သူရဲကောင်းများကို ကြိုဆိုခြင်း (Khin Myo Chit)

July 26, 2012

ခင်မျိုးချစ် (ဂျူနီယာဝင်း ဘာသာပြန်)

ဇူလိုင် ၂၆၊ ၂၀၁၂

(Khin Myo Chit ရေးသော ‘Quest for Peace’ မှ ‘ Hail The Conquering Heroes Home’ ကို ဂျူနီယာဝင်း က ဘာသာပြန်သည်)

            အိပ်မက်ဆိုးများ မပြီးဆုံးနိုင်တော့ဟု မြင်မိသည်။ အိပ်မက်ဆိုးများ အဆုံးသတ်သွားပြီဟူသည့် သတင်း လက်ခံရဖို့ပင် ကောင်းလွန်းအားကြီးနေပါသည်။ ကျမတို့ ဂျပန်လက်အောက်က တကယ်ပဲ လွတ်မြောက်ပြီဖြစ် သည်။ ဗြိတိသျှ တို့၏ အလုပ်တာဝန်က အခုတော့ ပြီးဆုံးသွားပြီ ဖြစ်သည်။ လူတွေသည် ၄င်းတို့ တောင်လိုပုံ နေသော တန်ဖိုးမဲ့ ဂျပန်ငွေစက္ကူတွေကို ဘာလုပ်ရမည် မသိဖြစ်ကာ ထိုကိစ္စကို မကျေမနပ်ဖြစ်နေကြသည်။ သို့သော် ကျမတို့အတွက် ဒီဒုက္ခတောထဲ မရောက်တာ ကံကောင်းလေခြင်းဖြစ်သည်။ ကျမတို့မှာ အ၀တ်အစား ၀ယ်ဖို့ အိပ်စရာဖျာဝယ်ဖို့ပင် ခြူးတပြားမှ မရှိပါ။ ကျမတို့၏ အသက်နှင့် ခန္ဓာတွဲကာရှိနေခြင်း၊ ဗုံးကြဲလေယာဉ်တွေနှင့် ဂျပန်စစ်တပ် နှိပ်စက်တာ မခံရတာနှင့်ပင် တော်တော်ကျေနပ်ဖွယ် ဖြစ်နေပါသည်။ ကျမတို့မှာ သုံးပတ်စာ ဆန်နှင့် စားစရာ တွေ ရှိနေသည်။ ဒါကုန်ရင်ကော…? …အိုး ….ဘာလို့ စိတ်ပူနေမှာလဲ။

            ကျမတို့ သိုလှောင်ထားသော ရိက္ခာတွေ ကုန်မသွားခင်မှာ၊ ဗိုလ်ချုပ်နေ၀င်းနှင့် သူ့အဖွဲ့သားများ လော်လီကားနှင့် အပြည့် စားစရာတွေ တင်ဆောင်ကာ ကျမတို့ နေထိုင်လျက်ရှိသော စစ်တန်းလျားသို့ ရောက်ချလာပါသည်။ သူက ဒါတွေကို သူနှင့် သူ့လူတွေအတွက် ချက်ပြုတ်ကြော်လှော်ကျွေးမွေးဖို့ လုံလောက်သလားဟု မေးပါသည်။ မေးဖို့ လိုသေးလား ကျမတို့ အတွက်ဆို တာဝန်ယူဖို့ အတိုင်းထက်အလွန် ကျေနပ်ဖွယ် ဖြစ်နေပါသည်။ သူက ကျမတို့ စိတ်ရှိသလိုပင် ခွဲဝေကာ လုပ်ဖို့ပါ ဖြစ်ပါသည်။ ကျမတို့ မငတ်ပြတ်ခင် ကယ်တင်ခံရခြင်း အတွက် သူ့ကို ကျေးဇူးတင်မိပါသည်။

            အရင်က မျက်မှန်းတန်းမိထားသော မျက်နှာများကို ကျမတို့ ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ရင်း နေ့စဉ် တာဝန်များကို ထမ်းဆောင်ကြပါသည်။ ကိုလတ်က ဗိုလ်နေ၀င်းနှင့် အတူ သူ၏ စာရွက်စာတန်းများကို ကူညီပေးကာ ကျမက ချက်ပြုတ်ကြော်လှော်၍ ဆာလောင်နေသော အရေအတွက် ဘယ်လောက်ရှိမှန်း မသိရှိသည့် လူများကို ကျွေးမွေးရပါသည်။ ထိန်းသိမ်းထားသော အစားအသောက်အများစုမှာ စောစောပိုင်း အခြေအနေမှာပင် ပုပ်သိုးကုန်ပါပြီ။ ဆန်တောင်မှ ပျက်လု နေပြီဖြစ်သည်။ ကျမသည် ပြည်နှက်နေသော ဆန်ပိုးများကို ဖယ်ရှား ကောက်ပစ်က ထမင်းချက်လို့ ရအောင်ဖြင့် စီမံရင်း တိုက်ပွဲဝင် အနိုင်ရ ဟီးရိုးများ ဖြစ်သော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေ၀င်း နှင့် ဗိုလ်ဇေယျတို့အား ကျွေးမွေးခဲ့ပါတော့သည်။ သူတို့တတွေ တယောက်ပြီးတယောက် လာလိုက်ကြတာ သည်နေရာမှာ သူရဲကောင်းကြီးများဖြင့် ပြည့်လျှံလျက်ရှိနေပါတော့ သည်။

            ကျမတို့ ကဲ့သို့ ငတ်ပြတ်နေသူများက နံဘေးမှာ အစကတည်းက ရှိနေကြပါသည်။ သူတို့က နံဘေးမှာ ဆာလောင်နေသော မျက်နှာများဖြင့် စူးစိုက်ကြည့်နေကြပါသည်။ ကျမသည် ဗိုလ်ချုပ်နေ၀င်း၏ ခွင့်ပြုချက်ဖြင့် သိပ်မကောင်းသော အစား အသောက် ဝေစုများကို သူတို့ကို ခွဲဝေကာ ပေးလှုရာ ၄င်းတို့မှာ အလွန်ကျေနပ်စွာပင် လက်ခံယူကြပါသည်။

            ကျမက ထိုလိုအပ်နေသော သူများကို ဝေစုများခွဲပေးကာ နိုင်ငံရေးသမားများအား ချက်ပြုတ်ပေးရင်း  ပျော်ရွှင်နေစဉ်မှာ စိတ်မသက်မသာစရာ အဖြစ်နှင့် ကြုံရပါသည်။ တနေ့မှာ အရာရှိလူငယ်တဦး ကျမဆီရောက်လာပြီး စစ်တပ်ဆိုင်ရာ ရာရှင်တွေကို ဘာလုပ်ပစ်သလဲဟု မေးပါသည်။ ကျမက ကျမကို မမေးပဲ ဗိုလ်နေ၀င်းကိုသာမေး ဟု ဖြေလိုက်ပါသည်။ သူက ကျမကို စာရင်းဇယား ဘယ်လို လုပ်သလဲ …စသည်ဖြင့် မေးမြန်းပြောဆိုပါ သည်။ ကျမက ‘ မကောင်းဆိုးဝါးတွေပဲ စာရင်းနဲ့ဇယားနဲ့ လုပ်ကြ’ ဟုပြောလိုက်ပါသည်။ သည်လိုနှင့် စကားများကြပါသည်။ ကျမက ကျမသည် ရုံးကိစ္စများ လုပ်ပေးနေသူ မဟုတ်ကြောင်း ၊ ဒီပစ္စည်းတွေ ဖြန့်ဝေတဲ့ဆီမှာ ကိုယ့်သဘောနှင့်ကိုယ် မဖြန့်ရဘူး ဆိုရင် ဒါတွေ အကုန်သာယူသွား…..စသည်ဖြင့် ပြောလိုက်ပါသည်။ ဗိုလ်ချုပ်နေ၀င်းက ကျမတို့ကြားဝင်ကာ ငြိမ်းချမ်းရေးဝင်လုပ်ရပါသည်။ သူက ထိုလူငယ်ကို မောင်းထုတ်လိုက်ပါသည်။

            ထိုအရိုင်းအစိုင်းလူငယ်၏ အမည်မျာ(ကျမနောက်တော့ သိလာသည်မှာ) ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်လေး ဗိုလ်သိန်းဆွေ ဖြစ်လာပါသည်။ ကျမ သူနှင့် စိတ်ဆိုးဒေါသထွက်ရသည့် ကိစ္စကို တခါတခါ မမေ့နိုင်ဘဲ ပြန်ပြန်ပေါ်လာပါသည်။ သူကများ ငါ့ကို ရာရာစစ၊ ရုံးစေ လူငယ်ပေါက်စလေးက၊ ကျမသည် စစ်တပ်အတွင်းက သူများဆီက ကြားသမျှသော နာမည်ဆိုးများကို သူ့ကိုပေးကာ ခေါ်ဝေါ်ခဲ့ပါသည်။ သို့ရာတွင် ကျမမသိသည်မှာ နောက်ဆယ်နှစ် အကြာမျာ ထိုလူငယ်လေးသည် ကျမ၏ ဘ၀ကို မမျှော်လင့်သော ပုံစဖြင့် ပြောင်းလဲ ပစ်လိုက်နိုင်မည်ဆိုတာကို ဖြစ်ပါသည်။

            ( ဒေါ်ခင်မျိုးချစ်၏ A Buddhist Piligrim’s Progress ဆောင်းပါးတွင် ဘောက်ထော် စွန်းလွန်းဂူ ကျောင်းတွင် ဂျပန်ခေတ်က တော်လှန်ရေး ရဲဘော်ရဲဘက် အဖြစ် သိကျွမ်းခဲ့သော ဗိုလ်သိန်းဆွေ ယခု ဦးပဉ္စင်း ဦးသာသန ၀ိသုဒ္ဓိကို ပြန်တွေ့ခဲ့ရပုံကို ယခုလို ရေးသားထားပါသည်။

            ‘မကြာမီ ဦးပဉ္စင်း ဦးသာသန၀ိသုဒ္ဓိသည် ကျမတို့ကို မြင်ပါသည်။ ထိုအခါ အံ့သြသွားပုံလည်းရသည်။ ၀မ်းသာပုံလည်းရပါသည်။ သူ၏ မျက်နှာတွင် ပြုံးသည့် အမူအရာလေးကို တွေ့လိုက်ရပါသည်။ သူ၏ ဣနြေ္ဒသိက္ခာကို ဖူးမြော်ရပြီး ကျမတော်တော် အံ့သြသွားသည်။ ယခင်က ကိုယ့်ကိုကိုယ် အထင်ကြီးသော အမူအရာများ၊ သူများအပေါ် မထေမဲ့မြင် အမူအရာများ မောက်မာသော အမူအရာများကို မတွေ့ရတော့ပါ။ ကျမစိတ်ထဲတွင် ….ငါအရင်က သိခဲ့တဲ့ အလွန်လူပါးဝတဲ့ ဗိုလ်သိန်းဆွေဟာ သူပဲလား?  ဟု စဉ်းစားနေမိပါသည်။ သူ့အမူအရာသည် မေတ္တာ ကရုဏာ အပြည့် ဖြစ်နေပါသည်။ ကျမ၏ နှလုံးသားများ သည် ကြည်ညိုစိတ်များ ပြည့်လျက်ရှိသည်။ သူ့ရှေ့တွင် ထိုင်၍ ကြည်ညိုစိတ် အပြည့်ဖြင့် ကန်တော့မိပါတော့သည်။)

            (ယခု ဆောင်းပါးကို ပြန်ဆက်ပါမည်)

            ဤသို့နှင့် ကျမတို့သည် အရေးပါသော ပုဂ္ဂိုလ်တွေ ဗမာ့လွတ်လပ်ရေးဗိသုကာတွေသည် ကျမတို့ ဘ၀ထဲကို ၀င်လိုက်ထွက်လိုက်ဖြင့် ဆက်လက်လျှောက်လှမ်းခဲ့ကြပါသည်။ ဤသို့ဖြင့် ကျမတို့၏ မိတ်ဆွေများ တဦးပြီး တဦး ပြန်ရောက်လာကြ ပြန်တွေ့ဆုံကြပါသည်။

