အနှစ်သာရတွေကနေ ပုံသဏ္ဍန်တွေဆီသို့ (Interview with U Win Tin)

July 28, 2012

ဟံသာဝတီဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ ဇူလိုင် ၂၈၊ ၂၀၁၂
ဆရာဦးဝင်းတင်နဲ့ မဆုံဖြစ်တာ ဇွန် ၂၂ ကတည်းကပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်၊ လွှတ်တော်သို့ ဇူလိုင်လဆန်းမှာ ပထမဦးဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်၊ ၁၉ ဇူလိုင် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အခမ်းအနားအဖြစ် အစိုးရနဲ့အတူ ပြည်သူတွေနဲ့အတူ သိုင်းဝန်းစွာ ကျင်းပ စတဲ့ ဖြစ်စဉ်တွေနဲ့အတူ ဆရာကိုယ်တိုင်ကလည်း ဒီလှိုင်းဂျာနယ်နဲ့တကွ ပါတီညီလာခံဖြစ်မြောက်ရေး၊ အထွေထွေသော လှုပ်ရှားမှုများမှာ ဇယ်ဆက်သလို အလုပ်များနေတာကြောင့် စကားပြောဖြစ်ဖို့ အချိန်လည်း မတိုက်ဆိုင်ခဲ့ရပါ။ ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ဖြင့် ဆရာနဲ့ ကြိုးစားပြီး ချိန်းတွေ့ စကားပြောခွင့်ရခဲ့ပါတယ်။
မေး။    ။ ဒီနေ့ကကော ဆရာဘာတွေ အလုပ်များနေသလဲ။ တခြားစကားတွေ မပြောခင် ဆရာဘာတွေနဲ့ ဒီနေ့ မအားမလပ်ဖြစ်နေတာကို ပြောပြနိုင်မလား။

ဖြေ။     ။ အေး၊ ညက မနက် ၃ နာရီမှ အိပ်ဖြစ်တယ်။ ဒေါ်စုအကြောင်း စာအုပ်တအုပ်ဖတ်နေတာ ညဥ့်နက်သွားတယ်။ မနက် ၆ နာရီမှာ ဧည့်သည်တွေ ရောက်နေပြီ။ မျက်နှာတောင် မသစ်ရသေးပဲ တဦးပြီး တဦးနဲ့ စကားပြောနေလိုက်တာ ဘာမှတောင် မစားဖြစ်ပါဘူးကွာ။ အဲဒါနဲ့ ၁၁ နာရီထိုးတော့ ဦးဖေသိန်းတို့ မိသားစုနဲ့ ကာတွန်းဆရာတွေဖိတ်ထားတဲ့ ကာတွန်းကွန်ရက် ပြပွဲကို သွားရပြန်ရော။ လှေကားတွေက အမြင့်ကြီးပဲကွာ။ အတော်ကို တက်ယူရတယ်။ အဲဒီကနေ နေ့ခင်းလောက်မှ ပြန်လာရတယ်။ နောက်ဧည့်သည်တွေ လာကြပြန်ရော၊ ပြောကြ၊ ဆိုကြ၊ တိုင်ကြ၊ တောကြနဲ့ တောက်လျောက်ပဲ။ ဟော အခု မင်းဆက်လာတော့မှ စကားဝိုင်းတခုကို ဖြတ်ပြီး အခု စကားပြောနေရပြန်ပြီ။ ကဲ ဒီနေ့တော့ ငါတို့ ဘာပြောကြမလဲ။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ ဘယ်လိုမျိုး လူတွေ ခံစားကြရတယ်လို့ ထင်လဲ။

ဖြေ။     ။ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေမှာ လူတွေက မြင်ရတယ်။ ကြားရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အတော်လည်း ပြောဆိုပြီးကြပါပြီ။ ဘာမှတော့ ထပ်ပြီး ထူးထူးခြားခြား ဖြည့်စွက်ပြောစရာ မရှိပါဘူး။ ဒါပေမယ့် လူတွေက ပြည်ပနိုင်ငံတွေအကြောင်းကို မီဒီယာတွေ အင်တာနက်တွေလောက်ပဲ တဆင့်သိကြရတာ။ အခုကြတော့ ဒေါ်စုနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေမှာ ဘယ်လိုမျိုး ထောက်ခံတယ်၊ ကြိုဆိုတယ်၊ လွတ်လပ်စွာ ပြောဆို လှုပ်ရှားလို့ ရတယ်ဆိုတာကို မျက်ဝါးထင်ထင် ပြည်သူတွေက မြင်တွေ့လိုက်ရတာကတော့ ထူးခြားတဲ့ ခံစားချက်လို့ ပြောလို့ရမယ်။

မေး။    ။ လွှတ်တော်တွင်း နိုင်ငံရေးကိုလည်း အခုချိန်ကစလို့ မျက်ဝါးထင်ထင် ကြုံတွေ့နေရပြီလို့ ပြောရမှာပေါ့ဆရာ။

ဖြေ။     ။ လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုဆိုတာက ယေဘူယျအားဖြင့်တော့ လုပ်ငန်းစဉ်တွေရှိမယ်။ အဆိုပြုမယ်၊ ဆွေးနွေးမယ်၊ အတည်ပြုမယ်။ ဥပဒေတွေ လုပ်ငန်းတွေ ပြဋ္ဌာန်းရမယ် ဒီလိုမျိုးတွေ ရှိတာပေါ့လေ။ သို့သော်လည်း တိုင်းပြည်အတွက် အကျိုးရှိမယ့် ဥပဒေတွေ ပြဌာန်းဖို့၊ လိုအပ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေကို ထူထောင်ဖို့၊ တိုင်းသူပြည်သားတွေ ကာကွယ်စောင့်ရှောက်ဖို့၊ မလိုအပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့၊ ပြင်ဆင့်ဖို့တွေ လိုအပ်တယ်။

မေး။    ။ အရင်တုန်းက ပြောခဲ့သလိုပေါ့။ လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုတွေအပြင် လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွေကလည်း ဆက်လက် လိုအပ်နေဆဲ၊ လှုပ်ရှားနေဆဲပဲလို့ ပြောရင် ရမလား ဆရာ။
ဖြေ။     ။ လွှတ်တော်ပြင်ပမှာ လက်ရှိမျက်မှောက်အခြေအနေတွေအရ လှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာကွယ် တားဆီးဖို့၊ စာပေနဲ့ အနုပညာလွတ်လပ်ခွင့် ရှိဖို့၊ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာ ငြိမ်းချမ်းရေး ရရှိဖို့၊ အလုပ်သမားတွေ၊ လယ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့ ဆန္ဒပြထုတ်ဖော်နေတာတွေဟာ လွှတ်တော်ပြင်ပနိုင်ငံရေးရဲ့ အခမ်းကဏ္ဍတွေလို ပြောရမယ်။ ပြည်သူတွေရဲ့ နစ်နာနေရတာတွေကို ဖြည့်ဆည်းဖို့ ဆက်လက် ဆောင်ရွက်နေရတာတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါတွေဟာ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးဟာ ဆက်စပ်နေတယ်လို့ ပြောရမယ်။

မေး။    ။ ဒါဆိုရင် ပြည်သူတွေတရပ်လုံးက တိုင်းပြည်ရဲ့ အထွေထွေနိုင်ငံရေး ကိစ္စတွေ အရေးအခင်းတွေကို လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပကလည်း ဖြေရှင်းဖို့ လိုတယ်ဆိုတာကို ပြသနေတဲ့ သဘောပေါ့။

ဖြေ။     ။ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်ဒီပါတီအနိုင်ရလိုက်တာဟာ ၉၀ ရွေးကောက်ပွဲ နိုင်လိုက်တာမျိုးနဲ့ မတူဘူး။ အဲသည်တုန်းက လူထုက အင်န်အယ်ဒီပါတီတရပ်လုံးကို တခဲနက်ထောက်ခံမှု ပြသပြီး ရွေးချယ်ခဲ့တာဖြစ်တယ်။ အခုရွေးကောက်ပွဲမှာကတော့ အင်န်အယ်ဒီရဲ့ သြဇာထက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲကို ၀င်ရောက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကြောင့် ပိုများတယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် တကယ်တမ်းပြန်ကြည့်လိုက်ရင် လူထုရဲ့ သြဇာကြီးမားမှုကြောင့် လူထုရဲ့ အောင်ပွဲဖြစ်တယ်လို့ ပြန်သုံးသပ်လို့ရတယ်။ ဒေါ်စုနဲ့ အင်န်အယ်ဒီ အနိုင်ရလိုက်တာဟာ ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေး နိုးကြားမှု၊ အကြောက်တရားတွေကနေ ရုန်းကန်ထကြွလာနိုင်မှု၊ တိုင်းပြည်ရဲ့ အပြောင်းအလဲကို ပြင်းပြင်းထန်ထန် တောင့်တ လိုလားမှုတွေကြောင့် တောင်းဆိုမှုတွေကြောင့် ဆန္ဒထုတ်ဖော်မှုကြောင့် ဖြစ်တယ်လို့ ပြောနိုင်တယ်။ ]

မေး။    ။ ဆိုတော့ ပြည်သူလူထုတွေဟာ နိုင်ငံရေးအပြောင်းအလဲတွေကို လိုလားတောင့်တနေပြီ၊ လွှတ်တော်ပြင်ပမှာသာမက လွှတ်တော်တွင်းမှာပါ နိုင်ငံရေးလှုပ်ရှားမှုတွေကို တောင်းဆိုနေလို့ အခုလိုမျိုး လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာတယ်၊ အဆက်အစပ်တွေ ဖြစ်ပေါ်လာတယ်လို့ ပြောရမှာပေါ့ဆရာ။

ဖြေ။     ။ ဟုတ်တယ်။ လွှတ်တော်တွင်းမှာလည်း ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အင်အားတွေ၊ လှုပ်ရှားမှုတွေကို ထူထောင်ရမယ်။ ထောက်ခံပါသည်ခင်ဗျားတွေ၊ စာတွေ တက်ဖတ်နေတာထက် နိုင်ငံရေးအရ ဖြေရှင်းနိုင်တာမျိုးတွေ ဖြစ်ပေါ်လာရမယ်။ ဒေါ်စုကိုယ်တိုင်ကလည်း အခုချိန်မှာ လွှတ်တော်အတွင်းမှာပဲ တပ်မတော်နဲ့ ဆွေးနွေးဖို့၊ အစိုးရနဲ့ ဆွေးနွေးဖို့ လွှတ်တော်အမတ်များနဲ့ ဆွေးနွေးဖို့ ဆက်လက် ဆောင်ရွက်နေတာကို တောင်းဆိုနေတယ်၊ ဆောင်ရွက်နေတယ်။

မေး။    ။ ဒါဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အခုချိန်က လှုပ်ရှားမှုတွေကနေ ပုံသဏ္ဍန်တွေ ဖော်ဆောင်လာတယ်လို့ ပြောရင်ရမလားဆရာ။ အခု ဆရာတို့ပါတီကလည်း ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အခု ပါတီညီလာခံ ဖြစ်မြောက်ရေး စတဲ့ လှုပ်ရှားမှုတွေကနေ ဒီမိုကရေစီနည်းကျတဲ့ ပါတီအဖွဲ့ ပုံသဏ္ဍန်ပေါ်ပေါက်ဖို့ လုပ်ဆောင်လာနေတယ်လို့ ပြောရင် ရမလား။

ဖြေ။     ။ အခုအချိန်မှာ ညီလာခံတွေကို အောက်ခြေအဆင့်ဆင့်ကနေ ပါတီပြန်လည်ဖွဲ့စည်းနိုင်ဖို့အတွက် လုံးပမ်းနေကြတယ်။ ညီလာခံတွေကနေ ရွေးကောက်ပွဲတွေ ကျင်းပမယ်။ ဒီမိုကရေစီရေး ကာလတလျောက်လုံးမှာ ပါတီအဖွဲ့အစည်းကို ထူထောင်ပြီး လှုပ်ရှားခဲ့ရသော်လည်း ပါတီကို ဖွဲ့စည်းပုံကျ လုပ်ခဲ့ရတာမဟုတ်ဘူး။ တိုက်ပွဲကာလမှာ တပ်ဦးတရပ်လို ကိုယ့် အစုအဖွဲ့တွေနဲ့ လက်ရွေးစင်တွေရွေး၊ ခေါင်းခေါက်ရွေးပြီး လုပ်ခဲ့ရတာချည်းပဲ။ အခုဟာက လှုပ်ရှားမှုကနေ ပုံသဏ္ဍာန်တွေကို ထူထောင်ရမယ့် အချိန်ဖြစ်တယ်။

မေး။    ။ ဟိုတုန်းကလည်း အမြဲတမ်း အထက်အောက် ဖြတ်တောက်ပြီး ဖမ်းဆီးနှိမ်နင်းခဲ့တော့ ဖွဲ့စည်းပုံကျ ပုံသဏ္ဍန်နဲ့ လုပ်ခွင့်၊ ရင်ဆိုင်ခွင့်လည်း မရခဲ့ကြဘူး မဟုတ်လား ဆရာ။ မဆလခေတ်မှာသာ အနှစ်သာရကင်းမဲ့တဲ့ အပေါ်ယံ ပုံသဏ္ဍန်တွေအဖြစ် ပါတီညီလာခံတွေ၊ ထောက်ခံပွဲတွေ၊ ရွေးကောက်ပွဲတွေ ကျင်းပကြတာကိုပဲ လူထုက ကြုံခဲ့ဖူးကြတာလေ။ ဆရာတို့ ပါတီညီလာခံတွေ ပါတီရွေးကောက်ပွဲတွေက အဲလိုမျိုး အပြောခံ၊ အဝေဖန်ခံနိုင်ပါ့မလား။

ဖြေ။     ။ မဆလတပါတီ အာဏာရှင်တွေလုပ်ခဲ့တဲ့ ညီလာခံတွေက ပုံသဏ္ဍန်ပဲ ရှိတာပါ။ လှုပ်ရှားမှုဆိုတဲ့ အနှစ်သာရမရှိဘဲ အပေါ်ယံ အလွှာတွေနဲ့ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ အခု အင်န်အယ်ဒီက လှုပ်ရှားမှုတွေ အဆင့်ဆင့်ကို ရင်ဆိုင်ဖြတ်သန်းပြီးတော့ အသွင်သဏ္ဍန်ကို ဖော်ဆောင်ရတာ ဖြစ်ပါတယ်။ အဲသည်အတွက် အခက်အခဲတွေ ရှိတယ်။ သဘောထားကွဲလွဲတာတွေ၊ တိုင်ကြ တောကြတာတွေ ရှိတယ်။ ဒါတွေ အားလုံးဟာ ညီညွတ်ရေးစိတ်ဓာတ်နဲ့ ညီလာခံတွေကနေ အောက်ခြေအဆင့်ဆင့်ကနေ ဖွဲ့စည်းလာနိုင်မယ်ဆိုရင် အငြင်းပွားမှုတွေကို ဒီမိုကရေစီနည်းကျ ဖြေရှင်းနိုင်မယ်၊ အများကို လိုက်နာ၊ အနည်းကို လေးစားတာတွေ ဖော်ဆောင်နိုင်မယ်လို့ ပြောချင်တယ်။ လှုပ်ရှားမှုကာလတွေတုန်းကလည်း ဖြစ်မြောက်ရေးတို့ အောင်နိုင်ရေးတို့ စတဲ့ ကော်မီတီတွေနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ကြတဲ့ အတွေ့အကြုံတွေလည်း ရှိပါတယ်။ အနည်းဆုံး သြဂုတ်လကုန်၊ စက်တင်ဘာလထဲမှာ ပါတီညီလာခံတွေ၊ ပါတီရွေးကောက်ပွဲတွေကို ရပ်ကျေးအဆင့်ကနေ အနှစ်သာရရှိတဲ့ ပုံသဏ္ဍန်ကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မဆလခေတ်တုန်းကလို ညီလာခံဆိုပြီး ဆိုင်းဘုတ်တွေ ထောင်၊ သီချင်းတွေ ဆိုပြီး တဖက်သတ်လှုံဆော်တာတွေ၊ ထောက်ခံတာတွေမျိုး မဖြစ်ပါဘူး။

မေး။    ။ ပါတီဝင်တွေကို ကြံ့ဖွံ့တွေကော၊ အခြားပါတီတွေကကော စုဆောင်းနေကြတယ်၊ စည်းရုံးနေကြတယ်။ အောက်ခြေပါတီဝင်တွေကို စည်းရုံးတဲ့နေရာမှာ အဓိကအခက်အခဲက ဘာဖြစ်မယ် ထင်သလဲ။

ဖြေ။     ။ အဓိက ကျေးလက်တောရွာတွေမှာ ပါတီဝင်တွေ အင်အားတွေကို စည်းရုံးတဲ့အခါ သူတို့တွေဆီမှာ အမျိုးသားမှတ်ပုံတင်ကဒ်တွေ မရှိတာ၊ နိုင်ငံသားတွေဆီမှာ နိုင်ငံသားကဒ်တွေ မရှိတာ။ ဒါတွေ ရှိနေဖို့ လိုအပ်တယ်။ မဲစာရင်းတွေမှာ မပါဘူး၊ နိုင်ငံသားတဦးအနေနဲ့ မဲပေးခွင့် မရတော့ဘူး။ အဲသည်လို ကျေးလက်တောရွာ ဒေသတွေမှာ ပါတီဝင်ရဲဘော်တွေ အချင်းချင်းနဲ့ အဆင့်ဆင့် ၀ိုင်းဝန်းထောက်ခံမှုတွေ ဖေးမမှုတွေနဲ့ အစစ ချောမွေ့လိမ့်မယ်လို့ ထင်ပါတယ်။

မေး။    ။ လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုဆိုလို့ လက်ရှိအာဏာရ နိုင်ငံတော်အစိုးရကလည်း လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နေတာပဲ။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာတွေ၊ ပြည်တွင်း ပြည်ပက အတိုက်အခံအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ညှိနှိုင်းနေတာတွေ အများကြီး လုပ်နေတာပဲ။ အဲသည် လှုပ်ရှားမှုတွေမှာကော အနှစ်သာရပိုင်းကို ဘယ်လို မြင်သလဲ။

ဖြေ။     ။ ကျနော်တို့ အင်န်အယ်ဒီနဲ့ ကွန်ရက်တွေက ပြည်သူတွေနဲ့အတူ တိုင်းရင်းသားတွေနဲ့ အတူ လိုက်လံရပ်တည် အားပေးတယ်။ တိုင်းရင်းသားတွေကြားမှာ၊ အလုပ်သမား၊ လယ်သမားတွေကြားမှာ အရေးအခင်းတွေဟာ သိပ်ကြီးမားပါတယ်။ သူတို့ဖက်မှာကတော့ အသွင်သဏ္ဍန်အားဖြင့် အပြောင်းအလဲတွေ လုပ်နေတယ်၊ လွှတ်တော်ကြီးလည်း ပေါ်လာပြီ။ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ အဆင့်ဆင့်မှာ ပြောင်းလဲမှု မရှိသေးဘူး။ ပြည်သူတွေဟာ စားဝတ်နေရေးမှာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိဖို့ အာမခံချက် မရှိသေးဘူး၊ မရေရာသေးဘူး။ အဲသည်တော့ သူတို့တွေရဲ့ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးရေးဆိုတာကလည်း အဓိပ္ပါယ်ပြည့်ဝဖို့ လိုတယ်။ အမူအကျင့်တွေ ပြောင်းလဲဖို့၊ အယူအဆသဘောထားတွေ ပြောင်းလဲဖို့ လိုတယ်။ အဂတိလိုက်စားတာတွေ ပပျောက်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသလိုပေါ့ ‘တွေ့ဆုံ၊ ဆွေးနွေး၊ ညှိနှိုင်း၊ ဖြေရှင်း’ ဆိုတဲ့ အဆင့်လေးဆင့်ကို နေရာတိုင်းမှာ ဖော်ဆောင်နိုင်ရမယ်။ စေတနာမှန်ဖို့ အမျော်အမြင် ကောင်းဖို့ လိုတယ်။ တွေ့ချင်တဲ့သူတွေ တွေ့တယ်၊ မတွေ့ချင်သူနဲ့ မတွေ့ဘူး၊ ကန့်သတ်ခွဲခြားတာတွေ မလုပ်သင့်ဘူး။ သမ္မတကြီးနဲ့ တွေ့ချင်တဲ့သူတွေချည်းပဲ။ အဲသည်မှာ ပုံသဏ္ဍန်မှန်ရဲ့လား၊ နိုင်ငံရေးမှာ ပုံသဏ္ဍန်အစစ်အမှန်မဟုတ်ဘဲ အရိပ်အယောင်တွေ ပြနေတာလား၊ တိုင်းရင်းသားတွေကို ခွဲခြားပြီး တွေ့နေတာ ကောင်းရဲ့လား။ လိုရင် တမျိုး၊ မလိုရင် တမျိုး တွေနဲ့ လုပ်နေကြတာလား။ ဓာတ်ပုံတွေ တွဲရိုက်ပြနေရုံနဲ့ မပြီးသေးဘူးလို့ ပြောချင်တယ်။

မေး။    ။ ဟုတ်ပါတယ်။ အနှစ်သာရပိုင်းမှာ စစ်အာဏာပိုင်တွေ၊ လက်ရှိအစိုးရတွေဖက်က စစ်မှန်ဖို့ တိုင်းတာမယ်ဆိုရင် ဇူလိုင်လ ၇ ရက် အရေးအခင်းနေ့ကို ကျောင်းသားတွေ အခမ်းအနားတွေ မလုပ်နိုင်အောင် တားမြစ်ကန့်သတ်တာတွေ လုပ်ခဲ့တယ်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ထိန်းသိမ်းတာတွေ လုပ်တယ်။ အခုလာမယ့် သြဂုတ်လ ၈ ရက်နေ့ဆိုတာကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့ကြီးဖြစ်တယ်။ အခမ်းအနားတွေ အမှတ်တရပွဲတွေ လှုပ်ရှားမှုတွေ မြင်ကြရဦးမှာပဲ။ အဲဒါကို အာဏာပိုင်တွေက တားမြစ်တာတွေ၊ ကန့်သတ်တာတွေ လုပ်လာရင်ကော ဆရာတို့အနေနဲ့ ဘယ်လို ရင်ဆိုင်မယ်လို့ စိတ်ကူးထားသလဲ။ ဆရာတို့ ညီလာခံလှုပ်ရှားမှုတွေကလည်း အဲသည် လထဲမှာ ဖြစ်နေတယ်လေ။

ဖြေ။     ။ အခုအချိန်အထိကို ကျနော်တို့ဆီမှာ လွတ်လပ်ခွင့်တွေဟာ အတိုင်းအတာ အကန့်အသတ်တွေနဲ့ ရှိနေတုန်းပဲ။ ဒါကို ပြောချင်တယ်။ နောက်တခုကတော့ အခုအချိန်မှာ ကျနော်ပြောချင်တာက ထိပ်တိုက်ရင်ဆိုင်တာထက် တွေ့ဆုံပြီး ပြောဆိုညှိနှိုင်းပြီး ဆောင်ရွက်မယ်။ မလိုအပ်ဘဲနဲ့တော့ ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်ဘူး။ နှစ်ဖက်စလုံးအတွက် အကျိုးမရှိတဲ့ဟာကို ရှောင်ရှားချင်တယ်။ နှစ်ဖက်စလုံးက တိုင်းပြည်အတွက် စေတနာထားတယ်ဆိုတာကို ပြသရမယ့် အချိန်ဖြစ်တယ်။ ဥပမာ ပြန်ပြရရင် ကျနော်တို့ လွှတ်တော်မ၀င်ခင်တုန်းက အငြင်းပွားမှုကို သာဓကဆောင်မယ်။ ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံရေးအကျဉ်းကျတဲ့သူတို့၊ ၉၀ ရွေးကောက်ပွဲရလဒ်တို့၊ လေးစားလိုက်နာတို့ စတဲ့ အချက်အလက်တွေကို ပြေလည်အောင် ဆွေးနွေးညှိနှိုင်း ပြင်ဆင်ပြီးမှ ကျနော်တို့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ အဲ လွှတ်တော်ထဲ ၀င်မယ်လည်း ဆိုရော အခြေခံဥပဒေကို လေးစားလိုက်နာနဲ့ ထိန်းသိမ်းကာကွယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ အငြင်းပွားကြရတယ်။ ဒါပေမယ့် တကယ်တန်းကျတော့ တတိုင်းပြည်လုံးက တခဲနက်သော လူထုတရပ်လုံးရဲ့ မျှော်လင့်ချက်တွေ၊ အင်အားတွေ၊ သြဇာတွေကို ကျနော်တို့က နာခံပြီးတော့ ပြည်သူတွေဖြစ်စေချင်တဲ့ လွှတ်တော်တွင်းနိုင်ငံရေးလှုပ်ရှားမှုကို တဖက်တလမ်းက ဖော်ဆောင်ဖို့ ၀င်ရောက်ခဲ့ကြရတယ်။ ဒီလိုမျိုး ကျနော်တို့က ကျော်လွှားရမှာပဲ။ ကျနော်တို့ ရပိုင်ခွင့်တွေ လွတ်လပ်ခွင့်တွေအတွက်လည်း တလက်မချင်း၊ တဆင့်ချင်း ရင်ဆိုင်သွားရမှာပဲ။ မလိုအပ်ဘဲနဲ့ ဘယ်ဘက်ကမှ ထိပ်တိုက်ရင်ဆိုင်တာ မလုပ်စေချင်ဘူး။ ပြည်သူတွေ နစ်နာတယ်၊ စစ်တပ်လည်း နစ်နာတယ်၊ ကျနော်တို့တွေလည်း နစ်နာတယ်။ အဲလိုပဲ ပြောချင်တယ်။

မေး။    ။ ဟုတ်ကဲ့ပါဆရာ။ ဆရာလည်း နားလိုက်ပါဦး။ အခုတလောကော ဆရာ့ကျန်းမာရေး အိုကေပဲလား။

ဖြေ။     ။ အတော်လေးကို ကောင်းနေတယ်ဗျာ။ အသက်ကလည်း ၈၀ ကျော်နေပြီ။ ကျန်းမာပါတယ်။ ဆက်ပြီး အလုပ်လုပ်နိုင်ဦးမယ် ထင်ပါတယ်။

မေး။    ။ ကျနော်တို့ကလည်း ဆုတောင်းပေးနေပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဟံသာဝတီ ဦးဝင်းတင်, အင်တာဗျူး, ဦးဝင်းတင်

One Response to အနှစ်သာရတွေကနေ ပုံသဏ္ဍန်တွေဆီသို့ (Interview with U Win Tin)

  1. Dr.Win Niang, UK on July 28, 2012 at 3:18 pm

    Excellent , many Thanks.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်