မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၈)

May 31, 2012

မေခ
မေ ၃၁၊ ၂၀၁၂

Twilight over Burma – 28

နောက်တနေ့တွင် အဖြေထွက်လာသည်။ သူ့လူတွေသည် တယ်လီဖုံးပြန်လာတပ်ပေးသွားသည်။ တိုးတိုး မသဲမကွဲဖြင့် လိုင်စင်ရှိရဲ့လားဟုပြောနေသေးလေသည်။ ဟုတ်ပါသည်။ တယ်လီဖုံးက လိုင်စင်ရှိစရာမလိုပါချေ။ နောက်နာရီအနည်းငယ်ကြာသောအခါ လွန်ခဲ့သောရက်အနည်းငယ်ကရောက်နေသောစာနှစ်စောင်ကို သူယူပြီးပြန်လာသည်။

တစောင်က ဂျာမဏီရှိ အမေ့ဆီကဖြစ်ပြီး နောက်တစောင်မှာ ကိုလိုရာဒိုက သူငယ်ချင်းစာဖြစ်လေသည်။ စာတွေက အင်္ဂလိပ်လိုနှင့် ဂျာမန် လိုရေးထားရာ တပ်ကြပ်က သူ့ကိုဘာသာပြန်ပြီး ဖတ်ပြပါဟုပြောလေသည်။ သူမသည် ပါးစပ်ကပင် တပ်ကြပ်လေးကို အမေက သူ့သမီး ဆီရေးသောစာအကြောင်းနှင့် သူငယ်ချင်းက ကောလိပ်အကြောင်းရေးသောစာကိုပြောပြလိုက်ရာ သူသည် ရပ်လျက်အသေအချာနားစိုက် ထောင်နေလေသည်။ သုစန္ဒာသည် မျက်နှာကိုတည့်တည့်ထားလိုက်ကာ ကျေးဇူးတင်လျက် မျက်နှာသာပေးသောအနေဖြင့် ပြုံးပြလိုက်ပြီး လက်ထဲက စာနှစ်စောင်ကို လုံလစိုက်သော တပ်ကြပ်လေးလက်ထဲပြန်ထည့်ပေးလိုက်သည်။ သူမဖတ်ပြီးသွားလေပြီ။ ဖြစ်နိုင်လျှင် သူမ သည် သည့်ထက်စာတွေကိုပိုဖတ်ချင်မိလေသည်။ သည်စာတွေမှ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ရလေသည်။

သုစန္ဒာနောက်ဆုံးမတော့ သတင်းစာများရသည်။ အင်္ဂလိပ်လိုထုတ် နေးရှင်းနှင့်ဗမာလို မြန်မာ့အလင်းတို့ဖြစ်သည်။ သတင်းစာထဲမှ သူမသည် ရန်ကုန်က အခြေအနေတွေကိုသိရသည်။ ဗြောင်းဆန်နေတော့လေသည်။

တညနေခင်းတွင် သူမ၏ လင်ညီအမ စဝ်ခွန်လုံ၏ဇနီးသည် စံအိမ်တော်သို့ တောင်ကြီးမှ မမျှော်လင့်ပဲရောက်လာသည်။ နန်းလောင် ဂိတ် ကိုဖြတ်ရာ၌ဘာပြဿနာမှ မရှိချေ။ သူမသည် နမ့်ပန်းမြို့တွင်နေသော သူမ၏မိခင်ကို လာကြည့်ခြင်းဖြစ်သည်။ မိခင်ကြီးသည် အသည်း အသန်ဖြစ်နေသည်။ သုစန္ဒာအတွက် သူမသည် စဝ်ဘာတွေဖြစ်နေသလဲဆိုတာ တိုက်ရိုက်သိခဲ့သဖြင့် သုစန္ဒာကို နောက်ဆုံးပြောပြဖို့ဖြစ်လာရလေသည်။

နန်းလောင်က သုစန္ဒာကို တိုးတိတ်စွာပြောပြသည်။ စဝ်ကို တောင်ကြီးကအထွက်ဂိတ်တွင် ဖမ်းသွားကြတာဖြစ်ကြောင်း မည်သူကဖမ်းသည် ဆိုတာတော့ မသိရသေးကြောင်း ယခုမူ ရပ်စောက်အနီးက တောတွင်းတနေရာမှာရှိနေကြောင်း တို့ကို မိန်းမနှစ်ယောက်သည် ကလေးတွေ အိပ်ချိန်အထိစောင့်နေပြီးမှ လွတ်လပ်စွာပြောရလေသည်။ အိမ်ရှေ့မြေပြင်ပေါ်တွင် နန်းလောင်သည် တောင်ကြီးတွင်ဖြစ်ခဲ့သော နွေရက် တွေအကြောင်း ပြန်ပြောပြနေလေသည်။ အားလုံးကိုနားထောင်ပြီးသွားသောအခါ သုစန္ဒာသည် စဝ်ကို ရပ်စောက်တောတွင်းတွင် ဖမ်းထား သည်ကို သိရပြီဖြစ်သည့်အတွက် သူမ၏မျှော်လင့်ချက်ကို ထပ်စောင့်နေစရာမလိုတော့ပဲ စဝ်ကို ဖြစ်သည့်တနည်းနည်းဖြင့် ရအောင် ထုတ် ယူရမည်ဖြစ်လေသည်။

“အကိုက သူတို့ အဖမ်းခံရပြီးနောက် သူတို့ချင်းတွေ့ကြတဲ့အကြောင်းရော သိလား” သုစန္ဒာက နန်းလောင်ကို မေးလိုက်သည်။
“ဟုတ်တယ်။ တွေ့ကြတယ်။ မြို့အထွက်ကဂိတ်မှာတဲ့ လူတွေအများကြီးက မေးခွန်းတွေမေးကြတယ်။ နောက်တော့ သူတို့ကို အဲဒီမှာပဲ လွှတ်လိုက်တာ မြင်တယ်လို့ပြောကြတယ်”

“အနည်းဆုံး သူတို့နှစ်ယောက် အခုထိ အတူတူပေါ့” သုစန္ဒာက ကြားရသော ကြောက်စရာသတင်းအတွက် စိတ်သက်သာရာရအောင် ကြိုး စားနေရသည်။
“မဟုတ်ဖူး။ သူတို့ အတူတူမဟုတ်ဖူး။ ကျမယောက်ျားကိုတော့ အောင်ပန်းကိုခေါ်သွားတယ်။ ရပ်စောက်မှာ မဟုတ်ဖူး” နန်းလောင်ပြန် ဖြေသည်။

သူမ စဝ်ကိုတွေးကြည့်လိုက်သည်။ အိတ်လည်းမပါ။ တယောက်တည်း။ အကျဉ်းသားနေနှင့်ဆိုတော့ သူမနှလုံးကို ထုနေသလိုခံစားရ လေသည်။ ဘယ်လောက်များ ယုတ်မာစော်ကားလိုက်လဲ ကြောက်စရာကောင်းတဲ့ မတရားမှုကြီးလဲ။

နန်းလောင်က သူ့ယောက်ျားအား သောင်းကျန်းသူတွေဖမ်းသွားသည့်သတင်းကို သတင်းစာထဲပါလာတာပြသည်။ အခုထိ စဝ်အဖမ်းခံနေ ရတာ သူမ တရားဝင်မသိရသေးကြောင်းကို သုစန္ဒာက သနားစဖွယ်ပြောသည်။ သူမဘာ မှတ်ချက်မှမပေးနိုင်တော့ပါ။ တခုခုတော့ ကြောက် စရာကောင်းလောက်အောင်မှားယွင်းနေပြီဖြစ်ကြောင်း သုစန္ဒာ သတိရှိရှိ ခံစားသိလိုက်ရပေသည်။

သုစန္ဒာ ထိုညက တညလုံးအိပ်မရပါ။ သူမသည် အတွေးတွေကိုပြန်စုသည်။ စိတ်ကူးတွေကို ခပ်တိုတိုဖြတ်သည်။ သူမ၏လက်ရှိအခြေအနေကို အမှန်အတိုင်းကြည့်သည်။ စဝ်က လွတ်လပ်မနေပါ။ သူသည် တောလမ်းမှ ထိုင်းသို့ ထွက်ပြေးလွတ်မြောက်မသွားခဲ့ပါ။ သူသည် ဘာလုပ်မယ် ဘယ်ကိုသွားမယ်ဆိုသော ညွှန်ကြားချက်တွေ သူမထံ သတင်းမပို့နိုင်တော့ပါ။ သုစန္ဒာကို ကလေးနှစ်ယောက်နှင့်အတူ သူမအိမ် တောင်ကြီး တွင် အတူလာနေခိုင်းသည်။ ထိုနေရာမှ သူတို့နှစ်ယောက် အတူတူစုံစမ်းနိုင်ကြမည်ဖြစ်လေသည်။ တွေ့ခွင့်ရအောင် ကြိုးစားနိုင်မည်ဖြစ် သည်။

နန်းလောင်သည် သူမအမေနှင့် ရက်အတော်ကြာကြာနေထိုင်ပြီး မနေ့ကပဲ တောင်ကြီးသို့ပြန်သွားခဲ့လေပြီ။ သုစန္ဒာကတော့ အိမ်မှာပဲ တ ယောက်ယောက်ဒါမဟုတ် တခုခုကို စောင့်နေတော့မည်ဟု စိတ်ဆန္ဒ ပြင်းပြနေခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ မျှော်နေမိသော ထိုတယောက်ယောက်သည် တကယ်ပင်ရောက်လာခဲ့လေသည်။ စံအိမ်တော်အတွက် အ သစ်ရောက်လာသော သောင်းကျန်းသူဗိုလ် တယောက်က သုစန္ဒာနှင့် တွေ့လိုပါသည်ဟု ကောလိန်လာပြောသည်။သုစန္ဒာကတော့ သည်လို စိတ်ချမ်းသာစရာတွေဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ စံအိမ်တော်ကိုနောက်တခါ ထပ်ရှာဖို့လွှတ်လိုက်တာပဲ ဖြစ်မည်ဟု တွေးနေမိခဲ့သည်။ သို့သော် သူမသည် သီးသန့်ခန်းတွင် ရပ်စောင့်နေသော သောင်းကျန်းသူဗိုလ်ကိုတွေ့လိုက်ရသောအခါ ချက်ခြင်းပင် ထူးခြားတာပဲ ဟု သတိပြုလိုက်မိသည်။ ပထမ ဗိုလ်သည် တယောက်ထည်းဖြစ်သည်။ သူ့တွင် မည်သည့်အမိန့်မှ ပါမလာချေ။ ဒုတိယ သူ သည် တရုတ်တယောက်မဟုတ်ချေ။ သူ့ပုံပန်းသည် ကချင်ပုံဖြစ်သည်။ နှာတံရှည်ရှည်၊ မျက်လုံးပြူးပြူး၊ကြီးမားထင်ရှားသော မေးရိုးကြီး များရှိနေသည်။

“ကျမကို တွေ့ချင်တယ်ဆို” သူမ သတိထားပြီးပြောလိုက်သည်။
“ဟုတ်ပါတယ် မဒမ်” သူဖြေသည်။ “ကျွန်တော်က အသစ်ရောက်လာတဲ့ စစ်သားပါ။ ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပါတယ်” သူက မြန်မာလို ပီပီသသပြောတာကို သူမ သတိထားလိုက်မိသည်။

“ကျေးဇူးတင်ပါတယ်။ တွေ့ရတာဝမ်းသာပါတယ်” သူမပြန်ပြောသည်။ သူလာတဲ့အကြောင်းရင်းကဘာလဲ သူမအံ့နေမိသည်။

“မဒမ်အတွက် ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက် ကျွန်တော်စိတ်မကောင်းပါဖူး”သူသည် ကိုးယို့ကားယားပြောနေသည်။

သုစန္ဒာက အံ့သြနေမိသော်လည်း ဘာမှမတုန့်ပြန်ပဲနေမည်ဟု ဆုံးဖြတ်လိုက်သည်။ သူမစိတ်ထဲတွင် အသေအချာပင် ကြင်နာမှုနှင့် ရိုးသား မှုတို့ကို မမျှော်လင့်သော နေရာမှရတော့မည်ဟု အာရုံသိခံစားရလေသည်။ ကချင်စစ်သားများသည် စစ်တပ်ထဲတွင် နာမည်ကောင်းရသည်။ သူတို့ကို ဗြိသျှတွေက ကောင်းကောင်းလေ့ကျင့်ပေးထားသည်။ သို့သော်သူတို့သည် တောင်ပေါ်သားတွေဖြစ်တာကြောင့် တိုင်းယိုင်တွေနှင့် ပိုလို့နီးနီးကပ်ကပ်ရှိလေသည်။ သူတို့၏သစ္စာရှိမှုကိုတော့ ယခုတိုင် မစမ်းသပ်ရသေးချေ။

“ကျွန်တော် မဒမ်ကို ကူညီချင်ပါတယ် ”သူပြောပြီး စာနှစ်စောင်ထုတ်ပေးလေသည်။ စာမှာ ဖွင့်ထားပြီးသားဖြစ်ပြီး ဆင်ဆာ လုပ်ထားပြီးကြောင်း တံဆိပ်တုံးနှိပ်ထားသည်။ “ဒီစာကို မဒမ်ဆီလာတဲ့စာတွေထဲကနေ ဖြတ်ယူလာတာ တခြားလူတွေမမြင်ခင် ဒီစာကို မဒမ်ဆီယူလာပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်”

မြန်မာ တံဆိပ်ခေါင်းကပ်ထားသော ထိုစာကိုလှမ်းယူလိုက်သောအခါ သုစန္ဒာမှာ နောက်ကျောရိုးမှနေ၍ တစိမ့်စိမ့် တုန်ရင်လာလေသည်။ စာအိတ်ပေါ်က လက်ရေးကို သူမ မသိပါ။ သို့သော် ဒီစာသည် သူမ ယောက်ကျားထံမှဆိုတာတော့ သိလိုက်ပါသည်။ သူမ ပထမစာကိုဆွဲ ထုတ်လိုက်သည်။ တကယ်တော့ စာရွက်မဟုတ်ပါ။ အိတ်ဆောင်ပြက္ခဒိန်မှဆုတ်ဖြဲထားသော စာရွက်အပိုင်းလေးသာဖြစ်သည်။ စဝ်ရေး ထားတာကို ဖတ်ကြည့်လိုက်သည်။

အချစ် … မောင်အခု ရပ်စောက်တောထဲက သောင်းကျန်းသူစခန်းမှာ အဖမ်းခံနေရတယ်။ မောင်အခု အိုကေပါတယ်။ ရက်စွဲသည် စဝ် တောင်ကြီးမှထွက်လာသောနေ့ဖြစ်သည်။ မတ်လနွေ။ စိတ်လှုပ်ရှားစွာဖြင့် ဒုတိယစာလေးကို စာအိတ်ထဲမှ ဆွဲထုတ်လိုက်သည်။

စဝ်စာကိုဖတ်လိုက်သည်။ စာထဲတွင် သူအဖမ်းခံရပုံအသေးစိတ်ရေးထားပြီး သူ့ကို ကယ်ထုတ်ဖို့ဆက်သွယ်ရမည့်လူများကိုပါရေးထားသည်။ သူတကယ်သည် ရန်ကုန်ကအကြောင်းကိုလုံးဝ မသိပါလား။ သူမလက်တွေတဆတ်ဆတ် တုန်ခါနေတော့သည်။ သူမ မေးလိုက်သည် ။

“ဘာလို့ ကျမကို ဒီစာပေးရတာလဲ ဗိုလ်ကြီး”
“ဒါတွေက မဒမ်အတွက်ပဲလေ။ ဒါတွေက သိပ်အရေးကြီးလာနိုင်ပါတယ်။ အခုလောလောဆယ် ဘယ်သူ့ကိုမှ ပြောမပြပါနဲ့ဦး။ ပြီးတော့ အကြံပေးချင်တာကတော့ လုံခြုံတဲ့နေရာမှာ သိမ်းထားလိုက်ပါ”

”ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ဗိုလ်ကြီးရယ်” သုစန္ဒာသည် အခန်းပိတ်ပြီးတော့သာ အားရပါးရ ငိုချလိုက်ချင်တော့သည်။ သို့သော် သူမကြောင့် ရဲရင့်သောဒီစစ်ဗိုလ်ကို အခြားလူတွေကမြင်သွားပြီး သံသယဖြစ်သွားရအောင် သူမ မလုပ်သင့်ချေ။

“ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး” သူကနှိမ်ချပြီးပြောလိုက်လေသည်။ “ကျွန်တော် ဒါကိုလုပ်ရမှာပဲ။ ကျွန်တော် မဒမ်အတွက် တ အားကို စိတ်မကောင်းဖြစ်မိပါတယ်။ ခွန်မိန်းအတွက်ရောပဲ ။ ပြီးတော့ ကျွန်တော်တို့ မြေအတွက်ပေါ့ ”

ထို့နောက် သောင်းကျန်းသူဗိုလ်သည် အခန်းတွင်းမှ တိတ်ဆိတ်စွာပြန်သွားသည်။ ပြီးတော့ သူ့ဂျစ်ကားကိုမောင်းထွက်သွားလေတော့၏။

သူသည် နောက်ရက်အနည်းငယ်တွင် တယောက်တည်း တခေါက်ပြန်လာပြီး စဝ်အခု ကျန်းကျန်းမာမာဖြင့် ရပ်စောက်တောထဲမှာပဲ ရှိနေ သေးကြောင်း ပြောပြသွားခဲ့သေးသည်။

နောက်တခါတော့ သူ့ကို သူမ ဘယ်တော့မှထပ်မတွေ့ရတော့ပါ။ တပတ်အကြာတွင် သူ့ကို အခြားနေရာသို့ပြောင်းရွေ့လိုက်လေသည်။
…… …. …..

အခန်း (၁၅)
လင်ညီအမထံမှ စဝ်အဖမ်းခံရသောသတင်းကို သူမကြားပြီးသောအခါ သုစန္ဒာသည် ဗိုလ်မှူး ပန်ဖတ်ထံ ဖုံးဆက်လိုက်သည်။ အဝတ်အစားနှင့် စာ ပို့ခွင့်ပေးဖို့တောင်းခံလေသည်။ ဗိုလ်မှူးက သည်ကိစ္စကို သူမအတွက်ရှေ့ဆက်လုပ်ပေးသည်။ သုစန္ဒာတွေးမိတာကတော့ သောင်းကျန်း သူတွေသည် စဝ်ကိုဖမ်းဆီးထားခြင်းကြောင့် စဝ်နှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူရမည်ဖြစ်သည်ဟု ယူဆလေသည်။ သောင်း ကျန်းသူတွေက ဘာအတွက်ဖမ်းထားရတာလဲ။ နိုင်ငံရေးဆွေးနွေးဖို့လား။ ဘာလိုချင်လို့လဲ။ သို့သော် ဗိုလ်မှူးက ဆက်ပြောပေးသည့် အတွက် ကောင်းသောလက္ခဏာဖြစ်သည်။ သူမသည် မသေးလွန်း မကြီးလွန်းသော သေတ္တာလေးကိုထုပ်ပိုးထားသည်။ အထဲတွင် အဝတ် အစား၊ အကြမ်းသုံး စက္ကူ၊ ဆေးဝါး၊ စာရေးစက္ကူ၊ မိသားစု သတင်းနှင့်အားပေးစကားပါသော အိတ်ဖွင့်စာတစောင်တို့ကို သေတ္တာလေး ထဲထည့်ထားလေသည်။ ပြီးနောက် သူမသည် မွိုင်းနှင့်အတူ ကျောက်မဲသို့နောက်တခေါက်သွားပြီး ပစ္စည်းများကို ဗိုလ်မှူးလက်ထဲထည့် ပေးခဲ့သည်။ ဗိုလ်မှူးက ဖော်ဖော်ရွေရွေဖြင့် ပစ္စည်းများကိုလက်ခံပြီး အားပေးစကားပါပြောသောအခါ သုစန္ဒာမှာ ယုံကြည်မှုအပြည့်ဖြင့် မကြာမီတွင် စဝ်ထံမှ ပြန်စာကို တရားဝင်လမ်းကြောင်းမှ ရောက်လာလိမ့်မည်ဟု ခံစားမိလေသည်။

ထိုအစား အခြားပြဿနာ တခုကပေါ်လာလေသည်။ လယ်ယာစိုက်ပျိုးရေးအတွက်စက် ပစ္စည်းများ၊ မိုင်းတူးဖော်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများ၊ ဆား စီမံကိန်းအတွက် လိုအပ်သော အထောက်အပံ့ ပစ္စည်းများ က ကျောက်မဲတွင်ရောက်နေသည်။ ရှေ့ဆက်လုပ်ဖို့ပဲရှိသည်။ တိုင်းမိုင်းတူဖော်ရေး ကုမ္ပဏီက ပစ္စည်းမန်နေဂျာကို သူမက ဆက်လုပ်ဆောင်ပေးဖို့ပြောသည်။ မန်နေဂျာ ကျောက်မဲရောက်သောအခါ အဖမ်းခံရပြီး သင်္ဘောဖြင့် ရောက်ရှိလာသောပစ္စည်းများကို သိမ်းလိုက်ကြသည်။

ထိုနေ့မှာပင် အမေရိကန်မှလာကြသည့် ပျားရည်ဆမ်းခရီးထွက်လာကြသော သူငယ်ချင်းနှစ်ယောက် မန္တလေးတွင်ရောက်နေပြီး နမ့်ပန်းကို လာဖို့ ကြိုတင်စီစဉ်ဖို့ အကြောင်းကြားလာလေသည်။ သူတို့ဆက်သွယ်ပြီးလို့မှ မကြာခင်မှာပဲ သောင်းကျန်းသူတွေက ချက်ခြင်းရောက်ရှိ လာကြပြီး သုစန္ဒာသည် နိုင်ငံခြားသားတွေနှင့်အဆက်အသွယ်လုပ်သည်ဟု စွပ်စွဲတော့လေသည်။ သူတို့က ရှင်းရှင်းပင်လုပ်လေသည်။ နိုင်ငံခြားသားတွေ နမ့်ပန်းစံအိမ်တော်သို့ လာခွင့်မပြုဟု အမိန့်ထုတ်သည်။

နှစ်ရက်ကြာသောအခါ သောင်းကျန်းသူခေါင်းဆောင်ပိုင်းက စာထုတ်လေသည်။ စာထဲတွင် နမ့်ပန်းစံအိမ်တော်သို့ မဟာဒေဝီနှင့် တွေ့ဖို့လာ ကြသော နေတိုးအဖွဲ့က အေးဂျင့်နှစ်ယောက်ကို မဟာဒေဝီနှင့် တွေ့ခွင့်မပြုဟု ရေးသားထားလေသည်။

သုစန္ဒာသည် တညလုံးလိုလိုနိုးနေတတ်လေသည်။ တိုင်ကပ်နာရီ၏ သာယာသောတီးလုံး တေးသံကို တညလုံးကြားနေသည်။ နံနက်စော စောတွင် ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံကို ကြားနေရသည်။ တခါတရံတွင်မူ ငြိမ်းအေးသာယာသော နာရီတီးလုံးတေးသံနှင့် ဘုန်း ကြီးကျောင်းမှ တုံးမောင်းခေါက်သံတွေအကြားတွင် စက်သေနတ်ပစ်သံများကိုကြားနေရတတ်ပြန်လေ၏။လ၏အေးစိမ့်စိမ့် အလင်းအောက် တွင် အရိပ်ရှည်ရှည်တို့သည် တစ္ဆေတွေလို ယိမ်းနွဲ့နေတာကို သူမ မျက်လုံးတွေက အာရုံစူးစူးစိုက်ကြည့်နေမိရာ သူမ၏စိတ်ကူးအတွေး တွေသည် သူမကိုလှည့်စားနေပြန်တော့သာည်။ အခြားကမ္ဘာမှ ဝိညာဉ်များသည် သတင်းများယူဆောင်ပေးလာပြီး သူမအိပ်ရာအနီးတွင် ကနေကြတာကိုသူမမြင်နေရသလိုထင်နေမိလေသည်။ ထိုသို့မြင်နေရတာတွေသည်မဆုံးနိုင်သော ညပေါင်းများစွာဖြစ်နေပြီး သူမတို့ မိ သားစုပြန်လည် ဆုံဆည်းဖို့မျှော်လင့်ချက်များလည်း တဖြည်းဖြည်း ပျောက်ဆုံးနေလေသည်။

သို့သော် နောက်တနေ့ နံနက်ခင်း နေမင်းသည် သူမ၏ယုံကြည်မျှော်လင့်ချက်ရောင်ခြည်ကို ပြန်လည် မွေးဖွားပေးလိုက်ပြန်သည်။ အကောင်းတလှည့်ပြန်လာဖို့စောင့်သည်။ စဝ်နှင့်အဆက်အသွယ်ရရေးသည် မျှော်လင့်ချက်ကင်းမဲ့လာသည်။ သူ့ဆီကစာလက်ခံရရှိဖို့၊ သူ့ဆီစာတွေ ပို့ဖို့၊ အတွက် သူမ ဇွဲရှိရှိစောင့်လေသည်။ စဝ်ကို ဖမ်းဆီးအကျဉ်းချထားသော သောင်းကျန်းသူတွေမှာ တာဝန်ရှိသည်။

တနင်္ဂနွေ တမနက်ခင်းတွင်သူမ၏ တိုင်းယိုင်တွေထဲမှ အနည်းငယ်သော ဘက်တစ်ခရစ်ယန်ဝင် နိုင်းနိုင်းသည် ဘုရားကျောင်းမှ ပြန်လာပြီး သတင်းကောင်းတခုကို သယ်ဆောင်လာသည်။

“စဝ်မေ” သူမက သုစန္ဒာကိုပြောသည်။ “ကျမသူငယ်ချင်း ဂရေ့စ်ကပြောတယ် သူ့ယောက်ျားက စဝ်ဘုရားကို ရပ်စောက်မှာ အကြိမ်အတော်များများတွေ့ခဲ့ရတယ်တဲ့ ”

သတင်းစာဖတ်နေသော သုစန္ဒာလက်ထဲမှ သတင်းစာလွတ်ကျသွားပြီးသူမ၏ ကလေးထိန်းအဖွားကြီး နိုင်းနိုင်းကို ကြောင်ကြည့်နေမိ လေသည်။ သူမကဆက်ပြောသည် ”ကျမသူငယ်ချင်း ဂရေ့စ်နဲ့ သူ့ယောက်ျားက ကရင်တွေလေ။ သူက သောင်းကျန်းသူစစ်တပ်ထဲက ဗိုလ် တယောက်ပဲ။ ဒါပေမဲ့ သူ့နှလုံးသားက သောင်းကျန်းသူတွေလို ဟုတ်ဖူး။ ကျမ သူတို့နဲ့ အတူတူ ရန်ကုန်မှာ နှစ်အတော်ကြာအောင်နေခဲ့ဖူးတယ် ”

သုစန္ဒာသည် နိုင်းနိုင်းအနီး ပိုကပ်သွားလိုက်သည်။ သူမသည် ဧည့်ခန်းအတွင်း ငဲ့စောင်းကြည့်လိုက်သည်။ သူတို့ပြောမည့်စကားကို ဘေး နားကကြားမည့်သူ ရှိ မရှိ သေချာအောင်ကြည့်ရသည်။

“နိုင်းနိုင်း သူငယ်ချင်းက သူ့ယောက်ျားရှိရာ ရပ်စောက်ကိုမကြာခင်ပြန်တော့မှာ မဟုတ်လား”

သုစန္ဒာက မေးခွန်းကို တိုးတိုးလေးကပ်ပြောသည်။ နိုင်းနိုင်းက အလိုက်သိစွာပြုံးပြီး ခေါင်းငြိမ့်ပြသည်။ သူမသည် သူမ၏သခင်မ သဘောအလွန်ကောင်းနေတာကိုသိလိုက်သည်။ ထို့ကြောင့် သူမကတောင်းဆိုဖို့ အဆင်သင့်ဖြစ်နေသည်။

“သူမနက်ဖန်မနက် ဘတ်စ်ကားနဲ့သွားမှာ” နိုင်းနိုင်းပြောလိုက်သည်။
“မင်း စဉ်းစား .. ” သုစန္ဒာသည်သူမ၏ စိတ်အားထက်သန်နေသောမေးခွန်းကို အဆုံးမသတ်နိုင်ပဲ ဖြစ်နေသည်။

“ကျမ သူနဲ့လိုက်သွားမယ်” နိုင်းနိုင်းသည် အရင်ကတည်းက ဆုံးဖြတ်ထားသည်မိ့ သေချာပေါက်ကိုပြောလိုက်သည်။
“အို နိုင်းနိုင်း မင်းငါ့အတွက် တကယ်လုပ်ပေးမှာလား” သုစန္ဒာ ကြမ်းပေါ်ထိုင်ချလိုက်သည်။ ၇၂ နှစ်အရွယ် ယုံကြည်ရသော အဆစ်အမြစ်များ ယောက်ကိုင်းနေသော သူမ၏ သူနာပြုကလေးထိန်းလက်များကို ဆုပ်ကိုင်ထားလိုက်သည်။ အရင်က သူမကို တခါမှမလွှတ်နိုင်ခဲ့ချေ။

“စဝ်မေ ကျမ အရင်ကတည်းက သူငယ်ချင်းကိုပြောပြထားပြီးပါပြီ။ သူကပြောတယ် ကျမလို အဖွားကြီးတယောက်လာလည်တာကို ဘယ် သူကမှ မေးနေကြမှာ မဟုတ်ပါဖူးတဲ့”

သူမသည်ဒီခရီးကို သူမကိုယ်တိုငfထွက်ရသလို ထခုန်လိုက်မိတော့သည်။ သို့သော် သူမသည် ချက်ခြင်းပင် နိုင်းနိုင်းဘေး ကြမ်းပြင်ပေါ် တခါ ပြန်ထိုင်ချလိုက်သည်။

“မင်း ငါ့ဆီကစာကိုယူသွား။ ပြီးတော့ ဒီစာသူ့လက်ထဲ ရောက် မရောက် သိအောင်လုပ်ခဲ့”
“ကျမ ကတိပေးတယ်။ ပြီးတော့ ကျမ အဲဒီမှာနေမယ်။ စဝ်ဘုရားဆီက တိုက်ရိုက်သတင်းရမှပဲ ပြန်လာခဲ့မယ်” နိုင်းနိုင်းအသံက သူမကိုသူမ သေချာပေါက် ပြောနေသည်။

“ဒါပေမဲ့ အားရောရှိရဲ့လား နိုင်းနိုင်း။ အားကျိုးမာန်တက်လုပ်ရမှာ အန္တရာယ်မရှိတာလည်းမဟုတ်ဖူး ”သုစန္ဒာက စိုးရိမ်စိတ်ဖြင့်ပြောလိုက်သည်။ သူမသည် နိုင်းနိုင်း၏ တိုးတိမ်စွာပြောသော စကားသံကိုပြန်ကြား ပြန်တွေးနေမိ လေ၏။ထိုအဖြစ်က သူတို့ကို လပေါင်းများစွာ ကြာအောင် သတိပေးနေခဲ့သည ။

“ဘုရားသခင်က ကူညီပါလိမ့်မယ်” အဖြေကို ဘာသာရေးကိုင်းရှိုင်းသော သူနာပြုဆရာမကြီးကပြောခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်