ခံတွင်းတွေ့သော မိတ်ဆွေလေး

June 22, 2012

ဖိုးထက်
ဇွန် ၂၂၊ ၂၀၁၂
ယဉ်ကျေးသော လူမှုဆက်ဆံရေးမှာ လူ လူချင်း အထင်သေး အမြင်သေး အကြည့်ဖြင့် ကြည့်ချင်ကြသည်ကို လူများမလိုလားကြ။ သို့သော် ထိုလူများ၏ မသိစိတ်ထဲတွင် လူတစ်ယောက် (လူမျိုးစု တစ်စုလဲဖြစ်နိုင်သည်) ကို မိမိတန်ဖိုးထားသော ပေတံများနှင့်တိုင်းတာပြီး မသိမသာ အထင်အမြင် သေးချင်သည့်စိတ်ကလေးများ ရှိကြသည်ထင်သည်။ ဘာသာတရားလိုက်စားသူက ဘာသာတရားမလိုက်စားသူကို မျက်လုံး တစ်မျိုးဖြင့်ကြည့်သလမျိုး။ အရက်သေစာ မသောက်စားသူက အရက်သောက်သူကို မျက်ခုံးပင့်ကြည့်သလိုမျိုး။ တစ်ချို့လူဖြူများက လူဝါ များ၊ လူမည်းများကို ဘာရယ်မှန်းမသိသော အကြည့်ဖြင့်ကြည့်သလိုမျိုး။ စိတ်ထင်လို့ပါလို့ဆိုနိုင်ပေမယ့်မိမိကိုယ်တိုင် မသိလိုက်ဘဲ တဖက် သားအပေါ် အပေါ်စီးက ပြုမူဆက်ဆံမိလိုက်ကြတာ ကြုံဖူး၊ တွေ့ဖူးကြမည်ထင်သည်။

လူတိုင်းမှာ ကိုယ်ပိုင်ပေတံများရှိသလို ကျနော့်မှာလဲရှိသည်။ ထိုပေတံများ တန်ဖိုး ရှိ/ မရှိ၊ အသုံးဝင်/ မ၀င် ဘယ်သူမှလဲ လိုက်လံစစ်ဆေး မနေသလို ကျနော်ကိုယ်တိုင်လဲမသိ။ ဘုရား၊ ရဟန္တာများမှလွဲပြီး မာန်မာနဆိုသည့်လူ့စိတ်ကို ဘယ်သူမှ ဖယ်ခွာလို့မရဆိုသည့်အဆို ရှိ သည်မို့လား။ ကျနော့်မှာလဲ အသုံးဝင်သော၊ အသုံးမ၀င်သော၊ ရယ်ရွှင်ဖွယ်ရာဖြစ်သော၊ မိုက်မဲသောမာန်မာနများ ရှိနေတတ်သည်။ တ ကယ်ကျတော့အထက်၊ အောက်ဆိုသောကိစ္စများမှာလည်း ကိုယ့်ဘာသာသတ်မှတ်ပြီး ကိုယ့်ဘာသာ နေရာပေးထားခြင်းသာဖြစ်သည်။ နေရာ အမြင့်/အနိမ့်၊ တန်း တူ/မတူ၊ အထက်/အောက် စသည့်ကိစ္စများနှင့်လုံးချာရိုက်ပြီး တစ်ခါတစ်ရံ အရှက်တကွဲဖြစ်တတ်ကြသလို ကျနော့်မှာလဲ ဖြစ်ရသည်။

ကျနော် အရှက်တကွဲဖြစ်ရသောကိစ္စသည် လူမသိ၊ သူမသိ ကျနော်တစ်ယောက်တည်းသာသိရသောကိစ္စဖြစ်သည်။ မိမိအတွေးတွေ လုံး လုံးမှားယွင်းနေတာကို အချိန်ကြာလာသည်အမျှသိလာရလေ အရှက်ရလေကိစ္စကြီးဖြစ်သည်။ မိမိစိတ်ကို မိမိမလုံ အရှက်ရစေ သော အကြောင်းအရာမှာ ကျနော့်ညီအရွယ် ကောင်လေး တစ်ယောက်ကြောင့်ဖြစ်သည်။

