ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၂)

May 20, 2012

လောအယ်စိုး
မေ ၂၀၊ ၂၀၁၂
အမျိုးသမီးငယ်တစ်ဦးထွက်လာပြီး “ဘာကိစ္စရှိပါသလဲရှင်”

“အော် ဟုတ်ကဲ့ ကျွန်တော် ဦး ……. နဲ့ တွေ့ချင်လို့ပါ။ ကိုအေးမောင် ဖုန်းဆက်ထားမယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ ၀င်ခဲ့ပါ၊ ဦးက မဂ္ဂဇင်းတစ်စောင်နဲ့ အင်တာဗျူးလုပ်နေလို့ပါ ခဏဧည့်ခန်းမှာထိုင်နေပါ။
“ကျေးဇူးတင်ပါတယ်၊ ကိစ္စမရှိပါဘူး။ ကျွန်တော်စောင့်ပါမယ်။ ချိန်ထားတာကလည်း ဆယ်နာရီမှပါ။ ကျွန်တော်ရောက်တာကလည်း စောနေ တာကိုး” ဟုပြောရင်း ကျွန်တော် အမျိုးသမီးနှင့်အတူ အိမ်ထဲသို့ဝင်လိုက်သည်။

အိမ်ရှေ့ခန်းတွင် ဆရာနှင့် ဖခင်ဖြစ်သူက အတူထိုင်နေရင်း မြန်မာနိုင်ငံ၏ နာမည်ကြီးမဂ္ဂဇင်းတစောင်မှလာရောက်တွေ့ဆုံပြီး မေးမြန်း သည်ကို ပြောကြားနေခြင်းဖြစ်သည်။ စီးကရက်ကို ဟန်ပါပါနှင့်ခဲရင်း ဆရာတစ်ယောက် မေးခွန်းများကိုဖြေကြားနေသည်။ ၎င်းတို့အနီးရှိ လွတ်နေသောခုံတွင် ကျွန်တော် ရို့ရို့ကလေး ၀င်ထိုင်လိုက်သည်။ မေးသောမေးခွန်းများကို ဆရာသည် ဈာန်ဝင်စားပုံရသည်။ နိုင်ငံတ ကာရပ်ဝန်းတွင် မည်ကဲ့သို့ ၎င်းအောင်မြင်ကျော်ကြားနေသည့်အခြေအနေ၊ ကိန်းဂဏန်းကြီးများစွာသော၊ ဉာဏ်ပူဇော်ခများအကြောင်းတို့ကိုလည်း ထည့်သွင်း ပြောကြားသွားသည်။

ကျွန်တော် ယခုတိုင်အမှတ်ရနေသော စကားတစ်ခုက “အသုံးပြုမယ့်ဓာတ်ပုံတွေက ကျွန်တော်က အယ်ဒီတာတွေကို ဘယ်တော့မှ ရွေး ချယ်ခွင့်ပေးတဲ့လူမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ပီးမှ ဖော်ပြခိုင်းတာ” မှတ်သားနာယူလောက်ပေသည်။

“ကျွန်တော်ရောက်ပီး ဓာတ်ပုံသွားရိုက်တယ့်နေရာတိုင်းမှာ နယ်ခံဓာတ်ပုံဆရာတွေက ကျွန်တော့်ကို အမြဲလာတွေ့ပြီး ကျွန်တော်ဓာတ်ပုံရိုက် တဲ့နောက်ကို လိုက်ကြည့်ကြတယ်ဗျ။ တချို့ဆိုရင် ကျွန်တော်တည်းခိုတဲ့ ဟိုတယ်ရှေ့မှာ မိုးတောင်မလင်းသေးဘူး သူတို့တစ်တွေ ရောက် နေကြပြီ”

ဆရာပြောကြားနေသည်ကိုကြည့်ပီး ဆရာ့ဖခင်ကြီးသည် အလွန်ပီတိ ဖြစ်နေပုံရသည်။ မကြည့်နူး၊ ဂုဏ်မယူဘဲနေမည်လား၊ အောင်မြင်ကျော် ကြားသည့်သားတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့သည့် ဥယျာဉ်မှူးကြီးသည် ၎င်းမဟုတ်ပါလား။

“ချောက်” ကနဲမြည်အောင် အသံသွင်းကက်ဆက်ကိုပိတ်လိုက်ပြီး အင်တာဗျူးမေးသောသူသည် ဆရာ့ကိုကျေးဇူးတင်စကားပြောရင်း နောက်လထုတ်မည့် ၎င်းတို့မဂ္ဂဇင်းကြီးတွင် ဆရာ့အကြောင်း မျက်နှာဖုံးဆောင်းပါးအဖြစ်ပါရှိမည်ဖြစ်ကြောင်း လေးလေးစားစား ပြောဆိုပီး ထွက်သွားလေသည်။

အိမ်၏ဧည့်ခန်းတွင် ကျွန်တော်တို့သုံးဦးသားသာ ကျန်ရစ်ခဲ့သည်။ စီးကရက်ကိုခဲရင်း ဆရာသည် ကျွန်တော့်ကို စိုက်ကြည့်ကာ …

“ငါ့ညီကရော ဘာကိစ္စရှိလို့လဲ”
“ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်က ကိုအေးမောင်ရဲ့မိတ်ဆွေပါ။ ဆရာနဲ့ တွေ့ချင်လို့ပါ” ဟု ကျွန်တော် ဆရာမေးသောမေးခွန်းကို မ၀ံ့မရဲ ဖြေ လိုက်သည်။

“အော် အေး သူ မနေ့က တယ်လီဖုန်းဆက်ထားတယ်။ ဒါနဲ့ မင်းက ဘာသိချင်တာလဲ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်လည်း ဆရာ့လို ဓာတ်ပုံဆရာတစ်ယောက် ဖြစ်ချင်လို့ပါ။ တပည့်ခံချင်လို့လာတွေ့တာပါခင်ဗျာ”

စီးကရက်ကိုခဲရင်း ကျွန်တော့်ကို စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ …. “မင်း ငါ့ဆီမှာတပည့်ခံရအောင် ငါကိုင်တဲ့ကင်မရာမျိုး မင်း ကိုင်နိုင်ရဲ့လား”

ကျွန်တော် ကြောင်သွားသည်။ ကင်မရာ ကိုယ်ထည်တစ်ခုတည်း မှန်ဘီလူး မပါစေသေးကာမူ ဆရာလက်ရှိ အသုံးပြုနေသည့် ကင်မရာသည် ဒေါ်လာနှစ်ထောင်ကျော်အထက်တွင် ရှိသည်။ မှန်ဘီလူးများအပါအ၀င်ဆိုပါက ဒေါ်လာလေးငါးထောင်နား ကပ်သွားပေလိမ့်မည်။ ယခုလို အချိန်မျိုးတွင် ကျွန်တော် ထိုမျှတန်ဖိုးကြီးသော ကင်မရာနှင့်မှန်ဘီလူးများကို အဘယ်ကဲ့သို့ ကိုင်နိုင်ပါမည်နည်း။

“ဟုတ်ကဲ့ ကျွန်တော် မကိုင်နိုင်သေးပါဘူးခင်ဗျာ”
“အေး မင်း အဲဒီကင်မရာမျိုးတွေမကိုင်နိုင်ရင် ဘာကြောင့်ငါ့တပည့်ဖြစ်ချင်ရတာလဲကွ” ဟု ရိသဲ့သဲ့ဖြင့် ကျွန်တော့်ကို ဆရာသည် ဆက် ပြောသည်။

“ဟုတ်ကဲ့ ဆရာ၊ ဆရာကိုယ်တိုင်မသင်ပေးနိုင်ရင်လည်း ကျွန်တော့်ကို စာအုပ်လေး၊ ဘာလေး ဝေငှပို့ပေးလို့များ ရမလားခင်ဗျာ” ဟု ကျွန် တော်လည်း စိတ်ထိခိုက်စွာဖြင့် ထပ်မံအသနားခံလိုက်သည်။

“ဟေ့ နိုင်ငံခြားမှာနေတဲ့လူတွေက ဘယ်သူမှ မအားဘူးကွ။ မင်းကို စာအုပ်တွေပို့ဖို့အကြောင်းမပြောနဲ့ ငါ့အလုပ်တွေနဲ့ကို ရှုပ်နေတာ သူများ တွေအတွက်အချိန် ငါ့မှာ မရှိဘူးကွ” ကျွန်တော်မမျှော်လင့်ထားသော ဆရာ့ထံမှတဘက်သားကို အထင်မြင်သေးသော အကြည့်၊ ရင့်သီးလှ စွာသော စကားအသုံးအနှုန်းများအတွက် ကျွန်တော်ကြေကွဲသွားသည်။

“ဒါနဲ့ နေပါအုံး …. မင်းက ဓာတ်ပုံဆရာတယောက် ဖြစ်ချင်တယ်ဆိုလို့ ဘာတွေများလေ့လာထားသလဲကွ”
“ကျွန်တော် လက်လှမ်းမှီရာ စာတွေဖတ် နီးစပ်ရာ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့လူတွေကို ချဉ်းကပ်ပြီး ဒီလိုပဲလိုက်မေးတာပါပဲ ဆရာ” ဟု ကျွန်တော် ဖြေလိုက်သည်။

ဆရာက “ဓာတ်ပုံဆရာတစ်ယောက်ဟာ ကင်မရာတစ်လုံးရဲ့အကြောင်း၊ အသုံးပြုရိုက်ကူးမယ့် ဖလင်တွေအကြောင်း ကောင်းကောင်းကို သိဖို့လို တယ်နော်”

“သွား မေးမနေပါနဲ့ကွာ။ ဒီကောင် ဒါတွေသိမှာမဟုတ်ပါဘူး”

ဆရာ့နံဘေးတွင်ထိုင်ကာ ကျွန်တော့်ကို အထင်သေးစွာကြည့်ရင်း ၎င်း၏ ဖခင်သည် ဆရာ၏စကားကိုဆက်လိုက်ရင်း နှစ်ဦးသား သဘော ကျစွာဖြင့် ရယ်လိုက်ကြသည်။ ကျွန်တော် လုံးဝမမျှော်လင့်ထားသော ၎င်းတို့နှစ်ဦးထံမှ လူငယ်တစ်ဦးကို လှောင်ပြောင်သော အပြုံးနှင့် ရယ် မောသံများ။ သူတို့နှစ်ဦးလုံးသည် ကျွန်တော် နက်နက်ရှိုင်းရှိုင်းကြီး နာကျင်ကြေကွဲသွားမည်ဟုလည်း ထင်ပုံမရ။ လူငယ်တယောက်၏ ခံစားချက်နှင့်ရည်မှန်းချက်ကို အထင်သေးလွန်းလေခြင်းဟုသာ။

ကျွန်တော်ဆက်၍ ၎င်းတို့နှင့် စကားပြောလည်း မရတော့။ ကျွန်တော် ပြောဆိုသည့် စကားတို့ကိုလည်း သူတို့နှစ်ဦး နားထောင်လိမ့်မည် မဟုတ်။ ထို့အတူ ၎င်းတို့နှစ်ဦး၏ စကားများနှင့် အထင်သေးသော မျက်လုံးတို့ကိုလည်းကျွန်တော်ခံနိုင်စွမ်း မရှိတော့ပါ။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါ” ဟူ၍ ၎င်းတို့နှစ်ဦးကို နှုတ်ဆက်ပြီး၎င်းတို့၏ အိမ်ခံဝင်းထဲမှ အမြန်ဆုံးထွက်ခဲ့ သည်။ ကောင်းကင်ထက်ဝယ် တိမ်သားညိုညိုနှင့် မိုးကလည်း တစ်ဖွဲဖွဲလေး ရွာနေသည်။ ဖြေးဖြေးခြင်း သည်းသည်းလာသည်။ ထီးမပါဘဲ လမ်းပေါ်တွင် ကျွန်တော်တစ်ယောက်တည်း မိုးရေတွေနှင့် ရွှဲရွှဲစိုနေရင်း ဆက်လမ်းလျှောက်နေသည်။ ကောင်းကင်ယံမှမိုးသည် ပြင်းထန် နာကျင်လွန်းလှသော ကျွန်တော့်နှလုံးသားမှအန်၍ရွာချလိုက်သည့် မျက်ရည်မိုးအရှိန်ကို ပို၍မှီနိုင်မည်မထင်ပါ။ မျက်ရည်များ ကျွန်တော့် ပါးပြင်ပေါ်သို့ စီး၍ကျလာသည်။ ကျွန်တော်မသုတ်ပါ။ စီးပါလေစေ။ စီးပါလေစေ။ အရှိန်ကုန်ရင် ရပ်တန့်သွားမှာပါ။

