NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၂)

May 20, 2012

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၂)

ရာဇာ၊ မေ ၂၀၊ ၂၀၁၂

လောလောဆယ်တော့ ဒီခုခံအားကျဆင်းမှုနဲ့ ပတ်သက်ခဲ့တာလေးတွေရေးမှာပါ။ အခြားတော့ ထူးထူးထွေထွေလုပ်စရာမရှိနဲ့ ကိုမျိုးညွန့်စကားလေးအရ ဒီလိုအဖွဲ့ချုပ်ကိုလာနေတာဟာ တာဝန်တစ်ခုထမ်းဆောင်နေတာပဲဆိုတာ အဟုတ်ထင်ပြီး နေရတာပေါ့။ ဒီတင် ဒေါ်အောင်ဆန်းစုကြည် ကော့မှုး ကွမ်းခြံကုန်းခရီးစဉ်၊ မန္တလေးခရီးစဉ်တွေပေါ်လာပြီးတော့ အဖွဲ့ချုပ်ဝင်အတော်များများ အဖမ်းခံရရော။ အဲ့ဒီမှာအမျိုးသားနေ့နဲ့ တိုက်ဆိုင်ပြီး နံရံကပ်စာစောင် စလုပ်ဖြစ်တယ် ပြောပါတော့။ ရှေ့ပိုင်းမှာတော့ နွေဦးအိုးဝေ ဆိုပြီး ၁၊ ၂၊ ၃ ဆိုပြီး လုပ်ဖူးသွားတယ် ပြောတယ်။ ကျနော်တို့တော့ ဘာနားမလည် ညာနားမလည်ကောင်တွေဆိုတော့ ရမ်းကြိတ်တာပါပဲ။ ဖြစ်တယ်ပေါ့ဗျာ။ လူတိုင်းက ကူညီညာ ၀ိုင်းပေတာကိုး။

ရုံးမှာလည်း လူကို မရှိဘူးဗျ။ လေး ငါး ခြောက်ယောက်လောက်ပဲ ကျန်တယ်။ ခု ဒီခုခံအားကျဆင်းမှုတိုက်ဖျက်ရေး လုပ်နေတဲ့ မဖြူဖြူသင်းလည်း ထောင်ထဲပဲ။

မှတ်မိပါသေးတယ်။ ကိုလေးဝင်း၊ မနီမိုလှိုင်၊ ကိုအောင်ခိုင်ညွန့်၊ မခင်ထားရီဆိုတာလောက်ပဲ ရိုးတိုးရိပ်တိတ် ကျန်တယ် မှတ်တယ်။ မခင်ထားရီထည့်လာတဲ့ထမင်းချိုင့် ၀ိုင်းစား၊ ညနေကျတော့ပြန် ကျန်ချိန် အိပ်ပေါ့။ ဒီလိုလုပ်နေတာတော့ ဟုတ်သဗျ။ ဒါပေမယ့် ဒီလို ခွေးတိုး ၀က်ဝံနေဖို့ကျတော့ အတော်လေး ခက်ခဲသလား။ ဒါနဲ့ “အလုပ်ရှာ soccer မှာတွေ့ ” ဆိုသလို ဘော်လုံးဂျာနယ်မှာ အလုပ်ရတယ်ဗျာ။

ဒီမှာတင် အခုလက်ရှိ ကျနော်ပါဝင်ပတ်သက်နေတဲ့ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးဌာနခွဲနဲ့ ပတ်သက်စရာလိုလို ဖြစ်လာတယ်။

အဲ့ဒီအချိန်ကတော့ ကျနော်က ဒီဂျာနယ်မှာအမှုဆောင်ပဲ။ ကျနော့်ဆရာက တကယ့်လူတော် ကဗျာဆရာလည်းဖြစ်တယ်၊ တစ်ဖက်မှာကလည်း အယ်/ချုပ် ပေါ့ဗျာ။ သူ့ညီက တာဝန်ခံအယ်ဒီတာပဲဗျ။ ကျနော်ကတော့ အောက်ခြေသိမ်း အကုန်လုပ်စမ်းပြီး ဆောင်းပါးရေးပေါ့။ အင်္ဂါ စိစစ်ရေးတင် သောကြာထုတ်ဂျာနယ်။ တကယ့်ကို ကျေးဇူးရှိတဲ့ဆရာပါပဲ။ နေစရာရတယ်ဗျ။ သုံးဆယ့်ရှစ်လမ်းက တိုက်ခန်းမှာ စားစရာကလည်း အဲ့ဒီမှာပဲကျွေးတယ်။ လခစာမူခ အသားတင်ဆိုပါတော့။

ဒါပေမယ့် ကျနော် နည်းနည်းပြောချင်သေးတယ်။ ကျနော့်ဆရာ ဇော်ထွဋ်နိုင်အကြောင်းကို …။ ကျနော်တို့ အခန်းမှာ သော့မရှိဘူးဗျ။ ရတဲ့လခစာမူခ ဆိုတာက အခန်းရှေ့ စာရေးစားပွဲပေါ် ဒီတိုင်း တင်ထားတာပါပဲ။ လာသမျှ ကဗျာဆရာ၊ ပန်းချီဆရာတွေ လိုသလောက် ယူပေါ့ဗျာ။ အချို့ကလည်း စည်းကမ်းမရှိဘူးဆိုပြီး နှိမ်တယ်။ အချို့ကလည်း လွတ်လပ်တယ်ဆိုပြီး မြှောက်ပြောပေါ့ဗျာ။

