နောက်ကြည့်မှန်ကိုကြည့်ပြီး အတိတ်ကိုပြန်လှည့် ကြည့်လိုက်မိခြင်း (Pyay Say Nit)

August 8, 2012

ပြေ၊ဆေး၂၊ (သြဂုတ် ၈၊ ၂၀၁၂)

လွန်ခဲ့သော မတ်လ ၁၇ရက်က လာရှိုးကို ဒေါ်အောင်ဆန်းစုကြည်လာပြီး လားရှိုးမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် စိုင်းမြင့်မောင်အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးခင်္ရီးအဖြစ် ရောက်လာခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည် လာမည်ဆိုလိုက်သည်နှင့် ကျွန်တော် စိတ်တွေ လှုပ်လှုပ်ခတ်နေလေပြီ။ လွန်ခဲ့သော ၂၀၀၄တုန်းက ဒေါ်အောင်ဆန်းစုကြည် မူဆယ်လာစဉ်က မူဆယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဘယ်လို့မှ ဆက်သွယ်၍ မရသောကြောင့်လည်းကောင်း ကျွန်တော်ကိုယ်တိုင်က ဆေးခန်းလေးထဲမှ မထွက်နိုင်အောင်လူနာတွေနှင့် အလုပ်ရှုပ်နေခဲ့ရ၍လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့လိုက်ရချေ။

ကျွန်တော် မူဆယ်ရောက်လာတာကိုက နောက်ကြောင်းတွေက တပုံင်္ကြီးရှိနေခဲ့လေသည်။ ၁၉၉၆ အောက်တိုဘာမှာ မူဆယ်ရာက်လာချိန်တွင် ကိုဖျာပုံနီလုံဦး တယောက် အထဲ ရောက်သွားခဲ့ပြီဖြစ်လေသည်။ ကျွန်တော်က ၈၈တုန်းက ရန်ကုန်ဆေးရုံကြီးထဲမှာ ဂျီပီဆရာဝန်များအဖွဲ့ထဲမှာပါဝင်ခဲ့သည်။ ဒေါက်တာငွေစိုးလည်းပါသည်။ ကိုငွေစိုးကတော့ အဟောကောင်းအပြောကောင်းသည်။ ကျွန်တော်က မပြောတတ်။မဟောတတ်။ သို့သော် ရန်ကုန်ဆေးရုံကြီးထဲ အစာငတ်ခံ ဆန္ဒပြကြတော့ ကျွန်တော်တို့ မအားကြတော့။

လှိုင်မြို့နယ်စည်းရုံးရေးမှူး၊ ရပ်ကွက်၂မှာ ဒီချူပ်ဥက္ကဌလုပ်ခဲ့ပြီး ဂျပန် ၊တောင်အာဖရ်ကနိုင်ငံသို့ ထွက်သွားခဲ့သည်။ ပြန်လာတော့ ကိုနီလုံဦးနှင့် ထပ်ပြီးလှုပ်ရှားခဲ့ကြသည်။ ဒေါက်တာမောင်မောင်စောက စင်္ကာပူကို ထွက်သွားသည်။ တင်မောင်သန်းက မဲဆောက်ဘက်လစ်သွားသည်။နောက်အမေရိကန်။ အောင်ဝေးကား အခုတော့ အမေရိကန်ရောက်နေလေပြီ။ ကျွန်တော်ကတော့ မူဆယ်မှာပဲ သောင်တင်နေခဲ့လေသည်။

ပြီးခဲ့တဲ့ ၂နှစ်ကပဲ ကိုနီလုံဦး မူဆယ်ကို သင်္ကြန်တွင်းကြီးရောက်ချလာသည်။ သင်္ကြန်ရေစိုစိုထဲမှာ သူနှင့်ကျွန်တော်က ဒီချူပ် ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးဆွေးနွေးနေသည်။မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် လာရှိုးလာတော့ ကျွန်တော်လည်းမနေနိုင်တော့ ။ မြို့လေးက တက်ကြွတဲ့ လူငယ် ထွန်းကိုကို၊ စည်ဖခိုင်တို့နှင် အတူ လားရှိုးကိုလိုက်သွားခဲ့တော့လေသည်။ ကိုသောင်းထွန်းက လားရှိုးလိုက်လာသည်။ လားရှိုးကနေ၁၈ရက်ကျတော့ သိန္နီကိုလိုက်ပြီး လာရှိုးအပြန်မှာ လမ်းမှာ ၀င်းအောင်ခန့်က လမ်းကဖြတ်လိုက်လာသည်။ ကျွန်တော့်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့လိုက်ရလို့ မိန့်ခွန်းနားထောင်လိုက်ရလို့ ကလေးတယောက်လို မျက်ရည်တွေကျမိခဲ့ပါသေးသည်။

