တောက်ပနေသည့် ကြယ်လေးများ (Ashin Osadha)

August 11, 2012

တောက်ပနေသည့် ကြယ်လေးများ

အရှင်သြသဓ (ဟပ်မွန်းဘေး)၊ သြဂုတ် ၁၁၊ ၂၀၁၂

            ဒီနှစ် ဓမ္မာနန္ဒဝိဟာရကျောင်း နွေရာသီဗုဒ္ဓဘာသာသင်တန်းကို ဇူလိုင် ၂၈-ရက်ကနေ သြဂုတ် ၄-ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အားလုံး အဆင်ပြေ ချောမောစွာနဲ့ဘဲ အောင်မြင်ပြီးဆုံးခဲ့ပါတယ်။ သြဂုတ် ၄-ရက်နေ့ညနေ ပိတ်ပွဲ အခမ်းအနား ပြီးတော့ ကျောင်းသား တွေ, ဆရာတွေ, လုပ်အားပေးတွေ, ကျောင်းသားမိဘတွေက နောက်ဆုံးနှုတ်ဆက် farewell party လုပ်ကြပါတယ်။ ဒီအချိန်မှာ ဒကာ တစ်ယောက်က သူ့ကလေး စောင့်နေရင်း စာရေးသူထံ ရောက်လာပါတယ်။ ကလေးစောင့်ရင်း အချိန်ရတာနဲ့ သူသိချင်တာလေးတွေကို တော်တော်လေး စေ့စေ့စုံစုံ မေးမြန်းသွားပါတယ်။

            “ဒါနဲ့ စကားမစပ်၊ အရှင်ဘုရား အခု ဒီသင်တန်းဟာ ဘယ်နှစ်ကြိမ်မြောက် ရှိသွားပြီလဲ ဘုရာ့”

            “ဒီနှစ်က အကြိမ် ၂၀-မြောက် ဒကာကြီးရ”

            “အော်…ကြာပြီဘဲဘုရာ့၊ ညအိပ်လက်ခံတာက ဘယ်နှစ်က စတာလဲဘုရာ့”

            “၂၀၀၆-မှ စဖြစ်တာ ဒကာကြီးရ။ ၂၀၀၅-မှာ စဖို့ဟာ ဓမ္မာနန္ဒဆရာတော်ဘုရားကြီး ပျံတော်မူသွားလို့ အလုပ်များ နေတာနဲ့ နေ့ကျောင်းဘဲလက်ခံပြီး အကျဉ်းချုပ်လုပ်လိုက်ရတယ်။ အဲဒီတုန်းက ဖွင့်စဆိုတော့ အစစ အရာရာ ဘာမျှ ပြည့်စုံမှုမရှိဘူး။ ကိုယ်တိုင် နည်းရှာ၊ ကိုယ်တိုင် လူရှာ၊ ကိုယ်တိုင် လက်ခံ၊ ကိုယ်တိုင် စာသင်၊ ကိုယ်တိုင် ဝေယျာဝစ္စလုပ် ဆိုတဲ့ “ကိုယ်” ၅-ကိုယ်နဲ့ စခဲ့ရတာ ဒကာကြီးရေ။ နောက်နှစ်တွေကြတော့ ကျောင်းသားပိုများလာတယ်။ ဒါနဲ့ ဟိုတုန်းက ပြီးသွားတဲ့ ကျောင်းသားဟောင်းတွေကို ပြန်ခေါ်, သင်တန်းလေးပေးပြီး ဆရာမွေးထုတ်ရပြန်တယ်။ နောက်ပိုင်းတော့ တဖြေးဖြေးနဲ့ လုပ်အားပေးအင်အားလည်း ပိုတောင့်လာတယ်။ လှူဒါန်းထောက်ပံ့သူလည်း ပိုများလာပါတယ်။

            “တပည့်တော် သတိထားမိသလောက် ကလေးတွေက ဒီမှာ ပျော်ကြတယ်ဘုရား။ တပည့်တော်သားဆို နွေကျောင်းပိတ်တာနဲ့ ဟပ်မွန်းဘေးကျောင်း ယဉ်ကျေးမှုသင်တန်းသွားမယ်ဘဲ ပြောနေတာ။ အရှင်ဘုရားတို့ ဒီလို ကလေးတွေပျော်အောင် ဘယ်လိုထား သလဲဘုရာ့”

