NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၅) (Yar Zar)

August 11, 2012

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၅)

ရာဇာ

 သြဂုတ် ၁၁။ ၂၀၁၂

အိပ်ခ်ျအိုင်ဗွီလုပ်ငန်းကိုလုပ်လာတာ နည်းနည်းကြာလာတော့ အထာသိလာတာပေါ့ဗျာ။ ဟိုဝေဘာဂီဆေးရုံအကြောင်း ပြောရအုံးမယ်။

ကျနော်တို့က လူနာလာရင်အခြေနေကိုကြည့်ပြီး အရေးပေါ်တဲ့လူနာလား အေးဆေးထားလို့ရတဲ့ လူနာလား ဆိုတာလောက်တော့ သဘောပေါက်နေပြီ။ နယ်ကလူငယ်တွေလည်း လူနာကို ညွှန်းရုံညွှန်းနိုင်တယ် လိုက်မပို့နိုင်တော့ဘူး။ တောင်တွင်းက ကိုသန်းနိုင်ကတော့ အခေါက်စိပ်တယ်။ လူနာပို့တာက ကိုမြင့်ငွေ (အခုအန်ဒီအက်ဖ်) လည်း ရေနံချောင်းကနေ တက်တက် လာပါတယ်။ အခမ်းနားနေ့တွေနဲ့ တိုက်ဆိုင်ရင်ပေါ့လေ။

ဒီလိုလုပ်ဟန် ပြောင်းလာတယ်ဆိုတာ … အယင်က ဘယ်လိုလာလာ ကျနော်တို့က သဇင်မှာပဲ ပေပြီး လုပ်ပေးတယ်။ အချိန်ကုန်တယ်ဗျ။ သူတို့ကမသွားတတ်မလာတတ် ဆိုတော့ မနက်အစောကြီးကတည်းက သွားကြိုလိုက်ရတာ တစ်နေကုန်တဲ့ထိနေရတယ်။ တစ်ခါခါထမင်းမစားရဘူးငတ်တယ်။

ဒီလိုလေ ကျနော်က ယောက်ျားလေးလည်းဖြစ်ပြန်၊ ငယ်လည်းငယ်တဲ့ကောင် ဆိုတော့ လူနာကြိုလူနာဆေးခန်းပို့က ကျနော်ပဲအမြဲလို မဲကျတယ်။ ကျနော်ဆေးခန်းမှာ လူနာကိုပို့ထားပြီး မဖြူနဲ့ မခင်ထားရီကို စောင့်ရတာပဲ။ သူတို့လာရင် သူတို့ဆက်စကားပြော၊ ကျနော်က သူတို့ပေးတဲ့ငွေစလေးနဲ့ ထမင်းဖြစ်ဖြစ် အသုပ်ဖြစ်ဖြစ်သွားစား။ ဒီမှာတင် ကျနော်တစ်ခုသိလိုက်တယ်။ လူနာတွေဟာ အမျိုးသမီးတွေကို ပိုအားကိုးပါလား။ အမျိုးသမီးဆိုတာ နဂိုမိခင်စိတ်ရှိကြတာလား။

ဒီလို အစောပိုင်းလုပ်ပေမယ့် နောက်ပိုင်းတော့ အဲ့လိုမဟုတ်ဘူးဗျ။ အရေးကြီးတဲ့လူနာဆို သမားတော်နဲ့ပြ။ ဆေးရုံတင်စရာရှိ တင်ပေါ့ဗျာ။ ဆေးရုံမှာက မိန်းမ နှစ်ခန်း၊ ယောက်ျား နှစ်ခန်းရှိတာမှာ သမားတော်နှစ်ယောက် ကိုင်တွယ်ပါတယ်။ ကျနော်တို့ ဖောက်သည်သမားတော်က အခန်း၂ နဲ့၎ ကြည့်ပြီးတော့၊ ကျန်တဲ့သမားတော်က တစ်နဲ့ သုံး ကြည့်တယ်။ ဒီတော့ ကျနော်တို့က ကျနော်တို့သမားတော်နဲ့ပြပြီးရင် ဆေးရုံတင်တာပါပဲ။

ဒါ … သဇင်ကို ကျော်လုပ်တာ မဟုတ်ဘူးဗျ။ သဇင်ဆေးခန်းမှာက မှတ်မှတ်ရရ ကျနော်တို့တိုင်တဲ့ ဆရာဝန်တစ်ယောက်ပဲ ရှိတော့တယ်။ ကျန်တဲ့ဆရာဝန်တွေ ဆရာဝန်မတွေကတော့ စာချုပ်သက်တမ်းကုန်တာနဲ့ နိုင်ငံခြားလစ်ရင်လစ် မလစ်ရင် အခြားအဖွဲ့ပြောင်းဆိုတော့ အမြဲလိုလိုဆရာဝန်တွေက အသစ်ဖြစ်နေတယ်။ လုပ်ငန်းလည်ပတ်ပုံလည်း မြန်လာတယ်။ လူနာလူနာချင်း သတင်းစကားလည်းပြန့် ဆိုတော့ ဘယ်လိုသဘောကောင်းတယ်၊ ဘယ်လိုအဆင်ပြေတယ်ဆိုတာမျိုြး ပန်ပြောဟန်တူပါတယ်။လူနာလည်း များလာတယ်။

နောက်တစ်ခုက မီဒီယာကျယ်ပြန့်လာတယ်။ မီဒီယာကျယ်ပြန့်လာတာလည်း ကျနော်တို့စွမ်းလို့ မဟုတ်ဘူး။ သာကေတက မောင်းချလိုက်တဲ့လူနာတွေ မှတ်မိသေးမဟုတ်လား။ သူတို့ကို တောင်ဒဂုံ နှစ်ဆယ်မှာ အိမ်ငှားထားပေးတယ်။ တောင်ဒဂုံမှာ လက်ရှိနေနေတဲ့ မဥမ္မာတို့၊ ကိုအောင်တို့၊ အေးမိစံတို့ကို အလျဉ်းသင့်သလိုစောင့်ရှောက်ဖို့ အကူညီတောင်းတယ်။ နောက်မဖြူ ဥာဏ်ကွန့်ပြီး လူနာတွေကို စုပေါင်းစပ်ပေါင်း ကန်စွန်းစိုက်ခိုင်းတယ်။ လူနာတွေကတော့ လူနာတွေပဲလေ။ တကယ်မလုပ်နိုင်တာလည်း ပါမယ်၊ မလုပ်ချင်လို့ ခိုနေတာလည်းပါမှာပေါ့။ မအောင်မြင်ဘူး။ သူ့စိုက်ပျိုးရေးစီမံကိန်း မအောင်မြင်ယုံမက ဆုံးပါ ဆုံးရှုံးတယ်။ သူ့အိမ်ကသုံးသိန်းလား စိုက်လိုက်ရတယ်လေ။

ဒီမှာတင် နိုင်ငံရေးသမား ထောင်ထွက်တစ်ယောက် ဆေးရုံတက်ရတယ်။ ကျနော်တို့ နေ့တိုင်း နေ့သွားပါတယ်။ အားပေးစကားပြော ဘာညာပေါ့။ သူတို့လင်မယားက ရေးဖက်က။ အခုဝါးခယ်မ အမတ်ဒေါ်မြင့်မြင့်စန်းလည်း ဒီလူနာအတွက် ကူပေးတယ်။ သူပေးတဲ့ငွေတွေ သွားပေးရင်းက လူနာကဘာပြောလဲ ဆိုတော့

“မဖြူတဲ့ … ကျနော်သေမှာအတူတူ … ဓာတ်ဆီလောင်း မီးရှို့ဆန္ဒပြမယ်”

ပြောတယ်။ မလုပ်ပါနဲ့ ခင်ဗျား အသက်ရှင်အုံးမှာပါ ဘာညာ ပြောပြပါတယ်။ အဲ့တုန်းကသာ မြှောက်ပေးလိုက် အီဂျစ်က ကျနော်တို့တိုင်းပြည်ထက် နောက်ကျသွားမယ်။ ဒါပေမယ့်လို့ သမားတော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ခင်ဗျားတို့လူနာက ခေါင်းထဲပိုးရောက်နေပြီ၊ မလွယ်ဘူး … တဲ့။ ထင်တဲ့အတိုင်း သေတာပါပဲ။ သေရင် ဆွမ်းကပ်ပေးရတာ ထုံးစံကိုး။ ဒီတော့ ရက်လည်လုပ်ဖို့ကို မလုပ်ရဘူးတဲ့။ ဘယ်သူ တားသလဲ ဆိုတော့ ကြံ့ခိုင်ရေးအသင်းက တားတယ်။ ဘုန်းကြီးကို သူတို့ပင့်ပေးတဲ့  ဘုန်းကြီးမှ ပင့်ရမယ်။ ကိုမင်းကိုနိုင်တို့ကို မဖိတ်ရဘူးဆိုပါ့လား။ ဘာတွေ ဘယ်လိုဖြစ်တာလဲ ။ ကြံ့ခိုင်ရေးက အဲ့သလိုတားလို့ရသလား၊ ပိတ်လို့ရသလား။

ဒီိတော့ မိသားစုဝင်တွေမှာ တစ်ပူပေါ် နှစ်ပူဆင့် ရတော့တာပေါ့။ သေတာတောင် မလွတ်လပ်ပါလား ကွယ်။ ဒါနဲ့ ဒီလောက်ကြီးတော့ မခံဘူး၊ ခံချမှဖြစ်မယ်၊ တောင်ဒဂုံကမဥမ္မာဆိုတာလည်း အစွာသားလား။ အဲ့ဒီအချိန်မဖြူတို့အိမ်က စီးပွားကောင်းနေပြီ။ ဟမ်းဖုန်းလေးတစ်လုံး ၀ယ်ထားတယ်။ ဒီတော့ ဆက်သွယ်ရ လွယ်လာတာပေါ့။ ကျနော်က မဂ္ဂင်ရောက်နေပြီ။ ဒီတော့တောင် ဒဂုံ၊ သင်္ကန်းကျွန်း ပြေးဟယ် လွှားဟယ် လုပ်နေရတာပေါ့။

ဒီသတင်း ကမ္ဘာပြန့်တယ်။ လူနာတွေလည်း မီဒီယာပေါ် အော်ကြီး ဟစ်ကျယ်ဖြစ်ကုန်တယ်။ အဲ့သလောက်ထိ မခံနိုင်ဖြစ်ကုန်တာ။ ကိုမင်းကိုနိုင်ခမျာမှာလည်း ဘာမသိညာမသိ၊ သူ့နာမည်ပါနေတော့ ရက်လည်ကို လာအားပေးရှာပါတယ်။ ကိုဂျင်မီပါတယ်၊ မနီလာသိန်းပါတယ်၊ ကိုအံ့ဘွယ်ကျော်တို့ပါတယ်။ တကယ်က ကိုမင်းကိုနိုင်တို့ အုပ်စု လွတ်လာတယ်၊ သွားနှုတ်ဆက်ရုံ နှုတ်ဆက်ဖြစ်တယ်။ ခုတော့ အာဏာပိုင်တွေလုပ်ပေးတော့ ပိုရင်းနှီးသွားတာပေါ့လေ။ ဒီမိုကရေစီသမားချင်းကိုး။

လူနာတွေ ဒီအဖြစ်ပျက်ဖြစ်လိုက်တော့ အတော်လေး မခံချင်စိတ်ဖြစ်တယ်၊ စိတ်လည်းဆင်းရဲတယ်ထင်တယ်။ “ကျနော်ကျမတို့ ငွေစုထားတယ်၊ အလှုကြီးတစ်ခုလုပ်ပေးပါ၊ ” တောင်းဆိုလာတယ်။ “ဒီဘ၀ ဒီလောက်ကံဆိုးလို့ ဒီရောဂါဖြစ်တယ်၊ အရှက်တကွဲ အကျိုးနည်းပါဖြစ်ရတယ်၊ နောင်ကို ဒီလိုအဖြစ်ဆိုး မဖြစ်အောင် ဆောင်ရွက်ပေးပါ” … တဲ့။

ကျနော်တို့လည်း လုပ်ပေးပါ့မယ်ပေါ့။ မဂ္ဂင်ဆရာတော် သွားလျှောက်တယ်။ လုပ်ပါတဲ့။ ရက်သတ်မှတ်တော့ တနင်္ဂနွေ ဆယ့်သုံးရက် လုပ်မယ်။ ကျနော်တို့မေ့နေတာက အဲ့ဒီ မတ်လဆယ့်သုံးရက်နေ့က ကိုဖုန်းမော်ကျဆုံးတဲ့နေ့ ဆိုတာပါပဲ။ ဒါပေမယ့် ဖိတ်စာတွေလုပ်ကြတယ်။ အခုအမေရိကားရောက်နေတဲ့ ကိုအောင်မြတ်ဆိုတဲ့လူက ဗဟန်းလူငယ်ကိုမုန်းနိုင်သူငယ်ချင်း။ သူကရုံးနားလေးက ရွှေဂုံတိုင်အိမ်ရာမှာ နေတယ်။ ကျနော်တို့ရုံးကပြန်ရင် သူ့တိုက်ခန်း တက် တက်လည်တယ်။ သူကနိုင်ငံရေးသမား မဟုတ်ဘူး။ ဒါပေမယ့်နိုင်ငံရေးသမားတွေကို လေးစားတယ်။ နိုင်သလောက် ထောက်ပံ့ပေးတယ်။ သူ့တိုက်ခန်း ညအိပ်ဖြစ်တဲ့အခါ ညအိပ်ကြတာပေါ့။ နောက်နေ့ကျတော့ ရွှေဂုံတိုင်ထိပ်က လက်ဖက်ရည်ဆိုင်မှာ ဖိတ်စာရေးတယ်။

ကျနော်ကတော့ သနားအောင် တဖွဲ့တနွဲ့ ရေးနေတာပေါ့။ ရေးရင်း တစ်ဝက်တစ်ပျက်မှာ ကိုသန်းထိုက်အောင်က မင်းဟာက အလှုဖိတ်စာလား၊ ၀တ္ထုရေးနေတာလား … ဆိုတာနဲ့ တိုတိုတုတ်တုတ် ရေးလိုက်တယ်။

“လမ်းခုလတ်တွင် ခွဲခွာသွားရသော သူငယ်ချင်းများအား ရည်စူး၍ ဆွမ်းကျွေးပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် …” ပဲ။

အောက်ကမှ “ဖဲကြိုးနီနဲ့ သူငယ်ချင်းများ …” ဆိုပြီးတပ်လိုက်တယ်။

ဖဲကြိုးနီဆိုတာ ခုခံအားကျဆင်းမှုနဲ့ ပတ်သက်တဲ့ ကမ္ဘာသုံးသင်္ကေတဖြစ်တယ်လေ။ ကျနော်တို့စိတ်ကူးက ဒီလိုပါ။ ဖိတ်စာကို အဖွဲ့ချုပ်နာမည် မတပ်ချင်ဘူး။ နိုင်ငံရေးပါတယ် ထင်မှာစိုးလို့။ အိပ်ခ်ျအိုင်ဗွီရောဂါသည်များလို့ တပ်လိုက်ရင်လည်း မကောင်းဘူး မဟုတ်လား။ အဲ့ဒါနဲ့ဖဲကြိုးနီကို တပ်လိုက်တာ။ ဒီိတင် အကြီးကျယ် ကွိုင်တော့တယ်။

ဒီဖိတ်စာ ခယကဥက္ကဌ လက်ထဲ မိတ္တူရောက်သွားတာ။ သတင်းပေးတဲ့လူ ပေးလို့ ရောက်သွားတာပေါ့။ ဖိတ်စာမိတ္တူပြတော့ ဒေါက်တာလှိုင်နီ့ကို ဖိတ်တဲ့ဖိတ်စာ။ ဒေါက်တာလှိုင်နီိဆီမှာ မူရင်းရှိတော့ ရှင်းနေတာပဲ၊ ကြားထဲက ဖိတ်ခိုင်းလိုက်တဲ့လူ သတင်းပေးတာပေါ့။ မကောင်းပါဘူးဗျာ။ ဆယ့်နှစ်ရက်နေ့ကျတော့ ကျနော်တို့အလှုတွက် တိုင်ပင်ပြင်ဆင်နေကြတယ်။ တောင်ဥက္ကလာမှာ။ ဒီတုန်း တောင်ဥက္ကလာမယက ရောက်လာတယ်။ ခရိုင်ဥက္ကဌကြီးက တွေ့ချင်လို့တ။ဲ့ ကြွပါအုံး။ ဘုရားဝင်းက ဓမ္မာရုံကို။

ဆိုတော့ မဖြူဖြူသင်းရယ်၊ ကိုသန်းနိုင်(တောင်တွင်း)ရယ်၊ ကိုမြင့်ငွေ(ရေနံချောင်း)ရယ်၊ ပျော်ဘွယ်ဖက်က လူနာတစ်ယောက်ရယ် လိုက်သွားတယ်။ ကျနော်လည်းပါသွားတယ်။ ဟိုရောက်တော့ ခယကဥက္ကဌ ဒုတိယဗိုလ်မှုးကြီးဝတ်စုံနဲ့ ထိုင်နေတယ်။ မဖြူကလည်းပါးတယ်။ ဒီပြသနာတက်တာ ကျန်တာမဟုတ်လောက်ဘူး၊ ဖဲကြိုးနီဆိုတာကို သူတို့ကွန်မြူနစ်အဖွဲ့စည်းလို့ အထင်မှားနေတယ် ထင်ပြီးတော့၊ ယူအန်ဒီပီက ထုတ်တဲ့စာအုပ်တစ်အုပ် ယူသွားတယ်။

ဟိုရောက်တော့ စကားအပြောမခံပါဘူး။

 “ငါတို့က တိုင်းပြည်ကို မိဘသဖွယ် အုပ်ချုပ်နေတာဖြစ်တယ်၊ ဒီတော့ မင်းတို့က သားသမီးလိုနေပြီးတော့ ဆိုဆုံးမတာနာခံပါ။ ဒီအလှူ အလုပ်မခံနိုင်ဘူး။ ဒီလိုအနီတွေအကြောင်း ငါတို့ကောင်းကောင်း သိတယ်။ မလုပ်င်္ရဘူး …”

ဆိုတော့၊

မဖြူက “ … ဦးလေးတို့ မှားနေတာ၊ ခုက ကျမတို့က အိပ်ခ်ျအိုင်ဗွီလူနာတွေအတွက် အလှုလုပ်မှာပါ။ ဦးလေးတို့ထင်သလိုလည်း မဟုတ်ပါဘူး။ ကျမတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါ။ ဖဲကြိုးနီဆိုတာကလည်း အဖွဲ့စည်းသီးသန့် မဟုတ်ပါဘူး။ ကမ္ဘာသုံးသင်္ကေတပါ …”

ဆိုပြီး ယူအန်ထုတ် ပညာပေးစာအုပ် ထုတ်ပြတယ်။ ဒီစာအုပ်ကို ခယကကြီး ယူကြည့်တယ်။ စာမျက်နှာ တစ်မျက်နှာ၊ နှစ်မျက်နှာ လှန်ကြည့်ပြီးတော့ ..

“ဒီစာအုပ်ကလည်း တရားဝင်စာအုပ်မဟုတ်ဘူး …”

တဲ့။

“ဒို့တာဝန် အရေး သုံးပါး မပါဘူး …”

တဲ့ဗျာ။

နောက်တော့ ပြောရင်းသား “နင်တို့နဲ့ စကားပြောရတာ မကောင်းဘူး။ နင့်အုပ်ထိန်းသူ ခေါ် …” ဆိုတော့၊ မဖြူအမေကြီး ဘုမသိ ဘမသိ လိုက်လာတယ်။

“ခင်ဗျားသမီးကို ထိန်းပါ။ ကျုပ် ခင်ဗျားလက်ထဲ ပြန်အပ်တယ် …” တဲ့။

မဖြူအမေက ဘာမှမပြောဘဲနဲ့ သူရထားတဲ့ ဖိတ်စာမိတ္တူ ယူပြန်လာတယ်။ သမီးလုပ်တဲ့သူက လူနာတွေအတွက် အလှူလုပ်မှာ၊ ကောင်းတဲ့ အလုပ်လုပ်မှာ၊ ဘယ်လိုက ဘယ်လို ဆုံးမရမတဲ့တုန်း …. ခယကကြီး …ရဲ့။

ကျနော် ရီရမလို ငိုရမလိုကြီးဗျာ။ အရှေ့ပိုင်းခရိုင်ဆိုတာ အကြီးကြီးဗျ။ လူပေါင်း ငါးသိန်းကျော် နေတာ။ ဒီလိုနေရာကို အုပ်ချုပ်နေတဲ့ ခယကဆိုတဲ့ ဟာကြီးက စကားကို လက်လွတ်စပယ်ပြောတတ်ပါပေရဲ့။ ငါတို့က မိဘလို အုပ်ချုပ်နေတာ ဆိုတော့ ၊ ခင်ဗျားကို ဘယ်သူ အုပ်ချုပ်ခိုင်းလို့ လဲ။ နီတယ်ဆိုတဲ့ စကား ပါယုံနဲ့ ကွန်မြူနစ်လို့ ထင်ရလောက်အောင် အသိဥာဏ် အောက်တန်းကျ လှချေလား။ ယူအန်ဒီပီက ထုတ်တဲ့စာအုပ်ကို တရားမ၀င်ဘူးလို့ ပြောတာ ရှက်ရကောင်းမှန်း မသိဘူးလား။ ကျနော်ကတော့ ရှက်တယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်ပါ ရှက်တယ်။

အဲ့ဒီကထွက်တော့ မဂ္ဂင်ကျောင်း ခရီးဆက်တယ်။ မဂ္ဂင်ရောက်တော့ သင်္ကကျွန်း မယကနဲ့အဖွဲ့ကလည်း သူတို့ရဲ့အလှူလုပ်ဖို့ လျှောက်နေတယ်။ ချက်ချင်းကြီး အလှုလုပ်မှာနော်။ ဘယ်နေ့လုပ်မှာလဲ ဆိုတော့ ကျနော်တို့ လုပ်တဲ့ရက် လုပ်မှာတဲ့။ ဆရာတော်ကတော့ စကားနည်းရန်စဲသဘောမျိုး လုပ်ပါ ပြောလိုက်တယ်။ ကျနော်တို့ အခြေနေမဟန်တော့ဘူး ဆိုတာ ရိပ်မိတယ်။

မဖြူက လူကြီးတွေ လိုက်တိုင်ပင်။ လူကြီးတွေကလည်း အကြံ အမျိုးမျိုးပေးကြပါတယ်။ ဒါပေမယ့် နောက်ဆုံးပိတ် အလှုဆက်လုပ်ဖို့ပဲ ဆုံးဖြတ်ချက်ကျတယ်။ လုပ်ပေါ့။ သူလုပ် ကိုယ်လုပ်ပေါ့။ ဒီတော့ အဖမ်းခံရမှာ သေချာတယ်။ တစ်နည်းနည်း ညစ်ဖမ်းမှာပဲ။

ဒီတော့ မဖြူ အပြင်မှာနေ၊ ဆက်လုပ်ဖို့ မဲကျတယ်။ ဒါနဲ့မဖြူလည်း ဆယ့်တစ်နာရီကျော်တော့ ပြန်သွားတယ်။ မဖြူနောက်လည်း စွမ်းအားရှင်လား၊ အက်စ်ဘီလား၊ ဘာလားတော့မ သိဘူး၊ အများကြီး လိုက်သွားလေရဲ့။

ကျနော်တို့ ဧည့်စာရင်းတိုင်တယ်။ ကျောင်းသားကြီးကိုအောင်သန်း သွားတိုင်တယ်။ ပထမအကြိမ် ရုံးမဖွင့်သေးဘူး။ ဒုတိယအကြိမ်ကျတော့ ရယကနဲ့ တွေ့တယ်။ မတိုင်ပါနဲ့ … တဲ့။ သူတို့လည်း အဲ့ဒီကိုလာပြီး ချက်ပြုတ်မှာ၊ အတူတူပေါ့ .. ဆိုတာနဲ့ ကိုအောင်သန်းကလည်း ဖြတ်ပိုင်းရအောင် မတောင်းခဲ့ဘူးဗျ။

သူတို့က ကျောင်းဆောင်သစ်မှာ ချက်တယ်။ ကျနော်တို့က ကျောင်းဆောင်ဟောင်းအောက်မှာ ချက်ကြတယ်။ ညဆယ့်နှစ်နာရီထိုးခါနီးကျတော့ ကျောင်းသစ်မှာ ချက်နေတဲ့အာဏာပိုင်တွေ ရုတ်ဆို ပျောက်သွားတယ်။ မှန်းလို့ရပြီလေ။ ဧည့်စာရင်းနဲ့ ကိုင်တော့မယ် ဆိုတာကို။ ဆယ့်နှစ်နာရီကျော်တော့ ဒိုင်နာနဲ့ ၀င်ချလာတယ်။ သင်္ကန်းကျွန်းမယကနဲ့ ရဲတွေ။

ဘယ်မှာလဲ ဧည့်စာရင်း၊ မရှိဘူးလေ၊ သွားတိုင်တာပဲ၊ ခင်ဗျားလူက ကလိမ်ကျ ပြောလိုက်လို့ ဖြတ်ပိုင်းမရတာပဲ ရှိတယ်။ သွားတိုင်တယ်လေ။

မလိုချင်ဘူး။ ကဲ … စခန်းမှုး ဒီလူတွေ ဧည့်စာရင်းမရှိဘဲ ညနေ ညအိပ်၊ လုပ်တယ်။ ဖမ်း၊ လက်ထိတ်ခတ်။ ဖမ်းတော့ ဖမ်းပေါ့။ ဘာတတ်နိုင်မလဲ။ ပါသွားရော၊ ဆယ့်တစ်ယောက်။

ကိုသန်းထိုက်အောင်(မြောက်ဒဂုံ)၊ ကိုအေးနိုင်(တောင်ဒဂုံ)၊ အခုနှစ်ယောက်စလုံး ဒေါ်အောင်ဆန်းစုကြည်အနီးကပ်။ ကိုရွှေဂျိုး၊ ကိုသန်းထွဋ်၊ ကိုစိုးနိုင်(သုံးယောက်စလုံးလှိုင်မြို့နယ်)။ ကိုကံမြင့်၊ ကိုမျိုးသန့်(နှစ်ယောက်စလုံးရှစ်ဆယ့်ရှစ်မျိုးဆက်)၊ ကိုမုန်းနိုင်(ဗဟန်း)၊ ကိုသန်းနိုင်(တောင်တွင်းကြီး)၊ ကိုသြကြီးခေါ် ကိုဝင်းလှိုင်(ရေနံချောင်း)၊ နောက် … ကျနော်ပေါ့ဗျာ။

ဖမ်းသွားပြီး သင်္ကန်းကျွန်းမှာ ချုပ်ထားတယ်။ ကျောင်းသားကြီးကိုအောင်သန်းလည်း ပါလာသေးတယ်။မဟုတ်ဘူး … ကိုအောင်သန်းက ဧည့်စာရင်းရှိတယ်။ သူ့ကို ပြန်လွှတ်ပေးပါ။ ဆိုတော့ စခန်းမှုးက ဒါဆိုပြန်ပို့ပေးမယ်ပေါ့။ ကျနော်တို့လည်း ကိုအောင်သန်းနဲ့ မှာစရာရှိတာ မှာလိုက်တာပေါ့။ စိတ်မပူနဲ့ ဆက်သာချ။ ထောင်ကျလည်း ခံမယ်။ ကျနော်တို့စိတ်ပူတာက အလှု ဆက်မလုပ်ဖြစ်မှာပါပဲ။ ကျန်တာ အေးဆေး။

နောက်နေ့ကျတော့ မဖြူတို့၊ ကိုမင်းကိုနိုင်တို့တဖွဲ့ကြီး ရောက်လာတယ်။ တောင်ဒဂုံ မဥမ္မာအုပ်စုကော။ ဒေါ်နော်အုံးလှတို့ကော … ရောက်လာတာ။

ရုတ်ရုတ်သဲသဲပေါ့ဗျာ။ စခန်းတစ်ခုလုံးလည်း ရဲတွေဖက်က သိပ်ဖမ်းချင်ပုံမပေါ်ဘူး။ ညလည်း ရောက်ရော ကျနော်တို့ကို စခန်းတွေခွဲ ပါလေရော။ ကျနော်က ဒေါပုံ အကျိုးပေးသန်တယ်ထင်တယ်။ ဒေါပုံပါသွားတယ်။ အဲ့မှာလည်း တစ်ညလား အိပ်လိုက်ရပါတယ်။ နောက်နေ့တော့ ပြန်ခေါ်တယ်။ အင်းစိန်ပို့မယ်ထင်နေတာ။ သင်္ကကျွန်းမယကရုံး ပြန်ခေါ်သွားတယ်။

သူတို့ကလည်း မဟုတ်က ဟုတ်က လုပ်သေးတယ်။ မယကက တစ်ပြန်စီးပြီးတော့ ကျနော်တို့ကို အပြစ်ရှိလို့ ဖမ်းခံထိတယ် ဆိုပြီး လက်မှတ်လာထိုးခိုင်းတယ်။ မထိုးဘူးဗျာ .. ကျနော် ထပြောတယ်။

မင်းတို့ကိုဧည့်စာရင်းစစ်တော့ ဧည့်စာရင်းတိုင်ထားကြောင်း လက်မှတ်မပြနိုင်ဘူးလေ … တဲ့။

ခင်ဗျားရူးနေလား၊ ခင်ဗျားလက်အောက်က ရယကကို မေးကြည့်ပါ့လား၊ ဧည့်စာရင်းတိုင် မတိုင်ဆိုတာကို။ ဒီရယကဆိုတဲ့လူက လူတွေ ထောင်ချီအုပ်ချုပ်နေတော့၊ သူ့ဂုဏ်သိက္ခာ သူ့စကားယုံစားမိတာပေါ့ … ဆိုတော့၊ ဒါဆိုလည်း ပြန်ကြတော့ … တဲ့။

တောက်…

ကျနော်အဲ့ဒီအခန်းထဲမှာတောက်ခေါက်ခဲ့တယ်။

လူနာတွေအတွက် အလှုလုပ်တာ ဖမ်းတယ်။ ပြန်ဆိုတော့ ချက်ခြင်း။ လူတွေဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ မနေရပါလား။ တစ်ရက် နှစ်ရက် အဖမ်းခံရတာ မင်းက ဒေါသဖြစ်နေ။ အခြားလူတွေ ဆယ်နှစ် နှစ်နှစ်ဆယ် ကျတာ ဘာပြောမလဲ … ဆိုရင်တော့ ဒီလူတွေအတွက်ပါ ရောချဒေါသ ဖြစ်ခဲ့တာပါ။

အလှုလုပ်လို့ အဖမ်းခံရတဲ့အထဲမှာ ကျနော်တို့ ပထမဆုံးပဲ။ အပြင်ရောက်တော့ လူတွေအများကြီးတွေ့တယ်။ လာကြိုနေကြတာပေါ့လေ။ ချက်ခြင်း အင်တာဗျူးတွေလုပ်တယ်။ ကိုသန်းနိုင်က လျှောက်ပြောနေသေးတယ်၊ ဘာတရားဥပဒေတို့၊ ညာတို့ … ကျနော်ပြောလိုက်ပါတယ်။ ဘာမှမဟုတ်ဘူး၊ ဖမ်းချင်လို့ဖမ်းတာ၊ လွှတ်ပေးချင်လို့ လွှတ်ပေးတာ။ ဒါပဲ …။ ဘာအကြောင်းပြချက် ဘာဆင်ခြေမှ မရှိဘူး။

နောက်တော့မှ သိလာတာက ကျနော်တို့ကို ဖမ်းပြီး နောက်တစ်ရက်၊ ကနေဒါမှာ ကမ္ဘာ့အိပ်ခ်ျအိုင်ဗွီညီလာခံ လုပ်တယ်တဲ့။ အဲ့ဒီညီလာခံကို ကျနော်တို့သတင်းတွေ ရောက်သွား ကမ္ဘာကြီးက ၀ိုင်းအာလို့လွှတ်ပေးလိုက်တယ် … ဆိုတယ်။

ကျနော်တို့အချုပ်ထဲဆိုတော့ ဘယ်လောက် မှန် မမှန် မသိဘူး။ နောက် တီးတိုး တီးတိုးအသံတွေက ကျယ်လာတယ်။

ဘာလဲဆိုတော့ …။ ကျနော်တို့အလှုလုပ်တဲ့နေ့ အဖမ်းခံင်္ထိတယ်။  သတင်းမီဒီယာတွေပါတယ်။ အဖွဲ့ချုပ်ဝင်တွေကော၊ ဆရာတော်တွေကော၊ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေကော၊ စီအီးစီအချို့ကော လာကြတယ်။

ကျနော်တို့လူငယ်တာဝန်ခံများ ပဲခူးသွား လက်ဖက်ရည်သောက်နေတယ် … ဆိုပဲ။

ဟုတ်ပါ့ဗျာ။ ဒီတော့ အချင်းချင်း စကားများကုန်တာပေါ့။ နှိုင်းယှဉ်စရာလည်းဖြစ်ကုန်တာပေါ့။ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျနော်တို့လူငယ်တာဝန်ခံတွေနဲ့ တစ်ခေတ်ထဲ ဖြတ်သန်းလာတာကိုး။ ဒါနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဇေယျဆိုတဲ့လူတွေနဲ့ ပိုရင်းနှီးလာသလို သတင်းမီဒီယာတွေနဲ့လည်း ပတ်သက်စ ပြုလာတယ်ပေါ့ဗျာ။

ကျနော်တို့ကို ဒုက္ခပေးတဲ့လူတွေလည်း ပြုတ်ကုန်ဆိုလား ဘာလား၊ ကြားတယ်။ အဟောသုခံ ကောင်းလေစွ၊ ကောင်းလေစွ။ သူများအလုပ်ပြုတ်တာကို ၀မ်းသာတာမဟုတ်ပါဘူး။ ဒီလူတွေ အစကတည်းက တာဝန်မှ မပေးသင့်တာ။

(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်။

နောက်တိုးသတင်း၊ ဒေါ်ဖြူဖြူသင်း၊ ကိုရာဇာနှင့် မောင်ကိုကိုတို့ စုပေါင်းရေးသားသည့် “အများခန္တာနဲ့ နာဖျားနေတဲ့ကိစ္စ” အမည်နဲ့ အဆိုပါ ဆောင်းပါးပေါင်းချုပ်စာအုပ် ရန်ကုန်မှာ ပုံနှိပ်ထုတ်ဝေမည် ဖြစ်သည်။ သြဂုတ် ၂၈ မှာ စတင်ဖြန့်ချိမည်ဟု သတင်းကြားသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်