Po Htet – ချို၊ အီ၊ မွှေး ဘီယာ

July 14, 2012

ချို၊ အီ၊ မွှေး ဘီယာ
ဖိုးထက်
ဇူလိုင် ၁၂၊ ၂၀၁၂

ခရစ်သက္ကရာဇ် ၁၉၉၉၊ အောက်တိုဘာ ၁၂။
ကျနော် ခိုင့်ကို ရည်းစားစကားပြောခြင်းကိစ္စက ပူလောင်ခြောက်သွေ့နေသည့် မြက်တောကြီးကို မီးလောင်သကဲ့သို့ ကျောင်းဝန်းတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။

ခိုင်သည် အတော်လှသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ “အတော်” ဆိုသည့် မြန်မာစကားသည် ခိုင့်အတွက် လုံလောက်ချင်မှ လုံ လောက်ပါလိမ့်မည်။ ခိုင်သည် အလွန်လှပါသည်။ သူလှကြောင်းကို သူသိသော မိန်းမတစ်ယောက်လည်း ဖြစ်သည်။ ဖြတ်သွားဖြတ်လာ ခိုင့် ကို မျက်နှာချင်းဆိုင်တွေ့မိသည်ဆိုပါအံ့။ ပုရိသကျားသတ္တ၀ါများမဆိုထားဘိ မိန်းမခြင်းပင် နှစ်ခါပြန်ကြည့်ရလောက်အောင် ကုသိုလ် ကောင်းသောသူဖြစ်သည်။

ခိုင်နှင့်ကျနော်က ကျောင်းမှာ မေဂျာတူ။ အတန်းတူ။ အလွန်လှသော ခိုင့်ကိုကပ်ပြီး ချစ်ခွင့်ပန်သော ကျနော်လိုအကောင်တွေ အလွန်များ မည်ထင်သည်။ လက်ဆယ်ချောင်းဖြင့် ရေတွက်လို့မရနိုင်။ ဘယ်နှစ်ယောက်ရှိမှန်း သူကိုယ်တိုင်မသိဟု ကျနော့်ကိုပြောဖူးပါသည်။ တချို့ က သူငယ်ချင်းလေးပါကွယ်ဆိုသည့် အချိုးမျိုးဖြင့် ခိုင်စိတ်တိုင်းကျဖို့ ကြိုးစားသည်။ တချို့က မော်တော်ကား၊ ဆိုင်ကယ်၊ တယ်လီဖုန်း စ သည့် ပစ္စည်းဥစ္စာဓနအင်အားဖြင့် ခိုင့်ကိုချဉ်းကပ်သည်။ တစ်ချို့က ခိုင့်အချစ်မှ မရလျှင် သေပါတော့မယ်ဆိုသည့်ပုံစံ။ တစ်ချို့က ခိုင်စိတ်ဝင် စားလာအောင် မသိမသာ အားထုတ်သည်။

ကျနော်က သူငယ်ချင်းလေးပါဆိုသည့် အူကြောင်ကြားပုံစံလဲ မချိုးချင်။ အိမ်က အတိုင်းအတာဖြင့်ပေးသောမုန့်ဖိုးကိုကျော်လွန်ပြီး ကြွားဝါ ချဉ်းကပ်ဖို့လဲ မဖြစ်နိုင်။ ထို့ကြောင့် ခိုင့်အချစ်ကိုမရလျှင် သေပါတော့မယ်ဆိုကာ သိသိသာသာတမျိုး၊ မသိမသာတမျိုး ခိုင်စိတ်တိုင်းကျဖို့ ကြိုးစားသည်။ ခိုင့်အချစ်ကို ဆွတ်ခူးဖို့ ကြိုးစားသည်။ သို့သော် ခိုင်သည် ရုပ်အလွန်လှပြီး ဦးဏှောက်မရှိသော မိန်းမတစ်ယောက်မဟုတ်ပေ။ ကျနော် သူ့ကိုပေးဖတ်သည့် ရွှေဥဒေါင်းကြီး၏ ရူပနန္ဒီဝတ္ထုထဲက “ရူပနန္ဒီကို အပြင်မှာ မမြင်ဘူးလို့မသိပေမယ့် နင်က ငါ့အတွက် ရူပနန္ဒီပါ” ဆိုသည့် ကျနော့်မြှောက်လုံးကိုသဘောကျပေမယ့် ကျနော့်ကိုမဘောမကျပါ။ သူသွားလိုရာသို့ လိုက်ပါပို့ဆောင်ဖို့ ကျနော့်စက်ဘီးက လေ လျော့လျော့နေတတ်တာကိုလဲ သဘာဝကျစွာ နှာခေါင်းရှုံ့ပါသည်။ သူနှင့်အတူ လ္ဘက်ရည်ဆိုင်ထိုင်ဖို့ ပိုက်ဆံလိုက်ချေးနေသော ကျနော့်ကို သံယောဇဉ်ရှိသည်ထင်ရပေမယ့် အချစ်ဖြစ်မလာခဲ့ပါ။ “ငါ … နင့်အချစ်မရရင် အိမ်ထောင်မပြုတော့ဘူးဟာ” ဟုပြောပြီး မေဂျာလိုက် ဘော လုံးပွဲမှာ ပုဆိုးခါးတောင်းကြိုက်၊ ချွေးသံတရွှဲရွှဲဝင်ကစ်နေသော ကျနော့်ကို မယုံကြည်တာမဆန်း။

ခိုင့်ကိုချစ်ခွင့်ပန်သော သကောင့်သားများ ဘယ်နှစ်ဦးရှိတာ ကျနော်မသိပေမယ့် ချစ်ခွင့်ပန်သောလူတွေထဲတွင် ကျနော်က ပထမ မဟုတ် တောင် တတိယထက် မနိမ့်စေချင်။ ထို့ကြောင့် ပြန်ချစ်တာ မချစ်တာ သူ့အလုပ်။ ပြောရမှာ ငါ့အလုပ်ဟုခံယူကာ ခိုင့်ကိုချစ်ခွင့်ပန်မိသော ပေစုတ်စုတ်အကောင် ကျနော့်အကြောင်းမှာ ကျောင်းဝန်းတစ်ခုလုံး အံ့သြစရာဖြစ်သွားပုံရသည်။ “ဟယ် အံ့သြတယ်။ တူသလား တန်သ လားဟယ်” ဆိုသည့် အကြည့်များဖြင့် အကြည့်ခံရသည်။ “ဟရောင် … မင်း ခိုင်သဇင်ကို ပရိုပို့စ်လုပ်တယ်ဆို။ မင်းကွာ ဟား … ဟား … ဟား … ” ဆိုသည့် ဟားခြင်းကို စပ်ဖြဲဖြဲခံယူရသည်။ “နင့်ဟယ် ကိုယ့်ဒုက္ခကိုယ်ရှာလို့ဟယ် …” ဆိုသည့် မိန်းကလေးသူငယ်ချင်းများ ပြော ခြင်းကိုလဲ နာခံရသည်။

ဆရာမင်းလူ၏ ရေတမာဝတ္ထုကို ခိုင့်ကို အပိုင်ဝယ်ပေးသည်။ ၀တ္ထုသည် ၀တ္ထုဖြစ်သည်။ အပြင်လောက မဟုတ်ပါ။ ကျနော် ကျရှုံးပါသည်။ ဒုတိယနှစ်အစတွင် ခိုင်သည် ဆိုင်ကယ်ကြီးစီးနိုင်သော၊ ပျံလန်နေအောင်ဝတ်စားနိုင်သော တခြားမေဂျာကတစ်ယောက်ကို ရွေးချယ်ခဲ့ သည်။ ကျနော် အသဲတွေကွဲချင်သလိုလိုဖြစ်နေတုန်းမှာ ခိုင်သည် ကျောင်းအချိန်တွေပင် မမှန်တော့။ ဆိုင်ကယ်ကြီးနောက်ကလိုက်ပြီး အ တန်းတွေ လစ်တတ်လာသည်။ မမှီသောစာတွေ ပြန်ကူးပေးဖို့ ကျနော့်မှာလည်း မှတ်စုစုံလင်သည်မဟုတ်။ ကျနော်ကလဲ အကြာကြီး အ သည်းကွဲတတ်သည် မဟုတ်သလို ခိုင်ကလဲ မပြစ်မရှိသူပီပီ ကျနော့်ကို ပုံမှန်ဘဲဆက်ဆံသည်။ ကျနော်ကလဲ ရည်းစားငုတ်တုတ်ကြီးရှိနေပါ လျက်နဲ့ မျက်နှာပြောင်တိုက် ဆက်လက်ချစ်ပါရစေလဲ မလုပ်ဖြစ်ခဲ့။ ဒီလိုနှင့် ကျောင်းပြီးသည်အထိ ခိုင်နှင့် ကျနော်က သူငယ်ချင်း။ သူ့ဟား၊ ငါ့ဟား တကယ့်သူငယ်ချင်း အရင်းအချာတွေ ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်အတွက် ဘာမှမထူးဆန်းသော ကိစ္စဖြစ်ခဲ့သလို ခိုင်နှင့်ကျနော့် ကြားမှာလဲ ဘာအဖုအထုံးမှ မရှိခဲ့။ အရင်ကတည်းက မဖြစ်နိုင်သောကိစ္စ မဖြစ်လာတာ အံ့သြစရာကိစ္စမှ မဟုတ်တာလေ။

သက္ကရာဇ် ၂၀၁၂၊ ဇူလိုင်လ ၃ ရက်။
“ဟယ် ဖိုးထက်ကြီး”
ကွမ်းဝယ်ပြီး ပြန်အထွက် ကျနော့်ငယ်နာမည်ခေါ်ခြင်းကိုခံလိုက်ရသောကြောင့် မော့အကြည့်တွင် အရင်လိုလှနေဆဲဖြစ်သော ခိုင်။ ခိုင်မှ ခိုင်အစစ်။

“ဟယ် ဖိုးထက်ကြီး …။ နင်ဒီမှာရှိမှန်းတော့ ကြားမိသား၊ နင်ဘာလုပ်လုပ်တာလဲ။ ကွမ်းမပြတ်ဘူးမို့လား”

နင့်အချစ်ကိုရဖို့ ငါကွမ်းဖြတ်ဆိုလဲ ဖြတ်ပါ့မည်ဆိုသည့်စကားကို နှစ်ဦးလုံး သတိတရဖြင့် ရီမိကြသည်။

“အေးဟ ဟဲ … ဟဲ။ နင် ဒီကို ဘာလုပ်လုပ်တာလဲ”
“အေး အလည်ဘဲဆိုပါတော့။ ဟိုမှာ ငါ့အမျိုးသားလေ။ ဒါက ငါ့သား …”

ခပ်လှမ်းလှမ်းမှာ ဈေးဝယ်နေဟန်ရှိသည့် ကျနော်မသိသော သားသားနားနား အမျိုးသားတစ်ယောက်ကို တွေ့ရသည်။ သူ့နောက်က အိမ် ဖော်ကောင်မလေး ဖြစ်ဟန်ရှိသည့် ကောင်မလေးချီထားသည့် ၀၀ကစ်ကစ် ချစ်စရာ ကလေးလေးတယောက်။

“ဟ ကလေးတောင်ရပလား။ နင့် ယောင်္ကျားကလဲ ဘယ်သူကြီးလဲ”
“တော်စမ်း။ နင့်ပါးစပ် စည်းကမ်းရှိစမ်း။ ဟိုမှာ ကိုအောင်လာနေပြီ။ မိတ်ဆက်ပေးမယ်။ လျှောက်ပြောမနေနဲ့”

ကိုအောင်ဆိုသည့် သူ့အမျိုးသားသည် သူ့ထက် အသက်အနည်းငယ်ကြီးပုံရသည်။ မျက်နှာကြည်ကြည်လင်လင်ဖြင့် ချစ်ခင်ဖွယ်ရှိပုံလဲ ရ သည်။

“ကိုအောင် .. ဒါ ခိုင်လေးတို့ကျောင်းတုံးက သူငယ်ချင်း ဖိုးထက်။ သူဒီမှာ အလုပ်လုပ်နေတယ်။ ဟုတ်တယ်မို့လား။”
“ဟုတ်ကဲ့ ..ကိုအောင် ကျနော်ဖိုးထက်ပါ။ အလုပ်လုပ်နေတယ်ဆိုတာထက် ကျွန်ခံနေတယ်ပြောပါတော့ဗျာ .. ဟဲ … ဟဲ …” ဟုဆိုကာ ကျ နော့် ညာဘက်လက်ကို ကမ်းပေးလိုက်သည်။

ကိုအောင်က လက်နှစ်ဖက်ဖြင့် ကျနော့်လက်ကို ဆုပ်ကိုင်ရင်း ….
“ဟာဗျာ မဟုတ်တာ။ ဒီလိုဘဲပေါ့ဗျာ။ ကျနော့်ကိုလဲ ခိုင်လေးကိုခင်သလို ခင်မင်ပါ။ လာဗျာ တခုခုစားရင်း စကားပြောကြရအောင်”

ကျနော် သူတို့မိသားစုလေးကို အနီးနားရှိ မြန်မာထမင်းဆိုင် သန့်သန့်ဆိုင်တစ်ဆိုင်ကို ခေါ်သွားခဲ့သည်။ စကားစမြည်ပြောကြရင်း ခိုင့်အမျိုး သားနှင့် ကျနော် အဖွဲ့ကျနေခဲ့သည်။ ခိုင့်အမျိုးသားသည် အစိုးရအရာရှိ ခပ်ကြီးကြီးဘ၀မှ ဆေးခွင့်ယူပြီး အရပ်ဖက်ကို ပြောင်းထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလောကတွင် သူတို့အဖွဲ့ကြီးသည် ကျောထောက်နောက်ခံ တောင့်တင်းပြီး လုပ်ချင်တိုင်းလုပ်ခွင့်ရှိသော အဖွဲ့အ စည်းကြီး၏ အရာရှိတစ်ယောက်ဆိုတာ သိလာရသည်။ ခိုင်နှင့် ကျနော်နှင့်က ဟိုကောင့်တွေ့သေးလား။ ဟိုကောင်မကော ဘယ်ရောက်နေလဲ။ ဟိုတစ်ယောက်တော့ အိမ်ထောင်ကျသွားပြီဟဲ့။ ဟိုတကောင်ကော ပျောက်နေတယ်။ စသည်ဖြင့် ကျောင်းတုံးက သူငယ်ချင်းအကြောင်းတွေ ပြောနေကြတုံးမှာ ကိုအောင်က ကလေးလေးကို မြူချော့နေသည်။ သူ့မိန်းမ ခိုင်အဆီတွေစားနေသည်ကို ၀င်ရောက်ဟန့်တားသည်။

ထမင်းဆိုင်ကပြန်ထွက်ချိန်မှာ ကိုအောင်က လိပ်စာကဒ်တစ်ခုထုတ်ပေးသည်။ သူတို့ လင်မယားနှစ်ယောက်ဖွင့်ထားသော ရန်ကုန်က ဟို တယ်တစ်ခု လိပ်စာဖြစ်သည်။ “ရုံးလိပ်စာတော့ သိပြီးသားဆိုတော့ မပေးတော့ဘူးဗျာ။ ဟိုတယ်က မန်နေဂျာကိုမေးလိုက်ရင် ကျနော်တို့ဆီ ရောက်ပါတယ်” ဆိုသည့် ကိုအောင့်၏ ရည်မွန်ဖော်ရွေမှုကို သတိပြုမိသည်။ ထို့နောက် ဗမာဏခပ်များများရှိသော ဒေါ်လာများ လဲလှယ်ချင် သည်ဆိုသဖြင့် လိုက်လံပို့ပေးလိုက်သည်။ ပြီးတော့ ဘာလီကျွန်းကိုအလည်သွားချင်လို့ဆိုသဖြင့် ဗီဇာ၊ လေယာဉ်လက်မှတ်၊ ဟိုတယ် ကိစ္စ များ ကျနော်ကူညီပေးလိုက်သည်။

အိမ်ကိုအလည်ခေါ်ချင်ပေမယ့် အလုပ်ပိတ်ရက်မှာ ဖင်ပြန်ခေါင်းပြန်အိပ်နေကြမည့် အိမ်ကလူများကြောင့် မခေါ်ဖြစ်ခဲ့။ သူတို့ တည်းခိုရာကို မေးကြည့်တော့ ဈေးအတော်ကြီးပြီး သူဌေးများသာ တည်းခိုနိုင်သောဟိုတယ်တစ်ခုမှာ။ လိုအပ်တာရှိရင်ပြောဖို့ ကျနော့်ဖုန်းနံပါတ်ကို ပေး ခဲ့သည်။ ကျနော်ကူညီနိုင်တာဆိုရင် ကူညီပါ့မယ်ပြောပြီး လမ်းအခွဲမှာ ခိုင်က ကျနော့်ကို ကောင်းကောင်းနှုတ်မဆက်နိုင်။ ချာတိတ်ကောင် လေး ဂျီကျနေသည်ကို ချော့နေရသည်။ ကလေးက အာဗြဲကြီးနှင့် အော်ငိုနေသဖြင့် ကိုအောင်နှင့် ခိုင်ပျာယာခပ်နေသည်ကို အလိုက်သိစွာ ကျနော် နှုတ်ဆက်ခဲ့သည်။

အိမ်အနားရောက်တော့ ကျနော်ရေဆာလာသည်။ ရေဆာ ဘီယာသောက်ဆိုသည့်အပြောကို သတိတယရှိပေမယ့် ဒီတလသုံးဖို့ ချန်ထား သည့် လက်ကျန်ငွေနည်းနေတာကို သတိပြုမိသည်။ ရေသောက်ဖို့အိမ်ကို အမြန်ပြန်မှပါလေလို့တွေးပြီး အိမ်သို့ခြေဦးလှည့်အပြီးမှာမှ ကျ နော့်စိတ်တွင် ဘီယာသောက်ချင်စိတ်က ပြင်းပြင်းပြပြ ရှိလာသည်။ အို..နောင်ခါလာ နောင်ခါဈေး။ ဘီယာသောက်လိုက်အုံးမည်။

ထိုင်နေကြဆိုင်အရောက်တွင် ဘီယာတစ်လုံးမှာလိုက်သည်။ ဘီယာလာချပေးသောကောင်မလေးကို သတိမထားမိဘဲ ဘီယာ အေး မ အေး သတိထားနေမိခဲ့သည်။ အေးစက်နေသော ဘီယာခွက်ကြီးကိုအမော့တွင် ဘီယာအရသာသည် ခါးသက်သက်ရှိမနေဘဲ ချိုမြနေသဖြင့် ဘီယာခွက်ကို စားပွဲပေါ်သို့ အလန့်တကြား ပြန်ချလိုက်သည်။ သေချာအောင် တချိုက် ပြန်ချိုက်သည်။

ဟုတ်သားဘဲ။ ဒီနေ့ ကျနော်သောက်သော ဘီယာတွေသည် အရင်နေ့တွေထက် ပိုချို၊ ပိုမွှေး၊ ပိုမိုအရသာရှိနေခဲ့သည်။ နောက်နောင် ကြုံ ကြိုက်မှ ကိုအောင့်ကို ဘီယာတိုက်ဖို့ချိန်းရအုံးမည်။ “ချို အီ မွှေး ဘီယာတွေ ရှိတယ်ဗျ” ဆိုတာကို သူယုံမှ ယုံကြည်ပါ့မလား။ ခိုင်ကတော့ ကျနော် ဘာပြောပြော မယုံကြည်သူဆိုတော့ အထွေအထူးရှင်းပြဖို့ လိုမည်မထင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်