သန်းဝင်းလှိုင် – အာဏာရှင် ဗိုလ်နေ၀င်း၏ ဇာတ်သိမ်းခန်း (အပိုင်း – ၈)

November 15, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၈)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၁၅၊ ၂၀၁၃


● အဘယ်ကြောင့် အာဏာသိမ်းပိုက်ခဲ့သနည်း
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ သိမ်းယူခဲ့ခြင်းမှာ ပထစ ခေါင်းဆောင်အချို့သည် တပ်မတော်အကြီးအကဲများ၏ သြဇာအာဏာကို လျော့နည်းသွားအောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု ပထစအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သော ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်ဝင်) က ပြောဆိုခဲ့သည်။
လွတ်လပ်ပြီးစ နိုင်ငံငယ်များနှင့် တိုးတက်ဖွံ့ဖြိုးစ နိုင်ငံငယ်များတွင် စစ်တပ်အင်အား ကြီးမားခဲ့ကြောင်း ၊ထို့ကြောင့် ထိုနိုင်ငံငယ်များတွင် စစ်တပ်အာဏာသိမ်းမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ ဗမာ့တပ်မတော်ကိုလည်း မည်သို့ပြုပြင်လျင် သင့်မည်ဟု ပထစခေါင်းဆောင်များ နည်းလမ်း ရှာဖွေခဲ့ကြကြောင်း၊ တပ်မတော်အရာရှိကြီးများအား သုံးနှစ်တစ်ကြိမ် ပြောင်းလဲပေးလျှင် ကောင်းမည်၊ သို့မဟုတ် အငြိမ်းစားပေးလျှင် သင့်လျော်မည်၊ သို့မဟုတ် အမြဲတမ်း စစ်တပ်မထားဘဲ အရွယ်ရောက်သူတိုင်းအား စစ်ပညာများသင်စေ၍ အမှုထမ်းစေလျှင် အဆင်ပြေမည်တို့ကို  ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ ဆွေးနွေးသောသတင်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းထံ သတင်းပေါက်သွားသောကြောင့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ခြင်း ဖြစ်မည်ဟု ထင်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူးအောင်က ဆွေးနွေးပြောကြားခဲ့သည်။ ယင်းပြောဆိုချက် မှတ်တမ်းကို ရန်ကုန်တက္ကသိုလ် သမိုင်းသုတေသနဌာနက ကိုယ်တွေ့ပြောကြားချက်များ (ဝ၁၂၂) ဖြင့် သိမ်းဆည်းထားသည်။ ၁၉၉ဝ ပြည့်နှစ် ၊ သြဂုတ်လအတွင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူးအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်မူ ၎င်းက –
“ကျွန်တော် ကာကွယ်ရေးဝန်ကြီး လုပ်တဲ့အခါ National Service Act ဆိုတာ စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေတစ်ရပ် ပါလီမန်မှာတင်ဖို့ ကျွန်တော်တို့ လုပ်တယ်။ အဲဒီတင်ဖို့ လုပ်တဲ့အခါကျတော့ ဗိုလ်မှူးချုပ် တင်ဖေက နယ်တွေမှာ သွားပြီးတော့ တပ်တွေကို ပြောတယ်။ ဒီကာကွယ်ရေးဝန်ကြီး လုပ်တဲ့အချိန်မှာ ငါတို့ တပ်မတော်ကို ဖျက်ဖို့ လုပ်နေပြီ။ ဘယ်လိုလဲဆိုရင် National Service Act အရ လူတိုင်း လူတိုင်း ၁၈ နှစ်  ပြည့်တဲ့ ကျား မ ၄၅ နှစ်အတွင်းမှာရှိတဲ့ ကျားမ အားလုံး၊ စစ်ပညာ မသင်မနေရ ဆိုတာ လုပ်မယ်။ ဒီတော့ တပ်က ဘယ်လောက်ထားမလဲ။ လေ့ကျင့်ရေးအတွက်ပေါ့လေ။ ငါးသောင်းထားမယ်။ တော်ပြီ။ ပိုတဲ့ အရာရှိ အကြပ် တပ်သားတွေကို ဘယ်လိုလုပ်မလဲ။ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးမှာ ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့က အစားသွင်းမယ်။ အကြပ် တပ်သား ဆိုလည်း ကျေးရွာကာကွယ်ရေးတို့ ဘာတို့ပေါ့လေ။ ကျေးရွာအုပ်ချုပ်ရေးတို့ ဘာတို့၊ အဲဒီမှာ ကျွန်တော်တို့က ဟိုဒင်း ဖြစ်တယ်။ တပ်မတော်က ပိုလာတဲ့ အရာရှိတွေထဲက တချို့က အုပ်ချုပ်ရေးမှာ ပြန်ထည့်မယ်။ ပညာအရည်အချင်းပြည့်ဝတဲ့ ဒီတပ်ဗိုလ်တွေကို နိုင်ငံခြားမှာ ကျွန်တော်တို့က ပညာထပ်သင်မယ်။ တိုင်းပြည်ထူထောင်ရေးအတွက် လိုတဲ့ ပညာတွေကိုပေါ့လေ။ အဲသလို ပညာသင်ပြီးတော့ ဒီတိုင်းပြည် ထူထောင်ရေးအတွက် သုံးမယ်ဆိုတဲ့ဟာ၊ အဲဒီ National Service Act စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေလုပ်ဖို့ ဆိုပြီးတော့ ၊ အဲဒီဟာ လုပ်တဲ့အခါကျတော့ ဗိုလ်မှူးချုပ် တင်ဖေက ပထမဆုံး သူက တပ်က အရာရှိတွေ ခေါ်ပြီးတော့ သူ ရှင်းတယ်။ တို့တပ်မတော်တော့ အဖျက်မခံနိုင်ဘူး။ ငါတို့တော့ တစ်ခုခုတော့ လုပ်ရမယ်ဆိုတာ ကို သူပြောတယ်။
ဝ နယ်ကို ကျွန်တော်တို့ သွားတော့ ဗိုလ်မှူးကြီး မောင်ရွှေက သူက တိုင်းတပ်မှူး၊ အစ်ကိုကြီးတဲ့ ဒီက အရာရှိတွေက အကိုကြီးနဲ့ Interview တောင်းတယ်။ အဲဒီအရာရှိ ၂ဝဝ နဲ့ ကျွန်တော်တွေ့တယ်။ တွေ့တော့ အဲဒီ National Service Act အကြောင်း သူတို့က မေးကြတယ်။ မေးတော့ အဲဒါ ရှင်းပြတယ်။ ဟ… ဒါဆို ကောင်းသားပဲတဲ့။ ဒီသူပုန်ရန်ကလည်း အဲဒီအချိန်က အေးသွားပြီ။ ပေါင်းလိုက်လို့မှ ဆိုရင် ၃ဝဝဝ ကျော် ၄ဝဝဝ လောက်ပဲ ရှိတယ်။ အဲဒီ ၃ဝဝဝ ကျော် ၄ဝဝဝ ကျော်တွေကလည်း သူတို့အနေနဲ့ ပြန်ပြီးတော့ အလင်းဝင်ချင်တဲ့ ဆန္ဒရှိတယ်။ အမျိုးသား စစ်ဝန်ထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အဆင့်ဆင့် ကျွန်တော် ရှင်းပြတော့ အဲဒီအရာရှိတွေက ဟာ.. ဒါ ကောင်းသားပဲ။ ဒါ… တပ်မတော်ဖျက်တာမှ မဟုတ်ဘဲ။ ပြည်ထောင်စုကြီး တစ်ခုလုံး တပ်မတော်ဖြစ်အောင် လုပ်တာတဲ့။ ဒါ လက်ခံစရာ အကြောင်းရှိတယ်။ ဒီဥစ္စာဟာ အိုစီ (O.C – Officer Commanding တပ်မှူး) ကွန်ဖရင့်က စီဒီ (C.O – Commanding Officer) ကွန်ဖရင့်က နှစ်ကြိမ် တပ်မတော်အရာရှိက နှစ်ကြိမ် သူတို့ သဘောတူပြီးသား။ ဗိုလ်မှူးချုပ် တင်ဖေက ဟိုတုန်းက ပုသိမ်သွားပြီးတော့ ရင်ဘတ်ထုပြီးတော့၊ (ကာကွယ်ရေးဝန်ကြီး) ကတော့ တပ်မတော်ဖျက်ပြီ၊ ဟုတ်လား၊ လာရှိုးမှာလည်း တပ်မတော်ဖျက်ပြီ။ တောင်ကြီးမှာလည်း တပ်မတော်ဖျက်ပြီ။ သူက ရှေ့လျှောက်ပြော ၊ကျွန်တော်က နောက်ကလိုက်ရှင်း ၊ ဒီလိုဖြစ်ကြတာ။ ဗိုလ်မှူးချုပ် တင်ဖေ ဒီလိုလျှောက်ပြောတဲ့ဟာ ဆိုလို့ရှိရင် ဒီစိုးရိမ်စိတ် ရှိချင်လည်းရှိ၊ ခွန်ထီးနဲ့တော့ ကျွန်တော် စကားပြောတာပဲ။ အဲဒီ ခွန်ထီးတို့ ဘာတို့ကတော့ အဲဒါတွေ လျှောက်ပြောတာပဲ။ အဲဒီ ဆွေးနွေးပွဲမှာပဲ ဒါ ပြောတယ်။ ဆွေးနွေးကြတယ်။ အဲဒါတွေ ပြောတာပေါ့။ ဒါ၊ ဒီ၊ ဖက်ဒရယ်ကြောင့် တော့ မဟုတ်ဘူး။ တပ်မတော်က သူတို့ တပ်မတော်ကို ဖျက်တဲ့အတွက် ဒါစိုးရိမ်လို့ သိမ်းတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ကျွန်တော်တို့က ဒီလိုပဲ ယူဆတယ်လေ” ဟူ၍ ရှင်းလင်း ပြောကြားခဲ့သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် စစ်တပ်မှ ပြည်သူ့အချုပ်အခြာ အာဏာကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မသိမ်းယူလိုက်ချိန်မှစ၍ ကျောင်းသားသမဂ္ဂအဖွဲ့မှဦးဆောင်၍ကျောင်းသားများဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ကျောင်းသား သမဂ္ဂများသည် စစ်အာဏာသိမ်းပြီးစ မတ်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ကန့်ကွက်ခဲ့ကြသည်။ ပထမအကြိမ် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်သည့် ကျောင်းသားသမဂ္ဂများ၏ ခေါင်းဆောင်များကို မတရားဖမ်းဆီးနှိပ်စက်၍ တစ်ကျွန်းပို့ ပြစ်ဒဏ်များ ချမှတ်၍ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ပြီး အချို့ကျောင်းသားများကို ကျောင်းမှ ထုတ်ပယ်လိုက်ပြီး၊ တချို့မှာ ဝရမ်းပြေးဘဝသို့ ရောက်ရှိသွားခဲ့ရသည်။ စစ်အာဏာရှင်များသည် ထိုသို့ပြုလုပ်ရုံမျှမကဘဲ ငြိမ်းချမ်းစွာ ပညာဆက်လက်သင်ကြားနေသော ကျောင်းသားများ၏ နေရေး၊ စားရေး၊ ပညာသင်ကြားရေး စသည့် ကျောင်းသားများ၏ အခြေခံအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် အချက် ၂၂ ချက်ပါ အမိန့် ၊ ဥပဒေ၊ ညွှန်ကြားချက် စသည်တို့ကို မေလ ၉ ရက်နေ့၌ ပြင်းထန်စွာ ထုတ်ပြန်လာခဲ့သည်။ တဖန် မေလ ၁ဝ ရက် တက္ကသိုလ်ကောင်စီကိုပါ ဖျက်သိမ်း၍ မေလ ၁၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာချက် အမိန့်အမှတ် ၃ဝ ဖြင့် တက္ကသိုလ်ကျောင်းသားများမပါဘဲ ဗိုလ်မှူးချုပ်များသာ ပါဝင်သည့် တက္ကသိုလ် ကောင်စီကို ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။
ထိုသို့ အထွေထွေဖိနှိပ်ချုပ်ချယ်မှုများကို နည်းပေါင်းစုံဖြင့် ပြုလုပ်၍ အားမရသေးဘဲ ဇူလိုင်လ ၆ ရက်က ည ၂ဝးဝဝ နာရီတွင် စစ်အစိုးရမှ တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ဖိနှိပ်ချုပ်ချယ်လာသောကြောင့် နောက်ထပ် (၄) လကျော်ခန့် အကြာတွင် ကြီးမားပြင်းထန်သော ဆဲဗင်းဂျူလိုင် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှု အထွေထွေသပိတ်ကြီး  ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ သပိတ်မှောက်ရသည့် ရည်ရွယ်ချက်မှာ –
(၁) ၁၉၆၂ မတ်လ ၂ ရက် စစ်တပ်မှ မတရား အာဏာသိမ်းယူမှု
(၂) ကျောင်းသားများ၏ လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်များကို ဖိနှိပ်ချုပ်ချယ်သည့် အမိန့်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဥပဒေကြေညာချက်များကို ရုပ်သိမ်းရန်ဖြစ်ပြီး ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ သပိတ်မှောက်ခြင်းသာ ဖြစ်သည်။
ယင်းသပိတ်ကြီးသည် တစ်နိုင်ငံလုံးရှိ ကျောင်းသားထုများအကြား လျင်မြန်စွာ ပြန့်နှံ့ကူးစက်ကာ ဇူလိုင်လဆန်းတွင် တဖြည်းဖြည်းနှင့် ကြီးမားပြင်းထန်လာခဲ့သည်။ ကျောင်းသားသမဂ္ဂများမှ ဦးဆောင်လှုပ်ရှားခဲ့ပြီး စစ်အာဏာရှင်စနစ်နှင့် တရားမျှတမှုမရှိသော ဥပဒေများအား ဆန့်ကျင်ခဲ့သည်။ သမိုင်းတွင်ရစ်မည့် ဆဲဗင်းဂျူလိုင်ကျောင်းသားလှုပ်ရှားမှု အထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ ယင်းကျောင်းသားသပိတ်ကြီးအား ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၁၈း ၃ဝ နာရီခန့်တွင် စစ်အာဏာရှင် ဗိုလ်ချုပ် နေ၀င်း၏ ခါးပိုက်ဆောင် စစ်တပ်မှ မောင်းပြန် ဂျီသရီး၊ ဂျီဖိုး၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ဖြိုခွင်းခဲ့ရာ ကျောင်းသားများ သွေးမြေကျခဲ့ရသည်။ မသေဘဲ ကျန်နေခဲ့သူ ကျောင်းသား မြောက်များစွာလည်း ဖမ်းဆီးခြင်းခံရ၍ ထောက်ချနှိပ်စက်ခံရခြင်း၊ ကိုကိုးကျွန်းသို့ ပို့ဆောင်၍ နှိပ်စက်ခံရခြင်း၊ အချို့ကျောင်းသားပေါင်းများစွာသည် ကျောင်းထုတ်ခံရခြင်း၊ အချို့မှာ ထွက်ပြေး တိမ်းရှောင်ကာ အနာဂတ်ဘဝများ ပျောက်ဆုံးသွားခဲ့သည်။
ထို့အပြင် ကျောင်းသားများ၏ နိုင်ငံရေး လုပ်ဆောင်မှုသမိုင်းကို ဖျောက်ဖျက်ပစ်လိုသော အကြံဖြင့် သပိတ်မှောက် ကျောင်းသားသမဂ္ဂများ အဓိကစုရုံးစည်းဝေးရာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဇူလိုင်လ ၈ ရက်နေ့ မနက် ဝ၃း၃ဝ နာရီတွင် ဒိုင်းနမိုက်များဖြင့် ဖြိုခွဲဖျက်ဆီး၍ အစဖျောက်ခဲ့သည်။
ဤသို့ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြကျောင်းသားများ၏ ဆန္ဒကို မလိုက်လျောသည့်ပြင် ပြင်းထန်စွာ ပစ်ခတ်သတ်ဖြတ်မှုသည် ဥပဒေရှုထောင့်မှ ကြည့်ပါက စစ်အာဏာသိမ်းစဉ်က လက်ခံကျင့်သုံး နေဆဲဖြစ်သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အခန်း (၂) မူလအခွင့်အရေးများပါ လွတ်လပ်မှု အခွင့်အရေးများ၏ အပိုဒ် (၁၇) တွင်၊ တရားဥပဒေနှင့်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားများသည် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲနိုင်ရမည်။
(က) မိမိယုံကြည်ချက် ၊ ထင်မြင်ချက်တို့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သော အခွင့်အရေး။
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးနိုင်သော အခွင့်အရေး စသည်တို့ ဖော်ပြပါရှိသည်။
သို့သော် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းသားလှုပ်ရှားမှု သပိတ်ကြီးများတွင် စစ်အာဏာရှင်များသည် လိုက်လျောဆောင်ရွက်ပေးခဲ့ခြင်းများ တစ်စုံတစ်ရာမျှ မရှိခဲ့သည့်အပြင် အကြမ်းဖက်ကာ ရက်စက်စွာ ပစ်ခတ်၍တစ်မျိုး၊ တရားမျှတမှု မရှိသော အမိန့်များ၊ ဥပဒေများ၊ စည်းကမ်းချက်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ တဖုံစသည့် လူမဆန်သည့် လုပ်ရပ်တို့ဖြင့်သာ ဖြေရှင်းပေးခဲ့ကြသည်။ ထိုသို့ အထက်မှ ခိုင်းသည့်အတိုင်း သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့်သူများကို  တည်ဆဲပြဌာန်းထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ (၁) (ခ) ဖြင့် အရေးယူနိုင်ပေသည်။
ပုဒ်မ ၃ဝ၂ (၁) (ခ) တွင် မည်သူမဆို တင်ကူးရည်ရွယ်ချက်ဖြင့်  လူသတ်မှုကို  ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟူ၍ ဖော်ပြထားသည်။
ထို့အပြင် သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖျက်ဆီးဖြိုချလိုက်သည့် လုပ်ရပ်သည်လည်း ယင်းသို့ ပြုလုပ်သူများ အနေဖြင့် ပြဌာန်းထားဆဲပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ ကို ကျူးလွန်ရာ ရောက်သည်။
ပုဒ်မ ၄၃၆ တွင် မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်သော်လည်းကောင်း၊ နေအိမ်အဖြစ်ဖြင့် လည်းကောင်း၊ ပစ္စည်းများ သိုလှောင်ထိန်းသိမ်းသော နေရာအဖြစ်ဖြင့်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို  ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ၊ မိမိက ထိုသို့ ပျက်စီးစေမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ၊ မီးဖြင့် သို့မဟုတ် ပေါက်ကွဲတတ်သောအရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုး ကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟူ၍ ပြဌာန်းထားသည်။
ထိုသို့ ကျူးလွန်စေရန် အမိန့်ပေးညွှန်ကြားခဲ့သည့် သူများကို အားပေးကူညီမှု ပုဒ်မများ (ကျူးလွန်ခဲ့သည့် မူရင်းပြစ်မှုများအတိုင်း ပြစ်ဒဏ်ခံစားရသည့် ပုဒ်မများ) ဖြင့် အရေးယူပေးရမည် ဖြစ်ပေသည်။ ယင်းသို့ တရားစီရင်မှု ပြုလုပ်မှသာ တရားမျှတမည် ဖြစ်ပေသည်။ သို့သော် ယင်းသို့ ပြစ်မှုကျူးလွန်ခဲ့သည့်သူများ အမိန့်ပေးခဲ့သည့်သူများကို အရေးယူအပြစ်ပေးခြင်း တစ်စုံတစ်ရာကိုမျှ စစ်အစိုးရ အဆက်ဆက်သည်ယနေ့ တိုင် ပြုလုပ်ပေးခဲ့ခြင်း မရှိပေ။
● တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ
တော်လှန်ရေးကောင်စီခေတ် ၁၂ နှစ်၊ လမ်းစဉ်ပါတီ အစိုးရခေတ် ၁၄ နှစ်၊ ၂၆ နှစ် ကာလအတွင်း ဗိုလ်ချုပ်ကြီးနေဝင်းသည် ထိုစဉ်က ကမ္ဘာတွင် ခေတ်စားနေသော “ဆိုရှယ်လစ်” ဆိုင်းဘုတ်ကို ကောက်ချိတ်ပြီး ရာဇပလ္လင်ပေါ်တက်ထိုင်ကာ အာဏာသုံးရပ်ကို အပြည့်အဝ ချုပ်ကိုင်၍ မစားရ ဝခမန်း စိတ်ကူးယဉ် အိပ်မက်များကို အကောင်အထည်ဖော်ကာ ဆိုဗီယက်ပုံစံ တစ်ပါတီ ဆိုရှယ်လစ်အာဏာရှင် စနစ် တည်ထောင်ခဲ့သောကြောင့် သယံဇာတ ပေါကြွယ်လှသော မြန်မာနိုင်ငံသည် ၄၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ၁ ရက်နေ့တွင် ကျင်းပခဲ့သော (၉၆) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် (၄၂/၄၂၈) အရ ကမ္ဘာဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (အဆင်းရဲဆုံးနိုင်ငံ) စာရင်းသို့ သွတ်သွင်းခံလိုက်ရလေသည်။
