ဆင်ခရွန်ကကိုလတ်နဲ့ ၂၀၁၂ စင်ကာပူ၊ မြန်မာအခြေအနေ

July 21, 2012

ဇော်အောင် (မုံရွာ)
ဇူလိုင် ၂၁၊ ၂၀၁၂
ကျွန်တော့်မှာ ခင်မင်လေးစားရဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၉၉၀ခုနှစ်လောက် ကျွန်တော်တို့ အင်ဂျင်နီယာပေါက်စများစွာ မြန် မာပြည်က နည်းအမျိုးမျိုးနဲ့ထွက်လာပြီး စင်ကာပူမှာ သူများမလုပ်ချင်တဲ့ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးအလုပ်တွေကို လာလုပ်ချိန်မှာ ကိုလတ်ဆိုတဲ့ အီလက်ထရွန်းနစ်ပညာကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို ခင်မင်ရပါတယ်။ သူ့ရဲ့အလုပ်ကြိုးစား၊ တတ်သိကျွမ်းကျင် မှုကြောင့် သူအလုပ်လုပ်တဲ့ Syncron ဆိုတဲ့ သင်္ဘောအော်တိုမေးရှင်းကုမ္ပဏီလေးမှာ သူဌေးတော်တော်အားကိုးရတဲ့လူ ဖြစ်လာပါတယ်။

သူလည်းပဲ မြန်မာပြည် ဖားအံဘိလပ်မြေစက်ရုံက Government Gazetted Office ဘ၀ကနေထွက်လာပြီး စင်ကာပူအလုပ်လာရှာတဲ့အချိန် Syncron မှာလုပ်နေတဲ့ ဗမာတစ်ယောက်က တစ်လစာ ပွဲခပေးရမယ်ပြောပြီး အလုပ်ရခဲ့ပါတယ်။ အဲဒီခေတ်က အခုခေတ်လို အလုပ်မရခင် ဒေါ်လာ၃ထောင်ကျော် ပွဲစားခပေးရတဲ့ခေတ်မဟုတ်သေးပါဘူး။ ပွဲစားဆိုတာလည်း ရှားပါတယ်။ ခပ်ရှင်းရှင်းပြောရရင် ဗမာနည်းသေးတော့ လပ်ပေးတဲ့အကျင့် (ဆောရီး .. လက်ဆောင်ပေးတဲ့အကျင့်) ရနေတဲ့ ဗမာများကို ကူညီမဲ့ပွဲစားလူတန်းစား နည်းပါးတဲ့အချိန်ပါ။ အဲ .. လကုန် တော့ အတူအလုပ်လုပ်နေတဲ့ စီနီယာ မြန်မာအစ်ကိုကြီးကို ကိုလတ် တစ်လစာပေးလိုက်ရပါတယ်။ ပွဲစားကိုပေးရမယ်ဆိုလို့ တစ်လစာ (အဲ ဒီခေတ်က ဒေါ်လာ၁၅၀၀) ပေးလိုက်ရပေမဲ့ ဘယ်ကျေနပ်နိုင်မလဲ။ ကုမဏ္ဍီမှာ လအနည်းငယ်လုပ်ပြီးတာနဲ့ အဲဒီပွဲစားဟာ သူနဲ့အတူလုပ်နေ တဲ့ ဗမာမိတ်ဆွေအစ်ကိုကြီးကိုယ်တိုင်ဖြစ်နေတာ မသိချင်ဟန်ဆောင်နေရပါတယ်။

