တခါက အမေတို့ ရွာမှာ …. (Kama Pale)

August 8, 2012

တခါက အမေတို့ ရွာမှာ ….

ကမာပုလဲ၊ သြဂုတ် ၈၊ ၂၀၁၂

            ကျနော့်မှာ အမေ ရှိခဲ့တယ်။ သြော် လူဆိုမှတော့ အမေ မရှိဘဲ မွေးလာမလားဟဲ့လို့ အရပ်က မေတ္တာပို့ရင်လည်း ခံရမှာပါ။ ဒီလိုပါ။ ဆုံးသွားရှာပြီဖြစ်တဲ့ အမေကို တမ်းတမိတဲ့အခါ `အမေ ရှိခဲ့တယ်´လို့ စိတ်ထဲ ခံစားတွေးမိတတ်တဲ့ အကျင့်က ပါနေလို့ ခုလို ရေးဖြစ်သွားတာပါ။

            အမေက စာမတတ်ရှာပါဘူး။ မတတ်ဆို သေစာ၊ ရှင်စာလေးတောင် မတတ်ခဲ့တာပါ။ ဒီတော့ ဘုရားစာ၊ တရားစာကလေးတွေဆိုရင် သားသမီးတွေက သူ့ကို ဖတ်ပြရတယ်။ ဆိုတော့ အငယ်ဆုံးဖြစ်တဲ့ ဒီကောင်သာ ပယ်မဲမရှိ ရွေးချယ်ခံခဲ့ရတယ်ပေါ့ဗျာ။ သြကာသ … သြကာသ ကနေ ဟေတုပစ္စယော အထိ ညစဉ် ရွှတ်ဆို တိုင်ပေးရတာပေါ့။

            ကုသိုလ်တွေ ငရဲတွေကတော့ ထားပါလေ။ ကလေးပဲ ဘာသိမှာလဲ။ တနေကုန် ဆော့ထားတော့ ညဆို အစောကြီး အိပ်ချင်ပြီ။ ဟင့်အင်း အိပ်လို့ မရဘူး။ အမေက `ဟဲ့ကောင်လေး … လာ ငါ့ကို နှိပ်ပေးစမ်း´ ဆိုတဲ့ အမိန့်သံ အဆုံးမှာ နှိပ်ရင်း … သြကာသ တိုင်ပေးရရင်း … အိပ်ငိုက်ရင်းနဲ့ပေါ့။

            ဒီတော့ အမေက သားဖြစ်သူ အိပ်မငိုက်အောင် ပုံပြင်လေးတွေ ပြောပြောပြတတ်တယ်။ ပုံပြင် ဆိုပေမဲ့ သူမှ စာမဖတ်တတ်တာ။ စာအုပ်ထဲက ပုံပြင်တွေ ဘယ်ဟုတ်ပါ့မလဲ။ အမေ ပြောပြောပြတဲ့ ပုံပြင်တွေက အမေ့ဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ ရွာထဲ၊ ရပ်ထဲက တကယ့်အဖြစ်အပျက်တွေသာ ဖြစ်နေပါတယ်။

            စကားလက်ဆင့်၊ နားလက်ဆင့် ဇာတ်လမ်းမျိုးတွေလည်း ပါသပေါ့။ ဒါပေမဲ့ တကယ့်အဖြစ်အပျက် တွေက များပါတယ်။ အမေ ပုံပြင်ပြောရင် `တခါက အမေတို့ ရွာမှာ …´ ဆိုပြီး အစချီ ပြောပြတတ်တယ်။ ပုံပြင်ထဲက ဇာတ်ကောင်တွေကလည်း အပြင်မှာ တကယ်ရှိခဲ့ကြတယ်။ တချို့ နာမည်ပါတဲ့ လူတွေဆို ညနေ … ညနေတွေဆိုရင် အိမ်မှာ ရေနွေးကြမ်း လာသောက်ကြတာတောင် ရှိခဲ့တယ်။

            ကဲပါ …။ လိုရင်းကို ဆက်ရအောင်ပါ။

            အမေ ပြောပြတဲ့ ပုံပြင်တွေက အများကြီးမို့ မေ့ကုန်တာတွေလည်း အများကြီးပါ။ လက်တွေ့ ဘ၀မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တွေ့အဖြစ်အပျက်ကလေးတွေကို ကြုံရရင် … သြော် … ဒါဟာ … အမေ ပြောဖူးခဲ့တဲ့ ဟို ပုံပြင်ကလေးအတိုင်း … ဒီပုံပြင်ကလေးနဲ့ တူလိုက်တာ ဆိုတာမျိုး ခံစားလိုက်မိပါ တယ်။

            တချို့ပုံပြင်တွေက ဖြစ်ပုံပျက်ပုံခြင်း အတူတူ၊ သဏ္ဌာန်သာ ကွဲတယ်။ တချို့က ထပ်တူ၊ ဇာတ်ကောင်တွေသာ လွဲတယ်။ အချိန်ကာလနဲ့ နေရာတွေကတော့ တထပ်တည်း ဘယ်မှာ ထပ်တူ ကျနိုင်ပါ့မလဲ။ တချို့ပုံပြင်တွေကတော့ နှိုင်းချင့် တွေးဆယူလို့ ရတာမျိုးတွေပေါ့။

            ခုတလောမှာ ကြားနေရတဲ့ သတင်းတွေ၊ ဖြစ်နေ ပျက်နေတဲ့ မျက်စိရှေ့က အဖြစ်အပျက်တွေကနေ အမေနဲ့ အမေပြောခဲ့တဲ့ ပုံပြင်ကလေး တပုဒ်ကို သတိရနေမိတယ်။ ပုံပြင်နဲ့ ဒီကနေ့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တူမတူဆိုတာကတော့ … ပုံပြင်ကလေးအကြောင်းကို ပြောမှ ဖြစ်တော့ပါလိမ့်မယ် …

            တခါက အမေ့ရွာမှာ သူကြီးတယောက်ရှိတယ်။ သူကြီးက စလွယ်ရ သူကြီးဆိုတော့ အာဏာ လက်စောင်းကလည်း ထက်မှ ထက်ပေါ့။ ဓန အင်အားကလည်း ဘိုးစဉ်ဘောင်ဆက် သူကြီးလုပ်စားလာခဲ့ တဲ့ မျိုးရိုးက ဆင်းသက်လာတာဆိုတော့ ပြောမနေနဲ့တော့ပေါ့ဗျာ။ တပည့်တပန်းဆိုသူတွေကလည်း လက်ဖြောက်တီးစရာတောင်မလိုဘူး အနားမှာ ခြင် ရိုက်ပေးမယ့်သူ၊ ယင် ရိုက်ပေးမယ့်ကောင်နဲ့။ ကွမ်းအသင့် ဆေးအသင့် ပေါ့ဗျာ။

            သူကြီးက အမေတို့လို စာမတတ်ပေမဲ့ သူ့အနား စာရေး၊ စာဖတ်ပေးမယ့်ကောင်တွေက တပုံကြီးဗျ။ အင်္ဂလိပ် သခင်ကြီးတွေရဲ့ နေမ၀င်အင်ပါယာ အကြောင်း၊ ဖက်ဆစ် ဂျပန် ငပုတွေရဲ့ ဖူကူယာမား မီးတောင်အကြောင်း၊ မေရီအင်တွိုင်းနက်ရဲ့ ပြင်သစ် နန်းတော်အထိ သိနေတာ။ ပုံပြောပြတဲ့ အမေကတော့ ဒါတွေဘယ်သိပါ့မလဲ။ အမေ့ ပုံပြင်ထဲက သူကြီးကတော့ သိမှာ သေချာတယ်။ သူ့ အကျိုးစီးပွားကိုး။ ဒါ့ကြောင့် ဒီသူကြီးက ခပ်လည်လည် သူကြီးလို့ အမေပြောခဲ့တာ။

            ဒီလိုဗျာ သူကြီးက ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့ ရန်ဘက်တွေ ဖြစ်ခဲ့တယ်။ ဖြစ်ပုံက ဒီလို။ သူကြီးနဲ့ ဆရာတော်နဲ့က ရွာရဲ့ ငယ်မွေးခြံပေါက်တွေ။ ဆရာတော်က လူဝတ်ကြောင်နဲ့ နေစဉ် ငယ်ငယ်ကတည်းကိုက စာနဲ့ပေနဲ့ နေတယ်။ တရားနဲ့ ရပ်တည်ချက်နဲ့ နေတယ်။ သူကြီးကတော့ သိတဲ့အတိုင်းပဲ ဆရာတော်နဲ့ ဆန့်ကျင်ဘက်နေတာ။

