လူထုအတွက် စီးပွားရေးစံနစ် (People-based Economic Development Strategy)

June 3, 2012

ငြိမ်းချမ်းအေး
ဇွန် ၃၊ ၂၀၁၂
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးတဲ့သတင်း ဖတ်လိုက်ရတယ်။ ယခင် မဟာဓာတ်အားလိုင်းမရောက်တဲ့ ဒေသအချို့မှာသာ လုပ်ကိုင်ခွင့်ပေးနေရာက အခု နိုင်ငံအနှံ့လို့ ခေါ်နိုင်လောက်အောင် ပိုမိုလုပ်ကိုင် ခွင့်ပေးလာတာဖြစ်တယ်။ နိုင်ငံပိုင်လုပ်ငန်းတခု ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးလာခြင်းဟာ ဈေးကွက်ကိုအခြေပြုတဲ့ စီးပွားရေးစနစ်မှာ ဘာပဲ ပြောပြော ကောင်းတယ်လို့ဆိုနိုင်တယ်။

အကောင်းဘက်အနေနဲ့ အမြင်သာဆုံးအချက်ကတော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အချင်းချင်း အပြိုင်အဆိုင် ဝန်ဆောင်မှုပိုကောင်းအောင် ကြိုးစာလာကြမှာဖြစ်တယ်။ သို့သော် သတိပြုရမယ့်အချက်က လုပ်ပိုင်ခွင့်ချပေးတဲ့နေရာမှာ အရင်က ထုံးစံအတိုင်း လက်တဆုပ်စာ အစိုးရ နဲ့နီးစပ်တဲ့ လူချမ်းသာကြီးတွေကိုပဲ လက်သိပ်ထိုး လုပ်ကိုင်ခွင့်ပေးခြင်းမျိုး မဖြစ်စေဖို့ ဖြစ်တယ်။ တဘက်ကကြည့်ရင်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးခြင်းလို စတင်ဖို့ လိုအပ်ချက်များပြီး အရင်းအနှီးကြီးတဲ့ လုပ်ငန်းကြီးမျိုးအတွက် လက်ရှိ တိုင်းပြည်မှာ ရှိနေတဲ့ လက်ချိုးရေ လိုရတဲ့ ခေတ်ပျက် သူဌေးကြီးတွေနဲ့ သူတို့ရဲ့အဆွယ်အပွားတွေမှသာ ဝင်ရောက်လုပ်ကိုင်နိုင်မယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့် ချပေးတဲ့ လုပ်ငန်းအဆင့်ဆင့်မှာ စနစ်တကျ၊ ထင်သာမြင်သာရှိရှိနဲ့ ဖော်ဆောင်နိုင်ရင် သုံးစွဲသူ ပြည်သူလူထုအတွက် အကျိုးကျေးဇူးများလာ စေမယ်။

ဒီလို ပြည်သူအများစု အကျိုးများလာစေဖို့ ဘယ်လို စနစ်မျိုး၊ ဘယ်လို ဈေးကွက်မျိုးဖော်ဆောင် မှ ဖြစ်မယ်ဆိုတာ သိနိုင်ဖို့အတွက် ဘောဂ ဗေဒသဘောအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ ယေဘုယျအားဖြင့် တည်ရှိတဲ့ဈေးကွက်နှင့် စီးပွားရေးစနစ်တွေကို အောက်မှာ လေ့ လာကြည့်မယ်။

• မိုနိုပိုလီဈေးကွက်နှင့် စီးပွားရေးစနစ် (Monopolistic Markets and Economic Policy)
ဘောဂဗေဒ ပညာရပ်မှာ အစိုးရ (သို့) အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတချို့က တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် လုပ်ဆောင်ခွင့်ရနေတာကို မိုနိုပိုလီဈေးကွက်နဲ့ စီးပွားရေးစနစ်လို့ခေါ်တယ်။ ဒီစနစ်မှာ ကန့်သတ်ချက်တွေကြောင့် စီးပွား ရေးလုပ်ငန်း (သို့) ဝန်ဆောင်မှုလုပ်ငန်းတခုရဲ့ဈေးကွက်ကို အဓိကအဖွဲ့အစည်းတခုကသာ ဝင်ရောက်လုပ်ကိုင်ခွင့်ရနေခြင်းဖြစ်တယ်။ အ ကန့်အသတ်တွေလို့ ဆိုတဲ့နေရာမှာ အရင်းအနှီးကြီးမားခြင်း၊ အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ် စတာတွေပါတယ်။ ဥပမာ – လျှပ် စစ်ဓာတ်အား ထုတ်လုပ်၊ ဖြန့်ဖြူးဝန်ဆောင်မှုပေးခြင်း၊ တယ်လီဖုန်း၊ အင်တာနက် စတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်း၊ သဘာဝ အ ရင်းအမြစ်များ ရှာဖွေ၊ တူးဖော်၊ ရောင်းချခြင်း စတဲ့ လုပ်ငန်းတွေကို အစိုးရက အဓိကချုပ်ကိုင်ထားပြီး နီးစပ်တဲ့လုပ်ငန်းရှင်ကြီးတချို့ကိုသာ လုပ်ပိုင်ခွင့်ပေးနေတဲ့ စနစ်မျိုးတွေကိုဆိုလိုတယ်။ လက်ရှိ ဗမာပြည်မှာ ကျင့်သုံးနေတဲ့ အကန့်အသတ်များတဲ့ ဈေးကွက်ပုံစံနဲ့ စနစ်မျိုးတွေ ဖြစ်တယ်။

အစိုးရလုပ်ငန်းတွေကိုနီးစပ်တဲ့ ပုဂ္ဂလိကကိုပေးလုပ်ခြင်းဆိုတဲ့ အပေါ်ယံသဘောလောက်နဲ့ ပြည်သူလူထု (ဝါ) စားသုံးသူ/သုံးစွဲသူအတွက် ဝန်ဆောင်မှု ကောင်းမလာတာ၊ အကျိုးများမလာတာကို လက်ရှိ ဗမာပြည်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတချို့ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် ခွင့်ရနေတဲ့ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းက သက်သေပြုတယ်။ ဒါဟာ စစ်မှန်တဲ့ဈေးကွက်ပြိုင်ဆိုင်မှုကို မဖော်ဆောင် နိုင်တဲ့၊ အားမပေးတဲ့ လက်ဝါးကြီးလုပ်ပိုင်ခွင့်ကို အခြေပြုနေတဲ့ မိုနိုပိုလီဈေးကွက်နဲ့ စနစ်ကြောင့်ဖြစ်တယ်။ ဒီစနစ်ရဲ့ သဘောမှာ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတခုကို အခြား အလားတူတခုနဲ့ အစားထိုးစရာ နည်းတာ၊ လုံးဝမရှိတာကြောင့် စားသုံးသူ/သုံးစွဲသူ ရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဆုံးရှုံးစေတယ်။ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု ရဲ့ အရည်အသွေး နဲ့ ဈေးနှုန်းကိုလည်း လက်ဝါးကြီးအုပ်ခွင့်ရနေတဲ့ အဖွဲ့အစည်းတခုတည်းကသာ အလုံးစုံ ချုပ်ကိုင်ခွင့်ရစေတယ်။ လျှပ်စစ်လို၊ ဆက်သွယ်ရေးလို (၂၁) ရာစု ခေတ်လူသားတွေအတွက် နေ့ စဉ်ဘဝ မရှိမဖြစ်အသုံးပြုနေရတဲ့အရာမျိုးတွေမှာ စားသုံးသူ/သုံးစွဲသူရဲ့ ဆန္ဒသဘောထားဟာ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုရဲ့ အရည်အ သွေးနဲ့ ဈေးနှုန်းကို လုံးဝမသက်ရောက်စေဘဲ ဖြစ်လေ့ရှိတယ်။ စားသုံးသူ/သုံးစွဲသူက အခြားရွေးချယ်စရာမရှိတဲ့အတွက် ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မဖြစ်မနေသုံးစွဲနေရပြီး ကုန်ပစ္စည်း ထုတ်လုပ်သူ (သို့) ဝန်ဆောင်မှုပေးသူ အဖွဲ့အစည်းတခုတည်းကသာ စိတ်ကြိုက်ဦးဆောင်ချယ်လှယ် လုပ်ကိုင်ခွင့်ရစေတယ်။ တနည်းအားဖြင့် ပုဂ္ဂလိက ကို ပေးလုပ်ပေမယ့် စားသုံးသူ/သုံးစွဲသူရဲ့သဘောဆန္ဒ၊ တိမ်းညွတ်မှုနဲ့ ဝယ်လိုအားကို အခြေပြုပြီး လွတ်လပ်စွာ ပြိုင်ဆိုင်စီးပွားရှာခွင့်ရှိ တဲ့ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေးစနစ်မျိုးမဟုတ်တာကြောင့် ပြည်သူလူထုအတွက် အကျိုးမများဘဲ အစိုးရနဲ့နီးစပ်လို့ လုပ်ခွင့်ရနေတဲ့ လုပ်ငန်း ရှင်တွေသာ စီးပွားဖြစ် ကြီးပွားစေတယ်။

နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ အဓိက စီးပွားရေးလို ဖြစ်နေတဲ့ လုပ်ငန်းတွေကို အစိုးရက ချုပ်ကိုင်ထားတဲ့ မိုနိုပိုလီ စီးပွားရေးစနစ်ကျင့်သုံးတာတွေ ရှိတယ်။ ဥပမာ – ကမ္ဘာမှာ ဒုတိယအများဆုံး ရေနံ အရံအင်အား အရင်းအမြစ်ရှိတဲ့၊ ကမ္ဘာ့ ရေနံတင်ပို့ရောင်းချမှု ဒုတိယနေရာမှာရှိတဲ့ ဆော်ဒီအာရေးဗီးယားမှာဆိုရင် ရေနံ တူးဖော်၊ ရောင်းချခွင့်လုပ်ငန်းကို အစိုးရကသာ အလုံးစုံချုပ်ကိုင်ထားတယ်။ သို့သော် သတိပြုရာမှာက ဆော်ဒီအစိုးရက ရေနံလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားပေမယ့် ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူလူထုကို တိုင်းပြည်ရဲ့ ဓန အပါအ ဝင် အရင်းအမြစ်တွေ ညီတူညီမျှ ပြန်လည်ခွဲဝေပေးတယ်။ ကမ္ဘာအနှံ့ကို ရေနံတွေလှိမ့်ပြီးတင်ပို့နေပေမယ့် သူရဲ့တိုင်းသူပြည်သားကို ဓာတ် ဆီ၊ ဒီဇယ်လ် မသုံးရ၊ ကားမစီးရဆိုပြီး လမ်းလျှောက်ပဲသွားလို့ မခိုင်းစေဘူး။ ပြည်သူတွေ ဖယောင်းတိုင်ထွန်းနေကြလို့ မဆိုဘူး။ ဓာတ်ဆီ၊ ဒီဇယ်လ် ဈေးနှုန်းတွေကို လူထုသုံးစွဲနိုင်အောင် ထိန်းညှိပေးတယ်။ အစိုးရက တစိတ်တပိုင်း စိုက်ထုတ်ကုန်ကျပေးတယ်။ လျှပ်စစ်ဓာတ်အားကို အဖိုးနှုံးချိုသာစွာနဲ့ လုံလောက်အောင် လူထုကို ဖြန့်ဖြုးစေတယ်။ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ဓနကို ပြည်သူ့ကျန်းမာရေး၊ ပညာရေး ဝန်ဆောင် မှုတွေမှာ အခမဲ့ပေးခြင်းဖြင့် သုံးစွဲတယ်။ (စကားချပ် – လူဦးရေ၊ သဘာဝ အရင်းအမြစ်၊ ဓန မတူညီတဲ့အတွက် ဆော်ဒီအာရေးဗီးယားနဲ့ ဗမာပြည် နှိုင်းယှဉ်မရပါ။ မတူညီတဲ့ ဈေးကွက်စီးပွားရေး စနစ်တွေကိုရှင်းလင်းရာမှာ မြင်သာအောင် ဥပမာပြုခြင်းသာဖြစ်တယ်။ အစိုးရ အုပ်ချုပ်မှု၊ လွှတ်တော်ရဲ့ ဥပဒေပြုမှုမှတဆင့် တိုင်းပြည်ရဲ့ဓန အပါအဝင် အရင်းအမြစ်တွေကို တတ်နိုင်သလောက် ညီမျှစွာခွဲဝေနိုင်တယ် ဆိုတဲ့သဘောကို ဆောင်းပါးရဲ့နိဂုံးပိုင်းမှာ တင်ပြဆွေးနွေးပါမယ်။)

နိုင်ငံတကာမှာ မိုနိုပိုလီဈေးကွက်ရှိနိုင်တဲ့ နောက်ထပ်အကြောင်းတခုကတော့ စွန့်ဦးဖန်တီးတည်ထွင်မှုနည်းပညာနဲ့ဆက်စပ်တဲ့ မူပိုင်ခွင့် ထားပြီး ထုတ်လုပ်ရတဲ့ ပစ္စည်းမျိုးတွေကြောင့်ဖြစ်တယ်။ ဥပမာ – ဖိုင်ဇာ (Pfizer) ဆေးကုမ္မဏီက လိင်မှုကိစ္စအားတိုးဆေး ဗီယာဂရာ (Viagra) ကို တဦးတည်းမူပိုင်ခွင့်တင်ပြီး ဈေးကွက်မှာထုတ်လုပ် ဖြန့်ချိရောင်းချနိုင်တာမျိုးကို ဆိုလိုတယ်။

ခြုံပြောရရင် မူပိုင်ခွင့်ထား ထုတ်လုပ်ရတဲ့ အတတ်ပညာ၊ နည်းပညာကို ဗဟိုပြုတဲ့ ကုန်ပစ္စည်းနဲ့ ဈေးကွက်မျိုးမှလွဲပြီး တဦးတည်း လက်ဝါးကြီး လုပ်ကိုင်ခွင့်ရနေတဲ့ ဈေးကွက်နဲ့ စီးပွားရေးစနစ်ဟာ စားသုံးသူ/သုံးစွဲသူနဲ့ လုပ်ငန်းရှင်တွေ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ပြိုင်ဆိုင်ခွင့် မရှိတာ၊ နည်းစေတာကြောင့် ပြည်သူလူထု အများစု အတွက်အကျိုးထက် အပြစ်များ စေတယ်။ အစိုးရအဖွဲ့မှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ ဥပဒေပြုမှု၊ လွတ်လပ်တဲ့ တရားစီရင်မှုပါမရှိရင် လုပ်ပိုင်ခွင့် အာဏာရနေတဲ့ လူတစုရဲ့ ဗိုလ်ကျဂုတ်သွေးစုပ်နေမှုကို လူထုက ပြန်လည်တွန်းလှန် ခွင့်မရ၊ ရွေးချယ်ခွင့်မရှိဘဲ ခါးစည်းခံနေရတဲ့ သဘောဖြစ်စေတယ်။

• ပြည့်စုံစစ်မှန်တဲ့ ပြိုင်ဆိုင်ခွင့်၊ ရွေးချယ်ခွင့်ရှိတဲ့ဈေးကွက်နှင့် စီးပွားရေးစနစ် (Perfectly Competitive Markets and Economic Policy)
လုပ်ငန်းရှင်တွေ လွတ်လပ်စွာ အပြိုင်အဆိုင်စီးပွားရှာခွင့်၊ စားသုံးသူ/သုံးစွဲသူ ပြည်သူလူထု လွတ်လပ်စွာရွေးချယ်ခွင့်ရှိတဲ့ စစ်မှန်တဲ့ ပြိုင် ဆိုင်မှု၊ ရွေးချယ်မှုကိုအားပေးတဲ့ဒီစနစ်မှာ ကုန်ပစ္စည်းထုတ်လုပ်သူ (သို့) ဝန်ဆောင်မှုပေးသူတွေဟာ ဈေးကွက်ကို လက်ဝါးကြီးအုပ် ချုပ် ကိုင်ထားနိုင်တဲ့ အင်အား (Market Power) မရှိဘူး။ ဒါကြောင့် ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုရဲ့ ဈေးနှုန်းနဲ့အရည်အသွေးကို တဦးတည်း အဘောနဲ့ လိုသလို စိတ်တိုင်းကျ ချယ်လှယ်ခွင့်မရဘူး။ ဒီလိုစီးပွားရေးစနစ်ရှိတဲ့ ဈေးကွက်မှာပါဝင်သူ (ရောင်းချသူ၊ ဝယ်ယူသုံးစွဲသူ) အား လုံးမှာ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကို သတ်မှတ်နိုင်တဲ့အင်အား ရှိနေတယ်။ ဈေးနှုန်းရဲ့အတက်အကျဟာလည်း တစုံတယောက်၊ အဖွဲ့အစည်းတခုက ချုပ်ကိုင်ထားနိုင်တာမျိုးမရှိဘဲ ဝယ်လိုအား၊ ရောင်းလိုအား (Supply and Demand) နဲ့ အရည်အသွး (Quality) အပေါ်မှာသာ အလုံးစုံမူတည်စေတယ်။ ဈေးကွက်တခုတည်းမှာ အလားသဏ္ဍာန်တူ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတွေ၊ အစား ထိုးသုံးစွဲနိုင်စရာ အခြေအနေတွေဖန်တီးထားတာဖြစ်တဲ့အတွက် စားသုံးသူ/သုံးစွဲသူ ပြည်သူလူထုက မိမိကြိုက်နှစ်သက်ရာကို မိမိနှစ် သက်သဘောကျသူ၊ အကောင်းဆုံး ပစ္စည်း (သို့) ဝန်ဆောင်မှုပေးနိုင်သူထံမှာ လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်ခွင့် ဖြစ်ပေါ်စေတယ်။ ထုတ်လုပ် သူ (သို့) ဝန်ဆောင်မှု ပေးသူ လုပ်ငန်းရှင်တွေကလည်း အကျိုးအမြတ်အတွက် မိမိရဲ့ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို အပြိုင်အဆိုင် အ ရည်အသွေးမြှင့်၊ ဈေးနှုန်းချ၊ ဝန်ဆောင်မှုပေးပြီး စားသုံးသူထံတင်ပို့ဖို့ ကြိုးစားရတဲ့အတွက် ပြည်သူလူထုဟာ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ ကုန် ပစ္စည်း (သို့) ဝန်ဆောင်မှုကိုရရှိစေတယ်။ ထုတ်လုပ်သူ (သို့) ဝန်ဆောင်မှုပေးသူဟာ အရည်အသွေးမမြှင့်တင်၊ ဝန်ဆောင်မှုတိုးမပေးဘဲ ဈေးနှုန်းကိုသာ မြှင့်တင်ရင် စားသုံးသူ/သုံးစွဲသူက အခြားရွေးချယ်စရာအများကြီးထဲက သင့်လျော်ကောင်းမွန်တဲ့ အလားတူ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို ပြောင်းလဲသုံးစွဲသွားမှာဖြစ်တဲ့အတွက် လုပ်ငန်းရှင်ရဲ့ ဈေးကွက်မှာ နေရာရရှိနေမှု (Market Share) နဲ့ အကျိုးအမြတ် (Profit) ကို လျော့ပါးစေမှာဖြစ်တယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အကျိုးအမြတ်တခုတည်းအတွက် စိတ်ကြိုက်ဈေးနှုန်းက စားခြင်းမျိုး၊ အရည်အသွေးနိမ့်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ တင်သွင်းခွင့်ရနေခြင်းမျိုး ဈေးကွက်မှာ မရှိသလောက် နည်းပါးစေတယ်။

ခြုံပြောရရင် ဒီလိုပြည်သူအများစု အကျိုးကျေးဇူးဖြစ်ထွန်းစေပြီး ရောင်းသူ၊ ဝယ်သူ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကား စီးပွားရှာ၊ ဝယ်ယူ သုံးစွဲခွင့်ကိုအားပေးတဲ့ ဈေးကွက်နဲ့ စီးပွားရေးစနစ်ဟာ ဈေးကွက်ကို ဗဟိုပြုတဲ့စီးပွားရေးစနစ် (Market-Oriented Economy) ကျင့်သုံးတဲ့ တိုင်းပြည်တပြည်ရဲ့ စီးပွားရေးလုပ်ငန်းအများစုမှာ အဓိက ရှင်သန်ကြီးထွားဖွံ့ဖြိုးတိုးတက်စေရမှာ ဖြစ်တယ်။

• အိုလီဂိုပိုလီ ဈေးကွက်နှင့် စီးပွားရေးစနစ် (Oligopolistic Markets and Economic Policy)
တိုင်းပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်း (Industry) တိုင်း၊ ကဏ္ဍ (Sector) တိုင်းမှာ လုပ်ငန်းရှင်တိုင်း လွတ်လပ်စွာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ဆိုတာဟာ သီအိုရီအရ ဖြစ်နိုင်ကောင်းပေမယ့် လက်တွေ့မှာမဖြစ်နိုင်ပါ။ အထူးသဖြင့် ကနဦးကုန်ကျစရိတ်ကြီးမားပြီး အရင်းအနှီးအမြောက်အများလိုအပ်တဲ့လုပ်ငန်းတွေမှာ အစိုးရ (သို့) ရင်းနှီးမြှုပ်နှံဖို့ ငွေအင်အား ကြွယ်ဝချမ်းသာလုံလောက်တဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေကသာ ဝင်ရောက်လုပ်ကိုင်နိုင်စေတဲ့အခြေအနေမျိုးတွေ ရှောင်လွှဲလို့မရဘဲ ဖြစ်ပေါ်လာလေ့ရှိတယ်။ ဒီလိုအခြေအ နေမျိုးမှာ ပထမဆုံးတင်ပြခဲ့တဲ့ မိုနိုပိုလီဈေးကွက်နဲ့စနစ်လို အဖွဲ့အစည်းတခုတည်းက အလုံးစုံ ချုပ်ကိုင်ချယ်လှယ်နေနိုင်မှု တတ်နိုင်သမျှ နည်းပါးအောင် ဖော်ဆောင်ပေးတဲ့ဈေးကွက်နှင့် စီးပွားရေးစနစ်ကို ဘောဂဗေဒပညာရပ်မှာ အိုလီဂိုပိုလီဈေးကွက်နှင့် စီးပွားရေးစနစ်လို့ ခေါ်ဆိုတယ်။ ဒီ ဈေးကွက်နဲ့ စီးပွားရေးစနစ်မှာ ဒုတိယတင်ပြခဲ့တဲ့ စစ်မှန်တဲ့ ပြိုင်ဆိုင်ခွင့်၊ ရွေးချယ်ခွင့်ရှိတဲ့ ဈေးကွက်နှင့် စနစ်လို စားသုံးသူ၊ ရောင်းချသူ လွတ်လပ်စွာပါဝင်နိုင်မှု၊ ရွေးချယ်နိုင်မှု နည်းပေမယ့် တတ်နိုင်သမျှ သမာသမတ်ကျစေမယ့် နည်းလမ်းတွေကို ထည့်သွင်းထားခြင်း ဖြစ်တယ်။ အဓိကတော့ တဦးတည်း ထင်တိုင်းကြီးစိုးချယ်လှယ်ခွင့်မရအောင် အစိုးရရဲ့စနစ်က ထိန်းထားခြင်းဖြစ်တယ်။ ရုပ်သံလွှင့် လုပ် ငန်း၊ မီဒီယာလုပ်ငန်း၊ အင်တာနက်၊ တယ်လီဖုန်း မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်း၊ အကြီးစား သဘာဝအရင်းအမြစ် ဓာတ်သတ္ထုတူးဖော် မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း စတဲ့ အရင်းအနှီးကြီးမားတဲ့လုပ်ငန်းကြီးတွေမှာ အဖွဲ့အစည်းတခုတည်း လုပ် ကိုင်ခွင့်မရရှိစေဘဲ အနည်းဆုံး အဖွဲ့အစည်း လေးငါးခု ပါဝင်လုပ်ကိုင်ခွင့်ရရှိနိုင်စေဖို့ ဖန်တီးထားခြင်းဖြစ်တယ်။

ဥပမာ – စင်္ကာပူ နိုင်ငံရဲ့ အင်တာနက်၊ တယ်လီဖုန်း မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်းကို ဟိုအရင်အစိုးရက တဦးတည်း ဝန်ဆောင်မှုပေး နေရာက နောက်ပိုင်း ပုဂ္ဂလိက နိုင်ငံခြားစီးပွားရေးကော်ပိုရေးရှင်းကြီးတွေ၊ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေ၊ သာမန်ပြည်သူလူထု အစုစပ် ရှယ်ယာပါဝင် လုပ်ကိုင်ခွင့်ပေးစေခြင်းဖြင့် အစိုးရလုပ်ငန်း စင်းတဲလ် (SingTel) ဟာ နိုင်ငံခြားသား၊ ဌာနေတိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ ပြည်သူတွေ ပါဝင်ရင်းနှီမြှုပ်နှံခွင့်ရလာပြီး အခြား အမ်ဝမ်း (M1) လို၊ စတားဟပ်ဘ် (StarHub) လို အပြိုင်အဆိုင် ဝန်ဆောင်မှုပေးတဲ့ ပြည် တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေပိုင်တဲ့ ကော်ပိုရေးရှင်းကြီးတွေ ပေါ်ပေါက်လာတဲ့အတွက် ပြိုင်ဆိုင်မှုအရေအတွက် နည်းပေမယ့် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု သဘောဖြစ်စေလာတာကြောင့် စင်းတဲလ်ဟာ မိမိတို့ရဲ့ဆက်သွယ်ရေးဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင်၊ တတ်နိုင်သမျှ အဖိုးနှုန်းချိုသာအောင် ဆောင်ရွက်လာရတယ်။ အမ်ဝမ်းနဲ့ စတားဟပ်ဘ်ကလည်း အလားတူသဘောအရ အပြိုင်အဆိုင် ဈေးချို၊ ဝန်ဆောင် မှုကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် ပြင်းထန်တဲ့ပြိုင်ဆိုင်မှုရှိတဲ့ဈေးကွက်မှာ နေရာယူနိုင်အောင်ကြိုးစာရတယ်။ ဒါကြောင့် မြန်နှုန်းမြင့် အင်တာနက်လိုင်းတပ်ဆင်ရင် ချိတ်ဆက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ကြားခံပစ္စည်း (Router) တွေ အခမဲ့တပ်ဆင်ပေးတာ၊ မိုဘိုင်းဖုန်း သုံးစွဲရင် လက်ကိုင်မိုဘိုင်း (Handset) လက်ဆောင်ပေးတာ၊ နှစ်ရှည် မိုဘိုင်းဖုန်းလိုင်း သုံးစွဲသူတွေကို အိမ်မှာ အခြေချ တပ်ဆင်တဲ့ တယ် လီဖုန်း (Landline) အခမဲ့ တပ်ဆင်သုံးစွဲစေတာ၊ အဆင့်မြင့်နည်းပညာပါတဲ့ iPhone လို touch-screen အသုံးပြုနိုင်မှုပါတဲ့ အဖိုးတန် စမတ် ဖုန်းမျိုးတွေ စင်းတဲလ်က တပါတည်းတွဲပေးရင် အမ်ဝမ်းနဲ့ စတားဟပ်ဘ်ကပါလိုက်ပေးရတာ စတဲ့ မူရင်းဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်အောင်လုပ်ဆောင်ရတဲ့အပြင် အပိုထပ်ဆောင်းဝန်ဆောင်မှုတွေကို မဖြစ်မနေလုပ်လာရတယ်။ ဒီလိုနည်းနဲ့ သုံးစွဲသူပြည်သူလူထုက ဈေးကွက်မှာ ရွေးချယ်ခွင့်နည်းပေမယ့် ရွေးချယ်ခွင့်ရှိတဲ့ သုံးလေးမျိုးထဲက မိမိအတွက် အသင့်လျော်ဆုံး၊ ဝန်ဆောင်မှုအရည်အသွေး အကောင်းဆုံးကို စိတ်ကြိုက်ရွေးချယ် သုံးစွဲလာနိုင်ခြင်းဖြင့် အကျိုးကျေးဇူးခံစားရတယ်။

စင်္ကာပူ မှာ အထက်က ဥပမာပြုခဲ့တဲ့ ကုမ္မဏီကြီးတွေကပဲ အင်္ဂလိပ် ပရီမီးယားလိဂ်ဘောလုံးပွဲလို၊ ကမ္ဘာ့ဖလားဘောလုံးပွဲလို လူကြိုက်များတဲ့ ရုပ်သံထုတ်လွှင့်ခွင့်တွေကို တဦးတည်း မူပိုင်ထုတ်လွှင့်နိုင်ခွင့်ရအောင် ပြိုင်ဆိုင်ရလေ့ရှိပြီး ဒီလို အခြေအနေမှာ စားသုံးသူ/သုံးစွဲသူ ပြည်သူ လူထု နစ်နာစေမှုတွေ ဖြစ်ပေါ်လေ့ရှိတယ်။ ဥပမာ – ကမ္ဘာဖလားဘောလုံးပွဲ တဦးတည်း မူပိုင်ထုတ်လွှင့်ခွင့် စင်းတဲလ်ကရသွားရင် ဈေးကွက် မှာ ဝယ်လိုအား (Demand) များတဲ့ (တနည်းအားဖြင့် လူကြိုက်များတဲ့)၊ ရောင်းလိုအား (Supply) ကလည်း သူတဦးတည်းသာရှိတဲ့အပြင် အခုလို တဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ရအောင် အပြိုင်အဆိုင် မြင့်မားတဲ့ဈေးနှုန်းတွေပေးပြီး လုပ်ပိုင်ခွင့် ဝယ်ယူခဲ့ရတာကြောင့်လည်း ဘောလုံးပွဲကြည့်လိုသူ ပြည်သူလူထုကို ပြန်လည်ရောင်းချတဲ့ဈေးနှုန်းက မတန်တဆကြီးမြင့်နေတတ်တယ်။ ဒီလို စားသုံးသူ ပြည်သူလူထု အခွင့်အရေးကို ထိခိုက်စေတဲ့အခြေအနေမျိုးတွေ ဖြစ်ပေါ်လာရင် ကမ္ဘာ့ဒီမိုကရေစီစံနှုန်း ညွှန်းကိန်း (Democracy Index) အရ တစိတ် တပိုင်း ဒီမိုကရေစီစနစ် (Hybrid Regime) လို့သာ သတ်မှတ်ခံရတဲ့ စင်္ကာပူမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ရှိတဲ့ အစိုးရကောင်းတရပ် ရှိတဲ့အတွက် စားသုံးသူ/သုံးစွဲသူ ပြည်သူလူထုက အစိုးရကထိန်းချုပ်ထားပေမယ့် အထိုက်အလျောက်ထက်ပိုတဲ့ လွတ်လပ်ခွင့်ရှိတဲ့သ တင်းမီဒီယာကနေတဆင့် ဘောလုံးပွဲတွေတော့ ဈေးကြီးလွန်းလို့ မကြည့်နိုင်တော့ပါဘူးလို့ ဟစ်ကြွေးပြီး မတရားအလုပ်ခံနေရမှုကို ပြင်ပေး ဖို့တောင်းဆိုလေ့ရှိတာကြောင့် အစိုးရက ဝင်ရောက်ဖြေရှင်းပြီး နောင်အလားတူမဖြစ်စေဖို့ စီစဉ်ဆောက်ရွက်ပေးတဲ့ သာဓကတွေလည်း တွေ့နိုင်တယ်။

ဒီစနစ်မှာ များသောအားဖြင့်တော့ မိုနိုပိုလီစနစ်လို တဦးတည်း ချယ်လှယ်နိုင်ခွင့်မရှိတာကြောင့် ဈေးနှုန်း အဆမတန်ကြီးမြင့်ခြင်း၊ လိုသလို ဈေးနှုန်းကစားခြင်း၊ ဈေးကွက်မှာရှိတဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုအရည်အသွေး ညံ့ဖျင်းခြင်း စတာတွေ ဖြစ်လေ့ဖြစ်ထ နည်းတယ်။

ဒါကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍတိုင်းမှာ လွတ်လပ်မျှတတဲ့ ဈေးကွက်ဖော်ဆောင်ဖို့ ခက်ခဲနိုင်တဲ့အတွက် အစိုးရရဲ့ ကောင်း မွန်တဲ့ အုပ်ချုပ်ပုံနဲ့ စနစ်ရဲ့ဝိုင်းဝန်းပံ့ပိုး၊ ထိန်းညှိမှုမှတဆင့် လူတစု လက်ဝါးကြီးအုပ် စီးပွားရှာခွင့်ရရှိနေမှုတွေ ပပျောက်အောင် ဆောင်ရွက် နိုင်တဲ့ အိုလီဂိုပိုလီ ဈေးကွက်နှင့် စီးပွားရေးစနစ်ကို တချို့လုပ်ငန်းရှင်တိုင်း ဝင်ရောက်ပြိုင်ဆိုင်လုပ်ကိုင်နိုင်ဖို့ ခက်ခဲတဲ့ဈေးကွက်တွေမှာ ကျင့်သုံးခြင်းဖြင့် ပြည်သူအများစု အကျိုးကျေးဇူးများအောင် လုပ်ဆောင်နိုင်တယ်။

ဒီနေရာမှာ တိုင်းပြည်အတွက် ရေရှည်တည်တံ့ပြီး လူထုအတွက် အကျိုးများတဲ့စီးပွားရေးစနစ်တည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်အကြောင်းကို ဆက်လက်ဆွေးနွေးပါမယ်။

• ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် (Good Governance)
ဒီမိုကရေစီရဲ့ လက်တွေ့အသုံးဝင်မှုက ပြည်သူလူထုခံစားနေရတဲ့ဒုက္ခ၊ သုက္ခတွေကို လွတ်လပ်စွာဖော်ထုတ်တောင်းဆိုနိုင်ခြင်း သာဖြစ် တယ်။ အခြားဒီမိုကရေစီရဲ့အသီးအပွင့်တွေကို ပြည်သူလူထု အများစုခံစားနိုင်ဖို့က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ တရား ဥပဒေစိုးမိုးခြင်းတွေကိုဖော်ဆောင်ပေးနိုင်တဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိတဲ့ အစိုးရကောင်းတရပ် တိုင်းပြည်မှာ ရှိဖို့လိုတယ်။

အစိုးရကောင်းတရပ်မှာ ရှိရမယ့် ဝိသေသလက္ခဏာတွေကို ကမ္ဘာ့ကုလသမဂ္ဂက အောက်ပါအတိုင်း သတ်မှတ်ထားတယ်။
◊ ပြည်သူလူထုအများစုရဲ့ ယေဘုယျသဘောဆန္ဒကို အခြေပြုခြင်း (Consensus Oriented) ၊
◊ တိုင်းပြည်ရဲ့ အရေးပါတဲ့ကဏ္ဍအသီးသီးမှာ ပြည်သူလူထု ဆုံးဖြတ်ပါဝင်လုပ်ကိုင်ခွင့်ရှိခြင်း (Participatory) ၊
◊ ဆူကြုံနိမ့်မြင့် လူပုဂ္ဂိုလ်မခွဲ တရားဥပဒေအတိုင်း တသွေမတိမ်း လေးစားလိုက်နာဆောင်ရွက်ခြင်း (Following the Rule of Law) ၊
◊ အစိုးရရဲ့လုပ်ရည်ကိုင်ရည် ထိရောက်ကောင်းမွန် ချောမွေ့စေခြင်းဖြင့် ပြည်သူလူထုအကျိုးရှိစေခြင်း (Effective and Efficient) ၊
◊ အလုံးစုံ တာဝန်ကျေခြင်းဖြင့် ပြည်သူ့ဆန္ဒကို ပြည့်ဝစေခြင်း (Accountable) ၊
◊ ပြည်သူလူထု အများစုရဲ့တောင်းဆိုမှုဆန္ဒကို အပြုသဘောနဲ့ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်း (Responsive) ၊
◊ တိုင်းပြည်ရဲ့အရေးပါတဲ့ကဏ္ဍအသီးသီးမှာ အစိုးရရဲ့ တာဝန်ယူလုပ်ဆောင်နေမူတွေကို ပြည်သူလူထုထံ အသိပေးခြင်းဖြင့် ထင်သာမြင် သာ ရှိစေခြေင်း (Transparent) ၊
◊ တရားမျှတ၊ အကျိုးအကြောင်းညီပြီး ပြည်သူအားလုံး တပြေးညီ ပါဝင်သက်ရောက်မှုရှိစေခြင်း (Equitable and Inclusive) တို့ဖြစ်တယ်။

အထက်မှာတင်ပြခဲ့တဲ့ အစိုးရကောင်းတရပ်မှာရှိရမယ့်အချက်တွေဟာ ဗမာပြည်မှာ ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ စစ်အစိုးရတွေနဲ့ လက် ရှိ စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရမှာ ဖော်ဆောင်ဖို့အားနည်းခဲ့တဲ့ (အားနည်းနေဆဲဖြစ်တဲ့) အချက်တွေ ဖြစ်နေတာကို သတိပြုစေ လိုတယ်။ ပြည်သူလူထု အများစုအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးစနစ်တွေ၊ နိုင်ငံရေးအားဖြင့် ပြည်သူလူထုအများစု ဒီမိုကရေစီအသီးအပွင့်တွေ ခံစားလာနိုင်ဖို့ဆိုရင် အစိုးရကောင်းတရပ် တိုင်းပြည်မှာ မရှိမဖြစ် ရှိမှဖြစ်မယ်ဆိုတာကို ဒီမိုကရေစီ အပြည့်အဝ မရှိပေမယ့် တိုးတက်ဖွံ့ဖြိုးပြီး ပြည်သူလူထုအများစု လူတန်းစေ့နေနိုင်အောင် လုပ်ဆောင်နိုင်ပြီဖြစ်တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ရှိတဲ့ စင်္ကာပူလိုနိုင်ငံက သက်သေသာဓကပြုတယ်။ ဒီမိုကရေစီစနစ်လို့ပါးစပ်ကပြောနေပြီး အစိုးရကောင်းတရပ်ဖြစ်အောင် မဖော်ဆောင်ရင် ပြည်သူလူထုအတွက် ဒီမိုကရေစီဟာ မတရားမှုတွေ ခံစားနေရပါတယ်လို့ ထုတ်ဖော်တောင်းဆိုနေခွင့် ရကောင်း ရနိုင်ပေမယ့် လက်တွေ့ တကယ် အကျိုးခံစားခွင့်ကတော့ မဲ့နေဦးမှာဖြစ်တယ်။ လက်ရှိဗမာပြည်မှာ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို ဖော်ထုတ်တောင်းဆိုနေ မှုတွေကို အစိုးရက တာဝန်ယူဖြေရှင်းပေးမယ့်အစား ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေမဖြစ်ပေါ်အောင်သာ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်နေတာ တွေ့မြင်နေရဆဲ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်မှာ ပြည်သူ့အခက်အခဲတွေကို တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ အစိုးရကောင်းတရပ် မရှိ မဖြစ် ဒွန်တွဲနေရမယ်ဆိုတာဟာ အရေးကြီးတယ်။ အလားတူပဲ ပြည်သူလူထုနဲ့ ဥပဒေပြုလွှတ်တော်က မိမိတို့ရဲ့သက်ဆိုင်ရာအခွင့်အ ရေး နဲ့ တာဝန်တွေကိုသိနားလည်ပြီး ကျေပွန်အောင် ထမ်းရွက်နိုင်ဖို့ လိုအပ်တယ်။

ဒီလို တိုင်းပြည်မှာ ပြည်သူ့လူမှုဘဝ တိုးတက်ဖွံဖြိုးစေဖို့အတွက် ဖော်ဆောင်လုပ်ကိုင်ရာမှာ အစိုးရ၊ လွှတ်တော်နဲ့ လူထုအခြေပြုအဖွဲ့အ စည်းတွေ အပြန်အလှန် အမှီသဟဲပြုရပုံကို အောက်မှာဆက်လက်ဆွေးနွေးပါမယ်။

• အစိုးရ၊ ဥပဒေပြုမှုနှင့် လူထုအခြေပြုအဖွဲ့အစည်းများရဲ့အခန်းကဏ္ဍ (Role of Government, Legislation and Civil Society)
ယခု ဗမာပြည်မှာ ဖော်ဆောင်တော့မယ့် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပြည်သူလူထု တကယ် အကျိုးရှိအောင် အစိုးရ၊ ဥပဒေပြုမှုနှင့် လူထုအခြေပြုအဖွဲ့အစည်းများရဲ့ လုပ်ကိုင်ဆောင်ရွက်မှုမှတဆင့် ဘယ်လိုဖော်ဆောင်နိုင်တယ်ဆိုတာကို ဥပမာပြု ရင်းနဲ့ ဒီခေါင်းစဉ်ကို စတင် ဆွေးနွေးပါမယ်။ ပထမဆုံးအနေနဲ့ အစိုးရရဲ့ အခုလို ပုဂ္ဂလိကကို ဝင်ရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခြင်းမှာ လူထု သဘောဆန္ဒပါဝင် ထင်ဟပ်စေရန် အဂတိကင်း ထင်သာမြင်သာရှိတဲ့ လုပ်ငန်းဖော်ဆောင်မှု အဆင့်ဆင့်ဖြစ်ဖို့ လိုတယ်။ ဗမာပြည်လို အ လယ်အလတ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေနည်းပါးတဲ့တိုင်းပြည်မှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဟာ အစိုးရနဲ့ နီး စပ်ပြီး အခွင့်ထူးခံရနေပြီးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အနည်းနဲ့အများဆိုသလိုပါလာမှာ ဖြစ်တယ်။ သို့သော ဒီလို ပါဝင်လုပ်ဆောင် နိုင်ဖို့ အစိုးရကို အဆိုပြုကမ်းလှမ်းချက်၊ တနည်းအားဖြင့် တင်ဒါခေါ်ယူမှုဖြစ်စဉ် (Invitation To Tender – ITT) တခုလုံးကို လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးမယ့် ဒေသမှ ပြည်သူလူထု သိနားလည်အောင်၊ ဝင်ရောက် အကြံဉာဏ်ပေး တင်ပြနိုင်အောင် ရှင်းရှင်းလင်းလင်းချပြပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့မိမြို့ဖများဦးဆောင်တဲ့ လူထုအခြေပြုအဖွဲ့အစည်းများမှတဆင့် လူထုသဘောထားဆန္ဒကို တင်းသွင်းစေခြင်းဖြင့် ဖြစ်စဉ်မှာ ပါဝင်စေရမယ်။ တိုင်းနဲ့ပြည်နယ် ဒေသအသီးသီးမှာရှိတဲ့ ဒေသခံစီးပွားရေးလုပ်ငန်ရှင်ကလေးတွေ တနိုင်တပိုင် ပါဝင်လုပ်ကိုင် နိုင်တဲ့ အခွင့်အရေးရရှိစေဖို့ အတွက်လည်း တိုင်းနဲ့ပြည်နယ် အစိုးရနဲ့ ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်တွေက စီမံဆောင်ရွက်ခြင်း၊ လိုအပ် တဲ့ဥပဒေများကို ပြဌာန်းပေးခြင်း စတာတွေ လုပ်ဆောင်ပေးရမှာဖြစ်တယ်။

တိုင်းပြည် အရင်းအမြစ်တွေကို တိုင်းပြည်ရဲ့ အထက်တန်းအလွှာ လူ့မလိုင် အသိုင်းအဝန်း၊ လူချမ်းသာတွေက ထင်သလို သုံးစွဲခွင့်ရနေ တာတွေကိုလည်း ဥပဒေပြုတားဆီးနိုင်တယ်။ ဥပမာ – အိမ်တအိမ်မှာ လေအေးပေးစက် ဘယ်နှစ်လုံးပဲ တပ်ဆင်ခွင့်ရှိတယ်လို့ ကန့်သတ်တဲ့ ဥပဒေမျိုး ထုတ်ပြန်တာဖြစ်တယ်။ သဘာဝကို အဓိကအခြေပြုတဲ့ အရင်းအမြစ်တွေ အလေအလွင့်နည်းအောင်၊ အကျိုးကျေးဇူး များအောင် လည်း ဥပဒေပြုလုပ်ဆောင်နိုင်တယ်။ စွမ်းအင်လိုအပ်မှုလျော့နည်း၊ Energy Saving ဖြစ်တဲ့ လူသုံးကုန်စက်ပစ္စည်းတွေ (အဝတ်လျှော်စက်၊ ရေခဲသေတ္တာလို) ကိုသာ ထုတ်လုပ်ရောင်းချ၊ ဒါမှမဟုတ် နိုင်ငံခြားမှ တင်သွင်းခွင့်ပေးတာမျိုး။ တိုင်းပြည်မှာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ခွဲခြား သိမ်းဆည်းစေတာမျိုး၊ ပြန်လည်အသုံးပြုနိုင်တဲ့ စွန့်ပစ်ပစ္စည်း (အမှိုက်) တွေကို စနစ်တကျ ပြန်လည်အသုံးချ (Recycle) စေတာမျိုး၊ စွန့်ပစ်ပစ္စည်းတွေမှ စွမ်းအင်ထုတ်လုပ်စေတာမျိုး၊ စတာတွေ လုပ်ဆောင်နိုင်တယ်။

နောက်တခုက တိုင်းပြည်ရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးရာမှ မလွှဲမသွေ ကြုံတွေ့လာမှာက ယခင်အစိုးရ လုပ် ကိုင်ပေးစဉ်ကထက် များပြားတဲ့ဈေးနှုန်းကြီးမြင့်လာမှု ဖြစ်တယ်။ ဒါဟာ အကျိုးအမြတ်ရှိမှသာ လုပ်ကိုင်ပေးနိုင်မှာဖြစ်တဲ့ ပုဂ္ဂလိက စီးပွားရှာမှု သဘောဖြစ်တဲ့အတွက် နားလည် လက်ခံပေးရမှာဖြစ်တယ်။ ဈေးနှုန်းတွေ အဆမတန် မဖြစ်အောင်၊ လူတစုက လက်ဝါးကြီးအုပ်ချယ်လှယ်ခွင့် မရအောင်သာ ဒေသဆိုင်ရာ အစိုးရနဲ့ လွှတ်တော်တွေက ကြီးကြပ်ခြင်း၊ ဥပဒေပြုခြင်းဖြင့် ထိန်းကွပ်ရမှာ ဖြစ်တယ်။

နောက်တနည်းက ဒေသဆိုင်ရာအစိုးရတွေဟာ မိမိတို့ဒေသမှာ ကောက်ခံရရှိတဲ့ ပြည်သူ့အခွန် ဘဏ္ဍာတွေထဲက ကြီးမြင့်လာတဲ့ ပုဂ္ဂလိက ဝန်ဆောင်မှုဈေးနှုန်းတွေရဲ့ တစိတ်တပိုင်းကို ပြည်သူ့အတွက် စိုက်ထုတ်ကုန်ကျခံ (Subsidise) လုပ်ပေးနိုင်တယ်။ ဒီလို စိုက်ထုကုန်ကျခံ နိုင်ဖို့အတွက် ပြည်နယ်၊ တိုင်းအစိုးရတွေဟာ မိမိဒေသမှာ အခွန်တွေကို အကျင့်ပျက်မှုမရှိ၊ အဂတိတရားကင်းကင်းနဲ့ သေချာစည်းကြပ် နိုင်ရမှာ ဖြစ်တယ်။ ပြည်သူလူထုကလည်း သက်ဆိုင်တဲ့အခွန်အတုတ်တွေကို မှန်မှန်ကန်ကန်ပေးဆောင်ရမှာဖြစ်တယ်။ အထူးသဖြင့် အရင်လို အစိုးရ နဲ့ အပေးအယူလုပ် စီးပွားဖြစ်၊ အုပ်ချုပ်သူ အာဏာပိုင်ကို အိမ်နောက်ဖေးတံခါးပေါက်က ဝင် လာဘ်ထိုးပြီး အခွန်ရှောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ တာဝန်ရှိတဲ့ အခွန်ဝန်ကို ကျေကျေပွန်ပွန်ထမ်းရွက်ရမှာ ဖြစ်တယ်။ ဒါမှသာ အစိုးရက ပြည်သူလူထု အကျိုးရှိမယ့် ဖွံ့ဖြိုရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်၊ စိုက်ထုတ်အကုန်အကျခံလာနိုင်မှာဖြစ်တယ်။ ဒီလိုနည်းနဲ့ နိုင်ငံအနှံ့ မီးတွေ လင်း လာမယ်၊ လမ်းတွေကောင်းလာမယ်၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတွေ မြင့်လာနိုင်မှာဖြစ်တယ်။

တိုင်းပြည်မှာ ရေရှည်ဖွံဖြိုးတိုးတက်ပြီး တိုင်းရင်းသားအားလုံး ခွင့်တူညီမျှမှုကိုအားပေးတဲ့ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်နိုင်ခွင့် (Peaceful Co-Existence) နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် (Self-Determination) တွေကို လက်ရှိ ၂၀၀၈ စစ်ဖွဲ့စည်းပုံ က အာမခံမပေးနိုင်သေးပါ။ သို့သော် တိုင်းရင်းသား ပြည်သူလူထု လက်ငင်း ရေတို လူမှုဘဝ ဖွံဖြိုး တိုးတက်လာအောင် ပုဂ္ဂလိက (သို့) အကျိုးအမြတ် လုံးလုံးမပါ (သို့) အကျိုးအမြတ် တစိတ်တပိုင်း အခြေပြုတဲ့ ရပ်မိရပ်ဖတွေနဲ့ဖွဲ့စည်းထားတဲ့ လူမှုအလွှာအသီးသီးမှ လူထုအဖွဲ့အစည်းတွေရဲ့အား၊ ဒေသဆိုင် ရာ အစိုးရနဲ့ လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာ စတာတွေကိုအသုံးချပြီး နိုင်ငံအနှံ့ ရပ်ကွက်၊ ကျေးရွာမကျန် မီးလင်းရေးလို၊ လမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်ရေးလို၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အကျိုးရှိရှိဖော်ဆောင်နိုင်ဖို့အတွက်က လက်ရှိအခြေ ခံ ဥပဒေမှာပါတဲ့ ပြဌာန်းအတည်ပြုပြီး ဖြစ်တဲ့ ဥပဒေတွေက စွမ်းဆောင်နိုင်ပြီးဖြစ်တယ်။ တကယ် လက်တွေ့ဖော်ဆောင်နိုင်ဖို့အတွက် ပြည်သူ လူထုက မိမိရဲ့ အခြေခံဥပဒေမှပေးပြီးဖြစ်တဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို သိနားလည်ရမယ်။ ဒေသဆိုင်ရာအစိုးရတွေက မိမိတို့ရရှိထားတဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြည်သူအကျိုးရှိအောင် အသုံးချတတ်ရမယ်၊ ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်တွေမှာ ရှိနေတဲ့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေက မိမိတို့ရဲ့ ဥပဒေပြုနိုင်မှုမှတဆင့် ပြည်သူအကျိုးရှိအောင် လုပ်နိုင်တယ်ဆိုတာ သိနားလည်ရမယ်။ စတဲ့ ဒီမိုကရေစီလူဘောင်ရဲ့ လူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးက တာဝန်သိ၊ တာဝန်ကျေ လုပ်ဆောင်နိုင်မှုတွေအပေါ်မှာ မူတည် တယ်။

ဆောင်းပါးနိဒါန်းမှာ အစပြုဆွေးနွေးခဲ့တဲ့ ဈေးကွက်နဲ့ စီးပွားရေးစနစ်တွေရဲ့ အကျိုးအပြစ်တွေ၊ ဆောင်းပါးအလယ်မှာ တင်ပြခဲ့တဲ့ အစိုးရ ကောင်းတရပ်မှာ ရှိရမယ့်အင်္ဂါရပ်တွေ၊ ဆောင်းပါးနောက်ဆုံးပိုင်းမှာထောက်ပြခဲ့တဲ့ အစိုးရ၊ လွှတ်တော်နဲ့ လူထုအဖွဲ့အစည်းတွေရဲ့ ကျေပွန် ရမယ့် တာဝန်ဝတ္တရားတွေကို အစိုးရအဖွဲ့ဝင် သမ္မတအစ ကျေးရွာ အုပ်ချုပ်ရေးမှုးအဆုံး ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီ အသီးသီးနဲ့ သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူတန်းစားအလွှာပေါင်းစုံမှ ပြည်သူတွေ သိနားလည်၊ လေးစားလိုက်နာ၊ တာဝန်ကျေ ဆောက်ရွက် နိုင်ခြင်းဖြင့်သာ တိုင်းပြည်မှာ ပြည်သူလူထုအများစု အကျိုးရှိမယ့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစံနှုန်းစနစ်တွေ ဖော်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ စစ်တပ်အာဏာ နဲ့ တက်လာတဲ့ အစိုးရ၊ လွှတ်တော်ထဲမှ နေရာ အများစုရထားတဲ့ အာဏာရပါတီ၊ ယခင် ထောက်ကျခံ၊ အဖိနှိပ် အနှိပ်ဆက်ခံပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့လို့ ပြည်သူလူထုက သူရဲကောင်းအနေနဲ့ အားပေးတင်မြှောက်ခံနေရတဲ့ လက်ရှိ လွှတ်တော်ထဲမှ အတိုက်အခံ ဒီမိုကရေစီပါတီတွေဟာ ပြည်သူလူထုကို အလုပ်အကျွေးပြုဆောင်ရွက်နိုင်မှု လုပ်ရည်ကိုင်ရည် (Efficiency) နဲ့ စွမ်းဆောင်နိုင်ရည် (Capacity) ရှိမှုကသာ ရေရှည် ဒီမိုကရေစီစနစ်နိုင်ငံရေးမှာ ရှင်သန်နိုင်မှာဖြစ်တဲ့အကြောင်း ထောက်ပြအကြံပြုရင်းနဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။

ကိုးကား
Economics by Walter J. Wessels, 4th Edition, Barron’s, 2006.
What is Good Governance? United Nations Economic and Social Commission for Asia and the Pacific (UNESCAP)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to လူထုအတွက် စီးပွားရေးစံနစ် (People-based Economic Development Strategy)

  1. မောင်သူရ on June 3, 2012 at 6:40 pm

    ကျေးဇူးတင်ပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။ နောင်ကိုလည်း ဆက်လက်မျှဝေနိုင်ပါစေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်