            “ဒကာကြီးရေ….ကလေးတွေက စာချည်းဘဲလဲ သင်လို့ မရဘူး။ သူတို့ နားချိန်, ကစားချိန်, အခြားစိတ်ဝင်စား ဖွယ်ရာလေး တွေကိုလည်း ထည့်ပေးရတယ်။ ဒါကြောင့် စာသင်ပြီး ညနေဘက်မှာ ဗဟုသုတလဲရ, ပျော်ရွှင်စရာလဲဖြစ်စေမဲ့ tie dying T-shirt လုပ်တာ, ယောဂလုပ်တာ, ကျောင်းပတ်လည် walk-a-thon လျှောက်တာ, ceramic tile art လုပ်တာ၊ ဒါမျိုးလေးတွေကို တစ်နှစ်တစ်မျိုး စီ ထည့်ပေးတယ်။ ညဘက်မှာလဲ ပြင်ပ guest speaker တွေဖိတ်ပြီး ကလေးများ လိမ္မာယဉ်ကျေးဖွယ်ရာ, ဗဟုသုတဖြစ်ဖွယ်ရာ ခေါင်းစဉ် တွေနဲ့ ပြောစေတယ်။ နှစ်တိုင်း ၆-ရက် စာသင်ပြီးတဲ့အခါ ညနေဘက်မှာ ကလေးတွေ အပမ်းပြေအောင် ပင်လယ်ကမ်းခြေဘက်သို့ လမ်းလျှောက်ထွက်ကြတယ်”

“နောက်ပြီး ကလေးတွေ ပိုစိတ်အားထက်သန်မှုရှိလာအောင် ၂၀၀၉-ခုနှစ်က စလို့ သင်တန်းတီရှပ်လေးတွေလည်း ပေးတယ်။ တီရှပ်မှာတပ်တဲ့ တံဆိပ်ကို ကျောင်းသားတွေကိုယ်တိုင် ဆွဲကြတယ်။ အဲဒိထဲက သင့်တော်တဲ့ပုံကို အဖွဲ့က ရွေးချယ်ပြီး နောက်နှစ် အတွက် သတ်မှတ်တယ်။ အရောင်ကိုတော့ ၂၀၀၉-ခုနှစ်က အညိုရောင်၊ ၂၀၁၀-မှာ လိမ္မော်ရောင်၊ ၂၀၁၁-မှာ အဝါရင့်ရောင်၊ ဒါကလဲ ကျောင်းကန်ဘုရားနှင့် သင့်တော်အောင်သာ အမှတ်တမဲ့ ရွေးချယ်ခဲ့ကြတာပါ။”

“အရှင်ဘုရား….. ဒီနှစ်တော့ တီရှပ်အရောင်က ခါတိုင်းနှစ်တွေနဲ့ မတူဘဲ အပြာနုရောင် ပြောင်းသွားပါလား ဘုရာ့”

“ဟုတ်တယ် ဒကာကြီး၊ ဒီတခါတော့ တမင်သက်သက် ရည်ရွယ်ချက်နဲ့ ရွေးလိုက်တာ”

လို့ စာရေးသူက ဒီတခါတော့ ပဟေဠိဆန်ဆန် ပြန်ဖြေလိုက်တယ်။ အဲဒီမှာ သူ့မျက်နှာက ပိုလို့ သိချင်လာပုံ ပေါက်သွားပြီး-

“အရှင်ဘုရား၊ အပြာနုရောင်က ဘာအဓိပ္ပါယ်လဲ ဘုရာ့”