ကျနော်က အင်္ဂါညနေနဲ့ သောကြာဆို ရုံးလာလေ့ ရှိတယ်။ အတော်များများနဲ့ ရင်းနှီးနေတာပေါ့ဗျာ။ ကိုယ့်မှာငွေစလေးလည်း အနည်းအပါးဆိုသလို ရှိတော့ သူများလည်း ပေးလို့ ရတာပေါ့။ အပေါင်းသင်းလည်း အများကြီးရလာတာပေါ့။ နိုင်ငံကျော်ကဗျာဆရာတွေ၊ ပန်းချီဆရာတွေနဲ့ အကုန်လုံးနီးပါး ခင်တွယ် အပေါင်းသင်း ဖြစ်ကုန်တယ်လေ။ တစ်နိုင်ငံလုံးလို့တောင် ပြောလို့ရပါ့။

ကိုဇော်ထွဋ်နိုင်ကလည်း အားကစား အယ်ချုပ်သာဖြစ်တာ ကဗျာဆရာအဖြစ်ပဲ ရပ်တည်ရှာပါတယ်။ အဲ့ဒီမှာသူ့ကျေးဇူးနဲ့ ကျနော်တစ်ယောက် ဂျာနယ်တစ်စောင် ဘယ်လိုဖွဲ့စည်းရမယ်၊ စာရေးရင် ဘာတွေစောင့်ထိမ်းရမယ် ဆိုတာမျိုးတွေ သင်ကြားတတ်မြောက်ခဲ့တာပေါ့ဗျာ။ ကွယ်လွန်သူ ကျေးဇူးရှင်ကြီး ကောင်းရာမွန်ရာရောက်ပါစေပေါ့။ ရောက်လည်းရောက်မှာပါပဲ။ သူများအတွက် အမြဲ ဦးစားပေးခဲ့တဲ့ လူတစ်ယောက်၊ အကြောက်အလန့်မရှိတဲ့ လူတစ်ယောက်။ သူမကြောက်လန့်လို့ ဂျာနယ်ပါ အပိတ်ခံလိုက်ရသဗျ။ စိစစ်ရေးနဲ့ ငြိကြတယ်ပဲ အကြမ်းဖျင်းမှတ်ဗျာ။ ဒီအကြောင်းတွေ နောက်နောင် စာတစ်စောင် ပေတစ်ဖွဲ့ ဆိုသလိုကို ရေးရမယ့်ဟာစားမျိုးကိုး။

ကွယ်လွန်သူ ကဗျာဆရာလှသန်းတို့အစ နောက်ဆုံးပေါက် ဝေမှုးသွင်လိုကောင်မျိုးအဆုံး ကျနော်တို့ ပတ်သက်ခဲ့ရတယ်။ ကျနော်တို့ ပျော်ခဲ့တယ်၊ အော်ခဲ့တယ်။ ကျနော်တို့ ပြောခဲ့တယ်။ ကျနော်တို့ မောခဲ့တယ်။ ကျနော်တို့ ဆဲခဲ့ကြတယ်။ ကျနော်တို့ မဲခဲ့ကြတယ်။

ကျနော်တို့ ရေးသားသမျှစာဟာ အစိုးရကို တနည်းနည်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီကာလဟာ ကျနော့်ဘ၀ အပျော်ဆုံးကာလများပါပဲ။

ထားပါတော့။

ဒီဂျာနယ်တိုက်မှာ ကျနော်နဲ့ အလုပ်တူလုပ်တဲ့လူတစ်ယောက် အိပ်ခ်ျအိုင်ဗွီ ဖြစ်ကရောဗျ။ သူချက်ကျွေးတာတွေ စားနေတာပဲ … အစောပိုင်းကတော့။ ကျနော်နဲ့လည်း အတူအိပ်နေတာပါပဲ။ တစ်ခန်းတည်း ပေါ့ဗျာ။

သူ ဒီရောဂါဖြစ်တယ် ဆိုတော့ ကျနော်လန့်တယ်။ ကြောက်တယ်၊ ပူပန်တယ်ပေါ့ဗျာ။ ၀မ်းတွေလည်း တအားသွားတာကိုး။ နံစော်နေတာပဲ။ ဘယ်လိုလုပ်မလဲ … ။ ကျနော့်ဆရာက တိုင်ပင်တယ်။ သူ့သူငယ်ချင်းဆိုတော့ လက်လွတ်စပယ်လည်း မလုပ်ချင်ဘူးပေါ့ဗျာ။

ဒီတင် ကျနော်စဉ်းစားမိတယ်။ ကျနော်တို့ရုံးက အိပ်ခ်ျအိုင်ဗွီဌာနကို စဉ်းစားမိတယ်။ အကူညီတောင်းရတော့တာပေါ့ဗျာ။

ဒီဌာန ဒီလုပ်ငန်း ဖြစ်လာပုံက မဆန်းပေမယ့် ကျနော်က အစ အဆုံးလို သိနေတော့ အတော်တော့ အသည်းယားမိတယ်ဗျာ။ ကံကြမ္မာသာ မျက်နှာသာ မပေးရင်၊ ဒီလုပ်ငန်း ဒီဌာန ဒီလူနာတွေ ဒီလိုများ ကံကောင်းပါ့မလား။ စဉ်းစားနေမိတာ … ဒီနေ့ထက်ထိအောင်ပါပဲ။

ဒီအကြောင်း လူအတော်များများ မေ့နေကြမယ် ထင်တယ်။ ကျနော်ကတော့ မနေ့တစ်နေ့ကလိုပဲ ခံစားမိတယ်။ ဒီလိုဗျ …။

၂၀၀၂ ခုနှစ် …။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်လာတော့ ယူအန်ဒီပီမှာ လူငယ်တွေကို ဒီရောဂါနဲ့ သက်ဆိုင်တဲ့ ပညာပေးသင်တန်းတွေပေးမယ် ဆိုတဲ့ အစီစဉ်ထွက်လာတယ်။ ဒီတော့ သုံးဆယ့်ငါးနှစ်အောက်နဲ့ ဖွဲ့စည်းရေး လုပ်ထားတဲ့ လူငယ်လုပ်ငန်းအဖွဲ့ဝင်တွေကို စိစစ်ရွေးချယ် လွှတ်တာပေါ့ဗျာ။

အဲ့လိုစိစစ်တော့ သင်တန်းဆို အရမ်းတက်ချင်နေတဲ့လူငယ်တွေ စာရင်းပေးကြ ပြုကြနဲ့ လုပ်ကြရော။ အဓိကတော့ လူငယ်တာဝန်ခံတွေကို တက်စေချင်တယ် ထင်ပါရဲ့။ ဒီတော့စိစစ်ရေးတွေလုပ်ကော …။ ကျနော်တို့ကတော့ ခပ်ဝေးဝေးနေပေါ့။

စီစစ်ရေးကော်မတီမှာ ပါတာက ဦးလှမင်း (အဲ့တုန်းက တနသာင်္ရီတိုင်းတာဝန်ခံနဲ့ ကော့သောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့)။ နောက် ဒေါက်တာဝင်းနိုင် (အခုအန်ဒီအက်ဖ် (NDF) အတွင်းရေးမှုး)။ ဦးမြင့်သိန်း (ကွယ်လွန်၊ အဲ့ဒီတုန်းက ပါတီပြောခွင့်ရ)၊ နောက် လူငယ်က ကိုထွန်းဇော်ဇော်(လူငယ်တာဝန်ခံ) တို့က ရွေးတယ် ဆိုပါတော့။

ရွေးကြတော့ ခု မဖြူဖြူသင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးအခြေနေလေး ရှင်းပြထားပါမှ စာဖတ်ရတာ ရှင်းမယ်ထင်တယ်။ ကျနော်တို့ လူငယ်အသိုက်က အခု စာရေးဆရာ သင်းရီ ဖြစ်နေတဲ့ သဲကုန်းအမတ်ဦးသိန်းထွန်းနဲ့ အတော် ပလဲနံပ သင့်တယ်။ သူ့ကို သဲကုန်းသား နောက်တစ်ယောက်ဖြစ်တဲ့ ပါတီဥက္ကဌကြီးဦးအောင်ရွှေက ကွန်မြူနစ်ဆိုပြီး မကြည်ဘူးဗျ။ ဒါပေမယ့် လူငယ်တွေကတော့ ဦးသိန်းထွန်းကို ဦးလေးတစ်ယောက်လို အဖေတစ်ယောက်လို လေးစားကြတယ်။ သူနဲ့ တွဲဖက်က အဲ့တုန်းက ဗဟိုလူငယ်အထောက်ကူအဖွဲ့က ကိုဇော်မင်းကျော် (အခု ရနံ့သစ် အယ်ချုပ် ပြည်သွေးနိုင်)။ အဲသူ့ကိုလည်း လူငယ်တာဝန်ခံ ကိုထွန်းဇော်ဇော်အဖွဲ့က မကြည်ဘူး။ ကိုထွန်းဇော်ဇော်၊ ကိုခင်ထွန်း၊ ဦးမြင့်သိန်း၊ ဒေါက်တ

ဝင်းနိုင်က အတွဲဗျ။ အတော်လေးတော့ ကြည့်ကောင်းတဲ့ နိုင်ငံရေးပေါ့လေ။ ထားပါတော့ …။

လူရွေးတော့ လူငယ် နှစ်ဆယ် ထွက်လာတယ်။ အခု အိပ်ခ်ျအိုင်ဗွီကိစ္စမှာ တာဝန်ခံလုပ်နေတဲ့ မဖြူဖြူသင်းက သဲကုန်းကို အလည်သွားနေသဗျ။ သင်တန်းက သြဂုတ် ၂၈ စ မှာတဲ့။ သြဂုတ်၂၆ထိ မဖြူဖြူသင်းကို အဆက်သွယ်မရတော့ ဒေါက်တာဝင်းနိုင်တို့က မဖြူဖြူသင်း ကို ပယ်တယ်။ ဦးလှမင်းက အသည်းအသန် ကန့်ကွက်ပြီးတော့ ရအောင် အဆက်သွယ်လုပ်ပြီးတော့ သင်တန်းကို မဖြစ်ဖြစ်အောင် အပါခေါ်လို့သာဗျို့။ နို့်မို့ဒီသမိုင်းဖြစ်လာမှာမဟုတ်ဘူး။

တခြားလူတော့မသိဘူး၊ ကျနော်တော့ ဒီစာရေးရင်းကို ရင်များ မောပါဘိတော့တယ်။ ကျေးဇူးတင်ထိုက်သူ ဦးလှမင်းဖြစ်သွားတာပေါ့လေ။ ဒါဟာ အတော်လေး အရေးကြီးတဲ့ အချက်ဗျ။ ဒီဟာလေး လွဲတာနဲ့ကို ဒီကနေ့ အန်အယ်လ်ဒီပါတီက ဂုဏ်ယူရမယ့်လူမှုရေးလုပ်ငန်းကြီး ဖြစ်လာတော့မှာမဟုတ်ဘူး။ ဘာကြောင့် ဒီလိုပြောနိုင်သလဲ။ မဖြူဖြူသင်းကို အလွန်အကျွံ မွှန်းနေတယ်များ မထင်လိုက်လေနဲ့ဗျို့။ စာဆက်ဖတ်ကြည့်ရင် သဘောပေါက်လာပါလိမ့်မယ်။

ဒီလူငယ်နှစ်ဆယ်မှာကို ကမာရွတ်က တစ်ယောက်က ကြံ့ခိုင်ရေးကလာခြမ်းခြောက်လို့ သင်တန်းမတက်ရဲဘူးဆိုပြီး မတက်တော့ လူငယ် ဆယ့်ကိုးယောက်ပေါ့။ သင်တန်းဆင်းပြီးကာစမှာ အမေရိကန်ကလာတဲ့ အိပ်ခ်ျအိုင်ဗွီပိုးရှိသူတစ်ယောက်နဲ့ လူငယ်ဆယ့်ကိုးယောက် ပူးတွဲ ပညာပေး လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တက်တယ်ပေါ့ဗျာ။ ပျော်စရာကောင်းပါတယ်။

အဲ့ဒီ သင်တန်းမှာ ထန်းလျက်နဲ့ ဘာမီတွန် တွဲစားရင် သေတယ်လို့ ကမာရွတ်လူငယ် ကိုသန်းထိုက်အောင်က ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူးဗျ။ အဲ့ဒါလေးတော့ မှတ်မိနေသေး။

နောက်တော့ မဖြူတို့နဲ့ တစ်ခေါက် တခါလောက် လိုက်တာလွဲလို့ ဒီကိစ္စ ကျနော်နဲ့ မပတ်သက်ပြန်ဘူး။ ခုတော့ လက်သည်းဆိပ် လက်ထိပ်နာ ဖြစ်ရတော့တာပေါ့။

သူငယ်ချင်းကမှ ဒီရောဂါဖြစ်တယ်ဆိုတော့ အတော်လေး တိုက်ဆိုင်တယ်ပြောရမယ်။ ကျနော် ဒီလုပ်ငန်းစတင်ဖြစ်ခဲ့တဲ့ ကောက်ကြောင်းခြေရာပဲ။

ဒီတော့ ကျနော် မဖြူဖြူသင်းကို အဆက်သွယ်လုပ်ပြီး ကျနော်တို့ ဂျာနယ်တိုက် ခေါ်ရတော့တာပေါ့။ သူနဲ့ အပေါ်ထပ်ရုံးခန်းက မခင်ထားရီ နှစ်ယောက်လာတယ်။ သူတို့က နာမည်တွေနဲ့ လူတွေနဲ့ ဆန့်ကျင်ဖက်ဗျ။ မဖြူဖြူသင်းက ညိုညို ထောင်ထောင်မောင်းမောင်း။ မခင်ထားရီက ဖြူဖြူ သေးသေးသွယ်သွယ်။

သူတို့ရောက်လာရော … ဂျာနယ်တိုက်ကို။ အဲ့ဒီတုန်းက ကျနော်မှတ်မိသေးတယ်။ ကိုကြည် (အခုအကြည်တော်)၊ ကုလားကြီး (တေးရေး ဒီဇိုင်နာ ညီသစ်)၊ ဒီဇိုင်း မျိုးထွန်းဝင်း၊ အခု Voiceက မျိုးထူးထက်ရယ်၊ ကျနော်ရယ်၊ ကျနော့်ဆရာ ကိုဇော်ထွဋ်နိုင်ရယ်ရှိတယ်။ ဘာလုပ်နေကြတာလဲ မမေးနဲ့ဗျို့၊ စုပြီး အရက်သောက်နေတာ။ မဖြူတို့ ရောက်လာတော့မှ ကမန်းကတန်း ၀ိုင်း ခနရပ်ရတာပေါ့။

ဒီတင် သူတို့က ဘာမှတော့ မပြောရှာပါဘူး။ ကျနော်တို့သာ ကိုယ့်ဟာ ကိုယ်မလုံဖြစ်နေတာ။ အဲဒီ သုံးဆယ့်ခြောက်လမ်း ကွန်ပျူတာခန်းကနေ လူနာရှိတဲ့ ကျနော်တို့နေတဲ့ သုံးဆယ့်ရှစ်လမ်းကို ကျနော်လိုက်ပို့တာပေါ့ဗျာ။ လမ်းမှာ မခင်ထားရီက ဘာမှမပြောပေမယ့်၊ မဖြူဖြူသင်းကတော့ ပြောတာပေါ့ဗျာ။ နင်တို့ကလည်း မနက်အစောကြီး ရှိသေးတယ်။ အရက်ဝိုင်းက တည်နေပြီ၊  ဘာညာ ပေါ့ဗျာ။ ကျနော်လည်း ပြန်မပြောမိဘူး။

နောက်ဂျာနယ်တိုက်ရောက်တော့ ဘသားချောက ၀မ်းတွေသွားထားပြန်တယ်။ ကျနော်လည်း အနားသိပ်မကပ်ရဲဘူးဗျ။ ဒါနဲ့ ဒီအမျိုးသမီးနှစ်ယောက်ကို လက်ညှိုးထိုးပြရတာပေါ့။ သူတို့ အဲ့အခန်းထဲထိဝင်၊ စကားတွေပြော၊ နောက်တော့ ပုဆိုးတွေဘာတွေလဲပေး၊ ပုဆိုးတွေ သူတို့ဖာသာ လျှော်၊ ဟိုလူ့ကို ရေပတ်တိုက်ပေး …။ ဘေးကကြည့်နေတဲ့ ကျနော့်မှာတော့ ဘာမှမပြောနိုင်အောင် မင်တက်နေတာပေါ့။

မင်တက်ရာကနေ ရှက်လာသဗျာ။

ကိုယ့်ကိုယ်ကို စာရေးဆရာယောင်ယောင်၊ ကဗျာဆရာယောင်ယောင် ရှိတာလေး သောက်စားနေပြီးတော့ အလုပ်အား … အဖွဲ့ချုပ်ရုံးသွားပြီးတော့ လေဖောနေတာကို နိုင်ငံရေးလို့ ထင်လိုထင်နဲ့ …။ ဒီအမျိုးသမီးနှစ်ယောက် လုပ်တာ ကိုင်တာမြင်တော့မှ ကိုယ့်ဖာသာ ရှက်မဆုံးပေါင်ဗျာ ဖြစ်ရတော့တာပေါ့။ ဘယ့်နှယ် သွေးမတော် သားမစပ် အပျိုလေးတွေတန်မဲ့ အခြားယောက်ကျားတစ်ယောက်ကို မရွံမရှာ ပုဆိုးတွေလဲ၊ ရေပတ်တွေတိုက်ပေး ဆိုတာ မယုံနိင်စရာလိုလို ဖြစ်နေတာကိုး။

လူကလည်း ခပ်ထွေထွေဆိုတော့ သူတို့ ကို အားနာသွားတယ်။ … အော် … လူ့ဘ၀ဆိုတာ ဒီလိုသူများကိစ္စတွေကို လုပ်ပေးတာလည်း ပါသေးတာကိုးလို့လည်း စဉ်းစားမိပါရဲ့။

ဒါနဲ့ ကျနော့်ကို ရှင်းပြတယ်။ သူတို့က ဆေးတော့ မကုပေးနိုင်ဘူး။ ဒါပေမယ့် နက်ဖြန်ဆက်ဆက် လာခေါ်ပြီး၊ သဇင်ဆေးခန်း (လှိုင်သာယာ၊ န၀ဒေး) ပို့ပေးမယ် ပြောတယ်။နောက်နေ့တော့ သူတို့ချိန်းတဲ့အချိန် ကွက်တိ ရောက်လာသဗျ။ ကျနော်လည်း လိုက်ရတာပေါ့ဗျာ။ ဟိုမှာက နှစ်သိမ့်ဆွေးနွေးတာနဲ့ သွေးပြန်စစ်တာနဲ့ တနေကုန်နီးပါး အချိန်ပေးစောင့်ရတာ။ နေကုန်ခါနီးတော့ သူတို့လည်း ပြန်မယ်ပေါ့။ ကျနော်တို့ကလည်း မြို့ထဲပြန်ကြတာပေါ့။

ကျနော်တို့ကတော့ ဟုတ်တယ်။ မြို့ပြင်ကနေ မြို့ထဲသွားတာဆိုတော့ မထာင်းတာလှဘူး။ သူတို့က တောင်ဥက္ကလာ သင်္ကန်းကျွန်းပြန်မှာဆိုတော့ ကားအကြပ်ကြီး တက်စီးရမှာ။ ကျနော်ကတော့ ကားငှားဖို့ ဘာ ညာ ပြောပါသေးတယ်။ ရတယ်၊ ရတယ်၊ သွားနေကျဆိုပြီး … ဒီကားအကြပ်ကြီး တက်စီးသွားလေရဲ့။ ကားက ဘယ်လောက်ကြပ်သလည်း မမေးနဲ့ဗျ။ ခေါင်းတခြား ကိုယ်တခြား ခြေတခြား စီးရတာ။  တိုးဝှေ့လို့ပေါ့။ ဒီအခြေအနေကို အခွင့်ကောင်းယူ၊ ဗူးထတဲ့ကောင်တွေကလည်း ရှိသေးတယ်ဗျ

သူတို့ ပြန်သွားပြီး ကျနော်တို့ ပြန်လာတယ်။ ပြန်လာရင်း ကားပေါ်ထိုင်စရာ နေရာရတယ်။ လူအချောင်ကြီးပဲ။ ကျနော်ထိုင်လိုက်ရင်း စဉ်းစားတယ်။

ငါမှားနေသလား၊ ဘယ်အရာက မှန်နေတာလဲ။ ဘယ်လိုဟာတွေက လူ့ဘ၀ကို သယ်ဆောင်နေတာလဲ။ ဟိုအမျိုးသမီးနှစ်ယောက်မျက်နှာ ပေါ်လာတိုင်း ကျနော့်မျက်နှာတွေ ထူပူကုန်တဲ့အထိ ရှက်မိပါရဲ့ဗျာ။

တစ်နေ့ တစ်နေ့ စာထိုင်ရေးနေတာ ဘ၀လား။ အဖွဲ့ချုပ်ရုံးသွားပြီး ငြင်းခုန်၊ လေကန်၊ စာဖတ်ဝိုင်းဆွေးနွေး၊ အစည်းအဝေးတွေတက် နေတာကော။ ဒီ အမျိုးသမီးနှစ်ယောက်ကကော ဘာသဘောဆောင်ပြီး ဒီကိစ္စတွေ ဆောင်ရွက်နေတာလဲ။ ကျနော် ချာချာလည်တယ်ဗျာ။

ကျနော့်သူငယ်ချင်း နေပြန်ကောင်းလာတယ်ဗျ။ သူတို့နှစ်ယောက်နဲ့ ကမာရွတ်က ကိုအောင်ထွေးရယ်၊ လှိုင်သာယာက အောင်သိုက်ရယ်၊ မကြာခန အလည်လာပြီး ကျနော့်သူငယ်ချင်းကို စကား လာပြောကြပါတယ်။ အားလုံးက အရင်ကတည်းက ရင်းနှီးပြီးသားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာပေါ့ဗျာ။

ဒီလေးယောက်ထဲမှာ မခင်ထားရီတစ်ယောက်က သင်တန်းမတက်ဖူးဘူး။ သုံးယောက်က ဒီသင်တန်းဆင်းတွေ။ ကျနော်လည်း မေးကြည့်သေးတယ်။ ကျန်တဲ့လူငယ်တွေကော … ဆိုတော့ မလုပ်နိုင်ကြလို့ မလာကြတော့ဘူး …တဲ့။ ကောင်းရော။

သူတို့သင်တန်းဆင်းတော့ လက်ကိုင်လို့လည်း လွယ်လို့လည်း ရတဲ့အိတ် တစ်ယောက် တစ်လုံးစီ ရကြတယ်။ ကျနော်တို့ လူငယ်တွေကလည်း နောက်ကြတာပေါ့ဗျာ။ အိတ်လိုချင်လို့ သင်တန်းတက်သလား ဘာညာပေါ့။

ဒီလို ရင်းနှီးရင်းသား … ကျနော်တို့ဂျာနယ် အပိတ်ခံရတယ်။ ဒါနဲ့ ကျနော်တို့လည်း တိုက်ပျက်တယ် ပေါ့ဗျာ။ ကျနော် လှိုင်သာယာသွားပြီး အခု အမေ့အိမ်ကျောင်းရှိနေတဲ့ ကျနော့်သူငယ်ချင်း ကိုရဲခေါ် အေးငြိမ်းလင်းအိမ် သွားနေတယ်။ ပန်းဈေးခင်း ဆိုပြီး စာအုပ်ဆိုင်ကလေး လုပ်တယ်ပေါ့ဗျာ။ နောက် အရှုံးပေါ်တော့ ပိတ်လိုက်ရတာပေါ့လေ။

အဲ့ဒီအိမ်ကလည်း အဆန်း။ ကျနော်တစ်ယောက်ထဲနေတာ မဟုတ်ဘူးဗျ။ သူတို့က သားအမိ သုံးယောက်ရှိတယ်။ အေးငြိမ်းလင်းအမေ ကျနော်တို့အားလုံး အမေ ပေါ့လေ၊ ဒေါ်မြအုံးရယ်၊ အေးငြိမ်းလင်းအမ မဖြူ ခေါ် သန့်ကြည်ဖြူ ရယ်၊ ဒီကောင်ရယ်။ ကျနော်တို့နေတာက သူတို့အိမ်ဆိုင်အဟောင်း တဲ ထဲမှာနေတာ။