အဲဒီကောင်လေးနဲ့စတင် ခင်မင်ခွင့်ရသည့်အချိန်မှာ ကျနော့်အသက်က ဆယ်စုနှစ် နှစ်ခုကို အတော်ကြီးစွန်းနေပြီ။ လူအများကို အတော် အသင့် ကောက်ချက်ချနိုင်သောအရွယ်ဟု ကိုယ့်ကိုကိုယ် အမှတ်ပေးထားတာက မှားယွင်းခြင်း၏ အစဖြစ်သည်။ ထိုကောင်လေးနှင့် တ အိမ်တည်း အတူနေဖို့အကြောင်းဖန်လာတော့ မင်း ဘာဘာသာကိုးကွယ်လဲဟု မေးမိသည်။ “ကျနော် မွတ်ဆလင်ပါအစ်ကို” ဆိုသည့် အဖြေနှင့်အတူ အမျိုးမည်မသိသော မကျေနပ်ချင်စိတ်လေးပေါ်လာမိသည်။

“အေးကွာ ဒါဆို ကျန်တဲ့ငါတို့အကုန်က ဗုဒ္ဓဘာသာဆိုတော့မင်း ဖြစ်ပါ့မလား”
“ဟုတ်..ကျနော် နေတတ်ပါတယ်အစ်ကို” ဆိုပေမယ့်အိမ်က ဘုရား၊ တရား အလွန်လုပ်၊ တရားခွေ အလွန်ဖွင့်၊ တရားအလွန်ထိုင်ကြသော လူများနှင့်ဖြစ်မှ ဖြစ်ပါ့မလားဟု စိတ်လေးမိသည်။

တကယ့်တကယ် အတူနေကြည့်ကြတော့သူ့ကို သတိထားကြည့်မိသည်။ မနက်အစောကြီး တွေမှာ အလ္လာအရှင်မြတ်ကို ငြိမ်သက်တည်ငြိမ်စွာ ဘုရားရှစ်ခိုးနေတတ်သည်။ ပြီးလျှင် မနက်စာ ခပ်စောစောထစားရင်း ထမင်းအိုးထဲမှ ထမင်းကို ဆွမ်းတလုပ်စာဖယ်၊ ခပ်ထားရင်း အစ် ကိုတို့ဆွမ်းကပ်ဖို့ ကျနော်ဖယ်ထားတယ်ဆိုပြီး အမြဲချန်ထားသည်။ သူဘုရားရှစ်ခိုးနေလျှင် ကျနော်တို့က ဆူ၊ ပွက်လောညံနေတတ်သ လောက် ကျနော်တို့ဘုရားရှစ်ခိုးနေလျှင် ဘေးမှ ငြိမ်သက်တိတ်ဆိတ်စွာ နေပေးသည်။ ဘုရား၊ တရားလုပ်သူများ အလုပ်ရှုပ်နေလျှင်ဘဲဖြစ်ဖြစ်၊ သတိမထားမိလို့ဘဲဖြစ်ဖြစ် ဘုရားစင်ကြီးမှာ ဆွမ်း၊ ဟင်းများ မသိမ်းဆည်းမိလျှင် အစ်ကိုတို့ဆွမ်းခွက်တွေ သိမ်းပါအုံးလားဟု သတိပေးတတ် သည်။ ဘုရားမီးများပျက်နေသည်ကိုတွေ့လျှင် ဦးဆောင်ပြင်ပေးသည်။ “မင်းက ဟာလာလုပ်ထားမှ စားတတ်သလား”ဟု ကျနော့်အမေးကို “ဖြစ်နိုင်ရင်တော့ စားပါတယ်။ မဖြစ်နိုင်ရင်လဲ စားရမှာပါဘဲ။ ရပါတယ် အစ်ကို” ဆိုသည့်သူ့အဖြေသည် ဘာသာတရားနှင့်ပတ်သက်ပြီး အထင်လွဲချင်နေသည့် ကျနော်၏အထင်သေးစိတ်ကို အရှက်ရစေသည်။

