သုံးဘက်မြင်ဒိုင်မေးရှင်းကို တီးခေါက်ကြည့်ခြင်း (Maung Khin Aye Tint (Ma Dauk))

July 27, 2012

သုံးဘက်မြင်ဒိုင်မေးရှင်းကို တီးခေါက်ကြည့်ခြင်း

မောင်ခင်အေးတင့်(မဒေါက်)။ ဇူလိုင် ၂၇၊ ၂၀၁၂

၂၀၁၁ခုနှစ် အောက်တိုဘာလက ၀န်ကြီး ၁၃-ဦးကို ဦးဆောင်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ ၄-ရက်ကြာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ နယ်စပ်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဆုပ်ဆုပ်ကိုင်ကိုင်တော့ ဘာမှ ထွက်ပေါ်လာခဲ့ခြင်း မရှိပါဘူး။

အခု မေလ(၂၈) ရက်နေ့မှာတော့ ၂၅-နှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့်ဆုံး ၀န်ကြီးချုပ်မက်မိုဟန်ဆင်းဟာ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရ သက်တမ်း ၁-နှစ်ပြည့်ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ဗမာပြည်ကို သုံးရက်ကြာ သမိုင်းတွင်မယ့် ခရီး စဉ်အဖြစ် လာရောက်ခဲ့ပြီး ဒီခရီးစဉ်မှာ ဗမာနိုင်ငံရဲ့ လူ့သားအရင်းအမြစ် တည်ဆောက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေး၊ စိုက်ပျိုးရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ အကူအညီပေးသွားရေးနဲ့ မြန်မာ-အိန္ဒိယဆက်ဆံရေးကိုလည်း ပိုမို လမ်းပွင့် စေနိုင်တဲ့ အခွင့်အလမ်းအဖြစ် အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြထားတာက အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးနေတဲ့ အိန္ဒိယရဲ့ စီးပွားရေးအတွက် လောင်စာလိုအပ်မှုရှိသလို ဗမာပြည်အပေါ် တရုပ်ရဲ့ဩဇာလွှမ်းမိုးမှာကို စိုးရိမ်တယ်ဆိုတဲ့ အချက်ကို ဒီခရီးစဉ်က ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရာဂျန်မက်သိုင်းကလည်း အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒအတွက် အရေးကြီးတဲ့ အိမ်နီး ချင်းနိုင်ငံ ဗမာပြည်နဲ့ အားကောင်းခိုင်မာပြီး နှစ်ဘက်စလုံးအတွက် အကျိုးများစေမယ့် ဆက်ဆံရေးမျိုးကို ရရှိချင်ပါတယ် လို့ ပြောဆိုခဲ့ပြီးတဲ့နောက် ဒီခရီးစဉ်အပြီးမှာ နှစ်နိုင်ငံသဘောတူစာချုပ် (၁၂)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသလို Indiaနဲ့ ဗမာ-နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ဒေါ်လာ သန်း၁၂၀၀လောက်ရှိပြီး ၂၀၁၅-ခုနှစ်မှာ ဒေါ်လာ သန်း၁၅၀၀အထိ ဖြစ်ဖို့ နှစ်နိုင်ငံစလုံးက မျှော်လင့် ထားကြပါတယ်။

မေလကုန်ပိုင်းက အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း နေပြည်တော်နဲ့ ရန်ကုန်ကို သွားရောက်ပြီးတဲ့နောက် ဗမာပြည်ဘက်က အဆင့်မြင့်ပုဂ္ဂိုလ်တဦးအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အခုလာမယ့် ဩဂုတ်(၁)ရက်ကနေ (၈)ရက်နေ့အထိ တပတ်ကြာခရီးစဉ် ပြန်လည် လာရောက်မှာလည်း ဖြစ်ပါတယ်။

ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကြည်းရေလေ စစ်ဦးစီးချုပ်တွေအပြင် ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံမှာဖြစ်သလို ကာလကတ္တားအခြေစိုက် အရှေ့တိုင်းစစ်ဌာနချုပ်၊ ဗစ်စ်ကက်ပက်နမ် (Visakhapatnam)ရှိ အရှေ့တိုင်း ရေတပ်မတော်ဌာနချုပ်နဲ့ အခြား ကာကွယ်ရေးအခြေစိုက်ဌာနတွေကိုပါ သွားရောက်မှာ ဖြစ်ပြီး ဗမာစစ်ဗိုလ်ချုပ်တွေရဲ့ ထုံးစံအတိုင်း ဗုဒ္ဓဂါယာကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ဒေသတွင်း တရုတ်နိုင်ငံရဲ့ ဗမာပြည်အပေါ် ဩဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဖို့နဲ့ တရုပ်နိုင်ငံက နောက်တကြိမ် အိန္ဒိယနိုင်ငံ အပေါ် အသာစီးမရယူနိုင်ရေးဆိုင်ရာ မူဝါဒတခုလုံးအပေါ် အာမခံနိုင်ဖို့ စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မှာလို့လည်း ဆိုပါတယ်။

ဒီအခြေအနေကိုကြည့်ရင် ဗမာပြည်ဟာ အိန္ဒိယနဲ့ တရုပ် နှစ်နိုင်ငံစလုံးအတွက် ပထ၀ီ အနေအထားအရကို မဟာဗျူဟာမြောက် အရေးပါတယ် ဆိုတဲ့အချက်ကို မဲတင်းပေးလိုက်တာလည်း ဖြစ်ပါလိမ့်မယ်။

ဒီမဟာဗျူဟာမြောက် အရေးပါမှုကို ဗမာအစိုးရအဆက်ဆက်ကလည်း အာဏာအကျိုးစီးပွားအတွက် တောက်လျှောက် အသုံးချကစားလာခဲ့တာပါ။ အထီးကျန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)ကျော် အချိန်ကာလတလျှောက်လုံး တရုပ်ကိုသာ အဓိက အား ကိုးပေါင်းသင်းခဲ့ရတာမို့ တရုပ်အလိုကျ လုပ်ကိုင်ပေးခဲ့ရရာက အခုလို ဦးသိန်းစိန်အစိုးရသစ်လက်ထက် အခွင့်သာခိုက်မှာ တရုပ်ကို ချိန်ခွင်လျှာထိန်းညှိနိုင်ဖို့ အိန္ဒိယဘက်ကို ပြန်ဦးလှည့်ထားတာပါ၊ ဒါ့အပြင် အစိုးရသစ်ရဲ့ ဒီမိုကရေစီဟန်ပြ အရွေ့ အပြောင်းမှာ အမေရိကန်ရဲ့ ခပ်စိပ်စိပ် လွန်းပြန်ယာဉ်ကလည်း အ၀င်အထွက်များလာတာမို့ မင်း(တရုပ်)ကို မျက်နှာချိုသွေး အချိန်ဖြုန်းမနေဘူးကွ ဆိုတဲ့သဘောလို့လည်း တွက်ဆနိုင်မယ် ထင်ပါတယ်။

ဒီနေရာမှာ အိန္ဒိယပြည်နဲ့ ဗမာပြည်ရဲ့ သမိုင်းကြောင်းဆက်စပ်မှုဟာ အစုသီအိုရီလို တရုပ်ပြည်နဲ့ပါ အကျုံးဝင်သွားတာကို အကျဉ်းမျှ ဖော်ပြချင်ပါတယ်။

အိန္ဒိယပြည်ဟာ မြန်မာပြည်နဲ့ နယ်စပ်ချင်း ၁၄၆၃ကီလိုမီတာ တလျှောက်လုံး ဆက်စပ်နေတာပါ။ ဗမာပြည်ဟာ တရုပ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယရဲ့ အကဲဆတ်လွန်းတဲ့ အရှေ့မြောက်ဘက် ပြည်နယ်(၄)ခုတို့အကြားမှာ တည်ရှိသလို အိန္ဒိယနိုင်ငံ အတွက် မဟာဗျူဟာအရကို ကြီးကြီးမားမား အရေးပါတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ရှည်လျားတဲ့သမိုင်းကြောင်းနဲ့ ပထ၀ီအရလည်း အလွန်အရေးပါတဲ့ ပြဋ္ဌာန်းချက်အဖြစ် တည်ရှိခဲ့တာကြောင့် ဗမာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ကြီးကြီးမားမား ဖြစ်နေတာပါ။

အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအကြား ပေါင်းကူးတံတားအဖြစ် ထည့်စဉ်းစားရတဲ့ အိန္ဒိယအရှေ့မြောက်ဘက်က နယ်မြေ ဒေသ တစည်းတလုံးတည်းဖြစ်ရေး၊ ပြည်တွင်းလုံခြုံရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဘင်္ဂလားပင်လယ် အော်နဲ့ အိန္ဒိယသမုဒ္ဒရာအရှေ့ဘက်က မဟာဗျူဟာအကျိုးစီးပွား၊ နီကိုဗာကျွန်းရဲ့ မဟာဗျူဟာမြောက် အရေးပါမှု၊ ကပ္ပလီ ပင်လယ်လုံခြုံရေး၊ စွမ်းအင်လိုအပ်ချက်နဲ့ အရှေ့မျှော်ပေါ်လစီတို့အတွက် ဗမာပြည်ဟာ ပထ၀ီအနေအထားအရကို အရေး ပါလှပါတယ်။