ကိုယ့်ဗွီဒီယိုကင်မရာလေးဖြင့် ရိုက်ခဲ့သေးလေသည်။ ကျွန်တော်တို့ မြို့လေးမှာ အဖွဲ့ချုပ်ဖွဲ့ဖို့ရာ အားပေးဆော်သြေနေမိလေသည်။ ဒီလိုနှင့် ကျွန်တော်တယောက် အဝေးကနေပဲ အတွေးထဲမှာ နေနေရ၏။အွန်လိုင်းပေါ်မှာပဲ ရုပ်ဖျက်နေခဲ့ရသည်။

ပြီးခဲ့တဲ့လက မူဆယ်ကို ကိုမြအေးတို့အဖွဲ့ရောက်လာသည်။ သူတို့တွေက တရုတ်ပြည်ကျယ်ဂေါင်မှာ တွေ့ဆုံပွဲလုပ်သည်။ ကျွန်တော်မနေနိုင်။ညကြီးပဲ ထသွားသည်။ သူတို့ကိုတွေ့ရတာ ရင်ထဲ လှိုက်နေသည်။ ၀မ်းသာလွန်းလို့ ကျွန်တော် နေမထိထိုင်မသာဖြစ်သည်။ ည၁၀နာရီကျော်မှ မူဆယ်ဘက်ပြန်လာခဲ့သည်။

တလောက မင်းကိုနိုင်၏ နောက်ကြည့်မှန် ၀တ္ထုအခန်းဆက်ကို ဂျာနယ်တခုထဲတွင် တွေ့လိုက်ရသောအခါ နည်းနည်းဖတ်ကြည့်လိုက်မိသော်လည်း ဂျာနယ်ထဲကအပြင်အဆင် နှင့်အခန်းဆက်မို့ ဆက်မဖတ်ဖြစ်လိုက်တော့ချေ။ ကျွန်တော်မှာ စာတပုဒ်ဖတ်လျှင် အရင်ဆုံး စကားပြေကို သိပ်ကို ထိရှလွန်းသောစိတ်ရှိလှသည်။ စကားပြေကို လွယ်လွယ်ပေါ့ပေါ့ရေးထားသော စာမျိုးဆို ဆက်ဖတ်ချင်စိတ်ကုန်ခမ်းသွားမိတတ်လေသည်။ တခါထဲ နောက်ဆိုမဖတ်တော့။

အခုတိုက်တိုက်ဆိုင်ဆိုင်ပဲ တက္ကသိုလ်နောက်ခံ လုံးချင်း တအုပ်ရေးဖို့ အတွက် ကျွန်တော်တို့ ခေတ်က တက္ကသိုလ်ဝန်းကျင် နှင့်ပတ်သက်သော ၀တ္ထုမှတ်တမ်းဆောင်းပါးတွေကို လိုက်ဝယ်ပြန်စုပြီး ဖတ်နေမိလေသည်။ဂျပန်ကနေ သားဝယ်လာတဲ့ Haruki Murakami  ရေးသော Norwegian Moodကို လွန်ခဲ့သော၂နှစ်က ဖတ်ထားရာပြန်ဖတ်နေမိခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘ၀အချစ် ၀တ္ထုဖြစ်သည်။ ရုပ်ရှင်ဆိုလည်း တက္ကသိုလ်နှင့်ပတ်သက်သော ရုပ်ရှင်ကိုရှာကြည့်သည်။ မြန်မာကားသာမက နိုင်ငံခြားကားတွေပါရှာကြည့်သည်။ ချိုပြုံး၏တက္ကသိုလ်ကငွေလမင်းဆိုတလောက အမ်မာတီဗွီဖိုးကပြန်ပြလို့ ဆွေးခဲ့ရလေသေး၏။