မကြာခင်မှာပဲ ကိုလတ်အလုပ်လုပ်တာ သူဌေးကသဘောကျလာတယ်။ မြန်မာပြည်ကထွက်လာသူ ဗမာများကလည်း ဗမာရှိတဲ့ကုမ္ပဏီကို လိုက်ရှာပြီး လည်တဲ့လူက တိုက်ရိုက် ကုမဏ္ဍီကို ဖုန်းဆက်၊ အလုပ်လျှောက်လွှာပို့ လုပ်ကြတယ်။ ဒါပေမဲ့ သူဌေးက ကိုလတ်ကို Recommend လုပ်ခိုင်တယ်။ ကိုလတ်ကလည်း အဲဒီ အလုပ်လာလျှောက်တဲ့ ဗမာတွေကို တကယ့်ဘွဲ့ရ အင်ဂျင်နီယာဟုတ်တယ် .. သိတာကြောင့် သူဌေးကို အလုပ်ခန့်ဘို့ ထောက်ခံလိုက်ပါတယ်။ အဲဒီလူတွေကိုလည်း သူ့ရှေ့က အစ်ကိုကြီးလုပ်သွားသလို .. အီးပီ(Employment Pass) ကျရင် တစ်လစာပွဲခပေးရမယ်နော် .. သူဌေးကိုပေးရသလို၊ စာရေးမကို ပေးရသလို၊ အပြင်က ပွဲစားတစ်ဦး စာရွက်စာတမ်းလုပ်ပေးသူကို ပေးရသလို … အလုပ်သိပ်လိုချင်နေတဲ့ လူငယ်အင်ဂျင်နီယာလေးကလည်း အခုချက်ချင်းပေးစရာမလိုဘူး ..ပထမလခထုတ်မှ ပေးရမယ်ဆိုတော့ … ပေးမယ်ပေါ့ဗျာ။ ဒါနဲ့ ဗမာလေးတွေ ၃ယောက်လောက် အလုပ်ခန့်လိုက်ပါတယ်။

• ၁၉၉၀ ခေတ် စင်ကာပူ ကနဦးမြန်မာများ
စကားမစပ်ပြောရရင် အဲဒီခေတ်က စင်ကာပူမှာ Work Permit ဆို မလေးရှား၊ အိန္ဒိယား အလုပ်သမားတွေလောက်ပဲ အစိုးရက ချပေးပြီး ဗမာဆိုရင် အီးပီ Employment Pass ပဲရှိတယ်။ စင်ကာပူ ပီဒင်ကိုစင်တာက အင်မီဂရေးရှင်းဌာနမှကိုယ်တိုင်သွားတင်ရတယ်။ ကုမဏ္ဍီက စာရေးမတွေက မအားတော့ အလုပ်သမားကိုပဲ ကိုယ့်ဖာသာသွားတင်ခိုင်းတယ်။ တစ်လကနေ ၂ လအထိ စောင့်ရတယ်။ အီးပီမကျခင် အ လုပ်လုပ်ခွင့်မရပေမဲ့ Visa ကိုတော့ တစ်လပြီးတလ သက်တမ်းတိုးပေးပါတယ်။ ၂ လကျော်လာရင် Visa Extension ပေးတော့ဘူး။ မလေး ရှားက စင်ကာပူနဲ့ကပ်ရပ် ဂျဟိုးမြို့လေးကို ရေလက်ကြားကျော်ပြီး စတေးရှောင်ရတယ်။ အဲဒီခေတ်တုန်းက ဗမာပတ်စပို့ဆိုရင် အရှေ့တောင် အာရှနိုင်ငံအားလုံးကို ဗီဇာမလိုဘူး။ ၀င်ထွက်သွားလာလို့ရတော့ စင်ကာပူမှာ နောက်ဆုံးအချိန်အထိ ကုတ်ကပ်နေပြီး စတေးမရတော့ဘူးဆိုမှ မျက်နှာဇီးရွက်လောက်နဲ့ ဂျဟိုးမြို့လေးကို ထွက်ခွာရပါတယ်။

ဂျဟိုးမှာ အခုခေတ် ၂၀၁၂ မှာဆို ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ ဗမာအလုပ်သမားတွေ အများကြီးဖြစ်နေပီ။ အဲဒီဗမာလေးများနဲ့ တွေ့ဆုံ စကားပြောချိန်မှာ သူတို့ကပြောတယ်။ တဖက်ကမ်းက စင်ကာပူမြို့ကြီးကို လှမ်းလှမ်းကြည့်ပြီး စင်ကာပူမှာအလုပ်သွားလုပ်ချင်နေကြတာ အခုခေတ် ဂျဟိုးမြို့က ဗမာကလေးများရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ်၂၀က ဂျဟိုးမြို့ရောက် ဗမာကလေးများရဲ့ ရည်မှန်းချက်ကတော့ အလုပ်မရှိ၊ တနေ့ စင်ကာပူ ၅ ဒေါ်လာပေးပြီး အလှည့်ကျ ချက်ပြုတ်စားသောက်ရတဲ့ ဗမာတည်းခိုခန်းလေးမှာ စင်ကာပူတစ်ခေါက်ပြန်ဝင်ခွင့်ရရေးပါပဲ။ အခု ပင်နီစူလာပလာဇာမှာ မြန်မာဆိုင်ကြီး တွေဖွင့်ပြီး သူဌေးလုပ်နေတဲ့ ဗမာများဟာ တခါက ဂျဟိုးဘာရူးဆိုတဲ့မြို့ကလေးကို မျက်နှာငယ်ငယ်နဲ့ ရောက်ခဲ့ဖူးသူများ ဖြစ်ပါတယ်။ ထားပါတော့။

ကိုလတ် အကြောင်းဆက်ပါမယ်။

အဲဒီ ကိုလတ်ရဲ့ ထောက်ခံစာနဲ့ ခန့်လိုက်တော့ ကုမ္ပဏီမှာ ယာယီအလုပ်လုပ်ခွင့်ရတယ်။ တစ်နာရီကို ၉ဒေါ်လာလောက် သူဌေးကပေးတယ်။ ၀ပ်ရှော့မှာလည်း အလုပ်တွေအများကြီးဆိုတော့ အပြင်က စင်ကာပူလူမျိုးအလုပ်သမားကို ခေါ်ခိုင်းရင် တစ်နာရီ ဒေါ်လာ ၂၀ လောက်ပေး ရပြီး သိပ်ခိုင်းမကောင်းဘူး။ ဗမာကတော့ အိုဗာတိုင်လည်းရတော့ ခိုင်းလို့တအားကောင်းတယ်။ ညနက်သန်းကောင်လည်း မညီးမငြူလုပ်ပေး တယ်။ အီးပီမကျခင် တစ်လလောက် အလုပ်လုပ်ခွင့်ရတဲ့ပိုက်ဆံ ဒေါ်လာ ၁၅၀၀ လောက်ဟာ စင်ကာပူ၊မလေးရှားမှာ ၃ လလောက် ကောင်း ကောင်းစားသောက် နေထိုင်လို့ရတယ်။ မြန်မာပြည်က ထွက်လာကတည်းက ချေးငှားထွက်လာသူများပါ။

အီးပီကလည်း ကုမ္ပဏီသိပ်မကောင်းရင် Reject ဖြစ်လေ့ရှိပါတယ်။ ဖောင်ဖြည့်ကတည်းက ကိုယ့်ဘွဲ့၊ အလုပ်အကိုင်စာရင်းတွေမှာ ကို့ရိုကားယားဖြစ်သွားရင်၊ ဥပမာ ဘွဲ့ရတဲ့ခုနှစ်ထက် အလုပ်စလုပ်တဲ့ခုနှစ်ကစောနေရင် Reject ဖြစ်သွားတယ်။ ကုမ္ပဏီမှာ နိုင်ငံခြားသား သိပ်များနေရင်လည်း Reject ဖြစ်သွားတယ်။ ကိုလတ်သူဌေးကတော့ တနာရီ ၉ ဒေါ်လာနဲ့ ဈေးချိုချိုဗမာများကိုအုပ်ချုပ်တတ်တဲ့ ဗမာ အင် ဂျင်နီယာပေါက်စ ကိုလတ်လည်း ရှိပြီးသားဆိုတော့ ကိုလတ်ထောက်ခံရင် အီးပီတင်ပေးလိုက်တယ်။ အီးပီမကျသူတွေပဲ များပါတယ်။ ဒါပေမဲ့ အလုပ်အသစ်မရှာခင် ဗမာပြည်ကငွေထပ်မှာစရာမလိုတော့ဘူးပေါ့။ အီးပီကျသွားရင်တော့ ကိုလတ်က တစ်လစာ ပွဲစားခရမယ်လေ။ တကယ်လည်း အီးပီကျလာတဲ့အချိန် ကိုလတ်ရဲ့နှလုံးသားက ပထမအစ်ကိုကြီးလောက် မခက်ထန်ပါဘူး။ လူကသာ မာကြော၊ပြတ်သား၊ အလုပ်လုပ်တတ်၊ ခိုင်းတတ်ပေမဲ့ နှလုံးသားကနူးညံ့တော့ သူတို့ချွေးနဲစာ တစ်လစာကိုယူရမှာ စိတ်မသန့်ဘူး။ အရေးထဲ အီးပီကျသွား သူတွေက ကိုဘိုလတ်ရယ် ခဏဆိုင်းပါဦး။ နောက်လပေးပါမယ် … ဘာညာနဲ့လုပ်တော့ ကိုလတ်က စိတ်ပျက်လာပြီး ပေးမနေပါနဲ့တော့ကွာ ဆိုပြီးပွဲခမယူတော့ဘူး။ အဲဒီနောက်ပိုင်း ကိုလတ် ဘယ်တော့မှပွဲခယူတဲ့အလုပ် မလုပ်တော့ပါဘူး။ သူ့ရဲ့ ရိုးသား ဖြောင့်မတ်၊ တည့်တည့် ပြောတတ်တဲ့အကျင့်နဲ့ ပွဲစားလုပ်စားလို့ မရဘူးဆိုတာ ခပ်စောစောပဲ သဘောပေါက်သွားခဲပါတယ်။

ခပ်တိုတိုရေးရင် ကိုလတ်တို့မိသားစု စင်ကာပူကို ရောက်လာကြတယ်။ အမျိုးသမီး မကြည်ကလည်း ခပ်ထက်ထက် စီးပွားရေးတက္ကသိုလ်က ပညာထူးချွန်သူ။ ကိုလတ်ကလည်း အာအိုင်တီ ရန်ကုန်စက်မှုတက္ကသိုလ်က ပညာထူးချွန်တဲ့လူ။ အရင် ရွှေပြည်သာမြို့ငယ်လေးမှာတုန်းကတော့ ပညာတော်တဲ့ ကောင်ကလေးနဲ့ကောင်မလေးတို့ ရန်ကုန်မြို့ကြီးမှာ ကျောင်းလာတက်ကြတယ်။ သူတို့မိဘများကတော့ အသွင် မတူတဲ့အသိုင်းအ၀ိုင်း၊ ကိုလတ်ဇနီးသည်အမျိုးများက ရွှေပြည်သာမှာ ကုန်သည်ပွဲစား၊ ငွေကြေးအသင့်တင့်ရှိသူများ၊ ကိုလတ်အမျိုး များ ကတော့ အေးအေးဆေးဆေးဝန်ထမ်းမျိုး။ နှစ်ဘက်သောမိဘများက ရန်ကုန်တက္ကသိုလ်သွားတက်တဲ့ သားသမီးများအတွက် ဂုဏ်ယူ၊ ပြိုင် ဆိုင်ကြတာပေါ။ နောက်ဆုံး အာအိုင်တီနဲ့အီကိုခေတ်ဆိုတော့ ကိုလတ်နဲ့ မကြည် ၂ ယောက် လူကြုံပစ္စည်းပို့၊ တွေ့ကြရင်းကနေ ဘွဲ့ရပြီး နောက်ပိုင်း ညားလေသတည်း ဖြစ်သွားတယ်။ နှစ်ဖက်သောမိဘများကတော့ ဖြစ်မှဖြစ်ရပလေ.. ငါ့သား၊ ငါ့သမီး .. ငါတို့နဲ့ အဆင်သိပ်ပြေ တဲ့လူနဲ့ ညားစေချင်ပေမဲ့ ကံတရားအတိုင် ကိုလတ်၊ မကြည်တို့ ပညာတတ်မောင်နှံရဲ့ ဘ၀ခရီးအစပေါ့။ မကြည်ကို ရန်ကုန်မှာ ကျောင်း ထားပေးတဲ့ အဒေါ်အရင်းခေါက်ခေါက် (ပါမောက္ခချုပ်ကတော်ကြီး) ဆိုရင် ဖြစ်မှဖြစ်ရပလေ ငါ့တူမရယ်ဆိုပြီး သူပြုစုပျိုးထောင်ထားတဲ့ တူမလေးကို နှမျောရှာတယ်။ ကိုလတ်ကတော့ ခပ်တည်တည်ပေါ့။

• မြန်မာပြည်အိမ်ဈေးကြီးမှု (ပထမအကြိမ်)
စင်ကာပူမှာ ၁၀နှစ်ကျော်လုပ်ပြီးတဲ့နောက် ၁၉၉၇ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဖြစ်နေချိန်မှာ ကိုလတ် မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ချင် စိတ်ပေါက်လာတယ်။ ဇနီးသည်ကလည်းတားပေမဲ့ နောက်ဆုံး နှစ်ဦးသဘောတူစုဆောင်းထားတဲ့ငွေတွေ ဒေါ်လာသိန်းချီထုတ်ပြီး ဗမာ ပြည်ပြန်၊ အိမ်ငှား၊ ကားဝယ်၊ စီးပွားရေးလုပ်ကြတယ်။ အဲဒီအချိန် စီးပွားရေးသမားတွေက အစိုးရငွေကို တရားမ၀င်ကြေငြာမှာ အရမ်း ကြောက်တော့ ငွေကိုလက်ထဲကိုင်မထားချင်ဘူး။ ကားစုတ်တွေကိုလည်း သိန်းရာ၊ထောင် ပေးပီးဝယ်ရတယ်။ တယ်လီဖုန်းတလုံးကိုလည်း သိန်း ၅၀ လောက် ဈေးပေါက်နေချိန်။ (ငွေလဲနှုံးက US$1=S$1.7, Kyat 200 in 1997) အချိန်မှာဆိုတော့ ဒေါ်လာဈေးသိပ်ကောင်းတဲ့အချိန်ပဲ။ တိုက်ခန်းတစ်ခန်းကို သိန်း ၅၀၊ ၁၀၀ ပတ်ဝန်းကျင် ကန်ထရိုက်တိုက်တွေ ခေတ်စားနေချိန်၊ စီးပွားရေးလုပ်ချင်နေတဲ့ ကိုလတ်၊ မကြည်တို ၀ယ်ရောင်း ချက်ချင်း၊ လက်ငင်း အမြက်ငွေရတဲ့ မြေကွက်၊ လက်ညှိုးထိုးရောင်းဝယ်တဲ့လုပ်ငန်းထဲ ရောက်သွားတယ်။ ဈေးကလည်း တက် လိုက်တာ သိန်း ၂၀ နဲ့မြေကွက်၊ နောက်လူတစ်ယောက်က သိန်း ၂၅ သိန်းပေးတော့ ချက်ချင်းရောင်းပစ်တယ်။ တစ်လအတွင် စာရင်းချုပ် လိုက်တော့ သိန်း ၅၀ လောက် အမြတ်ထွက်တယ်။ စင်ကာပူမှာ စင်ကာပူဒေါ်လာ ၄ သောင်းကြီးများတောင် တစ်လအတွင်း အမြက်ထွက်သွား တာ၊ ကိုယ်တွေ့ဆိုတော့ ဆက်လုပ်တာပေါ့။ ၀ယ်ထားတာတွေ ရောင်းလိုက်တော့ သိန်း ၂၀၀ လောက်ဖြစ်လာရင် .. အဲဒီခေတ်က ငွေကို ဆာလာအိတ်နဲ့ သယ်တဲ့ခေတ်။ အမြင့်ဆုံးငွေစက္ကူက ကျပ် ၂၀၀ တန်ပဲရှိတော့ သိန်း ၅၀ ဆို ဆန်အိတ် ၅ အိတ်လောက် အထုတ်ကြီးဖြစ် လာတယ်။ ငွေတွေတရားမ၀င်ကြေငြာလိုက်ရင် ဒုက္ခပါပဲ .. အိပ်မပျော်ဘူး။ ဒီငွေတွေကို သေချာတဲ့ Property အိမ်မြေအဖြစ်၊ မြန်မြန်ပြောင်း ထားမယ်ဆိုပြီး နောက်နေ့မှာ မြေတွေလိုက်ဝယ်ပစ်လိုက်တယ်။ ၀ယ်ထားတဲ့ မြေကွက်တွေရဲ့ ကာလပေါက်ဈေးတန်ဘိုးတွေကို လင်မယား ၂ ယောက် တွက်ချက်ကြည့်ရင်း စင်ကာပူက ဗမာပြည်ပြန်လာတာမှန်သွားပြီလို့ ထင်ကြတယ်။

