မေမေ့ တရားခွင်

June 9, 2012

မောင်လူပျို (မိသားစုဝိုင်း)
ဇွန် ၈၊ ၂၀၁၂
ရှေ့ဦးဆရာ မည်ထိုက်စွာ ပုပ္ဗာစရိယ မိနှင့်ဖ။ ဖခင်မှာကျောင်းဆရာဖြစ်ပြီး လစာနှင့်မလုံမလောက်။ မိသားစုဝမ်းရေးအတွက် မေမေ ချိန် ခွင်ကိုင်ကာ ဈေးရောင်းရပါသည်။ အပေါင်း အနုတ် အမြှောက် အစား တတ်သည်ဆိုရုံလောက်ပင်။ မူလတန်းစာကို အတန်းဆုံးအောင် မသင်ကြားခဲ့ရ။ မေမေမှာ သတ်ပုံသတ်ညွှန်းမှန်အောင် စာမရေးတတ်ရှာပါ။အသံထွက်အတိုင်း သူများနားလည်ရုံလောက်သာ စာရေးတတ် ပါသည်။ ပညာမတတ်ခဲ့သော်လည်း တူသားမောင်မယ်များနှင့် ဖေဖေ့တပည့်မျာကို ပညာထူးချွန်အောင် မည်သည့်ဘက်က ပါဝင်ကူညီရပါ စေ မမောမပန်းကြေး ကူညီခဲ့သည်။ ဖေဖေ့မူလတန်းကျောင်းသားများကို အိမ်မှာ အိပ်၊ အိမ်မှာထားကာ ကူညီခဲ့သည်။ မူလတန်းပညာထူး ချွန်ဆု (စကောလားရှစ်) များကို ၅ ယောက်ဝင်ဖြေလျှင် ၅ ယောက်စလုံးအောင်မြင်အောင် သင်ကြားပြသနိုင်သောဖေဖေ့အတွက် ဂုဏ်ယူ တတ်သည်။ ထိုကလေးငယ်များမှာ ယခုအခါ အင်ဂျင်နီယာ၊ ပါမောက္ခကြီးများ၊ ဆရာဝန်ကြီးများ၊ ရှေ့နေကြီးများဖြစ်နေကြပြီ။ အိမ်ကိုလာ လည်သောဖေဖေ့တပည့်များက “မညီမလေး” ဟုသာ ချစ်ခင်ရင်းနှီးစွာခေါ်ဝေါ်ကြသည်။ သူတို့ကြီးတော်လောက်ရှိသော၊ မေမေကို လူငယ် များကပင် “မညီမလေး” ဟုသာ ခေါ်ပါသည်။ အားမနာ၍ မဟုတ်ပါ။ အများရင်းနှီးသလို ရင်းနှီးချင်ကြ၍သာ ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ အများ တကာချစ်ခင်လေးစားကြသည့် အထူးခြားဆုံးလက္ခဏာကို မေမေ့မျက်နှာပေါ်တွင် တွေ့မြင်နိုင်ပါသည်။

နှုတ်ချိုချိုတပါး ဆိုရိုးစကားရှိပါသည်။ ဈေးရောင်းစားသူများအဖို့ ကိုယ့်အတ္တအတွက် ဈေးရောင်းကောင်းရန် နှုတ်ချိုခြင်းမျိုးကို မေမေ့တွင် မတွေ့ရပါ။ ဘယ်သူနှင့်မျှ ရန်ဖြစ်စကားများခြင်း တခါတလေမျှ မကြားဘူး၊ မတွေ့ဘူးပါ။ ကိုယ့်ဈေးခံတောင်းထဲက ပစ္စည်းကို ကိုယ့်မျက်စိ့ရှေ့ တည့်တည့် လက်တကမ်းမှာ ခိုးယူသူကိုပင် ရန်မတွေ့ဘဲ ပြန်လာထားအောင် မေတ္တာဖြင့် ပြောဆိုဆက်ဆံတတ်ပါသည်။

