လွတ်လပ်မှု မရှိဘူးလို့ ဘယ်သူပြောလဲ (Pyay Say Nit)

August 2, 2012

ပြေ ၊ဆေး၂။ သြဂုတ် ၂၊ ၂၀၁၂

ကိုယ်နေထိုင်နေသောအရပ်သည်နယ်စပ်မြို့လေးတမြို့သာတည်း။

ကိုယ်အိပ်ရာဝင်သောအချိန်သည်မနက်စောစော၅နာရီလောက်တွင်ဖြစ်ရာ အိမ်ရှေ့လမ်းမပေါ်က အိတ်ဇောဖြုတ်မောင်းသွားကြသော ကယ်ရီဆိုင်ကယ်၏ တဖုံးဖုံး တဒိုင်းဒိုင်းသံ၊ ထော်လာဂျီ တထုံးထုံးသံ၊ ဖုန်းဖုန်းပေါက်ကွဲမြည်သံ ဆူညံနေသော မန္တလေးသွားသော ဘင်ကားတွေရဲ့ အိတ်ဇောပေါက်သံ၊ ပဲပေါက်စီ ၀က်သားပေါက်စီ ကြက်သားပေါက်စီသည်သံ၊သုံးဘီးဆိုင်ကယ်ဖြင့် ကောက်ညှင်းပေါင်း ငချိတ်ပေါင်း အုန်းပေါင်းတို့ကို ရှမ်းမသံဝဲ၀ဲဖြင့် အဆက်မပြတ် နမ်းစတော့ လော်စပီကာသံ တို့ကိုစုံညီကြားပြီးမှ အိပ်ရာဝင်ရလေသည်။

ထို့နောက်မတော့ လမ်းမပေါ်တွင် ဆူညံသံတို့က တဖြည်းဖြည်း အရုဏ်တက်လာသည်နှင့်တိုး၍ တိုး၍ လာတော့သည်။အိမ်ရှေ့လမ်းမပေါ်မှာ တစက္ကန့်မှာ ဆိုင်ကယ်၅စီးနှုန်းလောက်ဖြတ်သွားနေသည်။ ကားတွေကလည်း ဂရင်းပရီပြိုင်ပွဲလို မောင်းကြသည်။ သည်ကြားထဲ လက်တွန်းလှည်း၊ ထော်လာဂျီ ၊ကျောက်ကား၊ကုန်ကား၊စက်ဘီးတွေက ပါနေတတ်သေးသည်။ 

နယ်စပ်မြို့ မူဆယ် မြင်ကွင်း (ဓာတ်ပုံ – Renaud EGRETEAU)

လမ်းတဘက်မှ တဘက်သို့ ကူးမည်ဆိုလျှင် ငယ်ငယ်တုန်းကတော့ ဘယ်ကြည့်ညာကြည့်ပြီးကူးရသည် ။အခုတော့မဟုတ်တော့ ဘယ်ကြည့်ညာကြည့် ဘယ်ပြန်ကြည့်ညာပြန်ကြည့်။ ဘယ်ပြန်ကြည့် ညာပြန်ကြည့်ရင်း ဖြတ်ကူးရသည်။ ဘာလို့ဆို လမ်းတဘက်တည်းကိုသာ ကြည့်နေလို့ကတော့ လမ်းပြောင်းပြန်ကို တဟုန်ထိုးအရှိန်တင်စီးချလာသော ဆိုင်ကယ်တစီးစီးက ကိုယ့်ကို အညှာမဲ့မဲ့ ၀င်ဆော်သွားမှာက သေချာနေသောကြောင့်ဖြစ်လေသည်။ ၀င်အောင်းသွားပြီး ဆိုင်ကယ်သမားက ကိုယ့်ကို ဆိုင်ကယ်လေးရပ်ကာ အကိုကြီး ဦးလေး ဘယ်ထိသွားသေးလဲ ဟု ရိုရိုကျိုးကျိုးဖေးဖေးမမ ထောက်ထောက်ထားထားပြောနေလိမ့်မည်မထင်လိုက်ပါနှင့် လမ်းဘေးဝဲညာ လူရှင်းနေခဲ့ရင် ဝေါဆို လှစ်ဆိုမောင်းပြေးထွက်သွားမှာသေချာနေပါသည်။ ထို့ကြောင့် လှမ်းရင်လှမ်းတယ် ဖြတ်ရင်ဖြတ်တယ် ကူးရင်ကူးတယ် ဆိုင်ကယ်လာရင်လာတယ် ကားလာရင်လာတယ်ဆိုသော အမှတ်သတိလေးဖြင့် လမ်းဖြတ်ကူးရသည်။ ဒါပေမဲ့နော် လမ်းဘယ်ညာမကြည့် လက်ကိုင်ဖုံးတပြောပြောဖြင့် စိမ်ပြေနပြေလေး လမ်းကူးနေသူတွေကလည်းရှိနေပါသည်။

 လွန်ခဲ့သော ၁၆နှစ်လောက်က သည်မြို့လေးမှာ ဆိုင်ကယ်ဆိုလို့ အတော်ရှားလှသည်။ ဂျပန်ဆိုင်ကယ် စူပါကပ်ဆို ငေးရပ်ကြည့်ရသည့်အဖြစ်။ ထိုင်းဘီး ဒရင်းဆိုလည်း လှလို့ငေးယူရသည်။ သည်တုန်းက ဂျပန်စူပါကပ် ပတ်ကင်ဒီမြို့အရောက်မှ ၅သိန်းခွဲသာကျသည်။ သည်ဘီးတွေကို ဟိုဘက်ကမ်းက စိနတွေက ရသလောက်ဈေးပေးဝယ်ကြသည်။ ဘာလို့ပါလိမ့်ဟု ဘယ်သူကမှမတွေးမိကြ။ဟိုမှာ ဘက်ကမ်းတွင် ဆိုင်ကယ်မေးရို။ နိုင်းပဲ။ မရှိ။ ထိုင်းဘီးလည်း ၀ယ်တာပဲ။ ကားဆိုလည်း ဒီဘက်က ဂျပန် တိုယိုတာ ဘင်စလွန်းကားတွေ အကုန်ဝယ်သည်။ ထရန်စစ်ဟုခေါ်သော ရန်ကုန် ဆိပ်ကမ်းမှာ  သင်္ဘောပေါ်ကချသော ကားသစ်တွေကို ဒီဘက်တန်းမောင်းလာ ဟိုဘက်ကမ်းပို့ကြသည်။ တခါတုန်းကများ တောင်ကျော်ကားဟု ခေါ်တွင်ခဲ့သေးသည်။

နောင်ကျတော့ သည်တောင်ကျော်ကားတွေပဲ ဟိုမှာဘက်ကမ်းကနေ သည်ဘက်ကို ပြန်ဝင်လာကြပြန်သည်။ ဒီကားတွေပဲ။ ဗမာဘက်ကထွက်သွားတဲ့ကားတွေက လိုင်စင်အပြည့်အစုံနဲ့ဆိုတော့ ပြန်ဝင်လာတဲ့အခါ ဒီကားရဲ့ဇစ်မြစ် ကားမှတ်ပုံတင် ကားနံပတ် ချက်စီနံဘတ်တွေက ရှိပြီးသား။ ဒီကနေ ရန်ကုန် ကညနဆီ သူ့အဆက်နဲ့သူ သူ့လိုင်းကြောင်းနဲ့သူ လှမ်းမေးလိုက်လို့ရ၏။ ဟောဒီကားကတော့ဖြင့်ရင် နံပါတ်ဘယ်လောက် ဆိုထွက်လာသည်။ ဒါဆို ၀ယ်လက်ရှာ ရန်ကုန်မောင်းပို့ပေးသည်။ ဒါကလည်း သူ့လမ်းကြောင်းနဲ့သူ။ ရွှေသမင်တွေက သူ့တာကနေသူ ထွက်လာနေခဲ့ကြသည်။

နောက်ဆုံးကျတော့ ရန်ကုန်ကကားတွေ ဟိုဘက်ကမ်းက စီနတွေဆီသွားလည် ၃၊ ၄ နှစ်လောက်နေတော့ ကိုယ့်တိုင်းပြေထဲ ပြန်ဝင်လာကြသည်။ သွားလည်ကြတာပေါ့လေ။ ဟော ရန်ကုန်မှာ ကားဈေးကွက်တခုတောင်ဖြစ်လို့။ ကားပွဲစားတွေ ၀ယ်ရောင်းတွေ ကညနကလူတွေ ကာစတန်တွေ စုံစမ်းထောက်လှမ်းသမားတွေ ၀မ်းမီးတောက်ကြသည်။ စည်တယ်လေလေ့ စည်တယ် နေ၏။ ဟော … နောက်ကျတော့ ၀တ်စ်သောက်ခေတ်တဲ့။ ၀င်လာလိုက်ကြတာ မစဲတသည်းသည်း။ ဟိုး ရှန်ဟိုင်း ဆိတ်ကမ်းဘက်ဆီကို ဂျပန်ကနေ ဂျပန်ကျ ကားတွေ သင်္ဘောတွေနဲ့ တင်ရောက်လာ ။

ဒီကားတွေက တောတောင်တွေ မမောနိုင်ပေ တောအထပ်ထပ်တောင်အသွယ်သွယ် ရစ်ပတ်ဖြတ်သန်းလို့ရယ် ဒီမှာ အရပ် ဟိုဘက်ကမ်းဆီ ရောက်လာကြသည်။ အလို ကားတွေကားတွေ အညာပွဲဈေးတန်းက ဘုရားပွဲထဲမှာ ကစားစရာကားလေးတွေရောင်းသလို ခြံဝင်းကြီးတွေထဲ စုပုံတန်းစီချထားသည်။ အရုပ်ကားလေးတွေ ၀ယ်သလို ကိုယ်ကြိုက်တဲ့ကားကို လက်ညှိုးညွှန်ပြီး ပြလိုက်ဘယ်လောက်လဲ ရော့အင့်ဆိုငွေချေ။ ပေးကားသော့ဆိုပြီး ၀ူးကနဲမောင်းထွက်လာယုံပဲ။ ကားတွေက လှမှလှ။ သန့်မှသန့်။ သည်လိုနဲ့တောတောင်တွေဖြတ် ရန်ကုန်မန္တလေးဆီရောက်တော့သည်။

ဟော … ၀တ်စ်သောက်တွေ ဖမ်းသတဲ့ဟဲ့ဆိုတာနဲ့ လူပါဖမ်းမဟဲ့နော်ဆို ပြေးလိုက်ကြ ။ ပုန်းလိုက်ကြ။ တူတူပုန်းတမ်း ကစားကြသလိုပဲကွယ်။ကားကောင်းသန့်သစ်ကြီးတွေ လမ်းဘေးမှာ ဒီအတိုင်းထားပစ်ခဲ့တာလည်း အပုံပုံ။ တချို့ကျတော့လည်း တစစီ ဖြတ်တောက်ပစ်သည်။ တစစီ ရောင်းစားပစ်လိုက်ကြသည်။ ပစ္စည်းသင်္ခါရပေါ့နော်။

ဟော နောက်ကျတော့လည်း ၀တ်စ်သောက်တွေပဲ စီးကြပြန်ရော။ဌာနဆိုင်ရာက လူကြီးတွေလည်း စီးကြသည်။ ဒီလိုနဲ့ နောက်ပိုင်းကျတော့ ဒီမြို့လေးမှာ အိမ်တိုင်းက ၀တ်စ်သောက်တစီးစီတော့ပိုင်သဟဆိုသလို တမြို့လုံး ၀တ်စ်သောက်ကားတွေနဲ့ ပြည့်နေတော့သည်။ နာရီစင်နား တလျှောက်လမ်းမကြီးဆို ကားပတ်ကင်ထိုးဖို့ နေရာလပ်မရှိ။ ကားတွေများတန်းစီရပ်ထားလိုက်ကြတာ။ လှလို့။ စီလို့ ညီလို့။ တမြို့လုံးလည်းမြောက်ြွကားတောက်စားနေလိုက်ကြတာ ။မျက်နှာတွေလည်းဝင့်။ ကားတွေကလည်းစွင့်လို့။ နံပတ်တွေကလည်း ကိုယ်စိတ်ကူးတည့်ရာ ကြိုက်တဲ့ ဖီလင်လာတဲ့ နံပါတ်တွေ ကို နံပတ်ပြားရေးတဲ့ ဖောင်းကြွထုပေးတဲ့နေရာမှာ တချပ်၁၅၀၀ကျပ်နဲ့ရေးခိုင်းလိုက် ပြီးလေသည်။ ဟော ၀တို့ လုတို့ ယူနန်မလှလှတွေ ၊ရှမ်းမလှလှနှုတ်ခမ်းနီပန်းနီလေးတွေ အားလုံးကားတွေပေါ်ရောက်ကုန်ကြသည်။ ကားမမောင်းတတ်လည်းကိစ္စမရှိ ။မြို့အထွက်က လေယာဉ်ပြေးလမ်းမှာ သုံးရက်လောက်သွားသင်လိုက်ရင်ရပြီ။

လိုင်စင်မလို။ လမ်းစည်းကမ်းသိဖို့မလို၊ကားစည်းကမ်းသိဖို့မလို မြို့လေးထဲ ခပ်ကြမ်းကြမ်းလေးမောင်းကြမည်။ မြို့ရဲ့ အလှဂုဏ်လမ်းလယ်ကျွန်းတွေဆိုတနေ့မှ တိုက်ခွဲမခံရတဲ့နေ့မရှိ။ ဟိုနားမှာ ကားဝင်တိုက်လို့ ပြိုပျက်။ ဒီနားပြိုကွဲ။ မြူနီစပယ်ကလည်း မြို့ကျက်သရေမယုတ်ရအောင် ချက်ချင်းပြင်ရှာသည်။ ဆေးသုတ်ရှာသည်။ အပြင်နဲ့ အတိုက်က အလျင်မမှီ။ ကားတွေကလည်း တိုက်ပြီး နောက်တနေ့ နောက်တစီးပြေးဝယ်လိုက် တစီးမှ ၁၅သိန်း သိန်း၃၀ အလို မန်းလေးမှာ ဂျပန်ဆိုင်ကယ်ဘီးတစီး သိန်း၃၀ပေါက်နေတာ ဒီမှာ ကားတင်္စီး၁၅သိန်း လှလှသစ်သစ်ြွကြွက။ လာထား နောက်တစီး။ ဒါမို့ လမ်းပေါ်မှာ ကားတွေက ပြည့်ညပ်ကျပ် ရှင်လောင်းလှည့်နေသလို။ အသုဘချနေသလိုရှိ၏။

ဟော … မကြာပါချေ။ ဟိုဘက်ကမ်းက စိနတွေကအလည်တွေဗျ။ သည်ဘက်ကမ်းက ဂျပန် ထိုင်းဘီးတွေကို တစစီဖြုတ်တစစီ ခွဲ ကုမ္ပဏီတွေ စက်ရုံတွေကနေပြန်ထုတ် တခါ ဆိုင်ကယ်တစီးဖြစ်အောင် ပြန်ဆင်လိုက်ကြသည်။ ပုံလေးနည်းနည်း မဆိုသလောက်ပြောင်းလိုက်သည်။ ဟော စိနဘီးတွေ ထွက်လာပြီ။ ဂျပန်ဘီးတစီး သိန်း၃၀ ပေါက်နေချိန် စိနဘီးက ၃သိန်း၊၄သိန်း အလွန်ဆုံး ၈သိန်း ။

ကဲ … ဘယ့်နဲ့လဲကိုယ်လူ။ ဘာစီးမလဲပြော။ မန်းလေးသားတွေ စက်ဘီးလေးတွေ ဖင်ပူအောင်စီး ခြေသလုံးကြီးအောင်နင်းနေကြတာ တော်လောက်ပြီ။ကိုငြိမ်း၊မန္တလေး၊တောင် စက်ဘီးမစီးတော့ပြီ။ ဆိုင်ကယ်ပေါ်ရောက်နေပြီတဲ့။ စီန ဆိုင်ကယ်တွေ ပေါ်တက်လိုက်ကြသည်။ ဟိုအရင် အိမ်တိုင်း စက်ဘီးတစီးတော့ ရှိကြသည့်မန်းလေးက အခု အိမ်တိုင်းစိနဆိုင်ကယ် တစီးတော့ရှိလာကြလေသည်။

 ဟော … ဒီမြို့လေးမှာကောတဲ့။ အလို လမ်းပေါ်မှာ ကြွက်တွေလို လူးလာ ပြေးထိုးနေကြသည်။ ဆိုင်ကယ်တွေပေါ်မှာကလည်း မိုက်တိမိုက်ကမ်း မျက်နှာတင်းတင်းတွေနဲ့။ ကားရှေ့ဖြတ်တယ်ကွာ တိုက်ရဲတိုက်ကြည့် … ဘာမှတ်လဲ … ဦးအောင်ဇေယျအမျိုးကွ … လို့၊ ကွမ်းသွေးလိုနီစွေးသော အညာသားသွေးပြလိုက်ချင်ကြသည်။

ဆိုခဲ့သည့်အတိုင်းပါပဲ။ လမ်းပေါ်မှာ ၀တ်စ်သောက်ကားရယ် ဟိုဘက်ကမ်းက စိနတွေက ပြန်ထုတ်လာကြတဲ့ ကားတွေရယ် သူတို့ စိနနံပတ်တွေနဲ့ ဒီမြိုလေးထဲမှာ ဝေါ၀ူးဝုန်းပဲ။ ဟိုဘက်ကမ်းမြို့ထဲ ဗမာ့နံပတ်နဲ့ကား အရင်က ပေးအ၀င်ခံပေမဲ့အခုတော့ မေးရိုပဲ။ ဗမာ နံပတ်မ၀င်ရတဲ့။သူတို့ စိနနံပတ်တွေကျ ဒီမြို့လေးထဲကနေ ၁၀၅မိုင်၊ နမ့်ခမ်းထိ သွားလို့ရသတဲ့။ မြို့လေးထဲမှာ မီးပွိုင့်ကနှစ်ခုသာရှိသည်။

ဘိုတည်းလမ်း ခေါ်တဲ့လမ်းမှာ တခုရှိသည်။ ဒီလမ်းမှာ အပေါ်ဘက်လမ်းက ကျဉ်းကျဉ်းလေး။ ဒီထဲ လမ်းဘယ်ညာမှာ တန်းစီပြီး ကားတွေ ရပ်ထားသည်။ ၀တ်စ်သောက်တွေ စိနနံပါတ်တွေ။ဟော မီးပွိုင့်ကစိမ်းလို့ လမ်းထဲဝင်ရင် သေပြီဆရာပဲ။

ကားနှစ်စီး ဖြတ်လို့မရရှောင်လို့မရ။ လက်တွန်းလှည်းက ပိတ်ခံသည်။ဆိုင်ကယ်က ကြားထဲ ၀င်တိုးသည်။ ခဏလေးမှ မစောင့်နိုင်။ အရင်လိုနေကြသည်။ သုံးဘီးဆိုင်ကယ်တွေက ပြုံဝင်သည်။ ကားတွေ ရပ်ထားလိုက်ကြတာလည်း ကိုယ့်အိမ်ကိုယ့်ယာလို။ ဘယ်သူ့ကိုမှ အားနာရကောင်းမှန်းလည်းမသိ၊ ကိုယ်ချင်းစာနာစိတ်လည်းမရှိ။ ကိုယ်ရပ်ထားတာ မတော်ဖူးလို့ တွေးရကောင်းမှန်းလည်းမသိ။ မှားမှန်းလည်းမသိ။ မှားမှန်းသိလည်း သောက်ရေးလုပ်စရာလားလို့ တွေးသလားမသိ။

တချို့ဆိုကားမမောင်းတတ်ဘဲ ဖင်ကြီးက လမ်းပေါ်ထိုးထွက်နေသေး။ အောက်ဘက် ဈေးလမ်းဆို ပိုဆိုးသေး။ လမ်းဘေးညာဘယ်ကားတွေရပ်ထားသည်။ ဆိုင်ကယ်အပ်တာ လုပ်ထားသေးသည်။

မော်တော်ပီကယ်က ပလက်ဖောင်းပေါ်မှာငွေလဲသော ရှမ်းမလေးတွေနှင့် အာလာပသာလာပပြောနေကြသည်။ ရယ်လို့မောလို့။ မီးပွိုင့်မှာ ဖြူနီကြားမှာ ကားတွေ ဘယ်ညာစီရပ်ထားတာ သူတို့နဲ့ မဆိုင်သလို ။ကားတွေပိတ်ညပ် လမ်းပိတ်ဆို့နေတာ သူတို့နဲ့လားလားမှ မပတ်သက်သလို နေသာသမှ လေညာက သီချင်းဆိုနေသလို။ ဒါပေမဲ့ဟဲ့။ ကားနဲ့ကားချင်းချိတ်ပလား။ ကားနဲ့ ဆိုင်ကယ် တွယ်ပလား၊ ကားနဲ့လူ မကြည်ဖြူဖူးလား။ ပြဿနာအပေါင်းသောင်းသောင်းညံညံရှိပလား ဟောရောက်လာပါပြီ ကိုရွှေပီပေါ့လေ။ ကဲ … ရှင်းရအောင် ညှိရအောင် ရုံးလိုက်ခဲ့ကြပါပဲပေါ့။ ထုံးစံအတိုင်းလုပ်လိုက်ကြဦးပေါ့။ ကားတွေဆိုင်ကယ်တွေ တစီစီဖြစ်သလို ကိုရွှေပီတွေလည်းစည်ပြီ။

ဒါနဲ့ တခါ ဆိုင်ကယ်သမားကော လမ်းစည်းကမ်းသိသလားမေး။နိုးပဲ။ လစ်တာနဲ့ဝင်တိုးပဲ။ လွတ်တယ်ထင်ရင် ဆွဲပဲ။ လမ်းဘယ်ဘက်အကျဆုံး ဆိုတာ ကားတွေအမြန်မောင်းဖို့ ကျော်တက်ဖို့ လမ်းချန်ထားရတာ သူတို့မသိ။ အမြန်လမ်းကြောဘက်မှာမှ ဆိုင်ကယ်တွေက မောင်းသည်။ သုံးဘီးတွေ မောင်းသည်။ ထော်လာဂျီတွေ မောင်းသည်။ လက်တွန်းလှည်းက တွန်းသည်။ အံမယ် … လမ်းလျှောက်တဲ့လူတွေကတောင် ဘယ်ဘက်ဆုံး ယာဉ်ကြောပေါ်မှာ လသာသလို မော်ဒယ်လိုလျှောက်သည်။ တခါတခါ ဖုံးပြော နေသေးသည်။

ဆိုင်ကယ်ရပ်ကာ  လမ်းဘေးကျွန်းက လူနဲ့ စကားလက်ဆုံတောင် ကျနေလိုက်သေးသည်။ ကိုယ့်ကားက ကျော်ချင်ရင် ညာဘက်ကသာ ကျော်ပေတော့။ မစဉ်းစားနဲ့။ ဆိုင်ကယ်တွေကလည်း ကျော်ရင် ညာဘက်က ကျော်သည်။ ကိုယ်က ဘယ်ဘက်ကွေ့ပါမယ်လို့ အချက်ပြမီး ပြထားလည်းမရ။ ဆိုင်ကယ်ကြွက်တွေက မရမက ဒါကျ စည်းကမ်းအတိုင်း ဘယ်ဘက်ကနေကျော်တက်သည်။ ကိုယ်ကကွေ့ချလိုက်ရင် ချိတ်ပြီ။

အကွေ့ဆို ကိုယ့်ကားက လမ်းတည့်တည့်လာမယ်ထင်လို့ လာနေတဲ့ကား ၊သုံးဘီး၊ ဆိုင်ကယ်ကိုရပ်စောင့်ပေးနေတုန်း ဟော အနားလည်းရောက်ရော ဆိုင်ကယ်ကားတွေက လှစ်ဆိုချိုးကွေ့သွားသည်။ အချက်ပြမီးလေး ကွေ့မယ်ဆိုတာကြိုမပြ။ သူပြရင်ကိုယ်က ကွေ့လို့ရသည်။ ကိုယ်က သူ့ကိုစောင့်နေရတော့ နောက်ကကားဆက်လာတာနဲ့ ကွေ့မရတော့။ ဆိုင်ကယ်ကားတွေ မောင်းတဲ့သူက လမ်းစည်းကမ်း ကားစည်းကမ်းမသိ။ ကွေ့ရင် အချက်ပြမီးပြရကောင်းမှန်းမသိ။ ဒီနေ့ကားဆိုင်ကယ်ဝယ် နောက်နေ့တက်မောင်းရောပဲ။ ကားနဲ့ဆိုင်ကယ်တိုက်ရင် ဆိုင်ကယ်ကမှားလည်း ကားကအရော်ပဲလို့ ဘယ်သူကများထွင်လိုက်သည်မသိ။ တိုက်ခါမှတိုက် သေခါမှသေ။

မြို့လေးထဲမှာ တနာရီ၅မိုင်နှုန်းလို့ရေးထားပေမဲ့ မြန်မာစာမတတ်ဖူးလို့ပြောမလား။ရေးချင်တာရေး ငါတို့ လည်း ၀တို့လည်း မောင်းချင်သလိုမောင်းတယ်ကွ လို့ ဆိုချင်တာလား။မသိ။ မီးပွိုင့်ရှိသော်လည်း မီးနီလည်း ကားဆိုင်ကယ်တွေ ဖြတ်ချင်သလိုဖြတ်သည်။ ကိုရွှေပီတွေကလည်း လူကြီးလာရင် ရှိသည်။ လူလေးတွေဖြတ်နေရင် မရှိ။ ရှိရင်လည်း ခပ်ပျင်းပျင်းမို့ ငိုက်နေသလားထင်ရသည်။တကယ်လို့များ ၀တ်စ်သောက်ကားတွေများ တချီဖမ်းပြန်ပဟေ့လို့ဆိုရင် မြို့လေးရဲ့လမ်းမပေါ်မှာ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေမှာ သေချာသည်။

ဘာလို့မူ ကားအရေအတွက်ရဲ့ ငါးပုံပံလေးပုံက ၀တ်စ်သောက် တွေမို့ပင်။ ရယ်လိုက်ရတာ ဖတ်ဖတ်မောကတော့ မီးပွှိင့်နားက ဖြူနီကြားမှာ ကားမရပ်ရလို့ရေးထားသည်။

ဒီဖြူနီကြားက ရှေ့နေအိမ်ရှေ့တည့်တည့်မှာရှိနေသည်။ အဲ ရှေ့နေရဲ့ ၀တ်စ်သောက်ကားက ဒီမရပ်ရ ဖြူနီကြား ရှေ့တည့်တည့်မှာ ရပ်ထားသည်။ ကားတွေမီးပွိုင့်မှာပြုံနေရင် ဒီရပ်ထားတဲ့ ကားကပိတ်နေလို့ ကျော်မရပြုမရ ။ ဆရာတော်ဦးဥတ္တမသာရပြောသလို သွားမလုပ်နဲ့ သွားမလုပ်နဲ့ တရားစွဲခံရလိမ့်မယ် ။

ရှေ့နေအိမ်ရှေ့က ဖြူနီကြားမှာရပ်ထားတဲ့ ရှေ့နေရဲ့ကားမို့လေ။ဗိုလ်ချုပ်ပြောခဲ့တဲ့ လွတ်လပ်ရေးရပြီမို့ လမ်းပေါ်ဆေးရိုးတွေ ထွက်လှန်းတာမျိုးများလား ဆင်သည်။ ဒါမို့ ဘယ်သူပြောလည်း လွတ်လပ်မှု မရှိဖူးလို့လေ။ ဒီမိုကရေစီ မရသေးဖူးလို့လေ။

လွတ်လပ်လိုက်တာမှ လမ်းပေါ်မှာ မောင်းချင်သလိုမောင်း ရပ်ချင်သလိုရပ် ၊ မရပ်ရနေရာလည်း ရပ်ချင်သလိုသာရပ်။ လူလိုင်စင် မလို ။ ကားလိုင်စင် မလို၊ ဆိုင်ကယ်လိုင်စင် မလို ။ အသက်မလို ကလေးလေးတွေလည်း မောင်းလို့ရသည်။ ဆိုင်ကယ် ဦးထုပ်လည်း ဆောင်းစရာမလို။လမ်းစည်းကမ်း ယာဉ်စည်းကမ်း လိုက်နာစရာမလို သိစရာမလို ။ကိုင်း ဘာလိုသေးလဲ အချစ်ရယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

One Response to လွတ်လပ်မှု မရှိဘူးလို့ ဘယ်သူပြောလဲ (Pyay Say Nit)

  1. No need* on August 2, 2012 at 9:28 pm

    To complete :

    Also …………………….no need to wear cloth…………………………….

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်