သမိုင်းတကွေ့မှ သခင်ဗစိန် (Than Win Hlaing)

August 15, 2012

သမိုင်းတကွေ့မှ သခင်ဗစိန်

သန်းဝင်းလှိုင်၊ သြဂုတ် ၁၅၊ ၂၀၁၂

            နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးသမိုင်း၌ ထင်ရှားခဲ့သော သခင်ဗစိန်ကို ၁၉၁၀ပြည့်နှစ် ဇူလိုင်လ ၁၅ ရက် သောကြာနေ့တွင် အဖဦးဘိုးမြစ်၊ အမိဒေါ်စောတို့မှ သင်္သာတမြို့ တာသစ်ရပ်၌ ဖွားမြင်ခဲ့ သည့် အထွေးဆုံးသားဖြစ်သည်၊ သခင်ဗစိန်၏ မေးချင်း အစ်ကိုအစ်မများမှာ ဒေါ်သိန်းရင်၊ ဒေါ်အေးယု၊ ဦးသန့်၊ ဒေါ်အေးစိန် နှင့် သခင်စိန်ပြန့်တို့ဖြစ်ကြသည်။ သခင်ဗစိန်၏ဖခင်မှ မျိုးရိုးသည် ဆွေကြီးမျိုးကြီး ဂုဏ်ကြီးဒြပ်ကြီး ဟု ဆိုနိုင်လေသည်။ ဦးဘိုးမြစ်၏ ဖခင်ဦးရွှေအောင်သည် ဟင်္သာတမြို့မှ ကြွယ်ဝသော ချမ်းသာသော သမာဓိ မြို့ဝန်ဖြစ်သည်။

            သခင်ဗစိန်သည် ကျောင်းနေစဉ်ကပင် အစ်ကိုဖြစ်သူက အိမ်၌သင်ကြားပေးခဲ့သဖြင့် ဟင်္သာတမြို့အစိုး ရအထက်တန်း၌ စတုတ္ထတန်းမှစ၍ အတန်းတက်ခဲ့ရသည်။ ၁၉၂၈ခုနှစ်တွင် ဒဿမတန်းကို အင်္ဂလိပ်၊ မြန်မာ စာ၊ သင်္ချာဘာသာရပ်တို့၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် နောင်တွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲ ခေါင်းဆောင်တစ်ဦးဖြစ်လာသည့် ကိုဗစိန်ကို နိုင်ငံရေးမျိုးစေ့ သန္ဓေတည်ပေါက်ဖွားပေးရာ ဘူမိနက် သန်မြေဖြစ်သည်။ ကိုဗစိန်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၌ ပါဝင်လှုပ်ရှားခဲ့ကာ ၁၉၃၁ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့၏ ပထမဆုံး အထွေထွေအတွင်း ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

ပထမဆုံးဥက္ကဌမှာ ကိုထွန်းစိန်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသား ကိုဗစိန်သည် ကျောင်းစာသင်ခန်းစာများ၌ ဆရာများအမည်ခေါ်လျှင် “ပရဲဆင့်ဆာ” “Present Sir”ဟု ကျောင်း သားအားလုံးက ထူး၍နေကြသည်ကို ကန့်ကွက်၍ ကိုဗစိန်က ထိုသို့မထူးဘဲ “ရောက်ပါပြီချင်ဗျား”ဟု ပထမဆုံး ထူးခဲ့သည်။ သဟာယအဆာင်နှင့် စာဖတ်အသင်းများတွင်လည်း ကိုဗစိန်သည် နည်းပြဆရာလုပ်နေသော ဆရာဘသောင်း (နောင်သခင်ဘသောင်း)တွဲ၍ အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးတရားများ ဟောပြောခဲ့သည်။ ထိုသို့ဟောပြောမှုကြောင့် ရန်ကုန်တက္ကသိုလ်မှ ယုဒသန်ကောလိပ်သို့ ပြောင်းရွှေ့ခံရသည်။ ဆရာဦးဖေမောင်တင်သည် ကိုဗစိန်နှင့် ကိုဘသောင်းတို့၏ နိုင်ငံရေးလုပ်ရှားမှုများကို အားပေးကူညီခဲ့သည်။

            ကိုဗစိန်သည် ယုဒသန်ကောလိပ်သို့ အပို့ခံရသော်လည်း ငြိမ်နေသည်မဟုတ်။ ထိုစဉ်က ဆရာစံလယ် သမားအရေးတော်ပုံကြီး ပြိုကွဲသွားသောအခါ နယ်ချဲ့လက်ကိုင်တုတ် ကျောင်းသားတစ်စုက ဆရာစံကို အပြစ် တင်ကြသည်။ ရှုတ်ချကြသည်။ ဆရာစံ၏ အတွေးအခေါ်အားနည်းမှုကို ပြက်ရယ်ပြုကြသည်။ ဤသည်ကို ကုဗစိန်ကြားသောအခါ ဒေါသဖြစ်ခံပြင်းကာ ဆရာစံအရေးတော်ပုံကို ထောက်ခံသောစာတမ်းတစ်စောင်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ စာတမ်း၌

            “လယ်သမားသူပုန်ခေါင်းဆောင်ကြီး ဆရာစံ၏ တော်လှန်ရေးသည် မှန်ကန်သည်။ တရားနည်းလမ်းကျ သည်။ သည်ကနေ့ မြန်မာပြည်တွင် တောင်လှန်ရေးစစ်တပ် မဆင်နွှဲဘဲ လွတ်လပ်ရေးရမည်မဟုတ်။ ဆရာစံ၏ တောင်လှန်ရေး မအောင်မြင်၍ ပြည်သူလူထုစိတ်ဓါတ်ကျစရာမလို။ သည်တော်လှန်ရေးမီးရှူးတိုင်ကို လက်ဆင့် ကမ်းသယ်ဆောင်သွားမည်ဆိုလျှင် တစ်နေ့သောအခါ လွတ်လပ်ရေးကို လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်ရမည် ဧကန်ဖြစ်၏”

            အဆိုပါစာတမ်းကို အင်္ဂလိပ်ဘာသာဖြင့်ရေး၍ လက်နှိပ်စက်ရိုက်ကူးပြီး မိတ္တူပွားသည်။ ရရှိသောမိတ္တူ စာရွက်များကို အမျိုးသားကျောင်းဆောင်များသို့ပို့၍ တိတ်တဆိတ်ဝေငှသည်။ နံရံတွင်လည်းကပ်သည်။ ထိုစာ တမ်းကို ရေးသူကိုလည်း ကိုဗစိန်၊ ဖြန့်ဝေသူကိုလည်း ကိုဗစိန်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ကျောင်းအာ ဏာပိုင်များက ရန်ကုန်တက္ကသိုလ်မှ ရွှေ့ပြောင်းလာသော ကိုဗစိန်ကို ယုဒသန်ကောလိပ်မှလည်း အပြီးအပိုင် ကျောင်းထုတ်ပစ်လိုက်လေသည်။ ကျောင်းထုတ်ခံရစဉ်က ကိုဗစိန်သည် ယုဒသန်ကောလိပ် ဘီအေနောက်ဆုံး နှစ်အဖြစ် ပညာသကြားနေချိန်ဖြစ်သည်။

            သို့သော် ကိုဗစိန်ကား စိတ်ဓါတ်မကျဘဲ နယ်ချဲ့ဆန့်ကျင်ရေးကို တိုးတိုးတိတ်တိတ်တမျိုး၊ ဗြောင်တမျိုး လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ဤသည်ကား ကိုဗစိန်၏ နိုင်ငံရေးစိတ်ဓါတ်ဖြစ်၏။ ဤကား ကိုဗစိန်၏ နိုင်ငံရေး စွန့်စားမှုဖြစ်သည်။ မိမိ၏လုပ်ရပ်သည် ထောင်နှုတ်ခမ်းနင်းနေသည်ကို မသိ၍မဟုတ်။ သိ၏။ သို့သော် ထောင် ကျမည်ကို ကြောက်နေလျှင် သည်ဘဝမှာ မြန်မာတို့လွတ်လပ်ဖို့ မမြင်တော့ပြီ။ ထို့ကြောင့် ထောင်ကျလျှင်သော် မှ ကျစေ၊ အဖမ်းခံရချင်ခံရစေ၊ မိမိယုံကြည်သော နိုင်ငံရေးလုပ်ငန်းဖြင့် ကိုဗစိန်သည် နောက်မဆုတ်တမ်း လုပ် ကိုင်ခဲ့လေသည်။

            ယင်းကြောင့် ကိုဗစိန်ကို သူ့ရဲဘော်များက အိန္ဒိယပြည်ရှိ နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏အမည်နှင့် ယှဉ်တွဲ၍ “ဂန္ဒီစိန်”ဟု ကိုဗစိန်အား နာမည်ဘွဲ့ထူးသစ်ပေးခဲ့သည်။

            ထို့နောက် ၁၉၃၁ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်းကြီးကို ကိုဘစိန်နှင့် သူ့ရဲဘော် များက ခေါင်းဆောင်၍ တည်ထောင်ခဲ့ကြသည်။ ဥက္ကဌကိုတင်၊ ဒုဥက္ကဌကိုထွန်းစိန်နှင့် ကိုဘသောင်း၊ အကျိုး ဆောင်အတွင်းရေးမှူးကိုနု၊ တွဲဖက်အကျိုးဆောင်အတွင်းရေးမှူးကိုဗစိန်၊ ကိုဟိန် (နောင်မြို့မဆရာဟိန်)၊ ငွေ ထိန်းကိုစိန်၊ စာရင်းစစ်ကိုခန့် (နောင်ပန်းတနော်ဦးခန့်)တို့သည် အမှုဆောင်အဖွဲ့တွင် ပါဝင်ကြလေသည်။

ထိုစဉ်က ကိုဗစိန်၏ နိုင်ငံရေးဆောင်ရွက်ချက်များကို ဒေါက်တာမောင်မောင်က သူ၏ “မြန်မာနိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း”စာအုပ် စာမျက်နှာ ၈၇၌-

“နိုင်ငံရေးဂယက်များသည် တက္ကသိုလ်နယ်မြေကို ပြင်းထန်စွာ ရိုက်ပုတ်ခြင်းမပြုသေး။ ဆရာစံတော် လှန်ရေးကို ကျောင်းသားများ စိတ်ဝင်စားကြသည်။ သို့ရာတွင် ပွင့်လင်းစွာအားပေး၍ မဖြစ်။ “တို့ဗမာ”ခေါ်သံ ကြောင့်လည်း စိတ်လှုပ်ရှားကြသည်။ စာသမားပေသမား၊ အတွေးသမား၊ ကျောင်းသားကြီးများအကြားတွင် ယင်းခေါ်သံသည် ပို၍ပင် ဆွဲငင်သတ္တိရှိသည်။ တို့ဗမာကို အားပေးပါ။ နိုင်ငံခြားပစ္စည်းများကို မသုံးစွဲပါနှင့်။ မြန်မာဖြစ် ပင်နီနှင့် ဖျင်ကြမ်းကို ဝတ်ဆင်ပါ။ နိုင်ငံခြားဖြစ် စီးကရက်မသောက်ဘဲ မြန်မာဆေးပေါလိပ်ကြီးကို တဝကြီးသောက်ပါ။ အမျိုးသမီးများကလည်း နိုင်ငံခြားဖြစ် ဝိုင်စချောချောပါးပါးမဝတ်ဘ မြန်မာဖြစ် ပင်နီပိတ် ကြမ်းထူထူထဲထဲဝတ်ဆင်ပါဟူ၍ လိုက်လံကာ ဟောပြောကျင့်သုံးကြသော ကျောင်းသားများလည်း ရှိခံသည်။

ကိုဗစိန်တစ်ယောက်သည် ယင်းသို့သော ကျောင်းသားနိုင်ငံရေးသမားဖြစ်ခဲ့သည်။ သူသည် ငွေကြေး ချို့တဲ့၏။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွင်ကား ကြွယ်ဝ၏။ သူ့အဖို့ ပင်နီဖျင်ကြမ်းသည် နိုင်ငံရေးလည်းဖြစ်၏။ ဘဏ္ဍာရေးအခြေအနေက တောင်းဆိုသော ကိစ္စလည်းဖြစ်၏။ သူသည် စာဖတ်ဝါသနာပါ၏။ များများဖတ်၊ ဖတ် သမျှ မှတ်မိ၊ များများပြောဟောတတ်၏။ ကျောင်းသားသမဂ္ဂ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြသော ဒေါက်တာဘမော်၊ ဦးဘဘေ၊ ဦးစော၊ ဦးထွန်းဝင်း (မော်လမြိုင်သရာဇပါတီ)စသော ပုဂ္ဂိုလ်တို့ သည် တက္ကသိုလ်သို့ လာရောက်ဟောပြောခြင်း၊ စကားရည်လုခြင်းပြုကြရာတွင် ကိုဗစိန်သည် မှန်မှန်တက် ရောက်တတ်၏။ ထ၌လည်း မေးမြန်းတတ်၏။ ကိုယ်တိုင်ဖြည့်စွက်၌လည်း ဟောပြောတတ်၏။ ကိုဗစိန်၏ အတွေးနယ်ကျယ်လာသည်နှင့်အမျှ သူ၏ပြုံရယ်နေတတ်သော နှုတ်ခမ်းများသည်လည်း ကျယ်ဝန်းလာ၏။ အန္ဒိယတွင် ဂန္ဒီကြီး၏ခေါင်းဆောင်မှုသြဇာတက်နေသောအခါ ကိုဗစိန်က ကတုံးရိက်ပြီးလျှင် “ဂန္ဒီစိန်”ဟု ဘွဲ့ ခံလိုက်သေးသည်”ဟူ၍ ဖော်ပြထားသည်။

ထိုသို့ ကတုံးရိတ်လိုက်၊ ရပ်ကက်ထဲဆင်းပြီး နယ်ချဲ့ဆန့်ကျင်ရေးစည်းရုံးလိုက်၊ ကျောင်းသားများကို ညဥ့်အချိန်၌ စာရွက်လိုက်ဝေနေသော ကိုဗစိန်သည် ရန်ကုန်တက္ကသိုလ်ဘာသာပြန်ဌာနမှ နည်းပြဆရာကိုဘ သောင်း စတင်တည်ထောင်ခဲ့သော တို့ဗမာအစည်းအရုံးကို ဝင်ရောက်၍ သင်ဘွဲ့ခံယူလိုက်ချိန်မှစ၍ သခင်ဗစိန် ဖြစ်လာသည်။

တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တိုင်း “သခင်”ဟူသော ဝေါဟာရကို မိမိနာမည်ရှေ့မှ ဖော်ပြခြင်းနှင့်ပတ် သက်၍ နောင်တွင် သခင်ဗစိန်က “သခင်းများလွတ်လပ်ရေးကြိုးပမ်းမှု”စာအုပ်တွင် ဤသို့ အဓိပ္ပါယ်ဖွင့်လေ သည်-

“သခင်နှင့်ပတ်သက်၍ အမျိုးအမျိုးအဖုံဖုံ ထင်မြင်ယူဆကြကုန်၏။ သခင်သည် အရှင်ဖြစ်သည်။ သခင် ကြီးဧချင်း၊ သခင်ထွေးဧချင်းများအရ သခင်သည် ရှေးမင်းမျိုးနာမည်ဘွဲ့ဖြစ်သည်။ သူဇာပျို့တွင် “သခင်သခင် ထိပ်မားတင်ငယ်”ဟု ဂရုပီယအားဖြင့် မိမိလင်ယောက်ျားကို ခေါ်ဝေါ်ပုံ၊ “မြဝတီသခင်ကျွန်မလင်”ဟု နောက်လူ များစပ်ဆိုပုံတို့မှာ လူသိရှင်ကြားဖြစ်၏။ ၁၂၉၁ခုနှစ်တွင် တို့ဗမာသီချင်းပေါ်လာသောအခါ “သခင်မျိုးဟေ့တို့ ဗမာ”ဟု ကြွေးကြော်လာသောအခါမှ သခင်၏အနက်အဓိပ္ပါယ်စစ်စစ်ကို သိရှိကြကုန်၏။

တကောင်းအဘိရာဇာမှအစပြု၍ ယနေ့တိုင် ဗမာလူမျိုးများသည် သခင်လူမျိုးများ ဖြစ်ခဲ့ကြ၏။ “သခင်” ဆိုသည်မှာ ကျွန်ဆိုသော စကားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ ကလေးပင်သိ၏။

တို့ဗမာတိုင်း မောင်၊ ကို၊ ဦး၊ ဒေါ် အစား နာမည်ရှေ့က သခင်၊ သခင်မ တပ်၍ မှဲ့ခေါ်စေခဲ့၏။ တို့ဗမာ တစ်မျိုးလုံးသည် တကောင်းအဘိရာဇာလက်ထက် ဆင်းသက်လာသဖြင့် သာကီဝင်မင်းမျိုး၊ မင်းဆင်ပင်ဖြစ်၏။ ဗမာလူမျိုးသည် သခင်မျိုးဖြင်ခဲ့၏။ ဗြိတိသျှအောက်၌ ကျွန်သဘောဖြစ်သွားခဲ့သဖြင့် သခင်မျိုးစစ်စစ်ကြီးဖြစ် ကြောင်းဖော်ပြရန် မောင်၊ ကို၊ ဦး၊ ဒေါ် နာမည်ရှေ့ကဖြုတ်ပြီး “သခင်”တပ်ခေါ်ခြင်းအားဖြင့် ဇာတိမာန်ကိုပြခဲ့ကြ လေသည်။”

ယင်းနောက် သခင်ဗစိန်သည် ရွှေဘိုကြားဖြတ်ရွေးကောက်ပွဲ၌ ဝံသာနုတရားများဟောပြောမှုကြောင့် ရွှေဘိုအရေးပိုင်က ရွှေဘိုတွင် ပုဒ်မ ၁၄၄ ထိုတ်ပြန်၍ ၂၄နာရီအတွင်း ရွှေဘိုနယ်နမိတ်မှထွက်သွားရန် အမိန့် ထုတ်ခဲ့သည်။ သို့သော် ရွှေဘိုကို အရေးပိုင်၏နယ်နှင်အမိန့်ကို သခင်ဗစိန်နှင့် သခင်များက ငြင်းဆန်ခဲ့မှုကြောင့် အစိုးရ၏ထောင်ဒဏ်သုံးလ ချမှတ်ခံရသည်။ ယင်းနောက် ထောင်ထဲတွင် တစ်လခွဲခန့် ကျခံပြီးနောက် သခင် ဗစိန်တို့၏အမှုကို ဟိုက်ကုတ်တရားလွှတ်တော်မှ ပုဒ်မတပ်မှားယွင်းသည်ဟုဆိုကာ ထောင်မှပြန်လွှတ်ပေးခဲ့ သည်။

“သခင်ပေါက်စထောင်ခြောက်လ” “အမေကမွေး ထောင်ကကျွေး”ဆိုသည့်အတိုင်း သခင်ဗစိန်သည် နယ်ချဲ့အကျဉ်းထောင်၏ အရသာကိုဖြင့် ပထမဆုံးမြည်းစမ်းကြည့်ပြီးနောက် လွတ်လပ်ရေးတိုက်ပွဲအတွက် အ သက်ကိုပင် စွန်ရမည့်သူဖြစ်ရာ ထောင်လောက်တော့ မမှုတော့ချေ။

ဤသို့ဖြင့် ၁၉၃၄ခုနှစ် မေလတွင် သခင်လေးမောင်၊ ရှင်အရိယ (ဆရာတော်ဦးဥတ္တမ၏ညီ)တို့နှင့်အတူ သခင်ဗစိန်သည် ရွှေဘိုသို့ပြန်သွား၍ နိုင်ငံရေးတရားများ ရဲရဲဝံ့ဝံ့ ဟောပြောခဲ့ပြန်သည်။ ထို့ကြောင့် ရွှေဘိုအရေး ပိုင် ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး၍ ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြန်သည်။ သခင်ဗစိန်တို့သုံးဦး ဖမ်းဆီးခံရမှု ကြောင့် ရန်ကုန်၊ ရွှေဘို၊ ရေနံချောင်း၊ ပြည်၊ မြင်းခြံ၊ မအူပင်၊ မြောင်းမြစသော ခရိုင်ဝန်ရုံးစိုက်ရာ မြို့ကြီးများ တွင် ကန့်ကွက်ဆန္ဒပြပွဲများ ကျင်းပကြသည်။ သို့သော် ယခုတစ်ကြိမ်တွင် ထောင်ဒဏ် ၃လပြည့်အောင်ခံရပြီးမှ သခင်ဗစိန်တို့ ပြန်လည်လွတ်မြောက်သွားခဲ့သည်။

ထို့နောက် တို့ဗမာအစည်းအရုံး၏ ပထမအကြိမ်ညီလာခံကို ၁၉၃၅ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ရေနံ ချောင်းမြို့လယ်ပေါ် တန်ဆောင်းကြီး၌ ကျင်းပခဲ့ရာ သခင်ဗစိန်သည် ပထမဆုံးဌက္ကအဖြစ် ရွေးကောက်တင် မြှောက်ခံရသည်။ ထို့ကြောင့်ပင် နောင်အခါ၌ မျိုးချစ်စာဆိုဆရာကြီး သခင်ကိုယ်တော်မှိုင်းက မဟာကဗျာလေး ချိုးကြီးဖြင့် အောက်ပါအတိုင်း ဂုဏ်ပြုရေးဖွဲ့ခဲ့လေသည်။

“သြော်…..အရင်အစ သခင်ပထမတွင်ဖြင့် အထင်ကရပေပေါ့နော်။ အရှင်တပဿကဝိန်မှာ သခင်ဗစိန် တို့နှင့်တွဲရတော့ အကဲဒြပ်တပြောင်ပြောင်လျှမ်းလို့……”

ထိုသို့ တို့ဗမာအစည်းရုံးဥက္ကဌဖြစ်လာပြီးနောက် တို့ဗမာအစည်းအရုံးကျယ်ပြန့်စွာ ဖွဲ့စည်းနိုင်ရန် သခင် ဗစိန်သည် ကြိုးပမ်းခဲ့လေသည်။ ဥက္ကှသခင်ဗစိန်နှင့်အတူ ဒုတိယဥက္ကဌ သခင်လေးမောင်၊ အတွင်းရေးမှူး သခင်သိန်းမောင်၊ ငွေထိန်းသခင်ထွန်းခင်၊ ပြန်ကြားရေးမှူးသခင်ညီ၊ အလုပ်အမှုဆောင်အဖွဲ့သခင်ဟန်၊ သခင် ထွန်းရွှေ၊ သခင်ဗဗတို့က ဆောင်ရွက်ခဲ့ကြသည်။

            တို့ဗမာအစည်းအရုံးဥက္ကဌ သခင်ဗစိန်သည် ၁၉၃၅ခုနှစ် ဇွန်လတွင် အိန္ဒိယရောက် ဆရာတော်ဦးဥတ္တမ ၏ဖိတ်ကြားချက်အရ အိန္ဒိယသို့သွားရောက်၍ နိုင်ငံရေးတရားများ ဟောပြောခဲ့လေသည်။ အိန္ဒိယတွင် သခင် ဗစိန်တို့ သွားလေရာရာတွင် အိန္ဒိယအစိုးရက ပုဒ်မ ၁၄၄ ထုတ်၍ တရားပွဲများမလုပ်နိုင်ရန် ပိတ်ပင်ခဲ့လေသည်။ ထိုမျှလောက် နယ်ချဲ့အစိုးရသည် သခင်ဗစိန်ကို ကြောက်ဒူးတုန်ခဲ့ရသည်။

            ၁၉၃၆ခုနှစ် ဇွန်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ပြည်မြို့တွင် တို့ဗမာအစည်းအရုံး၏ နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်မြောက်ညီလာခံကို ကျင်းပခဲ့ရာ ညီလာခံနောက်ဆုံးနေ့၌ သခင်ဗစိန်၊ သခင်အောင်သန်း၊ သခင် သန်း၊ သခင်ထွန်းမြင့်တို့ကို “အစိုးရအား ပြည်သူလူထု အကြည်ညိုပျက်စေရန်ပြောမှု”ဖြင့် အဖမ်းခံရလေသည်။ ထို့ကြောင့် တဗိုလ်ကျတဗိုလ်တက်စနစ်ဖြင့် တို့ဗမာအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့ စည်းခဲ့ရာ အစည်းအရုံးဥက္ကဌအဖြစ် သခင်လေးမောင်၊ ဒုဥက္ကဌ သခင်တင်မောင်၊ ငွေထိန်း သခင်ထွန်းခင်၊ ပြန် ကြားရေးမှူး သခင်သိန်းမောင် (မီးတုတ်)၊ အဖွဲ့ဝင်များအဖြစ် သခင်ဟန်၊ သခင်မြ၊ သခင်ဗဗ၊ သခင်လှဘော် တို့ကို ရွေးချယ်ခဲ့ကြသည်။ အဖမ်းဆီးခံရသော သခင်ဗစိန်ကိုမူ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ထည့်သွင်း ထားခဲ့လေသည်။

            နယ်ချဲ့အစိုးရ ဆန့်ကျင်တရားဟောပြောမှုကြောင့် သခင်ဗစိန်ကို ပုဒ်မ ၁၂၄ (က)၊ ၁၅၃ (ခ)၊ ၁၂၁(ခ) တပ်ကာ ထောင်ဒဏ်၂နှစ် ပြဒဏ်ချမှတ်၍ မောင်လမြိုင်အကျဉ်းထောင်သို့ ပို့ခဲ့သည်။ ကျတ်သခင်ခေါင်းဆောင် များဖြစ်ကြသော သခင်ညီ၊ သခင်အောင်သန်း (နောင်ဗိုလ်စကြာ)၊ သခင်သန်း၊ သခင်ထွန်းမြင့်တို့ကို (၁)နှစ်စီ အပြစ်ပေးခဲ့သည်။ သခင်ဗစိန်တို့သည် ထောင်တွင်း၌ အထူးအခွင့်အရေး (ဘီကလပ်စ်)ပေးရန် အစာငတ်ခံ တိုက်ပွဲဝင်ခဲ့ရာ (၄၆)ရက်အကြာတွင် အာဏာပိုင်တို့က အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့သည်။

            ယင်းနောက် ၁၉၃၈ခုနှစ် မေလ ၂၂ရက်မှ ၂၄ရက်အထိ ပြည်မြို့ဗလီကွင်းတွင် တို့ဗမာအစည်းအရုံး၏ တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပခဲ့ရာ ညီလာခံ၌ ဥက္ကဌအဖြစ် သခင်သိန်းမောင် (မီးတုတ်)၊ ဒုဥက္ကဌအဖြစ် သခင်လှဘော်၊ အတွင်းရေးမှူး(၁) သခင်လေးမောင် (အလုပ်သမားလယ်သမားဌာန)၊ အတွင်း ရေးမှူး(၂)ဌာန)၊ သခင်ဗစိန် (ဝါဒပြန့်ပွားရေးနှင့် စည်းရုံးရေးအတွင်းရေးမှူး (၄) သခင်အောင်သန်း (နောင်ဗိုလ် စကြာ)၊ (ကျောင်းသားလူငယ်ဌနနှင့် ဘဏ္ဍာရေးဌာန)တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

            သို့သော် သခင်ဗစိန်တို့အုပ်စုက သခင်ညီကို ဥက္ကဌအဖြစ် တင်မြှောက်လိုရာမှ သဘောကွဲလွဲကာ အစည်းအရုံးအတွင်း ပြဿနာဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ၁၉၂၈ခုနှစ် ဇွန်လ ၁၃ရက်နေ့တွင် တို့ဗမာအစည်းအ ရုံးဥက္ကဌမှ သခင်သိန်းမောင်က မိမိအား ဆန့်ကျင်အပုပ်ချခဲ့သော ဌနချုပ်အတွင်းရေးမှူး(၃)သခင်ဗစိန်နှင့် အလုပ်အမှုဆောင် သခင်ကျော်ရင်တို့ကို တို့ဗမာအစည်းအရုံးမှ ထုတ်ပယ်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ ဤသို့ဖြင့် တို့ဗမာအစည်းအရုံး နာယက၊ သခင်ကိုယ်တော်မှိုင်းက အစည်းအရုံးအတွင်း မညီမညွတ်ဖြစ်ခဲ့သော အကြောင်းအချင်းအရာများကို ထောက်ရှု၍ ဥက္ကဌသခင်သိန်းမောင် (မီးတုတ်)နှင့် အတွင်းရေးမှူး(၃)သခင်ဗစိန် တို့အား တာဝန်များမှ ရုတ်သိမ်း၍ သာမန်အသင်းသားအဖြစ်သာ တည်ရှိစေဟု အမိန့်ချမှတ်လိုက်သည်။

            ထို့အပြင် နာယက သခင်ကိုယ်တော်မှိုင်း၏အမိန့်ဖြင့် ၁၉၃၈ခုနှစ် သြဂုတ်လ ၁၈ရက်နေ့တွင် တို့ဗမာ အစည်းအရုံး အလုပ်အမှုဆောင်သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ အမှုဆောင်အဖွဲ့သစ်၌ ဥက္ကဌအဖြစ် သခင် ထိပ်တင်ကိုယ်တော်ကြီး၊ ဒုက္ကဌ သခင်လှဘော်၊ အတွင်းရေးမှူးအဖြစ် သခင်ညီနှင့် အလုပ်အမှုဆောင်များအ ဖြစ် သခင်အောင်ဆန်း၊ သခင်နု၊ သခင်အောင်သန်း စသော ပုဂ္ဂိုလ် ၁၅ဦးကို ရွေးချယ်ခဲ့သည်။ တို့ဗမာအစည်း အရုံးညီလာခံကြီးကိုလည်း ၁၉၃၈ နိုင်ဝင်ဘာလ ၂၃က်နေ့မှ ၂၄က်နေ့အထိ သာယာဝတီစီရင်စုသုံးဆယ်မြို့ တောင်ပန်းဆွဲရွာ ဘုန်းကြီးကျောင်း၌ ကျင်းပစီရင်ခဲ့ကြသည်။

            ထိုစဉ်အတွင်း သာယာဝတီမြို့၌ သခင်ဗစိန်တို့က စင်ပြိုင်ညီလာခံကျင်းပရန် စီစဉ်နေရာ သခင်ဗစိန်တို့ အား ဆန့်ကျင်သည့် အစည်းအရုံးဝင်များက ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံချဉ်းကပ်၍ ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး အမှုဆောင်အစည်းအဝေးကို မော်လမြိုင်မြို့၌ ၁၉၃၈ခုနှစ် နိုင်ဝင်ဘာလ ၂၀ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပရန် စီစဉ်ခဲ့ကြသည်။ ယင်းအစည်းအဝေး၌ သခင်ဗစိန်နှင့်တကွ သာယာဝတီညီလာခံအ တွက် ပြင်ဆင်နေကြသည့် တို့ဗမာအစည်းအရုံးဌာနချုပ် အမှုဆောင်တို့ကို ထုတ်ပယ်၍ ဌာနချုပ်အလုပ်အမှု ဆောင်အဖွဲ့သစ်ကို-

ဥက္ကဌ – သခင်ထိပ်တင်ကိုယ်တော်ကြီး

ဒုက္ကဌ – သခင်လှအောင်

အထွေထွေအတွင်းရေးမှူး – သခင်အောင်ဆန်း တို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့လေသည်။

            သခင်ဗစိန်တို့ကလည်း မည်သို့သောအခြေအနေအရပ်ရပ်ကို ကြုံရစေကာမူ သုံးဆယ်ညီလာခံကို မူလ သတ်မှတ်ထားသည့်နေ့ရက်၊ အချိန်ဇယားအတိုင်း သုံးဆယ်တောင်ပန်းဆွဲရွာတွင် ကျင်းပခဲ့သည်။ ထိုညီလာခံ တွင် ဥက္ကဌအဖြစ် သခင်ထွန်းအုပ်အား ရွေးချယ်၍ သခင်ညီ၊ သခင်ဗစိန်၊ သခင်အေး၊ ပင်ဖြူသခင်လှဖေ၊ သခင် ခင်အောင် တို့ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

            ဤသို့ဖြင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ သခင်ကိုယ်တော်မှိုင်းကြီးမှူးသော တို့ဗမာအစည်းအ ရုံးနှင့် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးဆောင်သော တို့ဗမာအစည်းအရုံးဟူ၍ နှစ်ဂိုဏ်းပေါ်ပေါက်လာခဲ့လေ သည်။

            ယင်းနောက် ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့၊ သခင်ကိုယ်တော်မှိုင်းကြီးမှူးသော တို့ဗမာ အစည်းအရုံး ငါးပွင့်ဆိုင်ဝံသာနုအဖွဲ့၊ နေပြည်တော်အဖွဲ့နှင့် အခြားအဖွဲ့အစည်းအချို့မှ ထင်ရှားသည့်ပုဂ္ဂိုလ် များဖြင့် ၁၉၃၉ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc)ကို ဖွဲ့စည်း သောအခါ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးစီးသော တို့ဗမာအစည်းအရုံးသည် အပါဝင်တော့ချေ။

            ဗမာ့ထွက်ရပ်ဂိုဏ်း၌ ယင်းတို့အဖွဲ့မပါဝင်ရခြင်းနှင့်ပတ်သက်၍ နောင်တွင် သခင်ဗစိန်က သူ၏“သခင် များ၏လွတ်လပ်ရေးကြိုးပမ်းမှု”စာအုပ်၌-

            “ထွက်ရပ်ဂိုဏ်းကို ကျွန်တော်တို့ တို့ဗမာအစည်းအရုံးက ပြင်းထန်စွာ ကန့်ကွက်ဝေဖန်ခဲ့ကြောင်း၊ ထွက်ရပ်ဂိုဏ်၏ တောင်းဆိုချက်များကို ဆိုင်ရာကသဘောတူပါက ကမ္ဘာစစ်ကြီးအတွင်း ဗမာပြည်က အင်္ဂလိပ် ဘက်က ခုခံတိုက်ခိုက်ရန်သာဖြစ်ကြောင်း” ရေးသားထားလေသည်။

            ထို့နောက် သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံး၏ ဗမာပြည်လုံးဆိုင်ရာ အမှုဆောင်အစည်း အဝေးကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားအတွင်းရှိ ရွှေကျင်ဘုန်းကြီးကျောင်း၌ ၁၉၃၉ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့တွင် ကျင်းပ၍ ဗမာ့လွတ်လပ်ရေးရရှိရန် “အင်္ဂလိပ်ကို လက်နက်ကိုင်၍ တော်လှန် တိုက်ခိုက်ရမည်”ဟူ၍ ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရန် ၉ ဦးကော်မတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်အေး၊ သခင်ချစ်တင်၊ သခင်ထွန်း ခင် (နောင်ဗိုလပ်မြင့်ဆွေ)၊ သခင်အောင်သန်း (ဗိုလ်စကြာ)၊ သခင်မောင်မောင်၊ သခင်ပု၊ သခင်မြတို့ ပါဝင်ကြ သည်။

            ၁၉၄၀ပြည့်နှစ် ဧပြီလ ၁၆ရက်နေ့တွင် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးဆောင်သော တို့ဗမာအစည်း အရုံး ပဉ္စမအကြိမ်မြောက်ညီလာခံကို ဖျာပုံမြို့တွင်ကျင်းပ၍ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ်တို့အား စစ် ရေးအကူအညီမပေးရေး၊ အင်္ဂလိပ်တို့အား လက်နက်ကိုင်တော်လှန်ရေးတွင် ဂျပန်နိုင်ငံမှ အကူအညီရယူရေး ဆုံးဖြတ်ချက်များကို နိုင်ငံရေးလမ်းစဉ်တစ်ရပ်အဖြစ် လျှို့ဝှက်စွာ အတည်ပြုချမှတ်ခဲ့သည်။

            ယင်းနောက် ၁၉၄၀ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့တွင် သခင်ဗစိန်သည် ယိုးဒယား (ထိုင်း)နိုင်ငံမှ တဆင့် ဂျပန်နိုင်ငံသို့ သွားရောက်ရန် ရန်ကုန်မြို့မှ မြန်မာ-ယိုးဒယားနယပ်စပ်သို့ ရုပ်ဖျက်၍ ထွက်ခွာခဲ့သည်။ သို့သော် အောက်တိုဘာလ ၁၈ရက်နေ့တွင် သခင်ဗစိန်သည် မြန်မာ-ယိုးဒယားနယ်စပ်နှင့် မိုင် ၄၀အကွာ လမ်း ခရီးတစ်နေရာ၌ ဗြိတိသျှစုံထောက်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သခင်ဗစန် ဤသို့အဖမ်းခံရပြီး ၄ရက်အကြာ တွင် သခင်ထွန်းအုပ်သည် သခင်အောင်သန်း (ဗိုလ်စကြာ)အား ယိုးဒယားနိုင်ငံသို့စေလွှတ်ရန် စီစဉ်ခဲ့သည်။ သခင်ဗစိန်ကို နယ်ချဲ့အစိုးရက နိုင်ငံကူးလက်မှတ်တု၊ တံဆိပ်တုများဖြင့် နယ်စပ်ကိုဖြတ်ကျော်ရန်ကြိုးပမ်းမှုဖြင့် တရားစွဲဆို၍ ထောင်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

            သခင်ဗစိန် ထောင်တွင်း၌ အကျဉ်းခံနေရစဉ်အတွင်း သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံးမှ သခင်ထွန်းအုပ်၊ သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်ကျော်စိန် (ဗိုလပ်မိုးညို)၊ သခင်သန်းတင်(၁) (ဗိုလ်ဘွဲ့မရမီ ငှက်ဖျားရောဂါ ဖြင့် တိုင်ပေဆေးရုံးတွင် ကွယ်လွန်သူ)နှင့် သခင်အောင်သန်း (ဗိုလပ်စကြာ)တို့သည် ဂျပန်သို့ စစ်ပညာသင်ရန် အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့လေသည်။

            ယင်းနောက် သခင်ဗစိန်သည် ၁၉၄၂ ခုနှစ် ဧပြီလ ၃၀ရက်နေ့တွင် မုံရွာထောင်မှ သခင်လေးမောင်၊ သခင်သန်းထွန်း အပါအဝင် အခြားသခင်များနှင့်အတူ လွတ်မြောက်ခဲ့သည်။ မုံရွာထောင်မှလွတ်မြောက်လာ သည့် သခင်လေးမောင်၊ သခင်သန်းထွန်းနှင့် သခင်ဗစိန်တို့သည် ရန်ကုန်မြို့သို့ မေလ ၁၃ရက်နေ့တွင် ရောက် ရှိလာသည်။

            သခင်ဗစိန်သည် ရန်ကုန်ရောက်လာချိန်မှာ အချိန်ကောင်းအခါသင့်သည်ဟု ဆိုရပေမည်။ ဂျပန်စစ်အာ ဏာပိုင်များသည် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်နေသည့်အချိန်ဖြင်သည်။ ယင်းနောက် ဂျပန်စစ် ဗိုလ်ချုပ် ဂျင်နရယ်အီးဒါးက မြန်မာခေါင်းဆောင်များကို မေမြို့(ယခုပြင်ဦးလွင်)သို့ ဖိတ်ခေါ်၍ ဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ သခင်သန်းထွန်း၊ ဘီအိုင်အေမှ ဗိုလ် ချုပ်အောင်ဆန်း၊ ဗိုနေဝင်း၊ ဗိုလ်လက်ျာနှင့် ဒေါက်တာဘမော်တို့ တက်ရောက်ခဲ့ကြသည်။ ၁၉၄၂ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် မြန်မာပြည်ဗဟိုအုပ်ချုပ်ရေးစီစဉ်မှုကော်မတီကို (၁၃)ဦးဖြင့် ဖွဲ့စည်းရာ ကော်မတီဝင်တွင် သခင်ဗ စိန် ပါဝင်ခဲ့သည်။ ယင်းကော်မတီ၏တာဝန်မှာ စစ်အုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစည်း၍ ဗဟိုအုပ်ချုပ်ရေးယန္တရား ထူထောင်ရန်နှင့် ဂျပန်ပြည်စစ်အောင်နိုင်ရေးအတွက် မြန်မာပြည်သူတို့က ကူညီအောင် တိုက်တွန်းနှိုးဆော်ပေး ရန်ဖြစ်သည်။ ဗဟိုအုပ်ချုပ်ရေးစီစဉ်မှုကော်မတီသည် ရန်ကုန်မြို့တွင် ရုံးထိုင်လေသည်။ သခင်ဘစိန်နှင့် အဖွဲ့ ဝင်လူကြီးများ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများရေးဆွဲခြင်း၊ ဝန်ကြီးဌာနအလိုက် တာဝန်ခွဲဝေခြင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ဖွဲ့စည်းမည့်အုပ်ချုပ်ရေးပုံစံသစ်ကို စနစ်တကျ ရေးဆွဲကြရသည်။

            ၁၉၄၂ခုနှစ် သြဂုတ်လ ၁ရက်နေ့တွင် ယာယီဗဟိုအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အစိုးရအဖွဲ့ခေါင်း ဆောင် ဒေါက်တာဘမော်က ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတာဝန် ယူခဲ့သည်။ သခင်ဗစိန်သည် အလုပ်သ မားဌာန၊ လမ်းပန်းဆက်သွာရေးဌာနနှင့် ဆည်မြောင်းဌာနဝန်ကြီး ဖြစ်လာ၏။

            ယာယီအစိုးရအဖွဲ့ မဖွဲ့မီမှာပင် စစ်အောင်နိုင်ရေး၊ ဗမာ့ခေတ်သစ်ထူထောင်ရေး စသည့် အကြောင်းပြ ချက်များဖြင့် ဒေါက်တာဘမော်ကြီးမှူးသော ဆင်းရဲသားဝံသာနုအဖွဲ့၊ သင်ထွန်းအုပ်၊ သခင်ဗစိန်ကြီးမှူးသော တို့ဗမာအစည်းအရုံးနှင့် သခင်ကိုယ်တော်မှိုင်း၊ သခင်မြတို့ကြီးမှူးသော တို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ ၁၉၄၂ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့တွင် တို့ဗမာဆင်းရဲသားအစည်းအရုံး ဖွဲ့စည်းတည်ထောင် ခဲ့လေသည်။

            ထို့နောက် ၁၉၄၃ခုနှစ် သြဂုတ်လ ၁ရက်နေ့တွင် ဂျပန်စစ်ဗဟိုဌာန စစ်သေနာပတိ ဒုတိယဗိုလ်ကြီးချုပ် ကြီးကာဝိဘီက စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်း၍ လွတ်လပ်သောမြန်မာနိုင်ငံတော်ဖြစ်ပြီဟု နံနက် ၇နာရီ ၃၀မိနစ် ၌ ထုတ်ပြန်ကြေညာခဲ့လေသည်။ နံနက် ၈နာရီတွင် အစိုးရဂေဟာ၌ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ၍ လွတ်လပ်ရေးကြေညာစာတမ်းကို ဗန္ဓုလ ဦးစိန်က ဖတ်ကြားခဲ့သည်။ လွတ်လပ်သောအစိုးရအဖွဲ့သစ်ကို နိုင်ငံ တော်အဓိပတိ ဒေါက်တာဘမော်က ဦးဆောင်ဖွဲ့စည်းခဲ့သော်လည်း သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ မပါဝင် တော့ချေ။

            လွတ်လပ်ရေးကြေညာစာတမ်း ကြေညာပြီး ၁၁ရက်အကြာတွင် ၁၉၄၃ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ကို အကျယ်ချုပ်ဖြင့် စင်ကာပူနိုင်ငံသို့ ပို့ခဲ့လေသည်။ သခင်ဗစိန်သည် ဂျပန် ခေတ်တစ်လျှောက်လုံး စင်ကာပူနိုင်ငံ၌ အကျယ်ချုပ်ဖြင့် ၃နှစ်နီးပါး နေထိုင်ပြီးနောက် ၁၉၄၆ခုနှစ် ဧပြီလ ၅ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

            ယင်းနောက် သခင်ဗစိန်သည် ၁၉၄၆ခုနှစ် စက်တင်ဘာလ၂၀ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်သော ဘုရင်ခံ၏အမှုဆောင်ကောင်စီ၌ သယ်ယူပို့ဆောင်ရေးဌာနဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့လေသည်။ သို့သော် ၁၉၄၇ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် လန်ဒန်မြို့၌ အောင်ဆန်း-အက်တလီ သဘောတူစာချုပ်ကို ကန့်ကွက်ကာ သခင်ဗစိန်နှင့် ဂဠုန်ဦးစောတို့က သဘောမတူညီကြောင်း မှတ်ချက်ဖြင့် လက်မှတ်ရေးထိုးကြ သည်။

            အောင်ဆန်း-အက်တလီစာချုပ်အပေါ် သခင်ဗစိန်၏ သဘောမတူကြောင်း ၁၉၄၇ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တင်သွင်းခဲ့သော စာလွှာမှာ-

နန်းရင်းဝန်ကြီးခင်ဗျား ….

            ယမန်နေ့ညက ပြုလုပ်သော အစည်းအဝေးမှ ဆုံးဖြတ်သော သဘောတူညီချက်ကို ကျွန်ုပ်အပေါင်း အဖော်များက သဘောတူညီပါသော်လည်း ကျွန်ုပ်က သဘောမတူနိုင်သဖြင့် ၎င်းတို့နှင့် ဝမ်းနည်းစွာလမ်းခွဲရ တော့မည်ဖြစ်ပါကြောင်း။ ယမန်နေ့ညက ကျွန်ုပ်၏ ပင်ကိုယ်စိတ်ရင်းသဘောထားကို နာကြည်းစွာပင် ဖွင့်ဟ ပြောဆိုပြီးပါကြောင်း။ နန်းရင်းဝန်ကြီး၏ နှုတ်ဆက်မိန့်ခွန်းကို ပြည်လည်ဖြေကြားစဉ် အစကနဦးကပင် ဗမာလူ မျိုးတို့ အမှန်တကယ်လိုလားချက်ကို နန်းရင်းဝန်ကြီး နားလည်အောင် ပြောဆိုပြီးဖြစ်ပါကြောင်း ဗြိတိသျှအစိုးရ က ဗမာနိုင်ငံသည် မှန်မှန်နှင့် စည်းကမ်းတကျတိုးတက်ရန် လိုလားသည်ဟု ဆိုခြင်းကို ကျွန်ုပ်က လုံးဝသဘော တူပြီးဖြစ်ပါသည်။ သို့သော်လည်း ကျွန်ုပ်အတန်တန် ပြောခဲ့ပြီးသည့်အတိုင်း ဗမာလူမျိုးများ လုံးဝလွတ်လပ်ရေး ကိုသာလျှင် အလိုရှိကြောင်းကို ထိန်ဝှက်၍ မပြောနိုင်ပါကြောင်း၊ ဗြိတိသျှဓနသဟာယအဖွဲ့အတွင်း နေရန်၊မနေ ရန်မှာမူ ဗမာလူမျိုးများ၏ ဆုံးဖြတ်ချက်အပေါ်တွင် တည်ရှိနေကြောင်း၊ ထိုကဲ့သို့ အကြောင်းများကြောင့် ဗမာလူ မျိုးများ၏ အမိန့်ဆန္ဒအတိုင်း ကြိုးစားအားထုတ်၍ ဖြစ်မြောက်အောင် ကြံဆောင်ရပေမည်။

            ကျွန်ုပ်တို့အချင်းချင်း ညီညီညွတ်ညွတ်ရှိရန် ကျွန်ုပ်သည် အားကုန်ကြိုးစားပြီးဖြစ်သည်။ ကျွန်ုပ်တို့အ စည်းအဝေး အစစ်အမှန်မစမီ ဆွေးနွေးပွဲများတွင် ကျွန်ုပ်၏ ရိုးသားဖြူစင်မှန်ကန်သော ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၁၅ရက်နေ့က ခင်ဗျားတို့ရှေ့တွင် ဗမာကိုယ်စားလှယ်အဖွဲ့အမည် နှင့်တင်ပြသော မူလအစီရင်ခံစာကို ကျွန်ုပ်သဘောတူပြီးဖြစ်ပါသည်။

            ထိုအချိန် ထိုအခါထိ ကျွန်ုပ်၏အပေါင်းအဖော်များနှင့် တစိတ်တဝမ်းတည်း တောင်းဆိုချက်များ တင် သွင်းခဲ့ပါကြောင်း ထိုအခါမှစ၍ ကျွန်ုပ်၏မူလတောင်းဆိုချက်များမှာ စခန်းအမျိုးမျိုးကျော်ဖြတ်လျှက် တဖြေးဖြေး ပြောင်းလဲ၍လာခဲ့ရာ မနေ့ညက နောက်ဆုံးအခြေအနေဆိုက်ပါကြောင်း။ မနေ့ညက ညစာစားပြီး ကျင်းပသည့် ကျွန်ုပ်တို့အချင်းချင်း အစည်းအဝေးတွင် ကျွန်ုပ်၏ထင်မြင်ချက်တို့ကို နောက်ဆုံးအချိန်အထိ အားကြိုးမာန်တက် ပြောခဲ့ပါကြောင်း။ ကျွန်ုပ်၏ထင်မြင်ချက်မှာမူ အားလုံးသော တောင်းဆိုချက်များတွင် တိုင်းပြုပြည်ပြုလွှတ်တော် ကိစ္စမှာ အရေးကြီးဆုံးဟု ယူဆပါသည်။ တိုင်းပြုပြည်ပြု လွှတ်တော်၏ သဘောတရားအစစ်အမှန်မှာ ကျွန်ုပ် အဓိပ္ပာယ်နားလည်သလောက် အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်း၏ ၎င်းအဖွဲ့က မည်သို့ပင်ဆုံးဖြတ်စေကာ မူ ယင်းသို့ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်မှာ အတည်ပြုစေရမည်။ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်အတည်ပြုရန် မလိုစေရ။ ထိုကဲ့သို့ တိုင်းပြုပြည်ပြု လွှတ်တော်မျိုးကိုသာလျှင် ဗမာလူမျိုးများက တောင့်တလိုလားပါကြောင်း၊ ယခုကျွန်ုပ်၏အပေါင်းအဖော် ကိုယ်စားလှယ်တော်ကြီးများနှင့် ဗြိတိသျှအစိုးရ သဘောတူညီကြပြီဖြစ်သော တိုင်းပြုပြည်ပြုလွှတ်တော်မှာ စက္ကူဖြူစာတမ်းတွင် ဖော်ပြပြီးဖြစ်သည့် အုပ်ချုပ်ရေးစည်းမျဉ်း ရေးဆွဲရမည့်အဖွဲ့ မျှသာ ဖြစ်ပါကြောင်း။

            ဗမာလူမျိုးတို့၏ အမှန်တကယ်လိုလားတောင့်တသော ဆန္ဒအစစ်အမှန်မှာ ဗမာပြည်ကတစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး ရရှိရန်ဖြစ်ကြောင်း။ တစ်နှစ်အတွင်း မြန်မာပြည်လွတ်လပ်ရေးရရန် ဆန္ဒကို ပြည့်တင်းစေရန် မှာ တကယ်အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော် ရရှိမှသာလျှင် ဖြစ်မြောက်နိုင်လိမ့်မည်ဟု ကျွန်ုပ်ယူဆ ကြောင်း။

            ကြားဖြတ်အစိုးရ၏ အာဏာနှင့် အဆင့်အတန်းတို့နှင့် ပတ်သက်၍လည်း ကျွန်ုပ်၏ထင်မြင်ချက်ကို ပြော ပြပြီးဖြစ်ပါသည်။ ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးအာဏာများအတွက်မှာလည်း ရေးကြီးသော ကိစ္စ များဖြစ်ပါသည်။ အတိုချုံး၍ပြောရမည်ဆိုပါလျှင် ယခုစီမံချက်များသည် ၁၉၃၅ခုနှစ် အက်သပဒေနှင့် ၁၉၄၅ခုနှစ် ယာယီပြင်ဆင်ချက်ဥပဒေများ၏ အရန်အတား၌သာ သွတ်သွင်းပြီးပေးလိုက်သော အစီအစဉ်မျှသာဖြစ်ပါ ကြောင်း။ ထိုအကြောင်းအရာများကို ဆင်ခြင်ကြည့်လိုက်သော် ဗြိတိသျှအစိုးရက ယခုပေးလိုက်သော အခွင့်အ ရေးများကို ကျွန်ုပ်၏အပေါင်းအဖော်များက လက်ခံနိုင်လောက်အောင် ဖြစ်ရသော်လည်း ကျွန်ုပ်၏ဉာဏ်အမြင် တွင် ကျွန်ုပ်၏မူလ ပထမတောင်းဆိုချက်များထက် များစွာယုတ်လျော့ညံ့ဖျင်းနေသည်ဟု ယူဆကြောင်း၊ ဗြိတိ သျှအစိုးရ၏ အခက်အခဲများကိုလည်း ကျွန်ုပ်ဆင်ခြင်စဉ်းစားမိပါသည်။ သို့သော် ဗမာလူမျိုးတို့ အမှန်တကယ် တရားမျှတစွာ လိုလားအပ်သော တောင်းဆိုချက်နှင့် ဆန္ဒအစစ်အမှန်ထက် ယုတ်လျော့ညံ့ဖျင်းသော မည်သည့် သဘောတူညီချက်ကိုမဆို ကျွန်ုပ်လုံးဝသဘောတူနိုင်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏အပေါင်းအဖော် ဗမာကိုယ်စားလှယ်ကြီးများနှင့် လမ်းမခွဲလိုသော်လည်း ဝမ်းနည်းစွာနှင့်ပင် လမ်းခွဲလိုက်ရပါတော့သည်။ ကျွန်ုပ် ၏ကန့်ကွက်လွှာကို ယခုချုပ်ဆိုလက်မှတ်ရေးထိုးမည့်စာချုပ်တွင် ထည့်သွင်းဖော်ပြရန် မေတ္တာရပ်ခံပါသည်။

            (ပုံ) သခင်ဗစိန်

(သတ်ပုံမူရင်းအတိုင်းဖြစ်ပါသည်)

            မြန်မာပြည်ပြန်ရောက်ပြီးနောက် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံ၏ အမှု ဆောင်ကောင်စီဝင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး သခင်ဗစိန်သည် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။

            ထို့နောက် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသောအခါ ပြည်တွင်းငြိမ်းချမ်းရေး ဥပဒေပုဒ်မ ၅အရ သခင်ဗစိန်နှင့် အခြားနိုင်ငံရေးခေါင်းဆောင်များ ဖမ်းဆီး ခံရသည်။ ၁၉၄၇ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် သခင်ဗစိန်သည် ဒေါက်တာဘမော်၊ သခင်ထွန်းအုပ်တို့နှင့် အတူ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

            သခင်ဗစိန်သည် ထောင်မှလွတ်ပြီးမကြာမိပင် ဗမာပြည်ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သည်။ ဗမာပြည် ဒီမိုကရက်တစ်ပါတီ တည်ထောင်သည့်သမိုင်းဝင်ရက်စွဲမှာ ၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ရက်ဖြစ်ပြီး ပါတီဌာနချုပ်ဖွင့်ပွဲ အခမ်းအနားကို အမှတ် ၂၉၅၊ ဦးဝိစာရလမ်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့တွင်ကျင်းပသော ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရက် တစ်ပါတီအမတ်လောင်းအဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

            ယင်နောက် သခင်ဗစိန်သည် မိတ်ဆွေအပေါင်းအသင်းများနှင့် စုပေါင်း၍ “ရွှေကျွန်းတော” သွင်းကုန် ထုတ်ကုန် တင်ပို့ရောင်းချရေးကုမ္ပဏီကို တည်ထောင်ခဲ့လေသည်။

            သခင်ဗစိန်သည် ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးကို စွဲစွဲမြဲမြဲ ကိုင်တွယ်ခဲ့သူဖြစ်သည်။ သူသည် ၁၉၅၂ခုနှစ် မှစ၍ အာရှတိုက်ရှိ ကွန်မြူနစ်ဆန့်ကျင်ရေး ခေါင်းဆောင်ကြီးများနှင့် ဆက်သွယ်မှုရယူခဲ့သည်။ ၁၉၅၆ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၆ခုနှစ်တွင် ထိုင်ဝမ်၊ ထိုင်း၊ ဂျပန်နိုင်ငံ များသို့ သွားရောက်ပြီး နိုင်ငံ့ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ၁၉၅၇ခုနှစ် တောင်ဗီယက်နမ်နိုင်ငံ ဆေးဂုံမြို့၌ ကျင်းပသော တတိယအကြိမ် ကွန်မြူနစ်ဆန့်ကျင်ရေး ကွန်ဂရက်သို့ တက်ရောက်ခဲ့သည်။ ထိုနှစ် မှာပင် အနောက်ဂျာမနီနိုင်ငံ ဖရင့်ဖတ်မြို့တွင် ကျင်းပသော ဥရောပကွန်မြူနစ်ဆန့်ကျင်ရေး ကွန်ဂရက်သို့ တက်ရောက်ခဲ့သည်။ ထိုမှတဆက်တည်း လန်ဒန်၊ နယူယောက်၊ ဂျပန်နိုင်ငံများသို့ သွားရောက်၍ ကမ္ဘာတွင် ကွန်မြူနစ်ဝါဒအန္တရာယ်ကို မည်သို့ကာကွယ်ကြမည်ကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

            ထို့နောက် သခင်ဗစိန်သည် ၁၉၆၃ခုနှစ် ဇွန်လ ၁၆ရက် ည ၁၂နာရီ မိနစ် ၄၀တွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ ဆီးချိုရောက်ဂါနှင့် ပန်ကရိယရောင်သည့်ရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။

            သခင်ဗစိန်ကွယ်လွန်သောအခါ သူ့ကိုချစ်ခင်လေးစားသော စာရေးဆရာသိန်းဖေမြင့်က ဗိုလ်တထောင် သတင်းစာတွင်-

            “သခင်ဗစိန်သည် အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးကို ဗဟိုပြု၍ တွေးခေါ်သည်။ ပြောဆိုသည်။ လုပ်ကိုင် သည်။ နယ်ချဲ့ဆန့်ကျင်ရေးအတွက် ဇာတိသွေး ဇာတိမာန်နှင့် အမျိုးသားစိတ်ဓါတ်ကို အစွမ်းကုန်လှုံ့ဆော် သည်။ သူသည် သခင်ဘသောင်းနှင့်အတူ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူဖြစ်လေသည်။ သူ သည် ဘီအေအထက်တန်းတွင် ကျောင်းနေရာမှ သခင်ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး ကျောင်းထွက်သွားလေ သည်။ ကျောင်းမှထွက်လျှင်ထွက်ချင်း သခင်ဘသောင်းနှင့်အတူ အစိုးရအာဏာဖီဆန်ရေးလုပ် လုပ်ကြသဖြင့် ထောင်ကျလေသည်။

            သူနှင့်ကျွန်တော် နိုင်ငံရေးကွဲလွဲမှုမှာ လွန်ခဲ့သော အနှစ်အစိတ်လောက်က စခဲ့လေသည်။ တို့ဗမာအ စည်းအရုံးကွဲစဉ်က ဖြစ်လေသည်။ သူနှင့်ကျွန်တော်တို့ နိုင်ငံရေးအကွဲသည် ရင့်သန်လာခဲ့ရာ တွေ့ကြလျှင် လူ ချင်းဖက်လှဲတကင်း ရှိကြသော်လည်း လူချင်းသိပ်မတွေ့ကြတော့ပါ။ ခု သခင်ဗစိန် ကွယ်လွန်သွားပြီဆိုတော့ နိုင်ငံရေးကွဲလွဲမှုထက် ပုဂ္ဂိုလ်ရေးရင်းနှီးမှုက ရှေ့တန်းတက်လာသည်။ သူ့အလောင်းသွားကြည့်ပြီး လွမ်းဆွတ် ခြင်းမရှိဘဲ မနေနိုင်ပါ။ သူ့အလောင်းအလေးပြုပြီး ရှေ့ဖြစ်ဟောင်း အောက်မေ့မိလေသည်”

            မည်သို့ဆိုစေ ….. အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၌ မိမိယုံကြည်ချက်အတိုင်း မမှိတ်မသုန် ဆောင် ရွက်ခဲ့သော သခင်ဗစိန်၏ သမိုင်းသည် မော်ကွန်းတင်နေမည်သာ ဖြစ်သည်။

စာကိုး

(၁) တက္ကသိုလ်စိန်တင်၊ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့် သခင်ဗစိန် အားမာန်သစ်စာပေ၊ ဒုတိယအကြိမ်၊ ၁၀၀၁

(၂) တက္ကသိုလ်စိန်တင်၊ သခင်များနှင့် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ (၁၉၃၀- ၁၉၄၈)၊ အားမာန် သစ်စာပေ၊ ပထမအကြိမ်၊ ၂၀၀၉။

(၃) တို့ဗမာအစည်းအရုံး သမိုင်းပြုစုရေးအဖွဲ့၊ တို့ဗမာအစည်းအရုံးသမိုင်း(နှစ်တွဲ) စာပေဗိမာန်၊ ပထမအကြိမ်၊ ၁၉၇၆

(၄) သခင်ဗစိန်၊ သခင်များဗမာ့လွတ်လပ်ရေးကြိုးပမ်းမှု ရန်ကုန်၊ တိုင်းပြုပြည်ပြုပုံနှိပ်တိုက်၊ ပထမအကြိမ်၊ ၁၉၄၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်, အခန်းဆက်များ

One Response to သမိုင်းတကွေ့မှ သခင်ဗစိန် (Than Win Hlaing)

  1. Set Htun on August 24, 2012 at 11:51 am

    Thakhin Tin Mya wrote that Thakhin Soe tried to attack Thakhin Ba Sein in Insein prison, some peoples reconciled the affair, Thakhin Ba Sein steadily interfaced and remarked as thck skin man in politics.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်