၁၉၈၈-၁၉၉၁ခုနှစ် အစောဦးပိုင်းကာလက အိန္ဒိယအစိုးရပေါ်လစီအရ ဗမာအတိုက်အခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေ၊ ဒုက္ခသည်တွေကို အခြားနိုင်ငံတွေထက် ပိုအားပေးကူညီခဲ့ပြီး အိန္ဒိယနိုင်ငံထဲ ၀င် ရောက်ခွင့်ပေးထားသလို ဗမာစစ်အုပ်စုအပေါ် စကားအားဖြင့် ပြန်လည်ထိုးနှက်ခွင့် အခွင့်အရေးကိုလည်း အပြည့်အ၀ ခွင့်ပြုထားခဲ့တာပါ။

ဒီရှေ့ရှု့ချက်က အရေးပါတဲ့ အိန္ဒိယနိုင်ငံသား အများအပြားဟာ ဗမာ့ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေး နီးနီးကပ် ကပ် ရှိနေတာကို ထင်ဟပ်စေပါတယ်။ ဥပမာအားဖြင့် ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာ ကျောင်းတက်ခဲ့ဘူးတယ်၊ အိန္ဒိယပြည်သူတွေရဲ့ စိတ်ခံစားချက်အရကို အားကောင်းခိုင်မာတဲ့ ထောက်ခံကူညီမှုဟာ အထူးသဖြင့် အိန္ဒိယအစိုးရနဲ့ နိုင်ငံရေးပါတီတွေရဲ့ အမြင့်ဆုံးရာထူး အလွှာတွေအတွင်းမှာကို အင်မတန်ကြီးတဲ့ ရေကန်ကြီး လို ရှိနေတယ်ဆိုတာမျိုးပါ။

ဒီအချက်က အမျိုးသားထောက်ခံမှု အကျယ်အပြန့် ရှိနေတယ်ဆိုတဲ့ ဖော်ပြချက်မှန်ပေမဲ့ တဘက်မှာလည်း ဒီပေါ်လစီက အိန္ဒိယကို ဗမာစစ်အစိုးရရဲ့ မယုံကြည်စိတ်မချရတဲ့ နံပါတ်တစ် ရန်သူတော်အဖြစ် တွက်ချက်ခံရစေသလို အနောက်နိုင်ငံ တွေကြောင့် အထီးကျန်ဖြစ်နေတဲ့ ဗမာစစ်အုပ်စုကို တရုပ်ရဲ့ ရင်ခွင်ပိုက်နိုင်ငံအဖြစ် မြန်မြန်ဆန်ဆန် ပို့ပေးသလို ဖြစ်ခဲ့ပါ တယ်။
၁၉၉၃ခုနှစ်လောက်မှာတော့ အရှေ့အိန္ဒိယသမုဒ္ဒရာအပါအ၀င် တောင်ဘက်ပိုင်းနဲ့ အရှေ့တောင်အာရှကိုပါ တင်ကြို လွှမ်းမိုးထားနိုင်ရေးနဲ့ သီးခြား မဟာဗျူဟာဆိုင်ရာကိစ္စရပ်တွေ အကောင်အထည်ဖော်ရေးဆိုတဲ့ တရုပ်ရဲ့ ဗမာနိုင်ငံအပေါ် ဆက်ဆံရေးအနေအထားက အိန္ဒိယအစိုးရရဲ့ ပေါ်လစီအပြောင်းအလဲကို ဖြစ်စေခဲ့ပါတယ်။

တဘက်မှာလည်း တရုပ်ပြည်ရဲ့ ၀င်ရောက်နေရာယူထားမှုက အိန္ဒိယနိုင်ငံအတွက် စိုးရိမ်သတိပြုစရာပါပဲ။

၁၉၈၈ခုနှစ်ကတည်းက ဗမာပြည်မှာ တရုပ်ရဲ့ ခြေရာလက်ရာတွေက တစထက်တစ တိုးပွားများပြားလာခဲ့ပြီး ကုန်သွယ်မှု ဆက်ဆံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမာန်ရေးနဲ့ စွမ်းအင်ကုန်သွယ်မှုပိုင်းရဲ့ အဓိကပါတနာနဲ့ မိုင်းရှာဖွေတူးဖော်ရေးကဏ္ဍ မှာပါ တရုပ်က အုပ်စီးထားပါတယ်။ ဒါတင်မက ရေအားလျှပ်စစ်ထုတ်လုပ်ရေးမှာလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု အပြင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍမှာပါ အကြီးဆုံးရင်းနှီးမြှုပ်နှံသူနဲ့ ကုန်သွယ်မှုပါတနာဖြစ်ဖို့ အရံသင့်ပါပဲ။

ဒါ့ပြင် တရုပ်ဟာ ဗမာစစ်အုပ်စုရဲ့ အရေးပါဆုံး လက်နက်ထောက်ပံ့ပေးသူဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်လည်း ဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာက စစ်အုပ်စုအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှု ဆန့်ကျင်ရေး တွေမှာ အဓိက ကျားကန်ပေးထားသလို စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပေါ် ဗီတိုအာဏာကို တကြိမ် သုံးပြခဲ့ဘူးတာကလည်း ဗမာအစိုးရအတွက် ကာလရှည်ကြာ မဟာမိတ်အဖြစ် အသိအမှတ်ပြုထားရစေတာမို့ အိန္ဒိယနိုင်ငံ အတွက် စိုးရိမ်သောကပိုစေပါတယ်။

ဒီအနေအထား အခင်းအကျင်းတွေက ဗမာစစ်အုပ်စုအပေါ် ဒီ့ထက်ပိုကောင်းတဲ့ ချဉ်းကပ်မှုနဲ့ တက်ကြွတဲ့ ထိတွေ့ဆက်ဆံ ရေးမျိုးကသာ အရေးကြီးတဲ့ မဟာဗျူဟာမြောက် အကျိုးရလဒ်ရရှိနိုင်မယ်ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကို စဉ်းစားလာရတာ ဖြစ်ပါတယ်။ ဗမာအတိုက်အခံတွေကို အိန္ဒိယနိုင်ငံတွင်းက မနှင်ထုတ်ရင်တောင်မှ အရင်လို နီးနီးကပ် ကပ် ပူးတွဲလုပ်ဖို့ မဖြစ်နိုင်တော့သလို သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း အားပေးအားေ​မြှာက်လုပ်လို့ မရတော့ဘူးဆိုတဲ့ အမျိုးသားအကျိုးစီးပွားရဲ့ လက်တွေ့ပြဋ္ဌာန်းချက်ပါပဲ။

တကယ်လို့ မြန်မာပြည်အပေါ် တရုပ်ရဲ့ဩဇာ အပြည့်အ၀လွှမ်းမိုးလာခဲ့ရင် အိန္ဒိယအရှေ့မြောက်ဘက် ဒေသတခွင်ကို  စီးပွားရေးအရ ထိန်းချုပ်သွားနိုင်မှာဖြစ်သလို တရားမ၀င်တဲ့ နယ်စပ်လမ်းကြောင်းကနေ ဘင်္ဂလားဒေ့ရှ်နဲ့ အနည်းဆုံး ချစ် ကြည်ရေးကို တိုးချဲ့သွားနိုင်မှုက ဘင်္ဂလားပင်လယ်အော်ကမ်းခြေထိ ရောက်သွားပါလိမ့်မယ်။ ဒီလို တရုပ်မြန်မာ ဆက်ဆံ ရေးက အိန္ဒိယပြည်ရဲ့ အမျိုးသားအကျိုးစီးပွား၊ နယ်မြေဒေသ တစည်းတလုံးတည်းဖြစ်ရေးနဲ့ လုံခြုံရေးအာမခံကိစ္စရပ်တွေ မှာ တရုပ်ရဲ့ မဟာဗျူဟာမြောက်စီမံကိန်းနဲ့ သရုပ်ဖော်ကွက်အတွင်း ကိုင်တွယ်ထိန်းသိမ်းခံရနိုင်ဖွယ် ရှိပါတယ်။