 “အေးဗျာ၊ ကျောင်းမှာ astronomy သင်ခဲ့ရတုန်းက ဆရာတွေက ပြောတယ်။ ကောင်းကင်က ကြယ်တွေဟာ ဖြစ်ခါစမှာ အားမရှိသေးလို့ အရောင်မထွက်ဘူးတဲ့။ ခပ်မှိုင်းမှိုင်း ခပ်မှောင်မှောင်ဘဲ ရှိသေးသတဲ့။ နောက်တော့ တဖြေးဖြေး သက်တမ်းရင့်လာတော့ အညိုရောင်တွေ သန်းလာတယ်။ နည်းနည်း အားရှိလာတော့ လိမ္မော်ရောင်သန်းလာတယ်။ ပိုအားကောင်းလာတော့ အဝါရောင်ထွက် လာတယ်။ ဒိထက်ပို အားကောင်းလာရင် ကြည်ပြာရောင် တောက်ပ,လာတယ်လို့ ဆိုတယ်ဗျ။”

ဒီတော့ သူက ပိုစိတ်ဝင်စားလာဟန်ဖြင့် ပြုံးဖြဲဖြဲနဲ့ ရှေ့နား တိုးလာပြီး-

“ဒါဆို အရှင်ဘုရားရဲ့ ကြည်ပြာရောင် အတွေးအခေါ်က ဘာတုန်းဘုရာ့….”

“ဒါက ခင်ဗျား သိတဲ့အတိုင်းဘဲလေ။ ဖွင့်ခါစမှာ ဘာမှပြည့်စုံမှု မရှိဘူး။ ကလေးတွေ စားစရာ နေရာမရှိ၊ စာသင်ဖို့ ကျောင်းခန်း မရှိ၊ အကူဆရာ မရှိ၊ ဝေယျာဝစ္စလုပ်သူ မရှိ၊ ဘတ်ဂျက် မရှိ။ ဒီ “မရှိ” ငါးမျိုးနဲ့ စခဲ့ရတာ မဟုတ်လားဗျ။ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး လုပ်ခဲ့ရတယ်လေ။ နှစ်စဉ် လုပ်ဖြစ်လာတော့ နောက်ပိုင်းမှာ အဖွဲ့အစည်းလေး ဖွဲ့ဖြစ်လာတယ်။ အဲဒီကနေ နောက်ထပ် ဆရာတွေရော၊ ဝေယျာဝစ္စပါ အင်အားသစ်တွေ တိုးလာတယ်။ ကျောင်းသားတွေလဲ တနှစ်ထက်တနှစ် ပိုပိုများလာတယ်။ ထောက်ပံ့ လှူဒါန်းမှုလဲ ပိုတိုးလာတယ်။ ဆရာဒကာ ဝိုင်းဝန်း ကြိုးစားမှုကြောင့် သတင်းကောင်းလေးတွေပြန့်ပြီး နောက်တော့ အဝေးက ကျောင်းသားတွေပါ ရောက်လာကြတယ်။ ပြီးတော့လဲ သင်ကြားမှုပိုင်းဆိုင်ရာမှာလဲ ကဏ္ဍတွေ ပိုစုံ လာတယ်။ ကလေးတွေလဲ ကိုယ့်မျက်စိ အောက်တင် ပိုပိုကြီးလာကြတယ်။ သူတို့ တွေးခေါ်မှုလေးတွေကလဲ ပြီးခဲ့တဲ့ သုံးလေးနှစ်ကထက် သိသိသာသာကြီး ပြောင်းလဲတိုးတက်လာတာ တွေ့ရတယ်။ ပိုပြီးတော့ သိသာတာက သူတို့ စာစီစာကုံး ရေးတဲ့အခါ သူတို့မြင်တာ၊ သူတို့ နားလည် တာလေးတွေကို လွတ်လွတ်လပ်လပ် ရေးကြတယ်။ ညဘက် guest speaker တွေပြောတာ နားထောင်ပြီး သူတို့သိချင်တာတွေ မေးကြတယ်။ ပါဝင်ဆွေးနွေးကြတယ်။ အဲဒိ အခါမှာ ဒီကလေးတွေရဲ့ မေးမြန်းမှု, ပါဝင်ဆွေးနွေးမှုတွေဟာ ဘာသာရေးဘက်က အတော်လေး တိုးတက်လာတာ တွေ့ရတယ်ဗျ။ မေးခွန်း မေးချိန်ရောက်ရင် လက်ညှိုးတွေကို မှိုပေါက်နေတာဘဲ။ စိတ်မဝင်စားသလို ငေါင်ငေါင်ကြီးတွေ ထိုင်မနေဘူး။ ဒါကို ကြည့်ပြီးတော့ ကျုပ် အားရတယ်။ ကျေနပ်တယ်။ ပင်ပမ်းသမျှတွေလဲ ပြေသွားတယ် ဗျ…။”

            “ဒီတော့ အရှင်ဘုရားပြောတဲ့ အပြာနုရောင်နဲ့ ဘယ်လိုဆက်စပ်မှု ရှိသလဲ ဘုရာ့…..။

“အဓိပ္ပါယ်က ဒီလိုဗျ။ ကြယ်တွေဆိုတာ အင်အားမရှိသေးရင် အရောင်မထွက်သေးဘူးလေ။ ထွက်ရင်လဲ အရောင်မတောက် သေးဘူး။ အားကောင်းလာပြီဆိုရင်တော့ ကြည်ပြာရောင်ပေါက်အောင် အလင်းရောင်က တောက်တော့တာပေါ့ဗျာ။ ကျုပ်တို့လဲ “မရှိ” ငါးမျိုးနဲ့ စခဲ့ရာက အခုတော့ တော်တော်လေး အရှိန်ရလာပြီ, အင်အားကောင်း လာပြီ, ထိုက်သင့်သလောက်လဲ အောင်မြင်လာပြီလို့  ဆိုရမှာပေါ့။ ကလေးတွေလဲ ဘာသာရေးအသိဉာဏ်လေးတွေ ပိုမို ရင့်ကျက်လာပြီ။ ပိုပြီး နားလည်လာကြပြီ။ ဒါကြောင့် ကျုပ်က သူတို့ လေးတွေကို ကောင်းကင်က တောက်ပနေတဲ့ ကြယ်လေးတွေနဲ့ တင်စားထားတာဗျ”

 “အော်…တင့်ပါဘုရား။ ဒိပြင် အဓိပ္ပါယ်ကော ရှိသေးလားဘုရား”

“အို….ဒကာကလဲ၊ ဘယ်မရှိဘဲ နေပါ့မလဲ။ ကြယ်ဆိုတာ တစ်လုံးချင်းတော့ အလင်းရောင် မပြောပလောက်ပေမဲ့ အများစုပေါင်း လိုက်တော့ ကောင်းကင်ပြင်ကြီး တစ်ခုလုံး လင်းပြီး လှပသွားတာဘဲလေ။ ပြီးတော့ ကြယ်ဆိုတာ ကိုယ်ပိုင် အရောင်ရှိတာဗျ။ သူများ ဆီကလာတဲ့ ရောင်ပြန်ကြောင့် တောက်ပနေတာ မဟုတ်ဘူး။ သူတို့လေးတွေလဲ တစ်ယောက်ချင်းတော့ ပြောပလောက်အောင် မထူးခြား ပေမဲ့ သူတို့ အားလုံးပေါင်းလိုက်ရင် သူတို့လေ့လာထားတဲ့ ကိုယ်ပိုင်ဉာဏ် အလင်းရောင်လေးတွေဟာ အမှောင်လောကကြီးကို အလင်းတွေပေးပြီး လောကကို အလှဆင်မဲ့သူများလို့ ကျုပ်က ယုံကြည်တယ်ဗျ”

            “အရှင်ဘုရား စိတ်ကူးက တယ်ပြီး ဆန်းကြယ်တာဘဲ။ နောက် ဘာတွေများ တင်စားထားတာ ရှိသေးလဲဘုရား”

