သန်းဝင်းလှိုင် – အာဏာရှင် ဗိုလ်နေ၀င်း၏ ဇာတ်သိမ်းခန်း (အပိုင်း ၉)

November 16, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၉)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၁၆၊ ၂၀၁၃



ဗိုလ်နေဝင်း၏ ဆင်ကွက်ထဲဝင်ခဲ့မိသော ဂဠုန်ဦးစော


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်အကြီးအကဲများအား လုပ်ကြံသတ်ဖြတ်ခဲ့သော နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောနှင့် သူ့နောက်လိုက်များသည် လုပ်ကြံသည့်နေ့မှာပင် ဖမ်းဆီးခံရပြီး အထူးတရားရုံး၌ တရားရင်ဆိုင်ကာ ၁၉၄၇ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့တွင် အပြီးသတ်စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရသည်။

ထို့နောက် ဂဠုန်ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုန်ကြီး တို့သည် ၁၉၄၈ မေလ ၈ရက် စနေနေ့တွင် အင်းစိန်ထောင်၌ သေဒဏ်စီရင်ခြင်း ခံရသည်။ တဖန် ရန်ကြီးအောင်၊ မောင်စိန် ခေါ် စိန်ကြီးတို့နှစ်ဦးသည် ယင်းနေ့၌ပင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။ သုခ၊ ခင်မောင်ရင်၊ မောင်နီတို့သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂ဝသို့ ကျခံခဲ့ရသည်။ လုပ်ကြံမှုတရားခံ ဘညွန့်တစ်ဦးသာ အစိုးရသက်သေ(ဖော်ကောင်) အဖြစ် သတ်မှတ်ခံရသောကြောင့် အမှုမှ လွတ်ကင်းခွင့် ရရှိသွားသည်။

ဤသို့ ဂဠုန်ဦးစောနှင့် သူ့နောက်လိုက်များအား တရားရုံးတော်က ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့မှုသည် ဘက်ပေါင်းစုံကကြည့်လျှင် တရားမျှတမှုရှိသည်ဟု ဆိုရသော်လည်း ဦးစောသည် ဗိုလ်နေဝင်းအုပ်စု၏ ဆင်ကွက်ထဲ ဝင်မိခဲ့ပြီး တရားဆိုင်မှုတစ်ရပ်လုံးသည် တရားရေးပြယုဂ်သာ ဖြစ်သည်ဟု ယုံကြည်သူ အများအပြား ရှိနေခဲ့သည်။

အထူးသဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသော နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပွားပြီး အနှစ် ၄ဝနီးပါးရှိသည့် ၁၉၈၆ခုနှစ် ဧပြီလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ထုတ်ဝေသည့် စာစောင်တစ်ခုတွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်တွင် ဦးစောသည် အပြစ်ရှိသော်လည်း စနစ်တကျအကွက်ချထားသော နိုင်ငံရေးဆင်ကွက်ထဲသို့ ဝင်ခဲ့မိသည်ဟူ၍ ဖော်ပြထားသည်။ အဆိုပါ ဆောင်းပါး၏ ခေါင်းစဉ်မှာ “ အောင်ဆန်းကို တကယ်ဘယ်သူသတ်သလဲ ” ဟူ၍ဖြစ်ပြီး ဆောင်းပါးရှင်၏ အမည်ကို ‘ကျွန်ုပ်တို့၏ ရန်ကုန်သတင်းထောက်’ ဟု ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် –

“၁၉၄၇ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် ဦးအောင်ဆန်းကို လျှို့ဝှက်ဆန်းကြယ်စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုသည် ကရင်လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် ကြီးမားသော အချိုးအကွေ့တစ်ခုကို ဖြစ်စေခဲ့သည်။ ၃၉နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုလူသတ်မှုအား အစစ်အမှန် ကြံစည်ဖန်တီးခဲ့သူများကိုမူ ယနေ့တိုင် လူသိရှင်ကြား မဖော်ထုတ်နိုင်သေးချေ။အမှု၏ အချက်အလက်များကိုလည်း ယနေ့ထက်တိုင် မဖြေရှင်းနိုင်သေးချေ။”

“အစစ်အမှန် ပူးပေါင်းကြံစည်သူများထဲမှ အာရုံလွဲပြောင်းသွားစေရန် အကွက်ချပြီး ဦးစောကို တရားရုံးတင်ကာ အပြစ်ဒဏ်ချခဲ့ခြင်းမှာ ဆင်ကွက်တစ်ခုသာ ဖြစ်ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေသည်။ အကယ်၍ ဦးစောသည် အကွက်ဆင်ခံခဲ့ရသည်ဟု ဆိုလျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များကို မည်သူတို့က အမှန်တကယ် သတ်ခဲ့ကြပါသနည်း။ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အခြားပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နေသည်ဆိုသည့် ကြာရှည်စွာ စွဲမြဲနေသော ကောလဟလများတွင် အမှန်တရား မည်မျှလောက် ရှိနေပါသနည်း” ဟူ၍ ရေးသားဖော်ပြထားလေသည်။

ထိုနည်းတူစွာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်၌ နေထိုင်လျက်ရှိသော ဦးခင်အောင် ရေးသားသည့် ‘ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ်သလဲ’ အမည်ရှိ စာအုပ်ကို ၁၉၉၂ခုနှစ်တွင် ခေတ်ပြိုင်ဂျာနယ်တိုက်မှ ထုတ်ဝေဖြန့်ချီခဲ့သည်။

အဆိုပါ စာအုပ် အခန်း (၅) စာမျက်နှာ ၁၆၇၌ –

“ဦးအောင်ဆန်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရန်ကုန်ဘုရင်ခံရုံးမှ လန်ဒန်သို့ ပထမဆုံး အသေးစိတ် ရေးသားပေးပို့လိုက်သော ကြေးနန်းတွင် သေနတ်သမားများကို ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့လက်နက်ကိုင်တပ်မှ တပ်ဖွဲ့ဝင်များအဖြစ် ဖော်ပြထားသည်” ကို သတိချပ်သင့်သည်။

