အားကစားသမားဘဝ.. အမှတ်တရများ.. – student sports festivals days

May 24, 2012

ငြိမ်းချမ်းအေး
မေ ၂၄၊ ၂၀၁၂


photo: AFP
“..ဝါဒဖြန့် မိန့်ခွန်း အရှည်ကြီးကို အစ အဆုံး၊ တနေကုန် ငုတ်တုတ်အငတ်ခံ စောင့်ရတဲ့ ကလေးတွေမှ အားမနာ ပြောသွားတာပါပဲ..။ ကလေးတွေကတော့ မတ်တပ်ရပ်ရင်း နဲ့ မူးလဲ လို့ ထမ်းထုတ်နေရပြီ..”


“ချင်းတောင်တန်းမှ ဖိတ်ခေါ်သည်” ဆိုတဲ့ သီချင်းလေး ပြန်နားထောင်နေရင်းနဲ့ အတိတ်ကို ခဏ ရောက်သွားတယ်..။

အဲ့သီချင်းကို ချင်းပြည်နယ်မှာ လုပ်တဲ့ ကျောင်းသားအားကစားပွဲ ဖွင့်ပွဲ စတိတ်ရှိုးမှာ အိန္ဒြာကျော်ဇင်ဆိုတာ သတိရမိတယ်…။ ကျောင်းသားတွေက သူ့ကို တက်ဆွဲတော့ Aurora နဲ့လား New Wave နဲ့လား မသိပါလာတဲ့ ကိုရဲလွင်ကြီး နောက် ပြေးပုန်းရတာ မျက်စိထဲ မြင်ယောင်နေသေးတယ်..။ ဆလိုင်းသောန ရဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပေါ့..။

ဟားခါး ကျောင်းသားပွဲ ဖွင့်ပွဲနေ့အကြာင်းပြောနေတော့ တဆက်တည်း အဲ့နေ့က ဗိုလ်ခင်ညွန့် အဖြစ်အပျက်ကိုလည်း ပြောချင်သေးတယ်..။

ဟားခါးမှာ ကျောင်းသားပွဲ လုပ်မယ်ဆိုတော့ ထုံးစံအတိုင်း လုပ်နေကျ ဒီဇင်ဘာမှာ အေးလွန်းတော့ လုပ်လို့မရဘူး..။ (၁၀) တန်း စာမေးပွဲအပြီး နဲ့ သင်္ကြန်ကြား ဧပြီလဆန်းမှာ လုပ်ရတယ်..။ ဒါပေမယ့် ဖြစ်ချင်တော့ ဖွင့်ပွဲမတိုင်ခင် (၂) ရက်လောက် မှာ မုန်တိုင်းကြောင့် အပူချိန်က သုည နီးနီးဖြစ်သွားတယ်..။

ဖွင့်ပွဲနေ့မှာလည်း မုန်တိုင်းအရှိန်မသေသေးတော့ ရဟတ်ယာဉ်တော် နဲ့ ကြွချီလာမယ့် မြေမနင်း အိမ်ရှေ့မင်းသား ဖိုးခင်ညွန့်က အချိန်မှီ ကြွချီမလာနိုင်ဘူး..။ ကျောင်းသားလေးတွေက တနေကုန် ထမင်းမစား၊ ရေမသောက်နဲ့ ဖွင့်ပွဲအတွက် အဆင်သင့် ကွင်းထဲမှာ စောင့်နေရတယ်..။

ညနေစောင်း မှောင်ရီပျိုး လောက်မှ ကိုယ်တော် ကြွလာတယ်..။ ယူလာတဲ့ မိန့်ခွန်းစာရွက်ရှည်ကြီး ထုတ်ပြီး စ မှာတမ်းချွေတယ်..။ ပါရာဖတ်က ဦးနှောက်မသုံးဘဲ စစချင်း ဆောက်နဲ့ထွင်း စဖတ်တာကတော့ “မင်္ဂလာ မနက်ခင်းပါ သားတို့.. သမီးတို့” တဲ့..။ အဲ့တော့ ကျောင်းသားတွေပဲ..၊ ဘယ်နေမလဲ..၊ သောက်ရူးကြီးဆိုပြီး ဝိုင်းဟားတာပေါ့..။ ဘိုးတော်လည်း မျက်နာတွေနီပြီး တော်တော်ရှက်သွားတယ်..။ ဒါပေမယ့် တသက်လုံးက သောက်ရှက်နည်းလာတဲ့ အစားထဲက လူတွေဆိုတော့ ဝါဒဖြန့် မိန့်ခွန်း အရှည်ကြီးကို အစ အဆုံး၊ တနေကုန် ငုတ်တုတ်အငတ်ခံ စောင့်ရတဲ့ ကလေးတွေမှ အားမနာ ပြောသွားတာပါပဲ..။ ကလေးတွေကတော့ မတ်တပ်ရပ်ရင်း နဲ့ မူးလဲ လို့ ထမ်းထုတ်နေရပြီ..။