ကျနော်တို့ဆိုတာ အောင်သိုက် (အခု ထိုင်းနိုင်ငံ)၊ ဥာဏ်ဝင်းအောင်၊ ကျနော်၊ ပေါ်ထင်၊ မျိုးထွန်း ဆိုပြီး နေကြတာပါ။ အချိန်တန် ထမင်းတက်စားပေါ့။ နောက်တော့ ရွာရိုးကိုးပေါက်ဆိုသလို လျောက်လည်နေတာပါပဲ။ လက်ဖက်ရည်ဆိုင်ထိုင်၊ အဖွဲ့ချုပ်ရုံး အစည်းဝေးတွေ ဘာတွေရှိ တက်ပေါ့။

ဒီကတည်းက ဒီကောင် သုံးယောက်က ဒေါ်အောင်ဆန်းစုကြည်ခြံထဲနဲ့ အဆက်စပ်ရှိတယ်။ ခြံလုံခြုံရေးတွေ ယူရတယ်။ ကျနော်ကတော့ တစ်ယောက်တည်း စာဖတ်လိုက် အိပ်လိုက်ပေါ့ဗျာ။

ဒီလိုနေရင်းသားကနေပြီး ဗမာပြည်သမိုင်းမှာ အင်မတန်ရိုင်းတဲ့ ဒီပဲယင်းဆိုတဲ့လုပ်ကြံမှုကြီး ပေါ်လာတယ်။ ရုံးခန်းတွေပိတ်၊  လူတွေလည်း ကုန်သလောက်နီးပါးဖမ်း၊ ထောင်ထဲထည့်ပေါ့။

ဒီမှာတင် မဖြူဖြူသင်းတို့နဲ့ ပြန်ပတ်သက်ဖို့ အကြောင်းပေါ်လာတာကလား။ ဒီပဲယင်း ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေသလဲ ဆိုတာကလည်း ပဟေဠိတစ်ခုလိုဖြစ်လာနေတယ်။ ဟိုလူ သေတယ်၊ ဒီလူသေတယ် အသံကြားလို့ ဆွမ်းကပ်ပေးရတာလည်း အမောပေါ့။ ဆွမ်းကပ်တာတောင် ခိုးကပ်ရတာဗျ။

နောက်လေးလ အကြာမှာ ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင်ဆေးရုံ ရောက်နေပြီဆိုတာနဲ့ ဆေးရုံရှေ့သွားအားပေးမယ်ဆိုပြီး သွားကြတာပေါ့။ ဒီတင် မဖြူတို့၊ မခင်ထားရီတို့နဲ့ ပြန်ဆုံတယ် ပြောပါတော့။ အခု အမျိုးသားလွှတ်တော်အမတ်ဖြစ်နေတဲ့ ကိုသိမ်းဆွေအမှုးပြုပြီး လုပ်ကြတာပေါ့လေ။ တဖြေးဖြေးနဲ့ ပွဲက ပုံစံတစ်မျိုး ဖြစ်လာတယ်။ ရိုးရိုးအားပေးရာကနေ ဓာတ်ပုံတွေကိုင်လာပြီး ပိုစတာကမ်ပိန်း လုပ်ကြတယ်။ ထောက်လှမ်းရေးက ဖမ်းတော့မယ့် အရိပ်အယောင်ပြတယ်။ သံအမတ်တွေ လာရပ်ပေးနေလို့ အဖမ်းမခံလိုက်ကြရဘူး။ နောက်တစ်နေ့လည်း ဖမ်းမယ် လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့လူငယ်တွေကိုဖမ်းရင် သူတစ်ခုခုလုပ်မယ်ပြောလို့ မဖမ်းဘူးပြောတာပဲ၊ မှန် မမှန်ကတော့ ကာယကံရှင်များ အသိဆုံးဖြစ်လိမ့်မယ်။

ကျနော်တို့ချင်းလည်း ပြသနာချည်းပဲဗျာ။ တော်တော်လေး ရှုပ်ထွေးပါတယ်။ တကယ်လို့များ လူတွေစိတ်ဝင်စားတယ်ဆိုရင် ကျနော်တို့ အတွင်းရေးတွေ ရေးချင်ပါသေးတယ်။ ထားပါတော့။

အစောပိုင်းက လူကြီးတွေ မလာဘူးဗျ။ နောက်တော့မှ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို စားစရာပေးတယ်၊ ဘာညာသတင်းကြားတော့မှ လူကြီးတွေ ရောက်လာတယ်။ တက်လိုက်တဲ့ပြသနာဆိုတာလည်း ပြောမဆုံးအောင်ဗျာ။