“သံသရာမယူကြပါနှင့်ကွယ်၊ နင့်သမီးလေးက ရုပ်မချောပေမယ့် စာတော်လိုက်တာ ထိပ်ဆုံးကချည်းပဲ” ပြောလိုက်ရုံသာရှိပါသည်။ ငါ့ သမီးလေး ငါ့အတွက်ဂုဏ်ငယ်ရှာလိမ့်မယ်၊ ချက်ချင်းနားလည်သိတတ်သွားသော ပစ္စည်းယူသူက “ကျနော်မယူဘူးနော်၊ မေ့သွားလို့ လက် ထဲပါသွားတာပါ” ပြောပြီးပစ္စည်းကို ပြန်ထားခဲ့ပါသည်။ “အေးအေး ဒါလေးစားသွားအုံး” ဆိုကာ ကောက်ညှင်းထုတ်ကျွေးပြီး နှစ်သိမ့်စကား ပြောလိုက်ပါသည်။ သူ့ခမျာ အပြစ်ကလွတ်ပြီး စိတ်ချမ်းသာစွာ ဈေးပြန်သွားသည်ကို ကြည်နူးတတ်သည်။ တရားမျှတမှုဆိုသည်မှာ မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပက္ခာများ ပြီးပြည့်စုံရမည်ဟု အသိတရား ရှိနှင့်ထားသူဖြစ်သည်။

ကျနော်တို့ ညီအကိုတွေ ငယ်ငယ်က တစုတဝေးတည်း အိမ်မှာရှိပါသည်။ အိမ်အောက်ထပ်တွင် စုပေါင်းစာဖတ်ကြရပါသည်။ ဖေဖေ့စည်း ကမ်းအရ ည ၉ နာရီကျော်လျှင် လျှပ်စစ်မီးပိတ်ကာ အိပ်ကြရပါသည်။ စာမေးပွဲနီးလာပြီဆိုလျှင် ကျနော်မီးပိတ်ကာ ဖရောင်းတိုင်ထွန်းပြီး စာကို အချိန်ပို ခိုးဖတ်ဖြစ်ပါသည်။ ထိုတနေ့ကို သတိတရရှိပါသည်။ အချိန်ပို စာဖတ်နေတုန်း ချဲချဲ၊ချဲချဲ ဖြင့် ညကြီးမင်းကြီး အသံတခုဆက်တိုက် ကြားနေရပါသည်။ အတူအိပ်သူ အကိုကြီးများကို တယောက်ချင်း တိုးတိုးနှိုးလိုက်ပါသည်။အိမ်နောက်ဖေး ခန်းထဲက ငရုတ်သီးယူနေသည့် အသံဖြစ်မှန်းအားလုံးသူ သိနှင့်ပြီးဖြစ်သွားကြပါသည်။ ကသုတ်ကရက်ဖြင့် ဒါးဆွဲသူ လှံကိုင်သူ ဒုတ်ထမ်းသူ ကိုယ်စီလက်နက်ဖြင့် သူခိုး ဖမ်းရန် ကြိုးစားပမ်းစား ပြင်ဆင်ဖြစ်သည်။ နောက်ဖေးတံခါးဖွင့်ရန် ကြံစည်တုန်းရှိသေးသည်။ ဒုတ်တချောင်းကိုင်ပြီး ကျနော်တို့နောက်က လျပ်တပျက်ရောက်နှင့်နေသူက မေမေ။

နင်တို့ ဘာလုပ်ကြတာလဲ။ ငါ ရိုက်လိုက်ရမလား။ သွား။ သွားပြန်အိပ်ကြ။ တချက်လွတ်အမိန့်ပေးတော့သည်။ ဘယ်သူမှ ပြန်မပြောရဲကြ။ အကိုအကြီးဆုံးက ပုခုန်းထက်ကလှံကို မချ။ ဗလအားကိုးဖြင့် ပြန်ပြောပါသည်။ “တော်တော်လေး (ဒေါ်လေး) ကလဲ ငရုတ်သီးတွေ အကုန်ပါ သွားတော့မယ်” ကိုင်ထားသည့်ဒုတ်ကိုမြှင့်ကာ ရိုက်တော့မည့်ပုံမျိုးဖြင့် “မောင်လေး နင်တို့သင်ထားတဲ့စာတွေ ဒါအကုန်ပဲလား။ သူခိုးသေရင် ငါတို့အားလုံး ဒုက္ခရောက်လိမ့်မယ်။ သွား …သွားအိပ်တော့”

