သန်းဝင်းလှိုင် – မြန်မာ့ရိုးရာ စစ်တုရင်

November 16, 2013
မြန်မာ့ရိုးရာ စစ်တုရင်
သန်းဝင်းလှိုင်
နိုဝင်ဘာ ၁၆၊ ၂၀၁၃

မင်္ဂလာသဘင်၊ စစ်တုရင်နှင့်
သေနင်္ဂစာ၊ စစ်ဖွယ်ရာဖြင့်
ဗျူဟာစက္ကိ ၊ သုံးသွယ်ညိုသား
က၀ိလက္ခဏာ၊ နည်းသုံးဖြာတွင်
သိသာပြက်ပြက်၊ သချာင်္တွက်သော်
ရှစ်ကွက်စွဲမှီ၊ ရှစ်ပြန်လီ၏
အညီချပေး၊ ခြောက်ဘဲ့လေးတိ
ပုံရေးသားနား၊ သစ်ပျဉ်ပြားထက်
ဝမ်းပါးဖွယ်ပင်၊ စစ်တုရင်ကား
ပျော်ရွှင်စေဘို့၊ ဤကဲ့သို့တည်း။
သေနင်္ဂဗျူဟာပျို့
ရှေးမြန်မာမင်းတို့သည်  ရိုးရာယဉ်ကျေးမှုလည်းဖြစ်၊ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံများ စသည့် သေနင်္ဂဗျူဟာ စစ်ပညာတစ်ရပ်လည်းဖြစ်သော စစ်တုရင်ကစားနည်းကို ကစားရင်း သေနင်္ဂဗျူဟာ ကြွယ်ဝစေရန် လေ့လာလိုက်စားခဲ့ကြသည်။
မှန်လေသည်။ စစ်တုရင် ကစားခြင်းသည် အပျင်းပြေစေခြင်း၊ ထိုးထွင်းဥာဏ် ရင့်ကျက်စေခြင်းသာမက စစ်သေနင်္ဂဗျူဟာနှင့် စစ်ပရိယာယ်များ ကျွမ်းကျင်ကြွယ်ဝအောင် လေ့ကျင့်ရာဟု ယူဆသည့်အလျောက် ရှေးအခါမှစ၍ မင်းဧကရာဇ်များ ၊ စစ်သူကြီးများ၊ မှူးမတ်သေနာပတိများ အတတ်ပညာ တစ်ခုအနေဖြင့် ကစားခဲ့ကြပြီး မျက်မှောက်ကာလတွင်လည်း နိုင်ငံ့ခေါင်းဆောင်များ ၊ သံတမန်များနှင့် စစ်ရေးပါရဂူများ အလေးထား ကစားခဲ့ကြသည်။
စစ်တုရင် ကစားနည်းကို ကမ္ဘာအရပ်ရပ် ၊ ဒေသအသီးသီး၌ ကစားလာခဲ့သည်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀၀ ကျော်ခဲ့ပြီဟု ယူဆကြသည်။
မြန်မာ့ စစ်တုရင်
မြန်မာ့စစ်တုရင် ကစားနည်းသည် ပုဂံခေတ် (အေဒီ ၁၀၇ မှ ၁၃၆၈ အထိ) ကပင် ရှိခဲ့သည်ဟု ဆိုကြသည်။ မြန်မာစစ်တုရင် ကစားနည်းသည် နိုင်ငံတကာ စစ်တုရင်ကစားနည်းနှင့်လည်းကောင်း၊ အခြားတိုင်းပြည်များမှ ကစားနည်းများနှင့်လည်းကောင်း မတူ ခြားနား၍ ရှေးမြန်မာတို့၏ စစ်ဗျူဟာကို ထင်ဟပ်နေသော ကစားနည်းတစ်ခု ဖြစ်သည်။
စစ်တုရင်ကို “မြန်မာအဘိဓာန်” စာ ၁၀၈ ၌ “အကွက်ချထားသော ပျဉ်တွင် ငှက်ရုပ်၊ မြင်းရုပ်၊ မင်းကြီးရုပ် စသည်တို့ဖြင့် ၄၆ ဦး ယှဉ်ပြိုင်ကစားရသော ကစားနည်းတစ်မျိုး” ဟူ၍ အနက်ဖွင့်ဆိုထားသည်။ အဘိဓါန် ဋီကာ၌မူ “စတုရင်္ဂဿ၊ စတုရင်ပေ၊ ယခုကာလ၌ စစ်တုရင်ဟု ခေါ်ဝေါ်ကြ၏” ဟု ဖွင့်ဆို၏။ သို့ဖြင့် စစ်တုရင်ဟူသည်မှာ စတုရင်္ဂဿ ဟူသော ပါဋိတော် စတုရင်မှ “စစ်တုရင်” ဟု ပြောင်းလဲ ခေါ်ဆိုကြောင်း သိရ၏။ စတုရင်္ဂ ဟူသည်မှာ စစ်၏ အင်္ဂါအစိတ်အပိုင်း လေးပါးဖြစ်၏။ ယင်းတို့မှာ (၁)ဟတ္ထီ – ဆင်တပ် (၂) အဿ – မြင်းတပ် (၃) ရထ – ရထားတပ် (၄) ပတ္တိ – ခြေလျင်တပ်တို့ ဖြစ်ကြကုန်၏။ ဤ အစိတ်အပိုင်း အင်္ဂါလေးပါးကိုပင် စတုရင် သို့မဟုတ် စစ်တုရင် ဟု ခေါ်ကြခြင်း ဖြစ်သည်။ အချို့ကလည်း စစ်တုရင်ဟု ခေါ်ဝေါ်ကြ၏။ စစ်တုရင်မှာ စစ်တိုက်တမ်း ကစားခြင်းပင် ဖြစ်၏။ အပျင်းအပြေ အပျော်အပါး ကစားယင်း စစ်ပညာသင်ကြားသော ကစားနည်းဖြစ်၍ စိတ်ဝင်စားဖွယ် ကောင်းလှပါ၏။ မြန်မာတို့၏ အစဉ်အလာ ရိုးရာယဉ်ကျေးမှုလည်းဖြစ်၍ မြန်မာလူမျိုးတိုင်းပင် ကောင်းစွာ သိသင့်ပေသည်။ လက်ဝဲသုန္ဒရအမတ်ကြီး သည် “သေနင်္ဂဗျူဟာပျို့” ကို ဖွဲ့ဆိုရာတွင် သေနင်္ဂဗျူဟာနှင့် စပ်လျဉ်းသော ဤစစ်တုရင် ကစားနည်းကိုလည်း ထည့်သွင်းဖွဲ့ဆိုခဲ့သည်။
မင်းတို့က္ကုနြေ္ဒ ၊ ငြိမ်သက်စေမူ
မင်းနေသဘင် ၊ စစ်ဝမ်းတွင်း၌
စီရင်စစ်ကဲ၊ စွမ်းဆောင်ရဲရင့်
လက်ဝဲလက်ယာ၊ ဆီးကွယ်ကာလျက်
လျှပ်ဝါညီးညီး၊ မင်းထံဦးတွင်
နှစ်စီးဆင်ရံ၊ မြင်းစစ်ပွဲနှင့်
စစ်ခံရထား၊ လွန်ပေါ့ပါးသား
စစ်ဖျားခြေလျင်၊ စွန်းစွန်းတင်မှ
ရှစ်ခွင်ဒိသာ၊ မင်းပိုင်ရာ၏
စစ်တုရင် ကစားရာမှာ တဖက်လျှင် မင်းကြီးရုပ်တစ်၊ စစ်ကဲရုပ်တစ်၊ ဆင်ရုပ်နှစ်၊ မြင်းရုပ်နှစ်၊ ရထားရုပ်နှစ်၊ နယ်ရုပ်ရှစ်ပေါင်း (၁၆) ရုပ်ဖြင့် (၆၄) ကွက် ရှိသော ပျဉ်တွင် လူနှစ်ဦး ယှဉ်ပြိုင်၍ ထိုးကြရ၏။
အရုပ်တို့ကို ထားရာမှာ သေနင်္ဂဗျူဟာ အင်္ဂါ ခုနှစ်ပါး အတိုင်းပင် ဖြစ်၏။ ထိုအင်္ဂါ ခုနှစ်ပါးမှာ (၁) စစ်ဦးခေါင်း (၂) စစ်ရင်၊ (၃) စစ်ပုခုံး (၄) စစ်ဝမ်း (၅) စစ်နံ (၆)စစ်ကျောက်ကုန်း (၇) စစ်ခံ တို့ ဖြစ်ကုန်၏။ ဤနည်းကို မှီးပြီး အရုပ်တို့ကို စစ်မြေပြင် အကွတို့မှာ ဆင်ထားရ၏။
တပ်တာ ဗိုလ်ထဲ၊ အဏာစွဲကာ
စစ်ကဲလေးထောင့်၊ ရန်မမှောင့်သော်
ထိန်းစောင့်ဆိုင်နက်၊ နယ်သွားကွက်မူ
ရှေးထက်ထောင့်စား၊ လှည်းယာဉ်သွားသို့
ရထားစင်္ကြာ၊ လေးမျက်နှာကို
လိုရာအရပ်၊ ထုတ်ချင်းခတ်သော့
မြင်းတပ်စုမှာ၊ ကြည့်ဖွယ်အလျှင်
မြင်းခွာစိုင်းခုန်၊ စွမ်းအားဟုန်ဖြင့်
ပြောင်မုန်ညှင်းပြည့်၊ ရှေ့တည့်တည့်နှင့်
လှည့်လည်ဆီဆိုင်၊ လေးထောင့်ပိုင်စိမ့်
တူပြိုင်စကား၊ ချိန်းချက်ထားမှ
ကစားတော့မည်၊ အတည်တည်ကို
စိတ်ရည်မဖောက် ၊လဲလှယ်ကောက်၍
တစ်ယောက်တလီ၊ စစ်ဦးချီသည်
ကိုယ်စီ ၊ တင့်တင့်တည်း။
ဤကား စစ်ချီနည်းကို ပြသော လင်္ကာဖြစ်၏။ သေနင်္ဂဗျူဟာ၌ စစ်ချီနည်း လေးမျိုးကို ပြဆိုထား၏။ ယင်းတို့မှာ (၁) ဒဏ္ဍဗျူဟာ (၂) ပါသာဒဗျူဟာ (၃) စင်္ကောဋဗျူဟာ (၄)မုဒိင်္ဂဗျူဟာ တို့ ဖြစ်၏။ ထိုတွင် –
(၁) ဒဏ္ဍဗျူဟာဆိုသည်မှာ စစ်ဖျား၊ စစ်လယ်၊ စစ်နောက် အညီအမျှ ချီခြင်းဖြစ်၏။ ဒဏ္ဍဟူသည်မှာ တုတောင်ဝှေးဖြစ်ရာ ယင်းသို့သော စစ်ချီနည်းပင် ဖြစ်၏။ တုတ်ချောင်းသဖွယ် ချီတက်ခြင်းတည်း။
(၂)ပါသာဒ ဗျူဟာဆိုသည်မှာ ရှေ့စစ်ဖျားသွယ်၍ နောက်စစ်အားကြီးစွာ ချီခြင်းဖြစ်၏။ ပါသာဒ ဟူသည်မှာ ပြာသာဒ်ဖြစ်၍ ယင်းသို့သော စစ်ချီနည်းပင် ဖြစ်၏။
(၃) စင်္ကောဋဗျူဟာဆိုသည်မှာ ပန်းတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ်အား တရွေ့ရွေ့ ငယ်သွားသော စစ်ချီခြင်း ဖြစ်၏။
(၄) မုဒိင်္ဂဗျူဟာဆိုသည်မှာ မုရိုးစည်ကဲ့သို့ စစ်ရင်းဖျားသေး၍ အလယ်က အင်အားကြီးစွာ ချီခြင်း ဖြစ်၏။
ဤစစ်ချီနည်း လေးမျိုးတို့တွင် တနည်းနည်းဖြင့် ချီတက်ရ၏။
စစ်လျှင် သမုတ်၊ သောသောရုတ်မျှ
ကတုတ်ရံဝန်း ၊ ကပ်နေလွန်းလို့
တပ်စွန်းကိုရွယ်၊ သူ့တပ်ဆွယ်၍
တို့နယ်ရပ်ဘီ၊ သူ့တပ်ချီသော်
အစီအရင်၊ စစ်ဦးထင်၍
နယ်လျှင် နယ်ချင်း၊ မြင်းမှာမြင်းပင်
ဆင်မှာဆင်ရဲ၊ စစ်ကဲတော်မည်
အသင့်ရည်လျက်၊ အခြည်အ၀ါ
အရာအရေး၊ အတွေးအထင်
အလျင်အမြန်၊ အမြန်အချ
တို့ဘက်ကလျှင် ၊ တပ်မရံပြိုင်
ကြံ့ကြံ့ခိုင်လည်း၊ ၀မ်းလှိုင်လည်ရွှဲ
စစ်နံထဲသို့၊ ဖောက်စွဲဟန်လို
သူ့တပ်ခိုမှ ၊ စစ်ကြိုနည်းချ
စွန်းစွန်းလာ၍၊ အသာရက်ရက်
သူကဖျက်လိမ့်၊ ယွင်းကွက်လောင်လင်
မမြော်မြင်ဘဲ၊ ယင်းတွင်တဆစ်
သတိလစ်မှ၊ သူ့စစ်မြိုင်မြိုင်
တို့စစ်ယိုင်မူ၊ ဆိုင်ပြိုင်ထွေးယှက်
အရေးခက်လိမ့်၊ နယ်ထွက်နယ်ဝင်
စစ်ရေးငင်လျက်၊ မြင်းဆင်ရထား
အခြားခြားကို၊ ပါးသားနေစောက်
စွဲကိုင်ကောက်က၊ တယောက်စိတ်ထင်
တယောက်မြင်သည်
စစ်ဆင်ဆိုင်းဆိုင်း လင့်လင့်တည်း
ဆိုခဲ့ပြီးသော စစ်ချီခြင်း လေးမျိုးတို့တွင် တမျိုးမျိုးဖြင့် စစ်ချီတက်ရာတွင် ရန်သူနီးကပ်၍ လာသဖြင့် စစ်ထိုးမည်ပြုလျှင် သူတစ်ပါးစစ်တပ်ကို (၁) စန္ဒဗျူဟာ နှင့် (၂) ပဘင်္ကရဗျူဟာနှစ်ပါးတွင် တပါးပါးဖြင့် ကပ်ရမည်။ ထို့တွင် –
(၁) စန္ဒဗျူဟာ စစ်ကပ်နည်းမှာ လမင်းကို ကြယ်နက္ခတ် ခြံရံသကဲ့သို့ပင် အလယ်က နေ၍ စစ်သည်ဗိုလ်ပါဝန်းရံလျက် ချဉ်းကပ်လာခြင်း ဖြစ်၏
(၂) ပဘင်္ကရဗျူဟာ ဆိုသည်မှာ ကြယ်နက္ခတ် မခြံရံသော နေမင်းကဲ့သို့ မင်းသည် ရှေ့တည့်တည့်က နေလျက် စစ်သည် ဗိုလ်ပါတို့သည် နောက်မှနေ၍ မင်းရှိရွာသို့ ရှေ့ရှုလိုက်စေပြီး ချဉ်းကပ်ခြင်း ဖြစ်၏။
နေလ နှစ်ပါးအသွင် စစ်ကပ်ခြင်း ဖြစ်၏။ စန္ဒဗျူဟာမှာ လ စစ်ကပ်ခြင်း ဖြစ်၍ ၊ ပဘင်္ကာရ ဗျူဟာမှာ နေစစ် ကပ်ခြင်း ဖြစ်၏။ ဤ နှစ်နည်းတို့တွင် တနည်းနည်းဖြင့် ရန်သူစစ်သို့ ချဉ်းကပ်ရ၏။
နှစ်ဦးနှစ်ပြင်၊ စစ်သဘင်ဝယ်
အတင်အယှက်၊ ချီကြထွက်၍
တဖက်စွန်းလှယ်၊ တို့ကနယ်ကို
ခန့်ရွယ်ဆီဘ၊ ဆိုင်မြိုင်ကြသော်
တောင်ပြမြောက်ပြင်၊ လမ်းတပြင်၌
စိုင်းနှင်ကြော့ကြော့ ရထားဆော့မူ
သိန္ဓောခွာသံ၊ တချက်ညံက
မခံညွတ်ယိမ်း၊ ခြောက်ခြိမ်းလှယ်ဖယ်
တသွယ်သွယ်နှင့်၊ ပုံလယ်ကိုယ်တွင်း
သူကချင်းမူ၊ မင်း၏နံပါး
အတူသွားလျက် ၊ ရထားနှစ်သွယ်
မြင်းချက်ရွယ်သော်၊ ညာမယ်တိမ်းယိမ်း
တပ်ကိုထိန်းလိမ့်၊ မကြိမ်းမ၀ါး
ဥာဏ်ကျက်စား၍၊ ရထားတက်သက်
စစ်ချင်းယှက်ကာ၊ မြင်းချက်ဆင်ချက်
ရထားကွက်နှင့် နယ်ထက်နယ်မြေ
မန္ဒရေးတို့၊ စစ်ရေးငင်ဖွယ်
အသွယ်သွယ်နှင့်၊ မင်းဝယ်ကပ်မှီ
သူ့တပ်ဆီသို့၊ သီရိစောင်းလှည့်
ဓါတ်ပုန်းကြည့်မှ၊ အထည့်အထင်
အမြင်အပြု၊ အမှုမဆောင်
သေဘော့ဘင်လျှင်၊ စွဲနှောင်းသတိ
စားဝါးမိ၍၊ မျက်စိမှောက်မှား
တဖက်သားကို ၊လှည့်စားဘိမူ
နိုင်ပွဲသူသည်
နိုင်သူစိတ်ထား မြင့်မြင့်တည်း။
စစ်ကပ်နှစ်ပါးတွင် သင့်လျော်ရာ တပါးပါးဖြင့် ချဉ်းကပ်ပြီးလျှင် ရန်သူ၏ စစ်ခံကိုကြည့်၍ (၁)ဒိက ဒိပ္ပဗျူဟာ (၂) ၀ါရိထေဗျူဟာ (၃) ဥသကာဗျူဟာ (၄) စနုဗျူဟာ (၅) မကရဗျူဟာ (၆) ဘူဇာကဗျူဟာ ဟူသော စစ်ထိုးခြင်း ခြောက်ပါးတို့တွင် တပါးပါးဖြင့် စဆောင်၍ ထိုးရမည်။ ရန်သူက စစ်ထိုးလာလျှင်လည်း (၁) နဒီစရဗျူဟာ (၂) ၀ဇ္ဇိကဗျူဟာ (၃)သကဋဗျူဟာ (၄) မစုံ န ဗျူဟာ (၅)စင်္ဂပါဒဗျူဟာ (၆) ဥက္စနဗျူဟာ ဟူသော စစ်ခံခြောက်ပါးတို့တွင် တပါးပါးဖြင့် ခံရမည်။
ဒိဇာဒိပ္ပဆိုသည်မှာ  ရန်သူက သကဋဗျူဟာ စစ်ဆင်၍ ခံသည်ကို အလယ်တပ်မ၌ ရှင်ဘုရင်နေ၍ လက်ဝဲလက်ယာ ဂဋုန်ထောင်ကဲ့သို့ ဖြန့်၍ တိုက်ခြင်းဖြစ်၏။ ရန်သူ့တပ်က ဥဒ္စနဗျူဟာဖြင့် စစ်ခံသည်ကို ဥသကဗျူဟာဖြင့် စစ်ဆင်၍ ထိုးရမည်။ ဥဒ္ဒနဗျူဟာ ဆိုသည်မှာ စစ်တပ်ကို သုံးစုခွဲ၍ ဖိုခနောက် သုံးလုံးကဲ့သို့ စစ်ခံခြင်း ဖြစ်၏။ ဥသကဗျူဟာမှာ နွားလားဥသဘသည် ဦးတည်မိရာ တဟုန်တည်း လိုက်၍ဝှေ့သကဲ့သို့ စစ်ဦးတည်မိရာ တဟုန်တည်း မရပ်မဆိုင်း လိုက်၍စစ်ထိုးခြင်း ဖြစ်၏။ ရန်သူ့တပ်က နဒီစရဗျူဟာ စစ်ဆင်၍ ခံသည်ကို ပြင်းစွာသော ရေအဟုန်ကဲ့သို့ တလုံးတခဲတည်း မကွဲမပြားဘဲ ဖိဖိစီးစီး စစ်ထိုးခြင်းကို ၀ါရိဝေဂဗျူဟာ ဆို၏။
နဒီစရဗျူဟာ စစ်ခံဆိုသည်မှာ မြစ်ကို ဖြတ်သန်း၍ ကူးသွားသော တံတားကဲ့သို့ ရင်ဘောင်တန်း၍ ခံခြင်း ဖြစ်၏။ ရန်သူ့တပ်က ၀ဇ္ဇိကဗျူဟာဆင်၍ စစ်ခံသည်ကို ပြင်းစွာသော ရေအဟုန်ကဲ့သို့ စစ်ထိုးခြင်းကို  ၀ါရိဝေဂဗျူဟာ ဟု ခေါ်၏။ ၀ဇ္ဇိကဗျူဟာမှာ အလယ်တပ်မှနေ၍ ၀ဲယာနှစ်ဖက် ကင်းလက်မထောင်သကဲ့သို့ ခံခြင်း ဖြစ်၏။ ဤခံစစ်ကို စင်္ဂပါဒဗျူဟာဖြင့်လည်း စစ်ထိုးနိုင်၏။ စစ်ထိုးမှာ စစ်ခံကို ကြည့်၍ ထိုးရ၏။ ရန်သူ့တပ်က စင်္ဂပါဒဗျူဟာ ဟူသည်မှာ နောက်တတပ်ရှေ့က သုံးတပ်ထား၍ ကျီးခြေကဲ့သို့ စစ်ခံခြင်း ဖြစ်၏။ မကရဗျူဟာ ဆိုသည်မှာ မကန်းကွက်ကဲ့သို့ လေးထောင့်လေးခု အလယ်တပ်မပြုပြီးလျှင် စစ်ဆင်၍ ထိုးခြင်း ဖြစ်၏။ ရန်သူ့တပ်က မဇ၀ နဗျူဟာ ဆင်၍ ခံသည်ကို စနဗျူဟာဆင်၍လည်း တိုက်ခိုက်၏။ စနဗျူဟာ ဆိုသည်မှာ ပျားအုံကဲ့သို့ စစ်ခံသည်နှင့်လျော်အောင် လေးကိုင်းသဏ္ဍာန် စစ်ဆင်၍ တိုက်ခြင်း ဖြစ်၏။
စစ်တုရင် ကစားနည်း
မြန်မာစစ်တုရင်ကို ကျားကစားသကဲ့သို့ အကွက်များချပြီးမှသာ ကစားနိုင်၏။  စစ်တုရင်ကွက်ကြီး တစ်ခုလုံးသည် အလျား၊ အနံ တူညီသော လေးထောင့်စပ်စပ် ဖြစ်၏။ စစ်တုရင်ခုံတွင် အလျားရှစ်ကွက်၊ အနံရှစ်ကွက် စုစုပေါင်း (၆၄) ကွက် ပါရှိသည်။ သို့သော် ထိုအကွက်များကို မည်သည့်အရောင်မျှ ခြယ်မထားပါ။ အဖြူတစ်ကွက်၊ အနီတစ်ကွက် စသည်မျိုး ခြယ်ဆင်ထားခြင်း မရှိ။
သို့ရာတွင် “စစ်ကဲရမျဉ်း” ဟူသည့် ကြက်ခြေခတ်မျဉ်းကြောင်း နှစ်ကြောင်းပါရှိသည်။ ထိုမျဉ်းကြောင်း နှစ်ကြောင်းသည် စစ်တုရင်ခုံ၏ ထောင့်များကို ဆက်သွယ်ရာက ဗဟိုတွင် ကြက်ခြေခတ် ဖိကြသည်။ မြန်မာစစ်တုရင်တွင် စစ်အင်္ဂါလေးပါးအတွက် အရုပ် ၁၄ ရုပ် နှင့် အုပ်ချုပ်ကွပ်ကဲသူ နှစ်ရုပ်ပါရှိသည်။ ယင်းတို့မှာ –
ရထားတပ် နှစ်တပ် (ကစားရာတွင် ရထားပင်ခေါ်၏)။
ဆင်တပ် နှစ်တပ်။
မြင်းတပ် နှစ်တပ်။
စစ်ကဲ တစ်ယောက်။
ဘုရင်တစ်ပါး
တို့ ဖြစ်ကြ၍ စုစုပေါင်း ၁၆ ရုပ် ပါဝင်သည်။
စစ်အင်္ဂါလေးပါး ဆိုသည့် အခေါ်အဝေါ်နှင့်လည်း လိုက်ဖက်၊ စစ်ကစားခြင်းနှင့် ညီညွတ်သော အရာများ ဖြစ်လေသည်။ မြန်မာတို့သည် စစ်တုရင် ကစားရာ၌ အားရှိပါးရှိ ဌာန်နှင့် မာန်နှင့် ကစားလေ့ ရှိသည့်အတွက် စစ်တုရင်ရုပ်များကို ယင်းကိုက်၊ မာလကာ၊ ပင်လယ်အုန်း စသည့် မာသော သစ်သားများဖြင့် ထုလုပ်တတ်ကြသည်။ အရုပ်များကို အနီနှင့် အနက်အဖြစ် အရောင်ခွဲခြားသည်။ အချို့သော စစ်တုရင် ခုံများတွင် မူတဖက်၌ ကျွဲချိုဖြင့် ပြုလုပ်သော အရုပ်နှင့် တဖက်တွင် ဆင်စွယ်ဖြင့် ပြုလုပ်သော အရုပ်များ ဟူ၍ ခွဲခြားထားသည်ကို တွေ့ဖူးလေ၏။
မြန်မာတို့၏ စစ်တုရင် ရုပ်များသည် အပီအသ ထုလုပ်ထားသောကြောင့် ကြီးမားသည်။ ခြေသည်သူရဲ (နယ်ရုပ်) ကို တစ်လက်မနှင့် တစ်မတ်အရွယ်ထား မောင်တိုဆောင်းထားသည့် လူရုပ်နှင့် တူအောင် ထုလုပ်ခဲ့ကြသည်။ မြင်းရုပ်ကို ခြေမှကျောအထိ တစ်လက်မနှင့် တစ်မတ်အရွယ် ထုလုပ်၍ ကကြီးတန်ဆာ စုံလင်စွာ ပါသည်။ စီးနင်းသော လူရုပ်ပါသည်လည်း ရှိ၏။ မပါဘဲလည်း ရှိ၏။ ဆင်ရုပ်မှာလည်း မြင်းနည်းတူ အစုံအလင် ထုလုပ်သည်သာဖြစ်၍ မြင်းထက် အနည်းငယ်ကြီးသည်။ တစ်လက်မနှင့် သုံးမူး အရွယ်ရှိ၏။ အရွယ်အစားမှာလည်း နှစ်လက်မနှင့် တစ်မတ်ရှိတတ်သည်။ စစ်ကဲရုပ်ကား နှစ်လက်မ၊ မတ်တင်း ရှိတတ်၍ ဓါးထမ်းလျက် ပုဆိုးဒူးထောက်ထိုင်နေဟန် ထုလုပ်လေ့ရှိသည်။ မင်းကြီးရုပ်မှာ သန်လျက်စွဲလျက် တင်ပျဉ်ခွေ ထိုင်နေပုံ ထုလုပ်တတ်ကြကာ အရွယ်အစားမှာ နှစ်လက်မခန့် ရှိတတ်သည်။
သို့ရာတွင် ကာလကြာသောအခါ အနောက်တိုင်း စစ်တုရင်နှင့် ဆင်တူရိုးမှား ကစားနည်းများ ၀င်ရောက်လာသည့်အတွက် မြန်မာတို့၏ စစ်တုရင်ရုပ်များလည်း ပုံသဏ္ဍာန် ပျက်ယွင်းလာသည်။ ထုလုပ်နေကျ ခြေသည်သူရဲမှာ “မောက်တို” သင်္ကေတသို့ ပြောင်းလဲသည်။ ထိုနည်းတူပင် စစ်ကဲမှာလည်း မောင်ရူ၊ မင်ကြီးမှာ တစ်စထောင်လာလုံးနှင့် သန်လျက်။ မြင်နှင့်ဆင်မှာလည်း ခါးပြတ်သွားကြတော့သည်။ မြန်မာစစ်တုရင်၏ စစ်အခင်းအကျင်းပုံကိုလည်း သိထားရန် လိုပေသည်။ မြန်မာတို့၏ စစ်တုရင်သည် ကိုယ်ပိုင်မူပါရှိသည့်အတွက် ဗဟိုကြက်ခြေခတ် စစ်ကဲရမျဉ်းပါရှိသည်။ အကွက် ၆၄ ကွက် ရှိရာတွင်လည်း သူ့ ၃၂ ကွက်၊ ကိုယ့် ၃၂ ကွက် ပိုင်သည်။ စစ်တုရင် ခုံ၏ရှေ့ထက်ဝက်သည် သူ့နယ်ဖြစ်၍ ထက်ဝက်သည် ကိုယ့်နယ် ဖြစ်၏။ ကိုပိုင်သော နယ်ထဲထဲတွင် ကိုယ့်တပ်ကို ကိုယ်ကြိုက်သလို စီစဉ်ချထားနိုင်ခွင့်၊ စစ်လည်ခွင့် ရှိသည်။
ဝါရင်စစ်တုရင် သမားကြီးများသည် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပွဲများအတွက် စစ်လည်ရာတွင်  အလွတ်မလည်ပါ။ စစ်တုရင်ခုံ၏ အလယ်မှ ကန့်လန့်ကာချလိုက်ပြီးမှ အရုပ်များကို “စစ်လည်” ပါသည်။ စစ်အင် ခင်းကျင်းသည်။ ကစားတော့မည် ၊ စတော့မည် ဆိုသောအခါမှ ချထားသော ကန့်လန့်ကာကို ဖယ်လိုက်သည်။ ထို့ကြောင့် အချို့သော ပုဂ္ဂိုလ်များမှာ ပြိုင်ဘက်လူ၏ ခင်းကျင်းစီစဉ်ထားပုံက ကိုယ့်ထက်ကောင်းမွန် သာလွန်လွန်းသည့်အတွက် တစ်ကွက်မျှ မရွှေ့ရဘဲ အရှုံးပေးလိုက်ကြရသည်။ ဤသည်မှာ စစ်ထည်ပုံ သာလွန်လျှင် မကစားရမီကပင် အနိုင်အရှုံးကို စကားပြောနိုင်သဖြင့် မြန်မာတို့၏ ရိုးရာ စစ်တုရင်တွင်သာ ရှိသည့် ထူးခြားမှု ဟု ဆိုရပေမည်။
အစဉ်အလာအရ ခံစစ် ရှစ်မျိုး ၊ ထိုးစစ် ရှစ်မျိုး ရှိသဖြင့် စစ်ထည်နည်း (၁၆) မျိုးဟု ခေါ်နိုင်ပေ၏။ ထိုးစစ်အတွက် စစ်ထည်ပုံ (၈) မျိုးမှာ –
(၁) မင်းပုန်း (မင်းကြီး ပုန်းဟုလည်း ခေါ်၏)
(၂) မြင်းဆက်
(၃) မြင်းလျင် (မြင်းယှဉ်)
(၄) မြင်းချိတ်
(၅) မြင်းထပ်
(၆) မြင်းခွ
(၇) အတွင်းစစ်ကဲပေါက်
(၈) ဆင်လျင် မြင်းခွ (ဆင်ယှဉ်၊ မြင်းခွ) တို့ ဖြစ်ကြသည်။
ထိုအခါ မင်းပုန်း ထိုးစစ်ကို မြင်းဘက်ဖြင့် ပြန်တိုက်သည်။ မြင်းဘက် ထိုးစစ်ကို မြင်လျင်နည်းဖြင့် ခံသည်။ မြင်းလျင်ထိုးလာသည်ကို မြင်းချိတ်ဖြင့် ခံသည်။ မြင်းချိတ်ဖြင့် ထိုးလာလျှင် မြင်းထပ်ဖြင့် လည်းကောင်း၊မြင်းခွကို အတွင်းစစ်ကဲပေါက်ဖြင့်လည်းကောင်း၊ အတွင်းစစ်ကဲပေါက်ကို ဆင်လျင် ဆင်ခွဖြင့် လည်းကောင်း၊ ဆင်လျင် မြင်းခွကို မြင်းခွဖြင့်လည်းကောင်း တုံ့ပြန်တိုက်ခိုက်သည့် ခံစစ်မှာလည်း ရှစ်မျိုးပင် ရှိသည်။
သို့ဖြစ်၍ မြန်မာတို့၏ စစ်တုရင်သည် တစ်ကွက်မျှ မရွှေ့ရမီကပင် နယ်ကုန်ယူထားကာ စစ်ထည်ထား နိုင်သည်။ ခြေသည်သူရဲ နယ်ရုပ်များမှာမူ ရှေ့ဆုံးမှ နေရငြား တစ်တန်းတည်း အပြည့်အညီ မဟုတ်ပေ။ လက်ယာနယ်ရုပ် (၄) ရုပ်သည် လက်ယာဘက်ရှိ စစ်ကဲရမျဉ်းကို ကျော်လွန်ရောက်ရှိနေသည်။ တစ်ရုပ်သာ စစ်ကဲရမျဉ်းပေါ်တွင် ရှိနေခဲ့သော နယ်ရုပ်များသည် နောက်ထပ် တစ်ကွက်ထိုးလိုက်လျှင်လည်း စစ်ကဲရ မျဉ်းပေါ်သို့ ရောက်ရှိသွားမည်။
စစ်ကဲရမျဉ်းဟူ၍ ထင်ရှားပြတ်သားစွာ ထားခြင်းမှာ နယ်ရုပ်များ ရောက်လာလျှင် စစ်ကဲပေးရန်အတွက် ဖြစ်သည်။ သို့ရာတွင် စစ်ကဲ ရှိနေသေးပါက အပြိုင်စစ်ကဲတောင်းခွင့်၊ တင်ခွင့်မရှိပါ။ စစ်ကဲတင်ခွင့် မရှိလျှင် ဆင်ပေးပါ၊ ရထားပေးပါ တောင်းရန် အကြောင်းလည်း မရှိပါ။ မျဉ်းကြောင်းအမည်မှာ “စစ်ကဲရမျဉ်း” ဖြစ်သည်။ အခြားစကားပြောရန် မလိုချေ။ ဤအချက်မှာလည်း အမျိုးသား စစ်တုရင်၏ စကားအပိုပြောရန် မလိုသော မူလ စည်းမျဉ်း ဥပဒေပင် ဖြစ်သည်။
စစ်တုရင်ရုပ်များ၏ လှုပ်ရှားစွမ်းမှာ ဤသို့ဖြစ်သည်။ နယ်သည် နောက်သို့ မရွှေ့ရပါ။ ရှေ့တည့်တည့်သို့လည်း အစအလယ်အဆုံး တစ်ကွက်သာ သွားနိုင်သည်။ ဆန့်ကျင်ဖက် အရုပ်သည် လက်ယာထောင့်နှင့် လက်ဝဲထောင့်တွင် ထိပ်တိုက်ရှိနေပါက စားနိုင်သည်။ မစားဘဲလည်း ထားနိုင်သည်။ ယခု မစားသေးသော်လည်း နောင်အခါ စားလိုသောအခါကျမှ စားလျှင်လည်း စားခွင့်ရှိသည်။
မြင်းသည် အရုပ်အားလုံးထက် ထူးခြား၏ မည်သည့်အရုပ်မျှ ကျော်လွှားသွားခွင့် မရှိပေ။ မြင်းမှာမူ ရှေ့နောက်ဝဲယာ သို့ “တံတောင်ဆစ်ကွေး” ပုံဖြင့် ခုန်ပျံကျော်လွှားသွားနိုင်၏။ သို့သော် အရောင်တူ အရုပ်ရှိနေသည့် အကွက်သို့ မသွားနိုင်ပေ။ ထို့အတူ ဆန့်ကျင်ဘက် အရုပ်ကို မစားဘဲလည်း တစ်ကွက်တည်းတွင် အတူမနေရချေ။ မြင်းသွားကွက်ပေါင်းကား (၈) ကွက်ပေတည်း။
ဆင်ကား ထောင့်တန်း ရှေ့ ၀ဲ ယာ နှစ်ကွက်၊ နောက်ဝဲယာ နှစ်ကွက်နှင့် အရှေ့တည့်တည့်သို့ တစ်ကွက်သွားနိုင်သည်။ နောက်တည့်တည့်သို့မူ မဆုတ်ရချေ။ ဘေးတိုက်လည်း သွားခွင့်မရှိ။ စည်းကမ်းရှိသည့် စစ်တုရင်သမားများသည် ဆင်ခေါင်းကို ရှေ့တည့်တည့်သို့သာ အမြဲလှည့်ထားလျက်ရှိ၏။ ရထားမူ ရှေ့တည့်တည့်နှင့် နောက်ပြန်ဘေးတိုက် သွား၍ ရသမျှ သွားနိုင်၏။ စစ်တုရင် ရုပ်များအနက် တန်ခိုးအကြီးဆုံးဖြစ်၏။ စစ်ကဲသည် ဆင်အောက်တစ်ကွက်လျော့သည်။ ရှေ့နောက်ထောင့်တန်း လေးကွက်သာ သွားနိုင်သည့်အတွက် ဖြစ်ပေသည်။
မင်းကြီး (ဘုရင်မင်းမြတ်)မှာသော် ၀ဲယာရှေ့နောက် ထောင့်တန်းတည့်တည့် ရှစ်ကွက်လုံးကို ပိုင်စိုးသည်။ ယခုဖော်ပြခဲ့ပြီးသော အရုပ်များအနက် သွားလမ်းနှင့်စားလမ်း မတူသော အရုပ်မှာ နယ်တစ်မျိုးသာ ရှိသည်။ ဤသည်ကို ရည်ရွယ်၍ မန်လည်ဆရာတော်ဘုရားကြီးသည် မဃဒေ၀ လင်္ကာသစ်၌ စစ်တုရင်ကွက်များကို ဤသို့ ဖော်ပြခဲ့၏။
“ မင်းရှစ်မျက်နှာ ဧကာကွက်စီ၊ အညီမလွဲ စစ်ကဲထောင့်လေး၊ ဆင်ရေးလည်းကောင်း၊ ရှေ့တစ်ကျောင်းလျက် ၊ မြင်းကြောင်းရှစ်ကွက် ထောင့်တက်မြင်းသွား၊ ရထားတူရူ၊ နယ်မူရှေ့တစ် ၊ တစ်ဆစ်ကိုပြင် ဆင်မဏ္ဍာရေး၊ လေးဆယ့်လေးက ခေါ်ရှေးမယွင်း၊ မြင်းကဏ္ဍာရေး ခြောက်ဆယ့်လေးသာ ရထားမှာမူ ဆယ့်ခြောက်မူသား မှတ်ယူအာရုံ”
စစ်တုရင်ရုပ်များသည် မည်သည့်အတွက် လှုပ်ရှားကြသနည်း။ ထိုလှုပ်ရှားမှု၏ ဦးတည်ချက်မှာ မည်သည့်အတွက် ဖြစ်ပါသနည်။
တစ်ဖက်ရန်သူမင်းကြီးကို ဖမ်းဆီးရန် ဖြစ်သည်။  ဖမ်းဆီးရန် ဖြစ်ငြား မင်းကြီးရုပ်ကို စားရိုးထုံးစံမရှိချေ။ နောက်တစ်ကြိမ် မိမိရှေ့တည့်တွင် မင်းကြီးရုပ်ကို စားနိုင်ပြီ ဖြစ်နေပါက “ခွေ” ဟုရှောင်ရန် တိမ်းရန် သတိပေးရသည်။ ထိုခွေလာသူကို အခွေခံရသူက စားပစ်နိုင်ခြင်း မရှိသည့်နေရာ ရွှေ့ရသည်။ နေရာမရွှေ့နိုင်စေကာမူ ကြားဖြတ်တားဆီးနိုင်လျှင် တားဆီးရသည်။ ထိုသို့လည်း မလုပ်နိုင်။ ကိုယ်တိုင်လည်း မစားနိုင်လျှင်ကား နောက်တစ်ကွက်တွင် မင်းကြီးသည် ရန်သူလက်သို့ ပါရတော့မည်ဖြစ်သည့်အတွက် ရှုံးလေပြီ။
မြန်မာတို့၏ ရိုးရာ စစ်တုရင်တွင် မြင်းသည် အစွမ်းထက်လှသည်။ တားဆီးထားပါလျက် ကခုန်ပျံကျော်လွှားပြီး ၀င်လာနိုင်သည်။ သို့အတွက် မတတ်သာ၍ မြင်းအစား ခံလိုက်ရလျှင် စုတ်တသပ်သပ်ဖြင့် နာကျင်ဝမ်းနည်း၍ မပြီးအောင် ရှိတတ်ကြသည်။ မြင်းသည် မင်းကြီးကိုလည်း ခွေကာ ရထားစစ်ကဲ ဆင် စသည့် အားကြီးသော အခြားတစ်ရုပ်ရုပ်ကိုလည်း စားကွက် ဖမ်းထားနိုင်သည်။ ထုံးစံအရ မင်းကြီးသာ အရေးတကြီး ရှောင်တိမ်းရသဖြင့် “ခွခွေ” ခံရသော အခြားအရုပ်မှာ ရှောင်တိမ်းခွင့်မရဘဲ အစားခံရလေ့ ရှိသည်။ ထိုသို့ အစွမ်းထက်သည့်အတွက် တော်ရုံတန်ရုံဖြင့် မြင်းကို အကျမခံကြပေ။
မြင်း၏ အစွမ်းထက်ပုံကို ပြဇာတ်ဆရာ ဦးကြင်ဥကလည်း သူ၏ ပါပဟိန် ပြဇာတ်တွင် “ရောသည်တခါ ငါလည်းမင်းသား စစ်တုရင် ငြမ်း မြင်းချက်နှင့် ဖမ်းတော့မည်၊ မြောက်နန်းဘွားတဲ့ ”  ဟူ၍ ထည့်သွင်း သုံးစွဲထားလေသည်။ မြင်းအပြီးတွင် အစွမ်းထက်သော အခြားအရုပ်မှာ ရထားဖြစ်သည်။ ရှေ့နောက်ဝဲယာ တဖြောင့်တည်းကျသော လမ်းများကို ပိုင်စိုးသည့်အတွက် ဖြစ်ပေသည်။
သို့ရာတွင် စစ်တုရင်တွင် အရုပ်တွေများစွာ ကျန်ရှိနေငြား ကျန်နေသည့် အရုပ်များမှာလည်း စွမ်းအင်ရှိ အရုပ်များ ဖြစ်နေပါလျှက်က ရှုံးတတ်သည်။ မင်းကြီး အခွေခံရရာမှ လွတ်မြောက်အောင် မထွက်နိုင်လျှင် ရှုံးရသည်။ ရံဖန်ရံခါတွင် နိုင်နေရာမှ သရေကျသွားတတ်သည်လည်း ရှိသေး၏။ ဤသည်မှာ မင်းကြီးကို မခွေသေးပါဘဲလျက် လက်ရှိအကွက်မှတပါး ခွေကွက်တွေချည်း ကျန်နေတော့ခြင်း ဖြစ်သည်။ ဤသည်ကို “အပ်ကွက်” ဟု ခေါ်သည့်အတွက် သရေ သတ်မှတ်သည်။
ဤသည်တို့ကား တစ်ကွက်ကျော် အရောင်ခွဲခြားခြင်း မရှိသော စစ်တုရင်ခုံတွင် ကြက်ခြေခတ် “စစ်ကဲရမျဉ်း” ပါရှိသည့် စစ်အင်္ဂါ လေးပါးအတိအကျဖြင့် လှုပ်ရှားကစားရသော မြန်မာတို့၏ စစ်တုရင် စစ်စစ် ကစားပုံပင် ဖြစ်သည်။

မည်သို့ဆိုစေ… မြန်မာ့စစ်တုရင်သည် ထိုးထွင်းဥာဏ် ရင့်ကျက်စေသည်သာမက မြန်မာ့ စစ်သေနင်္ဂဗျူဟာနှင့် စစ်ပရိယာယ်ကို ကြွယ်ဝစေသော မြန်မာ့ရိုးရာ ကစားနည်း ဖြစ်သောကြောင့် မပျောက်မပျက်စေရန် ထိန်းသိမ်းရန် တာဝန်ရှိပေသည်။

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags