Po Htet – အသဲကွဲ နိုင်ငံတော် အလံ

July 21, 2012

အသဲကွဲ နိုင်ငံတော် အလံ

 ဖိုးထက်၊ ဇူလိုင် ၂၁၊ ၂၀၁၂

အနှီ အမျိုးသား တစ်ယောက်သည် အကြင် အမျိုး သမီး တစ်ယောက်အား ချစ်ခွင့်ပန်သည် ဆိုပါအံ့။ ထို အမျိုးသမီးက ချက်ချင်း လက်ငင်း တစ်ထိုင်တည်း တုန့်ပြန် ဆုံးဖြတ် နိုင်သည်။ ချစ်ပါသည်။ မချစ်နိုင်ပါ။ မဖြစ်နိုင်ပါ။ သို့တည်းမဟုတ် စဉ်းစားပါရစေ၊ လေ့လာပါရစေဟု ဆိုအံ့။ မချစ်နိုင်၊ မဖြစ်နိုင်ဘူး ဆိုသည့် အဖြေများနှင့် စာလျှင် စဉ်းစား၊ လေ့လာခွင့်ပေးပါ ဆိုသည့် အဖြေသည် ချစ်ခွင့်ပန်သည့် ယောင်္ကျား တစ်ယောက်အတွက် ကြိုးစားခွင့် အခွင့်အရေး အများကြီး ရှိသည်ဟု ဆိုရမည်ပင်။

            ကျနော် ကေသီ့ကို ချစ်ခွင့်ပန်သော အခါ ရှက်ရွံ့သည့် မျက်နှာ အမူအရာဖြင့် လေ့လာအုံးမယ်ဟု အဖြေပေးသည်။ လိုချင်သည့် အဖြေကို ချက်ခင်း မရပေမယ့် ငါ့မှာ အခွင့်အရေးတွေ ရှိတာဘဲ ဟု ဖြေသိမ့်လိုက်နိုင်ပါသည်။ ဖြစ်နိုင်ခြေတွေ အများကြီးရှိနေတာဘဲ ဟုလည်း တွေးမိသည်။ မိမိကြိုးစားလျှင် ကြိုးစားသလောက် ဖြစ်နိုင်သော အရာ။ အခွင့်အရေးက ကျနော့် လက်ထဲမှာ။ ဆယ်တန်းနှစ် အစ အချိန်များလို ကျနော် ခံစားမိသည်။ တက်ကြွ ကြိုးစားချင်စိတ်များ တဖွားဖွား ပေါ်လာပါ၏။

            ကေသီနေသော အမျိုးသမီး အဆောင်နှင့် ကျနော် နေသော အမျိုးသား အဆောင်က မနီးမဝေးတွင် တည်ရှိသည်။ သူတို့ အဆောင်တွင် ဘယ်သူနေသည်။ ဘယ်သူက ဘယ် ကုပ္မဏီမှာ အလုပ် လုပ်သည်ဟု ကျနော်တို့ သိသလို ကျနော်တို့ အဆောင်က ယောင်္ကျားလေးများ၏ အူချာပေါက် အလေ့အကျင့်များကိုလဲ သူတို့ လွယ်လွယ်သိနိုင်ကြ၏။ ထို့အပြင် ရပ်ကွက်အတွင်းရှိ တစ်ခုတည်းသော လ္ဘက်ရည်ဆိုင်သည် သူတို့ မိန်းကလေး အဆောင်သူများ အဖွဲ့နှင့် ကျနော်တို့ အဖွဲ့၏ အပြန်အလှန် လေ့လာစောင့်ကြည့်စရာ သတ်ကွင်း တစ်ခုဆိုလျှင် မှားအံ့မထင်။

            သူတို့ အဆောင်သူ မိန်းကလေး အဖွဲ့များထဲတွင်မှ ကေသီ့ကို ထူးထူးခြားခြား သတိထားမိ၏။ အရပ်ပုပု။ ဆံပင်ရှည်ရှည်။ သွက်လက် ချက်ချာဟန်ရှိသည့် သူ့ကို ကျနော်က ချစ်စရာလေးဟု မှတ်ချက်ပေးသောအခါ အားလုံးက မင်းကောင်မလေးဟု တညီတညွတ်တည်း လက်ရှောင်ကြပါ၏။ မိန်းမများ၏ မွေးရာပါ အရည်အချင်းဟု သတ်မှတ်ရမည်ထင်သည့် အရည်အချင်း တစ်ခု ရှိသည်။ မိမိကို စိတ်ဝင်စားနေသော ယောင်္ကျားတစ်ယောက်ကို ဆဌမအာရုံအရ အလိုလို သိခြင်း ဖြစ်သည်။ ကေသီ့ကို ကျနော် က  ချစ်စရာလေးဟု ပြောမိသော အချိန်မှစ၍ ကေသီသည် ကျနော့်ရှေ့ ရောက်လျှင် ခြေလှမ်းတွေ မှား၏။ မ၀ံ့မရဲ ခိုးခိုးကြည့်၏။ သူတို့မိန်းများသာ တတ်မြောက်သော ဘာရယ်မသိသော အကြည့်ဖြင့် ကြည့်၏။

            သူတို့ အဆောင်သို့ ဂစ်တာ လေး ငါး ခါလောက်သွားတီး၊ သူ အလုပ်သွားချိန် မရောင်မလည် ဖြင့် နောက်မှ လိုက်ပြီး သကာလ သူမ၏ အပါးတော်မြဲ ဖြစ်သွားခဲ့လေပြီ။ မနက်ခင်း အလုပ် လိုက်ပို့သည်။ ညနေ သွားကြို၏။ မုန့်အတူတူ စား၏။ သူကြိုက်သော ဖန်စိမ့် လ္ဘက်ရည်ကို ကျနော်မှာပေးသည်။ ကျနော်သောက်သော ပေါ့စိမ့်ကို သူက မှာပေး၏။ သူစိတ်ကောက်ခြင်းကို ချော့ရ၏။ သူချမှတ်သသော စည်းကမ်းများကို ကျနော် လိုက်နာရ၏။ သပ်သပ်ရပ်ရပ် ၀တ်စားရ၏။ ရေမွှေးတစ်မျိုးမျိုး သုံးပါဆိုသဖြင့် မရှိမဲ့ ရှိမဲ့ မုန့်ဖိုးဖြင့် ၀ယ်သုံးရသည်။ ဘောလုံးပွဲ ညနက်ကြီး မကြည့်ပါနှင့် ဆိုသဖြင့် ခိုးကြောင်ခိုးဝှက် ကြည့်ရ၏။

            ထိုကဲ့သို့ သူမ၏ စည်းကမ်းများကို လိုက်နာပြီး၊ လိုက်နာချင်ယောင်ဆောင်ပြီး သကာက ကျနော် ချစ်ရေးဆိုသောအခါ လေ့လာပါရစေဟု အဖြေသည် အနည်းငယ်တော့ အူကြောင်ကြားနိုင်လှသည်ဟု ထင်မိသည်။ သို့သော် ကျနော်ခွင့်လွှတ်နားလည်နိုင်ပါ၏။ မစဉ်းစားတော့ဘဲ အင်း ဟု လွယ်လွယ်ခေါင်းငြိမ့်လိုက်လျှင် ကျနော့် စိတ်က တစ်မျိုး တစ်မည် ဖြစ်သွားနိုင်သေးသည်။ စဉ်းစားပါရစေဟု အဖြေ၏ နောက်ကွယ်တွင် ကျနော့်ကို လေးလေးနက်နက်စဉ်းစားရှာသားဘဲဟု မသိစိတ်ထဲမှ အမှတ်အပြည့် ပေးမိသည်။ လေးနက် တည်ကြည်သော မိန်းကလေးပေဘဲ။ စဉ်းစားတတ်တဲ့ မိန်းမတစ်ယောက်ဘဲဟု ပိုချစ်သွား၏။

            မိန်းမတစ်ယောက်နှင့် ယောင်္ကျားတစ်ယောက်၏ ဘ၀ လက်တွဲဖော် အရေးအတွက် ယောင်္ကျားများက စတင်ချစ်ရေးဆိုရမည်ဟု သတ်မှတ်ထားကြသည် ထင်သည်။ မိန်းမများက ယောင်္ကျားများအပေါ် လေ့လာကြသည်။ စူးစမ်းကြသည်။ ဘ၀တစ်လျှောက်လုံး အားကိုးထိုက်၊ ယုံကြည်ထိုက်သည့် လူတစ်ယောက်လား ဆိုသည့် စေ့ငုခြင်းကို ခံရ၏။ သဘာဝလဲ အတော်ကျသည်ဟု ဆိုရမည်ပင်။ သို့သော် လောကကြီးသည် တစ်ခါတစ်ရံ မထင်မှတ်ထားသော အကြောင်းချင်းအရာများ ဖြစ်လာတတ်သည်။ ကေသီက ကျနော့် အပေါ်လေ့လာဆဲ အချိန်များတွင် ကျနော့် မသိစိတ်ထဲမှလည်း ကေသီ့ကို မသိမသာ လေ့လာနေမိသည် ထင်သည်။

            မြသန်းတင့်၊ လူထု ဒေါ်အမာ ဆိုတာ ဘယ်သူတွေလဲဟု မေးကတည်းက သူ၏ စာဖတ်အားကို ကျနော် တွန့်ဆုတ်သွားပါ၏။ “ဒီဖိနပ်များ ဘယ်လောက်တန်တယ် ထင်လို့လဲ ။ အောင်မာ “ ဟု သူ့ဖိနပ်ကို မတော်တဆ တက်နင်းမိသော ကျနော့်ကို ဆူ ငေါက် ချင်သော သူ့ကို နားလည်ပေးနိုင်သည်။  ကျနော် ၀ယ်လာသော ရှားပါး စာအုပ် အဟောင်းတစ်အုပ်ကို “ဟယ် ဈေးကြီးလိုက်တာ” ဟု မှတ်ချက်ပေးသော သူ့ကို ကျနော် သိပ် စိတ်မရှည်ချင်။ အာဇာနည်နေ့ဆိုတာ ရုံးပိတ်ရက်၊ ဗိုလ်ချုပ်အောင်ဆန်း အသတ်ခံလိုက်ရတဲ့ နေ့ဟု ဆိုရုံမှ လွဲပြီး ဘယ်နှစ်ယောက် အသတ်ခံလိုက်ရတယ်ဆိုတာ ရိုးသားစွာ သူမသိ။

            ကေသီ့ကို ကျနော် အပူကပ်၊ နားပူ နားဆာ တိုက်လွန်းမှ ကျနော် နှင့် အတူ ရုပ်ရှင်အတူသွားကြည့်ဖို့ သဘောတူသည်။ ဒါတောင်မှ ရုပ်ရှင်ရုံထဲတွင် လက်မကိုင်ရ။ အသားချင်း မထိရ။ မကိုင်ရ။ နှစ်ယောက်တွဲ ထိုင်ခုံမှ မကြည့်ရ စသည့် စည်းကမ်းများကို လွယ်လွယ်ကူကူ ကျနော် လိုက်နာနိုင်ပါသည်။ လေ့လာပါရစေဟု အဆိုပြုထားသည့် မိန်းကလေး တစ်ယောက်ကို စိတ်ပျက်၊ အယုံအကြည်ကင်းမဲ့အောင် မလုပ်ကောင်းတာ လူအ မဟုတ်၊ လူလည် မဟုတ် ကျနော်က ကောင်းမွန်စွာ သဘောပေါက်ပါ၏။ သို့ဖြင့် ကေသီကြိုက်သော ကလိကြားထိုးရီခိုင်းသည့် ခပ်ပေါပေါ မြန်မာရုပ်ရှင်ဇာတ်ကိုးကို ကြည့်ရှူရန် လက်မှတ် ကြိုတင် ဖြတ်လိုက်သည်။

            ရုပ်ရှင်ရုံ မ၀င်ခင်ကတည်းက ယုံကြည်လို့ လိုက်ကြည့်တာနော်။ မဟုတ်တာ လုပ်မယ်ဆိုရင်တော့ အပြတ်ဘဲနော်ဟု လိုလားအပ်စွာ မှာတမ်းချွေသော သူ့ကို ကျနော် ပိုမို ချစ်ခင်တွယ်တာမိသည်။ ရုပ်ရှင်ရုံထဲ ရောက်တော့ ထင်သလောက် လူမများ။ ကျနော်က ကြိုတင် ကြံစည်မှုဖြင့် လက်မှတ်ကြိုတင် ဖြတ်ထားသော အကောင်ပေဘဲလေ။ ထောင့်ခပ်ကျကျ နေရာမှာ ကျနော်တို့ နှစ်ယောက်ထိုင်ခုံ ရသည်။ အားလုံးက ကြည်နူး ချမ်းမြေ့စရာ အတိပြီးသည်။ ကေသီသာ ကျနော့် အချစ်ကို လက်ခံပြီးပါက လက်ထပ်ဖို့ ရည်ရွယ်ပြီး အလုပ် လုပ်ရမည်။ ပိုက်ဆံ စုရမည်။ သားသား မီးမီးလေးတွေ မွေးရမည်။ ယောင်္ကျားလေး မွေးလျှင် သူ့လို အရပ်ပုလို့ မဖြစ်ဆိုတာ စနောက် ဖို့ တေးထားသည်။ မိန်းကလေးဆိုလျှင်လဲ ကျနော့်လို ကြမ်းကြမ်းတမ်းတမ်းကြီး မဖြစ်ဘူးဟု သွက်လက် သော သူက ပြန်စ နောက်လေမည်လား။

            အတွေးများဖြင့် တစ်ယောက်တည်း ရှုပ်ရှက်ခပ်နေရင်း အမှတ်များသည်ထက် များအောင်၊ ဂုဏ်ထူးမှတ်မှီအောင် နေကြာစေ့များ အခွံ့ နွှာပေးသည်။ ရေဗူးကို ပိုက်တပ်ပေးသည်။ ပိုက်လေးကို ငုံပြီး ရေကို စုပ်သောက်နေသော သူ့နှုတ်ခမ်း ဖူး ဖူး ရဲရဲလေးကို အလင်းရောင် မလုံလောက်မှုများ ကြားထဲမှ သတိထားဖြစ်အောင် ထားမိလိုက်သေးသည်။ ကျနော် ကမ်းသော တစ်ရှူးလေးကို လှမ်းလင့်သော သူ့လက် သွယ်သွယ် လှလှလေးက ကျနော့် အသက်ရှူသံကို မှားစေပါသည်။ အဲယားကွန်း အနံ့များကြားထဲမှာမှ သူ့ဆံပင် ပျော့ပျော့အိအိလေးများ၏ မွှေးအီနေသော အနံ့ကို တပ်မက်မိသည်။

            ရုပ်ရှင် မပြခင် ၊ ကြေငြာများ မ၀င်ခင် မီးများ မှိတ်ကတည်းက ကေသီသည် ကျနော့်ကို အန္တရာယ်ရှိသော သတ္တ၀ါ တစ်ကောင်ကဲ့သို့ သတိထားနေသည်ကို ပြုံးမိသည်မှ လွဲပြီး စိတ်အနှောင့် အယှက်မဖြစ်မိပါ။ ကျနော့်ကို သူမည်သို့ အမှတ်ဖြတ်နေသည် မသိ။ ကျနော်က သူ့ကို အမှတ်တွေ အများကြီး ပေးနေတုန်းမှာ ပိတ်ကားဖြူဖြူကြီးပေါ်တွင် နိုင်ငံတော်အလံကြီး ပျံ့လွင့်လာသည်။ ကျနော် ထအရပ်တွင် ကေသီက ကျနော် ဖောက်ပေးထားသော အချဉ်ပေါင်းထုပ်၏ အပေါက်ကို လိုက်ရှာနေသည်။ ထိုင်ရာမှ မထ။ တုတ်တုတ်မျှ မလှုပ်။  နိုင်ငံတော် သီချင်း တီးလုံး ဖွင့်ပေးနေချိန်တွင် သူ့ အချဉ်ပေါင်းထုပ်၏ ကြိုး ကြိုး ကြွတ် ကြွတ် မြည်သံများက စိတ်အနှောင့် အယှက်ဖြစ်စရာ။ ပိတ်ကားပေါ်မှ နိုင်ငံတော် အလံ ပျောက်ကွယ်သွားချိန် ကျနော် ပြန်ထိုင်ပြီး ဘာလို့ ထမရပ်တာလဲဟု မေးမိသည်။ “အို ရှုပ်ပါတယ်။ ကေသီ ထမရပ်လဲ ဘယ်သူ သိတာမှ မဟုတ်တာ။ ထရ ထိုင်ရတာ အလုပ်ရှုပ်တာဘဲ အဖတ်တင်မယ်။”ဟု သူမကို ကျနော် မျက်လုံးပြူးကြည့်မိသည်။ ကျနော့် မျက်လုံးများ ပြူးသွားသည်ကို အမှောင်ထုက အကာအကွယ် ပေးထားသည် ထင်ပါသည်။ ကေသီ သတိမထားမိသလို ကျနော်ကလဲ ဆက်ပြီး ပြောမနေချင်တော့။

            ရုပ်ရှင်ဇာတ်လမ်းမှ အရေမရ အဖတ်မရ မရီ ရ ရီရအောင် ချက်အောက်ပိုင်း ပျက်လုံး ဟာသများကြောင့် ဖြစ်ပေါ်လာသော ဆည်းလည်းသံ ရီသံလွင်လွင်လေးများသည် ကျနော့်အတွက် ငှက်ဆိုးကြီး ဘေးမှာ ကပ်ပြီး အော်ရီနေသလို ခံစားလာရသည်။ နိုင်ငံတော် အလံတစ်ခု ဂုဏ်သရေ ရှိရှိ ဒီလို လွှင့်ဖို့ရဖို့ ဘယ်သူတွေ ဘယ်ဝါတွေ အနစ်နာ ခံထားရသည်ဆိုတာကို ကျနော် ရှင်းပြနေလျှင်လဲ ထုံးစံအတိုင်း အပိုတွေဟု ပြောမှာလား။ ကျနော် စိတ်ကူးယဉ်ထားသော သားသား မီးမီးများကို နိုင်ငံချစ်တတ်ဖို့ ၊ တန်ဖိုးထားတတ်ဖို့ ကျနော် တစ်ယောက်တည်း ဆို ဆုံးမလို့ ရမှ ရပါ့မလား။ ကျနော့် သား၊ သမီးများ နိုင်ငံတော်အလံကို တန်ဖိုးမထားတတ်ခဲ့လျှင် နိုင်ငံကို ဖျက်လို ဖျက်ဆီး လုပ်ဖို့ အတော်ကြီးနီးစပ်တဲ့ မျိုးဆက်တွေ ဖြစ်လာမလား။  ဗိုလ်ချုပ်တို့ အသက်ပေးသွားတာ အလကားများ မှတ်နေသလားကွဟု ငေါက်ဆတ်ဆတ်ပြောလိုက်ချင်သောကြောင့် ဒေါသထွက်နေသော ကျနော့်ကို သတိထားမိဟန်မတူ။ အမှိုက်ထည့်ဖို့ပေးထားသော ကြွတ်ကြွတ်အိတ်ကို မေ့လျော့ကာ အမှိုက်များကို ကြမ်းပြင်ပေါ်သို့ အပြစ်ကင်းစွာ ပြစ်ချနေ၏။ အိတ်ထဲ ထည့်ပါကွာ ဟု ပြောလိုက်ချင်ပေမယ့် ပိုက်ဆံပေးကြည့်တာ အလကားကြည့်တာ မဟုတ်ဘူးဟု စသလိုလို ၊ ပြောင်သလိုလို ပြန်ပြောမှာစိုးသဖြင့် မပြောဖြစ်။

            ရုပ်ရှင်ရုံမှ ပြန်ထွက်လာတော့ ကျနော် အသံတိတ်နေတာကို သတိထားမိဟန်တူသည်။ “ဘယ်ဆိုးလဲ ပြောတဲ့ အတိုင်း လိုက်နာသားဘဲ” ဟု အမှတ်ပေးသည်ကို ကျနော် ကျေနပ်ဂုဏ်ယူစိတ် မဖြစ်မိ။ နောက်ရက်တွေမှာ ရုပ်ရှင် ကြည့်ချင်ရင် ကြိုပြောနော်ဟု ကျနော့်ကို အခွင့်အရေးပေးသော်လည်း စိတ်ပျက်လက်ပျက် ခံစားမှုကြီးထပ်မဖြစ်ချင်တော့သောကြောင့် အင်းမလုပ်၊ အဲမလုပ် နေလိုက်သည်။

            ထို့နောက်..ထို့နောက်..ကေသီ ကျနော့်အပေါ် ချမှတ်ပေးထားသော အ၀တ်အစားသပ်သပ်ရပ်ရပ်ဝတ်ဖို့ စည်းကမ်းကို အားမစိုက်ရဘဲ စည်းကမ်းဖောက်နေမိသည်။ ဘောလုံးပွဲ ညနက် သွားမကြည်ရဟု သတ်မှတ်ထားသော စည်းကမ်းကို လွယ်လွယ် ချိုးဖျက်မိသည်။ ကေသီ့မျက်နှာဖူးဖူးရွရွလေးကို တွေ့တိုင်း “အို ရှုပ်ပါတယ် “ ဟု ရုပ်ရှင်ရုံထဲတွင် ပြောဘူးတာကို မေ့ဖျောက်လို့ မရ။

လူသတ္တ၀ါသည် သက်ရှိ လောကထဲတွင် အသိဥာဏ် အဆင့်အမြင့်ဆုံး သတ္တ၀ါဟု ဆိုကြ၏။ ကေသီသည်လည်း လူဖြစ်သောကြောင့် အသိဥာဏ် ရှိသူပီပီ ကျနော်၏ ပေါ့ပျက်ပျက် ဖြစ်လာမှုကို သတိထားမိလာသည်။ သူ အဆောင်ပြောင်းသွားတာကိုတောင် ကျနော့်ကို အသိပေးမသွားတော့ပေ။ တစ်ရက်က စာအုပ် အဟောင်းတန်းမှာ အားရ ပါးရ ကျနော် ဖွနေတုံး ခပ်လှမ်းလှမ်းမှာ အမျိုးသားတစ်ယောက်နှင့် လက်တွဲသွားသည်ကို တွေ့လိုက်ရသည်။ နိုင်ငံတော် အလံကို တန်ဖိုးထားတတ်တဲ့ လူတစ်ယောက် ဖြစ်မှ ဖြစ်ပါ့မလားဟု တွေးရင်း  ကျနော် ဆွေးသွားပါ၏။ ၀မ်းနည်းသွားပါ၏။ သို့သော် နှမြောစိတ်တော့ မဖြစ်မိပေ။

စာအုပ် အဟောင်းဆိုင်မှ အပြန်မှာ ကျနော် တစ်ယောက်တည်း ရုပ်ရှင်ဝင်ကြည့်ဖြစ်ခဲ့သည်။ နိုင်ငံတော် အလံကြီး တလူလူလွင့်လာချိန်မှာ ကျနော့် ကိုယ်ခန္ဓာကို တောင့်နေအောင်ရပ်၊ လက်သီး နှစ်ဖက်ကို ဆုပ်ပြီး ပေါင်ဘေးမှာ ကပ်ထားခဲ့သည်။ နိုင်ငံတော် သီချင်း သံ ကို နားစွန့်ရင်း ကျနော့် မျက်လုံးများက စိုစွတ်လာခဲ့သည်။ ကေသီ့အတွက် ကျတဲ့ မျက်ရည်များဟု ကျနော် ၀န်မခံချင်ပါ။ သို့သော် ကျနော့်ကို အသဲကွဲစေသော အလံကြီး ဖြစ်ကြောင်းကိုတော့ မရှက်တမ်း ၀န်ခံချင်နေပါတော့သည်။

(photo credit – http://www.saintleolions.com/sports/sball/2011-12/releases/20120331q64tnl )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ခေတ်ပြိုင်အတွေ့အကြုံ

7 Responses to Po Htet – အသဲကွဲ နိုင်ငံတော် အလံ

  1. Akar on July 22, 2012 at 8:03 am

    ကိုဖိုးထက်အတွက်စိတ်မကောင်းတာကလွဲပြီး၊ကိုဖိုးထက်ကိုလေးစားချီးကျူးဂုဏ်ပြုပါတယ်ဗျာ၊ဒီလိုအမျိုးသမီးနဲ့လက်တွဲလို့ကတော့တသက်လုံးစိတ်ချမ်းသာမှာမဟုတ်ပါဘူး။ကျနော်ဆိုရင်လည်းကိုဖိုးထက်လိုဘဲဆုံးဖြတ်မှာပါ။

  2. ka tone on July 22, 2012 at 1:20 pm

    နိုင်ငံတော်အလံ….နိုင်ငံတော်သီချင်း..ဒို့အမျိုးသားေ၇းတွေကိုဖျက်ဆီးနေတဲ့လူတွေ၇ှိနေတယ်…ကောင်မလေးလိုသဘောထားလိုမ၇ဘူးနော်…….

  3. mkk raj on July 22, 2012 at 3:54 pm

    Ko Po Htet, You are a great gentleman!

  4. venvimala on July 22, 2012 at 8:46 pm

    ဂုဏ်ယူပါတယ်သူငယ်ချင်း။ အဖြစ်ကိုတော့ စိတ်မကောင်းဖြစ်မိပေမဲ့ ဒါလဲ ကောင်းပါတယ်လို့ထင်မိတယ်။ နောက်ထပ် ပျော်ရွှင်စရာတွေ များစွာနဲ့ကြုံတွေ့နိုင်ပါစေ။

  5. zoung on July 22, 2012 at 8:57 pm

    ကိုဖိုးထက်တွေ အများကြီးရှိတဲ့နေ့ ကျုပ်တို့နိုင်ငံကြီး ကောင်းစား တိုးတက်ပြီ…

  6. bawgyi on July 23, 2012 at 8:11 am

    နိုင်ငံတော် အလံ ဆိုတာ နိုင်ငံတော်ကို ကိုယ်စားပြုပါတယ်၊ ယနေ့ ခေတ်အလံကို သေချာကြည့်ပါ။ ကာကွယ်ရေးဝန်ကြီးဌာန(စစ်တပ်) တံဆိပ် ကို design ယူထာူးပီး တနိုင်ငံ လုံးက စစ်တပ်ကို အလေးပြုအောင် သေချာစွာ စီရင်ထားတယ်၊ ဒီလိုမျိုး အလံကိုနိုင်ငံတော် အလံအဖြစ် အသိအမှတ်ပြု အလေးပြုသင့်ရဲ့လား?

  7. kkk on July 23, 2012 at 2:38 pm

    ကိုဖိုးထက်ပြောတဲ့အလံကြီးက ဘယ်အလံလဲဟင်၊ အနီလား၊ အစိမ်းလား။ အခုထက်ထိတော့ အစိမ်း၊ အ၀ါ၊ အဖြူကို တွေ့တိုင်း ကိုယ့်နိုင်ငံရဲ့ အလံလို့ မခံစားရသေးဘူးဗျာ။ တစ်ခါတစ်ရံ ထိုင်ဝမ်အလံကိုတွေ့ရင်တောင်မှ ကိုယ့်အလံလားလို့ဘဲ စိတ်ထဲမှာ ထင်ထင်မိနေသေးတယ်။
    နောက်တစ်ခုက အလံကို လေးစားဖို့ဆိုတာကလည်း လူတစ်ယောက်ချင်းစီမှာ နောက်ခံ ခံစားချက်တွေ ရှိလိမ့်မယ်လို့ ထင်တယ်။ အခုတစ်လော ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံကို အလေးမပြုတဲ့သူတွေကို ရုံပြင်ထုတ်ပြီး ပညာပေးမယ်လို့ သိရတယ်။ အဲဒီလို အတင်းလုပ်ယူမယ်ဆိုရင် ပိုပြီး မုန်းလာမယ်လို့ထင်တယ်။ ချစ်တဲ့စိတ်ဖြစ်လာအောင်လို့ အခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ထင်တယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်