ပထမဆုံးအရိယာပုဂ္ဂိုလ်အဆင့် (သောတာပန်) ပုဂ္ဂိုလ်ဖြစ်သွားကြတော့တာပါပဲ။

ဒီဓမ္မစကြာတရားဦးမှာ မြတ်စွာဘုရားရှင်က “အနတ္တ’’ ဆိုတဲ့စကားလုံးကို တစ်လုံးတစ်ပါဒမှ မပြောပေမယ့် အရေးကြီးတဲ့ အစားထိုး လဲလှယ် မှုကြီးကိုတော့ အောင်အောင်မြင်မြင်ကြီး ပြုလုပ်နိုင်လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ “ဆင်းရဲဒုက္ခတို့၊ ဒုက္ခချုပ်ငြိမ်းမှုတို့ဆိုတာ အတ္တတို့ ဗြဟ္မာ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးတို့က ဖန်ဆင်းလို့ ဖြစ်ရတာ မဟုတ်ဘူးအကြောင်းတရားကြောင့်ဖြစ်ရတဲ့ အကျိုးတရားများသာ ဖြစ်တယ်’’ ဆိုတဲ့ အချက်ပဲ။ “အတ္တနဲ့ အတ္တရဲ့ ကိုယ်ပွားတန်ခိုးရှင်များ’’ ဆိုတဲ့အကြောင်းမှားကို သမုဒယ၊ မဂ္ဂဆိုတဲ့ အကြောင်းမှန်များနဲ့ အစားထိုး လဲပေးလိုက်တာပါပဲ။

ဓမ္မစကြာတရားတော်မှာ အဲဒီအကြောင်းမှန်ကလေးကိုလဲပေးလိုက်တာနဲ့ တပြိုင်နက် အတ္တနယ်သားများဖြစ်နေတဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ ဘယ်သူကမှ အထူးတိုက်တွန်းစရာမလိုတော့ဘဲ အတ္တနယ်ကနေ အနတ္တနယ်ကို ပြောင်းသွားကြတာပဲ။ ဒါကြောင့်လည်း ၆ ရက်မြောက် တရားပွဲအဖြစ် အနတ္တလက္ခဏသုတ်ကို ဟောတော်မူတဲ့အခါမှာတော့ အနတ္တ၀ါဒကို အားလုံး ကျေကျေနပ်နပ်ကြီး လက်ခံသွားကြပြီး အနတ္တနယ်သားစစ်စစ် ရဟန္တာကြီးများဖြစ်သွားကြတာ။

ဒါကြောင့် အသွင်ကူးပြောင်းရေးဆိုတာ ခေါင်းနဲ့ပန်းလှန်သလို တစ်ခါတည်းပြောင်းပြီး လဲပစ်ဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်များမဆိုထားနဲ့ တိဟိတ် ဥက္ကဋ္ဌ ပါရမီရှင် စစ်စစ်ကြီးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့မှာတောင် ပြောသလောက်လွယ်ကူတာမဟုတ်ဘူး။ တဆင့်ချင်း လဲပြီးတော့မှ ပြောင်း လာနိုင်ကြတာ။ အဲဒါကို သဘောမပေါက်ဘဲ ဘယ်အရာမဆို မှားရာကနေ မှန်လာအောင်၊ မဲရာကနေ ဖြူလာအောင်၊ ဆိုးရာကနေ ကောင်း လာအောင် တစ်ခါတည်း ပြောင်းပြီးလဲပစ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တစ်ထစ်ချင်းတက်ရမယ့်နေရာကို ခုန်ပြီးတက်သလိုပေါ့။ လိုချင်တဲ့ နေရာ တစ်ခါတည်းရောက်သွားရင်တော့ ကောင်းရဲ့။ မရောက်လို့ ပြန်ကျပြီဆိုရင်တော့ တစ်ထစ်ချင်းသမားကျသလို အကောင်းပကတိအဖြစ်နဲ့ ပြန်ကျဖို့မလွယ်ဘူး။ အကျိုးကျိုးအပဲ့ပဲ့ဖြစ်သွားနိုင်တဲ့အတွက် နောက်တစ်ခါ တစ်ထစ်ချင်းပြန်တက်နိုင်ဖို့တောင် မလွယ်ဘဲဖြစ်သွားတတ် တယ်။ အဲဒါကို သာသနာပြုစည်းရုံးရေးလုပ်ကြရမည့် ပုဂ္ဂိုလ်တွေက ကြပ်ကြပ်သတိထားသင့်တယ်’’ ဆိုတဲ့အကြောင်း အကျယ်တ၀င့် မိန့် ကြားသွားပါတယ်။

အားလုံးသတိထား အသိပွားနိုင်ကြပါစေ …။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags