Ashin Wiriya – စတုတ္ထမဏ္ဍိုင်ရဲ့ နံပါတ်မဲ့ ဝေဒနာ

June 9, 2012

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဇွန် ၉၊ ၂၀၁၂
ဂျာနယ်တွေက ပြောတဲ့ မြန်မာပြည်
ခုရက်ပိုင်းတွေမှာ “တနင်္ဂနွေ ဗုဒ္ဓယဉ်ကျေးမှုကျောင်း”များပေါ်ပေါက်ရေးအတွက် တိုက်တွန်းအကြံပေးဖို့ ဇာတိချက်ကြွေ အညာဒေသမြို့ရွာ တော်တော်များများကို ရောက်ဖြစ်ခဲ့ပါတယ်။ မိမိဇာတိနဲ့ မဝေးလှတဲ့ အညာမြို့တစ်မြို့က တောင်သူတစ်ပိုင်း ကုန်သည်တစ်ပိုင်း ဒကာကြီးတစ်ယောက်က
 “အခုဆို ဒီနိုင်ငံမှာ ခေတ်ကြီးက အတော်ကြီးကို ပြောင်းလဲတိုးတက်လာနေပြီဆိုတာ ဆရာတော်တို့ကော သတိထားမိကြရဲ့လား”
ဆိုပြီး မေးလာပါတယ်။
“ဟုတ်ကဲ့ … ဂျာနယ်တွေထဲမှာတော့  ဖတ်လိုက်ရပါတယ်” ဆိုတော့
“တပည့်တော်တို့ တောသူတောင်သားတွေကတော့ ဂျာနယ်တွေ ဘာတွေ သိပ်မဖတ်ရလို့ ဘာတွေတိုးတက်တယ်ဆိုတာ သေသေချာချာတော့ မသိပါဘူး။ အခုလို မြို့ပေါ်ရောက်လာတဲ့အခါမှာ သတိပြုမိတာကတော့ အရင်ကထက် ကားသစ်သစ်တွေ အတွေ့ရများသလို ကားတွေလည်း ပိုရှုပ်လာတယ်။ တပည့်တော်တို့အတွက်တော့ လမ်းကူး လမ်းဖြတ် ပိုပြီး ခက်ခဲလာတာပဲ ထူးပါတယ်ဘုရား”
ဆိုပြီး စကားရပ်သွားတယ်။
တစ်အောင့်လောက်နေတော့
“အခုဆိုရင် တောင်သူလယ်သမားတွေမှာ စိုက်ပျိုးစရိတ်တွေက ကြီး၊ မိုးလေ၀သ မမှန်လို့ ကောက်ပဲသီးနှံတွေက အထွက်ဖျဉ်း၊ ဈေးနှုန်းတွေက ကျနဲ့ အတော်လေးကို ကသီလင်တ ဖြစ်နေကြရတာ၊ ကြားရသလောက်တော့ ဒီလိုဖြစ်ရတာဟာ အညာရော အောက်ရော ရှိသမျှ တောင်သူ လယ်သမား အားလုံးလိုလိုပဲ။ ခုဆို တောင်သူလုပ်ငန်းခွင်သစ်က စကြရတော့မှာ စရိတ်စကဆိုတာက ခက်ခဲကြနဲ့၊ ဘယ်ကတောင် စရမှန်းမသိလောက်အောင်တောင် ဖြစ်နေကြတာ။ ဒါတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက သိရှိစီစဉ်ပေးဖို့ ဂျာနယ်တွေ ဘာတွေကများ ရေးကြ သားကြတာ ရှိမလားလို့ပါ”တဲ့။
          “အဲ .. ဂျာနယ်တွေမှာ အတွေ့ရများနေတာကတော့ ကားတင်သွင်းခွင့်တွေ ကားဈေးကျနေတာတွေ အကြောင်းရယ်၊ လျှပ်စစ်မီးတွေ ပျက်လို့ ဒုက္ခရောက်ကြတဲ့ အကြောင်းတွေရယ်၊ ပြီးတော့ နိုင်ငံက ချစ်ခင်လေးစားခြင်းခံရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပုံတွေရယ်ပဲ ဒကာကြီး”
          “ကားဈေးက တပည့်တော်တို့ တောသူတောင်သားနဲ့ ဘာမှ မပတ်သက်ဘူးဘုရား။ ကားဈေးတွေ ဘယ်လောက်ကျနေနေ ကားခတွေက တက်မြဲ တက်နေတာပဲဟာ။ လျှပ်စစ်မီးပျက်တယ်ဆိုတဲ့ ဒုက္ခကလည်း တောရွာမှာ လုံးဝကို မကြုံဖူးဘူး။ အစကတည်းက လျှပ်စစ်မီးဆိုတာ ဘာမှန်းတောင် သိမှ မသိကြတဲ့ ဥစ္စာ။ အပြင်က လျှပ်စစ်မီးဆိုတာကတော့ ဘယ်တုန်းကမှ မရဘူးလို့ အထွေအထူး တောင်းတတယ်ရယ်လို့လည်း တယ်မရှိကြပါဘူး။ အရှင်ဘုရားတို့လို မြို့ပေါ်နေခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက ညည်းပြလို့သာ ကြားရဖူးတာပါ။ ကျေးလက်တောနယ်တွေ မဖွံ့ဖြိုးဘူးဆိုတာလည်း အပြင်က လျှပ်စစ်မီးတွေ မလင်းနိုင်လို့ဆိုတာက အဓိကအကြောင်းရင်း မဟုတ်ဘူးထင်တယ်ဘုရား။ ကိုယ်လည်း ဒီလို အမှောင်ထုထဲမှာပဲ လူလားမြောက်လာ ရတာဆိုတော့ ဒီကိစ္စကို သိပ်တော့လည်း မဝေခွဲတတ်ဘူး။ ကိုယ့်အတွေ့ကြုံနဲ့ကိုယ် စဉ်းစားရသလောက် ပြောရမယ်ဆိုရင်တော့ တောသူတောင်သားများမှာ အဓိက ဒုက္ခပေးနေတာက အတွင်းမှာ အသိပညာအလင်း မရတဲ့ ကိစ္စပဲ”။         
အသိပညာနည်းပါးကြတော့ အရှည်ကို မတွေးတော မဆင်ခြင်တတ်ကြဘူး။ ထစ်ခနဲဆို ရိုက်ဟယ်၊ နှက်ဟယ်၊ ခုတ်ဟယ်၊ ထစ်ဟယ်နဲ့။ လုပ်လို့ ကိုင်လို့ ရသမျှကလေးတွေလည်း စားရသောက်ရတယ်ရယ်လို့ကို တယ်မရှိကြဘူး။ ရုံးစား ဂါတ်စားနဲ့ လုံးပါးပါးကုန်ကြတာက အများသားကလား။ ခုတော့ ရွာမှာ ရပ်ရွာ လူကြီး တွေ ရော၊ ကျောင်းဘုန်းကြီးတွေရော တောင့်တနေကြတာက အပြင်မှာ လျှပ်စစ်မီးလင်းဖို့ မဟုတ်ပါဘူး။ နောင်လာ နောင်သားတွေအတွက် အသိပညာ လင်းရေးပါပဲ။ “အလယ်တန်း ပညာကလေးလောက်မှ ကိုယ်စီတတ်ကြပါစေ” ဆိုပြီး ကြိုးစားနေကြတာလဲ ကြာလှပြီ။ ကိုယ့်ဘက်က တတ်စွမ်းသမျှ မြေနေရာတို့၊ အဆောက်အဦတို့ဆိုတာတွေလည်း အတော်စုံပါပြီ။ ကျောင်းဖွင့်ပေးဖို့ကတော့ ခုအထိ ဘာသံမှကို မကြားရသေးဘဲဖြစ်နေတယ်။ အဲဒီအကြောင်းတွေရော ဂျာနယ်တွေမှာ ရေးကြ သားကြ အကြံပေး တိုက်တွန်းကြတာတွေများ ပါမိသလားလို့”။
“အဲဒီ ပညာရေးနဲ့ ပတ်သက်လို့တော့ ရှေးက တက္ကသိုလ်ကြီးတွေ ပြန်လည်ထွန်းပေါ်ရေးတွေ ဘာတွေ အကြောင်းလောက်ပဲ တွေ့ရတယ်။ ကျေးလက်ပညာရေးတွေ အကြောင်းတော့ သိပ်ကျယ်ကျယ်လောင်လောင် မကြားမိဘူး။ ကျေးလက်က လူတွေက ဂျာနယ်တွေ ဘာတွေ သိပ်မဖတ်ဘူးဆိုတော့လဲ ဂျာနယ်တွေက ဘယ်သိပ်အရေးစိုက်မလဲဗျာ၊ သူတို့ဖောက်သည်တွေ စိတ်ဝင်စားမှာကိုပဲ အဓိကထားကြပုံရပါတယ်။ ဂျာနယ်တွေကို စတုတ္ထမဏ္ဍိုင်ကြီးလို့တော့ ပြောတာပဲ။ ဒီမဏ္ဍိုင်ကြီးကလည်း ကားဝယ်နိုင်သူတွေ၊ လျှပ်စစ်မီးနဲ့ပတ်သက်သူတွေ၊ တက္ကသိုလ်ကြီးတွေ အကြောင်းပဲ စိတ်ဝင်စားနေကြတာထောက်တော့ ဧကန္တ ဒီမဏ္ဍိုင်ကြီး ကားတိုက်ခံရလို့ပဲ ယိုင်သွားသလား၊ ဓာတ်လိုက်လို့ပဲ မှိုင်သွားသလား၊ တက္ကသိုလ်ကို မတွေ့ရလို့ပဲ ငိုင်သွားသလားတော့မသိဘူး။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့တော့ ဘာမှ ဟုတ်တိပတ်တိ အသံမြည်တာ မတွေ့မိဘူးဗျာ”
ဆိုတော့ ဒကာကြီးလဲ ရောပြီး ယိုင်သလိုလို၊ မှိုင်သလိုလို၊ ငိုင်သလိုလိုကြီးနဲ့ ငေးသွားတယ်။
ငါတို့တတွေက ဘယ်ဂိုဏ်းသားတွေလဲ
တအောင့်လောက်နေတော့
“လွတ်လပ်ရေးရပြီးခါစ တပည့်တော် ငယ်ငယ်တုန်းကပေါ့လေ၊ ဒီနယ်တစ်ဝိုက်မှာက ကွန်မြူနစ်ရော၊ ရဲဘော်ဖြူတို့ ရဲဘော်ဝါတို့ရော၊ ရောင်စုံသူပုန်တွေရဲ့ အနှိပ်စက် အတော်လေး ခံကြရတာပေါ့။ နောက်တော့ ပြူစောထီးဆိုတာတွေလဲ ပေါ်လာသေးတယ်။ အဲဒီတုန်းက ဘကြီးတို့လဲ ရှိသေးတယ်။ သူတို့ကတော့ ကိုလိုနီခေတ်လဲ ကြုံဖူး၊ ရှင်ဘုရင်ခေတ်အကြောင်းလဲ သိဖူးကြ တာကိုး။ သူတို့ကို မေးကြည့်ဖူးတယ်။
“လွတ်လပ်ရေးရပြီးတာနဲ့ မရသေးခင်ကနဲ့ ဘယ်လိုထူးသလဲ”လို့။
“ဖိနှိပ်ပုံတွေ အမျိုးမျိုးပြောင်းလဲလာတာပေါ့ကွာ၊ တို့ တောသူတောင်သားတွရဲ့ ဘဝကတော့ လက်ပြောင်းပြီး အဖိနှိပ်ခံရတာပဲ ထူးပါတယ်”တဲ့။
ဒကာကြီး ပြောတာကို ကြားရတော့ ခပ်ငယ်ငယ် မန္တလေးရောက်ခါစလောက်က မြဝတီမဂ္ဂဇင်းထဲမှာ လား မသိဘူးဖတ်လိုက်ရဖူးတဲ့ “အပြာဂိုဏ်း” ဆိုတဲ့ ဝတ္ထုတိုလေးကို ပြေးပြီး သတိရမိတယ်။ စာရေးဆရာတော့ အတိအကျမမှတ်မိဘူး။
ဇာတ်လမ်းကို မှတ်မှတ်မိမိရှိနေတာကတော့ ခုနဒကာကြီးပြောသလိုပဲ မိမိတို့ ဇာတိမြေ ရိုးမတောင်ခြေက ရွာတွေမှာ မိမိကိုယ်တိုင် ကြားတတ် မှတ်တတ်တဲ့ အရွယ်အထိ ကြုံတွေ့ခဲ့ရတဲ့ ခေတ်အခြေအနေကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်လို့ ကောင်းကောင်းကြီးကို မှတ်မိနေတာ။
ဇာတ်လမ်းက ရိုးမတောင်ခြေ ရောင်စုံသူပုန်နယ်မြေထဲက ရွာကလေးတစ်ရွာ။ အဲဒီရွာကို အနီဂိုဏ်း၊ အဝါဂိုဏ်း(ဒါက ဗကပနဲ့ မဟာမိတ်လုပ်ထားတဲ့ ပြည်သူ့ရဲဘော်ပါတီတဲ့)၊ အဖြူဂိုဏ်း(သူကတော့ လကျာ်ယိမ်း ပြည်သူ့ရဲဘော်ဆိုလားပဲ)ဆိုပြီး သုံးဂိုဏ်းရှိတယ်။ ရွာတွေမှာ သူတို့ရဲ့ ပါတီဝင် အမာခံတွေဆိုတာလည်း ရှိတယ်။ ညညဆိုရင် ရွာထဲကို တစ်ဂိုဏ်းဂိုဏ်းကတော့ ရောက်လာတတ်ကြတာ တယ်မပြတ်လှဘူး။ ရောက်လာရင် ဆိုင်ရာဂိုဏ်းတွေက သူတို့ အမာခံတွေကိုတော့ သိပြီးသား။ သိပ်မသဲကွဲတဲ့ အိမ်တွေ ဆိုရင်တော့
“မင်းက ဘယ်ဂိုဏ်းသားလဲ” မေးတယ်။
ကိုယ့်ဂိုဏ်းသားဆိုရင် ချမ်းသာပေးတယ်။ ကိုယ့်ဂိုဏ်းသား မဟုတ်ရင် ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ တောင်းတယ်။ ဘာမှ မရဘူးဆိုရင်တော့
“ဒီလောက်တောင် မွဲရသလား”
ဆိုပြီး ခြေနဲ့ ကန်၊ သေနတ်ဒင်နဲ့ ဆောင့် ဆိုသလို ညှင်းဆဲကြပါတယ်။
ရိုးလည်း ရိုး၊ ကြောက်လည်း ကြောက်တတ်တဲ့ မိသားစုများကတော့ ရွာထဲမှာ မနေဘူး။ ယာနား ချောင်းနား တောထဲမှာပဲ ဖြစ်သလို ပုန်းနေကြရတာ။
နောက်တော့ “ရွာထဲက အိမ်မှာ လူမတွေ့ရင် အဲဒီအိမ် မီးရှို့မယ်”လို့
အမိန့်ထုတ်ကြတော့ ရွာလူကြီးက
“တစ်ရွာလုံး မီးဘေးမသင့်အောင် ကိုယ့်အိမ်ကိုယ် ပြန်နေကြ၊ တောထဲမှာ ညအိပ်ညဉ့်နေ မလုပ်ရ၊ လုပ်တဲ့လူ သူပုန်ကို စာရင်းပေးမယ်”
ဆိုပြီး အမိန့်ထုတ်လာလို့ ညရောက်ရင် ရွာပြန်နေကြရတယ်။
တစ်ညမှာ သူပုန်အုပ်စု ရွာထဲဝင်လာတယ်။ တစ်အိမ်တက်ဆင်း မေးလိုက်၊ တိုက်လိုက်၊ ယူလိုက်၊ ရိုက်လိုက် လုပ်လာကြရာက အလွန်ရိုးပြီး ကြောက်တတ်တဲ့ မိသားစုအိမ်ရှေ့ ရောက်လာတယ်။ ဒီရွာမှာ ညညဆို အိမ်ပေါ်မှာ အိပ်ကြတဲ့ထုံးစံ မရှိဘူး။ အိမ်နောက်ဖေးမှာ ပုန်းကျင်းတွေ တူးပြီး အဲဒီထဲမှာပဲ အိပ်ကြရ တာ။
ရောက်လာတဲ့ သူပုန်အဖွဲ့(ဂိုဏ်း)က
“ဟေ့ .. အိမ်ပေါ်က လူတွေ ဆင်းခဲ့စမ်း”
လို့ အော်တော့ ဘာသံမှ ပြန်မကြားဘူး၊
“လူမရှိရင် အိမ်မီးနဲ့ ရှို့ကွာ”လို့
ပြောသံကြားတော့မှ ပုန်းကျင်းထဲမှာ အိမ်ရှင်မ လုပ်သူက သူ့ယောကျာ်းကို