အခုပဲ ပြီးခဲ့တဲ့ နှစ်ရက်က ဆန်းမောင်ကျော်စာအုပ်ဆိုင်တွင် မင်းကိုနိုင်၏ နောက်ကြည့်မှန် ၀တ္ထုစာအုပ်ကိုတွေ့လိုက်ရလေသည်။ တွေ့တွေ့ခြင်းပဲ တအုပ်ကောက်ယူပြီး ပိုက်ဆံပေးလိုက်သည်။ ကားပေါ်ကဆင်း ၊အိမ်ရောက်သည်နှင့် ကာပူစီနိုတခွက်ဖျော် ရေနွေးဓါတ်ဗူးချ ရေနွေးခွက်ချပြီး တခါထဲ စဖတ်လိုက်မိပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်က ဒီစာအုပ်အပေါ်မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ ။ဆိုလိုချင်တာက အထူးသဖြင့် နိုင်ငံရေးသမားများရေးလေ့ရှိသော ရသစာပေများသည် မိမိယုံကြည်ကိုင်စွဲသော ၀ါဒတခုကို သကြားလူးကာ တန်ဆာဆင်ထားတတ်ကြလေသည်။

နိုင်ငံရေးသမားတွေ ရသစာပေရေးသည့်အခါ ၀တ္ထုထဲတွင် ကိုယ်ပြောချင်သော ၀ါဒ သဘောတရား ခံယူချက်ရပ်တည်ချက် ၀ါဒကို စည်းရုံးရေးသဘောပါအောင်ရေးသား စသည်တို့ကို ၀တ္ထုထဲက ဇာတ်ကောင်ကနေတဆင့် ပြောခိုင်းတတ်ကြသည်များကို ဖတ်ခဲ့ရဖူးလှပေပြီ။ ရသစာပေဆိုသော်လည်း ရသမဆန်ပဲ နိုင်ငံရေးသင်တန်းတက်နေရသလိုမျိုးခံစားခဲ့ရဖူးလှပေပြီ။ လူတန်းစား၊ပြည်သူ၊ဘူဇွာ ၊အရင်းရှင် စသောစကားလုံးတွေကို ၀တ္ထုထဲက ဇာတ်ကောင်ပါးစပ်ကနေ ဒရစပ်ပင် ပြဇာတ်မင်းသားလို ပြောခိုင်းတတ်တာမျိုးဖတ်ခဲ့ဖူးလှပြီ။

ကျွန်တော်က၁၉၇၄တွင် မန္တလေးဆေးတက္ကသိုလ်တွင် စက်တင်ဘာလကစတင်တက်ခဲ့ရသည်။ ထိုနှစ်မှာပင် ရန်ကုန်မှာ ဦးသန့်အရေးအခင်းဖြစ်သည်။ မန္တလေးမှာလည်း မန္တလေးမိန်းထဲတွင် ကျောင်းသားတွေ သပိတ်မှောက်ကြသည်။ မိန်းအဓိပတိထဲမှာ ကျောင်းသားတွေစုကြသည်။ ထိုအထဲ ဆေးတက္ကသိုလ်မှ ကျွန်တော်နှင့် ခင်မောင်မြင့် နှစ်ယောက်သာပါသည်။ စာရွက်တွေဖြန့်ဖို့ ဂက်စနာဖြင့် ဖယောင်းသုတ်လိမ့်ကြရသည်။ ညနေပိုင်းမှာ စစ်တပ်က၀င်စီးလို့ အိမ်သာမှန်တံခါးကနေ ဖောက်ထွက် ပြေးခဲ့ကြရသည်။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကနေချီတက်ကြတော့ပါခဲ့သည်။ ကြွေးကြော်သံတွေတိုင်ခဲ့သည်။ မန္တလးမြို့ထဲပတ်သည်။ မှတ်မှတ်ရရ မန္တလေး ဈေးချိုအလယ်ပေါက်မှာ မိန့်ခွန်းတွေပြောခဲ့သည်။ ဈေးချိုသူဈေးချိုသားတွေက ကျောင်းသားတွေကိုစားစရာတွေဝေငှကြသည်။ လက်ခုပ်သြဘာပေးခဲ့ကြသည်။

