မြစ်တစင်းနှင့် စကားပြောခြင်း

June 28, 2012

ကမာပုလဲ
ဇွန် ၂၈၊ ၂၀၁၂
Artist – Xiao Fan

အကြင်အရပ်၌မြစ်တစင်းသည် ရှိ၏။ ထိုမြစ်သည် အလျဉ်မပြတ်စီးဆင်းနေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယနေ့ထိ မြစ်သည် စီးဆင်း ရှင်သန်တည်ရှိနေ၏။ အဆိုပါမြစ်သည် အများတကာမြစ်တွေလို မြောက်မှတောင်သို့မစီး။ တောင်မှမြောက်သို့ ဆန့်ကျင်စီးဆင်းနေ၏။ တဖန်ထပ်၍ ထူးခြားမှုတခုရှိနေပါသေးသည်။ မြစ်သည် တိုင်းနိုင်ငံနှစ်ခု၏ အရှေ့နှင့် အနောက်နယ်နိမိတ်စည်းရိုးသဖွယ် ဖြစ်တည်စီးဆင်း နေခြင်းဖြစ်၏။

မြစ်သည် ကမ်းနှစ်ဖက်ကြားတွင် သုံးရာသီကာလပတ်လုံး စီးဆင်းနေ၏။ တခါတခါ သူ့ဣနြေ္ဒကို ရွှေပေးဖျက်ဆီး မရနိုင်သော မိန်းကလေး တယောက်၏ ခြေလှမ်းလှမ်းပုံမျိုး။ ငြိမ့်ညောင်းညင်သညာ။ တခါတရံဒေါမန်ထန်ပြင်း ဆင်ရိုင်းအုပ် တောတိုးသလို။ တခါတလေ ရှင်နေ လျက်က အသက်မဲ့နေသလား။ လှုပ်ရှားမှု မရှိ …. သက်ငြိမ်။

မြစ်နှင့် မြေပြင်လွှာအကြား မတူခြားနားမှုများရှိမည်။ ရှိနေပါသည်။ လူသားအဖို့ သူ၏ခြေထောက်ကိုအသုံးပြုပြီး မြေပြင်ပေါ်တွင် လမ်း လျှောက်၍ လိုရာခရီးကိုဆက်နိုင်သည်။ သို့သော် မြစ်ပြင်ပေါ်တွင် မရ။ ရေပေါ်တွင်လမ်းလျှောက်သွား၍ လိုရာခရီးကို မဆက်နိုင်။ ကူး ခတ်ဖြတ်သန်းသွားမှရမည်။ ရေစီးကကြမ်း၊ ကမ်းနှစ်ဖက်ကလည်း အကြည့်တမျှော်ကျယ်ပြန့်နေပါလျှင် ဟိုမှာဘယ်ကမ်းသို့ရောက်ဖို့ ဒီမှာ ဘယ်ကမ်းမှ ဖောင်၊ ကူးတို့ဖြင့် လှော်ခတ်ဖြတ်သန်းသွားမှ ရမည်ဖြစ်သည်။

မြစ်ရှိလျှင် ကူးတို့ရှိမည်။ ကူးတို့ရှိလျှင် ကူးတို့ဆရာရှိမည်။ အကြင်မြစ်၌ ကူးတို့ဆိပ်ရှိသည်။ ကူးတို့လှေရှိသည်။ ကူးတို့လှေကို လှော်ခတ်သူ ကူးတို့ဆရာရှိသည်။

တနေ့…..။ ထိုနေ့တွင် ခရီးသည်များ အသွားအလာကျဲပါးလွန်းလှသည်။ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်မှာ ရက်ပေါင်းများစွာကြာခဲ့ပြီး။ ကူးတို့ဆိပ်တွင် ခြည်နှောင်ထားသော ကူးတို့လှေသည် ရေစီးအတိုင်းမျောပါသွားလိုသဖြင့် နှောင်ကြိုးကို တင်းနေအောင် ငြိမ်သက်ရုန်း ကန်နေ၏။ ကူးတို့ဆရာ၏တဲကုပ်ကုပ်အတွင်းဝယ် ထင်းမီးခိုးတို့အူလျက်။ ခွင့်တောင်း၍ တဲအတွင်းသို့ ဦးခေါင်းညွှတ်ကာ ၀င်လိုက်သည်။

ကူးတို့ဆရာသည် တဲအတွင်း၌ထိုင်နေ၏ ဖိုထားသောမီးဖိုပေါ်တွင် ရေနွေးကရားအိုး တအိုးရှိ၏။ တဲအမိုးခေါင်တန်းမှ ကျလာသော ကြိုးဖြင့် ချဉ်နှောင်ကာ မီးဖိုတည့်တည့်ပေါ်တွင် တည်ထား၏။ နှုတ်ခမ်းပဲ အကြမ်းပန်းကန် သုံးလေးလုံးကို မီးဖိုအနီးတွင် စီရရီ တွေ့ရသည်။ ကူး တို့ဆရာ၏ လက်ထဲမှဓားထက်ထက်သည် ဖြတ်တောက်ထားသည့် တတောင့်ထွာခန့်ရှိ ၀ါးချောင်းများကို နှီးဖြားကလေးများအဖြစ် ကျွမ်း ကျင်သွက်လက်စွာ…။

“ဟိုဘက်ကမ်းကို ကူးမလို့လား”
“ဟုတ်ပါတယ်။ ဒါပေမဲ့ အလျင်မလိုပါဘူး။ မိုးစဲအောင်စောင့်ပါမယ်”

“ရေနွေးကြမ်းသောက်ပါ။ အခပ်ကတော့ သစ်ခေါက်ပဲ။ စံပယ်နံကလေးစွက်ထားပါတယ်”

ကူးတို့ဆရာသည် ၀ါးနှီးကလေးများကို ဆက်လက်ဖြာနေ၏။ တဲတခုလုံးအမိုး အသစ် မိုးထားပြီးပြီဖြစ်၍ ကူးတို့ဆရာ ထိုးနေသော နှီးများကို ကြည့်ကာ…

“နှီးက ဘယ်တဲအတွက်လဲ”
“ဘယ်တဲအတွက်မှ မဟုတ်ပါဘူး”

“ဒါဖြင့် ရောင်းဖို့လား”
“အရောင်းအ၀ယ်အလုပ်ဟာ ကူးတို့သမားတယေက်ရဲ့ဘ၀မှာ အဆိပ်ပါ”

“ဒါဆို အချိန်းအားနေလို့လား”
“ဘ၀မှာ အချိန်အားလပ်မှုဆိုတာ ရှိတယ်လို့ မယုံကြည်ပါဘူး။ ခရီးသွားတွေထဲက ဖြစ်စေ၊ ရပ်နီးရဝေး မိတ်ဆွေများပဲဖြစ်စေ ၀ါးနှီးကလေးတွေ အရေးပေါ်လိုအပ်ရင် ပေးဖိုပါ။”

“အရောင်းအ၀ယ်မလုပ်ဘူးဆိုတော့ လက်ဆောင်အဖြစ် အခမဲ့ပေါ့”
“ကူးတို့သမားရဲ့ အဖိုးအခမဲ့တဲ့ အလုပ်ဆိုတာလည်း မရှိဘူးလို့ ယုံကြည်ပါတယ်။ မည်သည့်အလုပ်မဆို ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုပြီး တန်ရာတန်ဖိုးတွေ ရှိကြသည်ချည်းပါပဲ”

“ကူးတို့ဆရာ လုပ်ခဲ့တာ ကြာပါပြီလား”
“ကူးတို့လှေပေါ်မှာပဲ မွေးဖွားကြီးပြင်းရင်း တက်ကို နိုင်တဲ့အရွယ်လာစလို့ ကူးတို့လှော်ခတ်သူအလုပ်ကို လုပ်ခဲ့ပါတယ်. ဆွေစဉ်မျိုးဆက်အရ လည်း ကူးတို့သမားတွေအဖြစ် ဘ၀ကိုခံယူကျေနပ်ခဲ့ကြပါတယ်။”

“အပြောင်းအလဲမရှိတဲ့ ကူးတို့ဆရာအလုပ်မှာ တခါတလေ ငြီးငွေ့မှု၊ စိတ်ပျက်အားငယ်မှုတွေ မခံစားရဘူးလား”
“ဟင့်အင်း…. မခံစားရပါဘူး။ ကူးတို့ ပို့ရတဲ့အလုပ်မှာ အချိန်နဲ့အမျှ အပြောင်းအလဲတွေ၊ အသစ်အသစ်ဖြစ်ပေါ်ခံစားရမှုတွေနဲ့ အတိပြီးနေပါ တယ်။ ငြီးငွေ့မှုစိတ်ပျက် အားငယ်မှုတွေအတွက် နေရာမရှိပါဘူး။”

“ကျနော် သဘောပေါက်နားလည်ဖို့ ခက်နေပါတယ် အဖိုး”

ကူးတို့ဆရာသည် ပြုံးလိုက်၏။ နှီးဖြာနေသော ဓားနှင့်၊ ၀ါးများကို အသာချထားလိုက်၏။ ရေနွေးကြမ်းတခက်ကို အသာမော့သောက်နေ၏။ အပြင်တွင် မိုးသည် သဲမဆုံး၊ မဲမဆုံး…။

“မြစ်ရယ်၊ ကူးတို့လှေရယ်၊ ကူးတို့သမားရယ်ဟာ ခွဲမရတဲ့တသားတည်းဖြစ်တည်မှုတွေပါ။ မြစ်ရဲ့ရေစီးပုံကာ အချိန်နဲ့အမျှ မတူပြောင်းလဲ နေပါတယ်။ ဒီတော့ ကူးတို့လှေကလည်း တချိန်နဲ့တချိန် သွားပုံမတူတော့ပါဘူး။ ကူးတို့ဆရာရဲ့အလုပ်အတွေ့အကြုံကလည်း တချိန်နဲ့တချိန် လျော်ခတ်ခံစားရတာ မတူနိုင်တော့ပါဘူ။”

ကူးတို့ဆရာသည် နောက်ထပ် ရေနွေးကြမ်းတခွက်ကို ထပ်မံငှဲ့ကာ မော့သောက်နေ၏။ အပြင်တွင် မတိတ်နိုင်သေးသော မိုးစက်များကို တဲပြတင်းမှ တချက်ငေးကြည့်နေရင်း………

“ဒီလိုပါပဲ….. ကူးတို့စီးဖို့လာတဲ့ ခရီးသည်တွေဟာ တယောက်နဲ့တယောက် တခါနဲ့တခါ မတူကြပြန်ပါဘူး”
“ဘယ်လိုမတူကြတာလဲ အဖိုး၊ သိခွင့်ရှိရင် သိပါရစေ”

“သြော်…. ခရီးသည်တွေဆိုတာ လူအမျိုးမျိုးမလား။ ခရီးသည်တယောက်တည်းမှာတောင် ဟိုမှာဘက်ကမ်းကို အသွားနဲ့ ဒီမှာဘက်ကမ်း ကိုအပြန် သူဖော်ပြဆက်ဆံမှုဟာ မတူဘူး။ လူဟာ အလိုပြည့်တဲ့အခါ ကျေနပ်မြူးတူးနေသလို၊ အလိုမပြည်တဲ့အခါ တိရိစ္ဆာန်ရိုင်းတကောင်လို ကြောက်စရာပါပဲ။ အလိုပြည့်ပြည့်။ မပြည့်ပြည့် တည်ငြိမ်မှုရှိတဲ့ လူတွေလည်းရှိတတ်ပါတယ်။”
“ဘယ်လိုသိပါလဲ”

“သူတို့ရဲ့ ဖော်ပြဆက်ဆံမှုက သူတို့အသွင်စိတ်ဘာဖြစ်နေတယ်ဆိုတာ ထင်ဟပ်နေကြပါတယ်။ စကားလုံးတွေနဲ့ မေးကြည့်ဖို့မလိုပါဘူး”
“ဟန်ဆောင်ကောင်းတဲ့သူတွေနဲ့တွေ့ရ၊ ဆုံရတဲ့မျိုးမှာ”

“ဟန်ဆောင်မှုဆိုတာလည်းရေရှည် ထိန်းထားနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဟန်ဆောင်ကောင်းသူမှာ အလွန်အကျွံပင်ပန်းမှု ပုန်းခိုနေပါတယ်။ ဒါကို အတွေးအကြုံရှိတဲ့ မျက်လုံးက ကြည့်မြင့်နိုင်စွမ်းရှိပါတယ်။ သိပ်ကြာကြာမကြည့်ရပါဘူး။”
“အဖိုးလိုက်မပို့တဲ့ခရီးသည်မျိုးရှိခဲ့ပါလား”

“လုံးဝမရှိခဲ့ပါဘူး။ အားလုံးကို လိုရာကမ်းဆိုက်အောင် ပို့ဆောင်ပေးခဲ့တာပါပဲ။ ရဟန်း၊ သူတော်ကောင်း၊ သူယုတ်မာ အယုတ်အလတ်မရွေး ပိုပေးခဲ့ရပါတယ်။ ကူးတို့လှေပေါ်မှာ လူသားတိုင်းဟာ ခရီးသည်တွေချည်းပါ။ သူတို့ တဦးချင်းစီရဲ့ အကောင်း၊ အဆိုး တန်ဖိုးတွေက ကူးတို့နဲ့ ကူးတို့ဆရာအတွက် ပတ်သက်ဆက်နွယ်မှုမရှိပါဘူး။ အပေးအယူလည်းမရှိပါဘူး။”

ကူးတို့ဆရာ၏တဲကလေးသည် မိုးစက်ကျသံများ၏အောက်ဝယ် စကားပြောသံမဲ့ ခေတ္တငြိမ်သက်သွား၏။

“သူတော်ကောင်းအလုပ်ကို လုပ်မယ့်ခရီးသည်ကို ပို့မိရင် ကူးတို့ဆရာအတွက် ကောင်းတဲ့အလုပ်ကိုပြုရာ ရောက်မယ်။ သူယုတ်မာကို ပို့မိရင် ဆိုးကျိုးအတွက် ကူးတို့ပို့သူမှာ ပူးပေါင်းပတ်သက်အကျိုးမရှိနိုင်ပါဘူးလား။”

ခရီးသည်ကကူးတို့ ဆရာကိုသွေးတိုးစမ်းလိုက်၏။ ကူးတို့ ဆရာသည်သက်ပြင်းကို ရှည်ရှည်လျားလျားဆင်ခြင် သတိထားကာရှိက်လိုက်၏။ နားလည်ရခက်သော၊ ခိုင်မာတည်ကြည်သည့်အပြုံးကို ပြုံးလိုက်သည်။

“ကူးတို့သမားတယောက်အနေနဲ့ သူတော်ကောင်းကိုပဲပို့ ပို့ ၊သူယုတ်မာကိုပဲပို့ ပို့ သူတို့အလုပ်နဲ့ ကူးတို့သမားအကြားမှာ အကျိုးစီးပွားအပေး အယူမရှိပါဘူး။ ခရီးသည်တွေဟာ ဘယ်သူက သူတော်ကောင်း၊ ဘယ်သူက သူယုတ်မာဆိုတာ ချက်ချင်းခွဲခြားဆုံးဖြတ်မရပါဘူး။ ဟိုမှာ ဘယ်ကမ်းကိုအသွားမှာ သူတော်စင်ဖြစ်နေတဲ့ ခရီးသည်ဟာ ဒီမှာဘယ်ကမ်းကို အပြန်လမ်းမှာ သူယုတ်မာဖြစ်နေတတ်ပါတယ်။ တချို့ကျ တော့ အသွားရော အပြန်ပါ သူတော်ကောင်းဖြစ်နေသလို၊ တချို့ကတော့ ခရီးအစအဆုံး သူယုတ်မာချည်းဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူဆိုတာ သူလုပ်တာမှန်သမျှ သူရရှိတာပါပဲ။ အချိန်ကာလအနှေးအမြန်ပဲကွာပါတယ်။ ခရီးသည်တွေအဖို့ ဒီကူးတို့နဲ့ သွားခွင့်မှမရခဲ့ရင် အ ခြားသော ကူးတို့တွေနဲ့ လိုရာခရီးကို သွားကြမှာပါ။”

ခရီးသည်သည် ရေနွေးကြမ်းတခွက်ကို ငှဲ့သောက်လိုက်၏။ ရေနွေးကြမ်း၏ ဖန်ခါးခါးအရသာတွင် စံပယ်ပန်းရနံ့ကလေးက ကလှူ၏သို့ မြူ ၏သို့ …။

“ကူးတို့ဆရာဘ၀မှာ အဘယ်အကျိုးကျေးဇူးတွေများရရှိလခဲ့ပါသလဲ”
“မည်သည့်အရာမျှ မတည်မြဲဘူး။ ပြောင်းလဲနေတယ်ဆိုတဲ့အသိ အကျိုးကျေးဇူးကို ရခဲ့တယ်။ အမြဲတမ်း ကောင်းနေတဲ့အရာဟာလည်း တိုတက်ပြောင်းလဲကောင်းမွန်နေသလို၊ အမြဲဆိုးသွမ်းနေတဲ့အရာဟာလည်း တိုးတိုးပြီးပျက် သိရှိခွင့်ရပါတယ်။ ခရီးသည်သမားတယောက်ဟာ ခရီးသည်တွေဆီက ခေတ်ကို သိရှိခွင့်ရပါတယ်။ ခရီးသည်တွေထဲမှာ သူတော်ကောင်းနဲ့ သူယုတ်မာကို ခွဲခြားတတ်လာပါတယ်။ အနိုင်နဲ့ အရှုံး၊ တရားမျှတမှုနဲ့ အဓမ္မ၊ တာဝန်နဲ့ဝတ္တရားနဲ့ အကျင့်ပျက်သစ္စာဖောက်မှု၊ ဟန်ဆောင်ဖုံးကွယ်မှုနဲ့အတွင်း ပကတိအရှိတရား၊ အပြုနှင့် အဖျက်….. အများကြီး… အမျိုးကြီးကို ရရှိနေပါတယ်။”

“အဖိုးအနေနဲ့ အဲဒီအရာတွေထဲက ဘယ်အရာကို အနှစ်သက်ဆုံးပါလဲ”
“ကူးတို့ပို့သူ ကူးတို့သမားဘ၀ကိုပဲ အနှစ်သက်ဆုံးဖြစ်ပါတယ်။ ကူးတို့သမား ဘ၀ကိုပဲ ခံယူရွေးချက်ခဲ့တယ်”

အပြင်တွင် သဲသဲမဲမဲရွာသွန်းခဲ့သော မိုးတို့ တိတ်စဲသွားခဲ့ပြီး၊ ထက်ရပ်ဝန်းကျင်းတခုလုံး နေ့အလင်းရောင်းဖြင့် လင်းလက်တောက်ပနေပေပြီ။

“ကဲ…. ဟိုဘယ်ကမ်းကို ကူးမို့လား။ သွားရအောင်။”
“မလိုတော့ပါဘူး အဖိုး…. ကျနော်ရောက်ခဲ့ပါပြီးပါပြီး။”

“ဘယ်လို”
“ဟုတ်ပါတယ် အဖိုး။ အဖိုးနဲ့စကားပြောခွင့်ရနေတဲ့အချိန်ကာလမှာပဲ ကျနော်သွားလိုတဲ့ခရီးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိပြီးသွားပါပြီ”

ခရီးသည်သည် ကူးတို့ဆရာကို နှုတ်ဆက်က သူလာရာအရပ်သို့ ပြန်လည်ထွက်ခွာသွားလေသည်။ ကူးတို့ဆရာသည် ဓားကိုကောက်ကိုင် လိုက်သည်။ ၀ါးနှီးပြားကလေးများကို ဆက်လက်ဖြာနေသည်။ တဲအတွင်း ဖိုးထားသောမီးဖိုမှ မီးခဲများသည် ရဲရဲတောက်ကာ နီမြန်းလျှက်။ မြစ်သည် အစဉ်မပြတ်သောအလျဉ်ဖြင့် ပြောင်းလဲစီးဆင်းနေမြဲ…. ရှေ့ကို။

[ဆရာကြီး ရာဟုလာသံကိစ္စည်း၏ စာများနှင့် မိတ်ဆက်ပေးသူ ဒိဗျာ၊ ပန်းပုဆရာ ၀တ္တုများကို ဗမာမှုပြုအသက်သွာင်းပေးခဲ့သူ ကွယ်လွန်သူ “ဆရာပါရဂူ” အမှတ်တရ ရေးပါသည်။]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)