“ဘယ်ကုန်အုံးမလဲ ဒကာရယ်….။ ကျုပ်က အတွေးသမားဗျ၊ wishful thinker လို့ ပြောချင်ပြော။ ကြယ်ကို ကြည့်ချင်ရင် အမြဲတမ်း မော့ကြည့်ရတယ် မဟုတ်လားဗျ။ အောက်ငုံ့ကြည့်လို့ မမြင်ရဘူးလေ။ ပြီးတော့ ကြယ်ဆိုတာ သက်တမ်း အင်မတန် ရှည်လျားတယ်။ ဒီလိုဘဲ ဒီကလေးတွေဟာ ဒီကျောင်းက သင်တန်းတွေကို လေ့လာသင်ကြားပြီးတဲ့ အခါမှာ ပိုယဉ်ကျေးလာကြတယ်။ လူကြီးသူမ ဆုံးမစကားကို နာခံလာကြတယ်။ မိဘကို သိတတ်လာတယ်။ ရတနာ သုံးပါးကို ပိုပြီး ကိုင်းရှိုင်းလာတယ်။ သူတို့ဘဝ လေးတွေကို ကောင်းအောင် ထိန်းကျောင်းတတ်လာတယ်။ ဒါကြောင့် ဒီကလေးတွေဟာ တစ်နေ့မှာ လူတကာ မော်ကြည့်လောက် အောင်ကို တော်လာကြလိမ့်မယ်လို့ ယုံကြည်ထားတယ်လေ။ နောက်ပြီး သူတို့ တတ်သိလေ့လာထားတဲ့ ဗုဒ္ဓတရားတော်များကိုလဲ အဓွန့်ရှည်ကြာ တည်တံ့ရလေအောင် သူတို့ရဲ့ နောက်မျိုးဆက် သားသမီးမြေးမြစ်တွေကိုလဲ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင် သွားကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်…ဗျ။”


“တယ်ကောင်းတဲ့ စိတ်ကူးဘဲဘုရာ့။ ဒါနဲ့…ဒီနှစ်က ကျောင်းသားတွေရော၊ လုပ်အားပေးတွေပါ ပိုများလာ သလိုဘဲ။ အားလုံး ဘယ်နှစ်ယောက် ရှိသလဲဘုရာ့”

            “အေးဗျာ…၊ ဒီနှစ် ကျောင်းသားက ၁၀၇-ယောက်၊ ဆရာက ၁၇-ယောက်၊ လုပ်အားပေး ၁၈ ယောက် ရှိတယ်။ ဒီနှစ် ကျောင်းသားပိုများလာလို့ သင်တန်းမစခင် ၂-ပါတ်လောက်ကတယ်လို့ နေရာပြင်ဆင် ကြရတယ်ဗျ။ စာသင်ခန်းတွေ မလောက်လို့ အပြင်ဘက်မှာ စာသင်ခန်းနှစ်ခု လုပ်ရတယ်။ ကျောင်းသားများလို့ ဆွမ်းစားကျောင်း စားပွဲနေရာကို လက်မနှင့်တောင် အတိအကျတိုင်းပြီး သတ်မှတ်ယူရ၏။ နေရာပြင်ဆင်သူတွေကလဲ တတ်နိုင်သမျှ အဆင်ပြေအောင်၊ ကျောင်းသားလည်း တတ်နိုင်သမျှ လက်ခံနိုင်အောင် အစွမ်းကုန်ကြိုးစားကြလို့ ကျုပ်တော့ အင်မတန် ကျေးဇူးတင်တယ်ဗျာ။ သူတို့လဲ မအားတဲ့ကြားက ကလေးတွေ ရှေ့ရေးအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဝိုင်းလုပ်ရှာကြတယ်။”

“လူတိုင်းအလုပ်ရှုပ်နေချိန်မှာ ဒီလိုလုပ်ပေးတာ ကျေးဇူးတင်စရာပါဘုရား။ ဒါနဲ့…အရှင်ဘုရား၊ ဒီနှစ် အဝေးကလဲ လာကြ တယ်လို့ ကြားပါတယ်၊ ဘယ်တွေက လာကြလဲဘုရား..”

“ဟုတ်တယ် ဒကာကြီးရေ၊ ဒီနှစ်ကတော့ ထူးခြားတယ် ပြောရမယ်။ ကျုပ်တို့ ဘေးဧရိယာ ဥက္ကလန်မြို့ ဓမ္မအေးရိပ်ကျောင်းက ဆရာတော်လေး ဦးအရိယာစာရ ဦးဆောင်ပြီး ကျောင်းသား ၁၃-ယောက်၊ အုပ်ထိန်းသူ မိဘ ၉-ယောက်နဲ့အတူ သင်တန်းကို တနေကုန် လာပြီး လေ့လာကြတယ်။ သူတို့ကလေးတွေကိုလည်း ဒီက ကျောင်းသားတွေနဲ့ ခင်မင်မှုရှိအောင် အတန်းတွေမှာ ရောထားတယ်၊ ပြီးတော့ နေ့လည်စာ အတူစားကြ, အတူကစားကြနဲ့ သူတို့ ကလေးတွေလဲ သဘောတွေကျပြီး ပြန်သွားကြတယ်။ နောက်ပြီး တခြား အဝေးက ကျောင်းသားတွေလည်း လာကြတယ်။ နယူးယောက်က ကျောင်းသားသုံးယောက်နဲ့ လုပ်အားပေး မိဘနှစ်ယောက်၊ Yuba City က ကျောင်းသားတစ်ယောက်၊ Fresno က ကျောင်းသားတစ်ယောက်နဲ့ လုပ်အားပေးမိဘ တစ်ယောက်၊ Davis က ကျောင်းသား နှစ်ယောက်နဲ့ လုပ်အားပေးမိဘ တစ်ယောက် လာကြတယ် ဒကာကြီးရ။”

“လုပ်အားပေးဆိုလို့ ကလေးတွေကော ဝေယျာဝစ္စ ဝိုင်းကူရတာ မရှိဘူးလားဘုရာ့”

“ဘယ်ချန်ထားလို့ ဖြစ်မလဲ ဒကာကြီးရာ။ သူတို့လဲ အလှည့်ကျရင် သူတို့ဆရာတွေနဲ့ အတန်းလိုက် ပန်းကန် ဆေးရတယ်။ ဘယ်လိုဆေးရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို တစ်, နှစ်, သုံး, လေး ထိုးပြီး ပန်းကန်ဆေးတဲ့နေရာမှာ ကပ်ထားတယ်လေ”

 “အော်….ကောင်းတယ်ဘုရား။ အိမ်မှာတော့ ကလေးတွေက မလုပ်ပါဘူး ဘုရား…။ ဒါနဲ့ အရှင်ဘုရားတို့ ကျောင်းကကြီးတော့ ပွဲဆိုလဲ လူတွေအများကြီး လာကြတယ်။ အခု နွေရာသီဗုဒ္ဓဘာသာသင်တန်းမှာလဲ ကလေးတွေ အများကြီးလာကြတယ်။ မြိုခံလူတွေလဲ သိမှာဘဲ၊ ဒေသခံသတင်းထောက်တွေက သတင်းယူတာမျိုးတွေ ရှိလားဘုရား”

“အေးဗျာ….။ ခင်ဗျားမေးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ၊ ခါတိုင်းနှစ်တော့ သူတို့လဲ လာမမေးတာနဲ့ ကျုပ်တို့လဲ မဖိတ်မိဘူး။ ဒီနှစ်တော့ Half Moon Bay Review သတင်းစာက ကျုပ်တို့ကို ကြိုပြီး ခွင့်တောင်းထားတာနဲ့ ဖိတ်လိုက်လို့ သတင်းလာယူကြတယ်။ ဘုန်းကြီးတွေရော ဆရာတွေပါ သိချင်တာတွေ မေးကြတယ်။ ဓာတ်ပုံတွေလဲ တော်တော်လေး စုံအောင် ရိုက်သွားကြတယ်။ နေ့လည် စားချိန်နဲ့ကြုံလို့ သူတို့ပါရောပြီး ကလေးတွေနဲ့ ပျော်ပျော်ပါးပါး စားသွားတယ်။ သူတို့ ကြည့်ရတာ အဘိဓမ္မာအကြောင်းနဲ့ တရား ထိုင်တဲ့အကြောင်းတွေကို တော်တော်လေး စိတ်ဝင်စားပုံ ရတယ်”

“ခါတိုင်းနှစ်က ကလေးတွေ essay ရေးကြရတယ်။ ဒီနှစ် ဘာအကြောင်း ရေးကြရလဲဘုရာ့။”

“ဒီနှစ်ကတော့ မေတ္တာ (loving-kindness)အကြောင်း ရေးကြရတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ မေတ္တာအစေးဓာတ်တွေ ခမ်းခြောက် လာမှုကြောင့် အကြမ်းဖက်မှုတွေဟာ တနေ့တခြား များပြားလာနေတာ မဟုတ်လား။ ဒါတွေကြောင့်ဘဲ ကမ္ဘာကြီးဟာ လုံခြုံမှုအားနည်း လာတယ်လို့တောင် ပြောရမလားဘဲ။ အခက်အခဲမျိုးစုံ, ပြဿနာမျိုးစုံတွေကြာင့် မွမ်းကြပ်မှုတွေများပြီး လူတွေဟာ အချိန်တိုင်းမှာ ဒေါသ ထွက်နေကြတယ်။ ဒေါသကို ထိန်းနိုင်တဲ့ တရားမရှိကြတော့လဲ မကြာခဏ ဆိုသလို အကြမ်းဖက်မှုတွေ, ပစ်ခတ်မှုတွေ, သတ်ဖြတ်မှုတွေ ဖြစ်ပြီး မိမိရော မိမိပတ်ဝန်းကျင်ပါ ဒုက္ခရောက်ကြရတာလဲ ခင်ဗျားအသိဘဲ။ လူမျိုး,ဘာသာ,အယူဝါဒ မတူညီကြသူများ စုပေါင်း နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ ချစ်ခင်ငြိမ်းချမ်းစွာနဲ့ အတူလက်တွဲ နေနိုင်ကြောင်းတရားကတော့ “မေတ္တာမှတပါး အခြားမရှိ” ဆိုတာကို ကလေးတွေ သိစေချင်လို့ ဒီခေါင်းစဉ်ကို ရေးခိုင်းတာပါ”

“ကလေးတွေက မေတ္တာဆိုတာကိုရော နားလည်ကြရဲ့လား ဘုရာ့”

 “မေတ္တာအကြောင်း သူတို့ဘယ်လောက် နားလည်ကြသလဲသိချင် မူလတန်းအဆင့်မှာ တတိယဆု ရသွားတဲ့ သုံးတန်း ကျောင်းသူလေးရဲ့ အဆုံးသတ် စာကြောင်းလေး နားထောင်ကြည့်ပေါ့ – Without metta, this planet won’t be nice! တဲ့။ ကိုင်း….ဘယ့်လောက်ကောင်းသလဲဗျာ”

“မှန်ပါ့ဘုရား…… ကောင်းလိုက်တဲ့ စကားလေးပါ…။ တခြားသင်တန်းတွေမှာတော့ ရိုးရိုးစာသင်ပေးတာဘဲ ရှိတယ်။ အရှင်ဘုရားတို့ဆီက ဘာရည်ရွယ်ချက်နဲ့ essay ရေးခိုင်းတာလဲ ဘုရာ့”

 “ ခင်ဗျားသိတဲ့အတိုင်းဘဲ…အမေရိကန်ကျောင်းတွေမှာနေရင် essay ရေးရတာချည်းဘဲ။ မရေးလို့ မရဘူး။ ဒါကြောင့် ဘယ်မှာရောက်ရောက်, ဘာလုပ်လုပ် essay ရေးတဲ့ အလေ့အကျင့်လေး ရစေချင်လို့ပါ။ အဲသလို ရေးရမယ်ဆိုရင် ကလေးတွေက အတန်းထဲမှာ ပိုပြီး ဂရုစိုက်နားထောင်တယ်။ ပိုစဉ်းစားလာတယ်။ ပိုစာဖတ်လာတယ်။ ညဘက် စပီကာတွေပြောတာကိုလည်း သေသေ ချာချာ မှတ်ထားကြတယ်။ သုံးတန်းကျောင်းသားလေးတစ်ယောက်ဆို သူ့essay ကို မတင်သေးခင် draft သုံးခါရေးတယ်။ အဲဒိကလေးဟာ သူ့အတန်းထဲမှာ နံပါတ်(၁) ရတယ်ဗျ။ ဒါ ကလေးတွေရဲ့ လက်တွေ့ တိုးတက်မှုဘဲ။ အဲသလို မခိုင်းရင် ကလေးဆိုတာ ဆော့နေတာဘဲ မဟုတ်လား။


“မှန်ပါတယ်ဘုရား…..။ ဒီနှစ် ညဘက် guest speaker တွေကော ဘာတွေ ပြောကြသလဲ ဘုရား”

“စိတ်ဝင်စားစရာ လေးတွေချည်းပါဘဲ ဗျာ။ ပထမညမှာ ပြောသွားတာက မေတ္တာပွားချင် “သူတစ်ပါးရဲ့ ကောင်းကွက်ကိုရှာ၊ အပြစ်ကိုမရှာနဲ့” ဆိုပြီး မေတ္တာဖြစ်နိုင်ဖို့ နည်းလမ်းကို ညွှန်ပြပါတယ်။ မေတ္တာကျင့်သုံးရင် ကြမ်းတမ်းတဲ့ တောရိုင်း တိရစ္ဆာန်များတောင် ငြိမ်းချမ်းလာကြောင်း သုဝဏ္ဏသာမဇာတ်တော်ကို သက်သေထားပြီး ပြောသွားတယ်ဗျ။ ဒုတိယညမှာတော့ အနောက်နိုင်ငံသားတွေလည်း မေတ္တာကမ္မဋ္ဌာန်းပွားများကြောင်း ဗွီဒီယိုကလစ်ပ်တွေပြပြီး ပြောသွားတယ်။ တတိယ ညမှာတော့ လောကမှာ တိုးတက်ချင်ရင် မိတ်ဆွေ ကောင်းရဖို့လိုကြောင်း၊ ကိုယ်တိုင်လဲ သူတပါးရဲ့ မိတ်ဆွေကောင်းဖြစ်ဖို့ အရေးကြီးကြောင်း ပြောသွားတယ်။ စတုတ္ထညမှာတော့ မိမိကို မုန်းတီးသူအပေါ်မှာတောင် မေတ္တာထားနိုင်လို့ မြေပြင်က ပဒေသာပင်ပေါက်ပြီး နောက်ဆုံးမှာ ဘုရင့်သားတော်လေးက ကောက်တော် မူသွားတဲ့ တံငါသည်ရဲ့ သမီးလေးတစ်ယောက်ပုံပြင်ကို ပြောသွားတယ်။ ပဉ္စမညမှာ Mindful Youth Development ဆိုတဲ့ ခေါင်းစဉ် နဲ့ ပြောသွားတာ လူငယ်တွေ အတော်လေး စိတ်ဝင်စားကြတယ်။ ဆဋ္ဌမညမှာ “ကြောက်တတ်ရင် မေတ္တာပွား”ဆိုတဲ့ ခေါင်းစဉ်နှင့် ပြော သွားပြီး၊ နောက်ဆုံးညမှာ After Death ဆိုတဲ့ ခေါင်းစဉ်နဲ့ အနောက်နိုင်ငံက လူဝင်စားများအကြောင်း ဗွီဒီယိုကလစ်ပ်တွေပြပြီး ဟော ပြောသွားတယ်ဗျ။ အားလုံးဟာ ဗဟုသုတ ရစရာတွေချည်းပါဘဲ။ ကလေးတွေလဲ သဘောကျပါတယ်။ ညနေဘက် တရားလာထိုင်နေကျ အမေရိကန်မကြီး ၂ယောက်တောင် လာလာပြီး နားထောင်တယ်။

“တင့်ပါ၊ အရှင်ဘုရား အခုလို စိတ်ရှည်လက်ရှည် ရှင်းပြတာ ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်တို့ နောက်မျိုးဆက်သစ် သားသမီးလေးတွေ ဘာသာသာသနာ မကွယ်ရအောင်, ယဉ်ကျေးလိမ္မာအောင် သင်ကြားပေးတဲ့ အရှင်ဘုရားတို့ ကျောင်းတော်ကြီးလဲ ဆက်လက်တည့်တံ့ နိုင်ပါစေ။ မျိုးဆက်သစ်ကျောင်းသားလေးတွေလဲ သူတို့ ဘဝမှာ အရှင်ဘုရား မျှော်မှန်းသလို shining stars လေးတွေ ဖြစ်ကြပါစေလို့ တပည့်တော်လဲ ဆုတောင်းပါတယ် ဘုရား။ တပည့်တော်ကို ပြန်ခွင့်ပြုပါအုံးဘုရား”

“ကောင်းပါပြီ ဒကာကြီး”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်