အခြေခံ သဘောအရ ကောင်းတဲ့ အခြေခံအဆင့် ကျောင်းသား အားကစားပွဲတွေဟာ အခြား စစ်အစိုးရခေတ်တလျှောက် လုပ်တဲ့ စာပေ၊ ဂီတ ပွဲတွေလိုပဲ.. စစ်အစိုးရဝါဒဖြန့်ဖို့သက်သက် အသုံးချခံခဲ့ရတယ်..။ စီမံခန့်ခွဲမှုညံ့တာ..၊ မရောင်ရာ ဆီလူပြီး တိုင်းနဲ့ပြည်နယ်တွေ တကယ့်သဘောအရ အရေးမပါတဲ့ ဆုတံဆိပ်များလိုစိတ်၊ နိုင်လိုစိတ်နဲ့ ကျောင်းသားမဟုတ်တဲ့ ကျောင်းသား အဖေ အရွယ်တွေ ငှားကစားပြီး အနိုင်ယူစေတာ..အစရှိတဲ့ စစ်အစိုးရ အဆက်ဆက် လုပ်လေ့ရှိတဲ့ စီမံကိန်းတွေအတိုင်း ထပ်တူ ဗိုလ်ခင်ညွန့်တို့ ပွဲတက်ဖို့သက်သက် ဖြစ်ခဲ့ရတယ်..။ အားကစားဟာလည်း အခြေခံ ကျောင်းအဆင့်မှာ အခြေမခိုင်တော့ နိုင်ငံတကာအဆင့်မှာ မယှဉ်နိုင် ကျဆုံးနေရတယ်..။

ကလေးတွေလည်း ကျောင်းတွေမှာ ကာယ၊ စိတ္တ နှစ်ခုလုံး ဖွံ့ဖြိုးရမယ် ဆိုတာ စိတ်ကူး အိမ်မက်သာ ဖြစ်နေရတယ်..။ နောက်ပိုင်း ကျောင်းတွေမှာ ပိုက်ဆံ အကောက်ကြမ်းလို့ အားကစားကြေး မကောက်ရဘူးဆိုပြီး တားမြစ်လိုက်တော့ ကျောင်းတွင်းပြိုင်ပွဲလေးတွေတောင် မလုပ်နိုင် ဖြစ်နေရတယ်..။ ရန်ကုန်က ကလေးအများစု (ပိုက်ဆံ ကျိကျိတက် ချမ်းသာသူတွေမပါ) အခြားအားကစားနည်းမဆိုနဲ့ ဘောလုံးတောင် နေရာမရှိလို့ ကော်ဘောလုံးပဲ ကစားဖူးတာ မြင်နေရတော့ စိတ်မကောင်းဖြစ်မိတယ်..။

အခြေခံ အဆောက်အအုံ..၊ ပံ့ပိုးမှု စတာတွေနဲ့ ပတ်သက်လို့ ကျနော် ကစားခဲ့တဲ့ အားကစားနည်းမှာ နိုင်ငံ့လက်ရွေးအဆင့် အသင်းခေါင်းဆောင် အနေနဲ့ နှစ်ပေါင်းများစွာ ကစားဖူးတဲ့ မန္တလေးက ကစားသမားကြီး ပြောဖူးတဲ့ စကားတွေကို သတိရတယ်..။

မန္တလေးမှာ ဗိုလ်ရဲမြင့် (အကြီး / အငယ်) နှစ်ယောက်စလုံးခေတ် သူ့ကို လက်ရွေးစင်ဟောင်းကြီးမှန်း လူပြောသူပြောနဲ့ ကြားတဲ့ အပြင်..၊ မြို့မိ၊ မြို့ဖလိုလည်း ဖြစ်နေတော့ ခေါ်ပြီး မန္တလေးတိုင်းအတွင်း အဲ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်အောင် ကူညီဖို့ ခေါ်ပြောတယ်..။ အဲ့တော့ ကစားသမားဟောင်းကြီးက သူ့ဘဝ တစ်ခုလုံး ရင်းပေးပြီး တိုင်းပြည်အတွက် ဆုတံဆိပ်တွေ ယူပေးခဲ့တဲ့ အားကစားက သူ့အတွက် ဘဝအာမခံချက်မပေးပုံ..၊ အနားယူပြီးနောက် ပင်ပင်ပန်းပန်းနဲ့ အားကစားဝတ်စုံချုပ် လုပ်ငန်း လုပ်ဆောင်ပြီး တကိုယ်ရည် မိသားစု ဘဝ ဝမ်းကြောင်းရပုံ စတာတွေ ပြောပြတယ်..။ အဲ့လို အားကစားသမားတွေရဲ့ ဘဝ အဖြစ်အမှန် ပြောပြပြီးနောက်..၊ ဒါတွေ..ထားပါ..၊ ကျနော် ငယ်ငယ်ကလို မနေနိုင်လို့..၊ ပိုးကြောင့် ကစားချင်တဲ့ ကလေးတွေ ရှိရင် ကျနော် သင်ပြ လမ်းညွှန်ပေးပါ့မယ်..။ ဒါပေမယ့် ခင်ဗျားတို့ကသာ ကလေးတွေ ကစားဖို့ ကွင်းတွေ အရင်ဆုံး ဆောက်ပေးပါလို့ ပြန်ပြောလိုက်တော့ ခေါ်ပြောတဲ့ ဗိုလ်တွေ ပါးစပ်ပိတ်သွားရတယ်..။ အဲ့ဒီ ကစားသမားဟောင်းကြီးက တရုတ်အမျိုးသားလည်းဖြစ်တဲ့ အပြင်.. ရိုးသားကြိုးစားတော့ သူ့စီးပွားရေးလုပ်ငန်းက အောင်မြင်ပါတယ်..။ သူ့သားတွေလည်း ပညာ၊ အားကစား ထူးချွန်ကြတယ်။ သားတစ်ယောက်က လက်ရွေးစင်အဆင့် ကြက်တောင်ရိုက် အရွေးခံရဖူးတယ်..။ ဒါပေမယ့် ဘဝနဲ့ရင်းခဲ့လို့ အားကစားသမားဘဝအကြောင်း သိခဲ့ပြီး ဖြစ်တဲ့ အဖေဖြစ်သူက ငါတစ်ယောက်ပဲ အမိုက်ခံမယ်..၊ ငါ့ သား၊သမီးတွေတော့ ငါ့လို ဆင်းဆင်းရဲရဲ မရုန်းကန်စေရဘူးဆိုပြီး သွားကစားဖို့္မ ခွင့်မပြုဘူး..။ ဆရာဝန်ပဲ လုပ်စေတယ်..။

ဒီ အဖြစ်အပျက်ဟာ ဗမာပြည်က အားကစား အခြေအနေကို ကိုယ်စားပြုတယ်။

ခု ဘောလုံးမှာ ခရိုနီတွေရဲ့ အခြားအကျိုးအမြတ်၊ လုပ်ပိုင်ခွင့်၊ အခွင့်အရေး ရဖို့ တစ်ခုတည်းအတွက် အလကားရသလို ရှာရတဲ့ ပိုက်ဆံတွေ နင်းကန် သုံးဖြုန်းပြီး ကလပ်အသင်းတွေ ထောင်ပေးနေတာဟာလည်း အခြေခံကျတဲ့ သဘော မဟုတ်လို့ ရေရှည် အကျိုးမရှိနိုင်ပါ..။ နောက်ပိုင်း လွတ်လပ်မျှတတဲ့ စီးပွားရှာတဲ့ စနစ်တွေ ထွန်းကားလာရင် ဒီ ခရိုနီတွေ ပိုက်ဆံကို ရေလို ထုတ်သုံးပြီး ဒီကလပ်အသင်းတွေကို ထောက်ပံ့နိုင်မယ်လို့လည်း မထင်ပါ..။ ဒီ ခရိုနီတွေရဲ့ ပိုက်ဆံဟာ အားကစားလောက မှာ အခြေခံကျကျ အသုံးချတာ မဟုတ်တဲ့အတွက် တကယ် အားကစားလောက တိုးတက်မလာတာလည်း. နှစ်နှစ်တကြိမ် ကျင်းပနေတဲ့ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ ဗမာနိုင်ငံရဲ့ အဆင့်ရပ်တည်မှုက သက်သေပါ..။

ကျောင်းသားပွဲတွေအကြောင်း ပြန်ဆက်ရရင် ကျောင်းသားအားကစားပွဲတော်တွေကို အိမ်ရှင်အဖြစ် တိုင်းရင်းသားဒေသ ပြည်နယ်တွေ၊ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ လုပ်ခဲ့တာဟာ တကယ်တော့ သေချာလုပ်နိုင်ရင် အကျိုးရှိစေတယ်..။ သို့သော် စီမံခန့်ခွဲမှုညံ့..၊ အကျင့်ပျက်ခြစားတာက များ ဆိုတော့ တိုင်းပြည် ဘဏ္ဍာသာ ကုန်သွားတယ်၊ ဘာမှ အကျိုးကျေးဇူး မရခဲ့ဘူး..။ အခြေခံ အဆောက်အအုံ ကစားကွင်းတွေတောင် နောက်ပိုင်း ထိန်းသိမ်းမှုမရှိတော့ ပျက်စီးပြီး မကျန်ခဲ့ဘူး..။ ဒေသခံပြည်သူတွေ လယ်သိမ်း၊ ယာသိမ်းခံရလိုက်တာပဲ အဖတ်တင်ခဲ့တယ်..။

သူတို့ရဲ့ မြေတွေ အသိမ်းခံရ..၊ အတင်း အဓမ္မ လုပ်အားပေး အဆင့်ခံရ..၊ ကျောင်းသားတွေ စားဖို့ နွားနောက်၊ ကြက်သားစတာတွေ အဓမ္မ အသိမ်းခံရပေမယ့် ကျောင်းသားတွေ လာတဲ့ လမ်းတလျှောက်မှာ အပြုံးမပျက် လက်ပြ နှုတ်ဆက်ရှာတဲ့ ဆင်းရဲလှတဲ့ ဘဝတွေထဲက ချင်းလူမျိုးတွေကို ခုအချိန်ထိ မျက်စိထဲက မထွက်သေးဘူး..။

သွားတဲ့ လမ်းတလျှောက်နဲ့ ဟားခါးမှာနေစဉ် အစိုးရ စစ်တပ်က မိုင်းရှင်းထားတဲ့ နေရာတွေ သတ်မှတ်ပေးပြီး ကျောင်းသားတွေကို အဲ့နေရာတွေပဲ သွားစေတယ်..။ သို့သော် လူငယ်ကျောင်းသားတွေဖြစ်တာရယ်..၊ တောင်ကုန်းတွေ ထူတဲ့ ဒေသဆိုတော့ ဖြတ်လမ်းတွေကသွားမှ နီးတာရယ်ကြောင့် စစ်တပ် တားထားတဲ့ နေရာတွေကလည်း သွားတာပါပဲ..။ ကျနော် တစ်ယောက်တည်းရဲ့ သဘောကတော့ ချင်းတော်လှန်ရေးတပ်က ကျောင်းသားတွေ ထိခိုက်မယ့် အလုပ်တော့ မလုပ်ဘူး ဆိုတာကို ယုံကြည်လို့ အစိုးရစစ်တပ် တားထားတဲ့ နေရာတွေကို စိတ်ချလက်ချ သွားရဲတာပါ..။

ထားဝယ် ကျောင်းသားပွဲတုန်းကလည်း အစိုးရဘက်က အဲ့လိုပါပဲ..၊ ကျောင်းသားတွေကို ဝါဒဖြန့် ခြိမ်းခြောက်ခဲ့တာပဲ..။ အဲ့တုန်းက ရန်ကုန်မှာကို ကျောင်းသားလှုပ်ရှားမှုတွေက အကြီးအကျယ်ဖြစ်နေတာဆိုတော့ အစိုးရ ဝါဒဖြန့် ခြိမ်းခြောက်မှုက ပိုဆိုးတယ်..။ ထားဝယ်ပတ်ဝန်းကျင်မှာ ရှိတဲ့ ABSDF တပ်ကလည်း လူထုကတဆင့် ကျောင်းသားတွေကို ပြန်ပြီး အာမခံတယ်..၊ “ဒို့က ကျောင်းသားအချင်းချင်း မသတ်ဘူး” ဆိုပြီးတော့..။

ချင်းပြည်သွားတဲ့ လမ်းတလျှောက် convoy မှာ ကိုယ့်ကို ဂရုစိုက်ပြီး စိတ်ရှည်လက်ရှည် ဒေသ ပထဝီတွေ ရှင်းပြတဲ့ သဘောကောင်းဟန်ရှိတဲ့ ဒုဗိုလ်မှုးကြီးကိုလည်း သတိရတယ်..။ အဲ့ဒီ ဒုဗိုလ်မှုးကြီး (Very Same Person) ပဲ နောက် ဟားခါးမြို့ထဲမှာ ကိုယ်တွေစီးလာတဲ့ တရုတ် FAW ကားက ဘရိတ်လွတ်ပြီး ဓါတ်တိုင် ဝင်အောင်းတော့ မောင်းတဲ့ ရဲဘော်လေးကို မျက်နှာတစ်ခုလုံး သွေးသံရဲရဲ နဲ့ စုတ်ပြတ်သွားအောင် ထိုးတော့ ကိုယ်ကပဲ ကြားက ရဲဘော်လေး အပြစ်မဟုတ်ပါဘူး..၊ ကျနော်တို့က ဗိုက်ဆာနေပြီ..၊ မြန်မြန်မောင်းပါလို့ ဝိုင်းအော်လို့ သူမောင်းရတာပါလို့ ဝိုင်းပြောပေးရတာကိုလည်း သတိရမိတယ်..။ စစ်တပ်အတွင်း ကြီးနိုင်ငယ်ညှင်းမှုကို မျက်ဝါးထင်ထင်မျက်ရတော့ စက်ဆုပ်မိခဲ့တယ်..။

လမ်းတလျှောက် တောင်တွေ ဖြတ်တဲ့ လမ်းက ကျဉ်းတော့ ကျောင်းသားကားတွေ တက်လာတဲ့ အချိန် အဆင်းကားအားလုံးကို ပိတ်ထားရတယ်..။ လမ်းမှာ တွေ့ရတဲ့ မြင်ကွင်းတွေ အရ လုပ်အားပေး စေခိုင်းမှုတွေ တိုင်းပြည်မှာ ကြီးစိုးနေတယ် ဆိုတာ ကလေးသာသာ ကျောင်းသားအရွယ်ပေမယ့် ခံစားနားလည် တတ်ခဲ့ပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ်..။

လမ်းမှာဝင် ညအိပ်ရရင်း ခင်မင်ခွင့်ရခဲ့တဲ့.. လွှမ်းမိုးသီချင်းထဲကလို စကားဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ ဂန့်ဂေါမြို့က ဖော်ရွေတဲ့ ဆရာမလေးတွေ..၊ ကျောင်းသူလေးတွေကိုလည်း သတိရမိတယ်..။ ရှေးအညာ အသုံးအနှုန်းတွေကို ခုထိ သုံးစွဲနေသေးတဲ့ ယောချောင်က ခင်မင်ဖို့ကောင်းတဲ့ အားကစားသမား မိတ်ဆွေတွေကိုလည်း လွမ်းမိပါတယ်..။ ကိုယ့်အပေါ် အမြဲညှာတဲ့ အားလုံးက ချစ်စနိုးနဲ့ ယောကြီး (စောကြီး) လို့ခေါ်တဲ့ အားကစား သူငယ်ချင်း အကိုတစ်ယောက်လည်း ဘဝရဲ့ ဆင်းရဲ ပင်ပန်းခြင်းဒဏ်တွေကြောင့် ဆုံးသွားရှာတာ..၊ တော်တော်တောင် ကြာသွားပြီ..။

ပုံတောင်၊ ပုံညာကို ဖြတ်တော့ “ပုဂံ” နဲ့ ပတ်သက်လို့..၊ “မင်း” နဲ့ ပတ်သက်လို့ မပြောရ၊ မဆဲဆိုရ၊ တံထွေး မထွေး…၊ မအန်ရ ဆိုပြီး သတိပေးခံရတာ မှတ်မိနေသေးတယ်..။ အဲ့တုန်းက အဲ့လို “အမေရင်” နတ်ကြောင့် တားမြစ်ခံရတော့ ပုဂံခေတ် “မင်း” ကို ကြောက်လို့ ပုံတောင်၊ ပုံညာအထိ ပြေးခဲ့ရတဲ့ “အမေရင်” အကြောင်းကို စဉ်းစားမိရင်း.. အော်.. “မင်း” ဆို.. အဲ့တုန်းကတည်းက ခုအချိန်ထိ ဘယ် “မင်း” မှ မကောင်းပါ့လားလို့ ဆင်ခြင်မိသေးတယ်..။ ဒါကြောင့် ဗမာတွေ “မင်းအစိုးရ” ကို ရန်သူမျိုးငါးပါး ထဲမှာ ထည့်ထားရတာပဲလို့ ပိုပြီး သဘောပေါက်ခဲ့ရတယ်..။

နောက်ပိုင်း ပုံတောင်၊ ပုံညာမှာ သဘာဝ အခက်ခဲကြား..၊ အမေရင် ရဲ့ ပုဂံမင်းရန်က ကာကွယ်ပေးခဲ့တဲ့ မြွှေဆိုး အန္တရာယ်ကြား..မှာ လုပ်အားပေးခိုင်းခံရ၊ လူ့အသက်ပေါင်းများစွာ စတေးခံရပြီး ကျောက်တောင်တွေကို ဖောက်တဲ့ ရထားလမ်းဖောက် သတင်းတွေကိုလည်း ကြားရတယ်..။ အကြိမ်ကြိမ် လူတွေနဲ့ရင်းပြီး မအောင်မမြင်ဖြစ်ခဲ့ပေမယ့် ခေတ်အဆက်ဆက် “မင်း” တွေ ထက် ဆိုးလို့ ခုခေတ်လို အာဏာရှင်ခေတ် ကမ္ဘာမှာ ကုန်ပေမယ့် ဗမာပြည်မှာ ဗိုလ်ကျ နေနိုင်သေးတဲ့ စစ်အစိုးရ ဆိုတော့ နောက်ဆုံး ပြည်သူ့ သွေးတွေ၊ ချွေးတွေ ရင်းပြီး အောင်မြင်အောင် ဖောက်နိုင်တဲ့ အပြင် ပြည်နယ်ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပါတယ် ဆိုပြီးတော့တောင် ကြွားဝါ.. ဝါဒဖြန့်နိုင်ခဲ့သေးတယ်..။ တကယ် အဲ့ဒေသတွေရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကတော့ ဒေသခံပြည်သူက အသိဆုံးဖြစ်ပါတယ်..။

ပုံတောင် နဲ့ ပုံညာကြား ကျောမြို့လေးမှာ ထမင်းစားခဲ့ရတာကိုလည်း မမေ့သေးပါဘူး..။ ကျောင်းသားဘဝ အားကစားနဲ့ သွားခဲ့တဲ့ မြန်မာပြည် အနှံ့ ဘယ် ဒေသ မဆို ဒေသခံ ပြည်သူတွေရဲ့ ဖော်ရွေမှု၊ နွေးထွေးမှု ကတော့ မပြောင်းလဲပါဘူး..။ ဒါပေမယ့် တာဝန်ရှိသူတွေ..၊ အုပ်ချုပ်တဲ့ စစ်ဗိုလ်တွေရဲ့ မိုက်ကြေးခွဲမှု..၊ အကျင့်ပျက် ခြစားမှု..၊ တတ်ယောင်ကားနဲ့ ပညာရပ်တစ်ခုဖြစ်တဲ့ အားကစားမှာ ဝင်ရောက်ချယ်လှယ်မှုတွေကတော့ ကျောင်းသားအဆင့်ကနေ နိုင်ငံ့လက်ရွေးစင် အဆင့်ထိ နေရာတိုင်းမှာ အတူတူပါပဲ..။

အခြေခံ ကျောင်းသား အဆင့်ကို ကျော်ပြီး တိုင်း နှင့် ပြည်နယ် အဆင့် လူကြီးပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်ခန်းဆင်းရတုန်းက ကြုံခဲ့ဖူးတဲ့ စစ်ဗိုလ် တစ်ယောက်ရဲ့ ဘုမသိ၊ ဘမသိနဲ့ ဝင်ရောက် ဆရာလုပ်ရင်း ရယ် (ရီ) စရာ ဖြစ်ရပုံလေးကို ပြန်ပြောရင်းနဲ့ ခုရေးတာကို နိဂုံးချုပ်ချင်တယ်..။

လူကြီး တိုင်း နှင့် ပြည်နယ် ပြိုင်ပွဲကြီးအတွက် လေ့ကျင့်နေတုန်း ကျနော်တို့ရဲ့ နည်းပြဆရာတွေက အခြာိးုင်းက အသင်း တစ်သင်းနဲ့ သူ့မြေ၊ ကိုယ့်မြေ ချစ်ကြည်ရေး အစမ်း လေ့ကျင့်ကစားဖို့ စီစဉ်ကြတယ်..။ ဒါဟာ စစ်အစိုးရ အဆက်ဆက်လက်ထက် ပိုက်ဆံ ချမပေးနိုင်တဲ့အတွက် တိုင်း နဲ့ ပြည်နယ်အဆင့်မှာ တော်တော်ရှားတဲ့ စီစဉ်မှုဖြစ်တယ်..။ နည်းပြဆရာတွေက ရံပုံငွေရှာ..၊ ပိုက်ဆံကို အလွဲသုံးစားမလုပ်ပဲ ဖြစ်အောင် စီစဉ်ခဲ့တယ်..။

ကျနော်တို့ တိုင်းက သူများတိုင်းရဲ့ မြို့တော်မှာ ပထမ သွားကစားတော့ အကြိတ်အနယ် ကစားပြီး အနိုင်ရခဲ့တယ်..။ သူတို့ ကိုယ် အိမ်ကွင်းမှာ လာကစားတော့ ခရီးပန်းတာ..၊ ပြိုင်ပွဲကြီးအကြို အစမ်းလေ့ကျင့်ခြင်းဖြစ်တဲ့အတွက် လူအပြောင်းအလဲ..၊ ကစားကွက် အပြောင်းအလဲ လုပ် ကစားတာ တွေကြောင့် ပြန်ပြီး အကြိတ်အနယ် ကစားရပြီး ရှုံးမလိုဖြစ်..၊ နောက်ဆုံး အဆုံးအဖြတ် ပွဲငယ် ကစားရတဲ့ အဖြစ်ကို ရောက်သွားခဲ့တယ်..။

အဲ့အချိန်မှာ တိုင်းရဲ့ အားကစားဖွံ့ဖြိုးမှုရေးကော်မတီမှာ ဥက္ကဋ္ဌ လုပ်နေတဲ့ ခရက ဥက္ကဋ္ဌ ဗိုလ်မှုးကြီး က အားကစားသမားတွေ..၊ နည်းပြငယ်တွေကို အကုန် တန်းစီခိုင်းပြီး ဒေါသတကြီးနဲ့ ဆူပူကြိမ်းမောင်းတော့တာပဲ..။

ပထမ.. သူက ကစားသမားတွေကို စပြောတယ်..။ “မင်းတို့က..’ထု’ တာ ကောင်းကောင်းမှ ‘မထု’ တာပဲကို ကွ..။ ငါ ငယ်ငယ်ကသာ ဆို ဒီထက် ပြင်းအောင် ‘ထု’ နိုင်တယ်..” လို့ ဆိုတယ်..။ ကျနော်တို့ ကစားသမားတွေ၊ ဘေးက နားထောင်နေတဲ့ ပရိသတ်တွေလည်း ပြုံးစိ.. ပြုံးစိ ဖြစ်ကုန်ပြီး ဒီ ဗိုလ်မှုးက အရေးအကြောင်း..၊ သူတင်ကိုယ်တင်.. ကစားနေရတဲ့ အချိန်မှာ ဘယ်နှယ့် ကစားသမားတွေလာပြီး မဆိုင်တဲ့ အကြောင်းတွေ လာပြောနေသလဲပေါ့..။ ကျနော်တို့ ကစားတဲ့ ကစားနည်းမှာ သူပြောတာကို “ရိုက်” (Smash) တာလို့ ခေါ်တဲ့အကြောင်းမသိဘဲ ပြောချင်တာတွေ တလွဲဝင်ပြောတော့ ဘေးက သိတဲ့ သူတွေအကြား ရယ် (ရီ) စရာ ဖြစ်ရတယ်..။

ပိုဆိုးတာက ဗိုလ်မှုးကြီးက အဲ့မှာ မရပ်သေးဘူး..။ နည်းပြဆရာငယ်တွေကိုပါ ဆက်ပြီး.. “ခင်ဗျားတို့ကလည်း ကိုယ့်အသင်း ရှုံးမလို ဖြစ်နေတာ ထ ပြီး မတ်တပ်ရပ်ပြောဆို.. ညွှန်ကြားပါတော့လား” လို့ ဆိုတယ်။ အဲ့တော့ နှုတ်သွက်တဲ့ နည်းပြငယ်တစ်ယောက်က “ဒီလိုပါ ဗိုလ်မှုးကြီး.. နည်းပြက မတ်တပ်ရပ်ပြီး ကွင်းဘေးမှာ ညွှန်ကြားဖို့ ကစားနည်း ဥပဒေက ခွင့်မပြုဘူး..။ အဲ့လို လုပ်ရင် ဒိုင်လူကြီးက နည်းပြကို အဝါကတ်ပြားပြပြီး တားမြစ်နိုင်တယ်” လို့ သေချာ ပြန်ရှင်းပြတယ်..။ အဲ့တော့ သူက စစ်ဗိုလ်ပဲ.. ထုံးစံအတိုင်း.. “အောင်မာ.. ဘယ်ဒိုင်လူကြီးက အဝါကတ်ပြပြီး တားမှာလဲ..၊ အဲ့ တားမယ့် ဒိုင်လူကြီး အခု ဖမ်းချုပ်မှာပေါ့” ဆိုပြီး ကြိမ်းတယ်..။

ဒိုင်းစင်ပေါ်က ဒိုင်လူကြီး ခမျာလည်း သူ့ဖမ်းမယ့် အသံကြားတော့ ကြောက်လန့်တကြား ဆင်းပြေးပြီး နည်းပြချုပ်ဆီ သွား “ဆရာရေ.. ကျနော့်တော့ ဖမ်းချုပ်မယ်ပြောတယ်..၊ နောက်ဆုံးပွဲ ဒိုင်မလုပ်ပါရစေနဲ့..” လို့ တောင်းပန်ရှာတယ်..။ နောက်ဆုံးတော့ လူကြီး ဖြစ်သူ နည်းပြချုပ်က “လာပါ.. ဗိုလ်မှုးရာ.. အေးအေးဆေးဆေးနေပါ.. ကျနော် ကြည့်ပြောပါ့မယ် ” ဆိုပြီး ဆွဲခေါ်ပြီး လူကြီး ဧည့်ခန်းစားပွဲရှိရာ ပြန်ခေါ်သွားရတယ်။

ဒီလို ” ‘Weather’ မကောင်းရင် ဒါဇင်လိုက်ဝယ်ထားလိုက်ပေါ့ကွ” ဆိုတဲ့ လူမျိုးတွေ တိုင်းပြည်ရဲ့ နေရာတိုင်းမှာ နှစ်ပေါင်းများစွာ ကြီးစိုးနေတာ ဝမ်းနည်းစရာပေမယ့် ခါးသီးတဲ့ အမှန်တရားဖြစ်တယ်..။

ခြုံပြောရရင်တော့ စစ်အစိုးရအဆက်ဆက် အားကစားလည်း တိုင်းပြည်ရဲ့ အခြား ကဏ္ဍ အသီးသီးလိုပဲ သနပ်ခါးလိမ်း၊ ထုံးသုတ်တဲ့ အပေါ်ယံဟန်ပြ ဝါဒ ဖြန်ဖို့ သက်သက်သာ လုပ်ခဲ့တော့.. စုတ်ပြတ်သတ်ပြီး ချွတ်ခြုံကျခဲ့ရတယ်..။

အားကစားလောကမှာ အခြား ဌာန၊ နေရာ အသီးသီလို စစ်ဗိုလ်တွေကြီးစိုးပြီး ကမောက်ကမ နိုင်တာတွေ..၊ ရယ် (ရီ) စရာ ဟာသဖြစ်ရတာတွေ ကိုယ်တွေ့၊ အကြား ဇာတ်လမ်းတွေ အများကြီးရှိတယ်..။ နောက်မှ ကြုံရင် ပြောပါဦးမယ်..။

၂၄ ၊ မေလ ၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာပဒေသာ, ရသဆောင်းပါးစုံ

4 Responses to အားကစားသမားဘဝ.. အမှတ်တရများ.. – student sports festivals days

  1. ki ki on May 24, 2012 at 9:26 pm

    ဟွန်း…မှန်တာတွေ လျှောက်မပြောနဲ့နော်။ ဖမ်းချုပ်လိုက်ရမလား။……အဟိ….ရောင်လို့နော်။

  2. lin on May 24, 2012 at 9:45 pm

    GOOD. I like it.

  3. သာထွန်း on May 26, 2012 at 8:18 am

    ဟား။ဟား ဟား။တကယ်ရီရတယ်။ဒါအမှန်တကယ်ဖြစ်နိင်ပါတယ်။

  4. မြဝင်း on May 26, 2012 at 5:14 pm

    ပရိုမီနာဦးခင်ညွန့်ရဲ့လုပ်ပေါက်တွေကို အလွှဲလွှဲအမှားမှား ဆိုပြီး ဇာတ်ကားတစ်ကားလောက်ရိုက်ကြည့်ချင်တယ်။ ဟီးဟီး…

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်