            ပြောရမှာလည်း မကောင်းဘူး။ နားနဲ့မနာ ဖုဝါးနဲ့နာပါ။ လူပျို၊ အပျိုရွယ်ရောက်တော့ ရွာထဲက ကွမ်းတောင်ကိုင် အချောအလှကို အပြိုင်ပိုးကြတယ်။ ရန်ဖြစ်တယ်။ သူကြီးက ဓနအားကိုး၊ အာဏာအားကိုး လူမိုက်အားကိုးနဲ့ အနိုင်ကျင့်တယ်။ ကလေးမကလေးကို အဓမ္မခြေတော်တင်တယ်။ ကလေးမလေးဟာ အဓမ္မပြုကျင့် ခံရရင်း သေသွားရှာတယ်။ ဆရာတော်လည်း ရွာကထွက်သွားတယ်။ သူကြီးဖြစ်မယ့် သူကြီးသားကတော့ ခပ်တည်တည်ပဲ။ ခြေတော်တင်တဲ့အထဲမှာ အစီစဉ်တခုလုံးကို ခေါင်းကိုင် စီရင်သူက ဖခင်သူကြီးကိုယ်တိုင်ဖြစ်တယ်။

            နှစ်တွေလည်း ကြာခဲ့ပြီပေါ့။ ဆရာတော်လည်း ကျောင်းထိုင်အဖြစ်နဲ့ ရွာကို ပြန်ရောက်လာတယ်။ ကျောင်းကလေးက ရေတိမ်နစ်သွားတဲ့ ကွမ်းထောင်ကိုင်မကလေးကို ရည်စူးပြီး ရွာက လှူထားတဲ့ ကျောင်းကလေး ဖြစ်တယ်။ ဆရာတော်က ရေတိမ်နစ်သွားသူလေး ကံဆိုးမိုးမှောင် ကျတဲ့ နေ့၊ ရက်ကို ရောက်တိုင်း ကျောင်းမှာ သပိတ်သွပ်တယ်။ အမျှဝေတယ်။ ရွာထဲက လူတွေကို တရားပေးတယ်။ ဒါကို သူကြီးက လူမိုက်အုပ်နဲ့ ဖျက်ဖို့ကြိုးစားတယ်။ ဖျက်လဲဖျက်ခဲ့တယ်။ ဖျက်နေတဲ့ ကြားထဲက ဆရာတော်ကလည်း နှစ်စဉ်ကျင်းပတယ်။ ရွာရှိ သူကြီးလူများကလွဲရင် ကျန်ရွာသားတွေက ဆရာတော်ဘက်ကရှိတယ်။ ဆရာတော်နဲ့ အတူ ရပ်တည်တယ်။ နှစ်စဉ် ဆွမ်းသွပ်ပြီး အောက်မေ့ဖွယ် တရားဓမ္မတွေကို နာကြတယ်။

            ကြာလာတော့ သူကြီး အနေရခက်လာတယ်။ နှစ်စဉ်မပျက် ဆွမ်းသွပ်ပွဲဟာ တရားဓမ္မက အဓမ္မကို ခုခံတိုက်ပွဲဝင်တဲ့ အခမ်းအနားလို ဖြစ်လာတယ်။ အဲဒီနေ့မှာ သူကြီးရဲ့ မကောင်းမှုဟာ အဖြစ်အပျက်ကို မမီခဲ့တဲ့ နှောင်းလူငယ် မျိုးဆက်တွေကအစ အသစ် အသစ် သိသိလာနေတယ်။

            ဒီ ဆွမ်းသွပ် အခမ်းအနားကို ဖျက်လို့ မပျက်တော့ သူကြီး အတော် အကြံအိုက်လာတယ်။ ကံအားလျော်စွာပဲ ဆရာတော် မမာမကျန်းဖြစ်ပြီး အိပ်ယာထဲ လဲတော့တယ်။ လမ်းမလျှောက်နိုင်ဘူး။ စကားမပြောနိုင်ဘူး။ အိပ်ယာထဲမှာပဲ တရားမှတ်နေရတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးက မစိုးရိမ်ရပေမဲ့ နဂိုအတိုင်းဖြစ်အောင် ဂရုတစိုက် ကြိုးစားနေထိုင်နေရတဲ့ အချိန်ဖြစ်တယ်။ ဒီလိုနဲ့ အောက်မေ့ဖွယ် ဆွမ်းသွပ် အခမ်းအနား နေ့ နီးကပ်လာတယ်။ နီးတာမှ တရက်၊ နှစ်ရက်ပဲ လိုတော့တာ။ ရွာကလည်း ဒီနေ့ကို မဖြစ် ဖြစ်အောင် ကျင်းပမှာ။ ဒီတော့ …

            သူကြီး ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ကျောင်းမှာ ဆွမ်းသွပ်ပွဲအတွက် ရွာလူကြီးတွေ ရောက်နေကြပြီ။ ဘယ်လို လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေးဖို့ပေါ့။ သူကြီးက ခပ်တည်တည်နဲ့ ကျောင်းပေါ် တက်လာတယ်။ လူတွေကလည်း အံ့သြမင်တက်မိနေကြတယ်။ သူကြီး ဘာလုပ်မလဲပေါ့။

            သူကြီးက ပထမဆုံး ကျောင်းပေါ်က ဆင်းတု ဘုရားကို ဦးချတယ်။ တခါမှ တရားကို လိုက်စားခဲ့တာ မဟုတ်တော့ ဦးချတာတောင် ကုံးကုံးကွကွနဲ့ မျောက် ဆော့နေသလိုပေါ့။ ဘုရားပြီးတော့ ဆရာတော် ရှိရာ ကုတင်ကို လာတယ်။ ဆရာတော်က ကျောင်းခေါင်မိုးပေါ်ကိုပဲ စိုက်ကြည့်နေရင်း တရားမှတ်နေတယ်။ သူကြီးက ဆရာတော်ကို လျှောက်ထားတယ်။ ဒီဆွမ်းသွပ်ပွဲကို သူ တန်ဖိုးထားကြောင်း၊ အလှူငွေ လည်း ထည့်မယ်ဆိုတဲ့အကြောင်း၊ လိုအပ်တဲ့ အကူအညီတွေ ရှိပါကလည်း ကူညီဆောင်ရွက်ပေးမယ် ဆိုတဲ့အကြောင်း။ သူ တယောက်တည်း မတတ်နိုင်တဲ့ဟာမျိုးဆိုရင် သူ့အထက်က မာစတာကြီးတွေထံ ဆက်လက် တင်ပြပေးမယ်ဆိုတဲ့အကြောင်း ပြောပြီး ဆရာတော်ကို ဦးချတယ်။ ဆရာတော်က ခေါင်းတချက် ငဲ့ကြည့်တော့ သူကြီးက ဦးချနေရင်း ပြုံးတယ်။ သူကြီးရဲ့ အပြုံးက `ကဲ ခုတော့ မင်း ဘာတတ်နိုင်သေးသလဲ´ဆိုတဲ ထေ့ပြုံး၊ ကလိပြုံး …။

            အမေပြောခဲ့တဲ့ စကားတွေထဲမှာ `အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းတယ်´ ဆိုတဲ့ စကားကို ကြားယောင်နေမိတယ်။ `အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းရင် အမေ ဘာလို့ ခုလို တကယ့်အဖြစ်အပျက် ပုံပြင်တွေ  ခဏ ခဏ ပြောပြနေတာလဲ။ ကျနော် အိပ်မငိုက်အောင်လား´လို့ ကျနော်က ခနဲ့တော့ အမေက ပြုံးစစနဲ့ `ဟဲ့ … နင်တို့ သင်္ခန်းစာယူဖို့ ပြောတာ´တဲ့ ။

လွမ်းပါတယ် … အမေ။       ။

            ၀၈၀၈၂၀၁၂

(photo – http://raisedfistpropaganda.bigcartel.com/product/blood-fist-red )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကမာပုလဲ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်