 ကျနော်တို့လည်း အန်တီ့ဆီက မက်ဆေ့ခ်ျ မရမချင်း တစ်နေကုန်နေတာပဲ။ အဲ့ဒီဆေးရုံရှေ့မှာ။ နောက်တော့ ဒေါက်တာတင်မျိုးဝင်းကလာပြီး သတင်းစာ လာလာရှင်းပြီးတော့မှ ပြန်ကြတာပေါ့။ အခြားလူတွေကတော့ ညနေစားစရာလေး လာပေးပြီး သတင်းစာရှင်းပြီးပြန်။ ကျနော်ကတော့ မဖြူတို့၊ မခင်ထားရီတို့ လူနာကြည့်သွားတဲ့နောက် လိုက်ပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ သူတို့က ရန်ကုန်သူတွေသာပြောတယ်၊ ဘတ်စ်ကားမစီးတတ်ဘူး။ ဟုတ်မှာပေါ့လေ … မခင်ထားရီဆိုတာလည်း ရုံးနဲ့ အိမ်တင် ကူးနေတာကိုး။ မဖြူကတော့ ပိုဆိုးတယ် ပြောရမယ်။ သူက ရုံးလာရင် သူတို့အိမ်က ဆလွန်းကား အညိုကလေးနဲ့ လာတာကိုး။

များသောအားဖြင့်တော့ ကိုအောင်ထွေးရယ်၊ ကျနော်ရယ်၊ သူတို့နှစ်ယောက်ရယ် တတွဲတွဲ ဖြစ်နေရတာပေါ့။ ဒီတော့ ကုန်ကျစရိတ် သုံးပုံ ကျနော်ပြောအုံးမယ်။ ကိုအောင်ထွေးက အဲ့တုန်းက ဆေးသုတ်လုပ်ငန်း ကန်ထရိုက်ဗျ။ ဒီတော့ သူလည်း ၀င်ငွေရှိတယ်။ မခင်ထားရီကလည်း သူ့အိမ်က နှစ်ပတ်တစ်ကြိမ်လားမသိဘူး မုန့်ဖိုးပေးတယ်။ မဖြူကတော့ သူတို့အိမ်က ဆေးလိပ်ခုံမှာ ဆေးလိပ်လိပ်ပြီး ရှာတယ်။ သူတို့ သုံးယောက် ဒိုင်ခံကုန်ပေါ့။ ကျနော်ကတော့ တပည့်မရှား တပြားမရှိ ဆိုတဲ့အထဲကပဲ ဗျို့။

သူတို့နဲ့ ၀ိုင်းရင်းသား ဘာတွေ လုပ်ပေးလာရလဲဆိုတော့ ဥပမာ … နယ်က လူနာယောက်လာတယ် ဆိုရင် အဝေးပြေးသွား ကြိုပေးတာတွေ ဘာတွေ လုပ်လာရတယ်။ ကျနော်က လှိုင်သာယာနေတာဆိုတော့ လူနာကြိုရမယ်ဆိုရင် မနက်နှစ်နာရီလောက်ထပြီးရင် လိုင်းကား နှစ်ဆင့်စီး၊ နှစ်ဆင့်စီးရတာက ကျနော် ဘတ်စ်ကားစောင့်ရတဲ့နေရာထွက်တဲ့ ၁၂၈ လိုင်းကားက အဝေးပြေးထဲ မသွားဘူး။ သူက ခြောက်ကွေ့ကနေပြီး နန်းမြင့်ဝေဘာဂီထဲ ၀င်သွားတာ။ ဒီတော့ ခြောက်ကွေ့ဆင်းပြီး အဝေးပြေးထဲသွားတဲ့ ၄၃ တွေ တက်စီး၊ နောက် သူတိုပြောပြထားတဲ့ လူပုံစံနဲ့ကိုက်ပြီး သွားမေး။ ဟုတ်တယ်ဆိုရင် ခေါ်ပြီး သူတို့တည်းမယ့်နေရာကို လိုက်ပို့။ ပြီး ပြန်ချင်ပြန် မပြန်ချင် မခင်ထားရီတို့အိမ် သွားပေါ့။

အဲ့ဒီိတုန်းက ကျနော်တို့လေးယောက်မှာ မခင်ထားရီတစ်ယောက်ပဲ ဖုန်းပိုင်ရှိတယ်။ ဒီတော့ များသောအားဖြင့်တော့ မခင်ထားရီဆီ ဆက်ကြတယ်။ လုပ်ခဲ့ရတာ ဒီလိုဗျ။ ကျနော်နဲ့ ကိုအောင်ထွေးက မနက်ဆိုရင် မခင်ထားရီဆီ ဖုန်းဆက်ကြရတယ်။ သူက ဒီနေ့ ဘယ်သွားမယ် ဘယ်ကိုသွားစရာရှိတယ် ဆိုတာပြောပြီးရင် ကျနော်တို့က မဖြူအိမ် သွားကြတယ်/ အဲ့ဒီမှာ စုရပ်လုပ်ပြီးတော့ နှစ်ယောက်စီ ခွဲသွားပေါ့ဗျာ။ ဒီလိုမဟုတ်လည်း လေးယောက်စလုံးသွားရင်လည်း သွားပေါ့။

(ဆက်လက်ဖော်ပြပါမည်)

(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်