ဒါကြောင့် ဖြစ်လာဖွယ်ရှိတဲ့ အနေအထားကို တားဆီးနိုင်ဖို့ ဗမာစစ်အုပ်စုကို အပြုသဘောထိတွေ့ဆက်ဆံဖို့ဟာ အိန္ဒိယရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဗမာပြည်နဲ့ဆက်ဆံရေးမှာ အိန္ဒိုယရဲ့ အဓိကရည်ရွယ်ချက် က အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်စေရေးမှာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို သေချာခိုင်မာ စေဖို့နဲ့ ဒီဒေသတွေကို အိန္ဒိယနိုင်ငံရဲ့ အစိပ်အပိုင်းအဖြစ် ဆက်တည်ရှိဖို့က ပထမအချက်ဖြစ်ပြီး အိန္ဒိယနဲ့ ဆက်နွယ်နေတဲ့ တရုပ်ရဲ့ မဟာဗျူဟာရည်မှန်းချက်အရ အိန္ဒိယအတွက် တကယ့်ကို စိုးရိမ်ဖွယ်ကောင်းတဲ့ ဒုတိယအချက်က ဗမာပြည်ကို တရုပ်ရဲ့နယ်ရုပ်အဖြစ် မရောက်သွားစေရေး ဖြစ်ပါတယ်။

သေချာတာကတော့ အိန္ဒိယနိုင်ငံဟာ ဗမာအစိုးရနဲ့ ပိုမိုနီးနီးကပ်ကပ်နဲ့ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်မဲ့ ဆက်ဆံရေးမျိုးက တဆင့် အိန္ဒိယနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဖြစ်ထွန်းတိုးတက်ချင်တယ်၊ တရုပ်ကလည်း အနောက်နိုင်ငံကြီးတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြွေးကြော်သံနောက်မှာ ဗမာပြည် ပါသွားပြီး သူ့အမျိုးသားအကျိုးစီးပွား ထိခိုက်လျှော့နည်း သွားမှာ မလိုချင်ဘူး၊ ဦးသိန်းစိန်အစိုးရသစ် တက်လာတဲ့ ၂၀၁၁ခုနှစ် မတ်လ(၃၀)ရက်ကနေ ကနေ့အထိ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ခြေလှမ်းတွေ ဗမာပြည်ထဲ အ၀င်အထွက်ပိုများ ပိုစိပ်လာတာကလည်း တရုပ်ပြည်အတွက် စိုးရိမ်စရာ ဖြစ်လာနေတာပါ။

ဗမာပြည်သာ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ပြုပြင်ပြောင်းလဲရေး ဆော်ဩမှုထဲ အတိအလင်း ၀င်ရောက်သွားခဲ့ရင် ဒိုမီနီသီအိုရီအရ အခြားအရှေ့တောင်အာရှနိုင်ငံတွေလည်း ဒီအပြောင်းအလဲရေစီးထဲ ၀င်ရောက်မျောပါသွားနိုင်မှာက တရုပ်အတွက် အင်မတန် အရေးပါတဲ့ မဟာဗျူဟာ စိန်ခေါ်မှုကြီးတရပ်ပါပဲ။

ဗမာအစိုးရအတွက်ကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့အတိုင်း သဘာဝ ဂျီအိုပေါ်လတစ်ပေါ်ခွထိုင်ပြီး တိုင်းပြည်နဲ့ နိုင်ငံတော်ကို ဆက်လက်ထိန်းချုပ်ထားဖို့၊ တိုင်းပြည်ရဲ့ သယံဇာတ သဘာဝအရင်းအမြစ်တွေကို စိတ်ကြိုက် အုပ်စီးချယ်လှယ်နိုင်ဖို့နဲ့ သူတို့စစ်ခေါင်းဆောင်တစုရဲ့ အနာဂတ်လုံခြုံရေးကသာ အဓိက အရေးကြီးဆုံးဖြစ်တာမို့ လူဦးရေ သန်းပေါင်း ထောင်ကျော်စီရှိတဲ့ နိုင်ငံကြီးနှစ်နိုင်ငံ အကြား စစ်တပ်နောက်ခံပြု(ဗဟိုပြု) ဒီမိုကရေစီဟန်ပြ အရွေ့အပြောင်း ကို နိုင်ငံတကာရဲ့ မြင်ကွင်းအောက်မှာ ဦးသိန်းစိန်အစိုးရသစ်က ဘယ်ပုံဘယ်နည်း ဆက်ရွှေ့ကစားသွားမယ် ဆိုတာက တော့ သုံးဘက်မြင် ဒိုင်မေးရှင်းအကျိုးစီးပွားသာ ဖြစ်ကြောင်းပါ။

ကျမ်းကိုး။

From Isolation to Engagement: Reviewing India’s Policy toward Myanmar
( A report prepared by the Indian Council for Research on International Economic Relations for the Asia Society’s Burma/Myanmar Initiative – March 2010 )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments