fbpx

အညတရအကျဉ်းသားရဟန်းတော်များ – ၂၁ ဦးခေမိန္ဒ

June 30, 2012

အရှင်ပညာနန္ဒ
ဇွန် ၂၉၊ ၂၀၁၂
• ဘွဲ့တော် – ဦးခေမိန္ဒ

• သက်တော် – (၃၃)
• မွေးရပ်ဇာတိ – ပန်နိမ်ကျေးရွာ၊ နားငွေးအုပ်စု၊ တန့်ယန်းမြို့နယ်၊ လားရှိုးခရိုင်၊ ရှမ်း/မြောက်။
• အဖမ်းခံရစဉ်နေသည့်ကျောင်း – သိမ်ကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
• ပုဒ်မ – ၅ (ည)/ ၄၄၀/ ၂၉၅/ ၂၉၅ (က)
• ချမှတ်သည့်ပြစ်ဒဏ် – (၁၅) နှစ်
• ထောင်မှလွတ်သည့်နေ့ – ၁၂.၁၀.၂၀၁၁
• နေခဲ့ရသည့်ထောင်အမည် – အိုးဘိုထောင်၊ (မန္တလေးမြို့)

• နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်
ဦးဇင်းအနေနဲ့ကတော့ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ၊ တစ်နည်းအားဖြင့် နိုင်ငံရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေထဲမှာ ဘယ်ဟာက နိုင်ငံရေးလုပ်ဆောင်ချက်ဖြစ်တယ်ဆိုတဲ့ ခွဲခြားသတ်မှတ်မှုအပိုင်းမှာ အမြင် တွေ အမျိုးမျိုးရှိတာကြောင့် စံပြုလောက်တဲ့ သတ်မှတ်ချက်တွေ ဝေဝါးလွန်းတယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်လဲ ကိုယ့်ရဲ့လုပ်ရပ်တွေကို အမည်သတ်မှတ်ချင်တဲ့ဆန္ဒ မရှိပါဘူး။ ဘာသာရေးရှုဒေါင့်ကပဲဖြစ်ဖြစ် လူမှုရေးရှုဒေါင့်ကပဲဖြစ်ဖြစ် မှန်ကန်မျှတမှုမရှိဘူး။ မတရားဘူးလို့ ထင်တဲ့လုပ်ရပ်တွေကို ကန့်ကွက်တွန်းလှန်ချင်တဲ့ဆန္ဒ၊ မှန်ကန်မျှတဲ့ပြီး လုပ်သင့်တယ်လို့ ထင်တဲ့ကိစ္စတွေကိုလုပ်ချင်တဲ့ (သို့) အားပေး ထောက်ခံချင်တဲ့ဆန္ဒနှင့် ရသင့်ရထိုက်တယ်လို့ထင်တဲ့ အခွင့်အရေးတွေကို ရယူချင်တဲ့ဆန္ဒတွေအရ လုပ်ဆောင်ခဲ့တာတွေပဲရှိပါတယ်။

၂၀၀၃ ခုနှစ် ၁၀ လပိုင်းမှာ ဓလေ့ထုံးတမ်းနှင့် ဘာသာ သာသနာမကွယ်ပျောက်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတဲ့ အသိပညာနှင့် ဗဟုသုတ တွေကို ဟောကြားပို့ချနေတဲ့ ဦးဇင်းတို့ရဲ့ နာယက ဆရာတော်လေး ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူ (မစိုးရိမ်) ကို နအဖ စစ်ကောင်စီအစိုးရက ရေရာတဲ့အကြောင်းပြချက်မရှိဘဲ မလိမ့်တပတ်နည်းနဲ့ပင့်ဆောင်ပြီး ဖမ်းဆီးထိမ်းသိမ်းလိုက်ပါတယ်။ အဖမ်းခံရတယ်လို့သိရတဲ့ ၂၇.၁၀. ၂၀၀၃ နေ့ညမှာ မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်အပါး ၂၀၀၀ ကျော်ခန့်ဟာ နိုင်ငံရေးရည်ရွယ်ချက်တစ်စွန်းတစ်စမှမပါဘဲ ကိုယ့်ဆရာသ မားကို လွတ်မြောက်စေချင်တဲ့ဆန္ဒနှင့် ဆရာတော့်ဘက်မှာ အမှန်တရားကိုမြတ်နိုးတဲ့ သံဃာထုတစ်ရပ်လုံးရှိဆိုတာ သိစေချင်တဲ့ဆန္ဒတွေ အရ “ဝီရသူ လွတ်မြောက်ရေး ဒို့အရေး ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လမ်းပေါ်ထွက်ပြီး တောင်းဆိုဆန္ဒပြကြပါတယ်။

၁။ ဓမ္မဘက်တော်သားတစ်ယောက်အနေနဲ့ ဆရာတော် ဦးဝီရသူ လိုပုဂ္ဂိုလ်မျိုးလွတ်မြောက်ရေးအတွက် တောင်းဆိုပေးဖို့တာဝန်ရှိတယ်ဆို တဲ့ခံယူချက်။

၂။ အမှန်တရားအတွက် မတွန့်မဆုတ် တိုက်ပွဲဝင်နေတဲ့ ဘယ်သူ့ကိုမဆို ကာယကံ ဝစီကံမြောက် အားပေးထောက်ခံမယ်ဆိုတဲ့ပိုင်းဖြတ် ချက်တွေနဲ့ ဦးဇင်းလည်း တောင်းဆိုတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။

ထောင်ကထွက်လာပြီး လေးလခွဲခန့်အကြာ ၁၃၇၃ ခုနှစ် တပေါင်းလကွယ်နေ့တွင် မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးမှာ ဆရာတော် ဦး ဝီရသူ ဦးဆောင်ကျင်းပတဲ့ ယုံကြည်ချက်အကျဉ်းသားများလွတ်မြောက်ရေးအတွက် “ပဏာမ” ဆုတောင်းပွဲမှာ သဲတစ်ပွင့် ရေတစ်ပေါက် ဖြစ်စေတော့ ခံယူချက်နဲ့ ပါဝင်ခဲ့ပါတယ်။

ထောင်ထဲမှာ ခုချိန်ထိ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်မရကြသေးတဲ့ ဘဝတူအကျဉ်းသားတွေအတွက် ကိုယ်တတ်နိုင်တဲ့ အထွာ လေးနဲ့ မကြာမကြာသွားပြီး မျှဝေခံစားပါတယ်။

မိမိရဲ့ပုဂ္ဂလိက ခံယူချက်အရဆိုရင် ရေးသားချင်တဲ့ဆန္ဒမရှိတာအမှန်ပဲ။ ဒါပေမယ့်တကူးတက လှမ်းတောင်းတဲ့၊ နိုင်ငံရေးမှာ ကိုယ်ကျိုးမ ဖက်ဘဲ သက်သက်အနစ်နာခံ လုပ်နေတဲ့ ပုဂ္ဂိုလ်များ ကိုထောက်ထားသောအားဖြင့်၊ အလေးမူသောအားဖြင့် ရေသားလိုက်ပါတယ်။ ။

• အဖမ်းခံရသည့်ဖြစ်စဉ်
(၂၇.၁၀.၂၀၀၃) ရက်နေ့မှာ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဝီရသူ (မစိုးရိမ်) ကို စစ်အစိုးရက ဖမ်းဆီးထိမ်းသိမ်းထားခြင်းနဲ့ ပတ်သက် ပြီးတော့ မစိုးရိမ်တိုက်သစ်ရှိ စာသင်သားသံဃာတော်များက ဆရာတော်ကိုပြန်လွတ်ပေးဖို့ တောင်းဆိုကြပါတယ်။ အဲဒီဖြစ်စဉ်က- ၂၇ ရက် နေ့မှာ ဆရာတော်ကို ဖမ်းဆီးထားတယ်ဆိုတာ သတင်းရထားတော့ သံဃာတွေက ဟိုတစ်စု ဒီတစ်စုနဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲလုလု ဖြစ်နေတာနဲ့ နာယကဆရာတော် ဦးဝါသေဋ္ဌာဘိဝံသက ဘုရားဝတ်တက်အပြီး ဩဝါဒပေးပါတယ်။ အပြင်ထွက်ပြီး ရုတ်ရုတ်မလုပ်ဖို့ ကိုယ့် စာကို ကိုယ်လုပ်ဖို့ စိတ်လိုက်မာန်ပါ မဖြစ်အောင်ထိမ်းသိမ်းဖို့ပြောပြီး ဒါဆရာတော် (ဦးရာဇဓမ္မာဘိဝံသ) ၏အမိန့်ဆိုပြီး စိတ်မကောင်းစွာနဲ့ မိုက်ကိုပစ်ချလိုက်ပါတယ်။ သူ့ရဲ့ခံစားချက်ကို တစ်ခွန်းမှထုတ်မပြောပေမယ့် အဲဒီတားမြစ်ချက်အပေါ် ဘဝင်မကျတာ အားလုံးသိကြပါ တယ်။

ဒီလိုနဲ့ ည (၉) နာရီခွဲ (၁၀) လောက်ရောက်တော့ သံဃာတွေဟာ ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။ ဆရာသမားကို လွတ်ပေးစေချင်တဲ့ ဆန္ဒ၊ ဆရာသမားဘက်မှာ အပြည့်အဝရပ်တည်တယ်ဆိုတာကို သိစေချင်တဲ့အာသီတ၊ သူ့လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြလို့ ကျရောက်လာမယ့် ပြစ်ဒဏ်မှန်သမျကို ရင်ဆိုင်မယ်ဆိုတဲ့ မိုးမမြင် လေမမြင် စိတ်ဓာတ်တွေနဲ့ လမ်းပေါ်ထွက်ပြီး အော်ဟစ်ဆန္ဒပြကြပါတယ်။ ၃၈ လမ်းမှာရှိတဲ့ မစိုးရိမ်တိုက်သစ်ကနေ ၈၉ လမ်းအတိုင်း မြောက်ဘက်ကိုချီတက်သွားပြီး ၃၆ လမ်းအရောက်မှာ အဲဒီ ၃၆ လမ်းအတိုင်းပဲ အရှေ့ဘက်ကို ဆက်လက်ချီတက်သွားကြပါတယ်။ ၃၅ လမ်းမှာတော့ လုံခြုံရေးနဲ့ စစ်တပ်တွေ အပြည့်ချထားပါတယ်။ အရှေ့ဘက်ကို တက်သွားပြီး ၈၄ လမ်းအရောက်မှာ ဘုရားကြီးဘက်ကိုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်ဘက်ကိုချိုး ၃၇-၃၈ ကြားအရောက်မှာတော့ လုံထိန်းတပ်နဲ့ တိုးပါတယ်။ လမ်းပေါ်းမှာတန်းစီပြီး တပ်ချထားတာ လမ်းနဲ့အပြည့်ပါပဲ။ အဲဒီမှာတင် သံဃာအုပ်ထဲကို မျက်ရည်ယိုဗုံး ပစ် ထည့်ပြီး သေနတ်နဲ့ပစ်ပါတော့တယ်။

ဒီနေရာမှာ အဓိကပြောချင်တာကတော့- သံဃာအုပ်ဟာ လုံထိန်းနဲ့တိုးပြီဆိုကတည်းက အဲဒီမှာရှိတဲ့ လမ်းကြား လေးထဲကို ချိုးဝင်သွားကြပါပြီ။ သံဃာထက်ဝက် နီးပါးလောက် ချိုးဝင်ပြီတဲ့အချိန်မှာ ပစ်တာပါ။ သူတို့ရဲ့ သတ်မှတ်မျဉ်းလိုင်းကို အတင်းကျော်ဖို့ ချီတက်နေလို့ ပစ်တာမ ဟုတ်ပါဘူး။ သံဃာထုက ရှေ့ဆက်မတိုးပဲ လမ်းကြောင်းပြောင်းနေတဲ့အချိန်မှာ မရအရဖမ်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ သံဃာအုပ်ထဲကို သေနတ်နဲ့ ပစ်တာဖြစ်ပါတယ်။ ကိုရင်တပါးက ပေါင်၊ တစ်ပါးက ဒူးခေါင်းအောက် ဂုံညှင်းစေ့အစပ်နားမှာ ထိမှန်ပါတယ်။ ဦးဇင်းတစ်ပါးက နောက်ကျော ကနေမှန်ပြီး လက်မောင်းအုံကနေ ဖောက်ထွက်သွားပါတယ်။ ဦးဇင်းကတော့ သေနတ်နဲ့ပစ်လိုက်တဲ့အချိန်မှာပဲ ကျည်စလေးတစ်ခု မျက်စေ့ ကိုလာ မှန်ပါတယ်။

ဒဏ်ရာရတဲ့ကိုယ်တော်တွေကို ကျန်တဲ့ကိုယ်တော်တွေက အတင်းဝင်ဆွဲပွေ့ထူပြီး မစိုးရိမ်ကျောင်းဘက်ကိုအရောက် ခေါ်ဆောင်လာကြပါ တယ်။ ကျောင်းအနီးက ဆေးခန်းမှာ ဆေးထည့် ပတ်တီးစည်းအပြီး ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသက ဆေးရုံက လူနာတင်ကားခေါ်ထား ကြောင်းပြောပါတယ်။ လူနာတင်ကားရောက်မလာတဲ့အတွက် သူပိုင်ကားနဲ့ ကိုယ်တိုင်ဆေးရုံကိုလိုက်ပို့ပါတယ်။ သွေးလှူမယ့်သံဃာ (၁၃) ပါလည်း အတူလိုက်လာပါတယ်။

ဆေးရုံအသွား ၃၅-၈၄ လမ်းအရောက်မှာလုံခြုံရေးတွေနဲ့ တွေ့ပါတယ်။ အရေးအခင်းမှာ သူတို့ပစ်ထားလို့ ဒဏ်ရာရတဲ့သံဃာတော် တွေ မှန်းသိတော့ “အကုန်ဖမ်း” ဆိုတဲ့အမိန့်ပေးသံကြားရပြီး မအေ နှမမကျန်အောင် ဆဲဆိုကြိမ်းမောင်းကာ သံဃာတော်တွေကို ကားပေါ်ကနေ အတင်းဆွဲချပါတယ်။ သူတို့ချောဆွဲထားတဲ့ ကားကြီးပေါ်ကိုအတင်းတက်ခိုင်းပါတယ်။သေနတ်ဒဏ်ရာရလို့မထနိုင်တဲ့ သံဃာတော်တွေကို အော်ဟစ် ညည်းညူနေတဲ့ကြားထဲကပဲ ခြေတစ်ယောက် ခေါင်းတစ်ယောက်ကိုင်ပြီး ပစ်တင်ကြပါတယ်။

အဲဒီကနေပြီး ထောင်ထဲကိုပို့မှာလိုလို နန်းတွင်းထဲပို့မှာလိုလိုနဲ့ မြို့ထဲကို အချိန်အတော်ကြာအောင် ပတ်မောင်းပြီး နန်းတွင်း စစ်ကြောရေး ထောင်ကိုပို့ကြပါတယ်။ နန်းတွင်းထဲရောက်တော့ သန်းခေါင်ကျော်လို့ နံနက် ၁ နာရီတောင်စွန်းနေပါပြီ။ ။

• စစ်ကြောရေး အတွေ့အကြုံ
ဦးဇင်းတို့ အဖမ်းခံရပြီး နန်းတွင်းကိုရောက်တော့ တိုက်ထဲပို့ခါနီး ရှာဖွေရေးလုပ်ဖို့ တာဝန်ခံစစ်သားတစ်ယောက်က အမိန့်ပေးပါတယ်။ သင်္ကန်းဝတ်တွေနဲ့ မို့လို့ သူ့အောက်လက်ငယ်သားတွေက ဘယ်လိုရှာရမှန်း မသိတဲ့၊ မရှာချင်တဲ့ပုံစံမျိုးနဲ့ ကြောင်ကြည့်နေတာကြောင့် နမူနာပြတဲ့အနေနဲ့ “ဟောဒီလို ရှာရတယ်ကွ”ဆိုပြီး မထိုးရုံတမယ် ကြမ်းတမ်းစွာ ရိုက်ပုတ်ရှာဖွေပြပါတယ်။ ရှာဖွေရေးပြီးလို့ တိုက်ထဲရောက် တော့လည်း အိပ်မရအောင် (၁၀)မိနစ်လောက်တစ်ခါ နာမည်နဲ့ ကိုယ်ရေးအချက် အလက်တွေ တောင်းပါတယ်။ ဦးဇင်းတို့ နန်းတွင်းထဲ စရောက်တဲ့ အချိန်မှာ ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသနန်းတွင်းကြွလာပြီး မှန်မှန်ကန်ကန်နဲ့ ညင်ညင်သာသာ လုပ်ဖို့ တိုင်းမှူးကိုပြောပါတယ်။ တိုင်းမှူးကလည်း ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးဆိုသလို ရိုရိုသေသေနဲ့ တင်ပါ့ဘုရား မှန်ပါ့ဘုရားနဲ့ကတိတွေပေးတာမြင်တော့ အခြေအနေကောင်းလိမ့်မယ်လို့ယူဆမိခဲ့တယ်။တကယ်တမ်း စစ်ကြောရေးနှင့် နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့ အခါကျမှဘဲ ဒီကောင်တွေဟာ ပါးစပ်က ဘုရား ဘုရားလက်က ကြောက်ပြီးလား၊ မှတ်ပြီလားဆိုပြီးလက်သီးနဲ့ထိုးတဲ့ အစားထဲကဆိုတာ သိရပါတော့တယ်။

မနက်(၅)နာရီလောက်မှာ ဒဏ်ရာရတဲ့ ဦးဇင်းတို့လေးပါးကို ခေါ်ထုတ်ပြီး ထောင်ကိုပို့ပါတယ်။ ထောင်ဘူးဝထဲ ဝင်ဝင်ချင်းမှာ စတင်ကြားရတဲ့ အသံက- အမင်္ဂလာအသံလို့ သတ်မှတ်ထားတဲ့ ငှက်ဆိုးထိုးသံတွေထက် ပိုပြီးတော့ မင်္ဂလာမဲ့တဲ့ “ခေါင်းငုံ့”ဆိုတဲ့ အာခေါင်ကိုခြစ်ပြီး ထွက် လာတဲ့ အမိန့်ပေးသံ ဖြစ်ပါတယ်။အဲဒီထောင်ဘူးဝမှာဘဲ ဘုရားပေးထားတဲ့ မြတ်သင်္ကန်းကို မချွတ်မနေရ အမိန့်ပြန်တမ်းတွေနဲ့ အတင်းချွတ် ခွာပြီး လူဝတ်လဲခိုင်းပါတယ်။ လူဝတ်လဲပြီး ဦးဇင်းတို့ကို ထောင်ဆေးရုံက သီးခြားတိုက်ဆိုတဲ့နေရာကိုပို့ပြီး အချိန်ပြည့်ပိတ်ထားပါတယ်။

ပုခုံးမှာ ဒဏ်ရာရတဲ့ကိုယ်တော်က မေ့မျောနေပြီးအခြေနေမကောင်းမှန်းသိတော့ ဦးဇင်းတို့ကို မွန်းလွဲ (၂) နာရီခွဲ လောက်မှာ မေမြို့စစ်ဆေးရုံ ကို ကားနဲ့ခေါ်သွားပါတယ်။ ရထားတဲ့ဒဏ်ရာက ပြင်းထန်တော့ ကားဆောင့်တိုင်းဆောင့်တိုင်း မချိအောင်နာတာမို့ တစ်လမ်းလုံး အော်ဟစ် ညည်းညူရင်းနဲ့ (၅) နာရီခွဲလောက်မှာ မေမြို့စစ်ဆေးရုံကို ရောက်သွားပါတယ်။ ရောက်ရောက်ချင်းဘဲ သတင်းပို့၊ လိုအပ်တဲ့ အချက်အလက် တွေယူ၊ ဓာတ်မှန်ရိုက်ပြီး Opration-ဝင်ပါတယ်။ ညနေ(၆)နာရီ လောက်မှာ Opration-ဝင်လို့ ထိုးထားတဲ့ မေ့ဆေးက နောက်နေ့မနက် (၅)နာရီလောက်မှပဲ ကောင်းကောင်း ပြေပါတော့ တယ်။ အဲဒီနေ့မှာပဲ ထောက်လှမ်းရေးက လာပြီး စစ်ကြောမေးမြန်း ကြပါတယ်။ နေရပ်လိပ်စာ၊ ကိုယ်ရေးရာဇဝင်၊ အခင်းဖြစ်ပုံ၊ ဆရာတော်ဦးဝီရသူ၏ အကြောင်း သူ့အပေါ်သဘောထား ထင်မြင်ချက်၊ သူဟောထားတဲ့တရားတွေ၊ သူ ရေးထားတဲ့ စာအုပ်တွေအကြောင်း၊ သူနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အကြောင်း ထပ်ခါတစ်လဲလဲ လာမေးပါတယ်။ ခြောက် တလည့် မြှောက်တလည့်နဲ့လည်း အကဲစမ်းပါတယ်။ စစ်ဆေးရုံမှာနေရတဲ့ (၅) ရက်တာအတွင်း တစ်ရက်မှ မပြတ်ပါဘူး။

တာဝန်ကျဆရာ/မများက သဘောထားကောင်းပြီး တာဝန်ကျေကြပါတယ်။ နောက်ပိုင်းသူတို့ပြောပြချက်အရ ဦးဇင်းတို့ကို ကုသဖို့ တခြား စစ်သားလူနာတွေကို ကြိုတင်ရှင်းထားရတဲ့ အကြောင်း၊ အထူးပုဂ္ဂိုလ်တွေဆိုလို့ နိုင်ငံရေးသမားကြီးတွေ ထင်ထားခဲ့တာဖြစ်ကြောင်း ပြော ပြပါတယ်။ (၅)ရက်ပြည့်လို့ အနာကျက်ခါစ ရှိလာတဲ့အခါ လက်နက်အပြည့်အစုံတပ်ထားတဲ့ အစောင့်အကြပ်တွေ ကားနဲ့ရှေ့တစ်စီး နောက် တစ်စီးခြံရံပြီး မန္တလေးထောင်ကို အောင်မြင်စွာ ပြန်ပို့လိုက် ပါတယ်။ မန္တလေးထောင်မှာလည်း ရက်ပေါင်းအတော်ကြာ စစ်ကြောရေးဝင်ရပါ တယ်။ မေးခွန်းတွေကတော့ စစ်ဆေးရုံမှာ မေးတဲ့အတိုင်းပါပဲ။ ပရိယာယ်မျိုးစုံနဲ့ မေးကြစစ်ကြပါတယ်။ ဒဏ်ရာရတဲ့ ဦးဇင်းတို့ လေးပါးကိုတော့ ရိုက်လားပုတ်လား မလုပ်ပေမယ့် တခြားအခန်းက ငိုသံ၊ အော်သံ၊ ညည်းသံ၊ ထုရိုက်သံမျိုးစုံကို ကြားနေရပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေး အနေနဲ့ ထောက်လှမ်းရေးက ပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။ “သင်္ကန်းချွတ်ထားတယ် ဆိုရင် ကိုယ်တော်တို့ကို ရိုက်ဖို့နှက်ဖို့လောက်တော့ ပြောမနေနဲ့ သတ်ပစ်ဖို့တောင် ဝန်မလေးဘူး ကိုယ့်စိတ်ကို ကိုယ်သန့် တယ်။” ဆိုတဲ့စကား ဖြစ်ပါတယ်။ ရဟန်း သံဃာတွေ အပေါ် သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ မူဝါဒ၊ သူတို့ရဲ့ သရုပ်မှန်ကို လစ်ပြလိုက်တဲ့ စကားပါပဲ။ စစ်ကြောရေးနားလို့ ပြန်လာတဲ့ သူတွေထဲမှာ အနှိပ်စက်ခံရလို့ လမ်းမလျှောက်နိုင်သူ၊ထမင်းမစားနိုင်သူတွေလည်း ရှိပါတယ်။ သူတို့မေးချင်ရင် နေ့ရောညရော အချိန်မရွေး ခေါ်ထုတ်သွားတတ် ပါတယ်။ သူတို့ စိတ်တိုင်းကျရေးထားတဲ့ စစ်ကြော ချက်တွေနဲ့ပဲ ဦးဇင်းတို့ကို စွဲချက်တင်ပြီး ပုဒ်မတပ် ထောင်ချပါတယ်။ ပထမချတာက ပုဒ်မ ၅/ည-နှင့် (၇)နှစ်ချပါတယ်။ နောက် (၁၀)ရက်လောက်ကြာမှ ထပ်ခေါ်ပြီး ပုဒ်မ-၄၄၀/ ၂၉၅/ ၂၉၅(က)နဲ့ (၈)နှစ်ထပ်ချလို့ စုစုပေါင်း(၁၅)နှစ် သီးခြားကျခံစေ အမိန့်ချပါတယ်။ ။

• ထောင်တွင်းနေထိုင်ရသည့် အခြေအနေ
ဦးဇင်းတို့ ထောင်ထဲစရောက်တော့ ရောက်ရောက်ချင်း ဘူးဝမှာပဲ မလျှော်မဖွတ်နဲ့ အဖန်တရာတေအောင်ဝတ်ထားတဲ့ အင်္ကျီပုဆိုးအစုတ် တွေနဲ့ အတင်းလူဝတ်လဲခိုင်းပြီး၊ ထောင်ဆေးရုံက သီးခြားတိုက်ကို ပို့ပါတယ်။ မေမြို့စစ်ဆေးရုံက ဆင်းလာတော့လည်း အဲဒီနေရာမှာ ဘဲထားပါတယ်။ ရောက်စ (၇) ရက်လောက်တော့ ထမင်းပို့ချိန် ရေချိုးချချိန်ကလွဲလို့ အချိန်ပြည့်ပိတ်ထားပါတယ်။ လူအဝင်အ ထွက်လည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားလေတော့ တခြားလူတွေနဲ့လည်း အဆက်အဆံ မရှိသလောက်ပါပဲ။ တာဝန်ကျ ထောင်ဝန်ထမ်း၊ အကျဉ်း သားဆေးဝန်ထမ်းနှင့် ထမင်းလာပို့တဲ့ လူတွေလောက်ပဲ တွေ့ရပါတယ်။ အမှုတွဲချင်းတူတာဘယ်နှစ်ယောက်ရှိတယ်ဆိုတာတရားရုံး (တ ကယ်တော့ မတရားရုံး) ထုတ်တဲ့နေ့မှဘဲသိရတာပါ။

ဦးဇင်းတို့ကို စစ်ဆေးရုံခေါ်သွားတော့ ကျန်ခဲ့တဲ့သံဃာတွေက သတ်ဘို့ခေါ်သွားတယ်လို့ ထင်ကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း စစ်ကြော ရေးကာလ တစ်လျှောက်မှာ အဲသလိုမျိုး ဖြစ်လာနိုင်တယ်လို့ တွက်ဆထားပါတယ်။ ဒါကြောင့်ထင်ပါရဲ့- အိပ်မက်ထဲမှာ ကြိုးနဲ့တုပ်ပြီး စစ် သားတွေက သေနတ်နဲ့ဝိုင်းပစ်တာခံရတယ်လို့အကြိမ်ကြိမ်အိပ်မက် မက်ပါတယ်။ လက်တွေ့ဘဝမှာ အမှောင်ကျလေတော့ အိပ်မက် တွေ လည်း မလှနိုင်တော့ဘူးလေ။ ဒဏ်ရာရတဲ့ ဦးဇင်းတို့လေးပါးကို တစ်ခန်းထဲထားတာ ဖြစ်လေတော့ ဒဏ်ရာရတဲ့ ဒုက္ခိတလူနာအချင်းချင်းပဲ စိတ်ဓာတ်မကျအောင် အားပေးစကားတွေ၊ ကြားဖူးနားဝ ဟာသလေးတွေ၊ ဟာသဆန်ဆန် ရှေးဟောင်းနှောင်းဖြစ်လေးတွေကြံဖန်ပြီး ပြော ရပါတယ်။ အဓိကကတော့ ကလေးသာသာရှိသေးတဲ့ ကိုယ်ရင်နှစ်ပါးအတွက်ပါပဲ။ သူတို့နှစ်ပါးက ခြေထောက်မှန်ထားတော့ လမ်းမလျှောက် နိုင်ပါဘူး။ ကပ်ပေါ်တင်ပြီး စစ်ကြောရေးဝင်ရပါတယ်။

မှတ်မှတ်ရရ ထောင်ဆေးရုံမှာနေရတဲ့ အချိန်မှာ အကျဉ်းသား ဆေးဝန်ထမ်းဆီကနေတစ်ဆင့် ဆရာတော် ဦးဝီရသူရေးပေးလိုက်တဲ့ စာရွက် လေးတစ်ပိုင်း ရရှိပါတယ်။ စိတ်ဓာတ်မကျဖို့၊ ထောင်ထဲရောက်တုန်း ရောက်ခိုက် မှတ်တိုင်စိုက်ထူနိုင်အောင် ကျိုးစားဖို့၊ လိုအပ်တာရှိရင် လှမ်းမှာဖို့ အားပေးစကားတွေ ဖြစ်ပါတယ်။ အဲဒီ အားပေးစကားတွေထက် ပိုပြီးအားတက်စေတာက- ဦးဇင်းတို့ရဲ့ ဘွဲ့နာမည်ရှေ့မှာ ဝီရ တပ်ပြီး၊ ဝီရတေဇောဘာသ၊ ဝီရခေမိန္ဒ၊ ဝီရကေလာသ၊ ဝီရနန္ဒာစာရဆိုပြီး ဝီရဘွဲ့ ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဦးဇင်းရဲ့ဘဝမှာ ကျက် သီး မွေးညှင်းထလောက်အောင် ဝမ်းသာအားတက်ဖူးတာ အဲဒါပထမဆုံးအကြိမ်ပါပဲ။ ဆရာတော်ဟာ ခေါင်းဆောင်ပီပီ တပည့်တွေ အဓိက လိုအပ်တာ ဘာလဲဆိုတာ ကောင်းကောင်းရိပ်မိပုံရပါတယ်။ ကိုယ်ချစ်ခင်လေးစားတဲ့ ခေါင်းဆောင်တစ်ယောက်က ကိုယ့်ကို မပျက်မကွက် ပြန်ပြီး အသိအမှတ်ပြုတာဟာလည်း စားတိုင်းငြိတဲ့ စွမ်းအားရှိတဲ့ ပီတိဆေးတစ်မျိုးပါလား ဆိုတာ နားလည် လိုက်ပါတယ်။

ထောင်ထဲရောက်စ အခြေအနေမှာ သူများရဲ့အနေထားကို နားမလည်၊ ကိုယ့်ရဲ့အခြေအနေ အဆင့်အတန်း လုပ်ကိုင်ခွင့်ရပိုင်ခွင့်ကိုလည်း မသိဆိုတော့ ပင့်တိုင်းမြှောက်ပြီး ခြောက်တိုင်းလန့်နေရတဲ့ဘဝပါပဲ။ ကိုရင်နှစ်ပါးကတော့ အသက်မပြည့်သေးတာကြောင့် ဦးဇင်းတို့ကို ထောင်ချပြီး တစ်လလောက်အကြာမှာ ပြန်လွှတ်ပေးလိုက် ပါတယ်။ ဆေးရုံမှာ (၅)လလောက်နေပြီးတော့ ဦးဇင်းတို့ကို တိုက်ကိုပို့ပါတယ်။ တိုက်မှာက နိုင်ငံရေးမှာ အသိအမြင်ရှိပြီး ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ တစ်တိုက်ထဲနေရတော့ အခြေအနေကို တဖြည်းဖြည်း နား လည်လာပါတယ်။ နေရတာက (၃)တိုက် ဖြစ်ပါတယ်။ ထောင်စည်းကမ်းအရ ကိုယ်နေတဲ့ တိုက်ရဲ့အဝန်းအဝိုင်းထဲမှာပဲ နေရပါတယ်။ အပြင်ထွက်ခွင့်မရှိဘူး။ တစ်ခါတစ်လေကျတော့ နားလည်မှုလေးနဲ့ ထွက်ကြတာတော့ ရှိပါတယ်။

တိုက်မှာ တစ်နှစ် ကျော်ကျော် လောက်နေခဲ့ရပြီး ဦးဇင်းတို့အမှုတွဲ ရှစ်ပါးကို သီးသန့်ကို ပို့ပါတယ်။ သီးသန့်ရောက်မှဘဲ တိုက်ထက်ပိုကျယ်ဝန်းတဲ့ အခန်းနဲ့ ပိုကျယ်ဝန်းတဲ့ ဧရိယာမှာ နေရပါတယ်။ အဲဒီမှာ ဆရာတော်ဦးသုန်၊ ကိုကျော်ညွန့်တို့လို သမာသမတ်ကျပြီး ခံယူချက် ပြတ်သားပြင်း ထန်တဲ့၊ ခေါင်းဆောင်ပီသတဲ့ ပုဂ္ဂိုလ်တွေနဲ့ လက်ပွန်းတသီး အတူနေရတော့ ကိုယ့်ရဲ့ အတွေးအခေါ်၊ စိတ်ဓာတ်နဲ့ ခံယူချက်တွေ အ တောင်ပေါက်ပြီး ပြောင်းလဲရင့်ကျက်လာတယ်လို့ ခံစားမိပါတယ်။ အဲဒီ သီးသန့်မှာဘဲ အင်္ဂလိပ်စာ လေ့လာသင်ယူရင်း ရသလောက်စာအုပ် စာစောင်တွေ ဖတ်ရှုလေ့လာရင်း အချိန်ကို အသုံးချခဲ့ပါတယ်။ ထောင်ကမလွတ်မချင်း သီးသန့်မှာဘဲ တစ်လျှောက်လုံးနေခဲ့ရပါတယ်။ ဒါက ထောင်ထဲမှာနေရတဲ့ ရှစ်နှစ်တာ ကာလအတွင်း အကြမ်းဖျင်း ဖြတ်သန်းမှုပုံရိပ်တွေ ဖြစ်ပါတယ်။

ထောင်အုပ်ချုပ်ရေးအကြောင်း ပြောရမယ်ဆိုရင်တော့ အစိုးရရဲ့ မူဝါဒအရ ထောင်ထဲမှာ ဘုန်းကြီးဆိုတာမရှိဘူး။ အသိအမှတ်လည်း မပြု ဘူး။ ခေါင်းတုံး တုံးခွင့်မရှိဘူး။ တပါးနှစ်ပါး အသုံးအနှုန်းမျိုး သုံးခွင့်မရှိဘူး။ ရဟန်းသံဃာရဲ့ အမှတ် အသား၊ အသုံးအဆောင် ထားခွင့်မရှိဘူး။ ဥပုသ်ပြုခွင့် ကံဆောင်ခွင့်မရှိဘူး။ ဒါက မူဝါဒအရပေါ့။ လက်တွေ့ အုပ်ချုပ်တဲ့ အပိုင်းမှာတော့ သူတို့နားလည်မှုပေးတာတွေတော့ ရှိပါတယ်။ ခေါင်းတုံးတုံးတာတို့၊ ဒေသနာကြားတာတို့၊ ပုဆိုးကို သင်းပိုင်လို ဝတ်တာမျိုးပေါ့။ ဒါကလည်း ရဟန်းတစ်ပါးအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ဥပဒေမဲ့လုပ်ဆောင်နေရတဲ့အဖြစ်မျိုးပါပဲ။ ထောင်အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှု ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာ ကျွေးမွေးမှုတို့က အခြေအနေ နှစ်မျိုးအပေါ်မူတည်ပြီး မူနှစ်မျိုးကို ကျင့်သုံးတယ်လို့ ဆိုရပါမယ်။

သူတို့ကို မဟုတ်ရင် မဟုတ်သလို ပြန်အော်တတ်တဲ့ ယုံကြည်ချက်အကျဉ်းသားတွေအတွက် ကျင့်သုံးတဲ့မူနှင့် တစ်ခြား Craminal-အကျဉ်း သားတွေအတွက် ကျင့်သုံးတဲ့မူဆိုပြီး နှစ်မျိုးရှိပါတယ်။ ဥပမာအနေနဲ့ ဦးဇင်းတို့နဲ့ တစ်ခြားရိုးရိုးအကျဉ်းသား ရန်ဖြစ်တယ်ဆိုရင် မှားတာမှန် တာနောက်ထား ကုန်ကုန်ပြောရရင် ကိုယ်မကျေနပ်လို့ ဝင်ထိုးလိုက်တယ် ဆိုရင်တောင် ကိုယ်နဲ့ဖြစ်တဲ့ အကျဉ်းသားပဲ တိုက်ပိတ် ဒေါက်ခတ် ပြစ်ဒဏ်ခံရဖို့ ရှိပါတယ်။ ယုံကြည်ချက် အကျဉ်းသားတစ်ယောက်ကို အပြစ်ပေးဖို့ သူတို့တော်တော် စဉ်းစားရပါတယ်။

ဆေးဝါးကုသမှု အပိုင်းမှာလည်း ၅/(ည) သမားတွေ အတွက်ဆိုပြီး ဆေးဝါးတွေကို သီးခြားခွဲထားပါတယ်။ သာမန် အကျဉ်းသားတစ်ယောက် ဘာရောဂါဖြစ်ဖြစ် ပါရာ၊ဘာမီတွန်ပဲ နောက်ဆုံးဘယ်လိုမှ မရတဲ့အခါကျမှ ဆေးရုံတင် ပေးပါတယ်။ ယုံကြည်ချက်အကျဉ်းသားအတွက် အပြည့်အဝမဟုတ်တာတောင် သူတို့ထက်တော့ နည်းနည်းသာတယ် လို့ဆိုနိုင်ပါတယ်။

အစားအသောက်မှာလည်း အခြားအကျဉ်းသားတွေ ထမင်းမနပ်တာက အစမပြောရဲ မဆိုရဲ ကျွေးတဲ့အတိုင်းစားနေရတဲ့အချိန်မှာ ယုံကြည် ချက်အကျဉ်းသားတွေက ထမင်းဟင်းမကောင်းလို့ စားမရဘူးပြောရင် အဆင်ပြေအောင် လုပ်ပေးတတ်ကြပါတယ်။ ဒါကလည်း သူတို့အနေနဲ့ ဦးဇင်းတို့အပေါ် သနားလို့ စာနာလို့ အကြင်နာပိုလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အားနည်းချက် ပြစ်ချက်တွေ သတင်းထွက်မှာ ကြောက်လို့ပဲ ဖြစ်ပါတယ်။ သတင်းဘယ်က ထွက်တယ်၊ ကမ္ဘာက ဘာကို အာရုံစိုက်တယ်ဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ အခြားအကျဉ်းသားတွေ အတွက် အင်မတန် သနား စရာကောင်းပါတယ်။ အမဲရည်တောင်းလို့ ထုတ်ရိုက်ရင်း သေသွားတဲ့ ကြိုးသမားတစ်ယောက်ရဲ့ အဖြစ် ပျက်ဟာ စစ်အုပ်စုရဲ့ အခြေအနေကို လှစ်ပြနေတာ အထင်အရှားပါပဲ။ ။

• ခံစားချက်နှင့် ရှေ့လုပ်ငန်းစဉ်
ထောင်ကျတာနဲ့ပတ်သက်ပြီး မိမိရဲ့ခံစားချက်ကိုပြောရမယ်ဆိုရင် အဲဒီအပေါ်မှာ ပုဂ္ဂိုရေးအရ ဘယ်သူ့ကိုမှ အာဃာတမထားသလို ဘယ်သူ့ ကိုမှလည်း အပြစ်မတင်ပါဘူး။ မိမိကိုယ်ကိုယ်လည်း အပြစ်ရှိတယ်လို့ မခံယူသလို အဲဒီအတွက် နောင်တဖြစ်စရာလဲ ဘာတစ် ခုမှမရှိပါဘူး။ နောက်ဆုံးလက်ကျန် တရားခံသဘောမျိုးနဲ့ မိမိကံကြမ္မာကိုလည်း ယိုးမယ်ဖွဲ့ပြီး နားငြီးအောင် ဆွေးပြနေမှာလဲမဟုတ်သလို ဘဝအတွက် ဆုံးရှုံးနစ်နာတယ်၊ ပြစ်ဒဏ်ခံရတာမတန်ဘူး ဆိုတဲ့ခံစားချက်မျိုးလည်းမရှိပါ။ ထောင်ဆိုတာ လူဆိုးလူမိုက်ပြစ်မှုပြစ်မှုကျူးလွန်သူတွေရဲ့နေရာဖြစ်ပေမဲ့ ဥပဒေစိုးမိုးမှုမရှိရင် သူရဲကောင်းတွေ လူချွန်လူမွန်တွေအတွက်လည်းဖြစ်တတ်တာ မဆန်းပါဘူး။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ မှာ လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက် နေရာမရှိပေမဲ့ တရားဥပဒေဆိုတာအုပ်ချုပ်ခံပြည်သူတွေအတွက်လို့သာသဘောထားပြီး ထင်ရာစိုင်းနေတဲ့အာဏာရူးတွေအုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာတော့ လူ့အခွင့် အရေးနဲ့တရားမျှတမှုမရှိတာ အထူး အဆန်းမဟုတ်ပါဘူး။

ဒါပေမယ့် ထောင်ကျတဲ့အတွက် သင်္ခန်းစာတွေတော့ အများကြီးရခဲ့ပါတယ်။ သင်္ခန်းစာဆိုတာက ဥပမာအနေနဲ့ထုတ်ပြရရင်- အရင်တုန်းက ကိုယ့်မှာအပြစ်မရှိရင် ကိုယ့်ကို ဘာမှလုပ်လို့မရဘူး ဆိုတဲ့ မှားယွင်းတဲ့ ယုံကြည်ချက် အစိုင်အခဲကြီးဟာ ရုံးထုတ်တဲ့နေ့မှာပဲ လုံးဝ အရည် ပျော်ပြီး ပျက်စီးသွားခဲ့ပါတယ်။ မိမိဘဝတင်မက မိသားစုဘဝ တစ်ခုလုံးကိုပါစွန့်ပြီး နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံစားချက်ကို ကောင်း ကောင်းသဘောပေါက်လာပါတယ်။ ကိုယ်နေရတဲ့နိုင်ငံဟာ အာဏာပြပြီး ဓားမိုးအုပ်ချုပ်နေတဲ့ ဓားမိုးကရေစီနိုင်ငံဖြစ်နေပါလားဆိုတာ ပြက် ပြက်ထင်ထင် သိလာပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး ဤမှန်း ကျွဲမှန်း မကွဲတဲ့အထဲမှာ ကိုယ်လဲအပါအဝင်ဖြစ်ခဲ့တယ်ဆိုတာ သိလာပါတယ်။ မသိ သေးတဲ့သူတွေသိလာအောင် လုပ်ပေးရအုံးမှာပါလား ဆိုတဲ့ခံစားချက်မျိုးလဲ ပေါက်ဖွားလာခဲ့ပါတယ်။

လူ့အခွင့်အရေး လွတ်လပ်မှုနှင့် တရားမျှတမှုဆိုတဲ့ တန်ဘိုးတွေဟာ မြန်မာပြည်သူတွေအတွက် မမှန်းသာအောင် အလှမ်းကွာနေတဲ့ အရာ တွေလဲမဟုတ်ပါဘူး။ အထက်ပါ အသိ၊ ခံယူချက်၊ ခံစားချက်တွေကို အခြေခံပြီးတော့ နောင်တစ်ချိန်မှာ ဘယ်နေရာဒေသ၊ ဘယ်ဘဝ ဘယ် ပုံစံနဲ့ ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် လူ့အခွင့်အရေး လွတ်လပ်မှုနှင့် တရားမျှတမှု ဆိုတာတွေဟာ လူတိုင်းနဲ့ သက်ဆိုင်တယ်၊ သိအောင် လုပ်သင့်တယ်၊ သိအောင် ရရှိအောင်ကြိုးပမ်းတာဟာ အပြစ်မဟုတ်တဲ့အပြင် မြင့်မြတ်တဲ့ ကြိုးပမ်းမှုဖြစ်တယ်ဆိုတာ သိလာအောင် လက် လှမ်းမီသလောက် ဖြန့်ဝေအသိပေးဖို့ မျှော်မှန်းထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)