မည်း၍ မှိုင်းနေသော ကောင်းကင်ကြီးကိုမော့ကြည့်ရင်း “ဟေ့ ဒီနေ့ ဒီအချိန်ကစပြီး ငါဟာ အနင်းအဖိနှိပ်ခံလူတွေအတွက် ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်သွားပြီကွ”ဟု ကြုံး၍ တအားအသံကုန်အော်ဟစ်လိုက်သည်။ ပဲ့တင်သံများသည် ကျွန်တော့်နှလုံးသားထက်ဝယ် အကြိမ် တစ်ထောင်မက ရိုက်ခတ်နေသကဲ့သို့ ခံစားရသည်။ ကျွန်တော့်မျက်ရည်ကိုလည်း မသုတ်ပါ။ တစ်ချိန်မှာ ငါ့လို အနှိမ်ခံ ပြင်းပြသော ဆန္ဒ တွေနဲ့ သိချင်၊ တတ်ချင်ပြီး ဆရာတော်တဲ့လူငယ်တွေလိုကို ငါခံစားရသလို သူတို့တစ်တွေမခံစားစေရဘူးဟု ကျွန်တော် အပြီး သံန္ဒိဌာန် ချလိုက်သည်။

ထိုနေ့အတွက် ကျွန်တော် နေ့မှတ်တမ်းမရေးပါ။ နာကျင်လွန်းခဲ့ရသည့်ဖြစ်ရပ်အတွက် ကျွန်တော်အမှတ်လည်းမရလို။ ဆရာနှင့် ၎င်းဖခင်တို့ ကိုလည်း နာကျည်းစိတ်မရှိလိုခဲ့ပါ။ ယခုလို နင့်နင့်သီးသီးကြီး ကျွန်တော်ခံစားလိုက်မည်ဟု သူတို့တွေလည်း ထင်မိကြမည်လည်း မဟုတ်ပါ။ စက္ကန့်များသည် မိနစ်များ ဖြစ်သွားသည်။ နာရီများမှသည် နေ့ရက်၊ နှစ်များတို့သည်လည်း ရက်များမှတဆင့် အသွင်ပြောင်းသွားကြသည်။

အခက်အခဲအမျိုးမျိုး၊ စမ်းသပ်မှု အဖုံဖုံတို့ကို ကျွန်တော် ရှစ်နှစ်တာအတွင်း ကြုံတွေ့ဖြတ်သန်းခဲ့သည်။ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ အကူ အညီပေးမှုများ၊ အသုံးချခံခဲ့ရမှုများကလည်း တလှည့်စီ၊ အခွင့်သင့်တိုင်း မြန်မာပြည်အရပ်ရပ်သို့ ကျွန်တော်ခရီးပြုသည်။ မိမိကိုယ်ကို မိမိခံနိုင်ရည်မည်မျှရှိအောင် စမ်းသပ်အုံးမည်ဟု ကျွန်တော်ဆုံးဖြတ်ပီး ပြည်နယ် မြောက်ဖျားပိုင်းရှိ ခါကာဘိုရာဇီတောင်ခြေ၊ ထိုမှ တစ်ဆင့် နောင်မွန်၊ ပူတာအို၊ မြစ်ကြီးနားမြို့အနီးထိ လမ်းလျှောက်ပစ်လိုက်သည်။

၁၉၉၆၊ ဒီဇင်ဘာလကတည်းက ရန်ကုန်မှထွက်သွားသော ကျွန်တော်သည် ၁၉၉၇ ခုနှစ်၊ မတ်လကုန်ခါနီးမှ ရန်ကုန်မြို့သို့ ပြန်ရောက်သည်။ ဆူးလေတစ်ဝိုက်၊ လမ်းဘေးပလက်ဖောင်းပေါ်တွင်ရောင်းသော မြန်မာပြည်မြေပုံတစ်ချပ် (Pantex – K 1000. camera) လေးတစ်လုံး နှင့်သာ ကျွန်တော့်တွင်ရှိခဲ့သည်။ သို့သော် ဆန္ဒအလျှံမီးတို့သည် အဟုန်ပြင်းစွာဖြင့် ရဲရဲခဲနေသည်။ “ဘယ်လိုဖြစ်လို့ ဒီကရင်တစ်ယောက်က ငါတို့ ကချင်ပြည်နယ်ကိုလာပြီး ပူတာအိုကနေ၊ မြစ်ကြီးနားအထိ လမ်းလျှောက်ချင်ရတာလဲ” ဟု ကချင်မိတ်ဆွေအချို့တို့၏ ဒွိဟ သံသယများ ကိုဥပေက္ခာပြုပြီး ထိုအချိန်က ကချင်နှစ်ခြင်းအသင်းချုပ်ကြီး၏ လူငယ်တာဝန်ခံ ဆရာခွာနော်သည် ကျွန်တော့်ကို ညီရင်းလိုပမာ အ ကောင်းဆုံးမေတ္တာပြကာ ကူညီမှုပေးခဲ့ပါသည်။

ထိုခရီးတလျှောက် ကျွန်တော်ကို မေတ္တာပြကူညီမှုများပေးခဲ့သည် ဂျိန်းဖော၊ လီဆူ၊ ရ၀မ်လူငယ်များတို့နှင့် အသီးသီးသော ၎င်းတို့၏ အသင်း တော်များတို့ကျေးဇူးများကို ဘယ်သောအခါမှ ကျွန်တော်မေ့ပျောက်၍ ရမည်မဟုတ်ပါ။ မိုင်ကို ရာနှင့်ချီ၍ ကျွန်တော်လမ်းလျှောက်ခဲ့သည်။ မိမိ၏ခံနိုင်ရည်စွမ်းအားကို ကျွန်တော် မိမိဘာသာ စစ်ဆေးကြည့်လိုက်သည်။ အားငယ်မှုများကြုံတိုင်း ကျွန်တော်သမ္မာကျမ်းစာကို ဖွင့်ဖတ် ပြီး ဘုရားရှင်ကို ဒူးထောက်ကာဆုတောင်းခဲ့ပါသည်။ ကျွန်တော် နောင်မှပြန်၍သိရှိရသည်မှာ ကရင်ပြည်နယ် ကျေးလက်တခုရှိ မိခင်ကြီးကို နှစ်လကျော်ကျော်ဘာမှ အကြောင်းကြားခြင်းမရှိခဲ့။ တောထဲတောင်ထဲတွင် ဘယ်လိုမျှ ဆက်သွယ်၍လည်းရမည်မဟုတ်။ သို့အတွက် ကြောင့် မိခင်ကြီးသည် ကြီးစွာသောပူပင်သောက ရောက်ခဲ့ရခြင်းပင်။ ထိုသောကအတွက် မိခင်ကြီးသည် ဒူးထောက်ဆုတောင်းခြင်းမှတစ်ပါး ဘာကိုမှ မတတ်နိုင်ခဲ့ပါ။ ထိုမိခင်တို့၏ ဆုတောင်းသည် အစွမ်းကြီးမားလှပေသည်။

ကျွန်တော့်ခရီးစဉ် အောင်မြင်ခဲ့ပါသည်။ အမှတ်ရစရာများထဲမှတခုက နောင်မွန်းမြို့သို့ ကျွန်တော်ရောက်ရှိစဉ် ဈေးသို့ဝင်ပြီး ရှေ့ဆက်ရမည့် ခရီးစဉ်အတွက် ပစ္စည်းတချို့ကို ၀ယ်နေတုန်း “ဟာ …ကရင်လေးမဟုတ်လား” အသံကြား၍ ကျွန်တော်လှည့်ကြည့်လိုက်တော့။ ကျော်စွာ ထွန်း၊ ဓနုဖြူသားစစ်စစ်၊ ကျော်စွာထွန်းမှ အစစ်။ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာအဓိကပညာရပ်ကျောင်းသားကြီး ကျော်စွာထွန်း။ လေးနှစ် ကျော်ကျော် မဟာရွှေဘိုဆောင်မှ တစ်ဆောင်တည်းသား ဗန္ဓုလ၏ကဗျာများ စီရင်သွားခြင်းကြောင့်လားမသိ။ အမိရန်ကုန်တက္ကသိုလ်မှ ညီ အစ်ကိုနှစ်ဦး မြန်မာနိုင်ငံ၏မြောက်ဘက်ဆုံး ထိပ်ဖျားတွင်းတွင် လာရောက်တွေ့တတ်ပလေ။

“မင်း ဘယ်လိုနဲ့ဒီမြို့ကို ရောက်လာသလဲ” ဟု ကျွန်တော်က မေးတော့ “ငါ ထွေအုပ်သင်တန်းဆင်းပြီး ပထမဆုံးအနေနဲ့ ဒီမြို့ကို ပို့လိုက်တာ ကွ။ အခု ငါက ဒီမြို့မှာ မ၀တအတွင်းရေးမှူးလေကွာ” ဂုဏ်ယူလောက်ပါပေသည်။ အတွင်းရေးမှူးကြီးရယ်။

ကျွန်တော်တို့နှစ်ဦး အလွန်ပျော်သွားသည်။ ခါကာဘိုရာဇီတောင်ခြေသို့ ခရီးမဆက်မှီ ညတိုင်း ကျော်စွာထွန်း၏အိမ်သို့သွားပြီး ညဥ့်နက် သည်အထိ စကားပြောကြသည်။ ရန်ကုန်တက္ကသိုလ်၏ လွမ်းမောဖွယ်နေ့ရက်များတို့ကို နှစ်ဦးသား စားမြုံ့ပြန်ရင်း တမ်းတကြသည်။ အင်း လျား၊ သစ်ပုတ်ပင်၊ အဓိပတိလမ်း၊ သီရိဆောင်ရှေ့ ညဖက်ဂီတာဝိုင်းတို့ကို ပြန်၍ နောင်မွန်းညများတွင် တဖန်အသက်ဝင်လာသည်။ အမှန် ပါ။ အမိရန်ကုန်တက္ကသိုလ်ကြီးသည် အဆင်း၊ အရောင်၊ အာဃာတအားလုံးကို ကျွန်တော်တို့အား ခ၀ါချစေကာ စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ကြီးကိုပေးနိုင်ခဲ့သည့် တစ်ခုသောနေရာပင် ဖြစ်သည်မဟုတ်ပါလား။

“အေး သူငယ်ချင်း၊ လိုချင်တာပြော။ ဒီမြို့မှာ ငါ့လက်မှတ်နဲ့ထုတ်လို့ရတာ ဖရောင်းတိုင်နဲ့ ဆားရှိတယ်ကွ” ဟု မ၀တအတွင်းရေးမှူးကြီး ကျော်စွာထွန်းကလည်း အားပေးရှာပါသည်။

စိမ့်နေအောင်အေးလှသော နောင်မွန်းမြို့၏ဆောင်းညအောက်ဝယ် ကျွန်တော်တို့နှစ်ဦးသား မီးလှုံပြီး ကျော်စွာထွန်းက ဓနုဖြူရှိ ၎င်း၏ ချစ် သက်လျာလေးအကြောင်း တမ်းတမ်းတတပြောသည်။

“ငါလည်း ဒီမြို့ကိုရောက်ဖို့ အိပ်မက်ထဲမှာတောင် မဖက်ဖူးပါဘူးကွာ။ အခု အစိုးရကပို့လို့သာ ရောက်လာတာ” မည်သို့ပင်ဖြစ်စေ ကျွန်တော် တို့ နှစ်ဦး၏ နောင်မွန်းနေ့ရက်များတို့သည် အမှတ်ရစရာများပင်။ နောင်မွန်းမြို့ကို ဖြတ်၍စီးသွားသော “ကစမ်ထီ” ချောင်းလေးသည် ကျွန် တော်တို့နှစ်ဦး၏စကားကို တိတ်ဆိတ်စွာနားထောင်ရင်း တငြိမ့်ငိမ့်လေး စီးဆင်းသွားသည်။

နောင်မွန်းမြို့၌ နှစ်ပတ်ကျော်နီးပါး ကျွန်တော်နေထိုင်စဉ်အတွင်း ခင်မင်စရာကောင်းလှသည့် ဒေါက်တာစည်သူဆိုသော လူငယ်ဆရာဝန် တစ်ဦးနှင့်လည်း ရင်းနှီးခွင့်ရခဲ့သည်။ ဒေါက်တာစည်သူသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကိုရပြီး မကြာခင် နောင်မွန်းမြို့ကို အစိုးရ၏တာဝန်ပေးချက်အရ ရောက်ရှိလာခြင်းဖြစ်သည်။ ပူပူနွေးနွေးလက်ထပ်ထားထားသော ဇနီးသည်ကို မန္တလေး၌ထားခဲ့ကာ မိမိတာ ၀န်ကျရာသို့ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ ထိုအချိန်က ဒေါက်တာစည်သူသည် အသက်အရွယ်အားဖြင့် နှစ်ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေး သည်။ ရ၀မ်၊လီဆူး၊ ဂျိန်းဖောဒေသခံ တိုင်းရင်းသားတို့၏ ချစ်ခင်လေးစားခြင်းကို ခံယူထားနိုင်သူဖြစ်သည်။

“အေးဗျာ၊ ညဆိုရင် ဒီမှာကအရမ်းအေးတော့ လူတွေအများကြီးစုတဲ့ ဗီဒီယိုရုံကို ရောက်ဖြစ်တယ်ဗျာ။ လူရဲ့ ကိုယ်အငွေ့တွေက နွေးတော့ လူငွေ့ သွားလှုံတာပေါ့ဗျာ”

ညဦးပိုင်းတွင် ကျွန်တော် ဒေါက်တာစည်သူကို နောင်မွန်းမြို့၏တစ်ခုတည်းသော ဗီဒီယိုရုံတွင် တွေ့တတ်သည်။ တစ်ရာကျော်ခန့်လူဦးရေ ရှိသည့် ဗီဒီယိုပရိသတ်တို့အထဲ ကိုယ်ခန္ဓာသေးသော ဒေါက်တာစည်သူတစ်ယောက် ပျော်၍နေသည်။ ခင်မင်စရာကောင်းသော ဒေါက်တာ စည်သူသည် တောင်ငူမြို့ဇာတိ ဖြစ်သည်။ အသွေးအရောင်စုံ စရိုက်အမျိုးမျိုးရောပြွမ်းနေသော နောင်မွန်းမြို့၏ ၀န်ထမန်းရပ်ဝန်းထဲတွင် ဒေါက်တာစည်သူ၏ စာရိတ္တ၊ စေတနာ၊ အနစ်နာခံမှုအလင်းတို့သည် ဒေသခံများအတွက် အာရုံဦးနေခြည်ပမာ။

သတိရနေဆဲပါ ဒေါက်တာစည်သူ၊ ယခုအချိန်ဆိုလျှင် သူသည်လည်း အထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်နေလောက်ပီပေါ့။ (၁၉၉၇)ခုနှစ် ဇန်န၀ါရီလကတည်းက တစ်ခါမှ ပြန်မဆုံဖြစ်ကြတော့။ အမိမန္တလေး ဆေးတက္ကသိုလ်ကြီးသည် သူ၏ သားကောင်းတယောက်အတွက် ဂုဏ်ယူနေပေလိမ့်မည်။

နောင်မွန်းမြို့မှာ မချမ်းတော့။ ထိုမှတဆင့် မြစ်ကြီးနားသို့ ဆက်၍လျှောက်သည်။ ကချင်နှစ်ခြင်း အဖွဲ့ချုပ်ကြီး၏အကူအညီဖြင့် ဒေသခံ အသင်းတော်များက ကျွန်တော့်ကို အကောင်းဆုံးကူညီ၍ ဧည့်သည်ဝတ်ကို ပြုကြသည်။ တစ်ရွာမှတစ်ရွာသို့ကူးသောခရီးစဉ်တွင် အနည်း ဆုံး လူသုံးဦးခန့် ကျွန်တော့်ပစ္စည်းများကို ကူညီ၍ထမ်းကာလိုရာသို့ရောက်အောင် ပို့ဆောင်ပေးကြသည်။

တိမ်လွှာတွေကြားထဲက ဆွမ်ပရာဘွမ်မြို့ကလေးသို့ အပေါ်စီးက လှမ်း၍မြင်ရသည်။ မြင်ကွင်းသည် ဘယ်လိုမှ ကျွန်တော့်အတွက် မေ့၍ မရသော အသက်ဝင်လွန်းလှသည့် ပန်းချီကားတစ်ချပ်ပင်။ ဆွမ်ပရာဘွမ်မြို့၏အလှသည် မြန်မာနိုင်ငံတွင် ကျွန်တော်ရောက်ဘူးသမျှ မြို့များထဲတွင် အလှဆုံးမြို့တမြို့၌ ပါဝင်သည်။ သွားရေးလာရေး ခက်ခဲခြင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးတို့၌ကား ပြည်မရှိမြို့ များနှင့် နှိုင်းယှဉ်ပါက အဝေးမှာကျန်နေဆဲ။

အိမ်ခြံဝင်းအကျယ်ကြီးထဲတွင် မိသားစုဝင်များကွယ်လွန်သွားပါက မိမိတို့၏ခြံဝန်းထဲ၌ပင် အုတ်ဂူပြုလုပ်၍ မြှုပ်နှံထားသည်ကို ထူးထူးခြားခြား တွေ့မြင်ခဲ့ရသည်။ ဆွမ်ပရာဘွမ်နှင့် မြစ်ကြီးနားကားလမ်းတလျှောက် (ကားလမ်းကြမ်းသာရှိပြီး နေ့စဉ်ကားဖြင့် ခရီးမပြုနိုင်သေးပါ။) တပ်မတော်နှင့် ကုန်သွယ်ရေးယာဉ်တန်းများသာ တစ်ခါတစ်ရံ ရှိတတ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိခဲ့ရသည်။ ခြေသံများ တချွင် ချွင်နှင့်ရဲဘက်များကိုလည်း အေးချမ်းသောရာသီအောက်တွင် ပင်ပန်းစွာဖြင့် လမ်းကျောက်ခင်းနေသည်တို့ကိုလည်း မျက်မြင်တွေ့ခဲ့ရ သည်။ ၎င်းမြင်ကွင်းနှင့် ဆန့်ကျင်ဘက် စိမ်းလဲ့ဖန်သော မေခမြစ်၏ အရှိန်နှင့်စီးဆင်းနေခြင်း၊ အလှနှင့် အားမာန်သည် ကဗျာရှည်ကြီးတစ်ပုဒ် နှယ်။ စီးဆင်းနေဆဲ မေခမြစ်နှင့်အတူ ဒေသံများတို့၏ဘ၀သည်လည်း မြစ်ကြီးနှင့်ယှဉ်၍ ရုန်းကန်ကာ လောကဓံကိုရင်ဆိုင်၍ ရှင်သန်နေဆဲ၊ ဖြတ်သန်းနေဆဲ။

မြစ်ကြီးနားမြို့သို့ ရောက်ခါနီးတွင် သစ်မွှေးရှာထွက်လာခဲ့သော လီဆူးတိုင်းရင်းသားညီအစ်ကိုများတို့နှင့်တွေ့ဆုံခဲ့ပြီး သူတို့တစ်တွေ ကျွန် တော့်ကို အကောင်းဆုံးကူညီမှုများပေးခဲ့သည်။ ထိုအချိန်ကျမှသာ တန်ဖိုးကြီးလှသောသစ်မွှေးသည် မည်ကဲ့သို့သောအရာ ဖြစ်သည်ကို မြင်တွေ့ဖူးခဲ့ပါသည်။ ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော် ဖျားနာခြင်းမရှိခဲ့ပါ။ ၁၉၉၇ ခုနှစ် မတ်လ ဒုတိယပတ်ခန့်မှ ကျွန်တော် မြစ်ကြီး နားမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကျွန်တော် တစ်ပတ်နီးပါးခန့်နေပြီး မန္တလး၊ ထိုမှတဆင့် ရန်ကုန်သို့ ပြန်ရောက်သည်။ မိမိ၏ ခံနိုင်ရည်၊ စိတ်ဓာတ်ခွန်အားကိုစမ်းသပ်သော စမ်းသပ်မှုခရီးစဉ်သည်အောင်မြင်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ

5 Responses to ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၂)

  1. Khin Myat Swe on May 20, 2012 at 12:53 pm

    မည်း၍ မှိုင်းနေသော ကောင်းကင်ကြီးကိုမော့ကြည့်ရင်း “ဟေ့ ဒီနေ့ ဒီအချိန်ကစပြီး ငါဟာ အနင်းအဖိနှိပ်ခံလူတွေအတွက် ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်သွားပြီကွ”ဟု ကြုံး၍ တအားအသံကုန်အော်ဟစ်လိုက်သည်။ ပဲ့တင်သံများသည် ကျွန်တော့်နှလုံးသားထက်ဝယ် အကြိမ် တစ်ထောင်မက ရိုက်ခတ်နေသကဲ့သို့ ခံစားရသည်။ I am very sad to read above sentence. I like your determination and thank you so much for that. As well I am so angry famous person who said စီးကရက်ကိုခဲရင်း ကျွန်တော့်ကို စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ …. “မင်း ငါ့ဆီမှာတပည့်ခံရအောင် ငါကိုင်တဲ့ကင်မရာမျိုး မင်း ကိုင်နိုင်ရဲ့လား”. He should not say like that. Today you could chang your sorrowfulness to your success. You become a great man. I am really greatful your friends and whoever support you to become People’s photographer. Our country will forever remenber your great job. I think your story should make a movie or documentary like *Burma Solider*.

  2. ဖိုးထက် on May 20, 2012 at 1:05 pm

    ဆရာ ခင်ဗျား..ခရီးသွား အတွေ့အကြုံကို စာအုပ်သပ်သပ် တစ်အုပ်လောက် ပြန်ပြီး ထုတ်ဝေစေချင်ပါတယ်ခင်ဗျား..

    • law eh soe on May 30, 2012 at 7:45 am

      I will do brother..thanks you so much for your suggestion.

  3. Win Nie Aung on May 22, 2012 at 8:50 pm

    Waiting for part 3,4,5……. You are sharing your unforgettable experience which wil be strength and encouragement for all of us

    • law eh soe on May 30, 2012 at 7:46 am

      Thanks you so much.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်