ကျနော်တို့တစ်တွေ နိုင်ငံရေးကို အာဘောင်၊ အာရင်းသန်သန် ငြင်းကြ၊ ခုံကြ၊ မှတ်ချက်တွေပေးနေကြချိန်မှာ ဘေးမှ စာအုပ်တစ်အုပ်၊ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြင့် မသိလိုက် မသိဘာသာနေတတ်သည်။ “နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စားရမယ် ငါ့ညီရ” ဆိုသည့် ဆရာကြီးလုပ်သံများကို ရိုးသားသော အပြုံးဖြင့်တုံ့ပြန်သည်။ “ဒေါ်အောင်ဆန်းစုကြည်ကို မင်းသိလား” ဆိုတော့ “အစ်ကိုရယ် ကျနော် အဲဒီ လောက်တော့မဟုတ်သေးပါဘူး” အဖြေနှင့်အတူ သည်းခံရှာသည်။ “ဦးရာဇာတ်ကော မင်းသိလား” ဆိုတော့ “ကျနော် ကောင်းကောင်း သိပါတယ်” ဆိုပြီး ကျနော်တို့မသိသော ဦးရာဇာတ်အကြောင်းတွေကို ပြောပြသည်။

အိုစမာဘင်လာဒင်အကြောင်းပြောကြရင်း အာကျယ် ကျနော်တို့က “အေးကွာ ကုလားတွေက ကြမ်းကို ကြမ်းတယ်” ဟု အားမနာ လျှာ မကျိုး သူ့ကိုဘေးထားပြီး မှတ်ချက်ပေးသံကို “အယူအကောက် လွဲကြတာပါဗျာ” ဟု ဖြေရှင်းရှာသည်။ တလောက အမေရိကန် တပ်ကြပ် ကြီးက အာဖဂန်ပြည်သူတွေကို အသလွတ် ၀င်ပြစ်သတ်သွားသောသတင်းအား သူ့ကိုပြတော့ မျက်နှာမကောင်း။ “စိတ်ပျက်စရာကြီးပါဗျာ” ဟု တခွန်းတည်းသော မှတ်ချက်ပေးသံနှင့်အတူ စကားသံများ ပိုမိုတိတ်ဆိတ်သွားသည်။ နောက်တစ်ရက် မနက်ခင်းမှာ ပါးစပ်မှတဖွဖွ ရွတ် ဖတ်ရင်း ဘုရားရှစ်ခိုးနေသော သူ့ကို “မင်း ဘာတွေ ရွတ်နေတာလဲ” ဟု ကျနော်မေးတော့“အစ်ကိုတို့ဘာသာအလိုအရဆို မေတ္တာပို့သလိုမျိုး ကျနော်လုပ်တာပါ” ဟု ဖြေသည်။

ခေါင်းရင်း နံရံပေါ်မှာ ဗုဒ္ဓဘုရားပုံတော်ကပ်ထားပြီး ဘောင်းဘီအတိုဖြင့် ဖရုဿဝါစာစကားများပြောနေသော ကျနော်တို့ကို သတိပေးသည်။ တိုးလို့တွဲလဲပစ်ထားသော အ၀တ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လျှော်စရာရှိတာလျှော်၊ သိမ်းစရာရှိတာသိမ်း၊ ခေါက်စရာရှိတာ ခေါက် လုပ်ပေးသည်။ လုပ်ပေးမှန်းသိလေ အခွင့်အရေးယူချင်လေဖြစ်နေကြသည့် ကျနော်တို့ကို တစ်ချက်ကလေး မငြီး၊ မငြူစူဘဲ လုပ်ပေး ရှာသည်။ မိမိကိုယ်ကို ငါ အတော်ရင့်ကျက်ဟုခံယူသော ကျနော့်ကို သူ့လုပ်ရပ်၊ နေပုံထိုင်ပုံများက ပြောင်လှောင် သရော်နေသလို။

တခါက သူမြန်မာနိုင်ငံကို အလည်ပြန်သည်။ ကျနော်တို့က ပစ္စည်းလူကြုံများ ထည့်ပေးကြသည်။ မြန်မာနိုင်ငံမှာ လွယ်လွယ်ဝယ်လို့ရသော၊ ဈေးတူ၊ ပစ္စည်းတူများကို အလိုက်ကန်းဆိုးမသိ ကျနော်တို့ကထည့်ပေးတာကို တစ်ချက်မငြီးငြူဘဲ အကုန်ယူသွားပေးသည်။ သူ့အကြောင်း ကောင်းကောင်းသိသော တစ်ယောက်က “မင်း ဦးလေးအရင်းကြီး လေဆိပ် Custom မှာ ရှိတာဘဲကွာ။ ကြိုဖုန်းဆက်ထားပြီး မင်းကို ခေါ် ထုတ်ပါစေလား” ဆိုသည့်အကြံပေးတာကို ခါးခါးသီးသီးငြင်းသည်။ “အခွင့်အရေးယူသလိုဖြစ်မှာပေါ့ဗျာ။ သွယ်ဝိုက်သောနည်းနဲ့ အကျင့် ပျက်တာတွေကို အားပေးသလမျိုးဖြစ်နေပါ့မယ်” ဆိုသည့်သူ့အဖြေကို “ကြီးကျယ်တာကွာ” “အများကဖြင့် ဒီလိုလုပ်နေကြတာပါကွာ” ဟု အပြစ်တင်ကြသည်။ ကျနော့်အိမ်ဝိုင်းလေး ဂရမ်ရဖို့မြေတိုင်းစာရေး ဦးလေးတစ်ဝမ်းကွဲကို ပိုက်ဆံပိုပို့ပေးပြီး ခိုင်းထားတာကို ဒီကောင်လေး မသိလို့ တော်တော့တယ်ဟု အရှက်မကွဲအောင် ဖုန်းကွယ်ထားနိုင်ခဲ့သည်။

သူ့အကြောင်းကို စကားစပ်လို့ပြောကြရင်း သူ့အဖေနှင့် သူနဲ့ သိပ်မျက်နှာကြောမတည့်သည့်အကြောင်းကို ရောက်သွားသည်။ ဒါကလဲ သူကိုယ်တိုင်ပြောလို့မဟုတ်။ တစ်ခြားသူပြောမှ သိရခြင်းဖြစ်သည်။ သူ့အဖေက ဆက်သွယ်ရေးက ရာထူးအတော်ကြီးကြီး။ သူ့သား Electronic အင်င်္ဂျင်နီယာဘွဲ့ရကို မြန်မာ့ဆက်သွယ်ရေးမှာ ၀င်လုပ်စေသည်။ သူ့အဖေ၏ အရှိန်အ၀ါဖြင့်အလုပ်ရသည်။ SAE ရာထူး။ တစ်နှစ် ခန့်အလုပ်လုပ်ပြီး ကျနော် အလုပ်ထွက်ပြီး နိုင်ငံခြားသွားမယ်အဖေဆိုတော့ သားအဖနှစ်ယောက် အကြီးအကျယ် စကားများသည်။ နောက် တစ်နှစ်လောက်ဆက်လုပ်ရင် AE၊ ထို့နောက် ထို့နောက်.. ရာထူးကြီးကြီး လူကြီးသားတစ်ယောက်က ရာထူးကြီးလာဖို့ဘဲရှိသည်။ တ ယောက်တခွန်းစကားများရင်း “ကျနော် မခိုးချင်ဘူးအဖေ” ဆိုသည့် သူ့အပြောသည် သားအဖနှစ်ယောက်ကို ခါးသီးသွားစေတော့သည်။ “ငါကျောင်းထားပေးလို့ အင်ဂျင်နီယာဘွဲ့ရတဲ့ကောင်က” ဆိုသည့်သူ့အဖေကို ထိုင်ရှစ်ခိုးပြီး နိုင်ငံခြားကိုထွက်လာခဲ့သည်။ “ငါ့သား ကျန်း မာရေးသာ ဂရုစိုက်၊ ပိုက်ဆံက မလွှဲနဲ့။ အမေတို့အတွက် မလိုဘူး” ဟု သူ့အမေမှာထားတာရှိပေမယ့်လစဉ် ပုံမှန်ပို့ပေးပြီး ကန်တော့သည်။ သူဖုန်းဆက်ရင် ဖုန်းကောင်းကောင်းမပြောချင်သော သူ့အဖေကို “အဖေ အလုပ်ထွက်ပါတော့။ ကျနော် ရှာကျွေးပါ့မယ်” ဟု ပြောပြီး ကတည်းက မာနကြီးသောအဖေဖြစ်သူက ဖုန်းမကိုင်တော့။ “တချိန်ကျရင် အဖေ ကျနော့်ကို နားလည်လာမယ်ထင်ပါတယ် အစ်ကိုရယ်” ဟု မှိုင်းငွေ့ငွေ့သူ့အသံသည် မြန်မာနိုင်ငံမှာ ဂွင်ကောင်းကောင်းရရင် ပြန်ပြီဘဲဟုတွေးနေသော ကျနော့်ကို ၀မ်းမနည်းစေဘဲ အရှက်ရစေသည်။

ဒီကောင်လေးမှာ ကျောင်းမှာတုန်းက ရည်းစားတစ်ယောက်ရှိခဲ့သည်။ ကောင်မလေးက ခပ်သွက်သွက်ကလေးဟု သိရသည်။ သူ့ကိုလဲ အလွန်ချစ်ရှာသည်ဟု ပြောသည်။ နောက်တော့ကောင်မလေးက အိမ်က ပေးစားသည်လား၊ အနေနီးစပ်သည်လား မသိ။ အိမ်ထောင်ပြု သွားသည်မှာ ကလေးတစ်ယောက်ပင်ရနေပြီ။ “ဒါဆို မင်းက အသဲကွဲသမားဘဲကွ” ဟုပြောကြပေမယ့် “အသည်းကွဲလား မကွဲလားတော့ မသိပါဘူးဗျာ။ အခုအချိန်ထိ ချစ်နေဆဲမို့ သူများမိန်းမဖြစ်နေပြီဆိုတဲ့အသိကို အမြဲထည့်နေရတယ်” ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။ သူတို့ နှစ်ယောက်က ကျောင်းအတူတူ၊ မေဂျာအတူတူ။ နောက်ဆုံနှစ် စာမေးပွဲပြီးတော့ ကောင်မလေးပူဆာသဖြင့် ချောင်းသာကမ်းခြေကို နှစ် ယောက်တည်းသွားခဲ့ကြသည်။ ယုတ်ယုတ်မာမာ၊ မဟုတ်သုတ်ကရက စတွေးကြသော ကျနော်တို့က “ဟာ မင်းဂွင်ဘဲပေါ့” ဟု အားတက် သရောမေးခွန်းတွေ ၀င်မေးကြသည်။ ဘာအဖြေမှပြန်မပေးဘဲ ပြုံးနေတတ်သည်။

သူ့ကောင်မလေးကို အလွန်ချစ်ရှာသည်။ နှစ်ဘက်မိဘကလဲ ဘာသာမတူပေမယ့် ကိုယ့်ဘာသာ ကိုယ်ကိုးကွယ်ကြမယ်ဆို ယူကြဟု မီးစိမ်း ပြပြီးသား။ သမီးရည်းစားအဆင့်ထက် နောက်တဆင့်ကို အချိန်မရွေးခုန်တက်လို့ရနေသော အခြေအနေ။ ချောင်းသာကို ရောက်တော့ တခန်းထဲ တည်းတာလဲမှန်သည်။ သို့သော် အဖြစ်မှန်က ကျနော်တို့ထင်သလိုမဟုတ်။ ချောင်းသာရောက်တော့ ကောင်မလေး အလိုလိုက်ပြီး လျှောက်လည်ကြသည်။ ရေကူးကြသည်။ ချစ်သူသဘာဝ နမ်းတာ၊ ရှုံ့တာ လုပ်ကြသည်ဟု ဆိုသည်။ ညဘက်ရောက်တော့ဘာသာတရား အလိုအရ တစ်ခါမှမသောက်ဘူးသောအရက်ကို တစ်ပုလင်းလုံး ရေမရောဘဲ ကောင်မလေးမသိအောင် သောက်ပစ်လိုက်သည်။ အံဖတ် တွေဆို့ပြီး မသေရုံတမယ်ဖြစ်ကာ ရန်ကုန်ပြန်ရောက်သည်အထိ ခေါင်းမထောင်နိုင်အောင် အရက်နာကျတော့သည်။ အဲဒီကတည်းက ကောင်မလေးနှင့်သူ အနေစိမ်းသွားခဲ့သည်မှာ ယောင်္ကျားယူတာတောင် အသိပေးမသွားခဲ့။

“မင်းကွာ တောက်” “နေရာချင်းသာ လဲချင်တယ်” “ငကြောင်ဘဲ ..ကွိုင်ဘဲ” စသည့်ဗရုတ်သုတ်ခမှတ်ချက်များကြားထဲမှာ ကြည်လင်စွာ ပြုံးနေခဲ့သည်။

“ကျနော်နဲ့ သူနဲ့က ယူဖို့သေချာသေးတာ မဟုတ်ဘူး။ မိဘသဘောတူတာ မှန်ပေမယ့် မယူရသေးတဲ့မိန်းမတစ်ယောက်ကို လွန်လွန်ကျူးကျူးမဖြစ်ချင်ဘူးဗျာ။ အတယ်လို့ထင်ချင်လဲ ထင်ကြမှာပါ။ ကျနော်လဲ လူပါဘဲ။ ကျူးလွန်မိမှာစိုးလို့ နောင်ဘ၀မှ ငရဲသွားဆိုသွားတော့ မယ်ဆိုပြီး အရက်ကို ခေါင်းမထောင်အောင် သောက်ပစ်လိုက်တာပါ။ အခုလိုမျိုး သူ့ဖက်က မစောင့်နိုင်လို့ဘဲဖြစ်ဖြစ်၊ အနေနီးလို့ဘဲဖြစ်ဖြစ် အိမ်ထောင်ပြုသွားတော့ ကျနော်လဲ စိတ်ရှင်း၊ သူလဲ စိတ်ရှင်းပေါ့။ လမ်းမှာပြန်တွေ့ရင်တောင် တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ရဲစ ရာမရှိပါဘူး။ သူ့ဘက်က စပြီးဖောက်ပြန်တယ်လို့လဲ မယူဆပါဘူး။ ဖြစ်တတ်တဲ့သဘာဝတွေပါ။”

ရှည်ရှည်ဝေးဝေးရှင်းပြသော သူ့ကိုကြည့်ရင်း ရည်းစားရတာကြားတာနဲ့ “ ဘယ်လိုလဲ” ဟု မေးတတ်သော ကျနော့်မျက်နှာမှာ အားမရှိတော့။ ကျနော်၏အကြည့်များကို သူမသိစေရန် လွှဲဖယ်လိုက်ရသည်။ “ဒါဆို မင်းအိမ်ထောင်မပြုတော့ဘူးပေါ့.. အသဲကွဲသမားကြီးပေါ့” ဆိုသည့် အမေးကို “မပြောတတ်ဘူးဗျ။ ချစ်တဲ့သူ နောက်တစ်ယောက်တွေ့ရင်၊ အဆင်ပြေရင်လဲ ယူမှာပေါ့။ ဘယ်သိနိုင်မလဲ။ အလ္လာအရှင်မြတ်မှ သိမှာဘဲ” ဟု ဖြေသည်။ “အေး မင်းယူမယ်ဆိုရင်တော့ ငါ့ညီမရှိတယ်။ ချောင်းသာလဲ ခေါ်သွား။ ဒါပေမယ့် အရက်တော့လုံးဝမသောက်ဘူးလို့ ငါ့ကို ကတိအရင်ပေးရမယ်။ ပြီးတော့အခန်းထဲကနေ ဘယ်မှမထွက်ဘဲ ငါ့ညီမနဲ့ ၂၄ နာရီပြည့်အောင် နေပါ့မယ်ဆိုတဲ့ကတိလဲပေးရမယ်” ဟု တယောက်က ၀င်ဖောက်သည်။ “ဟာဗျာ အစ်ကိုတို့ကလဲ” ဟု ရှက်ပြီး ထပြေးသော သူ့ကို တဟားဟား သဘောကျရင်း မိမိကိုယ်ကို သက်ပြင်းချမိသည်။

ဒီကောင်လေးကိုမြင်လျှင် ကျနော့်မှာ အတွေးတွေ မဆုံးနိုင်တော့သလို ဘာကို မျက်နှာပူလို့ ပူမှန်းမသိဖြစ်ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို အများအတွက် ဘ၀တွေလောင်ကျွမ်းခံကြသောခေါင်းဆောင်တွေ လိုအပ်သည်။ သို့သော် အရေအတွက် အများကြီး မလို။ တစ်ယောက်နှစ်ယောက် ရှိလျှင် လုံလောက်မည်ထင်သည်။ ဆန့်ကျင်ဘက်အနေနှင့် အဲဒီကောင် လေး အဖေလိုမျိုး စနစ်ကြီးမှားမှန်းသိပေမယ့် ရုန်းမထွက်နိုင်သော လူများ၊ ခိုးကြ၊ ၀ှက်ကြ၊ အကျင့်ပျက်နေကြသောလူများကို လောက မြေပြင်ပေါ်မှာ မရှိစေချင်ပေမယ့်ခေတ်အဆက်ဆက် ရှိနေမည့်လူတန်းစားဖြစ်မည်။ နောက် ကျနော်တို့လို အွန်လိုင်းမှ အာတွေကျယ်၊ ဆရာလုပ်၊ နိုင်ငံရေးစိတ်ဝင်စားကြသော နောက်လိုက်လူအမျိုးအစားတွေရှိဖို့လဲ လိုအပ်မည်ထင်သည်။ သို့သော် လောကကြီးအတွက် အလိုအပ်ဆုံးလူများကတော့ ကျနော့်မွတ်ဆလင် ဘော်ဒါလေး ထိုကောင်လေးလို လူများဘဲဖြစ်မည်။ ထိုလူတန်းစားများများသာရှိလျှင် ကျနော်တို့လောကကြီးမှာ ၀မ်းနည်းစရာတွေ နည်းသွားနိုင်သည်။ တစ်ယောက်မျက်နှာ တစ်ယောက် ရဲရဲကြီးကြည့်ရဲသောလူတွေ ဖြစ်လာ ကြမည်။

အခုတော့ လောကကြီးသည် ကိုယ်စားချင်သလို အရသာရှိစွာ ချက်ပြုတ်လို့ရသော ဟင်းတစ်ခွက်မဟုတ်။ တခါတရံ ရေပေါ်တွင် ပေါ်နေ မည့်ဆီတွေများနေတတ်သည်။ တခါတရံ အရသာမခံနိုင်လောက်အောင် ငရုတ်သီးစပ်နေတတ်သည်။ တခါတရံ ငံတူးနေတတ်သည်။ အရသာရှိသော၊ လှပသေသပ်သော လောကဟင်းလျာ တစ်ခွက်ဖြစ်ဖို့ ဒေါ်စုတို့လို ရှာမှရှား လူတွေအများကြီးလဲမလို။ ငံကြွတ်လွန်းသော သူခိုး၊ သူဝှက်များလဲမလို။ ရေလုံပြုတ် အရသာရှိသည့် အာကျယ် ကျနော်တို့လိုလူတွေလဲ မရှိမဖြစ် မဟုတ်။ ကျနော့်မိတ်ဆွေလေးလို လူအမျိုးအစား အများကြီးသာရှိနေပါလျှင် လူ့ဘ၀တစ်ခုသည် အရသာ လွှတ်ကောင်း၊ အမွှေးနံ့သာအလွန်ရှိသော စားမြိန်ဖွယ် လောကဟင်း လျာတပွဲဖြစ်လာပါလိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

8 Responses to ခံတွင်းတွေ့သော မိတ်ဆွေလေး

  1. Ye Htut on June 22, 2012 at 10:20 pm

    very nice.

  2. ohnmar on June 23, 2012 at 11:54 am

    တစ်ကယ်အမှန်တရားပါဘဲစာရေးသူရေ။ကိုယ့်ကိုကိုယ်ပြန်လည်ဝေဖန်ဆန်းစစ်နိုင်စွမ်းရှိတဲ့စာရေးဆရာ
    လိုလူတွေလောကမှာအများကြီးရှိခဲ့ရင်လည်းလောကကြီးဟာအလွန်ကောင်းတဲ့ဟင်းလျာဖြစ်သွား
    မှာပါ။လေးစားပါတယ်။

  3. Aung Myo on June 23, 2012 at 11:59 am

    Appreciate “Pho Htet” for this essay very much.

  4. MM on June 23, 2012 at 1:50 pm

    Your essay is very simple but very powerful and inspiring to sit back and reflect ourselves regarding our thoughts, opinions, and beliefs.
    I couldn’t agree with you more for the fact that we do need many ppl like your Muslim young friend for the sake of our country.
    Thank you so much indeed.

  5. Zarnimin on June 23, 2012 at 4:41 pm

    i lov this essay. let me share your essay to friends,.
    thks,..Poe Htet

  6. ko thet on June 23, 2012 at 6:21 pm

    မှန်လိုက်တာဗျာ၊သဲအင်းဂူဆရာတော်ဘုရားကြီးကဟောထားတယ်
    ကိုယ့်စိတ်ကိုစစ်ပါတဲ့။

  7. MYAT on June 23, 2012 at 8:34 pm

    give good theme

  8. khin on June 24, 2012 at 7:01 pm

    you idia very like that carry on thank you

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်