Ashin Dhamma Piya – လမ်းဆုံးမရှိတဲ့ ဒီခရီး

June 29, 2012

လမ်းဆုံးမရှိတဲ့ ဒီခရီး

ဒေါက်တာဓမ္မပိယ၊ ဇွန် ၂၉ ၊ ၂၀၁၂

ဆူပူမှုများရဲ့ အရင်းခံ

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်မှုတွေ ဆူပူမှုတွေ ကမ္ဘာ့နေရာအနှံ့အပြားမှာ တိုးပွားနေခြင်းပါ။ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေ များလာလေလေ ငြိမ်းချမ်းရေးစကားကို ပြောလာသူတွေလည်း ပိုမိုများပြားလာ ခြင်းပါ။ ကမ္ဘာ့အရပ်ရပ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်သလို၊ ပြည်နယ် ဒေသတွေမှာဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာလည်း တိုင်းပြည်ရဲ့စီးပွားရေး၊ ငြိမ်းချမ်းရေးများကို ထိခိုက်ပျက်စီးနိုင်ခြင်းပါ။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးဟာ မည်မျှအရေးပါကြောင်း ပြည်သူ၊ ပြည်သားများ သဘောပေါက်ထားကြမယ်ဆိုရင် … တိုင်းပြည်တွင်းမှာ နေသူအချင်းချင်း (တရားဝင် နေထိုင်ခွင့်ရှိသူ အချင်းချင်း) သူနဲ့ငါအကြား ခွဲခြားဆက်ဆံလိုတဲ့စိတ်ထားတွေ၊ လူမှုရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေးများအပေါ်မှာ ခွဲခြားဆက်ဆံခံနေရ၍ မကြေနပ်မှုမှ ဆင့်ကဲဖြစ်ပေါ်လာတဲ့ အမုန်း တရားတွေ၊ ဒီမိုကရေစီစနစ်ဖြင့် လူ့အခွင့်အရေးကိစ္စများကို ညှိနှိုင်းဖြေရှင်းပေးရာမှာ ပညာရေးအခြေခံများ မတူညီကြ၍ညှိနှိုင်းယူလို့မရနိုင်တဲ့ အတ္တမာနတရားတွေ၊ ဒါတွေဟာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်တဲ့ အကြောင်းတရားတွေဖြစ်လို့ ရှောင်ရှားကြရမှာပါ။

            ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့တိုင်းပြည်မှာ ငြိမ်းချမ်းရေးဟာ (ဒီမိုကရေစီ)စနစ်ရဲ့အသက်ဖြစ်လို့၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေသူများဟာ လက်နက်ဖျက်သိမ်း၍ ပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်ဆိုတဲ့ စိတ်သဘောထားအမှန်ကို သက်သေထူ ပြနိုင်ဖို့ပါ။ လူ့အခွင့်ရေးများကို တောင်းဆိုနေသူများ သတိပြုရန်အချက်တစ်ချက်မှာ ဒီမိုကရေစီစနစ်ဆိုတာ လမ်းဆုံးမရှိတဲ့ခရီးလိုပါ။ ဘာကြောင့်လဲဆိုရင် ပြည်သူ၊ ပြည်သားတွေရဲ့ လိုအပ်ချက်တွေ ရှိနေသေး သမျှကာလပတ်လုံး ဒီမိုကရေစီစနစ်ရဲ့ လမ်းဆုံးကို ရောက်နိုင်မှာ မဟုတ်လို့ပါ။

            အသွင်မတူတဲ့ အကျင့်စရိုက်ရှိသူတွေ၊ အမြင်မတူတဲ့ နိုင်ငံရေးမူဝါဒရှိသူတွေ၊ ကွဲလွဲနေတဲ့ အတွေး အမြင်ရှိသူတွေ၊ လွန်ကဲထူထဲနေတဲ့ အတ္တမာနရှိသူတွေ၊ ဒီလူတွေရှိနေသမျှကာလပတ်လုံး ဒီမိုကရေစီခရီးရဲ့ လမ်းဆုံးကို မရောက်နိုင်ပါ။ လူအခွင့်ရေးများကို လေးစားလိုက်နာခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပြည်သူတို့ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စုပေါင်းကာကွယ်ခြင်းစသည်တို့ကို ပြုလုပ်ပေးခြင်းဟာ ဒီမိုကရေစီစံနစ်ရဲ့ ပန်းတိုင်ကို ရောက်နိုင်အောင် စုပေါင်းဆောင်ရွက်နေခြင်းပါ။ ဒါကို ပြည်သူတွေ သိထားနိုင်ဖို့ပါ။