“ရှင် ယောက်ျားပဲ၊ သွားရှင်းလိုက်၊ မဟုတ်ရင် အိမ်မီးရှို့ခံရလို့ တစ်ရွာလုံး ပြာပုံဖြစ်သွား လိမ့်မယ်”ဆိုပြီး တိုက်တွန်းလွန်းမက တိုက်တွန်းလို့ အိမ်ရှင် ယောက်ျားက အင်္ကျီမပါ၊ လုံခြည်စုတ် တိုနံ့နံ့လေး ဝတ်ပြီး ရောက်လာတယ်။ ဘာလုပ်ရမှန်းမသိလို့ ဒူးတုပ်ပြီး လက်အုပ်ကလေး ချီလို့တဲ့။
“မင်း ဘယ်ဂိုဏ်းကလဲ ပြော”
ဆိုတော့ ဘာမှ မပြောတတ်ဘူး။ အဲဒီလူက ပါတီတွေ ဂိုဏ်းတွေဆိုတာလဲ တကယ်ကို မသိတဲ့လူ။ သေနတ်ဒင်နဲ့ ဆောင့်တွန်းပြီး ကြိမ်းမောင်းလိုက်တော့မှ
“ ကျုပ် … ကျုပ်တို့က အပြာဂိုဏ်းပါ”
လို့ တုန်တုန်ယင်ယင် ပြောသတဲ့။
“ဟေ .. ဒီနယ်မှာ အနီရယ်၊ အဝါရယ်၊ အဖြူရယ် သုံးဂိုဏ်းပဲ ရှိတာ။ မင်းတို့က အပြာဂိုဏ်းဆိုတော့ ပါတီသစ်ပေါ့လေ။ ပြောစမ်း ခေါင်းဆောင် ဘယ်သူလဲ၊ ဘယ်ဝါဒလဲ”
ဆိုပြီး အော်ငေါက်ခြောက်လှန့်မေးတော့မှ
“ဘာ .. ဘာ ပါတီမှလဲ မဟုတ်ပါဘူး၊ ဘာဝါဒတွေဆိုတာလဲ မသိပါဘူး၊ ကျုပ်တို့ကတော့ သေနတ်ပါတဲ့လူတွေ လာသမျှ ပြာနေအောင် ကြောက်နေကြရတဲ့ “အပြာဂိုဏ်း” သားတွေပါဗျာ”လို့ ပြန်ပြောလိုက်ပါသတဲ့။
ခုလည်း ဒကာကြီး ပြောပုံအရတော့
“သူ့ရွာလဲ အပြာဂိုဏ်းသားတွေချည်းများ စုနေကြရလေ ရော့သလား”
လို့ တွေးနေမိတယ်။
“တပည့်တော်တို့ အလှည့်ရော ဘယ်တော့လောက်များ ကျပါ့မလဲနော်”
ဆိုတဲ့ အသံကြားလိုက်တော့မှ ငယ်ငယ်က ပုံရိပ်ကလေးတွေကို တွေးနေရာက ပြန်သတိလည်လာတယ်။
“သူ့ မေးခွန်းကို ဘယ်လို ဖြေလိုက်ရပါ့”
လို့ စဉ်းစားပေမယ့် အဖြေက ပေါ်မလာဘူး၊ မဆီမဆိုင်ပဲလား၊ ဆီဆိုင်လို့လားတော့ မသိဘူး။ စာသင်သားဘဝမှာ အဘိဓမ္မာသင်ရတုန်းက ဆရာသမား သင်ပြပုံကလေး တွေကို ပြန်သတိရလိုက်မိတယ်။
အဘိဓမ္မာအဖြ  … စိတ်စေရာနောက် ဖနောင့်လိုက်ရ …
အဘိဓမ္မာသင်တဲ့ ဆရာတော်က အတော်စာသင်ကောင်းတယ်။ ခြောက်သွေ့သွေ့ အဘိဓမ္မာဘာသာရပ်ကို အသက်ဝင်လာအောင် လူနဲ့ တွဲကပ်ပြီး သင်ပြလေ့ရှိတယ်။
ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး “စက္ခုနာ သံဝရော သာဓု” စတဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကို သတိနဲ့ စောင့်ပေးဖို့ လိုအပ်တဲ့ အကြောင်းသင်ပြတဲ့အခါ ဘလက်ဘုတ်မှာ လူပုံကြီးရေးပြီး မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အပြင်ဒွါရ ငါးခုနဲ့ ဝမ်းဗိုက်အလယ်မှာ “ဟဒယ” ဆိုတဲ့ မနောဒွါရပုံတွေကို ရေးပြထားတယ်။ ပြီးတော့မှ –
“ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြ – အပေါ်ဆုံးမှာ မျက်စေ့၊ အဲဒီနဲ့ မတိမ်းမယိမ်း ကပ်လျှက်အောက်မှာ နား၊ ပြီးတော့ နှာခေါင်း၊ အဲဒီအောက်က ပါးစပ်၊ ဒီဒွါရလေးခုက ဦးခေါင်းပိုင်းမှာ ရှိတယ်၊ တစ်ကိုယ်လုံးကို အပေါ်စီးကနေ နေရာယူထားကြတာပေါ့။ အဲဒီအောက်က ခြေဖျားအထိ တစ်ကိုယ်လုံးကြီးက ကာယဒွါရ၊ အလယ်က အတွင်းမှာ နေရာယူထားတာက မနောဒွါရပေါ့။
“မနောဒွါရ” ဆိုတာ စိတ်ရဲ့ တည်မှီဖြစ်ပွားရာ ဒွါရပဲ။ “စိတ်” ဆိုတာကို ရှေးလူကြီးများက “စေစားတတ်တဲ့ တရား”လို့ သုံးကြတယ်။ ဟုတ်လဲ ဟုတ်တယ်။ သူက စေပြီးတော့သာ စားတတ်တာ၊ လုပ်မစားတတ်ဘူး။ သူက စားချင်ပြီဆိုရင် မျက်စေ့၊ နား၊ နှာစတဲ့ အပြင်ဒွါရတွေကိုပဲ ခိုင်းစားတာလေ။ ဒွါရတွေဆိုတာ အတွင်းက စိတ်က စားချင်တဲ့ အာရုံတွေကို ဆိုင်ရာဆိုင်ရာ အလိုက် ရှာဖွေပြီး စားပေးနေရတဲ့ စိတ်ရဲ့ အစေအပါး ဝန်ထမ်းတွေပေါ့။
အများထင်နေတာက ပါးစပ်ကသာ စားတတ်တယ်ထင်နေကြတာ ဒွါရမှန်သမျှ သူ့ဆိုင်ရာ အာရုံကို စားကြတာချည်းပါပဲ။
ဒီထဲမှာ ဘယ်ဒွါရက အစားအကြီးဆုံး မှတ်သလဲ။ ပါးစပ်က တစ်နေ့ နှစ်ကြိမ် သုံးကြိမ် စားနေရလို့ အစားကြီးတယ် မမှတ်နဲ့။ သူ့အထက်က “နှာခေါင်း”ကိုကြည့် ဘယ်တော့မှ ဝတယ်ရယ်လို့ကို မရှိဘူး။ အဲဒီအထက်မှာ “နား”ဆိုတာကို ကြည့်ဦး၊ နှာခေါင်းထက် ဆိုးပြန်ရော။ နှာခေါင်းကမှ ကောင်းတဲ့အနံ့လေးကိုသာ ရွေးပြီး ကြိုက်တတ်တာ။ နားကတော့ ကောင်းတာလည်း ကြားချင်၊ မကောင်းတာလည်း ကြားချင်နဲ့ ပိုပြီး အစားကြီးပြန်ရော။ အပေါ်ဆုံးက မျက်စေ့ကျတော့ ပိုဆိုးသေး။ ဘယ်တော့မှကို ဝတယ်မရှိရုံမကဘူး၊ သူများထဲ ဝင်စွက်ပြီး လုစားချင်သေးတယ်။ ကြည့်လေး နားက သီချင်း နားထောင်မယ်ဆိုရင်လဲ မျက်စေ့က အဆိုတော်လှ မလှဆိုတာ ဝင်နှောက်သေးတာ။ အောက်ဆုံးက ခန္ဓာကိုယ်ကြီးကတော့ ရိုးအအကြီးပါ။ အပေါ်ပိုင်း အဝတ်နှစ်ထည်၊ အောက်ပိုင်းအဝတ်နှစ်ထပ်ဆိုရင် ကျေနပ်နေရတာပါပဲ။ သေချာတွက်ကြည့်လိုက်တော့ အပေါ်ရောက်လေ အစားကြီးလေပဲ တဲ့။ အားလုံးကတော့ ကိုယ့် အတွေးနဲ့ကိုယ် ရယ်ကြတယ်။
အတွင်းက ဆရာကြီးလုပ်ပြီး စေစားနေတဲ့ စိတ်က မျက်စေ့ကို သိပ်အားကိုးတယ်။
“တို့က မျက်မြင်ကိုယ်တွေ့မှလက်ခံနိုင်မယ်” ဆိုတာကို ကြည့်ပါလား။
မျက်စေ့နဲ့မြင်ရပြီဆိုရင် တစ်ကိုယ်လုံးနဲ့တွေ့ ရသလိုကို ယုံကြည်ပစ်လိုက်တော့တာ မဟုတ်လား။ ဒါကြောင့်လည်း မြတ်စွာဘုရားက “စက္ခုနာ သံဝရော သာဓု = မျက်စေ့ကို သတိနဲ့ စောင့်ပေးထားနိုင်မှ ကောင်းမယ်” လို့ ဟောတာပေါ့။
အဲ .. စဉ်းစားကြည့်ရင်တော့ မျက်စေ့ထက် ပိုကြောက်စရာကောင်းတာက “နား” ပဲ။
သူက ပိတ်တယ်လည်း မရှိဘူး၊ အမြဲပွင့်နေတာ၊ ပြီးတေ့ တံတိုင်းတို့ နံရံတို့နဲ့ ကွယ်တဲ့နေရာတွေက အသံကိုလည်း ကြားနိုင်တာလေ။
ကဲ .. ဒီ့ပြင်ဟာ မကြည့်နဲ့ အခုဆို ရတနာ့ဂူနတ်ပွဲက နီးလာပြီး မဟုတ်လား။
အဲဒါ နားက “စန့်ဆို နံ့ကနဲ”ပဲ၊ ဘယ်ပွဲတွေပါမှာတဲ့။ ဘယ်မင်းသမီး မင်းသား၊ ဘယ်အဆိုတော်တွေ ဆိုတာ ကြားပြီးလိုက်ပြီ။ ကြားပြီး ဒီအတိုင်းမနေဘူး၊ သူ့သခင် “စိတ်”ဆီ သွားပြီး သတင်းပို့တယ်။ စိတ်က ကြည့်ချင်၊ ကြားချင်လာတာပေါ့။ အဲဒီတော့ ထုံးစံအတိုင်း စေစားတော့မှာပေါ့။
 စေပြီဆိုတော့ သူအားထားတဲ့ အပေါ်ပိုင်းနဲ့စပြီး စည်းဝေးတိုင်ပင်တာပဲ။ စည်းဝေးကြတဲ့အခါ မျက်စေ့ကလည်း သူ့အတွက် အဆင်းတွေအများကြီး မြင်ရမှာဆိုတော့ ဒီကိစ္စ သဘောတူမှာပေါ့။ နားအတွက်ကလည်း အသံအမျိုးမျိုးတွေနဲ့။ နှာခေါင်းအတွက်ကလဲ အနံ့အမျိုးမျိုး စုံတယ်။ လျှာအတွက်ကလည်း ခဲဖွယ်စားဖွယ် စုံမှစုံဆိုတော့ အပေါ်ပိုင်းမှာ စားစရာဝေစုတွေ အသီးသီးနဲ့ဖြစ်လို့ ဘယ်သူကမှ မကန့်ကွက်ဘူး  …
“လောကမှာ မျက်စေ့ကြီး နားကြီးရှိမှ ဗဟုသုတ စုံတယ်”
ဆိုပြီး အတည်ပြုလိုက်ကြတော့တာပေါ့။
“ကဲ .. ဒါဖြင့် လူကြီးမင်းတို့ အဲလေ .. မျက်စေ့ကြီးမင်း၊ နားကြီးမင်းတို့ ရှုစားကြ နားဆင်ကြပေရော့”
ဆိုတော့မှ သူတို့ကိုယ်သူတို့ အခြေအနေမှန်ကို သတိထားမိတယ်။
သူတို့ကလည်း “စေစား” ရဲ့ လက်အောက်ခံ “ဝေစား”တွေပဲကိုး။
အဲဒီတော့ လေသံချိုချိုကလေးနဲ့ “မိဖပြည်သူ ခြေထောက်များခင်ဗျား၊ သယ်ဆောင်ရွေ့ လျှားပေးတော်မူကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်”တွေ ဘာတွေ လုပ်လာကြပြန် တာပေါ့။
ပွဲခင်းဆီရောက်သွားပြီး အပေါ်ပိုင်းမှာတော့ စားစရာအာရုံကိုယ်စီနဲ့ ကြည့်လို့ ရှုလို့၊ နားသောတဆင်လို့၊ ရှုလိုက် ရှိုက်လိုက်၊ စားလိုက် သောက်လိုက်၊ ပျော်မဆုံး မော်မဆုံး၊ တပြုံးပြုံးပေါ့။
ဒီအချိန်မှာ ဝမ်းဗိုက်ကြီးကတော့ ပါးစပ်နဲ့ ရှယ်ယာလုပ်ထားတော့ သိပ်မဆိုးလှဘူး။
အောက်က ခြေထောက်တွေကတော့ ညောင်းညာတောင့်တင်းပြီး တစ်ခါတစ်ခါ ခြင်တို့က ကိုက်ခဲဖျော်ဖြေတာကို ခံစားရင်း စောင့်ပေဦးတော့ပေါ့။
အဲ .. ပွဲခင်းမှာ “စီကနဲ” ဖြစ်လာပြီး ဆူကြဆဲကြ၊ ရိုက်ကြ ပုတ်ကြဆိုတာမျိုး ဖြစ်လာပြီဆိုတော့မှ “မျက်စေ့ကြီး နားကြီး မင်းတို့ မျက်စေ့သူငယ် နားသူငယ်ဆိုတာတွေ ဖြစ်ကုန်ပြီး ထုံးစံအတိုင်း “မိဖပြည်သူအောက်ခြေမင်းများခမျာ”ကို တ ကြ ပြန်ရောပေါ့။
အဲဒီမှာ ပြေးဟယ်၊ လွှားဟယ်တို့၊ ခလုတ်တိုက်ဟယ်၊ ဆူးငြိဟယ်တို့ ဆိုတာတွေကတော့ အောက် ခြေထောက်ကြီး အတွက် သမိုင်းပေး အမွေအနှစ်ဖြစ်တဲ့ အလှည့်ကျခွဲတမ်းကြီးပေါ့။
“နာမ် မလိမ္မာ၊ ရုပ်နစ်နာတယ်။ နာမ်လိမ္မာမှ၊ ရုပ်သက်သာတယ်”
ဆိုတာ ဒါကိုပြောတာ။ ဒါကြောင့် ဓမ္မပဒ(၃၆)မှာ “စိတ္တံ ရက္ခေထ မေဓာဝီ = အသိဥာဏ်ရှိသူဟာ စိတ်ကို  သတိနဲ့ကပ်ပြီး စောင့်ထားကြ။ စိတ္တံ ဂုတ္တံ သုခါဝဟံ = စိတ်ကို လုံခြုံအောင် စောင့်ထားရင် ချမ်းသာကို ဆောင်နိုင် တယ်” လို့ ဟောတော်မူထားတာ”တဲ့။
“အရှင်ဘုရား … ကြားသလား၊ တပည့်တော်တို့ အလှည့်ကလေးများ ရောက်အောင် အရှင်ဘုရား ပြောတဲ့ စတုတ္ထ မဏ္ဍိုင်ကြီးကရော ဘယ်လိုများ ရေးသားလှုံ့ဆော်နေတုန်း” ဆိုတာလေ။
အော် … အဲ .. ဟုတ်ကဲ့၊ ခုတော့ ကြည့်ရှုနားထောင်လို့ ကောင်းကြတုန်း၊ စားတုန်း သောက်တုန်း ငေးမောတုန်းပဲ ရှိသေးထင်ပါရဲ့ဗျာ၊ “စီကနဲ” ဖြစ်ရင်တော့ အောက်ခြေမင်းတို့ အလှည့်လဲ ရောက်လာမယ်ထင်ပါရဲ့”လို့ပဲ ဖြေလိုက်ရမလား။   ဘယ်လိုများ ဖြေလိုက်ရပါ့။ ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to Ashin Wiriya – စတုတ္ထမဏ္ဍိုင်ရဲ့ နံပါတ်မဲ့ ဝေဒနာ

  1. ဦးပါလ on June 10, 2012 at 11:56 am

    သာဓု သာဓု သာဓု ပါ ဘုရား…။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်