            ဂျပန်ခေတ်တုန်းက ဗမာ့တပ်မတော်သည် တော်လှန်ရေး မျိုးချစ်စိတ်တို့နှင့် မျိုးချစ်ဗမာ့တပ်မတော် အဖြစ် ပေါင်းစည်းလိုက်ကြပါသည်။ ကိုလတ်သည် ကျမတို့ သံယောဇဉ်ကြီးခဲ့သော နိုင်ငံခြားရေးရုံးဟောင်းတွင် အရာရှိ အဖြစ် ရာထူး ရခဲ့ပါသည်။ အစစ အရာရာမှာ အခြေကျလာလျက်ရှိလာစဉ်မှာ ကျမတို့ လက်ရှိနေနေသော နေရာမှာ ဆက်လက် နေထိုင်ဖို့ မဖြစ်နိုင်တော့သဖြင့် နေစရာ ရှာရပါသည်။ ကျမတို့မှာ ပိုက်ဆံတပြားမှ မရှိပါ၊ သို့သော် မိတ်ဆွေများက ပိုက်ဆံ အဖြစ် ပြောင်းလဲပစ်၍ ရသော အထည်စများ အစရှိသည်တို့ကို လာပေးကြပါသည်။ အကြောင်းမှာ  ဂျပန်တွေ ထွက်သွားချိန်မှာ သူတို့ သိမ်းဆည်းထားသော ပစ္စည်းဥစ္စာတွေက ထွက်ပေါ်လာသောကြောင့် ဖြစ်ပါသည်။ ကိုလတ်မှာ P.B.F( Patriotic Burmese Force) မြန်မာမျိုးချစ် တပ်မတော်မျ လစာ မရသေးသော်လည်း ရာရှင်တော့ ရနေပါသည်။

            အချိန် အနည်းငယ် ကြာသောအခါ မြို့ပေါ်မှာ အခန်းတခန်းရသည်။ ထိုအခန်းရလိုက်သည့် ကံကောင်း ပုံကလည်း အတော်ရှင်းပြရမည်။ ကိုလတ်က နိုင်ငံခြားရေးရုံးမှာ အလုပ်လုပ်နေစဉ် အမျိုးသမီးငယ်တဦးက လက်နှိပ်စက်စာရေးအဖြစ် အလုပ်လာလုပ်သည်။ သူ့အသက်မှာ ၂၀ခန့်သာ ရှိပြီး သူ့ခမျာ အပြင်ထွက် အလုပ် လုပ်မှ ဖြစ်ဖို့ အကြောင်းဖန်လာသူ ဖြစ်သည်။ ထိုအချိန်က မိန်းကလေးငယ်တဦး အပြင်ထွက် အလုပ်လုပ်ဖို့မှာ လုံခြုံမှုမရှိပါ။ ဗုံးကြဲလေယာဉ်များနှင့် ဂျပန်စစ်သားတွေက နေရာတကာမှာ ရှိနေသည်။ ထိုမိန်းကလေး၏အိမ်မှာ ရုံးနှင့် ခြောက်မိုင်အကွာမှာ ရှိသည်။ ကိုလတ်နှင့် အခြားဝန်ထမ်းများက သူ့ကို ၀င်ခေါ်ကာ ရုံးသို့ လမ်း လျှောက်လာရသည်။ အပြန်ကျတော့လည်း သူ့အိမ်က ဖြတ်ပြန်ရသောကြောင့် လမ်းကလည်း သင့်သဖြင့် သူ့မိသားစု စိတ်ပူပင်နေရခြင်းကို လွယ်လွယ်ကူကူပင် လျော့ပါးစေရာ ရောက်ခဲ့ပါသည်။ ထိုမိန်းကလေး မသန်းခင်သည် ကျမတို့၏ မိတ်ဆွေကောင်း တယောက် ဖြစ်လာပါသည်။

မသန်းခင်၏ မိသားစုတွင် မုဆိုးမ မိခင်ကြီး၊ ညီအစ်မလေးဖေါ်နှင့် မောင် တဦးရှိကြသည်။ သူတို့မှာ စစ်ကာလ အတွင်း ခက်ခက်ခဲခဲ ကျားကန်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည့် လှပသော အိမ်ကြီးတလုံးရှိသည်။ ထိုအိမ်သည် သူတို့ ပိုင်ဆိုင်သမျှ ဖြစ်ကာ မသန်းခင်၏ ၀င်ငွေ နည်းနည်းလေးသည် မိသားစုကို အလွန်ပင် အကူအညီကြီး ဖြစ်လျှက်ရှိသည်။ စစ်ပြီးသွားသောအခါ မသန်းခင်သည် အရပ်ဖက် အုပ်ချုပ်ရေးမှာ အလုပ်ရသည်။ ထိုကာလသည် နေထိုင်စရာ နေရာကိစ္စ သည် အတော် ခက်ခဲသော အချိန်ဖြစ်သည်။ ကျမတို့ နေထိုင်စ ရာ အိမ်ရှာရတာလဲ အချည်းနှီးဖြစ်နေသည်။ ထိုအခြေအနေမှာ မသန်းခင် မိခင်ကြီးက ကျမတို့အတွက် ထိုအိမ်ကြီးမှာ နေထိုင်စရာ အခန်းတခန်းပေးပါသည်။ သည်တော့ ပြဿနာ တခု ဖြေရှင်းလိုက်နိုင်ခဲ့ပါတော့သည်။

          *ကိုလတ်သည် P.B.F မှာ အလုပ်လုပ်ခဲ့ပြီးနောက်ပိုင်းတွင် ကြိုတင် ခြောက်လစာလခ အပြည့်ဖြင့် အလုပ်မှ အနားယူခဲ့ပါသည်။ ကျမတို့ ၀င်ငွေ ပြန်မရခင်မှာ ကျမသည် ဂျပန်ခေတ်အတွင်း တွေ့ကြုံခဲ့ရသော ကျမ၏ အဖြစ်အပျက်များကို စာအုပ်ငယ်လေးတအုပ် အဖြစ် ချရေးခဲ့ပါသည်။ ယင်းသည် ခက်ခဲကြမ်းတမ်းသော နေ့ရက်များ အတွင်းမှာ အသက်နှင့် ခန္ဓာတည်မြဲစေဖို့ အကူအညီဖြစ်ခဲ့ပါတော့သည်။

          ကျမတို့သည် ထိုရိုးရှင်း အေးချမ်းသော နေရာလေးမှာ အခြေကျလာပြီး ကျမတို့၏ ဘ၀ကို ကြိုးစားပြီးတည်ဆောက်ခဲ့ကြပါသည်။ ကျမတို့ သားလေးကလည်း ကျောင်းတက်ရမည့် အရွယ်ရောက်လာပပြီ။ ကျမတို့တာဝန်မဲ့ အခုလို တလျှောက်လုံး နေထိုင်လာခဲ့လိုက်ကြတာ သည်အတိုင်းဆက်လျှောက်နေဖို့ မသင့်တော်ပါဘူးလေ။ ကိုလတ်သည် ပြည်သူ့ ထောက်ပံ့ရေးဌါနမှာ အလုပ်ရခဲ့ပါသည်။

မှတ်ချက်           ဦးခင်မောင်လတ် (ကိုလတ်)သည် အင်္ဂလိပ် ၀င်လာပြီးနောက် P.B.F (မျိုးချစ် ဗမာ့တပ်မတော်)တွင် အမှုထမ်းနေရာမှ ထွက်လိုက်သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်စစ်တပ်က ထိုတပ်မှာ အမှု့ထမ်းခဲ့တဲ့သူတွေပဲဖြစ်ဖြစ် ဂျပန်ခေတ်မှာ အမှု့ထမ်းခဲ့တဲ့သူတွေပဲဖြစ်ဖြစ် ၊ စစ်တပ်မှာမရှိတော့တဲ့သူပဲ ဖြစ်ဖြစ်ဂျပန်ခေတ်မျာ အမှု့ထမ်းခဲ့တဲ့ သူတွေ ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်ထိုး ထောက်ခံပေးရင် လခခြောက်လစာဖြင့် အနားယူခွင့်ပေးမည်ဟု ပြောခဲ့သည်။ ဘဘကြီး ဦးခင်မောင်လတ်သည် ဘဘကြီးအတွက်ဗိုလ်ချုပ်အောင်ဆန်း ထောက်ခံလက်မှတ်ထိုးပေးခဲ့သော ထိုထောက်ခံစာကို တပ်မတော်မော်ကွန်းတိုက်သို့ လှူလိုက်ပါသည်။ ဤကား ဘဘကြီးတို့ ပြောခဲ့တာတွေကို စာဖတ်သူများ သိစေရန် ဖြည့်စွက် ရေးသားလိုက်ခြင်းဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ပြန်လည်ဆန်းသစ်ခြင်း

One Response to သူရဲကောင်းများကို ကြိုဆိုခြင်း (Khin Myo Chit)

  1. U Thi Ha Tint Swe on July 26, 2012 at 11:02 am

    Welcoming of heroes is a graceful truth!

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်