ပညာမျက်စိနှင့် စ

            “အို ယောက်ျား၊ ဤသို့သိလော့၊ မစောင့်စည်းသော အကုသိုလ်တရားတို့သည် ယုတ်မာသော သဘောရှိကုန်၏။ လောဘ ဒေါသ (အတ္တ မာန) တရားသဘောတို့သည် သင့်ကို ကြာမြင့်စွာ ဆင်းရဲစေခြင်းငှာ မနှောင့်ဖွဲ့စေကုန်လင့်။ ”(ဓမ္မပဒ ၂၄၈) မြတ်ဗုဒ္ဓရဲ့ အဆုံးအမလေးတစ်ခုပါ။

အသိဥာဏ်နည်းပါးတဲ့သူ၊ သို့မဟုတ် အသိဥာဏ်ကို ရှာမှီးခွင့်မရနိုင်ကြသူများရဲ့ဘ၀ဟာ သိခြင်းနှင့် မသိခြင်းကို ခွဲခြားသိနိုင်ဖို့ခက်ခဲနေခြင်းပါ။ ပညာနှင့် အ၀ိဇ္ဖာတို့အကြား ၀ိရောဓိဖြစ်နေတဲ့ တရားသဘောကို ဆန်းစစ်နိုင်ဖို့ ခက်ခဲနေခြင်းပါ။ ပညာဆိုတာ လောကီပညာ(လောကီစာပေ) ပဲဖြစ်ဖြစ်၊ လောကုတ္တရာပညာ (ဓမ္မစာပေ)ပဲဖြစ်ဖြစ် ကာလဒေသအလိုက် သုံးတတ်မှ တန်ဖိုးသင့်ဖြစ်နိုင်တာ။ ဓမ္မစာပေကို လူမှုရေးရာကိစ္စများ၌အသုံးပြု၍ ရနိုင်သလို၊ လောကီစာပေများကိုလဲ လူမှုရေးရာအဖြာဖြာတို့၌ အသုံးပြု၍ ရနိုင်ခြင်းပါ။

            လောကီပညာရေးဆိုရာမှာ (ဒီနေရာမှာ) ချောက်ချီးချောက်ချက် မူလတန်းအဆင့် ပညာရေးမျိုးကို မဆိုလိုပါ။ အမှန်ကို ထုတ်ဖေါ်ပြောဆိုရမည်ဆိုလျှင် မူလတန်းပညာရေးအဆင့်မှာ ကျောင်းသား၊ ကျောင်းသူများဟာ သေစာ ရှင်စာ ဖတ်တတ်ရုံမှလွဲပြီး တွေးခေါ်မျှော်မြင်နိုင်တဲ့ ပညာမျိုးကို မရနိုင်ကြသေးပါ။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကအစ အထက်တန်းပညာရပ်များကို ပြည်သူ၊ ပြည်သားများ အခမဲ့ သင်ကြားခွင့် မရနိုင်သေးသမျှကာလပတ်လုံး ထက်မြက်တဲ့အတွေးခေါ်များ ပြည်သူ၊ ပြည်သားများ ရနိုင်ကြဦးမည်မဟုတ်ပါ။ စီးပွားရေးရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးရာမှာပဲဖြစ်ဖြစ်၊ ပညာရေးရာမှာပဲဖြစ်ဖြစ် မစဉ်းစား၊ မတွေးခေါ်နိုင်သေးတဲ့ လူမျိုးဟာ ဘယ်သောခါမှ အဆင့်မှီမှီနေနိုင်တဲ့ အထက်တန်းဘ၀များသို့ ရောက်နိုင်ဦးမည်မဟုတ်ပါ။ တိုင်းပြည်ကို မြတ်နိုးသူများ စဉ်းစားနိုင်ဖို့ပါ။

ခေတ်ကို လက်လှမ်းမမီ

            လွန်ခဲ့တဲသုံးလေးရက်ခန့်က မင်္ဂလာဒုံ၊ ခရေပင်လမ်းခွဲအလွန် အမှတ်(၁)လမ်းမကြီးပေါ်မှာ မြက်ဖြတ်ဓားကိုယ်စီနဲ့ လမ်းကြီးတစ်လျှောက် မြက်ဖြတ်နေကြတဲ့ အလုပ်သမားတစ်စုကို အမှတ်မထင် တွေ့ခဲ့ရတယ်။ မြင်စမှာတော့ ၀မ်းနည်းမိသလိုလို၊ ဘယ်သူဘယ်ဝါကို အပြစ်တင်ရမလိုလို ဖြစ်မိပါရဲ့။ သူများနိုင်ငံများမှာဆို အဝေးပြေးလမ်းမပေါ်မှာ မြက်ဖြတ်ရင် ခေတ်ပေါ်မြက်ဖြတ်စက်တွေနဲ့ မြက်တွေကို ရိတ်ဖြတ်ကြတာ။ တို့နိုင်ငံနဲ့များကွာပဆိုတဲ့ အတွေးတစ်ခု။  သက်ဆိုင်သူများကို မြက်ဖြတ်စက်လေးလောက်မှ ၀ယ်မပေးနိုင်ကောင်းလားလို့ အပြစ်တင်လိုတဲ့ အတွေးတစ်ခု။ မြန်မာနိုင်ငံတော်ကြီး ဘယ်တော့များမှ ကမ္ဘာ့အဆင့်မီ နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာနိုင်မှာပါလိမ့်လို့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းစိတ်။ တခဏချင်းမှာပဲ တွေးစိတ်တွေစုံသွားတယ်။

တစ်ချိန်တည်းမှာပင် ကိုယ်တွေ့ အတွေ့အကြုံလေးတစ်ခုကို သတိရမိပြန်တယ်။ တခါက အလုပ်သမားတွေကို မြက်ရိတ်စက်နဲ့ သက်ဆိုင်ရာမှ ပေးသုံးထားတာကို တွေ့ဖူးထားလို့ပါ။ ဒါပေမဲ့ အလုပ်သမားများရဲ့ ပညာရေးဟာ အလွန်နိမ့်ကျနေလေတော့ မြက်ဖြတ်စက်တွေကို ၀ယ်ပေးထားလဲ ဘယ်ပုံ၊ ဘယ်နည်းဖြင့် သုံးစွဲရမယ်ဆိုတဲ့ အညွှန်းကိုလည်း မဖတ်တတ်၊ စက်တွေကို အသုံးပြုရာမှာ စက်ရဲ့ခံနိုင်ရည် အချိန်အခါကိုလည်း နားမလည်ဆိုတော့ မျက်ရိတ်စက်တွေ တာရှည်ခံအောင် မသုံးတတ်ကြတာ မဆန်းပါ။  နောက်ဆုံးတော့ မြက်ရိတ်ဓားနဲ့ပဲ ဒီသောင်ဒီကမ်းကို ပြန်ဆိုက်ရတဲ့အဖြစ်မျိုးကို  စဉ်းစားမိလို့ပါ။

စက်ပစ္စည်းများကို ၀ယ်ယူသုံးစွဲရာမှာ အာမခံချက်မရှိတဲ့ နိုင်ငံမျိုးဆိုတော့ စက်ပစ္စည်းရဲ့တန်ဖိုးက အလုပ်သမားများအတွက် တန်ဖိုးကြီးလွန်းနေသေးတယ်လို့ပဲ ဆိုရမှာပါ။ ဒီလိုစဉ်းစားမိပြန်တော့လဲ တွေးစိတ်မှာ အပြစ်တင်လိုတဲ့စိတ်တွေ ပျောက်ကွယ်သွားခဲ့တယ်။

ကံမပုံနဲ့ ဥာဏ်ကို ယုံကြ      

            ဆင်းရဲခြင်း၊ ချမ်းသာခြင်းတို့ဆိုတာ ဗုဒ္ဓဘာသာဝင်များအမြင်မှာတော့ အတိတ်ကံကြောင့်ပဲလို့ ပြောကြမှာပါ။ မမှန်ဘူးလားလို့မေးရင် မှန်သင့်သလောက်တော့မှန်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အခြား အကြောင်းတွေလည်း ဖြစ်နိုင်သေးတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်လို့ ထောက်ပြလိုခြင်းပါ။ အဲဒီအကြောင်း ကတော့ မြန်မာပြည်မှာ ပညာတတ်လူတန်းစားများ နည်းနေလို့ ဆင်းရဲသားလူတန်းစားများ များနေရ တယ်ဆိုတဲ့အချက်ပါ။ ဆင်းရဲချမ်းသာ ကွာခြားရခြင်း၏နောက်ကွယ်မှာ လျှို့ဝှက်ချက်ဆိုတာ ရှိကောင်းရှိ နေနိုင်ခြင်းပါ။ လူတိုင်းချမ်းသာချင်ပေမဲ့ မချမ်းသာနိုင်တဲ့လျှို့ဝှက်ချက်။ လူတိုင်းပညာတတ်ချင်ပေမဲ့ ပညာတတ် တွေဖြစ်မလာနိုင်တဲ့လျှို့ဝှက်ချက်။

ဒီလျှို့ဝှက်ချက်များနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တို့ကတော့ ကံတရား ကြောင့်ပဲလို့ လွယ်လွယ်ပဲဖြေကြမှာပါ။ ကံတရားကြောင့် ဖြစ်ရတယ်ဆိုတာကိုတော့ အကြမ်းဖျင်း လက်ခံ နိုင်ဖို့ပါ။ ဒါပေမဲ့ ချမ်းသာအောင်၊ ပညာတတ်အောင် ပြုလုပ်ပေးလို့ မရနိုင်ဘူးလားလို့ ဆက်လက်မေးလာခဲ့ရင် ဘယ်လိုဖြေကြမလဲ။ လူအခွင့်အရေးများကို တန်းတူရည်တူရအောင် ပြုလုပ်ပေးနိုင်မယ်ဆိုရင် ဆင်းရဲ၊ ချမ်းသာကွာခြားမှုဟာ နည်းမသွားနိုင်ဘူးလားဆိုတဲ့အမေး။ ဒီမိုကရေစီစနစ်ကို စနစ်တကျကျင့်သုံးတဲ့ တိုင်းပြည် အများစုဟာ တိုင်းသူပြည်သားများရဲ့ လူနေမှုအဆင့်တန်းများ မြင့်မားစေချင်တဲ့အခါ ပညာရေးအဆင့် အတန်းများကို ဦးစွာမြှင်တင်ပေးခြင်းပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တိုင်းပြု၊ ပြည်ပြု ခေါင်းဆောင်များ သတိတရားများ ရနိုင်ကြဖို့ပါ။

ပန်းတိုင်ဆီသို့ …

            တစ်ခါက နိုင်ငံရေးနဲ့စပ်ပြီး စာအုပ်ပေါင်း (၇)အုပ်ကို ရေးသားခဲ့တဲ့ ကာလီဖိုးနီးယားပြည်နယ်၊  ဆန်ဟိုဆေးမြို့၊ စတိတ်ယူနီဗာစီတီက ပရော်ဖက်ဆာတစ်ယောက်ကို မေးဖူးတယ်။ “ခင်ဗျားအမြင်ကို သိပါရစေ။ အမေရိကန်နိုင်ငံကြီးဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ ကမ္ဘာက စံထားရလောက်ရတဲ့အထိ ဖြစ်နေပြီဆိုတော့ ဒီမိုကရေစီစနစ်ကြီး အမေရိကန်နိုင်ငံမှာ အောင်မြင်ပြီလို့ ခင်ဗျားထင်လား” လို့ မေးကြည့်တဲ့အခါ သူက – “ဒီမိုကရေစီစနစ်ဆိုတာ ဘယ်တော့မှ ပန်းတိုင်မရောက်နိုင်တဲ့စနစ်တဲ့။” သူအကြောင်းပြတာကတော့ “ပြည်သူတွေရဲ့လိုအပ်ချက်တွေဟာ အမြဲတမ်းရှိနေမှာဖြစ်လို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေရှိနေသမျှ ဒီမိုကရေစီစနစ်ဟာ လိုအပ်သလို ဆောင်ရွက်ပေးရတာမို့ ဘယ်တော့မှ လမ်းဆုံးကို ရောက်မှာမဟုတ်ပါဘူး”တဲ့။  ဒီမိုကရေစီကို များစွာမျှော်လင့်နေကြတဲ့ ပြည်သူများ သိရှိထားနိုင်ဖို့ပါ။