ထို့နောက်ပိုင်း ဘုရင်ခံရုံးမှပေးပို့သော ကြေးနန်းစာများတွင်မူ ပဟေဠိဆန်လှသော ယင်းသတင်းကို ချန်လှပ်ထားခဲ့တော့သည်။ ယင်းသည် မှားယွင်းဖော်ပြမှုပေပဲလား။ သို့မဟုတ် နိုင်ငံရေးရာ ထောက်ထားစရာ အကြောင်းများကြောင့် အာဏာပိုင်များက ကနဦး သတင်းပေးပို့မှုကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ရှောင်ရှားခဲ့ခြင်းပေပဲလား။ ကျွန်ုပ်တို့မည်သည့် အခါမျှ သိနိုင်တော့မည် မဟုတ်ပေ။ သို့သော်လည်း ဥာဏ်နီဥာဏ်နက်များလှသော အမှတ်(၄) ဗမာ့လက်နက်ကိုင်တပ်၏ တပ်ရင်းမှူးသည် ထိုအချိန်မှစ၍ မြန်မာ့မြင်ကွင်းတွင် ခြောက်လှန့်လျက် ရှိနေပေသည်။

၁၉၁၀ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည့် တရုတ် – ဗမာ ကပြား ဖြစ်သူ ငယ်နာမည် ရှုမောင် (ခေါ်) ဦးနေဝင်းသည် ဦးနုထက် (၃)နှစ်ငယ်ပြီး၊ ဦးအောင်ဆန်းထက် (၅)နှစ်ကြီးသူ ဖြစ်သည်။ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်ဖြစ်ပင် ဖြစ်သော်ငြားလည်း ဦးနေဝင်းသည် ၁၉၄၆ခုနှစ် နောက်ပိုင်းကျမှသာ ယှဉ်ပြိုင်သူများကို ရက်ရက်စက်စက် ဖယ်ရှားပြီး ထိပ်ပိုင်းနေရာသို့ မရမနေ စတင်တက်လှမ်း လာနိုင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ်များ၊ ပြည်သူ့ရဲဘော်များ တောခိုသွားပြီး အမှတ် (၁)နှင့် အမှတ် (၃) ဗမာ့လက်နက်ကိုင်တပ်များ ပုန်ကန်ထကြွသည့်အချိန်တွင် ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့လက်နက်ကိုင်တပ်သည် အစိုးရအတွက် တခုတည်းသော မှီခိုအားထားရာ၊ အဓိက မဏ္ဍိုင်ကြီး ဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံရေးကာကွယ်ရေးကို တပြည်လုံး ဖြန့်ကျက်ထားနိုင်ရန် အတွက် ဦးတင်ထွဋ်၏ ပြည်ထောင်စုအရန်တပ်ဖွဲ့များကဲ့သို့သော တပ်ဖွဲ့အသစ်များကို ထူထောင်ခဲ့ရသည်။

အမျိုးသားညီညွတ်ရေး ခိုင်မာစေရန် ရည်ရွယ်၍ တိုင်းရင်းသား ကရင်အမျိုးသားတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း (Lt.Gen.Smith Dun)ကိုပင် တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် အဖြစ် အစိုးရက ခန့်အပ်ခဲ့သည်။ သူ့လက်အောက်တွင်မှ ဒုတိယဦးစီးချုပ် (၂)ဦးရှိသည်။ တစ်ဦးမှာ ဗိုလ်ချုပ်ဖြစ်လာသော ဗိုလ်နေဝင်းနှင့် နောက်တစ်ဦးမှာ ရဲဗိုလ်ချုပ်ဖြစ်သူ ဦးထွန်းလှအောင် ဖြစ်သည်။ စစ်တပ်ရာထူးတွင် နံပါတ် (၄)နေရာ၌ ရှိနေသော ဦးတင်ထွဋ်သည် လက်သည်တရားခံ လူသတ်သမား မပေါ်ဘဲ ၁၉၄၈ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် လုပ်ကြံခြင်း ခံခဲ့ရသည်။

ထို့နောက် လအနည်းငယ်အကြာတွင် ကရင်လက်နက်ကိုင် ပုန်ကန်မှု ပေါ်ပေါက်လာခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် လက်ရှိ အစိုးရအပေါ် ဆက်လက် သစ္စာစောင့်သိနေသော်လည်း ကရင်စစ်အရာရှိများအပေါ် သံသယရှိလာသဖြင့် သူသည် ရက်အကန့်အသတ်မရှိ ခွင့်ရက်ရှည်ယူခိုင်းခြင်းကို ခံခဲ့ရသည်။ သူ့ကို ၁၉၄၉ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အနားပေးလိုက်ပြီး၊ အလုပ်မလုပ်သူများစာရင်းတွင် ထည့်သွင်းခြင်းခံရကာ သူသည် ပြည်နယ် အတွင်းတွင် မိမိသဘောနှင့်မိမိ အဝေးသို့ သွားရောက်နေထိုင်ခဲ့လေသည်။

ဗိုလ်ချုပ်ထွန်းလှအောင်သည် ဗြိတိန်နိုင်ငံရှိ ကမ္ဘာကျော် ဆင်းဟတ်စ် (Sanhurst) ဘုရင် စစ်ကောလိပ်သို့ ဝင်ခွင့်ရခဲ့သော ပထမဆုံး မြန်မာအမျိုးသားဖြစ်ပြီး၊ ၁၉၂၂ခုနှစ် သင်တန်းပြီးဆုံး၍ ဘွဲ့ရသည်နှင့် ဘုရင်၏ ရာထူးခန့်ထားခြင်းကို ခံခဲ့ရသူဖြစ်သည်။ သူသည်လည်း ၁၉၄၈ခုနှစ်တွင် လန်ဒန်မြို့ရှိ မြန်မာသံရုံးသို့ မြန်မာစစ်သံမှူးအဖြစ် စေလွှတ်ခြင်း ခံခဲ့ရသည်။ အဆိုပါရာထူးမှာ ယခင် သူကိုင်တွယ်ခဲ့ရသည့် ရာထူးထက် အဆင့်များစွာနိမ့်သော ရာထူးဖြစ်လေသည်။ ၁၉၅၁ခုနှစ်တွင် ဗြိတိန်နိုင်ငံရှိ မြန်မာသံရုံးတွင် သူ့တာဝန်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ သူစီးလာသော သင်္ဘောသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) ကိုလံဘိုဆိပ်ကမ်းသို့ ဆိုက်ကပ်ချိန်တွင် သူ့ကို မြန်မာထောက်လှန်းရေးအရာရှိများက လာရောက်တွေ့ဆုံပြီး သူကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပစ်လိုက်ကြသည်။ ဤသည်မှာ ရှင်းပြ၍ မရနိုင်လောက်သော ထူးဆန်းမှုဖြစ်သည်။ သို့ဖြင့် သူသည် သီဟိုဠ်တွင် ၁၉၅၄ခုနှစ်အထိ သောင်တင်နေခဲ့ရသည်။ မြန်မာနိုင်ငံ၏ ဗမာ့တပ်မတော်၌ အဆင့်မြင့်ဆုံး စစ်တပ်အရာရှိကြီး (၄)ဦး ရှိသည့်အနက် ၁၉၄၉ခုနှစ် အရောက်တွင်မူ ဗိုလ်နေဝင်း တစ်ယောက်သာ ကျန်ရစ်ခဲ့လေတော့သည်။

ဗိုလ်နေဝင်းသည် ‘မက်စီယာဗယ်လီ’ (Niccolo di Bernardo dei Machiavelli – 1469 – 1577) အယူအဆသမား၊ အာဏာအရူးအမူးသမား ဖြစ်သည်မှာ ယခင်ကလည်း မှန်ခဲ့သည်။ ယခုလည်း မှန်နေသေးသည်။ သံသယ ဖြစ်စရာ မရှိပေ။ နိုင်ငံရေးလောကအတွင်း၌ ဖြစ်စေ၊ စစ်တပ်အတွင်း၌ ဖြစ်စေ၊ သူ့ပြိုင်ဘက်မှန်သမျှကို ၁၉၄ဝပြည့်နှစ်မှ ယနေ့အထိ ဖယ်ရှားပစ်ခဲ့သည့် သူ့လက်သူ့ခြေရာများကို မြန်မာအများစု မြင်တွေ့နေရသည် မဟုတ်ပါလော။ ထို့နောက်ပို၍ အလှမ်းကျယ်၍ ပို၍လက်သွက်လာခဲ့သည်။

၁၉၄၇ခုနှစ်၌ အများမြင်ကွင်းမှ ဗိုလ်ချုပ်အောင်ဆန်း ပျောက်ကွယ်သွားခဲ့ရသည်ကို ဗိုလ်နေဝင်းအနေဖြင့် စိတ်သက်သာရကာ ကျိတ်ပြီးဝမ်းအသာကြီးသာနေပေလိမ့်မည်ဟု ယူဆလျှင်ကား အကြောင်းအကျိုးဆီလျော်သည်ဟု ဆိုရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အမြင့်ဆုံးအာဏာအတွက် သူ့အဓိက ယှဉ်ပြိုင်ဘက်ကြီး မရှိတော့၍ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့လုပ်ဖော်ကိုင်ဘက်များအား ဂဠုန်ဦးစောက သတ်ချင်လာအောင် သူ့အနေဖြင့် နောက်ကွယ်က ကြိုးကိုင်၍ အကွက်ဆင်နိုင်လောက်အောင် စွမ်းဆောင်နိုင်ပါမည်လော။ ယင်းသို့ဆိုလျှင် အလွန်အမင်း အထင်ကြီးရာရောက်ပြီး၊ မြှောက်ပင့်ရာကျနေမည်လော။ သို့သော်လည်း ယနေ့အခါတွင် ပြည်ပရောက် မြန်မာအချို့က ထိုအတိုင်းပင် ယုံကြည်လျက် ရှိနေကြပေသည်။

ဖလော်ရီဒါ၌ အလုပ်လုပ်နေသော မြန်မာဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာကြင်ဟိုး ခေါ် ဒေါက်တာနိုင်ဝင်းက “ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့အာဇာနည်များ လုပ်ကြံမှုကြီးအတွင်းရေး” အမည်ရှိ စာအုပ်တစ်အုပ် ရေးသား၍ ၁၉၉၂ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု ဖို့လော့ဒ်ဒါဒေးလ် (Fort Lauderdale) တွင်ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်ငယ်၌ ဗိုလ်လက်ျာ၏ ညီငယ် ဦးမြလှိုင်နှင့် သူတို့ပြောဆို ဆွေးနွေးချက်အပေါ် အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ ယင်းစာအုပ်၌ ဦးမြလှိုင်သည် တချိန်က ဗမာပြည်လက်နက်ကိုင် တိုက်ခိုက်ရေး ပုလိပ်တပ်ဖွဲ့ (Burma Armed Police Striking Force) တွင် အမှုထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းတွင် ပေဖူးလွှာ မဂ္ဂဇင်းကို ဦးစီးထုတ်ဝေ၍ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် ၁၉၈၇ခုနှစ် ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စု တောင်အတ္တလန်တိတ်ပြည်နယ်များ၏ တောင်ပိုင်း အစွန်ဆုံး ဖလော်ရီဒါရှိ သူ့ကိုယ်ပိုင်ဆေးကုခန်း ဖွင့်ထားသော ဒေါက်တာကြင်ဟိုးနှင့် ဦးမြလှိုင် စတင်တွေ့ဆုံခဲ့ရပြီး ဒေါက်တာကြင်ဟိုးက သူ၏ စိတ်လှုပ်ရှားဖွယ် ပြန်ပြောင်းပြောပြချက်ကို စတင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် သူတို့နှစ်ဦး ပိုမိုရင်းနှီးလာရာမှ အတူတကွစားသောက်ရင်း ထွေရာလေးပါး ဆွေးနွေးပြောဆိုဖြစ်ကြသည်။ ဒေါက်တာကြင်ဟိုးအနေဖြင့် ၁၉၅၇ခုနှစ်က ဖတ်မိခဲ့သော လူထုဦးလှ၏ စာအုပ်တစ်အုပ်ထဲမှ ရေးသားထားသည့် ဂဠုန်ဦးစော၏ အသက်အား ရန်ရှာရန်ကြိုးစားခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား အာဇာနည်များအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အကြောင်းခြင်းရာတို့သည် ထိုစဉ်မှပင် သူ့စိတ်ကိုရှုပ်ထွေးစေလျက် ပဟေဠိ ပုစ္ဆာတစ်ပုဒ်အလား အတွေးပွားစေခဲ့သည်။

သို့ဖြင့် ၁၉၈၈ စက်တင်ဘာလ ၁ဝတွင် ဦးမြလှိုင်၏ နေအိမ်၌ ၎င်းတို့နှစ်ဦးသည် ဤအကြောင်း စကားစပ်မိရာမှ ဦးမြလှိုင်က ဒေါက်တာကြင်ဟိုးအား အောက်ပါအတိုင်း အသေးစိတ်ဖွင့်ဟ ပြောပြခဲ့သည်။

ဦးမြလှိုင်သည် တချိန်က ရန်ကုန်ဘဆွေနှင့် အလွန်ရင်းနှီး ခင်မင်ခဲ့သည်ဟု ဆိုသည်။ သူ(ဦးမြလှိုင်)နှင့် ရန်ကုန်ဘဆွေတို့ နှစ်ဦးမှာ ဂဠုန်ဦးစော၏ အသက်ကို ရန်ရှာသယောင် ကြံစည်နိုင်ရန်အတွက် (၂)လကြာ သင်တန်းပေး လေ့ကျင့်ခံရကြောင်း၊ ထိုသို့ ကြံစည်ခြင်းဖြင့် ဦးအောင်ဆန်းက နောက်ကွယ်မှ ကြိုးကိုင်၍ သွေးထိုးမြှောက်ပင့်ပေးသူအဖြစ် ဦးစော အထင်မှား အမြင်မှားစေရန် ဖြစ်ကြောင်းသူက အတိအလင်းဖွင့်ဟခဲ့သည်။ ဤသို့သော သူရဲဘောကြောင်လှသည့် လုပ်ရပ်အား စည်းရုံးစီမံသူများမှာ အခြားသူများမဟုတ်။ ဗိုလ်ချုပ်နေဝင်းနှင့် သူ၏အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဗိုလ်မှူးချုပ်အောင်ကြီးတို့သာ ဖြစ်သည်ဟု ဦးမြလှိုင်က ပြောပြခဲ့သည်။

ဒေါက်တာကြင်ဟိုး ပြန်ပြောင်းပြောပြသည့် ဦးမြလှိုင်၏ ပြောဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“တစ်နေ့ ကျွန်တော် စစ်ရုံးမှာ အလုပ်ပြီးလို့ အိမ်ပြန်မယ်အလုပ်မှာ ကျွန်တော့်ဆရာ ဗိုလ်အောင်ကြီးက ….. “ကိုမြလှိုင် ခင်ဗျား အိမ်မပြန်နဲ့အုံး၊ ကျွန်တော့်အိမ်ကို လိုက်ခဲ့။ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာရှိတယ်” လို့ ကျွန်တော့်ကိုပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း သူနဲ့လိုက်သွားပါတယ်။ အဲ့ဒီရောက်တော့ သူက ကျွန်တော့်ကိုမေးတယ်။ “ခင်ဗျားမှာ ငွေဘယ်လောက်ရှိသလဲ”တဲ့၊ ကျွန်တော်က “ကျွန်တော့်မှာ ငွေတစ်သိန်း၊ နှစ်သိန်းလောက်တော့ ရှိပါတယ်”လို့ ပြန်ဖြေတော့ သူက “ကောင်းတယ်၊ ဒါဆို ခင်ဗျားအိမ်အတွက် လုံလောက်တယ်။ ကျွန်တော်တို့မှာ အထူးတာဝန်တစ်ခု လုပ်စရာရှိတယ်။ ကျွန်တော့်အိမ်မှာ ခင်ဗျားနေ၊ အားလုံး ကိစ္စဝိစ္စပြီးရင် ခင်ဗျားအိမ်ပြန်နိုင်တယ်”လို့ ပြောပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးအိမ်မှာ ကျွန်တော် (၂)လလောက် နေခဲ့ရတယ်။ ရန်ကုန်ဘဆွေကတော့ ဗိုလ်နေဝင်းအိမ်မှာနေပြီး သေနတ်တစ်လက်နဲ့ အပစ်လေ့ကျင့်နေရတယ်။ လုံးဝသေချာဖို့ ကျွန်တော်တို့ကို ပိုလေ့ကျင့်ပေးတာပါ။ (တကယ်တော့ ရန်ကုန်ဘဆွေဟာ လက်တည့်ပြီးသားပါ။) ပြီးတော့ ဦးစောရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ အသေးစိတ်လေ့လာရတယ်။ သူရုံးကိုသွားဖို့ အိမ်ကနေ ဘယ်အချိန်ထွက်တယ်။ ဘယ်အချိန်ပြန်ရောက်တယ် …. စသည်ဖြင့်ပေါ့။ ဦးစောအသက်ကို ရန်ရှာဖို့လုပ်တဲ့နေ့က သူက သူ့အနက်ရောင်ကားကြီးထဲမှာ ဒရိုင်ဘာဘေးကထိုင်လိုက်လာတယ်။ ကျွန်တော်တို့က သူ့နောက်က ကပ်လိုက်သွားတယ်။ နေရာကောင်းလဲရောက်ရော၊ ကျွန်တော်က သူ့ကားကို ကျော်တက်လိုက်တယ်။ အဲဒီအချိန်မှာ ရန်ကုန်ဘဆွေက သေနတ်ခလုတ်ကို ဆွဲဖြုတ်လိုက်တာပဲ။ ပထမပစ်ချက်က ဦးစော နဖူးကို ရှပ်မှန်သွားတယ်။ ဒါအရေးကြီးဆုံး ပစ်ချက်ပဲ။ ရန်ကုန်ဘဆွေက နောက်တချက် ထပ်ပစ်တယ်။ အဲဒါက ဦးစောကို မထိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးစောက သူ့ထိုင်ခုံအောက် လျှောချလိုက်လို့ပဲ။ တတိယအချက်ကတော့ မိုးပေါ်ထောင်ပစ်လိုက်တာပါ။ ရန်ကုန်ဘဆွေက …. “ဟေး၊ ကိုမြလှိုင်၊ မောင်းပြေးပေတော့” လို့ အော်ပြောလိုက်တယ်။

ကျွန်တော် ဘယ်လောက် မြန်မြန်မောင်းလိုက်လဲ မသိဘူး။ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ဘူး။ သေနတ်ကတော့ ဗိုလ်နေဝင်းရဲ့ ကိုယ်ပိုင်သေနတ်ပါ။ ရန်ကုန်ဘဆွေနဲ့ ကျွန်တော်တို့ လုပ်ကြံတာကို ဂဠုန်ဦးစော လုံးဝမသိခဲ့ပါဘူး။ ဒါကတော့ ကျွန်တော်တို့ (၄)ယောက်၊ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေနဲ့ ကျွန်တော်(ကိုမြလှိုင်) တို့ပဲ သိတာပါ။”

ဗိုလ်နေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုဖြစ်နေခဲ့ပြီး၊ အမြဲကြောက်နေခဲ့ရသည်ဟု ဒေါက်တာကြင်ဟိုးက ဖြည့်စွက်ပြောသည်။ ထိုအချိန်က အပျော်ကျူး၍ လက်လွတ်စပယ် အသုံးအဖြုန်းကြီးသော ဗိုလ်နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းက ဆူပူကြိမ်းမောင်း နေခဲ့သည်။ ဗိုလ်နေဝင်းက ဦးစော အသက်မဆုံးရှုံးစေဘဲ ရန်ရှာရုံသက်သက် ‘မြင်းသမားဥာဏ်’နှင့် ကြံစည်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က ကားထဲပါသူ သေနတ်သမား နှစ်ယောက်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ပိုင်တပ်ဖြစ်သည့် ပြည်သူ့ရဲဘော်တပ် (PVO) မှ ယူနီဖောင်းများကို ဝတ်ထားစေခြင်းဖြင့် သူ့အသက်ကို ရန်ရှာမှုနောက်ကွယ်တွင် ဗိုလ်ချုပ် ရှိနေသည်ဟု ဦးစော ထင်မြင်သွားစေရန် ဖြစ်သည်။ သို့မှသာ ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို ရန်တုံ့ပြန် လက်စားချေပေလိမ့်မည်ဟု တွက်ဆထားသည်။

သေနတ်သမားများ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်နှင့် သူတို့၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များမှလွဲ၍ ဤအဖြစ်အပျက်၏ အသေးစိတ်ကို ၁၉၄ဝပြည့်နှစ်များ နောက်ပိုင်းတွင် မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဖြစ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း အသတ်မခံရမီ (၁ဝ)လအလို ၁၉၄၆ စက်တင်ဘာ ၂၁ တွင် ဦးစော အသက်ကို ရန်ရှာခြင်းနှင့် အခင်းဖြစ်ပွားရာတွင် ပြည်သူ့ရဲဘော်များ ပါဝင်ပတ်သက်နေပုံရခြင်းတို့ကို လုပ်ကြံမှုအတွက် စေ့ဆော်ချက်အဖြစ် တရားရင်ဆိုင်နေစဉ် အတွင်းတွင်ပင် ကိုးကားခြင်းခံခဲ့ရလေသည်။

သို့သော် ဦးမြလှိုင်၏ ဇာတ်ကြောင်းပြန်ဖွင့်အန်ခြင်းများသည် ခိုင်လုံမှု မည်မျှရှိသည်ကိုမူ မည်သူမျှ သိနိုင်တော့မည် မဟုတ်ချေ။ ရန်ကုန်ဘဆွေသည် အတန်ကြာကပင် ဦးနှောက်ကင်ဆာ ရောဂါဖြင့် ၁၉၈၆ စက်တင်ဘာလ ၁၇ရက်နေ့တွင် သေဆုံးသွားခဲ့ပြီး ဦးမြလှိုင်မှာလည်း ဖလော်ရီဒါသို့ သွားရောက်လည်ပတ်ပြီး နှစ်အနည်းငယ်အကြာ ၁၉၉ဝပြည့်နှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သောကြောင့် ဖြစ်လေသည်။

သူတို့ မကွယ်လွန်မီ ၁၉၈၉ ဇူလိုင်လ အာဇာနည်နေ့ အထူးထုတ် ‘The Burma Review စာစောင် အမှတ်စဉ်(၆)တွင် မောင်ထူး (ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်)ရေးသားခဲ့သော “ဒီမိုကရေစီသို့ နောက်ဆုံးခရီး” ဆောင်းပါးတွင် ဦးအောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုတွင် ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် ဦးဆောင်မှုကဏ္ဍမှ ပါဝင်ခဲ့ပုံနှင့် ဦးအောင်ဆန်းအပေါ် ထားရှိသော ဦးနေဝင်း၏ သဘောထားတို့နှင့် ပတ်သက်၍ ဤသို့ရေးသားထားလေသည်။

“ဦးနေဝင်းသည် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် တိုင်ပင်ပြီးသကာလှ အခွင့်အရေးသမားတစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဓိက ပြိုင်ဘက်ကြီးဖြစ်သော ဦးစောကို သေနတ်ဖြင့်ပစ်ရန် သေနတ်သမား (၂)ဦးကို တာဝန်ပေးအပ်ခဲ့သည်။”

ဦးအောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ရခြင်း၏ ရည်ရွယ်ချက် အသေးစိတ် အတိအကျကို သိရှိခဲ့ကြသူ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အနည်းငယ်သာ ရှိခဲ့သည်။ ၁၉၆၂ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဇူလိုင်လ ၁၉ရက်တွင် အာဇာနည်ကုန်းသို့ စစ်ဝတ်စုံပြည့်ဖြင့် ချီတက်ကြရန် စစ်တပ်က စီစဉ်ခဲ့သည်။ တပ်မတော် စတင်တည်ထောင်ခဲ့သူ ဦးအောင်ဆန်းသာ အသက်ထင်ရှား ရှိခဲ့ပါမူ ယင်းအာဏာသိမ်းမှုကို သဘောတူလိမ့်မည်ဟု လူထုကို ပြသရန်ဖြစ်သည်။

တော်လှန်ရေးကောင်စီဝင် (၁၇)ဦးအနက် (၁၄)ဦးသည် ထိုချီတက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်မှူးချုပ်တင်ဖေက ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရမှုကို ဝမ်းနည်းတသပြောဆိုခဲ့သည်။ ဗိုလ်ချုပ်နေဝင်းက ထရပ်လိုက်ပြီး “ဘာလို့ဝမ်းနည်းနေရမှာလဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ လူပျော့တစ်ယောက်ပဲ၊ ဒါ့အပြင် တိုင်းပြည်ရဲ့ ပြဿနာတွေအပေါ် သူ့ထက်စာရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ငါအများကြီး ပိုသိတယ်”ဟု ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သော အာဇာနည်နေ့အထိမ်း အမှတ် ချီတက်မည့် မဟာစီမံကိန်းကြီးမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရလေသည်။”ဟူ၍ ရေးသားထားလေသည်။

ဦးခင်အောင်၏ “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်၊ စာမျက်နှာ ၁၇၄ ၌ပင် ဆက်လက်ဖော်ပြထားသည်မှာ –

“ဗိုလ်နေဝင်းသည် သူ့ဘဝရှေ့ရေးအတွက် ပြဿနာတစ်ရပ်ကို စဉ်းစားရာ၌ လောင်းကစားသမားပီပီ အမှားအမှန်ကို အဓိကမထားဘဲ အနိုင်အရှုံးကိုသာ အမြဲတမ်း အဓိကထားတတ်သူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းတပ်မှထွက်ကာ နိုင်ငံရေးနယ်ထဲသို့ ဝင်ရောက်သွားချိန်တွင် သူ၏ စဉ်းစားခန်း ဝင်ခဲ့သည်မှာ ဂဠုန်ဦးစောသည် တချိန်က နန်းရင်းဝန်ဟောင်းတစ်ဦးဖြစ်ခဲ့၍ သူ့ကိုအထင်သေး၍ မရ၊ အကယ်၍ သူသည် မတော်တဆ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးအရ ဈေးကစားချက်အားပြိုင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး’ဟု ကြွေးကြော်သံ မပေးဘဲ ဗြိတိသျှအစိုးရအား ‘ဒိုမီနီယန်’ လျှော့ဈေးပေးကာ ဝန်ကြီးချုပ်ဖြစ်သွားခဲ့သော ဦးတင်ထွဋ်သည် သူ့လူရင်းဖြစ်ရုံသာမက ပညာအရည်အချင်းအားဖြင့်လည်း အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (I.C.S) ဖြစ်သောကြောင့် မျိုးချစ်ပါတီအစိုးရတွင် ဧကန်မုချ ကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဗိုလ်နေဝင်းသည် ရှေ့ဆက်မတွေးတော့ဘဲရန်ကုန်ဘဆွေနှင့်လွန်စွာရင်းနှီးသောမြင်းခြံသား ဗိုလ်ကြီး(ယပက်လက်) လှယွှေအား သွားခေါ်ခိုင်းလိုက်သည်။ ထို့နောက် မြဝတီရဲခေါင် ပြန်ပြောင်းပြောပြသည့် ရန်ကုန်ဘဆွေ၏ တဆင့်ပြောဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“ဂဠုန်ဦးစောအား ရှေးဦးစွာ သုတ်သင်ရှင်းလင်းရန်အတွက် သူနှင့်ကိုမြလှိုင်တို့သည် စပတ်လမ်း တနေရာမှ ဂဠုန်ဦးစောအား သူ၏ ‘သူရိယ’  သတင်းစာတိုက် ရုံးပေါ်မှ ဆင်းလာပြီး၊ ကားပေါ်တက်ချိန်အထိစောင့်၍ သူ့ကားနှင့် မလှမ်းမကမ်းမှ ကပ်လိုက်သွားကြသည်။ ဂဠုန်ဦးစော အမြဲသွားလေ့ရှိသော အိမ်ပြန်လမ်းများအတိုင်း လိုက်သွားရာမှ အခါအခွင့်ကောင်းမည့် ရန်ကုန်ထောင်ကြီးနှင့် ပြည်လမ်းထိပ်တစ်နေရာတွင် ရန်ကုန်ဘဆွေသည် ထိုအခွင့်ကောင်းကို လက်မလွှတ်ဘဲ သူက ကိုမြလှိုင်၏ကားကို အရှိန်လျှော့စေ၍ သူ၏ လက်တွင်းမှ သေနတ်ဖြင့် ကားဒရိုင်ဘာနှင့် ယှဉ်ထိုင်ပြီး လိုက်ပါလာသော ဂဠုန်ဦးစော၏ နောက်စေ့တည့်တည့်ကိုချိန်ကာ ပထမအချက် ပစ်ထည့်လိုက်သည်။ သို့သော် လွန်စွာအကင်းပါး၍ အမြဲမပြတ်သတိကပ်နေသော ဂဠုန်ဦးစောသည် သူ့ရှေ့ကားမှန်ထဲမှ ‘ပြည်သူ့ရဲဘော်’ စစ်ဝတ်စုံ ဝတ်ထားသည့် လူနှစ်ယောက်အနက် ခေါင်းတုံးဆံတောက်နှင့် သူက သူ့အား သူ့နဖူးပူခနဲဖြစ်သွားသည်။ ထိုအချိန်၌ပင် သူသည် ကားဖင်ထိုင်ခုံဘေး ဒရိုင်ဘာရှိရာဘက်သို့ သူ့ကိုယ်ကို လှဲအချ နောက်ထပ်သေနတ်သံ (၂)ချက် ထပ်ထွက်လာသည်။ ဒရိုင်ဘာကလည်း ကားကို ဘရိတ်အုပ်၍ ကားထဲငုံ့နေလိုက်သည်။ ကားမှန်ကွဲစများမှာ သူတို့နှစ်ဦးလုံးကို လွင့်စင်ထိမှန်ကြသည်။

“ကိုရဲခေါင်ရယ်၊ လူတွေရဲ့ကံဆိုတာ မှန်ပဲမှန်သလားတော့ မပြောတတ်ပါဘူး။ ခင်ဗျားလဲ ကျွန်တော့်လက်ကို အသိသားပဲ။ ကျွန်တော်ပစ်လိုက်တာကတော့ သူ့နောက်စေ့တည့်တည့်ကို ပစ်ထည့်လိုက်တာပါပဲဗျာ။ ဒါပေမယ့် သူက ကားမှန်ထဲမှာ ကျွန်တော်ကိုမြင်လို့ လှည့်အကြည့်လိုက်မှာ ကျွန်တော်ပစ်လိုက်တဲ့ ကျည်ဟာ သူ့နောက်စေ့ကိုမမှန်ဘဲ သူ့နဖူးကို ရှပ်မှန်သွားတာပဲ”ဟု ကြိတ်မနိုင် ခဲမရ ပြောပြပါသည်။

ဤကား လွန်ခဲ့သော ၁၉၇၂ခုနှစ်ခန့်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊ စာရေးဆရာ ရန်ကုန်ဘဆွေနှင့် မြောင်းမြဘဆွေတို့သည် ယိုးဒယားနိုင်ငံက လန်ဒန်မြို့ သြဇာခံခြံကြီးအတွင်း လျှို့ဝှက်ဖွင့်လှစ်ထားသည့် အသံလွှင့်ဋ္ဌာနသို့ ဥက္ကဋ္ဌကြီး ဦးနုနှင့် တွေ့ဆုံရန် အလာ၊ အသံလွှင့်ဋ္ဌာန၌ (၃)ရက်မျှနေထိုင်သွားကြစဉ်အတွင်းကျွန်တော့်အား ရန်ကုန်ဘဆွေက စကားစပ်မိ၍ ပြောပြခဲ့ဖူးသော ဖြစ်ကြောင်းကုန်စဉ်၊ယုံချင်ယုံမယုံချင်နေအတွင်းရေးသတင်းကလေးတစ်ကွက်ပင်ဖြစ်ပါသတည်း”ဟူ၍ ရေးသားထားလေသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဗိုလ်နေဝင်းအား ကြံရာပါတစ်ဦး ဖြစ်နိုင်သည်ဟု ယူဆရခြင်းမှာ ဗိုလ်နေဝင်း၏ ဦးတည်ချက်အရ ယိုးစွပ်လိုက်ရခြင်း ဖြစ်၍၊ ထိုအချိန်က သူသည်များစွာ စိတ်ဆင်းရဲနေရသည်။ အာဏာရာထူးရမက်ကြီးမားလှသော ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဗိုလ်နေဝင်းသည် မိမိ၏ စစ်ဝတ်စုံကို ဝတ်ရတိုင်း စိတ်မချမ်းမသာ အမြဲဖြစ်ကာ ဆဲဆိုလေ့ရှိသည်။ ဖက်ဆစ်တော်လှန်ရေးကာလ တပ်မတော်သေနာပတိရာထူးမှ ဆင်းပေးရကာ အသစ်ဖွဲ့လိုက်သော တပ်မတော်တွင် ဗိုလ်မှူးရာထူးဖြင့် အဆင့်လျှော့ကျ လုပ်ကိုင်နေရခြင်းကို သူမကျေမနပ် ဖြစ်နေခဲ့သည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်သောမတ်စ်၊ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ လက်အောက်တွင် မြောက်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးရာထူးနှင့် နေရသည်။ ဖက်ဆစ်တော်လှန်ရေးကာလ၌ သူ့လက်အောက်ရာထူးငယ်သော တောင်ပိုင်းတိုင်းမှူး စောကြာဒိုးက ယခုဗိုလ်မှူးချုပ် ဖြစ်နေသဖြင့် သူ့ထက်အဆင့်မြင့်နေပြန်သည်။

လွတ်လပ်ရေး ပြင်ဆင်ချိန်က ကရင်အရာရှိများသည် သူတို့၏ လုပ်သက်နှင့် ပညာအရည်အသွေးအရ ထိုက်တန်သော ရာထူးများကိုရခဲ့သည်ဟု စမစ်ဒွန်းက သူ၏ မှတ်တမ်းတွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း လွတ်လပ်ရေးရစက စစ်မှုထမ်းသက် (၁၅)နှစ်မှ (၂၀)အထိ ရှိကြသော ကရင်စစ်ဗိုလ်အများစုသည် တပ်မတော်တွင် လွှမ်းမိုးနေသည်။ ဗိုလ်မှူးကြီး စောဒိုနီ အပြင် ကရင်အမျိုးသား ဒုဗိုလ်မှူးကြီး (၈)ဦး ရှိနေသေးသည်။ ထို့ကြောင့် မေဂျာ(ဗိုလ်မှူး) ရာထူးသာ ရရှိထားသော ဗိုလ်နေဝင်းအဖို့ ရာထူးတက်ရန် အိပ်မက်ပင်မမက်ဝံ့အောင် ဆတ်ဆတ်ခါ နာကျည်းနေခဲ့သည်။

ထို့ပြင် မေဂျာရာထူးမှာ သိမ်ငယ်လှရုံမက သူ၏အထက်တွင် သူ့ထက်စစ်ဝါရင့်သော သူများခံနေသဖြင့် စစ်တပ်မှထွက်ကာ သခင်ဗစိန်၏ ‘တို့ဗမာ အစည်းအရုံး’ တွင် ဝင်လျက် နိုင်ငံရေးလုပ်ရန် တိုက်တွန်းခဲ့ကြကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ရဲဘော်သုံးကျိပ်ဝင် ဘဝဖြင့် ဂျပန်ခေတ်၌ အတူနေခဲ့စဉ် ကာလကပင် ဗိုလ်နေဝင်း၏ စရိုက်ဝါသနာကို ကောင်းစွာသိထားသည်။ သို့ဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်း ရှိနေသမျှကာလပတ်လုံး မေဂျာနေဝင်းအဖို့ ရာထူးတိုးတက်ရန်၊ ထိပ်သီးရာထူး ရရှိရန်မှာ မဖြစ်နိုင်တော့ပြီဟု သူတွေးထားဟန်တူသည်။သို့ဖြစ်သည့်အတိုင်း ဗိုလ်နေဝင်းကလည်း သူ့ဘဝတက်လမ်း၌ ခလုတ်တံသင်း လမ်းမရှင်းဘဲ တားဆီးနေသော ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားလိုသည်မှာ မုချပင်ဖြစ်သည်။ ထို့ကြောင့် ဦးစောက တိုက်ရိုက်ဆက်သွယ်သည်ဖြစ်စေ၊ သခင်ဗစိန်မှတဆင့် ဆက်သည်ဖြစ်စေ၊ အင်္ဂလိပ်အရာရှိကြီးများက တိုက်ရိုက်ဆက်သည်ဖြစ်စေ ဗိုလ်နေဝင်းအား ဂဠုန်ဦးစော၏ အစိုးရသစ်တွင် ထိပ်ပိုင်းရာထူးရစေမည်ဟု ကတိပေးသဖြင့် ထိုနေ့က လုပ်ကြံအုပ်စုများနှင့် ပူးပေါင်းကူညီခဲ့လေသလောဟု တွေးတောစရာဖြစ်ခဲ့သည်။

တဖန် ထိုနေ့မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံလိမ့်မည်ဟူသော သတင်းအရ အထူးအစောင့်အကြပ်များ ကြိုတင်ချထားခဲ့သည်။ လုပ်ကြံမှု မဖြစ်မီ သုံးပတ်ခန့်မှ စတင်ကာ လက်နက်များကို လျှို့ဝှက်ကိုင်ဆောင်ထားသော အရပ်ဝတ် အရပ်စားနှင့် စစ်သားများကို ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတဝိုက်နှင့် အတွင်းဝန်ရုံးတွင် သတင်းထောက်များ တွေ့ကြရသည်။ ထိုရဲဘော်များမှာ တပ်ရင်း (၄)မှ ရဲဘော်များ ဖြစ်ကြသည်။ ဗိုလ်လွင်က လုံခြုံရေးကို တာဝန်ယူသည်ဟု ဆိုသည်။

လုပ်ကြံမှုကြီးဖြစ်သော ဇူလိုင်လ ၁၉ရက်နေ့က ထိုရဲဘော်များကို မတွေ့ရချေ။ ထို့ကြောင့် ဤကိစ္စ၌ အတွင်းလူက တံခါးဖွင့်ပေးသော လုပ်ကြံမှုကြီး ဖြစ်သည်မှာ သေချာလှပေသည်။

ထို့ပြင် ကြေးမုံဦးသောင်း(အောင်ဗလ)က ၂၀၀၀ပြည့်နှစ် အောက်တိုဘာလနှင့် စက်တင်ဘာလက ထုတ်လွှင့်သော လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီအစဉ်၌ –

“ဦးအောင်ဆန်း၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ပေးထားသော အထူးအစောင့် နှစ်ဦးသည် အမြဲတစေ ဦးအောင်ဆန်း၏ လက်တကမ်းတွင်ရှိပါလျက်  အခင်းဖြစ်ပွားသော ဇူလိုင်လ ၁၉ရက် နံနက်က မရှိကြဘဲ ပျောက်ကွယ်နေသည်မှာ ဗိုလ်နေဝင်း၏ အစီအစဉ်ဟု မုချယုံကြည် ရလေသည်။

ထိုအစောင့်တို့မှာ ဗိုလ်နေဝင်း၏ လူများဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လျှို့ဝှက်သက်တော်စောင့်များ အဖြစ် တာဝန်ပေးလိုပါသည်။ စိတ်ချရသော ရဲဘော်များပေးပါဟု ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းထံမှ တောင်းရာမှ ရရှိခဲ့သည်။


ဗိုလ်နေဝင်းပေးသော သက်တော်စောင့်(၂)ဦးဖြစ်သူ ရဲဘော်ဘတုပ်နှင့် ရဲဘော်ရဲမြင့်တို့သည် သေနတ်ပစ် လက်ဖြောင့်သမားများ ဖြစ်ကြသည်။ ခြောက်လုံးပြူးနှင့် ပစ္စတိုကို ၁၀ချက်ပစ်လျှင် ၈ချက်တို့သည် ပစ်မှတ်၏ ဗဟိုသို့ ထိမှန်အောင် ပစ်နိုင်သူများဖြစ်သည်။ ဗိုလ်နေဝင်း၏ ရာသက်ပန် လူယုံတော်၏ ဖျာပုံပြောက်ကျားတပ်မှ ပြောက်ကျားဗိုလ်၏ လက်စွဲများဖြစ်ကြသည်။

ထိုနေ့ရှောင်နေကြသော သက်တော်စောင့်(၂)ဦးသည်လည်း ပျောက်သွားသည်။ ရက်အနည်းငယ်ကြာမှ အလောင်းတွေ့ကြရသည်။ အလံနီသူပုန်တို့က သတ်သည်ဟု အမှုပိတ်လိုက်သည်။
ဖဆပလခေါင်းဆောင်သစ် ဖြစ်လာသူ အတွင်းဝန်ဟောင်းဦးတင်ထွဋ်သည် ဗိုလ်မှူးချုပ် ရာထူးနှင့် စစ်မှုထမ်းစဉ်က လုပ်ကြံမှုကြီးတွင် ဦးစော၏ အပေါင်းအပါ မည်သူနည်းဟု သဲလွန်စများ ရှာဖွေခဲ့လေသည်။ နယူးတိုင်း (The New Time) သတင်းစာ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးတင်ထွဋ်က ဦးစောနှင့် ကြံရာပါများ အကြောင်းကို သူ၏ သတင်းစာ၌ ဖွင့်လှစ်ရေးသားလိုသည်ဟု အကြောင်းပြကာ သတင်းထောက်ချုပ်အား သတင်းအစအနများကို လိုက်လံစုံစမ်းရန် ညွှန်ကြားခဲ့လေသည်။ မကြာပါပေ။ ယင်းသို့ အမှုဟောင်းကို ပြန်ဖော်ရန် အားထုတ်သဖြင့် ဦးတင်ထွဋ်ပါ လုပ်ကြံခံရကာ အသက်ပေးသွားရရှာသည်။ ဖျာပုံမှ ပြောက်ကျားဗိုလ်၏ လက်ချက်ဖြစ်သည်ဟု သိကြသော်လည်း အမှုကို မည်သူမှ မဖော်ဝံ့ချေ။

ဂဠုန်ဦးစောနှင့် ကြံရာပါပုဂ္ဂိုလ်မှာ ဗိုလ်နေဝင်းဖြစ်သည်ဟု သဲလွန်စ ရှာလိုသူတို့သည် ဦးတင်ထွဋ်နှင့် ဦးထွန်းလှအောင်တို့၏ ကံကြမ္မာကို မြင်တွေ့ကြသဖြင့် အမှုကြီး၏ သဲလွန်စကို မလိုက်ဝံ့တော့ဘဲ ယနေ့တိုင် အဖြေမရသည့် မေးခွန်းများအဖြစ် နှုတ်ပိတ်နေကြရလေသည်။” ဟူ၍ ပြောကြားသွားခဲ့သည်။

၂၀၀၀ပြည့်နှစ် ဇူလိုင်လတွင် အင်တာနက် စာမျက်နှာပေါ်တွင် ‘စိန်ဗေဒါ’ အမည်ဖြင့် “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတကယ်သတ်သလဲ” ဟူသော မေးခွန်းကို တင်ခဲ့ရာ၊ ကိုဘန်ထွန်းဆိုသူက “မကြာမီကမှ ဒီနိုင်ငံ(ဗြိတိန်)ကို ဝင်လာတဲ့ လူကြီးတွေဆီက ကြားရတာက သူတို့ပြောတဲ့အတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်နေဝင်း(ဦးရှုမောင်)တို့၏ သမီးတို့ စကားအချီအချပြောကြ၍ ဦးနေဝင်း၏သမီးက ဒေါသဖြစ်ပြီး ဂဠုန်ဦးစောကို မရှင်းဂန်းတွေ ပေးလိုက်တာ ငါ့အဖေလို့ အော်ပြောလိုက်တယ်။ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းပစ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျဉ်းမနားက မိန်းမတစ်ယောက်ကို ဗိုလ်နေဝင်းက မုဒိမ်းကျင့်တာကို ဗိုလ်ချုပ်အောင်ဆန်းက သိသွားတော့ ဗိုလ်နေဝင်းကို သတ်ပစ်ချင်လောက်အောင် ဒေါသပေါက်ကွဲခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းကို လက်သည်တရားခံအဖြစ် ပုံနှိပ်ဖော်ပြရန် မသင့်သော စကားလုံးများဖြင့် စွပ်စွဲသော အခြားတုံ့ပြန်မှုများလည်း ရှိပါသေးတယ်” ဟူ၍ ရေးသားဖော်ပြထားသည်။

မည်သို့ဆိုစေ …. ဗိုလ်နေဝင်းအုပ်စု၏ ဆင်ကွက်ထဲ ဝင်ခဲ့မိသော ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်းအား အထင်အမြင်လွဲကာ လက်စားချေခဲ့မှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရေတိမ်မှာနစ်ခဲ့ရသည်မှာ တိုင်းပြည်နှင့် ပြည်သူလူထုအတွက်း ဆုံးရှုံးကြေကွဲဖွယ်ရာ ဇာတ်လမ်းဖြစ်ခဲ့ရသည်မှာ မည်သူမျှ ငြင်းမရသော အချက်ပင် ဖြစ်နေပေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်