ဘား မြန်မာ နိုင်ငံတော် သမိုင်း

July 16, 2012

ဖိုးထက်

ဇူလိုင် ၁၆၊ ၂၀၁၂

 

ရှေးသရောအခါက အသားဖြူဖြူ၊ နှာခေါင်းပြားပြား၊ မျက်ပေါက်ကျဉ်းကျဉ်း လူမျိုးများနေထိုင်သော တိုင်းပြည်ကြီးနှင့် အသားမဲမဲ၊ နှာခေါင်း ချွန်ချွန်၊ မျက်လုံး မဲမဲလူမျိုးများ နေထိုင်သော တိုင်းပြည် နှစ်ခုအကြားတွင် အသားဝါ၀ါ၊ နှာခေါင်း ပြားပြားလဲ ရှိ၊ မပြားတပြားလဲရှိသော လူမျိုးများနေထိုင်သည့် “ဘားမြန်မာ” ဟုခေါ်တွင်သောတိုင်းပြည်တစ်ခု ရှိလေသည်။ ထိုနိုင်ငံငယ်လေးအတွင်းတွင် တစ်ရာ့တစ်ပါးမက သော လူမျိုးကွဲများလဲ မှီတင်းနေထိုင်ကြလေ၏။

 

နိုင်ငံသား အများစုကိုးကွယ်ယုံကြည်သော ဘာသာတရားသည် ရှင်တော်ဂေါတမ၏ မေတ္တာတရားအခြေခံသည့် ဗုဒ္ဓဘာသာ ဖြစ်သည်။ သို့ သော် နိုင်ငံအုပ်ချုပ်သူများ၏ ရှေ့ဆောင်လမ်းပြမှုကောင်းမွန်သောကြောင့် နိုင်ငံသားအများစုမှာ ဗုဒ္ဓဘာသာကို အရွဲ့တိုက်ကိုးကွယ် ယုံ ကြည်ကြသလားဟု သံသယ၀င်နိုင်စေလောက်၏။ ရှင်တော် ဗုဒ္ဓက တစ်ဦးနှင့်တစ်ဦး မေတ္တာတရားထားပြီး လောကကောင်းကျိုး ဆောင်ကြ ဖို့ ဟောပြောတော်မူခဲ့သော်လည်း အချင်းချင်း မနာလိုစိတ်များဖြင့် ခြေထိုးကြ၏။ အကောက်ကြံကြ၏။ အတင်းပြောကြ၏။ တစ်ဦး အားနည်း ချက်ကို တစ်ဦးကနင်းချေရန်အတွက် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ကြိုးစားကြလေကုန်၏။

 

ဂေါတမရှင်တော်မြတ်က ငါးပါးသီလလုံခြုံခြင်းကို ဗုဒ္ဓဘာသာ၏ အနိမ့်ဆုံးအဆင့်အတန်းဟု သတ်မှတ်ပေးခဲ့သော်လည်း မနက်ခင်း သီလ ယူ ညနေ ဖျက်ကြကုန်၏။ ခိုးကြ၊ ၀ှက်ကြ၏။ ပေါ်ပေါ်တင်တင် ခိုးကြ၏။ ခိုးကြောင်ခိုးဝှက် ခိုးကြ၏။ မျက်နှာပြောင်တိုက် ခိုးကြ၏။ ခိုးနည်း ပေါင်းချုပ်စာအုပ်ကြီးထဲတွင် မပါဝင်သော နည်းနာပေါင်စုံဖြင့် ခိုးကြ၏။ “မုသာဝါဒကံကို လုံခြုံကြပါ ချစ်သားတို့” ဟု ဟောကြားခဲ့သော်လည်း အခုတစ်မျိုး၊ တော်ကြာတစ်မျိုး နှစ်မျိုးနှစ်စားသော စကားများဖြင့် မျက်စိလယ်၊ ခေါင်းနောက်အောင် လိမ်လည်ပြောဆိုကြကုန်၏။ မိမိလဲ အကျိုးမရှိ၊ သူတစ်ပါးလဲ အကျိုးမရှိစကားများကိုသာ ရွေးချယ်စဉ်းစားပြောဆိုကြကုန်၏။ လောကကောင်းကျိုး၊ အများအကျိုးဟု ပြောဆိုကြ ကုန်သော်ပါလည်း မိမိနှင့် ဆွေမျိုးသားချင်း ကောင်းကျိုးအတွက် ပစ္စုပ္ပန်တည့်တည့် ရှုကြကုန်၏။ ဘ၀သံသရာဆိုတာ ရှည်လျားလွန်းလှပါ သည်ဟု ဟောကြားခဲ့သော်လည်း သေရင် ပြီးပြီဟုယူဆကာ ပြုမူပြောဆိုကြကုန်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာနိုင်ငံဟု မရှက်မကြောက် ပြော ကြသော်လည်း အတွင်းသိ အဆင်းသိများက အသံမထွက်အောက် ရီကြ၊ ဟားကြလေကုန်သတည်း။

 

နိုင်ငံ၏ စီးပွားရေးမှာကား ခြံစည်းရိုး ထင်းခွေရောင်းစားသော စည်းပွားရေးသည်သာ အဓိက ဖြစ်သည်။ ခရစ်ယာန်အလိုအရဆိုရလျှင် အဖ ဘုရားသခင် မျက်နှာသာပေးသဖြင့် သံယံဇာတ အလွန်ပေါကြွယ်ဝ၏။ “ကျနော်တို့နိုင်ငံတော်ကြီး သံယံဇာတပေါကြွယ်ဝပါတယ်” ဟု ခပ် ကြွားကြွားပြောကြသော်လည်း ရေတွင်းသော်မှ အဖြစ်ရှိအောင် မတူးတတ်ကြလေကုန်။ မြေကြီးကို လက်ညှိုးထိုးရောင်းစားသော ကြေး ခေတ်၊ သံခေတ် ယဉ်ကျေးမှုမှ မလွတ်မြောက်နိုင်ဘဲရှိ၏။ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်တဲ့လူမျိုးကွဟု အသားလွတ်ဂုဏ်ယူသော်လည်း သစ်အလုံးလိုက်ရောင်းစားပြီး ကြိတ်သားများဖြင့်ပြုလုပ်သော ပရိဘောဂများကို ဈေးကြီးပေးဝယ်သုံးကြ၏။ အပ်တိုတစ်ချောင်းမှ အဖြစ်ရှိ အောင် မထုတ်နိုင်ခဲ့ကြဟုဆိုကြ၏။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှာန်း (စာလုံးပေါင်းမှားသော် သီးခံပါအံ့) နှင့် နေလာတာဟု ပြောသော် လည်း နောက်ဆုံး မင်းဆက်တည်ရာမြို့တွင် ခုနှစ်လွှာပေါက်ဆီကိုသာ လူကြိုက်များကြ၏။ မာလာဟင်းသည်သာ ရိုးရာအစားအစာဖြစ်နေ၏။ မြေကမ္ဘာကြီး လေလည်သဖြင့် ထွက်ရှိလာသောဓာတ်ငွေ့များကို ပိုက်ကြီး၊ ပိုက်ငယ်အသွယ်သွယ်နှင့် ဆိုင်ရာ ပိုင်ရာ ပွဲစားများဖြင့် ရသ လောက်ဈေးဖြင့် ရောင်းစားကြကုန်၏။ ရောင်းစားခြင်းဖြင့် ရရှိသော ငွေစ၊ ကြေးစများဖြင့် စားစရာမရှိ ဓားပြတိုက်စရာရှိဟု ဆိုနိုင်အောင် လက်နက်များ ၀ယ်ယူစုဆောင်းကြ၏။ နိုင်ငံသားတို့မှာကား ကျောက်ခေတ်ကိုအားကျပြီးသကာလ ထင်း၊ မီးသွေးကိုသာ အများစု အသုံးပြုကြ၏။ “လျှပ်စစ်ဆိုတာ ကွန်တိန်နာနှင့် သိမ်းထားလို့ရတာမဟုတ်” ဟု အံ့ချီးကုန်နိုင်ဖွယ် ပညာရှိဝန်ဂျီးက ပြောလေ၏။ မီးပျက်ရင် ဖယောင်းတိုင်ထွန်းနေပါဟု ပီယ၀ါစာ ချစ်ဖွယ်ကောင်းသောစကားကို ဆိုကြကုန်၏။ မိုးနတ်မင်းကြီးဆီမှာ ဆုတောင်းပါဟု Professional အရာရှိက ပြော၏။

 

နိုင်ငံ၏ပညာရေးစနစ်ကား ပြောမယုံ ကြုံဘူးမှသိသကဲ့သို့ ရှိခဲ့လေ၏။ ကျောင်းသားလူငယ်များ အချိန်များ ပိုလျှံမည်စိုးရိမ်သဖြင့် တက္ကသီလာ များကို လူများနှင့်ဝေးလံခေါင်ဖျားသောအရပ်များတွင် ဖွင့်ထားကြလေကုန်၏။ မိတ္တူကူးစက်ဖြင့်ထုတ်သည် ထင်ရလောက်အောင် ဂရက် ဂျူရိတ်ဘွဲ့ရများပေါများလှသော်လည်း My Self ဆိုသည့် “ကိုယ့်အကြောင်း” ကိုသော်မျှ နှာခေါင်းရှည် အဖြူကောင်များပြောသော ဘာသာ စကားဖြင့် ဖြောင့်တန်းအောင်ပင် မပြောတတ်ကြလေကုန်။ ကျောင်းသားများကို ပညာရည်တိုက်ကျွေးသော ဆရာများမှာမူကား မိမိ မသင် ကြားခဲ့ရသောဘာသာကို မိမိအစီအစဉ်ဖြင့် စာအုပ်များရှာဖတ်ပြီး မိမိဘာသာနားလည်သလို သင်ကြားပြသကြကုန်လေ၏။ ကွန်ယက် ဆက်သွယ်ရေးဆိုတာ ဘာကြီးလဲဟု မျက်စိမျက်နှာပျက်မေးနေကြသောပညာရှင်များက လူငယ်များကို လက်ဆင့်ကမ်းပညာ အမွေပေးကြ ၏။

 

နိုင်ငံ၏ ဆက်သွယ်ရေး စနစ်မှာကား ခရစ်နှစ် ၁၈၈၅ ခုနှစ် နောက်ဆုံး မင်းဆက် ပြုတ်သည့် အချိန်နှင့် နှိုင်းယှဉ်လျှင် အတော်တိုးတက်လာပြီဟု မှတ်ချက်ပြုနိုင်၏။ နို့ဆီခွက် နှစ်ခွက်ကိုဖောက်ကာ ကြိုးဖြင့်ဆက်သွယ်ပြောကြားသောစနစ်ကြီးကို လွန်မြောက်ခဲ့ပြီဖြစ်ပေ၏။ မြန်လေ ကောင်းလေဟုသတ်မှတ်ကြသော ဆက်သွယ်ရေးစနစ်သဘောသဘာဝကို မသိချင်ယောင်ဆောင်ကြ၏။ လျှပ်စစ်စာပို့စနစ်ဆိုတာ ဘာပါ လိမ့်ဟု အူကြောင်ကြောင်လူများ နေရာရလျှက်ရှိကြလေ၏။ ကွန်ယက်ဆက်သွယ်ရေးစနစ်ဆိုသည့် အင်တာနက်ဆက်သွယ်ရေးကို အသုံး ပြုကြရင်း သွေးတိုးရောဂါရကြလေကုန်၏။ အလိုလို စိတ်တိုလာကြကုန်၏။ မျက်ရည်လည်လောက်အောင် ဒေါသထွက်ကြလေကုန်၏။

 

သယ်ယူပို့ဆောင်ရေးစနစ်တွင်မူကား ချွေတာရေးစနစ်အရ စုပြုံတိုးဝှေ့ အလုအယက် အသက်ထွက်မတတ် ကုတ်ကပ်စီးရသော ဘတ်စ်ကား အိုကြီးများက အခရာကျလှ၏။ ပုရိဿကျားသတ္တ၀ါများကို နှိမ့်ချသော ကုမ္ပာရီအမျိုးသမီးသီးသန့် ဘတ်စ်ကားများ ရှိလေ၏။ တစ်ဆယ် ယူဇနာရှိလျှင် တစ်ခေါက်ကျ လမ်းကြေး၊ တံတားကြေး၊ ဘာကြေး၊ ညာကြေး စသည်ဖြင့် နိုင်ငံသားတို့လက်ထဲမရောက်ရှိသော အခွံအခ ကောက်ခံခဲ့ကြ၏။

 

နိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သည့် တရားဥပဒေဆိုသည်မှာကား “ငါ့အဘက ဘယ်သူ” ဆိုတာနှင့် ပွဲပြီးမီးသေ ဖြစ်နိုင်၏။ ဥပဒေကို လက်တစ်လုံးခြားလုပ်တာ နည်းနည်းဝေးသေးတယ်ဟု ထင်မြင်ကြသော လူအများ အပြားရှိ၏။ ဥပဒေ၏အထက်တွင် ဘယ်သူမှမရှိစေရဟု ပြောကြသော်လည်း ရှိချင်သောသူများက တိုးတိုးကျိတ်ကျိတ်ရှိကြ၏။ ကြိုးစားအားထုတ်သူများကိုသာ လောကကြီးက နေရာပေးသည်ဟု စာအုပ်ကြီးထဲတွင်ရေးသားကြသော်လည်း အလိုလိုက် အကြိုက်ဆောင် ကပ်ဖားရပ်ဖားလူများက ရီမောဟားတိုက်ကြကုန်၏။

 

နိုင်ငံ၏အုပ်ချုပ်ရေးတွင်ကား မတစ်ထောင် တစ်ကောင်ဖွား ကျားဆိုမှကျားဆိုသည့် စစ်တိုက်ဖို့ သင်ကြားပေးထားသောလူများက ဦး ဆောင်ကြ၏။ နေရာတကာတွင် သူတို့ဦးဆောင်၏။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အထက်ပုဂ္ဂိုလ်အဖြစ်ဖြင့် အထက်က၀င်လာကြ၏။ အောက်က မ၀င်ချင့် ၀င်ချင်နှင့် ၀င်လာသောသူများလဲရှိ၏။ ဒရိုင်ဘာမှအစ နိုင်ငံ့ဥသျှောင်အထိ မင်းမူကြကုန်၏။ မည်သို့ မည်ပုံ ခိုးဝှက်ကြရ မည်ကို လက်ဆင့်ကမ်းကြ၏။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်ဖြင့် အလှည့်ကျခိုးကြလေကုန်၏။ မခန့်မှန်းနိုင်သော ငွေကြေးဥစ္စာဓနများကို ဘုန်းပြီးသကာလ ခုနှစ်ရက်တစ်ပတ် ဒုလ္လပဘုန်းကြီးပြောင်းရုံဖြင့် အနှောင့်အယှက်မရှိ လူထွက်နိုင်၏။ မိမိတို့နှင့် သဘောထားမတူညီသော လူများကို ကြူပင်ခုတ် ကြူငုတ်ပင်မကျန်အောင် နှိမ်နင်းကြ၏။ အောက်တန်းကျတာ နည်းနည်းမြင့်သေးတယ်ဟု ထင်မြင်ယူဆကြသော လူများ ရှိကြလေကုန်၏။

 

နောက်ဆုံးအနေဖြင့် အတည်မပြုနိုင်သေးသော သမိုင်းအထောက်အထားများအရ အုပ်ချုပ်သူ လူတန်းစားများကား အုပ်ချုပ်ရေးဘက်တွင် သာမက အလုံးစုံသောနေရာများတွင် နေရာယူဖို့ ကြိုးစားကြလေ၏။ နိုင်ငံ၏ မရှိဆင်းရဲသားများ လုပ်ကိုင်စားသောက်ရသည့် အိမ်သားကျင်း တူးသောလုပ်ငန်းများ၊ ဆိုက်က္ကားနင်းသောလုပ်ငန်းများ၊ ရေစည်လှည်းတွန်းသော လုပ်ငန်းများ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်များ အစရှိ သည့် အခြေခံလူတန်းစားလောကတွင်ပါ တွင်ကျယ်ဖို့ ကြိုးစားကြကုန်၏။ နိုင်ငံကာကွယ်ဖို့ လူသာမန်များ လုပ်နိုင်ခဲလှစွာသော စစ်ဗိုလ်ကြီး များအား ထိုနယ်ပါယ်များတွင် နေရာယူနိုင်ရန်အတွက် အနာဂတ်မျိုးဆက်များကို မွေးထုတ်ဖို့ စာတွေ့ လက်တွေ့ သင်ကြားခဲ့ကြသည်ဟု ဆိုကြ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာကား ရန်ကုန်တိုင်း အိမ်သာကျင်းတူး ၀န်ကြီး၊ မန္တလေးတိုင်း ဆိုက်က္ကားဥက္ကဌ၊ နေပြည်တော် ရေစည် လှည်းတွန်းအတွင်းရေးမှူး စသည်ဖြင့် ရည်ရွယ်ရင်း ရှိခဲ့ပုံရလေတော့သည်။

 

သရုပ်ဖော် – ကာတွန်း မောင်ရစ်အား ယူသုံးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်