မောင်းထုတ်သလို ဟိန်းဟောက်ပြီးပြောမှ အိပ်ယာပြန်ဖြစ်ကြပါသည်။ ချဲချဲ ချဲချဲ အသံတိတ်သွားပါတော့သည်။ မေမေက သူ့တူ သူ့သားအား လုံးကို မောင်လေးလို့သာခေါ်ပါသည်။ ဖေဖေ တောထဲရှိနေတုန်း သားအကြီးဆုံး ရှင်ပြုခါနီးမှဆုံးပါးသွားသည့် အကိုကြီး ကိုရွှေသာကိုလည်း မောင်လေးလို့သာ ခေါ်ပါသည်။

မေမေ့အမိန့်ကြောင့် ဒါးတွေ၊ လှံတွေ၊ ဒုတ်တွေ လက်နက်ချပြီး အိပ်ကြရတော့မည်။အခဲသိပ်မကြေချင်။ အဲဒီသူခိုးကို ငါသိတယ်။ တခါတည်း ကွာ။ တော်တော်လေး သိသွားလို့သာပေါ့။ ကိုကိုလေးက ဒါးကြိမ်း ကြိမ်းနေသေးသည်။ အိပ်ခါနီး အဘိဇာပွားလိုက်သေးသည်။ အဘိဇာ ဗျာပါဒ၊ မိစ္ဆာဒိတ္ထိလို့ ဘုရားစာတွင် ကြားဖူးသည်။

သူခိုးမှာ ရပ်ကျော်ရွာကျော် သူခိုးဖြစ်သည်။ ဆွေကြီး မျိုးကြီး။တရွာလုံးနဲ့ ငါ့ကြီးဒေါ်ဆိုသလို ဖြစ်နေသည်။ ခွေးနဲ့ဖက်လျှင် ကိုက်သူလဲခွေး၊ ခွေးလဲခွေး ဖြစ်ပေတော့မည်။ သူ့အကုသိုလ်မှာ ကိုယ့်အကုသိုလ်ဖြစ်လာတတ်သည်ကို မေမေသင်ကြားလို့သာပေါ့။ အဲဒီတုန်းက ငါတို့ဒုက္ခ မရောက်တာလို့ နိဂုံးချုပ်ချက် ရယူမိပါသည်။

နင်တို့သင်ထားတဲ့စာတွေ ဒါအကုန်ပဲလား။ မိခင်ကြီးရဲ့ ဆင်ခြင်စဉ်းစားပုံ၊ စဉ်းစားနည်းကို ကြီးပြင်းလာသည့်တိုင် မြေ၀ယ်မချသင့်ပါ။ လက် တွေ့သည် စံထားချက်ဖြစ်သည်။ မေမေ့ပြောစကားကို သူခိုးကြားသွားလေရော့သလား။ ထိုနေ့မှစ၍ အိမ်ခြံဝင်းအတွင်း မည်သည့်ပစ္စည်း ပစ္စယမှ အပျောက်အရှမရှိတော့သည်ကို သတိချပ်မိပါသည်။

မေမေ့မေတ္တာကြောင့် ဒါးလှံဒုတ်တွေ သူ့နေရာသူပြန်ချထားပြီး ညည့်နက်မှအိပ်ပျော်သွားသော ညီအကိုတွေအတွက် စိတ်ပျော်သွားသည် ထင်ပါသည်။ နံနက်စောစောထကာ ဆီထမင်းနဲ့ ပုဇွန်ထောင်းကြော်တို့ကို မိသားစုပျော်ပျော်ရွှင်ရွှင်စားရအောင် မေမေပြင်ဆင်ထားနှင့်သည်။ စားပွဲဝိုင်းတွင် ညီအကိုတဖွဲ့လုံး အားရပါးရစားနေတုန်း မေမေ၀င်လာပါသည်။

“လူမိုက်တွေ … လူမိုက်တွေ။ နင်တို့ဟာတွေ ဘယ်မှာထားလဲ။ စားပြီးရင် နင်တို့ဟာတွေအားလုံးကို အိမ်နောက်ဖေးကချောင်းထဲ သွားလွှင့် ပစ်ချေ။ အာပြန်နှုတ်လှန်ပြောတတ်သည့် ကိုကိုလေးဘက်ကို လက်ညှိုးထိုးပြီး ကြားလားမောင်လေး” လို့ မာန်ပါပါနှင့် ခပ်တင်းတင်းပြော ပါသည်။

ကျနော်တို့ ညီအကိုအားလုံးက ဟုတ်ကဲ့ဟု ပြိုင်တူရွတ်ဆိုလိုက်ကြသည်။ မေမေက ကျနော်တို့ကို အမကြီး မမသောင်းလောက် မချစ်ဘူး လို့ထင်ခဲ့ကြသည်။ အမကြီး အမိအရာဆိုသလို မမသောင်းက မေမေ့ကိုယ်စား အုပ်ချုပ်မှန်းမသိ အုပ်ချုပ်ထားသည်။ မောင်လေးတွေ အ ကြောင်း အပ်ကျတာကအစ သိထားသည်။ ကျန်းမားရေးကအစ နှလုံးသားအရေးထိ ခံစားနားလည်ပေးတတ်သည်။ မေမေ စိတ်ချမ်းသာတော့ လည်း ချီးမွမ်းပေလိမ့်မည်။ ကျနော်တို့ညီအကိုတွေ စာတော်သော်လည်း ချီးမွမ်းမခံရပါ။ ကျောသား ရင်သား မခွဲခြား။ စာတော် သူအားလုံးကို ဖေဖေနည်းတူ မေမေချစ်ပါသည်။ ထူးခြားတာတခုရှိသည်။ မေမေ့အချစ်ဆုံးများမှာ ဖေဖေ့တပည့်များထဲမှ အမိုက်ဆုံး၊ အဆိုးဆုံး လူများဖြစ် နေတတ်သည်။ ကိုမောင်ကျန်အောင်တို့၊ ကိုဦးစိန်မောင်းတို့ဖြစ်ကြသည်။ သူတို့ကို မေမေက ဘယ်တုန်းကမှ မဆူမကြိမ်း။ ဖေဖေရိုက်ထား လျှင် မျက်ရည်လည်လည်ဖြင့် ဆေးထည့်ပေးပြီး မုန့်တောင်ကျွေးလိုက်သေးသည်။ အဆင်မပြေလို့ မတော်တာတွေ့လျှင် ပြုံးပြုံး ပြုံးပြုံးနှင့် ခေါင်းကိုပွတ်သပ်ကာ နားဝင်အောင် ဆိုဆုံးမပေးသည်။ ဖေဖေကိုကြောက်ရသလောက်ကို မေမေ့ထံကို ခေါင်းထိုး တိုးဝင်ပူးကပ်ကြသည်။ ချစ်ကြသည်။ မေတ္တာဓါတ်နဲ့ သားသမီးအရင်းလို ရစ်ပတ်ထားတတ်သည်။ သူတို့အားလုံးကို ကောင်းရာကောင်းကြောင်း လမ်းမှန်ပြပေးဖို့သာ မေမေ့အရေးဖြစ်နေသည်။

တူသား နောင်မယ်များကို မောင်လေးခေါ်သလို အကိုအရွယ်လူကြီးများကိုလည်း မေမေက မောင်ကြီးခေါ်တတ်သည်။ လူမျိုး၊ ဘာသာ လုံးဝခွဲခြားခြင်းမရှိ။ သူ့နှလုံးသားတွင် အားလုံးတန်းတူထားသည်ကို တွေ့ရသည်။ ပန်းတောင်းမြို့က ဦးကြီး ဦးအောင်စီကို မောင်ကြီး ခေါ်သလို၊တမြို့တည်းနေ ဦးရာဇမီရာတို့ ဦးမောင်မောင်တို့ကိုလည်း မောင်ကြီးခေါ်ပါသည်။ ချင်းအမျိုးသား၊ ရခိုင်အမျိုးသား၊ ဗမာအမျိုး သား၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဒဘာသာအားလုံး မေမေ့ကို မိသားစု မောင်ရင်းနှမလိုချစ်ခင်ကြသည်။ အတော်များများ မိတ်ဆွေများ မှာ ကုန်သည်၊ ဈေးသည်များဖြစ်ကြသည်။ သူတို့မှာ ဈေးကြီးထဲတွင် ဈေးရောင်းကြသည်။ တနေ့တွင် ငယ်ငယ်က မေမေနှင့် အတူဈေးကြီးထဲ ရောက်ခဲ့သည်။ လူတွေ စုပြုံအုံဖွဲ့နေလို့ သူများနည်းတူ တိုးဝှေ့သွားကြည့်မိခဲ့သည်။

လက်ထဲမှာ ပုဆိုးစုတ်ပတ်လို့ချီထားသည့် လသားအရွယ် ကလေးငယ်။ နောက်တဖက်တွင် နို့မှုန့်တထုတ်ကိုင်ထားသည့် ပိန်ကပ်ကပ်၊ အ သားမဲမဲ သားသယ်မိခင်လေးတဦး။ ငိုလို့ ယိုလို့ မျက်နှာကို အောက်စိုက်ထားသည်။

မောင်ကြီးရေ ရော့ … ရော့ …. နို့မှုန့် တထုတ်ဖိုး။ မလိုဘူးအမူအရာဖြင့် လက်ကာပြသည်။ မယူပါ။ သနားဂရုဏာစိတ်တွင် စူးစူးရှရှ ခံစား တတ်သောမေမေကိုကြည့်၍ ဆိုင်ရှင်က ညီမလေးကလဲ အသာနေစမ်းပါ။ ဒါဈေးရောင်းနေတာဟ။ ဟိုဘက်မှာ နင့်အမရှိတယ်။ သွားနေနှင့်။ အခင်းဖြစ်နေရာမှ မေမေ့ကိုဖယ်ရှားလို၍ ပြောလာသောစကားဖြစ်သည်။ မေမေကိုနှင်နေလို့ မေမေလက်ကို ဘုမသိဘမသိ ဆုတ်ကိုင်ထား မိသည်။ ကျနော့်လက်ကိုဖယ်ပြီး သားသယ်မိခင်ရှိရာသို့ မေမေကပ်သွားသည်။

“လာ … လာ ညီမ။ လာ ဟိုဖက်ကိုသွားကြရအောင်”

လက်ထဲက ကလေးလေးကို ပွေ့ယူပြီး။ ပုခုန်းကိုဖက်ကာ လူအုပ်ကြားထဲမှ မေမေဆွဲခေါ်သွားနေသည်။ သားသယ်မိခင်အား ငွေကြေးတချို့ ပေးနေသည်ကို အဝေးမှတွေ့နေရသည်။ ကျနော် ကျန်နေခဲ့သည်ကို မေမေဂရုမထားမိ။ မြင်ကွင်းကို သေသေချာချာ အကဲမခတ်တတ် သေးသော လေးတန်းကျောင်းသား ကို မေမေဘာတခုမှ မရှင်းပြ။ လူတွေကြဲကွဲသွားပြီးမှ ကျနော်ရှိရာ ဈေးဆိုင်သို့ မေမေပြန်ရောက်လာသည်။

“မောင်ကြီး နေ့တိုင်းလှူတန်းနေတာ တော်တော်ကုန်မှာပဲနော်” မေမေက လေအေးအေးနဲ့ မေးပြော မေးနေသည်။ ဆိုင်ရှင်က သူတနေ့ ဘယ်လောက်လှူတန်းကြောင်း ကြွားဝါနေသည်။ တကယ်လည်း အလှူကြီး အတန်းကြီးပေးဖူးသူလည်းဖြစ်သည်။

“နို့မှုန့် တထုတ်ဖိုးလောက်တော့ ကျမအလှူ ပါဝင်ခွင့်ပြုပါ” ပြောပြောဆိုဆို ငွေတရွက်တင်ထားခဲ့သည်ကို တွေ့လိုက်ရသည်။ ကျနော် တို့သားအမိ နောက်ကျောမှ “နေပါစေ …ညီမလေး။ နင်ကလဲလေ” လို့ ပြောကျန်ခဲ့သည်ကို မကြားလိုတော့ပါ။

ကားစီးကာ အိမ်ပြန်ခဲ့ကြသည်။ တလမ်းလုံး မေမေ့ကို ဘာတခွန်းမှမမေးဖြစ်ခဲ့။ ညနေထမင်းစားပြီး ဖေဖေနှင့် လက်ဘက်ရည်ကြမ်း အတူ သောက်ဖြစ်သည်။

“သနားဖို့ကောင်းလိုက်တာ ဖေဖေရယ်။ ရှက်ဖို့လဲ သိပ်ကောင်းတယ်”

ဖခင်ဖြစ်သူဆရာမှာ သားထံတွင် တပြည့်ငယ်ပမာ စူးစူးစိုက်စိုက် နားထောင်နေသည်။ ဘာတခုမှ ၀င်မပြော။ သားမျက်နှာကိုသာ စိတ်ဝင်တ စား ကြည့်နေရှာသည်ကို ကျနော်ရိပ်စားမိပါသည်။ သဘောကျလျှင်ငြိမ်နေတတ်သော ဖေဖေ့အထာ။ ဝေခွဲမရတာကို ကိုယ်ပိုင်ဆုံးဖြတ်စေချင်သည့်အခါမျိုးတွင် ဘယ်တုန်းမှ အဖြေမပြော။ သားပြောပြသည့်အဖြစ်အပျက်ကို ပုံဝတ္ထုတပုဒ်လို နားထောင်နေသည်။ အကြမ်း တခွက် ငဲ့ပေးပြီး “ရော့သောက်” တဲ့။ ထောက်ခံချက်ပေးသည်ဟု ခံစားလိုက်မိသည်။ ခေါင်းလေးလေးညိမ့်ကာ အင်းခတ်သည်။ သားအဖနှစ်ယောက် ဆွေးနွေးနေသည်ကို မေမေ ခပ်လှမ်းလှမ်းမှ မြင်နေရသည်။ ၀င်မပါပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အလုပ်လုပ်တတ်အောင် ဖေဖေ သင်ပေး ခဲ့လေသလား။ ဖခင်ကြီးကို သတိရနေမိသည်။ သနားကြင်နာမှုရဲ့ ဆန့်ကျင်ဘက်က ဘာလဲ။ လူမှာ အရှက်တရားဆိုတာ ဘာလဲ။ မသနား မကြင်နာလျှင် သားသယ်အမေ လသားခလေးငယ်နှင့် ထောင်ထဲရောက်ပေမည်။ နို့ငတ်သားငယ်ရဲ့အသက်ကို မိခင်အရှက်နဲ့ လဲလှယ် ယူ ခဲ့ရသည့် မြင်ကွင်း။ ဘယ်ဒင်းက အလေးသာမလဲ။ချိန်ခွင်တင်စစ်ဆေးကြည့်ကြလျှင်ဖြင့်။ ပုဒ်ထီး၊ ပုဒ်မတွေ အရည်ပျော်ကုန်မည်။ လောင် ကျွမ်းနေသောမီးကို လူ့အဖွဲ့အစည်းက ငြိမ်းသတ်ရန်တာဝန်ရှိပါသည်။ တရားမျှတမှုကို ရှာဖွေလိုက်သည့်အခါ၊ တရားမျှတမှုဆိုသည်မှာ ဥပဒေ ပုဒ်ထီး ပုဒ်မတွေ မဟုတ်ကြောင်း အဖြေထုတ်ရန် လိုအပ်ပါသည်။ ထို့အတွက် မေတ္တာရပ်ခံအပ်ပါသည်။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်