သို့ကလို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်မှ ပြည်သူ့အချုပ်အခြာအာဏာများကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မ သိမ်းယူလိုက်သောကြောင့် ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ မတ်လတွင် တစ်ကြိမ်နှင့် ဇူလိုင်လတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ပထမအကြိမ် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ကျောင်းသားသမဂ္ဂများ၏ ခေါင်းဆောင်များကို မတရားဖမ်းဆီးနှိပ်စက်၍ တစ်ကျွန်းပို့ပြစ်ဒဏ်များ ချမှတ်၍ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ပြီး အချို့ကျောင်းသားများကို ကျောင်းမှ ရာသက်ပန် ထုတ်ပယ်လိုက်သည်။ တချို့မှာမူ ၀ရမ်းပြေးဘ၀သို့ ရောက်ရှိသွားရတော့သည်။ ဗိုလ်ချုပ်ကြီး နေ၀င်းသည် ထိုသို့ပြုလုပ်ရုံမျှ အားမရသေးဘဲ ငြိမ်းချမ်းစွာ ပညာဆက်လက်သင်ကြားနေသော ကျောင်းသားများ၏ စားရေး နေရေး ပညာသင်ကြားရေး စသည့် ကျောင်းသားများ၏ အခြေခံ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် စည်းကမ်းချက် ၂၂ ချက်ပါ ညွှန်ကြားချက်တို့ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မေလ ၁ဝ ရက်နေ့တွင် တက္ကသိုလ် ကောင်စီကိုပါ ဖျက်သိမ်းပစ်လိုက်သည်။
ထိုသို့ အထွေထွေ ဖိနှိပ်ချုပ်ချယ်မှုများကို နည်းပေါင်းစုံဖြင့် ပြုလုပ်သောကြောင့် ကျောင်းသားသပိတ်သည် တစ်နိုင်ငံလုံးရှိ ကျောင်းသားထုများအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်လာကာ သမိုင်းတွင်ရစ်ခဲ့သည့် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် စစ်အစိုးရသည် ဇူလိုင်လ ၆ ရက်နေ့၊ ည ၈ နာရီတွင် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့၊ ည ၆း၃ဝ နာရီခန့်တွင် စစ်အာဏာရှင်များ၏ ခါးပိုက်ထောင် တပ်ဖွဲ့ဝင်များသည် မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နှင်းဖြိုခွင်းမှုကြောင့် ကျောင်းသားများ အမြောက်အမြား သေကြေ ဒဏ်ရာ ရရှိခဲ့သည်။ မသေဘဲ ကျန်ရစ်ခဲ့သော ကျောင်းသား အများအပြားလည်း ဖမ်းဆီးထောင်ချခံခဲ့ရသည်။
ထို့အပြင် ကျောင်းသားများ၏ နိုင်ငံရေးလုပ်ဆောင်ခဲ့မှု သမိုင်းကို ဖျောက်ဖျက်ပစ်လိုသော အကြံဖြင့် သပိတ်မှောက်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ အဓိကစုရုံးရာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို  ဇူလိုင်လ ၈ ရက်နေ့ ၊ မနက် ဝ၃း၃ဝ နာရီတွင် ဒိုင်းနမိုက်များဖြင့်  ဖောက်ခွဲဖြိုချဖျက်ဆီး၍ အစဖျောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂ အဆောက်အဦကို  လက်ဝါးချင်းရိုက်ပြီး ဗုံးဖောက်ခွဲခဲ့သည့် တရားခံမှာ ဗိုလ်နေ၀င်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီး တို့သာ ဖြစ်သည်။ ယင်းနောက် တော်လှန်ရေးကောင်စီသည် ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေး ကို ကာကွယ်သည့် ဥပဒေကို ပြဌာန်း၍ အသင်းအဖွဲ့ပါတီအားလုံးကို ဖျက်သိမ်းလိုက်လေသည်။
၁၉၆၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်မှ ထုတ်ဝေထားသည့် ကျပ် ၁၀၀ တန်နှင့် ကျပ် ၅၀ တန် ငွေစက္ကူများကို တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်သည်။ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလတွင် ကြေးမုံ၊ ဂါးဒီးယန်း၊ ဗိုလ်တထောင် ပုဂ္ဂလိကပိုင် သတင်းစာများကို ပြည်သူပိုင် သိမ်းပိုက်၍ သတင်းစာလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သည်။
ထို့နောက် ၁၉၇၃ ခုနှစ်၊ သြဂုတ်လတွင် တော်လှန်ရေးကောင်စီမှ ရေးဆွဲခဲ့သော မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို ကိုယ်စားပြုထားသော ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုသည့် အတုအယောင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ၁၉၇၄ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့သည်။
၁၉၇၄ ခုနှစ်၊ မေ၊ ဇွန်လများတွင် မြန်မာနိုင်ငံအရပ်ရပ်တွင် အလုပ်သမားဆန္ဒပြမှုများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူး ဦးသန့်၏ ရုပ်ကလာပ်သဂြိုဟ်မည့် ကိစ္စကို အကြောင်းပြု၍ ဦးသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် သခင်ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်း  ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။

၁၉၇၇ ခုနှစ်၊ စက်တင်ဘာလတွင် မဆလပါတီ အာဏာရှင်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနှင့် သီးခြားပြည်နယ် သီးခြားအစိုးရဖွဲ့ရန် ကိစ္စရပ်များ ပေါ်ပေါက်လာခဲ့သည်။ တိုင်းပြည်၏ စီးပွားရေး အခြေအနေများလည်း တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာစဉ်အတွင်း ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် နိုင်ငံတော်အတွင်း လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူကျပ် ၁ဝဝ တန်၊ ကျပ် ၅ဝ တန်နှင့် ကျပ် ၂ဝ တန်တို့ကို လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို လည်းကောင်း တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သောကြောင့် လူထုတစ်ရပ်လုံး အထွေထွေ မကျေနပ်မှုများ ဖြစ်ပွားလာခဲ့သည်။ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန်တို့ကို ထုတ်ဝေထားသည်မှာ ၂ နှစ်ခန့် သာ ရှိသေးသည်။ ထိုစဉ်အတွင်း ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်း အနောက်ရပ်ကွက်မှ လူငယ်အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ အစိုးရက အကြမ်းဖျက် ဖြိုခွင်းမှုကြောင့် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင်ကမ္ဘာကျော် “ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး” တစ်ပြည်လုံးတွင် အုံကြွ ပေါ်ထွက်လာခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်