Yarzar – NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၃)

June 17, 2012

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၃)
ရာဇာ
 ဇွန် ၁၇။ ၂၀၁၂

အကြိမ်တော်တော်များများ ဘုရားဖူးလည်းပို့ပေးရတယ်။ အညာသူအညာသားများ အတော်တော့ ခက်သားလား။ ကားစီးလည်း ကိုယ့်ခွဲတမ်းနဲ့ကိုယ်ပဲ ထုတ်ပေးတယ်။ ထမင်းစားလည်း ကိုယ့်ခွဲတမ်းနဲ့ကိုယ်ပဲ။ တစ်ခါက အညာမိသားတစ်စုကို ဘုရားဖူးပို့တော့ ကမ္ဘာအေးစေတီမှာ ကိုအောင်ထွေးက နောက်တယ်။

ငါတို့အဖွဲ့ချုပ်အိပ်ခ်ျအိုင်ဗွီဌာနကို နာမည်ပြောင်းရင် ကောင်းမလား …”တဲ့။

“ဖြူဖြူသင်းနှင့် ခင်ထားရီဦးစီးသော ဘုရာဖူးပို့ဆောင်ရေး” ဆိုပြီးတော့လေ။

အော်အမောတွေကြားမှာ ရယ်စရာလည်း ရှာတွေ့တတ်ပါ့။

စခါစက ခရမ်းဖက်က လူနာတွေ များတယ်။ နောက်ပထမဆုံး လူနာလေးယောက်ရှိတယ်။ တစ်မိသားစုက သန်လျင်ရဲစခန်းက ဒုရဲအုပ်သားအမိ သားအဖသုံးယောက်၊ နောက်တစ်မိသားစုက မြို့ထဲဖက်က မွတ်စလင်လင်မယားဗျ။

ဖြစ်တော့ကာ .. ရဲစခန်းကိုခိုးသွားရတယ်။ သူတို့လင်မယားကတော့ မသိသာဘူးဆိုပေမယ့် ကလေးလေးက ဒီလိုကြီးကြီးမားမား ရောဂါတစ်ခုရှိတယ် ဆိုတာ သိသိသာသာကြီးကိုဖြစ်နေပြီ။ စပြီဆိုတော့ ပြသနာက မသေးဘူးဗျ။ ဒီလူနာတွေကို အားပေးစကားပြော၊ သွားလည်ဆိုတာလောက်က အလုပ်မဖြစ်တော့ဘူး ဆိုတာသေချာနေပြီ။

ဒီတော့ ဆေးကုပေးတဲ့ဌာနကို လိုက်ရှာမှဆိုပြီး ရှာလိုက်ကြစမ်း ဆိုတာ။ နေကုန် မိုးချုပ်ပဲ။ သားဆက်ခြားဆေးခန်းတွေ ရောက်လိုရောက်၊  တီဘီသီးသန့်ကုတဲ့ ဆေးခန်းသွားလိုသွား နဲ့ အကုန် စမ်းတ၀ါးဝါးချည်းပဲ။ နောက်ဆုံးတော့ တွေ့ပါပြီဗျာ။ သာကေတအ၀ိုင်းနား ၃၅ ကားမှတ်တိုင်ဘေးမှာ ဖွင့်ထားတဲ့ သဇင်ဆေးခန်းဆိုတာ။

သူကလည်း ရေးထားတာ မျိုးဆက်ခြားပညာပေး ဆိုတာမျိုး ရေးသကိုး။ မေးကြည့်တော့မှ ဒီလိုလူနာတွေကို ကုပေးတဲ့ ဆေးခန်းဖြစ်နေတယ်။ ပျော်တယ်ပေါ့ဗျာ။ လူနာခေါ် ဆေးခန်းသွား။ ဆေးခန်းသွားတော့ ပွင့်ပွင့်လင်းလင်းပြောပြရတာပေါ့။ ကျနော်ကျမတို့က အန်အယ်လ်ဒီက ပါ။ ဒီလိုလူမှုရေး လုပ်နေတာပါ ဆိုပြောတော့ ဆရာဝန်က လက်မခံဘူး။ ဝေဘာဂီလွှဲပြန်ကော။

နေအုံးဗျ၊ ဒီတုန်းက ကျနော်မပါဘူး။ မဖြူတို့ မခင်ထားရီတို့ ကိုအောင်ထွေးတို့ ပြောပြတာကို ပြန်ရေးပြတာ။ ဝေဘာဂီက ဆရာဝန်ကြီးများလည်း မျက်ကလဲဆန်ပြာဗျာ၊ ဘာဖြစ်နေကြတာမှန်းကို မသိဘူး။ အန်အယ်လ်ဒီက ဆိုလိုက်တာနဲ့ကို သရဲခြောက်သလိုလို၊ ဘီလူးစီးသလိုလို ဖြစ်ကုန်တယ်။

ဒါနဲ့လက်မခံကြဘူးဆိုတာ သိတော စိတ်အသာလျှော့ ပြန်ပေဦးတော့ပေါ့ဗျာ။

ဘယ်လိုလုပ်ကြမလဲ … နည်းလမ်းရှာတာပေါ့။

ဒီ အိပ်ခ်ျအိုင်ဗွီဌာနခွဲကလေး ဖွဲ့စည်းပုံပြောဦးမှ။

ဒီဌာနလေးကို ဦးလှမင်း၊ ဦးမြင့်သိန်း၊ ဒေါက်တာဝင်းနိုင်တို့က ဦးစီးတယ်တဲ့။ နောက်ဒီအဖွဲ့လေးမှာ လှုပ်ရှားနေကြတာက လူငယ်တွေဖြစ်တဲ့အတွက် လူငယ်တာဝန်ခံတွေဖြစ်တဲ့ ကိုခင်ထွန်းတို့ကိုလည်း အသိပေးရမတဲ့။ ဇယားရှုပ်တယ် ဆိုတာအဲ့လို။ ဒါပေမယ့် ဒီဌာနလေးဖွင့် စားပွဲစကတည်းက ဦးလှမင်းတစ်ယောက်လောက်ပဲ လာထိုင် စကားပြောဆိုတာလောက် လုပ်တယ်။ ကျန်တဲ့လူတွေကတယ်လည်း အဖက်မလုပ်ကြပါဘူး။ တခြားနိုင်ငံရေးကိစ္စတွေရှိနေသေး ဆိုလား ဘာလား။

ဒီတော့လူကြီးဆိုတော့ ဦးလှမင်းကို တိုင်ပင်ဖြစ်တာပေါ့။ ဦးလှမင်းက တိုင်စာ ရေးစေသတည်း ဆိုတာနဲ့တိုင်စာရေး၊ မဖြူက သူ့အိတ်ထဲထည့်ထား၊ တိုင်မှာက ဒေါ်အောင်ဆန်းစုကြည်ဆီတိုင်မှာ။ ဖြစ်ချင်တော့ သဇင်ဆေးခန်းကိုတိုင်တဲ့စာ လူနာလိုက်ပို့ … လူနာအတွက်လမ်းစရိတ်ပေးရင်းက အိတ်ထဲကထွက်ကျကျန်ခဲ့သတဲ့။ မဖြူလုပ်ပုံကတော့။

ကုန်သည်ကြီးများဟော်တယ်မှာ လုပ်တဲ့ NGO တွေ့ဆုံပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တယ်။ မိန့်ခွန်းပြောပေးဖို့ ဖိတ်ကြားတာပါ။ ဘာတွေပြော ဘာတွေဖြစ်တော့ မသိဘူးဗျ။ နောက်နေ့ကျတော့ သဇင်ဆေးခန်း လာဖွင့်ထားတဲ့ အေဇက်ဂျီ(ဟော်လန်) အဖွဲ့စည်းက စာပို့တယ်။ လူနာလည်း လက်ခံပေးပါ့မယ်ဆိုပြီး လေသံပြောင်းသွားတာ။

ဟုတ်တယ်လေ … သူက အစိုးရမဟုတ်တဲ့ အစိုးရနဲ့ မပတ်သက်တဲ့မူပဲ ရှိတာလေ။ နိုင်ငံရေးပါတီက လူတွေလာပို့တဲ့လူနာ လက်မခံရလို့မှ မပါတာ။

စကတည်းက ရန်ဖြစ်နေရပြီဆိုတော့ ဇာတ်လမ်းက ထပ်ဆန်းဖို့ ရှိလာတာပေါ့ဗျာ။

ဒီတော့နယ်တွေဖက်လှည့်ကြဦးစို့ဗျာ။ ဒီသင်တန်းဆင်း ဆယ့်ကိုးယောက်က သင်တန်းတွေ ဘာတွေ ထပ်ဆင့်ပွားဖို့ လုပ်ကြသေးတယ်ဗျ။ ဘယ်လိုမှ လုပ်မရအောင် နှောင့်ယှက်ကြတာကလား။ အဖွဲ့ချုပ်မှာ လုပ်တဲ့တစ်ပွဲရယ်၊ တောင်ဥက္ကလာပ၊ သာကေတမှာ လုပ်တဲ့ ဆင့်ပွားပညာပေး လုပ်ပြီးကတတည်းက အာဏာပိုင်များက “တော်တန်တိတ်” ဒါတွေမလုပ်ရလို့ ဆိုပြီး ပိတ်တယ်၊ ပင်တယ်၊ တားတယ်၊ ဆီးတယ်၊ မောင်မင်းကြီးသားများ ပြိတ္တာဘ၀ ရောက်ကရော ဆိုပါတော့။

ဒါတောင် သမိုင်းစာမျက်နှာသစ်ဖွင့်ထားတဲ့ အချိန်နော်။ အဲ့သလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ကြီး ဗျ။ နောက်တော့လည်း ရေခွက်လွတ်ကျဟန် တူပါတယ်။ ပူလိုက်လောင်လိုက်တဲ့ အမျိုး …။ ဖမ်းဟယ် ဆီးဟယ် သတ်ဟယ် ဖြတ်ဟယ် အဖြစ်ဆိုးတွေ ကြံ့ဝံ့ စည်ဝံ့ကြပါပေရဲ့ လို့ပဲ ညည်းချင်း တရမလိုဖြစ်နေတာဗျို့။

အဲ … အစက ထွက် ထွက်သွားတယ်။

ဒီလို ပိတ်ပင်ထားတော့ ကျနော်တို့အဖွဲ့ချုပ်မှာ လတိုင်းနီးပါး အခမ်းနားရှိတယ်ဗျ။ နေ့ထူးနေ့မြတ်တွေပေါ့ဗျာ။ အာဇာနည်နေ့ လို၊ ပြည်ထောင်စုနေ့လို ၊ ကြားထဲ ကိုဖုန်းမော်သေတဲ့ မတ် ၁၃ ကိုတောင် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ဆိုပြီး လုပ်ကြတာကိုး။ ဆိုလိုချင်တာက အခမ်းနားပွဲတွေလုပ်ရင် နယ်ကလူငယ်တွေ ရန်ကုန်လာလေ့ရှိတယ်။ နယ်မှာမလုပ်ဝံ့တာတွေ ရန်ကုန်တက် လုပ်တယ်ပြောပါတော့။

ဒီ လူငယ်အတော်များများက ကျနော်တို့အသိုက်နဲ့ ရင်းနှီးတယ်။ ဒီတော့ အခြားနိုင်ငံရေးကိစ္စတွေ ပြောဖြစ်သလို ကျနော်တို့ လုပ်နေတဲ့ အိတ်ခ်ျအိုင်ဗွီကိစ္စတွေ စုံစမ်းမေးမြန်းရင်း တရားမ၀င် သင်တန်းငယ်လေးတွေ လုပ်ဖြစ်တယ်။ လုပ်တော့ ကျနော်တို့မှာ ဘာမှကို မရှိဘူးဗျ။ သင်ထောက်ကူလည်း မရှိဘူး။ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ဆရာလည်း မရှိဘူး။ ဒါပေမယ့် စိတ်စေတနာသာ အဓိက ဆိုပြီး ကြိတ်ရတော့တာပေါ့။

ဒီတော့ ဘယ်လိုလုပ်သလဲ ဆိုတာ နည်းနည်း ပြောချင်တယ်။ ကျနော်တို့က ယူအန်ဒီပီနဲ့ ချိတ်ဆက်ထားပြီးတော့ ပညာပေးစာရွက်စာတမ်းတွေ လက်ကမ်းစာစောင်တွေကို သွားသွား တောင်းရတယ်။ သွားတောင်းတော့လည်း ဟိုမှာ အဖက်လုပ်မယ့်လူ မရှိပါဘူး။ ဘယ့်နှယ် … ယူအန်ဒီပီရုံးထဲ ကွန်ဒုံးသွားယူတာ ခိုးကြောင်ခိုးဝှက် သွားရတာ။ အန်အယ်လ်ဒီတွေ အင်မတိ အင်မတန် မျက်နှာငယ်ရတဲ့ဘ၀ ရောက်နေတာ အရပ်ကတို့ရေ။

ဒီလို ပညာပေး စာရွက်စာတမ်းတွေ ယူပြီး နယ်ကလူငယ်တွေဆီပေး၊ နယ်ကလူငယ်တွေက သက်ဆိုင်ရာနယ်တွေမှာ ပြန်ပြီးပညာပေး ချိတ်ဆက်။ လူနာရရင် ရန်ကုန်လာပို့။ ဆေးရုံတင်သင့်တင်၊ ဆေးခန်းလေးပဲ ပြသင့်ပြပေါ့။

ဒီမှာတင်ပြသနာဖြစ်လာပြန်တယ်။ နယ်ကလာရတဲ့ စရိတ်စကက အနည်းလေး အသွားပြန်ဆို တစ်သောင်းခွဲလောက် ကုန်တယ်။ ဒီရောက်လို့ ခုနင်က သဇင်ဆေးခန်းပြပေးရင် ဆပ်ထရင်လောက်ပဲ ပေးနိုင်သေးတယ်။ ဒီတော့ ပြောလာတာပေါ့။ ကျနော်က ဆိုက်ကားလေးရောင်းပြီးလာတာ၊ ဒီဆေးလောက်တော့ နယ်မှာဝယ်သောက်လည်း ရပါတယ် … ဆိုတော့ကာ … စဉ်းစားစရာပေါ့။

ကံကောင်းထောက်မသူ တစ်ယောက်တော့ ပေါ်လာတယ်။ သူကတော့ ရေနံချောင်းဖက်က။ သူက ဆေးစားလက်စ စားနေတဲ့ဆေးက သိန်းဂဏန်း ကုန်တယ်။ တစ်လ တစ်လကို။ သူ့ကိစ္စကျတော့ ဒေါက်တာတင်မျိုးဝင်းက အကူညီပေးတယ်။ နှစ်ယောက်ပေါ့ဗျာ။ ရေနံချောင်းကချည်းပဲ။ ဒေါက်တာတင်မျိုးဝင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်မိသားစုဆရာဝန်။ ဘားလမ်း မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးခန်းမှာလည်း ထိုင်တယ်။ သူကလည်း WHO အစီအစဉ်နဲ့ လူနှစ်ရာစာလောက်ကို ဆေးပေးနေပြီး ကျနော်တို့ လူနှစ်ယောက်အတွက် ဆေးတွေပေးလိုက်သဗျ။

ဒါပေမယ့် သူ့ချည်းလည်း အားမကိုးနဲ့တဲ့ …။ သူလည်း ဟိုကရပ်လိုက်ရင် ပေးစရာမရှိတော့ဘူးတဲ့။ ပေးလိုက်တဲ့ ဆေးတွေကို လိုက်စုံစမ်းတော့ သိန်း ဆယ်ဂဏန်း ၀န်းကျင်ပဲ။ ဆေး ရစကတော့ လူနာက ပျော်နေတာ။ ဆေးတန်ဖိုးလည်း သိကော ပက်လက်လန်ကော။ ဒါပေမယ့် ။ သူကံကောင်းတယ်။ ခုထက်ထိ အသက်ရှင်နေသေးတယ်။ နောက်တစ်ယောက်ကတော့ မဟန်ပါဘူး။ သူက ဒီဆေးကို သိကြားဆေးလို သဘောထားပြီး နေထိုင်လို့ကောင်းနေရင်ဖြစ်ဖြစ် ထူထူထောင်ထောင်ဖြစ်နေရင်ဖြစ်ဖြစ် မသောက်ဘူးဆိုပဲ။ ပြန်ကြားတယ်လေ။ ရေနံချောင်းက လူငယ်တွေ ပြန်ပြောတာကိုး။ နောက် ဒီလူက ဖဲ တအားရိုက်တယ် တဲ့။ သူနေမကောင်းဖြစ်ရင် ခုနက ဒေါက်တာတင်မျိုးဝင်းပေးထားတဲ့ အေအာဗွီဆေးတွေကို သောက်လိုက်တာနဲ့ ချက်ခြင်းသက်သာဆိုပဲ။ ဒီလူလည်း နှစ်နှစ်လောက်တော့ အသက်ရှင်သေးရဲ့။ နောက်တော့ သေတာပါပဲ။

ခုနက တစ်ယောက်ကတော့ ကံကောင်းတယ်ဆိုတာ တခြားမဟုတ်ဘူးဗျ။ ဆရာပေးထားတဲ့ဆေး ကုန်ရင် သူဝယ်မသောက်နိုင်တော့ဘူး။ ဒါနဲ့ အထူးကုသမားတော်နဲ့ ပြကြည့်လိုက်တော့ အလားတူဆေး တစ်လ ငါးသောင်းပဲ ကျတဲ့ အေအာဗွီကို ညွှန်းတော့ အခုထက်ထိ အိုကေ … အသက်ရှည်နေတုန်း။ ဖုန်းတွေ ဆက်နေတုန်းပဲ။

သူကသာ အိုကေနေတာ၊ အခြားလူနာတွေခမျာ မသက်သာဘူးဗျ။ ဒီဗမာပြည်မှာကလည်း ဒီရောဂါနဲ့ ပတ်သက်တာ ဆေးရုံဆိုလို့ နှစ်ရုံပဲ ရှိတယ်။ တပြည်လုံးမှာမှ။ အန်ဂျီအိုတွေတော့ အများသားပေါ့။ ပညာပေးလုပ်ငန်း လုပ်တဲ့ အန်ဂျီအို ပိုများနေတယ်။ ဖြစ်ချင်တော့ ကျနော်တို့လည်း အစက ပညာပေးပဲဗျ။ ဒါပေမယ့် လူနာတွေက ဖြစ်နေပြီ၊ ပညာသွားပေးနေလို့လည်း သူတို့စိတ်ဆင်းရဲရုံပဲရှိမယ်။ ဘာမှလည်း မတတ်နိုင်ဘူး။ လူနာ အလေအလွင့် များလှပါဘိတောင်း။ စိတ်မသာမယာနဲ့ မသာချည်း ပို့နေရသလိုဖြစ်နေတယ်။

နောက်တစ်ခုရှိသေးတယ်၊ “တင်ရှော” ဆိုတဲ့စကားလေး။ အတော်လေး ရေပန်းစားလိုက်သေးတယ်။ ဆေးရုံတင်တာနဲ့ သွားတာပဲဆိုတဲ့ အဓိပ္ဗါယ်ကိုပြောတာ။ ဘယ်လိုတတ်နိုင်မလဲ။ ဆေးရုံတင်တယ်ဆိုတာ နောက်ဆုံးအခြေနေမှ သွားတာကိုး။ ဒီတော့ ဆေးရုံရောက်ပြီး တစ်ရက် အလွန်ဆုံး ခံ နှစ်ရက်ပေါ့ဗျာ။ သေတာပါပဲ။ သေတမ်းများ ကစားနေသလိုပဲ။ ရှေ့ပေါက်က ဆေးရုံတင်ပေးလိုက်၊ ကျနော်တို့ အိမ်ပြန်မရောက်သေးဘူး၊ သေပြီ။ ဆေးရုံနောက်ပေါက်ကနေ ဆင်းပြီးတော့ ရေခဲတိုက်ရောက်နေပြီ။

ဒီနေရာမှာ ဆေးရုံကိစ္စပြောချင်သေးတယ်။

ဆေးရုံကို လူနာအများစုက မတက်ချင်ဘူး။ ဆေးရုံတက်ရင် ဆေးထိုးသတ်တယ် ဆိုတဲ့ကောလဟလကလည်း ပြန့်ချင်တိုင်း ပြန့်နေတာပေါ့ဗျာ။ လမ်းဆုံလမ်းခွတွေမှာကလည်း ကုရာနတ္ထိဆေးမရှိဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထား၊ နောက် အသိကလည်း မှားနေသေးပေါ့ဗျာ။ ဒီလိုရောဂါဖြစ်တယ်ဆိုရင် မကောင်းတာလုပ်လို့ ၊ မိန်းကလေးဆိုလည်း မကောင်းတာလုပ်စားလို့၊ ယောက်ကျားလေးဆိုလည်း မိန်းမလိုက်စားလို့ ဆိုတာမျိုးတွေဖြစ်နေတော့၊ လူတွေက ဒီရောဂါဖြစ်နေတယ်လို့ ၀န်မခံချင်ဘူးဗျ။

ကျနော် ဆေးရုံစလိုက်သွားတဲ့ နေ့က မြင်ကွင်း ခုထိ ရှင်းရှင်းလင်းလင်း မြင်နေတုန်း။

နှစ်ထပ်ဆောင်မှာဗျာ။ အောက်ထပ်အခန်းတွေကတော့ အလွတ်။ အပေါ်မှာ လူနာခန်း ရှစ်ခန်းရှိတယ်။ ကလေးခန်း တစ်ခန်းဘေးမှာ။ မိန်းမဆောင် လေးခန်း။ နောက် လှေခါးခြားပြီး ယောက်ျားဆောင် လေးဆောင် ရှိတယ်ပေါ့ဗျာ။ တစ်ဖက်ပွင့် အဆောက်ဦကြီးဗျ။ သူနဲ့ ဆက်စပ်လျက်မှာတော့ ပြင်ပလူနာဌာန ပေါ့။

ကျနော်တို့ကတော့ များသောအားဖြင့် အင်္ဂါနေ့ သွားတာ များတယ်။ အဲ့ဒီနေ့ လူနာသစ် လက်ခံတာကိုး။ ခရမ်းဖက်က လူနာတစ်ယောက် လိုက်ပြရင်း မဖြူနဲ့ မခင်ထားရီက သူတို့လူနာတစ်ယောက် သွားကြည့်မယ်၊  လိုက်ခဲ့ဆိုပြီး ခေါ်တယ်။

သွားတော့ မိုးတွင်းလည်းဖြစ် ဆိုတော့ တော်တော်များများ ညစ်ပတ်နေတာပေါ့ဗျာ။ ဒါတောင် သန့်ရှင်းရေးလုပ်ထားဟန် တူတယ်။ အခန်းတစ်ခန်းရှေ့ရောက်တော့ မသားချောနှစ်ယောက်ကတော့ ခပ်တည်တည် ၀င်ချသွားရော။

ကျနော့်မှာဗျာ အခန်းပေါက်မှာ အလုံးဆို့မတတ် အန်ချင်လိုက်တာ ဆိုတာ မပြောပါတော့နဲ့။ အန်မချရအောင် မနည်းထိန်းထားရတယ်။ ဒါပေမယ့် ပျို့တာတော့ ပျို့နေတာပါပဲ။

ဘယ့်နှယ်ဗျာ …။ သူတို့ဝင်သွားတာ လူနာမိန်းမခန်းဗျ။ တချို့ကုတင်ပေါ်မှာ လူနာတွေ ပိုးလိုးပက်လက်၊ “ရေခဲပေးပါ … ရေခဲပေးပါ …” အော်နေတဲ့ မိန်းမတစ်ယောက်လည်း ရှိသေး။ အများစုက လူနာစောင့် မရှိရှာကြဘူး။ ပါရမီ မပါပေလို့ဗျို့။ ပါရမီပါတဲ့လူဆို ဒီတစ်ကွက်နဲ့တင် တောမထွက်တောင် ဘုန်းကြီးဝတ်ချင်စိတ် ပေါက်သွားမယ်။

အခန်းထဲ ၀င်လိုက်တာနဲ့ ၀ုန်းခနဲဆို ယင်ကောင်တွေ အများကြီး ထပျံသွားတယ်ဗျာ။ အဆောက်ဦရဲ့ သဘောအရ လေပေါက်ကနည်းနေတော့ လှောင်ပိတ်ပြီး နံစော်နေတာပဲ။

မဖြူနဲ့မခင်ထားရီကတော့ ဘာမှမဖြစ်ပုံပါပဲ။ ကျနော်လည်း ဇွတ်တင်းဝင်တာပေါ့။ သူတို့နှစ်ယောက်ကတော့ လူနာကို  ဘာတွေ ခွံကျွေးနေလဲ မသိပါဘူး။ ရေပတ်တိုက်တဲ့လူက တိုက်။ ဘေးခုတင်က ကျနော်ပြောတဲ့ ရေခဲတောင်းနေတဲ့ လူနာမိန်းမ၊ ဒီမိန်းမ တစ်ကိုယ်လုံး မစင်တွေချည်းပဲ ဗျာ။

