သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်) (Than Win Hlaing)

August 7, 2012

သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်)

သန်းဝင်းလှိုင်၊ သြဂုတ် ၇၊ ၂၀၁၂

ထက်မြက်သော တို့ဗမာအစည်းအရုံးခေါင်းဆောင်ဖြစ်ပြီး ဂျပန်ပြည်၌ အုပ်ချုပ်ရေးပညာကိုသာ သင်ယူ၍ ဗိုလ်ဘွဲ့မခံယူခဲ့သော ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်သည် နောင်တွင် မိမိအခွင့်အရေးရရှိရေးအတွက် လက်မောင်းသွေးဖောက်၍ သစ္စာပြုထားသည့် လုပ်ဖော်ကိုင်ဖက်ဗိုလ်ချုပ်အောင်ဆန်းအပေါ် အဆိုးရွားဆုံးသစ္စာဖောက်ပြီး နယ်ချဲ့အလိုတော်ရိဖြစ်သွားသောကြောင့် နောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းတွင် တဖြည်းဖြည်းတိမ်မြှုပ်သွားခဲ့ရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

သခင်ထွန်းအုပ်ကို ၁၉၀၇ခုနှစ်ဒီဇင်ဘာလ၇ရက် စနေနေ့နံနက် ၁နာရီတွင် ပြည်ခရိုင် သဲကုန်းမြို့နယ် သိုက်တောရွာ၌ မြေပိုင်ရှင် ဦးရွှေ၊ ဒေါ်ရွှေသားတို့မှ ဖွားမြင်ခဲ့သည်။ အမည်အရင်းမှာ ကိုထွန်းအုပ်ဖြစ်ပြီး တို့ဗမာအစည်းအရုံးအဖွဲ့သို့ ဝင်သောအခါ သခင်ထွန်းအုပ် ဖြစ်လာသည်။ ဂျပန်၌ အုပ်ချုပ်ရေးပညာသင်စဉ်က ဂျပန်အမည်မှာ အိချီဟာရအိရှိရော (Ishihara Ishiyo)ဖြစ်သည်။ အသက်၎နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက်၁၄နှစ်အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သည်။

ငယ်စဉ်က သိုက်တောရွာ အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၇တန်းအောင်မြင်ခဲ့သည်။ ၁၉၂၄ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ၇တန်းစာမေးပွဲကို ပြင်ပမှဝင်ရောက်ဖြေဆိုခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ တိုင်းရင်းသား ဆရာဖြစ်သင်(နော်မန်)ကျောင်းတွင် အစိုးရအထောက်အပံ့ဖြင့် တက်ရောက်ခဲ့သည်။ ဆရာဖြစ်သင်စာမေးပွဲကို ဖြေဆိုရာ ရှုံးနိမ့်ခဲ့သည်။ ယင်းနောက် ကြည့်မြင်တိုင်ရှိ ဦးမောင်မောင် အလွတ် ပညာသင်ကျောင်းတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ ၁၉၂၇ခုနှစ်တွင် သီဟိုဠ်(ယခုသီရိလင်္ကာ)နိုင်ငံ ကိုလံဘိုမြို့ စိန်ဂျိုးဇက်ကောလိပ် တွင် ပညာသင်ကြားခဲ့ပြီး စီနီယာကင်းဘရစ်တန်း အောင်မြင်ခဲ့သည်။ ကျောင်းနေစဉ် ကိုလံဘိုမြို့ရှိ မြန်မာကျောင်းသားများအသင်းတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုမှတဆင့် ဟာနနာကောလိပ် (Hanana College)တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။

၁၉၃၀ပြည့်နှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း(ယခင်စပတ်လမ်း)ရှိ စိန့်ဂျိုးဇက် ကော်မာရှယ်ကောလိပ်တွင် ဆက်လက်ပညာသင်သည်။ ၁၉၃၁ခုနှစ်တွင် ကျောင်းမှထွက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၃၂ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ဝင်၍ သခင်အမည်ခံယူသည်။

ထို့နောက် ၁၉၃၄ခုနှစ်တွင် သဲကုန်းမြိ့၌ “မြို့စား(လယ်သမား)မြီရှင်(လယ်ပိုင်ရှင်)စေ့စပ်ဖျန်ဖြေရေးအသင်း”ကို ဦးဆောင်ဖွဲ့စည်း၍ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ် ဧပြီလတွင် ရန်ကုန်မှ သခင်ဗစိန်၊ သခင်လေးမောင်၊ ရှင်အရိယ (ဦးဥတ္တမ၏ ညီကိုရင်ကြီး) တို့သည် တို့ဗမာအစည်းအရုံးဝါဒဖြန့်ချိရေးအတွက် ပုတီးကုန်းသို့ ရောက်ရှိလာရာ တရားပွဲကို တာဝန်ခံကျင်းပပေး ခဲ့သည်။ တို့ဗမာဝါဒဖြန့် ချိရေးအတွက် ပြည်ခရိုင်အတွင်းသာမက အောင်လံ၊ သရက်၊ မင်းဘူး၊ ရေနံချောင်း၊ ချောက်မြို့များအထိ သခင်ဗစိန်နှင့်အတူ လိုက်ပါ စည်းရုံးတရားဟောခဲ့သည်။ ထိုအချိန်မှစ၍ သခင်အသင်းအတွက် အချိန်ပြည့် ဆောင်ရွက်ခဲ့သည်။

၁၉၃၅ခုနှစ် မတ်လ၃၀ရက်နေ့တွင် ရေနံချောင်းမြို့၌ကျင်းပသော ပထမအကြိမ် တို့ဗမာအစည်းအရုံးညီလာခံမှ ဋ္ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့၏ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၃၆ခုနှစ် ဇွန်လ၂၇ရက်မှ ၂၉ရက်နေ့အထိ မြင်းခြံမြို့ ကိုးခန်းတန်ဆောင်းကြီး၌ ကျင်းပသော ဒုတိယအကြိမ်တို့ဗမာအစည်းအရုံးညီလာခံမှ ဋ္ဌာနချုပ်အလုပ်အမှုဆောင် အတွင်းရေးမှူးချုပ် အဖြစ်လည်းကောင်း တင်မြှောက်ခံရသည်။

ယင်းနောက် ၁၉၃၇ခုနှစ် ဧပြီလ၁၀ရက်နေ့တွင် ဥပဒေနှင့်ငြိစွန်းသော နယ်ချဲ့ဆန့်ကျင်ရေးတရားဟောပြောမှုကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၆လ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။ သို့သော် မေလ၂၁ရက်နေ့တွင် ဆဋ္ဌမမြောက် ဂျော့ဘုရင်ဘိသိက်ပွဲ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၁၉၃၈ခုနှစ် ဇန်နဝါရီလ၁၆ရက်နေ့တွင် တရားဟောပြောမှုကြောင့် ဒုတိယအကြိမ် ထောင်ဒဏ်၁နှစ် ချမှတ်ခံရပြန်သည်။ အကျဉ်းကျခံနေရစဉ် တို့ဗမာအစည်းအရုံးနှစ်ခြမ်း ကွဲသွားခဲ့သည်။ ၁၉၈ခုနှစ် နိုဝင်ဘာလ၁၉ရက်နေ့တွင် အကျဉ်းလွတ်မြောက်ပြီးနောက် သခင်ဗစိန်ဂိုဏ်း တို့ဗမာအစည်းအရုံး၌ ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၃၈ခုနှစ် နိုဝင်ဘာလ ၁၂ရက်နေ့ မှ ၂၄ရက်နေ့အထိ သာယာဝတီခရိုင် သုံးဆယ်မြို့ ပန်းဆွဲရွာတွင် ကျင်းပသော စတုတ္ထအကြိမ် တို့ဗမာအစည်းအရုံးညီလာခံတွင် သခင်ဗစိန်ဂိုဏ်း တို့ဗမာအစည်းအရုံး၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

၁၉၃၉ခုနှစ် မတ်လ၁ရက်နေ့တွင် ‘သခင်’သတင်းစာ ထုတ်ဝေခဲ့သည်။ အယ်ဒီတာမှာ သခင်ညီ (ဗိုလ်ချုပ်ကြီးနေဝင်း၏ ဦးလေး)ဖြစ်သည်။ ၁၉၄၀ပြည့်နှစ် ဧပြီလ၁၆ရက်နေ့တွင် ဖျာပုံမြို့၌ကျင်းပသော တို့ဗမာအစည်းအရုံး ပဉ္စမအကြိမ်ညီလာခံတွင်လည်း ဥက္ကဋ္ဌအဖြစ် သခင်ထွန်းအုပ်ကိုပင် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ဖျာပုံညီလာခံတွင် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်ဘက်မှ ဝင်ရောက်၍ စစ်ရေး အကူအညီမပေးရေး၊ အင်္ဂလိပ်တို့အား လက်နက်ကိုင်တော်လှန်ရေးတွင် ဂျပန်နိုင်ငံမှ အကူအညီရယူရေးနှင့် ဂျပန်ပြည်မှ လက်နက်အကူ အညီများရရှိခဲ့လျှင် သဘောင်္ဖြင့် တင်ယူ၍ ဖျာပုံခရိုင် ပင်လယ်ကမ်းခြေဒေသတစ်ခုတွင် သဘောင်္ဆိုက်ပြီး လက်နက်များ သယ်ချရန်၊ ဖျာပုံရှိ သခင်ရဲဘော်များနှင့် လျှို့ဝှက်စွာ အတည်ပြုချမှတ်ခဲ့လေသည်။

ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှတို့ကို လက်နက်ကိုင်တော်လှန်ရန် ဂျပန်ဆရာဝန် စူဇူကီးမှတဆင့် ဂျပန်စစ်ကောင်စစ်ဝန် မစ္စတာဖူကိုင်းခေါ် မစ္စတာဟုမ္မာနှင့် ဆက်သွယ်ခဲ့သည်။ ဂျပန်ကောင်စစ်ဝန်၏ အကြံပေးချက်အရ သခင်ထွန်းအုပ်သည် ဗမာ့လက်ရုံးတပ် ဗိုလ်ချုပ်သခင်လှဖေ(ပင်ဖြူ)ကို ထိုင်းနိုင်ငံသို့ စေလွှတ်ရန် ကြိုးစားရာ မအောင်မြင်ခဲ့ပေ။

၁၉၄၀ပြည့်နှစ် ဇွန်လ၁၀ရက်နေ့တွင် သခင်ထွန်းအုပ်သည် ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်)၌ ဂျပန်သွားစိုက်ဆရာဝန် မစ္စတာ ကိုကုဘု (Mr. Kokubu)နှင့် မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်တို့ထဲမှ အကူအညီရရန် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေး ပြီးနောက် သခင်ထွန်းအုပ်သည် သခင်ဗစိန်အား ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူးနှင့် တွေ့ဆုံရန် ၁၉၄၀ပြည့်နှစ် အောက်တိုဘာလ လဆန်းတွင် ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။ သို့သော် သခင်ဗစိန်သည် ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ရန်ကြိုးစားစဉ် ၁၉၄၀ပြည့်နှစ် အောက်တိုဘာလ၁၃ရက်နေ့တွင် ဗြိတိသျှ စုံထောက်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

သခင်ထွန်းအုပ်သည် ၁၉၄၀ပြည့်နှစ် အောက်တိုဘာလတွင် သခင်အောင်သန်း(နောင်ဗိုလ်စင်္ကြာ)အား ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ် ခဲ့သည်။ သခင်အောင်သန်းသည် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ချောမောစွာ ရောက်ရှိသွားပြီး ဘန်ကောက်မြို့ရှိ ဂျပန် အာဏာပိုင်များနှင့်ဆက်သွယ်ဆောင်ရွက်ကာ သခင်ထွန်းအုပ်ထံ မြန်မာနိုင်ငံရှိ နိုင်ငံရေးအဖွဲ့ သုံးလေးဖွဲ့မှ လူငယ်၄၀ခန့် စစ်ပညာ သင်ရန်အတွက် လျှို့ဝှက်စွာစေလွှတ်ပေးရန် အကြောင်းကြားခဲ့သည်။ သခင်ထွန်းအုပ်သည် သခင်အောင်သန်း၏ အကြောင်းကြားချက် အရ ၁၉၄၁ခုနှစ် မေလတွင် သခင်သစ်(နောင်ဗိုလ်စောနောင်)နှင့် သခင်ကျော်စိန် (ဗိုလ်မိုးညို) တို့အား ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့ရာ မအောင်မြင်ခဲ့ပေ။

သခင်ကိုယ်တော်မှိုင်း၊ သခင်မြတို့နှင့် ဗိုလ်မှူးကြီးဆူဇူကီးတို့ ဆက်သွယ်မိပြီး ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် မြန်မာမျိုးချစ်လူငယ်များ စေလွှတ်နေချိန်တွင် ဂျပန်သံအမတ်က သခင်ထွန်းအုပ်ကိုယ်တိုင် ဂျပန်နိုင်ငံသို့ သွားရောက်ရန် တိုက်တွန်းသည့်အတွက် မြန်မာလူငယ် စတုတ္ထအသုတ်နှင့်အတူ အဖွဲ့ခေါင်းဆောင်အဖြစ် ၁၉၄၁ခုနှစ် ဇူလိုင်လ၈ရက်နေ့တွင် ကိုရိယုမာရူး (Koriyu Maru) သဘောင်္ဖြင့် ရန်ကုန်မှ ထွက်ခွာခဲ့သည်။ ၁၉၄၁ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ရှန်ဟိုင်းမှ လေယာဉ်ဖြင့် ဂျပန်ကျူရှုးကျွန်း နာဂါစကီမြို့အနီးရှိ ရေတပ်စခန်းသို့ ဇူလိုင်လ ၂၄ရက်နေ့တွင် ရောက်ရှိခဲ့သည်။

စတုတ္ထအသုတ် လူငယ်၁၀ဦး တိုကျိုမှတဆင့် ဟိုင်နန်ကျွန်းသို့ သြဂုတ်လ၈ရက်နေ့တွင် ထွက်ခွာသွားသောအခါ သခင်ထွန်းအုပ်သည် အုပ်ချုပ်ရေးပညာများကိုသာသင်ကြားရန် တိုကျိုမြို့၌ နေရစ်ခဲ့သည်။ အုပ်ချုပ်ရေးပညာရပ်သာ သင်ကြားခဲ့မှုကြောင့် သခင်ထွန်းအုပ်သည် ကျန်ရဲဘော်သုံးကျိပ်ဝင်များကဲ့သို့ ဗိုလ်ဘွဲ့မခံယူခဲ့ပေ။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)စစ်ဋ္ဌာနချုပ်နှင့် ဂျပန်တပ်များ မော်လမြိုင်စစ် ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချီတက်ဝင်ရောက်ရာတွင် သခင်ထွန်းအုပ်ပါဝင်ခဲ့သည်။ ၁၉၄၂ခုနှစ် မတ်လ၈ရက်နေ့တွင် ဂျပန်ခြေလျင်တပ်မကြီးအမှတ် ၂၁၅နှင့် ဘီအိုင်အေတပ်တို့ နံနက်၁၀နာရီတွင် ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ဧပြီလ ၇ရက်နေ့တွင် မီနာမီကီကန်အဖွဲ့ဥက္ကဋ္ဌက ဘီအိုင်အေတပ်ဖွဲ့အုပ်ချုပ်ရေးဋ္ဌာနမှူး သခင်ထွန်းအုပ်အား မြန်မာနိုင်ငံဗဟိုအစိုးရအုပ်ချုပ်ရေးအရာရှိချုပ် အဖြစ် ဂျပန်တို့၏ ခန့်အပ်ခြင်းခံရကာ ရန်ကုန်မြို့ အမှတ်၈၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း (ယခုပန်းချီပန်းပုပြခန်း၊ ရန်ကုန်)တွင် ရုံးထိုင်၍ မြန်မာနိုင်ငံအမိန့်ပြန်တမ်းအမှတ်(၁)ကို ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်၌ မြန်မာနိုင်ငံဗဟိုအစိုးရ၏ အမှုထမ်းအရာထမ်းအားလုံးကို တရားဝင်အမြဲတမ်းဝန်ထမ်းအဖြစ် အသိအမှတ်ပြုသည်။ ထို့အပြင် အုပ်ချုပ်ရေးစနစ်ကို ရုတ်တရက်မပြုပြင်ဘဲ လောလောဆယ်တွင် အင်္ဂလိပ်ခေတ်က စနစ်အတိုင်း ဆောင်ရွက်သွားမည် စသည်တို့ ပါဝင်သည်။ ဗဟိုအစိုးရတွင် ဋ္ဌာန ၁၀ခု ခွဲဝေဖွဲ့စည်းပြီး ဋ္ဌာနမှူးများကို ခန့်အပ်ထားသည်။ ဋ္ဌာနမှူးအသီးသီးတို့သည် တချိန်တည်း၌ အုပ်ချုပ်ရေးအရာရှိချုပ်နှင့် အုပ်ချုပ်ရေးကို စီရင်စုနယ်(ခရိုင်)၊ မြို့နယ်၊ မြို့မ၊ ကျေးရွာဟူ၍ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ခွဲ၍ ဒီမိုကရေစီစနစ်အရ လုပ်ကိုင်ဆောင်ရွက်ကြရသည်။

ယင်းနောက် ဂျပန်တို့သည် မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးစနစ်အရ အုပ်စိုးသွားရန် ရည်ရွယ်၍၊ ၁၉၄၂ခုနှစ် ဇွန်လ၄ရက်နေ့တွင် မြန်မာပြည်ရှိ ဂျပန်တပ်များ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးအီးဒါးက “စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုနှင့် ဗမာနိုင်ငံဗဟိုအုပ်ချုပ်ရေးစီစဉ် မှုအဖွဲ့ ဖွဲ့စည်းခြင်း”နှင့်ပတ်သက်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်၍ အုပ်ချုပ်ရေးကော်မတီအဖွဲ့လူကြီးများအဖြစ် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘမော်၊ အဖွဲ့ဝင်များအဖြစ် ဒေါက်တာသိမ်းမောင်၊ သခင်မြ၊ သခင်ထွန်းအုပ်၊ ဗန္ဓုလဦးစိန်၊ သခင်နု၊ ဦးဘသိန်း(ဓားမတပ်ဗိုလ်) ဦးလှဖေ၊ သခင်ဗစိန်တို့ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုနေ့မှာပင် ဂျပန်တပ်မတော်စစ်ဦးစီးချုပ်ရုံးက သခင်ထွန်းအုပ်ဦးစီးသည့် မြန်မာနိုင်ငံဗဟိုအစိုးရအဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်ကို အမှတ်၁၅တပ်မတော် သေနာပတိလက်အောက်ခံနယ် အဖြစ် သတ်မှတ်၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည်ဟု ကြေညာခဲ့သည်။ တဆက်တည်းမှာပင် ဇွန်လ၁၀ရက်နေ့တွင် မီနာမီကီကန် (Minami Kikan) အဖွဲ့ကို ဖျက်သိမ်းပစ်လိုက်သည်။

၁၉၄၁ခုနှစ် သြဂုတ်လ၁ရက်နေ့တွင် မြန်မာနိုင်ငံရှိ ဂျပန်တပ်မတော်စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက ဂျပန်စစ်ဘက်ဆိုင်ရာ အမိန့်အမှတ်၁၂ကို ထုတ်ပြန်၍ မြန်မာပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အစိုးရအဖွဲ့ဝင်များမှာ-

(၁)ဒေါက်တာဘမော်                     –           ဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး

(၂)ဒေါက်တာသိမ်းမောင်                –           ဘဏ္ဏာရေးဝန်ကြီး

(၃)သခင်သန်းထွန်း                      –           စိုက်ပျိုးရေးဝန်ကြီး

(၄)သခင်ထွန်းအုပ်                        –           သစ်တောရေးဝန်ကြီး

(၅)ဦးလှဖေ                                 –           ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုလက်မှုဆိုင်ရာဝန်ကြီး

(၆)သခင်ဗစိန်                              –           ခရီးလမ်းအဆက်အသွယ်နှင့်ဆည်မြောင်းဘက်ဆိုင်ရာဝန်ကြီး

(၇)ဦးဘဝင်း                                –           ပညာရေးနှင့်ကျန်းမာရေးဝန်ကြီး

(၈)ဦးထွန်းအောင်                         –           တရားရေးဋ္ဌာနဝန်ကြီး

(၉)ဗန္ဓုလဦးစိန်                            –           လမ်းပန်းအဆောက်အအုံဆိုင်ရာဝန်ကြီး

(၁၀)သခင်မြ                               –           ဋ္ဌာနလက်ကိုင်မရှိဝန်ကြီး

တို့ဖြစ်ကြသည်။

၁၉၄၂ခုနှစ် သြဂုတ်လ၉ရက်နေ့တွင် သခင်ဗစိန်၊ သခင်သန်းထွန်းဦးစီးသော တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော်ဦးစီးသော ဆင်းရဲသားဝံသာနုအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့အဖွဲ့ချုပ်ကြီး(တို့ဗမာဆင်းရဲသားအစည်းအရုံး)ကို တဖွဲ့၊ တသွေး၊ တသံ၊ တမိန့်စနစ် (အာဏာရှင်စနစ်)ဖြင့် ဖွဲ့စည်းပြီး အဖွဲ့၌ အာဏာရှင်၏ အတိုင်ပင်ခံအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၁၉၄၃ခုနှစ် သြဂုတ်လ၁ရက်နေ့တွင် မြန်မာပြည်အား ဂျပန်တို့က အတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေး ပေးသောအခါ သခင်ထွန်းအုပ်သည် အစိုးရအဖွဲ့၌ မပါဝင်ရတော့ဘဲ ၁၉၄၃ခုနှစ် သြဂုတ်လ၁၁ရက်နေ့တွင် သခင်ဗစိန်နှင့်အတူ သခင်ထွန်းအုပ်အား ဂျပန်အာဏာပိုင်တို့က စင်္ကာပူသို့ အကျယ်ချုပ်ဖြင့် ပြည်နှင်ဒဏ်ပေးခဲ့သည်။ စင်္ကာပူတွင် စစ်ပြီးသည်အထိ နေထိုင်ခဲ့ရပြီး ၁၉၄၅ခုနှစ် သြဂုတ်လ၅ရက်နေ့တွင် ဂျပန်တို့ လက်နက်နက်ချပြီးနောက် စင်္ကာပူမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်ခဲ့သည်။ ဘန်ကောက် မြို့မှတဆင့် ရန်ကုန်မြို့သို့ ဗြိတိသျှစစ်လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ ၁၉၄၅ခုနှစ် နိုဝင်ဘာလ၁၉ရက်နေ့တွင် ဘုရင်ခံဒေါ်မန်စမစ်သည် အမှုဆောင်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ခုနှစ် ဇန်နဝါရီလ၃၀ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံဆာဒေါ်မန် စမစ်က အမှုဆောင်ကောင်စီ (ဝန်ကြီးအဖွဲ့)ကို ရေးဆွဲဖွဲ့စည်းကာ သခင်ထွန်းအုပ်အား အမျိုးသားစီမံကိန်းဋ္ဌာန (Planning Department)တွင် ခန့်အပ်ခဲ့သည်။

ထို့နောက် ၁၉၄၆ခုနှစ် မတ်လ၂၁ရက်နေ့တွင် ကျင်းပသော ဘုရင်ခံ၏ ဥပဒေပြုကောင်စီ ပထမဆုံးအစည်းအဝေးတွင် ဝန်ကြီး သခင်ထွန်းအုပ်က ထ၍ မြန်မာ့လွတ်လပ်ရေးတပ်မတော် (B.I.A)၏ တပ်ဖွဲ့များ တနင်္သာရီမှ ဗမာပြည်မြောက်ပိုင်းသို့ ချီတက်ကြစဉ် သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုန်းရွာ၌ ဗြိတိသျှဘက်တော်သား မူဆလင်ရွာသူကြီး အဗ္ဗဒူရာရှစ်အား ဗိုလ်ချုပ်အောင်ဆန်းက သတ်ခဲ့ ကြောင်း စွပ်စွဲလေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ထိုစဉ်က ဗိုလ်မှူးချုပ်ရာထူးနှင့် စစ်ဦးစီးအရာရှိရာထူးကို ထမ်းရွက်နေစဉ် ဖြစ်သည်။ သူ့အထက်တွင် ဂျပန်အရာရှိ(၂)ဦးသာ ရှိသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်း၍ ရုံးတင်စစ်ဆေးသင့်သည်ဟု ၄င်းက အဆိုပြုသည်။ လူသတ်မှုတွင် သူသည် မျက်မြင်သက်သေဖြစ်၍ တရားဆိုင်ရာတွင် သူ့အနေဖြင့် သက်သေခံမည်ဟုလည်း ဆိုခဲ့သည်။

လက်မောင်းသွေးဖောက်၍ သစ္စာပြုထားသည် လုပ်ဖော်ကိုင်ဖက်တစ်ဦးအပေါ် အဆိုးရွားဆုံးသစ္စာဖောက်ပြီး နယ်ချဲ့ဘုရင်ခံနှင့် အတိုင်အဖောက်လုပ်ခဲ့သော သခင်ထွန်းအုပ်အား တပြည်လုံးက အံ့သြသွားကြသည။် နိုင်ငံခြားသို့ပါ ဂယက်ရိုက်သွားသည်။ မိမိ ကောင်းစားရေး ရာထူးရရှိရေးအတွက် နယ်ချဲ့အလိုကျ လုပ်ဖော်ကိုင်ဖက်တဦးအား သေတွင်းနှုတ်ခမ်းဝသို့ အကြင်နာကင်းစွာ တွန်းပို့ လိုက်သော သူ့လုပ်ရပ်အတွက် တပြည်လုံးက အော့နှလုံးနာကြသည်။ စက်ဆုပ်ရွံရှာကြသည်။ ထိုအချိန်မှစ၍ သခင်ထွန်းအုပ်၏ နိုင်ငံရေးသမိုင်းသည်လည်း ကွေးသွားခဲ့လေသည်။

သခင်ထွန်းအုပ်က အရေးယူရန် တိုက်တွန်းလာသောအခါ ယင်းသတင်းသည် ပြည်တွင်းပြည်ပ နှစ်ဋ္ဌာနစလုံးသို့ ပျံ့နှံ့သွားသည်။ သတင်းစာများကလည်း အရေးတယူရေးသားဖော်ပြခဲ့ကြသည်။ ဘုရင်ခံက ပုလိပ်(ရဲ)အဖွဲ့ကို စုံစမ်းစစ်ဆေးအရေးယူရန် ညွှန်ကြားသည်။ တချိန်တည်းမှာပင် အင်္ဂလန်ရှိ မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံ ဗိုလ်ချုပ်အောင်ဆန်းအားဖမ်းရန် ခွင့်ပြုမိန့်ကို ဘုရင်ခံက တောင်းခံခဲ့ သည်။

မြန်မာပြည်ဆိုင်ရာ အတွင်းဝန်က လောလောဆယ်ချက်ချင်းလက်ငင်း ဖမ်းဆီးရန် အရေးယူဆောင်ရွက်ခြင်းကို ဆန့်ကျင်သည်ဟု အကြောင်းပြန်သည်။

 ၁၉၄၆ခုနှစ် ဧပြီလ၁၈ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ၌ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျွန်ုပ်လိပ်ပြာမှာ အမြဲသန့်ရှင်း လျက်’ ဆောင်းပါးရေးသားကာ ဘီအိုင်အေ မြန်မာနိုင်ငံအတွင်း ချီတက်လာစဉ် ရွာသူကြီးတစ်ဦးအား သတ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။

နောက်ပိုင်းတွင် သခင်ထွန်းအုပ်ကိုယ်တိုင် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်း အင်္ဂလိပ်တို့စုံစမ်းသိရှိသွားသည်။ ၁၉၄၃ခုနှစ်က သခင်ထွန်းအုပ်ကိုယ်တိုင်ရေးသားထုတ်ဝေသော “ကျွန်ုပ်၏စွန့်စားခန်း” စာအုပ်တွင် သူသည် ဗိုလ်ချုပ်အောင်ဆန်း  ထက်ပင် အင်္ဂလိပ်အစိုးရကို ပိုမိုပြင်းထန်စွာ ဆန့်ကျင်သူဖြစ်ကြောင်း အင်္ဂလိပ်တို့သိရှိသွားသည်။ ဤသို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် ကျင်းပခဲ့သော မတ်လ၂၇ရက်နေ့ ဘုရင်ခံအိမ်တော်အစည်းအဝေးမှာ သောင်မတင်ရေမကျဖြင့် ပြီးဆုံးသွားလေသည်။

ယင်းနောက် ၁၉၄၆ခုနှစ် စက်တင်ဘာလ၂၆ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝန်ကြီးအဖွဲ့၌ သခင်ထွန်းအုပ်မပါဝင်တော့ချေ။

၁၉၄၇ခုနှစ် ဇူလိုင်လ၁၉ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ၁၉၄၇ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး ဥပဒေ ပုဒ်မ၅ဖြင့် ဒေါက်တာဘမော်၊ သခင်ဗစိန်တို့နှင့်အတူ အဖမ်းခံရပြီး ၁၉၄၇ခုနှစ် ဒီဇင်ဘာလ၂၄ရက်နေ့တွင် ပြန်လည်လွတ်မြောက်သွားခဲ့ သည်။

၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် သခင်ထွန်းအုပ်သည် ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံတွင် ပါဝင်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ၁၉၅၁ခုနှစ် ပထမအကြိမ်ပါလီမန်ရွေးကောက်ပွဲတွင် ကြည့်မြင်တိုင်တောင်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံအမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၅၂ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ခုနှစ် သြဂုတ်လတွင် အတိုက်အခံပေါင်းစုံမဟာမိတ်အဖွဲ့ (အမအ) ဖွဲ့စည်းရာ တွင် ပါဝင်ခဲ့သည်။ ၁၉၅၆ခုနှစ် ဧပြီလ၂၇ရက်နေ့တွင် ဒုတိယအကြိမ်ပါလီမန်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် ပြည်မဲဆန္ဒနယ်နှင့် သဲကုန်းမဲဆန္ဒနယ်မြေမှ အမျိုးသားမဟာမိတ်အမတ်လောင်းအဖြစ်လည်းကောင်း၊ ၁၉၆၀ ဖေဖော်ဝါရီလ၆ရက်နေ့တွင် ကျင်းပခဲ့သော သိမ်ဖြူတောင်ပိုင်းမဲဆန္ဒနယ်မြေနှင့် တွံတေးမဲဆန္ဒနယ်မြေတို့မှ တို့ဗမာအစည်းအရုံးအမတ်လောင်းအဖြစ်လည်းကောင်း ဝင်ရောက် ယဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့လေသည်။

သခင်ထွန်းအုပ်သည် တောင်တွင်းကြီးမြို့နေ ဦးဘတင်၊ ဒေါ်စံရင်တို့၏ ဒုတိယသမီးဖြစ်သူ ဒေါ်ခင်တုတ်နှင့် ၁၉၃၂ခုနှစ်တွင် လက်ထပ်ခဲ့သော်လည်း သားသမီးမထွန်းကားခဲ့ချေ။ ဒေါ်ခင်တုတ်၏ ညီမဒေါ်ခင်နုကို ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းက လက်ထပ် ခဲ့၍ သခင်ထွန်းအုပ်နှင့် ဦးအောင်သန်းတို့သည် မယားညီအစ်ကိုတော်လေသည်။ သခင်ထွန်းအုပ်၏မောင် ဗိုလ်မှူးဇော်သန်း (ငြိမ်း)၏သား၊ မောင်နန်းမြင့်ကို မွေးစားခဲ့သည်။

ဤသို့ဖြင့် အမေ့ခံဝါရင့်နိုင်ငံရေးသမားကြီး သခင်ထွန်းအုပ်သည် ၁၉၇၀ပြည့်နှစ် ဇန်နဝါရီလ၂၄ရက် စနေနေ့တွင် ၄င်းငှားရမ်းနေထိုင်သော ရန်ကုန်မြို့ ကီလီလမ်း(ယခုဝါးတန်းလမ်း) အမှတ်(၂၀၈)နေအိမ်၌ စိတ်ရောဂါဖြင့် မထင်မရှားကွယ်လွန် သွားခဲ့ရလေသည်။ ကွယ်လွန်စဉ်က ဇနီးဒေါ်ခင်တုတ်နှင့် မွေးစားသားမောင်နန်းမြင့်တို့ ကျန်ရစ်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ထားသည်။

သခင်ထွန်းအုပ်သည် ကိုလိုနီခေတ် ၁၉၄၃တွင် အင်္ဂလိပ်ခေတ် လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် နိုင်ငံရေးအတွေ့အကြုံများကို မှတ်တမ်းတင်ထားသည့် “ကျွန်ုပ်၏စွန့်စားခန်း” စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

သခင်ထွန်းအုပ်သည် ၁၉၅၉ခုနှစ် မတ်လ၂၇ရက်၌ နိုင်ငံတော်က ချီးမြှင့်သော လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်)တံဆိပ်ကို ရရှိခဲ့သည်။

……………..

Based on:

၁) ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ် ပထမအကြိမ် အင်းဝစာပေတိုက် ၁၉၉၈

၂) ဦးခင်အောင်၊ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ တတိယကြိမ် ခေတ်ပြိုင်ဂျာနယ်တိုက် ၂၀၀၆။

၃) မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ) သမိုင်းသုတေသနဋ္ဌာန၊ ပထမကြိမ် ၂၀၀၉။

၎) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမအတွဲ၊ ပညာရွှေတောင်၊ ပထမအကြိမ်၊ ၂၀၁၀။

၅) သခင်ထွန်းအုပ်၏မိသားစုအားမေးမြန်းချက် (၁၉-၄-၉၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်, အခန်းဆက်များ

One Response to သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်) (Than Win Hlaing)

  1. စိန် on August 8, 2012 at 8:01 pm

    ဆရာ သန်းဝင်းလှိုင်
    ဟုတ်ရဲ့လားဗျ ။ သခင်ထွန်းအုပ်ရဲ့သား တွေလို့ပြောတဲ့ ကိုဌေးရွှေထွန်း ( စိုက်ပျိုး တက္ကသိုလ် ၊မာဇူး၊ ဇေယျာဆောင်)) ။ ကိုသန်းဌေးထွန်း (သစ်တော၊ ရာဇူး) တို့ နဲ့ အတူနေခဲ့ဖူးတယ် ။ ကိုလွမ်းဏီ ကြိးကိုမေးကြည့်ပါဦး ။ သူတို့ အမ တောင် သတင်းစာကိုယ် စားလှယ် (မင်းဘူးမှာ) လုပ်တယ် လို့သိရတယ်။
    ဆရာ့ စာတမ်းတွေအားလုံး ကောင်းတယ် ။ ကြိုဆိုတယ် ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်