သိပ်မကြာပါဘူး။ ငွေတွေလည်း တရားမ၀င်မကြေငြာပဲ၊ အစိုးရက သွင်းကုန်တွေပိတ်လိုက်တယ်။ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားတယ်။ မလေးရှားအစိုးရ ၀န်ကြီးချုပ် မဟာသီယာကလည်း စီးပွားရေးကပ်ဟာ အမေရိကန်က ဂျူးသူဌေးကြီး ဂျော့ဆိုးရိုးကြောင့်ဆိုပြီး မလေးရှားရင်း ဂစ်ငွေလဲနှုံးကို မြန်မာအစိုးရ တစ်ဒေါ်လာ ၆ ကျပ်ခွဲ အသေသတ်မှတ်သလို၊ သူကလည်း အမေရိကန်တစ်ဒေါ်လာ မလေးရှား ၄.၈ ရင်းဂစ် အသေသတ်မှတ်ပစ်တယ်။ ထိုင်းဘုရင်ကလည်း ထိုင်းနိုင်ငံ စီးပွားရေးကပ်ကထွက်ဖို့ ပြည်သူပြည်သားများ ရှိတဲ့ရွှေငွေ၊လက်ဝတ်လက် စားတွေ လာရောက်အပ်နှံရန် အားပေးလို့ ထိုင်းလူမျိုးတွေ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ကိုကယ်တင်ဖို့ ရွှေငွေလက်ဝတ်လက်စားတွေ အစိုးရဆီ လာရောက်အပ်နှံကူညီကြတယ်။ (တနှစ်လောက်အတိုးမဲ့ အစိုးရကို ငွေချေးတာပေါ့။ နောက် ..ပြန်ပေးပါတယ်။ မြန်မာအစိုးရက နောက်ပိုင်း မှာ ငွေတရားမ၀င်မကြေငြာပဲ ဘဏ်ထဲအပ်ထားတဲ့ ပြည်သူ့ငွေတွေကို ထုတ်ခွင့်မရအောင် ဘဏ်တွေကိုပဲ တရားမ၀င်ကြေငြာပစ် လိုက်ပါ တယ်။ အံ့ဘွယ်လုပ်ရပ်ပါ။

ဘာပဲပြောပြော နောက် ၃ လလောက်အကြာမှာ ရန်ကုန်မှာ ပေါ်ပင်၊ မြေအရောင်းအ၀ယ်အလုပ် ရပ်သွားပါတယ်။ အစိုးရက ငွေတွေ တရား မ၀င် မကြေငြာတော့ဘူး။ သေချာတော့ ဌာနေသူဌေးများ၊ စီးပွားရေးသမားများကတော့ ဗိုလ်နေမြဲ၊ ကျားနေမြဲ ချမ်းသာလျှက်ပါပဲ။ စီးပွားရေး လောကထဲ အခုမှကောက်ဝင်လာတဲ့ ဒေါ်လာငွေတွေ ပိုက်ပြီးပြန်လာတဲ့ ကိုလတ်တို့တော့ မြေပိုင်ရှင်ကြီးဘ၀နဲ့၊ စင်ကာပူမှ သမီးရှေ့ရေး ချန်ထားတဲ့ ဒေါ်လာငွေတွေလည်း ကုန်သွားတယ်။ စင်ကာပူက ဗမာပြည်အပြီးပြန်လာပြီး ၆ လအတွင်း ဆွေမျိုးတွေကလည်း ယုံလို့ (အတိုး ရမှာသေချာလို့) ချေးထားတဲ့ အကြွေးတွေနဲ့ မြေပိုင်ရှင်ကြီးဘ၀အဖြစ်သို့ ရောက်ရှိသွားပါတယ်။

နောက်ပိုင်းတော့ ကိုလတ် စင်ကာပူ Syncron မှာ ၂ နှစ်ပြန်လာလုပ်ပြီး အကြွေးတွေကျေအောင် ဆပ်ပေးပါတယ်။ ပြီးတော့ အပြီးတကာ အပြီးဆိုပြီး ဗမာပြည်ကို ပြန်သွားပြီး အကြွေးမဲ့၊ မြေပိုင်ရှင်ဘ၀နဲ့ အေးအေးဆေးဆေး တရားအားထုတ်နေထိုင်လျှက်ရှိပါတယ်။ အခုဒီစာရေး ချိန်မှာ သူအသက်က ငယ်ပါသေးတယ်။ ၅၀ ကျော်ကျော်လေးပဲရှိပါသေးတယ်။ ဇနီးသည်ကတော့ အိမ်၊မြေအကျိုးဆောင်ဘ၀နဲ့ မြန်မာပြည် မှာ အေးဆေးစွာနေထိုင်ကြပါတယ်။

ဒါနဲ့ ၂၀၁၁ အရပ်သားအစိုးရတက်ချိန် စီးပွားရေးအပြောင်းအလဲ၊ ဖြစ်ပြန်ပါပြီ။ အခြေအနေမကောင်းသေးပါဘူး၊ အိမ်မြေဈေးတွေ အရမ်း တက်နေပြန်ပါပြီ။ ကမ္ဘာ့စီးပွားရေးလည်း မကောင်းလှပါဘူး။ စင်ကာပူမှာ လုပ်ကိုင်ရတာလဲ အိမ်ဈေး၊ ခရီးစရိတ်၊ စားစရိတ်တွေ တက်၊ အလုပ်ကလည်း ရှားလာတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုကြောင့် ကျပ်ငွေဈေးနှုန်းကောင်းလာတော့ မြန်မာပြည်ပြန်ပို့သူများ မကိုက် တော့ဘူး ဖြစ်လာတယ်။ ဒေါ်လာဈေးကလည်း ၄ နှစ်အတွင်း S$1=Kyat 900 to 600 ကျဆင်းသွားပါတယ်။ မြန်မာပြည်ပြန်၊ စီးပွားရေးလုပ် ဖို့တော့ ခေတ်ပျက်ကြီးမှာ ပိုပြီးခက်ခဲပါတယ်။ မြန်မာအစိုးရကို ယုံကြည်စွာ ၀င်လာ၊ရင်းနှီးမြုတ်နှံတဲ့ ကုမဏ္ဍီတွေ အလွန်နဲလှပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလဲ အလွန်ရှားနေသေးတယ်။ ပွဲစား၊ လခစားလုပ်နေကျ ပြည်ပရောက်မြန်မာများအနေနဲ့ အလုပ်ပေးနိုင်တဲ့ ကုမဏ္ဍီကြီးများမြန်မာပြည်ကိုဝင်လာမှ ပြည်တော်ပြန်သင့်ပါတယ်။ စီးပွားရေးလုပ်ချင်သပ ဆိုရင်တော့ ငွေမရင်းနှီးပဲ၊ လူပဲရင်းနှီးတဲ့လုပ်ငန်းပဲ ပြန်လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

မြန်မာကျပ်ငွေနှင့်စင်ကာပူတစ်ဒေါ်လာ 1991 – 2011 ဇယား

• ၂၀၁၂ မြန်မာပြည်အိမ်ဈေးကြီးမှု (ဒုတိယအကြိမ်)
အခု ဇူလိုင်လမှာ မြန်မာပြည်ကအိမ်ယာဈေးကြီး နေရာများ အရောင်းဝယ်ရပ်တံ့သွားပါပြီ။ မြန်မာတပြည်လုံး သိန်း ၁၀၀ တန်တဲ့အိမ်ကို သိန်း ၅၀၀၊ သိန်း ၁၀၀၀ စသဖြင့် ၂ နှစ်ရှိပြီ၊ အရောင်းဝယ်တွေဖြစ်လိုက်ကြတာ။ ၂၀၁၁ အစိုးရသစ်တက်လာကတည်းက စီးပွားရေး ၀ိသမ သမားတွေရဲ့ ကျားပါစပ်ထဲကို အာဏာရှိသူများ၊ ငွေရှိသူများ ကားယားပြီးဝင်လာကြပါတယ်။ ကားပါမစ်ဆိုတော့လည်း သူတို့ပဲ လက်ဦး အောင်လုပ်တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဆိုလဲ သူတို့ပဲ။ အစိုးရသစ်က လူတော်လူကောင်းများနဲ့ အတိုက်အခံက လူတော်လူကောင်းများ ၀ိသမစီးပွားရေးသမားများနဲ့ ဉာဏ်ပြိုင်ဆိုင်မှုပြောရမဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအစခရီးပါ။ ပိုက်ဘောမိသူများစွာရှိသော်လည်း လော ကဓမ္မတာပဲ ဖြစ်ပါတယ်။

ကိုလတ်တို့လည်း ထပ်မံပြီး ၂ ခါရှိ ၂ ခိရှာ မဖြစ်ပါစေနဲ့လို ဆုတောင်းပါတယ်။

ဘာကြောင့် မြန်မာပြည်က အိမ်ဈေးတွေ မတရားဈေးကြီးနေရသလဲ။ စင်ကာပူ ပင်နီစူလာဆိုင်ခန်းငှားခတွေ အရမ်းဈေးကြီးနေရပါသလဲ ။ ဆန်းစစ်ကြည့်တော့ ဘယ်သူမပြု မိမိမှုလို့ပဲ ကောက်နုတ်ပါတယ်။

• ကိုလတ် (သို့မဟုတ်) ကိုလတ်လိုမြန်မာများရေ
ငွေကို ရင်းနှီးပြီးလုပ်တဲ့ စီးပွားရေးတိုင်း၊ CEO ကောင်းကောင်းငှားခန့်ထားရတဲ့ ၂၁ရာစု၊ စီးပွားရေးခေတ်ကြီးပါ။ မြန်မာပြည်ခေတ်ဆိုးကြီးကို ကျော်လွန်တော့မယ် မျှော်လင့်ပါတယ်။ အခုဆို မြန်မာပတ်စပို့ဆိုရင် အရှေ့တောင်အာရှနိုင်ငံတချို့ ( Indonesia, Philippine, Cambodia , Malaysia စင်ကာပူမပါ) Arrival Visa or Transit Visa ပေးနေပါပြီ။

မြန်မာပြည်ပြန်ချင်တဲ့ မြန်မာလူငယ်တဦးက သူ့ရဲ့ကုမ္ပဏီဘော့စ်ကိုမေးတယ်။ Can our company to go Myanmar? ဆိုတော့ မြန်မာတွေ ကိုနားလည်တဲ့ဘော့စ်ဖြစ်လို့ Boss answered with smile, “of course. When we go Myanmar to extend business – you have to go with me” .. မြန်မာပြည်မှာ ကုမ္ပဏီလုပ်ငန်းတွေချဲ့ရင်၊…. ဘော့စ်က ပြုံးပြီး၊ ခင်ဗျားတို့ကိုပဲ ခေါ်သွားရမှာပဲလို့ပြောတယ်။

ဖတ်ရှုသူမိတ်ဆွေများ ရွှင်လန်းပါစေလို့ ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ဆင်ခရွန်ကကိုလတ်နဲ့ ၂၀၁၂ စင်ကာပူ၊ မြန်မာအခြေအနေ

  1. Thiri on August 3, 2012 at 9:21 am

    Someone called me after reading this article and ask me to check it out. It sound too familiar to a story I know… a story of my family. Then I realise… it’s about my dad. U Bo Latt…

    At first I was a bit pissed cause I doubt my dad give permission to use his story as an example. However I do acknowledge that till this day, I think his decision to go back was a big mistake. I hope ppl who read this article will think twice about going back. Even if you really want to go back, make sure you have proper planning and stabalise your investment before letting go your job in SG. Think more if you have children, I don’t enjoy my childhood at all cause I never really feel I belong to either place. I feel out of place when I had to went back with my parents. Your children might be young but they have emotion too and they need to adjust a lot more than you think.

    Never let go of a branch unless you are sure you have hold on to a stronger branch.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်