ကျနော့်မှာ အဲ့ဒီနေ့က ထမင်းကို မစားဖြစ်ဘူး။ ကျနော်ကသာ တပျို့ပျို့ဖြစ်နေတာ၊ ဟိုအမျိုးသမီးနှစ်ယောက်ကတော့ ပြင်သစ်ရေမွှေးပြခန်းထဲ ရောက်နေသလား အောက်မေ့ရတယ်။ အေးဆေးပဲ။ လူနာကုတင်ပေါ်တောင် တက်ထိုင်နေသေး။ ရေခဲတောင်းနေတဲ့ အမျိုးသမီးအကြောင်း မေးနေသေး။

ဒီလိုပဲ လာပစ်ထားတာ …တဲ့။ အစားလည်း မ၀င်တာ အတော်ကြာပြီတဲ့။ ဒါနဲ့ ဟိုနှစ်ယောက်က ရှည်တော်မူပြီး အဲ့ဒီအမျိုးသမီးကို ရေပတ်တိုက်ပေးမှ ဖြစ်မယ်၊ လက်သည်းတွေကလည်း ရှည်နေတယ်။ လက်သည်းညှပ်ပေးရမယ်ဆိုပြီး ကျနော့်ကို တဘက်စ တစ်ခုပေးပြီးတော့ အ၀တ်ရေဆွတ်ပေးပါ ဆို ခိုင်းတယ်။ ကျနော်လည်း ဒီအခန်းထဲ မနေရ ပြီးတာပဲ ဆိုပြီး ရေချိုးခန်းကို မေးစမ်းပြီး ၀င်လိုက်တာ၊ အန်ချမိရောဗျို့။

ဘယ်လိုမှမတတ်နိုင်ဘူး။ ဖြစ်တာက ဒီလို။ ရေချိုးခန်းက အိမ်သာတွေနဲ့ တွဲထားတာ။ နောက် အဲ့ဒီမှ အမှိုက်ပုံးကလည်း ထားထားသေးတယ်။ အမှိုက်ကလည်း ပစ်မယ် မထင်ဘူး။ ထမင်းတွေရော ဟာ … အများကြီးဗျာ။ လျှံကျနေတာ …။ အိမ်သာတွေကိုလည်း ရေမလောင်းထားတော့ နံလိုက်တဲ့အနံ့။ အန်ချရုံတင်မကဘူး၊ သွေးပါ ပျက်သွားတယ် ပြောပါတော့။ အခြေအနေ တော်တော်ဆိုးဆိုးဗျာ။ အရှေ့တောင်အာရှ အညစ်ပတ်ဆုံးနေရာ ရွေးပေးဆိုရင် ကျနော်ကတော့ အဲ့ဒီနေရာသာ လမ်းပြချင်လိုက်တော့တယ်။

ကျနော်လည်း မျက်စိပျက်မျက်နှာပျက်နဲ့ ရေဆွတ်ပြီး အခန်းပြန်လာ။ ကျနော့်ကြည့်ပြီး ဟိုနှစ်ယောက်က ရယ်တယ်။ ကျနော့် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေတာ သေချာတယ်။ ဒါပေမယ့် သူတို့က စာနာပါတယ်။ အောက်က လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ် သွားထိုင်နေပါ့လား … တဲ့။ ကျနော်လည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲဆိုပြီး သုတ်လာတာ။ အောက်ရောက်တော့မှ အသက်ရှုလို့ ရတော့တယ်။

တော်တော်လေး ကြာတဲ့အထိ မချောနှစ်ယောက်က ဆင်းမလာဘူး။ ကျနော့်ပွဲဦးထွက် ဆေးရုံသွားခန်းကတော့ တပ်ဦးလန်တယ်ပဲ ပြောပါတော့။ တော်တော်လေး သွားစ များလာတော့မှ အဆင်ပြေတော့တယ်။

ဒါနဲ့ ဝေဘာဂီကနေ ခြောက်ကွေ့ကို လမ်းလျောက်တော့ ဟိုနှစ်ယောက်က ဘယ်သွားမယ်၊ ဘယ်လာမယ် လုပ်နေသေးတယ်။

ကြွပေတော့ … မမတို့။ ကျနော့်အဖို့ကတော့ ဒီနေ့အတွက်တော့ ဒီမျှသာပဲလား။ ကားမှတ်တိုင်ရောက်တော့ ဆေးရုံလာပြတာနဲ့ တူတဲ့လူတစ်ယောက် ကုပ်ချောင်းချောင်းထိုင်နေတယ်။ အဲ့ဒါ အတင်း ကျနော့်မေးခိုင်းပြီး ပိုက်ဆံ နှစ်ရာ ပေးခိုင်းလို့ ပေးလိုက်ရသေး။

သူတို့ဖက်သွားတဲ့ ကားလာတော့ သူတို့ တက်စီးသွားရော။ ကျနော့်ကို လမ်းစရိတ်ပေးဖို့ မေ့သွားတယ် ထင်တယ်။ ကျနော်လည်း ကြံရာမရ ငုတ်တုတ်ကြီးဗျ။ ကားတစ်စီးပြီး တစ်စီးလာတယ်။ တက် မစီးရဲဘူး။

အဲ့တုန်းက ကားခက တစ်ဆယ်။ အဲ့ဒီ တစ်ဆယ်ကို မရှိဘူး။ ခုန ကျနော် နှစ်ရာ ပေးလိုက်တဲ့လူကတော့ အကျအန ကြံရည်တွေ ဘာတွေချလို့။ ကျနော် သူ့ဆီသွားတောင်း ကောင်းမလား။ ကားစပယ်ရာကို တောင်းပန်ပြီးတော့ စီးရင် ကောင်းမလား။

ဒါနဲ့မထူးဘူး၊ ဟိုလူက နှစ်ရာတောင် ရထားတာ၊ ငါ့လက်နဲ့လည်း ပေးထားတာ၊ တစ်ဆယ်လောက်ပြန်တောင်းရင်တော့ လွယ်လောက်ပါတယ် ဆိုပြီး ကိုယ်တော်ချောဆီသွား ကျနော့်အခက်အခဲကိုရှင်းပြပြီး …

“တစ်ဆယ်လောက်ေ ချးဗျာ။ နောက်နောင်လည်း ဒီဆေးရုံမှာ တွေ့ရင်ပြန်ပေးပါ့မယ်။ ကျနော်က ခုနက မမတွေနဲ့ တစ်ဖွဲ့တည်းပါ …”

ဆိုတော့ မောင်မင်းကြီးသားက

“ဒီငွေကို  ခင်ဗျား ပေးထားတာ မဟုတ်ဘူး။ ဟိုအမနှစ်ယောက် ပေးသွားတာ။ ခင်ဗျားက ကြားထဲက ပွဲစားလာမလုပ်နဲ့။ ဒါမျိုးမရဘူး …” ဆိုပြီးပြောတာကလား။

ကျနော်ဗျာ … ဆွဲသာ ထိုးလိုက်ချင်တော့တယ်။ ဒါပေမယ့် စိတ်ချုပ်တည်းပြီး၊ နောက်ဆုံးနည်း သုံးလိုက်ရတယ်။ စပယ်ယာကို တောင်းပန်ပြီးတော့ အဆဲခံ၊ လှိုင်သာယာ ပြန်လာတော့တာပေါ့။ စပယ်ယာကလည်း တစ်လမ်းလုံး ကျနော့်ချည်း ဖိကြိမ်းတာပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။ မနိုင်၍ သည်းခံခြင်းသည်လည်း မင်္ဂလာတစ်ပါး မဟုတ်လား။

ဒါနဲ့ ဒီလုပ်ငန်းမှာ ကျနော်ပါဝင်မှုကြီး လာတယ်။ လမ်းစရိတ်စက ကို ဒီအမနှစ်ယောက်ဆီကဖြစ်ဖြစ် ကိုအောင်ထွေးဆီကဖြစ်ဖြစ် တွေ့တွေ့ချင်း တောင်းထားလိုက်တော့တယ။်သင်ခန်းစာရသွားပြီကိုး။

(ဆက်လက်ဖော်ပြပါမည်)

(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ

2 Responses to Yarzar – NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၃)

  1. Ko Ye' on June 25, 2012 at 1:04 pm

    အဲလောက်တောင် ဒုက္ခခံခဲ့ရတာပဲ။ ကိုရာဇာရေ ဘယ်သူသိသိမသိသိ ကိုယ်စောင့်နတ်အသိဆုံးပေါ့ဗျာ

  2. Heros* on June 26, 2012 at 8:32 pm

    All of you are unknown heros….

    I really salute to all of you for your sacrified goodwill…

    By the way , which hospital did you mean? Wai Ba Gui? It is living Hell!

    Actually , in Burma , there are so many Mother Tresa like heros……

    Expecting more insdie stories….

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)