အစွန်းရောက်တာက ခရီးမရောက်နိုင်

            မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် မကျင့်သုံးနိုင်သေးတော့ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး အစွန်းရောက်တဲ့ အဖွဲ့အစည်းတွေ၊ အစွန်းရောက်တဲ့ လူမျိုးစုတွေ၊ အစွန်းရောက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊  အစွန်းရောက်တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ အစွန်းရောက်တဲ့ ကိုယ့်ကျိုးစီးပွားရှာသူတွေ၊ ဒီမိုကရေစီ စနစ်ကို အကြောင်းပြပြီး ထင်ရာစိုင်းချင်တဲ့သူတွေ သတိမူနိုင်ကြဖို့ပါ။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတိုင်း အသွင်တူဖို့၊ အမြင်တူဖို့မလိုပါ။ လူမှာ ကိုယ်ပိုင်အသွင်တို့၊ ကိုယ်ပိုင်အမြင်တို့ဆိုတာ ရှိနေမှာပါ။ လိုအပ်တာကတော့ ဥပဒေကို လေးစားလိုက်နာပြီး၊ ဥပဒေနှင့်အညီ နေထိုင်ကြဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့် ရေးများကို လေးစားကြဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို အတူပူပေါင်းဆောင်ရွက်ကြဖို့ပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အစိုးရမို့ ပြည်သူတွေရဲ့ လူ့အခွင့်ရေးများကို ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းစွာနေလိုတဲ့ ပြည်သူများကို စောင့်ရှောက်ပေးနိုင်ဖို့ပါ။ ဒါကအဓိကပါ။

            ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ ပြည်သူတွေဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကို ပြည်သူ၊ ပြည်သားတွေ ကိုယ်တိုင်သိလာနိုင်ဖို့အတွက် နိုင်ငံတော်မှ ပညာပေးလှုံ့ဆော်မှုတွေ၊ စာပေးဟောပြောမှုတွေ၊ ကျောင်းသင်ခန်း စာတွေထဲမှာ စီဗစ်ခ် အက်ဒယူကေးရှင်းမျိုး (နိုင်ငံသားကောင်းတို့သိသင့်၊ သိထိုက်တဲ့ပညာရေးမျိုး)ကို ကျောင်း သင်္ခန်းစာ တစ်ခုအနေနဲ့ ထည့်သွင်းဖေါ်ပြ သင်ကြားပေးနိုင်ဖို့နဲ့ ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များမှလည်း နေစဉ်နေ့တိုင်း လွှင့်ထုတ်ပေးနိုင်ဖို့ပါ။

 ဖြစ်နိုင်ရင် ရုပ်မြင်သံကြားအစီစဉ်တစ်ခုအနေနှင့် ဒီမိုကရေစီဖေါ်ရမ် တစ်ခုကို စီစဉ်ပေးပြီး “ဒီမိုကရေစီနှင့် ပြည့်သူ့အမြင်၊ ဒီမိုကရေစီနှင့် ကျောင်းသား၊ ကျောင်းသူများ (ဆရာ၊ ဆရာမများအပါအ၀င်)ရဲ့အမြင်များကို လွှင့်ထုတ်ပေးခြင်း၊ တခါတရံမှာ ဒီမိုကရေစီနှင့်စပ်သော ဥာဏ်စမ်း ပုစ္ဆာများကို ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်စေခြင်း-စတဲ့ ပြီုင်ပွဲများကို ပြုလုပ်ပေးခြင်းမျိုးကို ပြုလုပ်ဆောင်ရွက်ပေးဖို့ပါ။ ပြည်သူ့အသံများကို ပြည်သူတိုင်းနီးနီး ပြန်လည်ကြားနိုင်အောင် ဆောင်ရွက် ပေးဖို့ပါ။ တချိန်ထဲမှာပင် နိုင်ငံခေါင်းဆောင်များကလည်း ပါတီစွဲမထားပဲ နိုင်ငံနဲ့လူမျိုးအတွက် စိတ် စေတနာ မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။

အားလုံးအတွက် ပညာရေး …

            နိုင်ငံတော်မှ ပညာရေးစီမံကိန်းများရေးဆွဲပြီး ပြုပြင်ပြောင်းလဲဖို့၊ စီမံကိန်းများကို ရေးဆွဲကြရာမှာ တက္ကသိုလ်ပညာရေးအတွက်ကိုသာ ပြုပြင်ရေးဆွဲပြီး၊ အောက်ခြေဖြစ်တဲ့ အခြေခံပညာရေးစီမံကိန်းများကို ထည့်သွင်းစဉ်းစားမပေးနိုင်ခြင်းဟာ တိုင်းပြည်အတွက် အဆုံးရှုံးကြီးတစ်ရပ်လို့ ဆိုရမှာပါ။

တက္ကသိုလ် ပညာရေးအတွက် ရေးဆွဲရာမှာ တက္ကသိုလ်စာသင်နှစ်များကို သုံးနှစ်မှလေးနှစ် (ရိုးရိုးဝိဇ္ဖာ၊ သိပ္ပံဘွဲ့များ)၊ လေးနှစ်မှငါးနှစ် (BED ဘွဲ့များ)၊ ငါးနှစ်မှ ခြောက်နှစ် (BE ဘွဲ့များ)၊ ခြောက်နှစ်မှခုနှစ်နှစ် (MBBS ဘွဲ့များ) စသည်ဖြင့် တက္ကသိုလ်ပညာရေးကို မြှင့်တင်ပေးထားခြင်းပါ။

သို့သော် အခြေခံပညာရေးကိုတော့ အရေးမပါလှဟု ခေါင်းဆောင်များ အထင်ရှိနေကြလေသလားမသိ မူလတန်းပညာရေးကိုသာ အခမဲ့ပညာရေး မျိုးဖြစ်စေပြီး၊ အလယ်တန်း၊ အထက်တန်းပညာရေးများကို အခမဲ့သင်ကြားခွင့်မပေးနိုင်ခြင်းဟာ တိုင်းပြည် အတွက် များစွာဆုံးရှုံနစ်နာ နေခြင်းကို အများပြည်သူများ သိနိုင်ကြမည်မဟုတ်ပါ။

တိုင်းပြည်တာဝန်ကို ထမ်းရွက်ကြသော ပြည်သူ့ဝမ်းထမ်းများကို အဆင့်သုံးဆင့်ထား၍ ခွဲခြားသတ်မှတ်ထားသင့်သည်ဟု ထင်မြင်ယူဆမိလို့ပါ။ တက္ကသိုလ်လယ်ဗယ်အဆင့်ရှိသော ၀န်ထမ်းများက အထက်တန်းလယ်ဗယ် (ဆယ်တန်း၊ ကိုးတန်းစသည်) ပညာရေးအဆင့်ရှိသောဝန်ထမ်းများကို ညွန်းကြားခြင်း (အထူးသဖြင့် စက်ရုံးအလုပ်ရုံများကို ရည်ညွှန်းပြောဆိုသည်)၊ အထက်တန်းလယ်ဗယ် အဆင့်ရှိသောဝန်ထမ်းများက မူလတန်းလယ်ဗယ် အဆင့်ရှိသောဝန်ထမ်းများကို ညွန်းကြားခြင်းမျိးသည် အဆင့်မကွာ၍ ညွန်ကြားရာ၌ အဆင်ပြေနိုင်လို့ပါ။

 မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အထက်နဲ့အောက်အကြား ခါးပြတ်နေသလို ဖြစ်နေခြင်းကို သတိမူနိုင်ဖို့ပါ။

မူလတန်းပညာရေးအဆင့်လောက်သာ သင့်ခွင့်ရှိသူက များလွန်းနေပြီး၊ ထိုမူလတန်း တက်ရောက်သူများမှ နောက်ဆုံးတက္ကသိုလ်များသို့ တက်ရောက်သင်ကြားနိုင် ခွင့်ရှိသော ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုံးဟာ ၂၀% ရာနှုံးထက်မပိုနိုင်ပါ။ (ယခုနှစ် ဆယ်တန်းအောင် ရာခိုင်နှုံးမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှာပင် ၃၃%ရာခိုင်နှုံးခန့်သာရှိကြောင်း သိရှိရသည်။ ထို့ကြောင့် မူလတန်းမှ တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရှိသော ရာခိုင်းနှုန်းသည် ထိုထက်နည်းဖွယ်ရာသာရှိသည်။)

ပညာရေး ခါးမပြတ်မှ လူလုံးလှမယ်

            ပညာတတ်နည်းသောလူမျိုးသည် လူနေမှုအဆင့်အတန်း နိမ့်ကျမည်ဖြစ်ပြီး၊ အထက်တန်းပညာကို သင့်ကြားခွင့်နည်းသော လူမျိုးများနေထိုင်သောနိုင်ငံသည် ပညာတတ်နည်းသော နိုင်ငံဟုဆိုရပေမည်။ ပညာတတ်နည်းသောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံမျိုးသာ အဖြစ်များသည်။ ပညာရှင်များ၊ တိုင်းပြည်ခေါင်းဆောင်များ သတိမူနိုင်ကြဖို့ပါ။

            ထို့ကြောင့် အထက်တန်းပညာကို မသင်မနေရပညာရေးမျိုးဖြစ်အောင်၊ အခမဲ့သင်ကြားခွင့်ရှိသော ပညာရေးမျိုးဖြစ်လာနိုင်အောင် တိုင်းပြည်ခေါင်းဆောင်များ အလေးအနက်ထား၍ စဉ်းစားပေးကြဖို့ပါ။  တိုင်းပြည်၏ဘတ်ဂျက်ကို မျှဝေသုံးစွဲရာ၌ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်ကို တိုးမြှင့်၍ သုံးစွဲသင့် သည်ဟုလည်း တင်ပြလိုခြင်းပါ။

တိုးတက်သောတိုင်းပြည်များ၌ ပြည်သူ၊ ပြည်သားများ ပညာတတ်များ ဖြစ်လာအောင်၊  ပညာတတ်များပြားလာအောင် အထက်တန်းပညာကို မသင်မနေရ ပညာရေးမျိုး၊ အခမဲ့ သင်ကြားခွင့်ရှိသော ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။

တိုးတက်သောတိုင်းပြည် များ၌ ငွေကြေးမတတ်နိုင်သူများကို တက္ကသိုလ်ကျောင်းများသို့ မတက်ရောက်နိုင်သောအဖြစ်မျိုး မရှိရ လေအောင် လခနည်းသောမိဘများ၏ သားသမီးများကို ပညာသင်ဆုနှင့် ပညာရေးထောက်မှုများ (Financial Aid) ကို ပေး၍ တက္ကသိုလ်များသို့ တက်ရောက်သင်ကြားစေခြင်းမျိုးကို ပြုပေးခြင်းသည် အတုယူဖွယ် ကောင်းသော မူဝါဒမျိုးပါ။ တိုင်းပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သားသမီးချင်း စာနာတတ်မည်ဆိုလျှင် ပညာရေးပေါ်လစီကို ပြန်လည်းပြင်ဆင်ပေးသင့်ပါကြောင်း တိုက်တွန်းလိုက်ခြင်းပါ။

ရှိပြီးသားတွေကို အားပေးပါ၊ အစက ပြန် မစချင်ပါနဲ့
            ကျောင်းသား၊ ကျောင်းသူများ အထက်တန်းပညာကို အခမဲ့သင့်ကြားခွင့်များ ရရှိနိုင်အောင် ဘက (ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ)မှလည်း ပါဝင်ကူညီပေးသင့်ခြင်းပါ။ တွဲဖက်အထက်တန်းကျောင်း များဖြစ်လာအောင် နိုင်ငံတော်ပညာရေးဝန်ကြီးဌာနသို့လျှောက်ထားခြင်း၊ ဘကကျောင်းအချင်းချင်းလည်း ကျောင်းသား၊ ကျောင်းသူများ၏ပညာရေးအတွက် အကူညီများပေးခြင်း၊ နိုင်ငံတော်မှ သတ်မှတ်ထားသော ပညာရေးစံချိန်၊ စံနှုန်းများကိုမှီနိုင်အောင် နီးစပ်ရာ အစိုးရအထက်တန်းကျောင်းများနှင့် တွဲဖက်အထက်တန်း ကျောင်းပြုလုပ်၍ဖြစ်စေ (သို့မဟုတ်) အထက်တန်းကျောင်းများဖွင့်၍ဖြစ်စေ ပညာများကို သင်ကြားပေးနိုင်ဖို့ပါ။ ထိုသို့ပြုလုပ်ပေးနိုင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံရဲ့ပညာရေးစံနစ်သည် ကမ္ဘာနိုင်ငံများနှင့် ရင်ဘောင်တန်းလာနိုင် ဖို့ပါ။ ထိုသို့ပြုလုပ်မပေးပဲ တက္ကသိုလ်အဆင့်မျှလောက်ကိုသာ ပညာရေးအဆင့်အတန်းများကို တိုးမြှင့်ပေးမည် ဆိုလျှင် ပညာရှင်အနည်းစုသည် ပညာမဲ့အများစုအတွက် နိုင်ငံတော်ကို ကိုယ်စားပြုနိုင်မည်မဟုတ်ကြောင်း သဘောပေါက်နိုင်ကြဖို့ပါ။
            သမိုင်းတစ်လျှောက်လုံး နိုင်ငံတော်ရဲ့ပညာရေးစနစ်များကို ကူညီပံ့ပိုးခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပြန်လည်ရှင်သန်လာနိုင်အောင် နိုင်ငံတော်မှလည်းကောင်း၊ ရဟန်းရှင်လူ ပြည်သူ၊ ပြည်သားများမှလည်းကောင်း စုပေါင်းဆောင်ရွက်ပေးကြဖို့ပါ။ ငါ့ဖို့မပါလို့ ဆောင်ရွက်မပေးချင်တာမျိုး မဖြစ်ရလေအောင် သတိမူနိုင်ကြဖို့ပါ။ နိုင်ငံတော်အရေးသည် ပြည်သူ၊ ပြည်သားများအရေးဖြစ်ကြောင်းကို ထပ်တလဲလဲပြောနေရမဲ့ အချိန်အခါမျိုးလည်းမဟုတ်တော့ပါ။ တိုင်းပြည်ကြီး တိုးတက်လာနိုင်ဖို့အတွက် ပညာရေးကဏ္ဍ၌ အရင်းအနှီးမြှုပ်နှံထားခြင်းသည် ဆယ်ဆပွားသော အတိုးအညွန့်များ၊ အကျိုးအမြတ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်သူ၊ ပြည်သားများ ကြိုတင်သိမြင်နိုင်ဖို့ပါ။ “ပညာမြှင့်မှ လူမျိုးတင့်” နိုင်သည်ကို ရဟန်းရှင်လူများသည် (နိုင်ငံနဲ့လူမျိုး၊ ဘာသာနဲ့သာသနာအတွက်) လေးလေးနက်နက် စဉ်းစားပေးကြဖို့ မေတ္တာဖြင့် တိုက်တွန်းနေခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
(ဓာတ်ပုံ – ငါးကျမ်းပြန်ကျောင်းတိုက်၊ မေတ္တာနန္ဒာ ဖောင်ဒေးရှင်းနဲ့ ပညာဒါနစာသင်ကျောင်းများ ထူထောင် ဆောင်ရွက်နေသည့်၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါရဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ်က ဧည့်ပါမောက္ခဆရာတော် အရှင်ဓမ္မပီယ ကို ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်း ကယ်ဆယ်ရေးခရီးစဉ် တခုတွင် တွေ့ရသည့် ပုံဖြစ်သည်၊ (မိုးမခ))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to Ashin Dhamma Piya – လမ်းဆုံးမရှိတဲ့ ဒီခရီး

  1. Human Rights. on June 29, 2012 at 10:58 pm

    Ahshin Dhamma Piya, Tin Ba Phayar,this article is good ,and need to be use by every body,who are willing to walk the genuine way in Democracy. I am really appretiate,and refer to follow as your article mentioned.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments