ထိုင်ခုံများ နှင့် ကျနော် (Po Htet)

August 11, 2012


ဖိုးထက်၊ သြဂုတ် ၁၂၊ ၂၀၁၂

ထိုင်ခုံဆိုသည့် အရာကို ကျနော့်ဘ၀မှာ မှတ်မှတ်သားသား စတင်ခံစားမိသည့် အချိန်မှာ သူငယ်တန်းတက်သည့် အချိန်ဖြစ်သည်။ အမေက အထက်တန်းပြဆရာမ။ သူ့သားအငယ်ကို သူငယ်တန်းစတက်ဖို့ သူ့ကျောင်းရှိ ညီမငယ်လိုဖြစ်နေသည့် သူငယ်တန်း အတန်းပိုင်ဆရာမဆီ ခေါ်သွားခဲ့သည်။ “သားလေး ဒါ မင်း အတန်းပိုင်ဆရာမ။ ဆရာမစကားကို နားထောင်ရမယ်နော်။ ငါ့သားက ဆရာမစကား နားမထောင်လို့ ရိုက်ရင် အမေ့ကို လာမတိုင်နဲ့ ။ အမေလဲ မတတ်နိုင်ဘူး။” ဆိုသည့် မှာကြားသံနှင့်အတူ ကျနော့်ကို အပ်ထားခဲ့သည်။ ဆရာမငယ်ငယ်လေးက အထက်တန်းပြဆရာမကြီး ကျနော့် အမေကို လေးစားစွာဖြင့် ပြန်လှန်ပြောဆိုနေသည့် စကားသံများကို ကျနော် ဂရုမစိုက်မိတော့။ ပထမဆုံး ကျောင်းတက်ရသည့် ရင်ခုန်မှုကို အခုအချိန်ထိ ခံစားလို့ရတုံးဖြစ်သည်။

ဆရာမလေးက “သားလေးလာ။ ဒါ မင်းထိုင်ရမယ့် ထိုင်ခုံ။ ဘေးက သူငယ်ချင်းတွေနဲ့ တည့်အောင် ပေါင်းရမယ်နော်။ ရန်မဖြစ်ရဘူး” ဆိုသည့် မှာကြားသံနှင့် အတူ ကျနော့် ထိုင်ခုံကို ကြည့်မိသည်။ ထိုင်ခုံပေါ်မှာ သူငယ်တန်း ကလေးအဆက်ဆက် လက်ဆော့သွားဟန်ရှိသည့် အခြစ်ရာ၊ အစင်းရာများဖြင့် ပြည့်နှက်နေသည်။ ကျနော့် လွယ်အိတ်သစ်သစ်လွင်လွင်လေးကို ထိုင်ခုံအံဆွဲထဲ ထိုးထည့်လိုက်တော့ ပင့်ကူမြှင်များ ပေပွကုန်သည်။ ထိုင်ခုံလေးကို မနှစ်မြို့စိတ်ပေါ်လာသည်။ သို့သော် သူငယ်တန်းနှစ် ကျောင်းသား ပထမနှစ်ကို ဖြတ်သန်းပြီး နောက်အတန်းတက်သောအခါ ကျနော့် ထိုင်ခုံလေးပေါ်မှာ ဘာရယ်မဟုတ်ဘဲ ကျနော့် နာမည်လေးကို သံချွန်လေးဖြင့် မှတ်မှတ်ရရ ရေးခြစ်ခဲ့သေးတာ မှတ်မိသည်။

နောက်တော့ ကျနော် အတန်း တစ်တန်းပြီး တစ်တန်း တက်ခဲ့သည်။ ထိုင်ခုံများ တစ်ခုံပြီး တစ်ခုံ ပြောင်းခဲ့ရသည်။ အတန်းတစ်တန်းတက်တိုင်း ထိုင်ခုံဟောင်းလေးတွေကို သံယောဇဉ်က မပြတ်ချင်။ အတန်းငယ်ကာစက အတန်းအရှေ့ဘက် ခပ်ကျကျ ဆရာ့ စားပွဲနှင့် နီးနီးနားနားမှာ ထိုင်ရတာ သဘောကျပေမယ့် အတန်းကြီးလာလေ ဆရာ့မျက်ကွယ် နောက်နားခပ်ကျကျ ထိုင်ခုံတွေကို သဘောကျလာသည်။

အထက်တန်းအောင်ပြီး တက္ကသိုလ်သို့ စတင် တက်ရောက်သောအခါ အတန်းထဲရှိ ထိုင်ခုံမှန်သမျှသည် ကျနော့်အပိုင်ဖြစ်လာသည်။ စိတ်ပါဝင်စားသည့် ဘာသာရပ်များ သင်ကြားသောအခါ ရှေ့ခပ်ကျကျ ထိုင်ခုံတွေမှာ ထိုင်သည်။ ရွှတ်နောက်နောက် လုပ်ချင်သောအခါ၊ သို့မဟုတ် အတန်းအပြင်သို့ အချိန်မရွေး ထထွက်ရန် လိုအပ်လာသောအခါ နောက်ဘက်ဆုံး ထိုင်ခုံတွေကို ရွေးချယ်သည်။ တစ်ခါတစ်ရံ ကျနော် သဘောကျသော ကောင်မလေးကို စာသင်ရင်း ဂရုစိုက်နိုင်ဖို့ မိန်းကလေးတွေ အလယ်ရောက်နေသော ကျနော် မကြိုက်သော ထိုင်ခုံတွေမှာ မျက်နှာပြောင်တိုက် ထိုင်တတ်ခဲ့သည်။

ဘယ်လိုဘဲ ဖြစ်ဖြစ် ပညာသင်ကြားသော အရွယ်မှာ ကျနော် ကြိုက်ရာ ထိုင်ခုံကို ရွေးချယ်ပိုင်ခွင့် အပြည့်ရခဲ့သည်။ ရှေ့မှာ ထိုင်မလား။ နောက်မှာ ထိုင်မလား။ အပေါက်နား နီးနီးလား။ ဆရာ့ မျက်စိအောက်လား။ မျက်ကွယ်မှာလား။ အားလုံးက ကျနော့်အပေါ်မှာသာ မူတည်ခဲ့သည်။ ကျနော် သဘောကျသလို၊ နှစ်သက်သလို ထိုင်နိုင်သည်။ မည်သူမှ အရေးတယူ အပြစ်တင်သည် မရှိခဲ့။

ဘ၀ဇာတ်ခုံပေါ်သို့ ရောက်ရှိပြီး အလုပ်အကိုင်များ ရရှိလာသောအခါ ကျနော် ကြိုက်သလို ရွှေးချယ်လို့ မရတော့။ ဘ၀က ကျနော့်အတွက် ထိုင်ခုံ နေရာကို ရွှေးချယ်ပေးလာသည်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုင်ခုံနှင့် နေသားတကျဖြစ်ဖို့ ကြိုးစားရသည်။ ထိုင်ခုံ နှင့် လူ ဆက်စပ် ပါတ်သက်ပုံကို အသက်ရလာလေ ကျနော် သတိထားမိလာသည်။ ထိုင်ခုံတစ်ခုံရဖို့ ကြိုစားအားထုတ်မှုတွေ လိုအပ်လာသည်။ ထိုင်ခုံတစ်ခုံရယူလိုမှုအတွက် ပေးဆပ်လိုက်ရတာတွေ ရှိလာသည်။ နာမည်၊ ကိုယ့်ကျင့်သိက္ခာ တို့ကို ထိုင်ခုံတစ်ခုံနှင့် လဲလှယ်လိုက်ရတာလဲ ကြုံလာရသည်။

ဘ၀အတွက် မိမိထိုင်ချင်သော ထိုင်ခုံမှာ ထိုင်ရဖို့ ပေးချင်ရာပေးကြစတမ်း။ ထိုင်ရရင် ပြီးကြစတမ်း လူတွေကို တွေ့လာရသည်။ ဘ၀တစ်လျှောက်လုံး မိမိလိုအင်ဆန္ဒများ ပြည့်စုံစေမည့် ထိုင်ခုံအတွက် မဆိုထားဘိ။ တစ်နာရီ၊ နှစ်နာရီ ခရီးသွား ဟန်လွှဲ ခဏတစ်ဖြုတ် အချိန်လေးအတွက် မျက်နှာပြောင် တိုက်သည့် လူ့သဘာဝကို ကျနော်တွေ့လာရသည်။

ကျနော် ရောက်ရှိနေသော နိုင်ငံငယ်လေးရှိ မြို့ပါတ်ရထားများပေါ်မှာ ကျနော်နှင့် ထိုင်ခုံ ဇာတ်လမ်းတစ်ခု ရှိခဲ့သည်။ သူတို့ ရထားများပေါ်ရှိ ထောင့်ဆုံးခပ်ကျကျ အမှီ အကာရှိသော ထိုင်ခုံတွေရဲ့ နောက်ကျောမှာ ကိုယ်ဝန်ဆောင်သည်၊ သက်ကြီးရွယ်အို၊ မသန်မစွမ်းများအတွက် အထူးလို့ ရေးသား သတ်မှတ်ပေးထားပါရဲ့နှင့် အရုပ်ဆိုးလောက်အောင် စိတ်အရောင် ဖြော့တော့သော လူတွေကို တွေ့ရသည်။ တစ်ချို့ ငယ်ငယ်ရွယ်ရွယ် လှလှပပ မွှေးပျံ့နေအောင် လှပလွန်းသည့် မိန်းမပျိုကလေးများ။ သက်ကြီးရွယ်အိုများအတွက် ဆိုသည့် ထိုင်ခုံမှာ ထိုင်နေပြီး အိပ်ချင်ယောင်ဆောင်နေသည့် စိတ်မျိုးနှင့် ဘယ်လိုများ အိမ်ထောင်တွေ ပြုပြီး မွေးလာသည့် ကလေးတွေကို ဘယ်လိုများ သွန်သင်ဆုံးမ မှာပါလိမ့်ဟု မဆီမဆိုင် တွေးမိသည်။ တစ်ချို့ က သန်သန်မာမာ ကျားဆိုမှ ကျားဆိုသည့် လူရွယ်များ။ မိမိနှင့် မအပ်စပ်သော ထိုင်ခုံမှာ ထိုင်ပြီး မိမိရှေ့မှာ လာရပ်နေသည့် မသန်မစွမ်းတစ်ယောက်ကို မသိနားမလည်သည့် မျက်လုံးမျိုးဖြင့် ပြန်ကြည့်တတ်သည့် လူအတွက် လောကကြီးသည် အရုပ်ဆိုး အကျည်းတန်လွန်းခဲ့သည်။

တစ်ခါက ထိုင်ခုံတစ်နေရာစာအတွက် စိတ်မကောင်းဖြစ်ရဘူးသည်။ ကျနော့် အလုပ်နှင့် အိမ်သည် ရထား တစ်နာရီခွဲခန့် စီးရသည်။ အမှန်အတိုင်းဝန်ခံရလျှင် ကျနော် ထိုင်ခုံရချင်သည်။ ရထားပေါ်မှာ တစ်နာရီခွဲခန့် မတ်တပ်ရပ်လျက်ကြီး နေရပြီး အလုပ်ရောက်သောအခါ အလိုလိုနေရင်း အလုပ် လုပ်ဖို့ စိတ်မပါတာ မဖြစ်ချင်။ ထို့ကြောင့် ရွယ်တူ၊သက်တူများဖြစ်ပါက ကျနော်က ထိုင်ခုံနေရာရဖို့ အားစိုက်တတ်သည်။ အားမနာတတ်ဘဲ ထိုင်ပါသည်။ အဲဒီနေ့ကလဲ ကျနော် ကံအားလျော်စွာ ထိုင်ခုံရသည်။ ကျနော့် ဘေး ဘယ်ညာမှာ သက်ကြီးရွယ်အိုမရှိ။ ကိုယ်ဝန်ဆောင်သည်မရှိ။ မသန်မစွမ်း မရှိ။ ကလေးသူငယ်များ မရှိ။ ကျနော် လိပ်ပြာသန့်စွာ ထိုင်ပါသည်။ သို့သော် ဘူတာတစ်ခုအရောက်မှာ အသက်ခပ်ကြီးကြီး အဘိုးအရွယ် တစ်ယောက် ရထားပေါ်သို့တက်လာသည်။ သတ်မှတ် ထိုင်ခုံတွေမှာလည်း ကိုယ်ဝန်ဆောင် နှစ်ယောက်၊ အဘွားကြီး တစ်ယောက်နှင့် အိပ်ပျော်နေသလား အိပ်ချင်ချင်ယောင်ဆောင်နေသလား မသိသော တရုတ်မ ငယ်ငယ် တစ်ယောက်နှင့် ပြည့်နေပြီ။

စိတ်ကောင်း ရှိချင်သော အချိန်ရှိပြီး၊ မရှိချင်သောအချိန် မရှိသော ကျနော်က ထို တရုတ်အဘိုးကြီးအတွက် ကျနော့် ထိုင်ခုံနေရာကို ထပေးလိုက်သည်။ အဘိုးကြီးက ကျေးဇူးတင်ပါတယ်ဟု ပြောပြီး ၀င်ထိုင်သည်။ ဒီအထိ အားလုံးက ပုံမှန်။ အားလုံးက နေသားတကျ။ သို့သော် နောက် တစ်ဘူတာ အရောက်မှာ မြန်မာကောင်မလေး နှစ်ယောက် တက်လာသည်။ သူတို့ အချင်းချင်း မြန်မာစကားပြောနေသဖြင့်သာ မြန်မာလူမျိုးမှန်း သိရခြင်းဖြစ်သည်။ တောင်လိုလို မြောက်လိုလို ဘယ်ရုပ်ထွက်နေမှန်း မသိသော ကျနော်၏ ရုပ်ရည်ကြောင့် မြန်မာတစ်ယောက်ဟု သံသယ ရှိကြပုံမရ။ ပြောကြသော အကြောင်းအခြင်းအရာများကို ထောက်လျှင် နိုင်ငံခြား တိုင်းပြည်မှာ ဈေးဝယ်ထွက်လာကြခြင်းဖြစ်သည်။ အပျော်ခရီးသက်သက် နိုင်ငံခြားသို့ ထွက်နိုင်သော သူဌေးသမီး၊ လူကြီး သမီးလေးများ ဖြစ်ပုံရ၏။

နောက် တစ်ဘူတာ ရောက်ခါနီး ကျနော် ထိုင်ခုံပေးထားသော အဘိုးကြီးက ဆင်းဖို့ ပြင်သည်။ ကောင်မလေး နှစ်ယောက်ထဲမှ တစ်ယောက်က အဘိုးကြီး ထိုင်ခုံမှ မထသေးခင် ၀င်ထိုင်ဖို့ ပြင်သည်။ မိန်းကလေး ဦးစားပေးရမယ်ဆိုသည့် လူသာမန်တောင် နားလည်သည့် လူ့ယဉ်ကျေးမှု အရ နေရာလု စစ်ပွဲသို့ ကျနော် မပါ။ ဘူတာမှာ ရထား အရပ်။ အဘိုးကြီး ထိုင်ခုံပေါ်က အထ။ ကောင်မလေးတစ်ယောက်က ၀င်အထိုင်။ ထို့အတူ ရထားပေါ်သို့ တုန်တုန်ချိချိ အဘွားကြီး တစ်ယောက်က ကျနော်ပိုင်ခဲ့သော၊ အဘိုးကြီး ထိုင်ခဲ့သော၊ ကောင်မလေး ထိုင်နေသော ထိုင်ခုံရှေ့မှာ လာအရပ်။ တစ်မိနစ်၊ နှစ်မိနစ် အတွင်း အစီအစဉ်တကျ ဖြစ်သွားခဲ့သည်။  နူးညံ့ ဖူးရွနေသော ကောင်မလေး မျက်နှာ အရောင် မဆိုသလောက်သာ ပြောင်းသွားပြီး မသိလိုက် မသိဘာသာ ဆက်ထိုင်နေသည်။ သူ့စိတ်နဲ့သူ။ သူ့မိဘနဲ့ သူ ။ ကျနော်က ဘာပြောလို့ရမှာလဲ။ မိချောလေး သဘောတော် ရှိတော် မူသည့်အတိုင်း ရှိပါစေလေ။

            မိမိခြေပေါ်မှာ မခိုင်မြဲစွာ ရပ်နေသော အဘွားကြီးက တုန်တုန်ချိချိ။ ဘယ်သူမှလဲ အဘွားကြီးအတွက် နေရာ ထမပေး။ ကျနော် အသက်ရှူတွေ ကျပ်လာသည်။ နောက်တစ်ဘူတာရောက်ခါနီးမှာ ကျနော့်ထိုင်ခုံမှာ ထိုင်နေသော ကောင်မလေးက ဆင်းတော့မည်ဟု အဖော်ကောင်မလေးကို ပြောနေသည်။ မတ်တပ်ရပ်နေသည့် ကောင်မလေးကို “ငါ ထထချင်း နင် ၀င်ထိုင်နော်။ အားနာမနေနဲ့။ သူများတွေတောင် ထမပေးတာ။ ငါက ဘာမှ ထပေးစရာမလိုဘူး။ နင့်ဘာသာ ၀င်ထိုင်။ ရှေ့က မလေးကောင်က (ကျနော့်ကို ဆိုလိုပါသည်) ထိုင်ချင်နေပုံရတယ်။” ဟု မှာတမ်းချွေသည်။ ကျနော့် ရီချင်စိတ်ကို အောင့်ထားလို့ မရတော့။ “ဟုတ် ကျနော် မြန်မာပါဗျာ။ ဖြစ်နိုင်ရင် ခင်ဗျား ထိုင်ခုံလေး ပေးလိုက်ပါဗျာ။ အဘွားကြီး သနားပါတယ်။” ဟု ရီကျဲကျဲလုပ်ရင်း ၀င်ပြောတော့ “ဟယ် မြန်မာလား။ သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ “ ဆိုပြီး နောက်ဘူတာ အရောက်တွင် နှစ်ယောက်လုံး ဆင်းပြေးသွားကြတော့သည်။ ထိုအချိန်ကျမှ လောကကြီး၏ အသက်ရှူသံ ပုံမှန်ကို ပြန်ကြားရသည်။ အစစအရာရာ လှပ ပြည့်စုံသွားသည်။

သူများ မလုပ်တိုင်း ငါလဲ လုပ်စရာမလိုဘူးတဲ့လား။ သူများ ထမပေးတိုင်း ငါတို့လဲ ထပေးစရာ မလိုဘူးတဲ့လား။ လောကကြီးမှာ နေသား တကျ ဖြစ်မနေတာကို မိမိရှေ့မှာ တွေ့နေပါလျက်နဲ့၊ ကြိုက်လဲ မကြိုက်ပါရဲ့နဲ့ ပါးစပ်ပိတ် နေသော ကျနော်ကကော မမှားဘူးတဲ့လား။ အသက်ရှူကျပ်သတဲ့လား။ နာရီဝက်၊ တစ်နာရီခန့် သက်တောင့်သက်သာလေး စီးနင်း ခရီးနှင်ရဖို့ မိမိနေရာ ထိုင်ခုံလေးတွေအား သူငယ်ချင်း မိတ်ဆွေကို လက်ဆင့်ကမ်းဖို့ ကြိုးစားနေကြသော စိတ်တွေက ရုပ်မပျက်လွန်းဘူးလား။ လောကသံသရာထဲမှာ ရေတပွက်စာခန့်သာလို့ ပြောကြတဲ့ လူ့ဘ၀ရနေချိန်မှာ မိမိ ထိုင်ခုံ၊ နေရာတွေအတွက် လက်ဆင့်ကမ်း ပေးကြတာ ရီစရာ မကောင်းပေဘူးလား။ ရထားပေါ်က ဖူးဖူးလှလှ ကောင်မလေးလို၊ အဘွားကြီးအတွက် နေရာ ဖယ်မပေးချင်ကြသော လူတွေလို မိမိထိုင်ခုံပေါ်မှာ ထိုင်နေရတာ နေရခက်နေပေမယ့် မသိလိုက် မသိဘာသာ မျက်နှာပြောင်တိုက်ပြီး ထိုင်ကြစတမ်းလား။ ကျနော့်အတွေးတွေက ရထားသံ ဆူဆူညံညံအသံများနှင့် အတူတူ လိုက်ပါ ဆူညံနေသည်။

            ဘယ်လိုဘဲဖြစ်ဖြစ် နောက်နောင် ရထားပေါ်မှာ၊ ကားပေါ်မှာ ကျနော် နေရာ ရခဲ့လျှင်လဲ ထိုင်ရအုံးမှာဘဲ ဖြစ်သည်။ သက်တူ၊ ရွယ်တူ၊ အားကောင်းမောင်းသန် တွေအတွက် ကျနော် နေရာ ထပေး စရာ မလိုအပ်ဘူးလို့ ထင်သည်။ အားနာစရာ မလိုဘူးလို့ ထင်ပါသည်။ ပြီးတော့ ကျနော်လိုရာ ခရီးရောက်လို့ ကျနော့် ထိုင်ခုံကို ချန်ထားရစ်ခဲ့ရမည်ဆိုလျှင် ဘယ်သူထိုင်ထိုင်၊ မထိုင်ထိုင် ကျနော် ချန်ထားခဲ့ရအုံးမည်။ သို့သော် ကျနော် ချန်ခဲ့သော ထိုင်ခုံမှာ ထိုင်မည့် လူသည် လောက သဘာဝကို နေသားတကျ လှပစေမည့် လူဖြစ်ဖို့ အရေးကြီးမည်ဟု ထင်သည်။ ခဏတစ်ဖြုတ် ပိုင်ဆိုင်ရသော ကျနော့် ထိုင်ခုံအတွက် လိပ်ပြာသန့်ရှင်းဖို့ ကျနော် ကြိုးစားခဲ့မှာဘဲ ဖြစ်သည်။

Photo credit – http://sharonfrost.typepad.com/day_books/2011/08/index.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ထိုင်ခုံများ နှင့် ကျနော် (Po Htet)

  1. nay win maung on August 13, 2012 at 8:54 pm

    ကျွန်တော်တို.နိုင်ငံမှာလဲ ထပေးသင့်တဲ့ ထိုင်ခုံတွေ များလှပါပြီ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်