ညနေကျတော့ ကျောင်းကိုမပြန်ရဲ အိမ်မပြန်ရဲတော့ဘဲ ကျောင်းသားတွေအတွက် အခမဲ့စီစဉ်ပေးသော ရန်ကုန်ရထားဖြင့် ခင်မောင်မြင့်နှင့်အတူတက်လိုက်ပြီးရန်ကုန်ရောက်ခဲ့ရသည်။ခင်မောင်မြင့်ကတော့ ပဲခူးမှာဆင်းပြီး သနပ္ပပင်ပြန်သည်။ ရန်ကုန်ကျတော့ ဦးသန့် ဈာပနာကို  တည့်တည့် နဖူးတွေ့ ဒုးတွေ့တိုးတော့သည်။

လေဆိပ်ကနေ ကုလသမဂ္ဂအလံဖုံးအုပ်ထားသော ဦးသန့် ရုပ်ကလပ်ကို သံဃာတော်များ ၀န်းရံလျက်တင်လာသော ကားက ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမကြီးထဲ တည့်တည့်ဝင်လာတော့ ရင်တွေ တဒိတ်ဒိတ်ခုန်ခဲ့ရသည်။  ဘွဲ့နှင်းသဘင်ခန်းမကြီးရှေ့မှာ ကျောင်းသားတွေက တယောက်ပြီးတယောက်  မိန့်ခွန်းပြောကြတော့ လက်ခုတ်သံတဖြောင်းဖြောင်း ထဲမှာ ကျွန်တော်မျက်ရည်တွေ ကျခဲ့ရဖူးသည်။ သွေးတွေဆူခဲ့ဖူးသည်။ဦးသန့် အုတ်ဂူကို အဓိပတိလမ်းမ၀င်ပေါက်နားမှာ အာအိုင်တီက ကျောင်းသားတွေက ဆောက်နေသည်။ ကျွန်တော်က ကျောင်းသားကဒ်ပြပြီး မန္တလေးဆေးတက္ကသိုလ်က လာတာပါဆိုလို့ ၀မ်းသာ အားရကြိုဆိုကြတာ ရင်ဘတ်မှာ တပ်ဖို့ တံဆိပ်လေးတွေပေးတာကို ရင်ခုန်ဝမ်းမြောက်ပီတိအဟုန်တက်ခဲ့ဖူးသည်။

နောက်နေ့မနက် ၄နာရီလောက်မှာ ဘူတိုဇာဖြင့် ဦးသန့်အုတ်ဂူကိုဖြိုဖျက်တဲ့အချိန်တွင် သီရိဆောင်မှာရှိသော ဥပဒေကျောင်းသူ ကျွန်တော့်အမကို ကျွန်တော့်အကိုက လာခေါ်ရသည်။ မမက မလိုက်။ နောက်ဆုံးခြံစည်းရိုးပေါ်ကနေ ကျော်ထွက်လာခဲ့ရသည်။ ထိုနေ့ကား ကကမ္ဘာပျက်သောနေ့တည်း ။

၈၈ အရေးတော်ပုံဖြစ်တော့ ကျွန်တော့်ရဲ့ကမာရွတ်ဘူတာရုံလမ်းလေးထဲက ဆေးခန်းလေးမှာ သွေးသံရဲရဲဖြင့်ဝင်လာမစဲသော ကျောင်းသားကျောင်းသူတွေကို ဆေးကုပေးခဲ့ရသည်။ ဘူတာကို သိမ်းပိုက်ထားတဲ့ ချင်းတပ်သားတွေက အရက်မူးမူးဖြင့်ဆေးခန်းလေးထဲ အနိုင်ကျင့်တာတွေလည်း ကြိတ်မှိတ်ခံခဲ့ရသည်။ ဒီအထဲမှာ ၂ပွင့် မြန်မာဗိုလ်တယောက်ကတော့ ရှားရှားပါးပါး တောင်းပန်သွားခဲ့ဖူးတာလည်း ကြုံခဲ့ဖူးသေးလေ၏။ကျောင်းသားတွေ နယ်စပ်မထွက်မီ ကျွန်တော်ဆေးခန်းလေးကရှိသမျှဆေးတွေ ပိုက်ဆံလေးတွေကို ပေးလိုက်ရတာကိုလည်း မှတ်မိနေသေးလေသည်။ ဒေါ်ခင်ကြည်ဈာပနာမှာ ချီတက်ခဲ့ကြရတာတွေ တင်မောင်သန်း။ဖေမြင့် ၊တို့နှင့်အတူ ပါခဲ့သေးတာ ရင်နာခဲ့ရတာတွေ ရှိသည်။

ထိုထိုသော အခံများဖြင့် ကျွန်တော်က စာကိုဖတ်နေခဲ့မိလေသည်။ ပထမဆုံးသတိပြုလိုက်မိတာက မင်းကိုနိုင်၏စာအုပ်မျက်နှာဖုံး သရုပ်ဖော်ပုံပဲ ဖြစ်သည်။ မင်းကိုနိုင်ကိုယ်တိုင်ပဲ ဆွဲထားပါသည်။ ဒီပုံလေးကိုမြင်လိုက်တာနှင့်ပင် ကျွန်တော်ရင်ထဲ ထိသွားခဲ့ပါသည်။ ဘာလို့မူ စစကတည်းက ရိုးဂုဏ်ကို သရုပ်ဖော်ပြလိုက်တာကိုး။ ပန်းချီကားလား သရုပ်ဖော်ကားလား မသေချာ။ ရင်ထဲရှိတာကို အရင်းတိုင်း ချရေးထားပုံရလေသည်။

စာ စဖတ်လိုက်တာနှင့် စကားပြေက ကျွန်တော့်ကိုစဆွဲဆောင်လိုက်ပါသည်။ ကျွန်တော်က စကားပြေမကောင်းသော မလှသော ကြိုးစားအားထုတ်မထားသောစကားပြေတွေကို ၀ါကျသုံးလေးကြောင်းထက်ပိုမဖတ်နိုင်။ တပိုဒ်ပြီးလို့မှ ကိုယ့်စိတ်ကိုဆွဲမထားနိုင်လျှင် စာအုပ်သွားပေရော့ ။အမှိုက်ခြင်းထဲ။ မင်းကိုနိုင်က စကားပြေက လေးလေးစားစား အားထုတ်ရေးထားတာပေါ်သည်။ ရိုးရိုးသားသား စကားပြေကိုလှအောင်စီထားသည်။ တခါတခါ ဆရာငြိမ်းကျော်ဟန်လေးတွေ စွက်နေသယောင်ထင်ရပေမယ့် တူတော့မတူ။ စကားပြေကတခါတခါ ကဗျာတပုဒ်လို အက်ဆေးတပုဒ်လိုဆန်သည်။

အက်ဆေးဟန်နွယ်သည်။ ရည်းစားစာဟန်မဟုတ်တာသေချာသည်။ ဖွဲ့နွဲ့ပုံနိမိတ်ပုံလေးတွေက ရိုးရာဆန်သည်။ မြန်မာဆန်သည်။

ဇာတ်အဖွင့်မှာကိုက ရုပ်ရှင်ကားတကားစပြသလိုဖွင့်ထားသည်။ တအုပ်လုံးခြုံကြည့်လျှင်တောင် ဟိုးအရင်က ဆရာကြီးတွေပြောသလိုဆိုလျှင် ဒီဝတ္ထုကို လက်ကကိုင်ပြီးတန်းပြီးရိုက်လို့တောင်ရသည်ထင်၏။ အခန်းခွဲထားပုံက ဇာတ်ညွှန်းဆန်နေသည်။ စီတန်းရိုက်သွားယုံပဲလေ။ ညိုဆိုတဲ့ ကောင်မလေးနှင့် သူ့အမေ သူငယ်ချင်းစသည်တို့ကို ဖွဲ့စည်းထားပုံလေးက လှနေသည်။ ဖတ်ရင်းဖတ်ရင်းက စကားပြေ ချောချောပြေပြေလေးထဲမှာကိုယ်က မျောနေတော့လေသည်။

ထူးခြားတာတခုက ၈၈အရေးတော်ပုံကို သူက ပါးပါးလေးသာပြသွားသည်။ ဒါသူ့အယူအဆနှင့်သူ။ ဆရာသိန်းဖေမြင့်ရေးခဲ့သော အရှေ့ကနေ၀န်းထွက်သည့်ပမာလို ပွင့်ပွင့်လင်းလင်း ရေးမရသော အချိန်အခါမို့ကြောင့်ထင်သည်။ တကယ်တော့ ကိုမင်းကိုနိုင် ဒီလက်ဖြင့် အရှေ့ကနေ၀န်းထွက်သည့်ပမာလို ကျောင်းသား သမိုင်းနောင်ခံ ၀တ္ထုကြီးတပုဒ်ရေးကိုရေးသင့်လှသည်။ နောက်ခံကအကြီးကြီး ဇာတ်ကောင်တွေကအများကြီး အရုပ်တွေက အလှုပ်တွေချည်း။ ကြည့်ကောင်းလိုက်မယ့် ဖတ်ကောင်းလိုက်မယ့် ၀တ္ထုမျိုးဖြစ်လာမည်ထင်သည်။

လုံးချင်းလောကတွင် တခါက တင်မောင်သန်းက ဘာလို့ လုံးချင်းတွေ ဆက်မထွက်ဘဲ ကျဆင်းသွားရလဲဆိုသည့်အကြောင်း လေထဲမှာ ပြောတဲ့အင်တာဗျူးလုပ်သွားခဲ့ဖူးသည်။ သူတို့ဖြေသွားကြတာက စာအုပ်ဈေးတို့ ဈေးကွက်တို့ အိုင်တီ မီဒီယာအကြောင်းတွေပြောသွားသည်။ အဓိကက အဲဒါတွေမဟုတ်ပါဘူး ။ ရသစစ်စစ် နောက်ခံကောင်းကောင်းနှင့် ရေးနိုင်ဖို့က စာပေလွတ်လပ်ခွင့် မရှိလို့ပါဆိုတာ ဘယ်သူကမှပြောမသွားခဲ့။

ကျွန်တော့်လုံးချင်းတွေတုန်းက သုံးခါပြန်ပြီးမျက်နှာဖုံးတင်ရ စာတွေအပိုဒ်လိုက်အခန်းလိုက် ဇာတ်သိမ်း ၃ခါ ပြန်ပြန်ပြင်ပေးခဲ့ရဖူးသည်။ လွတ်လွတ်လပ်လပ်ရေးလို့ရလို့ ဆရာသိန်းဖေမြင့်က အရှေ့ကနေ၀န်းထွက်သည့်ပမာကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်ခြယ်မှုန်းသွားခဲ့သည်။

အခုကောလွတ်လပ်ပြီလား။

နောက်တခါ ဇာတ်ကောင်ထည့်ထားပုံလေးတွေကလှလှလေသည်။ ဖေသောင်းကို သရုပ်ဖော်ထားပုံကလည်း သဘာဝဆန်သည်။ သရုပ်မှန်သည်။ ဇာတ်မဆန်။ ဖေသောင်းပြောတဲ့ စကားတချို့ကတော့ ဇာတ်နည်းနည်းဆန်ပါသည်။ သို့သော်နိုင်ငံရေးစကားတွေ တလုံးမှ ပြောမသွား။ ဟောမသွားခဲ့။ ပုတ်ခတ်ဆဲရေးတာတွေတလုံးမှ မပါ။ နာကျည်းတက်ခေါက်သံတချက်မကြား။တကယ့်ကို မေတ္တာသမား ငြိမ်းချမ်းရေးသမား စိတ်ရင်းကောင်းနှလုံးသားဖြူစင်စင်။ မြန်မာလုံးချင်းလောကမှာ ထိထိရှရှရေးပြသွားခဲ့တာ ဆရာမ၀င်းဝင်းလတ် ပြီးကတည်းက ကျွန်တော်နောက်ပိုင်းဖတ်မရခဲ့တာကြာပြီ၊ နိုင်ဝင်းဆွေရဲ့ နွေတည ပြန်ဖတ်တော့ ရင်ထဲ တသိမ့်သိမ့်ခံစားရသည်။ အခု မင်းကိုနိုင်။

ကျွန်တော်တထိုင်တည်းဖတ်လိုက်တာ စာမျက်နှာ၁၁၈အရောက် ..

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ရှေ့မှာ ..ဟောပြောစင်မြင့် နှင့် မလှမ်းမကမ်း သစ်ပင်ရင်းတွင် ထမင်းထုပ်ကို ဖြည်စားရင်း ဟောပြောချက်များ နားထောင်လိုက် ဖေသောင်းထံ လှမ်းကြည့်လိုက်လုပ်နေသော ညိုအား မခင်အေးက မသက်မသာမျက်နှာဖြင့် ကြည့်ကာ..

” နင်ဒီလိုထိုင်စားနေတာ ငါမြင်ရတာ ၀မ်းနည်းသလိုကြီး ”ပြောသည်

သူမတို့နည်းတူ ကြုံရာနေရာ ထမင်းထုပ်ဖြည်စားနေသူ အများကြီး ရှိပါလျက် ဘာကြောင့် ထိုသို့ ပြောသည်မသိ။ အဝေးကလာတဲ့သူတွေကို ကျွေးကြပါကွာ။ တို့က ကျောင်းခံတွေ ကိစ္စမရှိပါဘူး ဟူသော ပြောသံများဖြင့် ဝေငှပေးနေသည်ကိုလည်း မြင်ပါလျက်။

‘ ငါပြောချင်တာက နင်ဟာ ကိုဖေသောင်းဆီက ရတာဆို ဘာမဆိုနဲ့ ကျေနပ်လိုက်တာပဲ။ ရောင့်ရဲလိုက်တာပဲ။ ငါ့မျက်စိထဲမှာ နင် ထမင်းစားနေတာဟာ ကလေးလေးတယောက် အရိုက်ခံရပြီး မျက်ရည်စက်လက်နဲ့ စားနေတာ ကြည့်နေရသလိုပဲ ငါ စိတ်မကောင်းဖူး ‘

စာပိုဒ်အရောက်မှာ ရင်ထဲနင့်ကနဲဖြစ်ကာ မျက်ရည်စို့သွားမိပါသည်။ တကယ်တော့ ၈၈ကာလ နောက်ပိုင်းမှာ ကျွန်တော်တို့တတွေဟာ ကျီးလန့်စာစားနေကြရတာ တနိုင်ငံလုံးပါ။

ကိုယ့်ဘေးနားလာပြီး ရောနှောနေတဲ့သူဆိုကိုယ်က အလိုလိုလန့်ကာ သတိကြီးကြီး ထားနေရသော အကာလ။ လူတွေအားလုံး အကြောက်တရားကိုရင်ထဲထားကာ အားလုံးအချုပ်သားတွေလို နေခဲ့ကြရလေသည်။ မပြောရ။ နားမထောင်ရဲ။မကြည့်ရဲ။ သည်လိုနှင့်

‘ညို့အဖေက မကြာခင် ဘူတာပြောင်းရတော့မယ် ။ဒီလိုပဲ ပြောင်းနေရတာပါ။ ကိုဖေသောင်း တနေ့နေ့ပြန်လာရင် တောဘူတာရုံလေးတွေမှာ ရေအိုးစင်ရှိသလား ရှာကြည့်ပေါ့။ ညိုရှိတဲ့နေရာမှာတော့ တည်ထားပါမယ် ‘

သည်စာပိုဒ်လည်းဆုံးရော ကျွန်တော် မျက်ရည်ပေါက်ပေါက်ကျရပါတော့သည်။ ဒေါက်တာဇီးဗါးဂိုး ဇာတ်ကားလိုတည်း။

မောင်သာရ၏ မန္တလေးထောင်ထဲမှာ ပထမဆုံးရေးခဲ့သော  ညှာရွှေတခက် ကြွေရက်စော ၀တ္ထုကို ဆရာသန်းဆွေက မောင်သာရ ဒီတပုဒ်ထဲနဲ့ စာရေးဆရာဖြစ်ပြီ ဟုပြောခဲ့ဖူးပါသည်။

အခုလည်း မင်းကိုနိုင်ဟာ ကျောင်းသားခေါင်းဆောင်အပြင် ဒီတပုဒ်နှင့်ပဲ စာရေးဆရာ ဖြစ်သွားပါပြီ။

ဒီဝတ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ၀ယ်လိုက်ပြီဟုသိရသည်။ ဒါရိုက်တာ ချိုတူးဇော်ကလည်း ရိုက်မည်ဆိုသည်။ ချိုတူးဇော်ကအခု အမေရိကန်မှာ။ ပြန်မှ လာပါတော့မလား မသိ။ ချိုတူးဇော် ပြန်လာပြီး ဒီကားလေးရိုက်ရင် ကျွန်တော်က ကိုယ်တတ်သည့် ကျရာနေရာက မှန်လေးဖြစ်ဖြစ် ၀င်ထိုးပေးချင်မိလေသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်