ကျွန်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် (Po Htet)

August 15, 2012

 ဖိုးထက်၊ သြဂုတ် ၁၅၊ ၂၀၁၂

ဒီမယ်ဗျ ကျုပ် နိုင်ငံခြားမှာ အလုပ် ထွက်လုပ်နေတဲ့နှစ်တွေ ရည်တွက်ရင် လက်နှစ်ဖက်နဲ့တောင် မရည်နိုင်တော့ဘူး။ ကျုပ်ကျောင်းပြီးပြီးချင်း ၀န်ကြီးဌာန တစ်ခုမှာ နေ့စားနဲ့ ၀င်လုပ်သေးတာ။ အဲ ပြောစမ်းပါရစေအုံး။ ကြွားတယ်လို့လဲ မထင်ကြနဲ့။ ကြွားလောက်အောင်လဲ ဟုတ်ပါဘူး။ ကျုပ် အင်ဂျင်နီယာဘွဲ့ရတယ်။ အင်ဂျင်နီယာလို့သာပြောတာပါ။ သူလို ကိုယ်လို ကျောင်းမှန်မှန်တက်ပြီး တစ်နှစ် တစ်တန်း ပုံမှန်အောင်သွားတာပါ။ ဘာတတ်လဲ မမေးနဲ့။ ဘာမှ မတတ်ဘူး။ ကျုပ်တို့ကို သင်တဲ့ ဆရာ၊ ဆရာမလေးတွေဆိုတာ ၁၅၀ တန်းဆိုလား၊ စံပြတန်းဆိုလား ဆင်းလာပြီး ကျုပ်တို့ကို သင်တာ။

            ဆရာ၊ ဆရာမလေးတွေဆိုတာ အသက်က ငယ်ငယ်။ အစိုးရပေးတဲ့ လခနဲ့ ဘယ်မှာ လောက်ပါ့မလဲ။ သူတို့ခင်မျာ ရွေးပြီးသား ဘ၀လမ်းကြောင်းမို့လို့သာ ဇွတ်နှစ်ပြီး လျှောက်နေရသာ။ အရည်အချင်း ပြည့်ပြည့်နဲ့ ကျောင်းသားကို ပညာလက်ဆင့်ကမ်းနိုင်တဲ့ သူဆိုတာ ရှားပါတယ်။ သူတို့ အပြစ်လို့ ကျုပ်က ပြောချင်တာ မဟုတ်ဘူးနော်။ သူတို့ ကိုယ်တိုင် မသင်ခဲ့ရတဲ့ ဘာသာရပ်တွေကို ၀န်ကြီးဌာကက ရော့၊ အင့် ဒီနှစ် ဒါသင်ဆိုပြီး လုပ်တာလေ။ ဒီတော့ သူတို့လေးတွေ ခင်မြာလဲ စာဖတ်သင်ပေါ့။

ဥပမာ တစ်ခု ပြောရရင် C++ လို့ခေါ်တဲ့ ကွန်ပြူတာ ပရိုဂရမ်ရေးဆွဲနည်း ဘာသာရပ်ကို မသင်ခဲ့ရတဲ့ ဆရာ၊ ဆရာမလေးတွေက ဘာမှ မသိသေးတဲ့ ကျောင်းသားတွေကို စာအုပ်ပေါ်မှာဘဲ ပရိုဂရမ်တွေ ရေးပြီး သင်ရတော့ တွက်သာကြည့်တော့။ ကျုပ်တို့လဲ မတတ်ဘူး။ သူတို့လဲ စိတ်မကောင်းဘူး ။ ခေတ်ကြီး ပြောပါသယ်။ ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားတစ်ဦးတစ်လေဘဲ အပြင်က သင်တန်းတွေနဲ့ စာတွေ ဖတ်လို့ နည်းနည်းတတ်တယ်လို့ ပြောရမယ်ဆိုပါတော့။

            အင်း ဒီလိုနဲ့ ကျုပ် အင်ဂျင်နီယာဘွဲ့ရခဲ့တယ် ဆိုပါတော့ဗျာ။ ကျုပ် အင်ဂျင်နီယာဘွဲ့ရတာ ကြွားစရာ မဟုတ်ဘူးဆိုတာ ပြောချင်တာ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ အနာသက်သာပါတယ်။  စကားဆက်ရရင် ကျုပ် ၀န်ကြီးဌာနမှာ နေ့စားဝင်လုပ်ရင်း အစိုးရ အရာရှိ နေရာအတွက် လူခေါ်ပါတယ်။ ကျုပ်ဆို ကြည့်လိုက်ရတဲ့စာတွေ။ တက်လိုက်ရတဲ့ ကျူရှင်။ မေးတဲ့ ရေးဖြေမေးခွန်းတွေဖြေနိုင်တာလဲ မေးခွန်းထုတ်တဲ့သူကိုတောင် အထင်သေးစိတ် ၀င်မိသေးတာ။ နောက် လူတွေ့လဲရောက်ရော ကျုပ် သိလိုက်ပါပြီ။ လူရွှင်တော်တွေ ပျက်သလို “တနင်္လာနေ့က မြင့်မိုရ်တောင်ထိပ်က က္ကိုလ်ပင်မှာ ဘာငှက်နားသွားသလဲ” ဆိုတဲ့ မေးခွန်းဖြေရသလိုပါဘဲ။ ဆိုင်ရာ ပိုင်ရာ ပါတ်သက်ရာ ပါတ်သက်ကြောင်း မင်းကြီး မင်းလေး ပူဇော်ပသထားတဲ့ သူတွေက ဘာငှက်မှ မနားဘူးဆိုပြီး အဖြေပေးတာတောင် တော်လိုက်တာ ဆိုပြီး လုပ်တာ။ ကျုပ်လိုကောင်တွေ အကပ် အရပ်မရှိကောင်တွေက လဒဗျ လဒဗျ လို့ ဖြေပြစ်ချင်စိတ် ပေါက်ရောဘဲ။

            စိတ်မပျက် လက်မပျက် ကျုပ် ဆက်ပြီး နေ့စားနဲ့ လုပ်နေပါသေးတယ်။ ခိုးလို့ရတဲ့ ခွဲတမ်းလေး ခွဲပေးတာ၊ ဘုံးလို့ရတဲ့ ငွေစလေးနည်းနည်း ပေးတာနဲ့ တစ်ကိုယ်ရေ တစ်ကာရကတော့ အေးအေး ဆေးဆေးပေါ့။ လူဆိုတာမျိုးက တစ်ယောက်တည်း နေတာမှ မဟုတ်တာ။ အိမ်ထောင် ပြုရ၊ ကလေးမွေးရနဲ့ မိသားစု ဘ၀ကိုတည်ဆောက်ရအုံးမှာလေ။

ကျုပ်လား ရည်းစားရှိတာပေါ့ဗျ။ ကျုပ်အတန်းထဲက အတူတူဘဲ။ သူလဲ “အင်ဂျင်နီယာဘွဲ့ရလေ ကျမသမီးလေးက” ဆိုတာထက် ပိုပြီး အသုံးမ၀င်လှပါဘူး။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တဲ့ ဘ၀တွေဆိုတော့ အိမ်ထောင်ပြုဖို့ ကိစ္စ ၀ိစ္စတွေ အကုန်လုံး ကျုပ်ခေါင်းပေါ်ပေါ့။ ကျုပ်နဲ့ သူက ချစ်တာကော၊ သံယောဇဉ်ကော နှစ်မျိုးလုံးဆိုတော့ သူကလဲ ကျုပ်ကလွဲလို့ ဘယ်ယောက်ကျားမှ ယူစရာမရှိ။ ကျုပ်ကလဲ သူကလွဲပြီး ဘယ်မိန်းမ မှယူစရာမရှိ။

            ဒီလိုနဲ့ ကျုပ် နေ့စားဘ၀နဲ့ ဆက်သွားလို့မရတော့ဘူးဆိုတာ သိလာရတယ်။ နေ့စားဝန်ထမ်းဘ၀နဲ့ နေပြီး နှစ်ယောက်သား လက်ထပ်ရင်တော့ ဖြစ်တာပေါ့လေ။ ကျုပ်ကို ကြီးကျယ်တယ်ပြောပြော ပြောစမ်းပါရစေ။ ကျုပ် မခိုးချင်ဘူးဗျ။ ကျုပ် ငယ်ငယ်က အိမ်မှာ အမေ့ပိုက်ဆံကို အခိုးဆုံး၊ အနှိုက်ဆုံး သူပေါ့။ ဒါပေသိ နေ့စားဝန်ထမ်းဘ၀နဲ့ လေး ငါး ဆယ်နှစ် လုပ်ပြီး ပြန်တမ်းဝင် အရာရှိ ဖြစ်လာပြီဆိုပါတော့။ ကျုပ် မိုးခါးရေ သောက်မှ ဖြစ်တော့မှာ။ မသောက်ချင်လဲ သောက်ရတော့မှာ။ ကျုပ်စိတ်မလုံဘူး။ အထက်အရာရှိတွေက ပြည်သူပိုင် ပိုက်ဆံတွေကို ကိုယ့်ရပိုင်ခွင့်လို သဘောထားပြီး ခိုးနေတာ ကျုပ် မကြိုက်ဘူး။ နဂိုကမှ ကိုယ်ခံအား မကောင်းတဲ့ ကျုပ်။ သူတို့လိုနေရာရောက်ပြီး ခိုးခွင့်သာရခဲ့ရင် ကျုပ် ခိုးမိတော့မယ်။ ခိုးချင်ဘူးဗျာ။ မခိုးဘဲ အစိုးရ ၀န်ထမ်းဘ၀နဲ့ ရပ်တည်လို့ ရသလားဆိုတော့လဲ အများ အသိဘဲလေ။ ကျုပ်မှာ ရွေးချယ်စရာ တစ်လမ်းဘဲ ရှိတယ်။ အပြင် အလုပ် လုပ်ပေါ့။ ဒါဘဲ ရှိတာဘဲ။ အပြင် ပြည်တွင်း အလုပ် လုပ်ရအောင်ကလဲ တစ်ရက် လ္ဘက်ရည် နှစ်ခွက်လောက် မသောက်ရရင် နေမကောင်းချင်တဲ့ ကျုပ် နဲ့ လဲ မဖြစ်ပါဘူး။ လစာ တစ်လ နှစ်သိန်းလောက်နဲ့ မွေးလာမယ့် ကလေးတွေနဲ့ နှစ်ဖက် မိဘ ပြန်ကြည့်ရမှာနဲ့ ဖြစ်ပါဘူး။ ဒီတော့ နိုင်ငံခြား ထွက်ဖို့ လမ်းစ ရှာရတော့တာပေါ့။

            နိုင်ငံခြားထွက်ဖို့ လမ်းစရှာရတာလဲ ခက်ပါတယ်။ ကျုပ်ကိုကျုပ် အင်ဂျင်နီယာဘွဲ့ရဗျ။ ပညာတတ်ဗျ ဆိုပြီး လုပ်နေတာ မဟန်ဘူးဆိုတာ သိလာရတယ်။ စင်္ကာပူထွက်ပါလားလို့ ပြောလို့ အေးဂျင့်ဈေးစုံစမ်းကြည့်တာ ကျုပ် ဘယ်ပေးနိုင်မလဲဗျာ။ ဒါနဲ့ အလည်အပါတ်ထွက်ပြီး အလုပ်ရှာရင် ရတယ်ဆိုလို့ စွန့်စားကြည့်မယ်ဆိုတော့လဲ ထင်သလောက် မလွယ်ဘူးဗျ။ ကုန်မယ့် ငွေကြေးကို ချီးငှားသွားရအုံးမယ်။ ပညာရပ်ပိုင်းဆိုင်ရာ ကျုပ်ကို မေးရင် မဖြေနိုင်မှာ မပူပေမယ့် ဘွဲ့ရ ပညာတတ်ဗျလို့  လက်မ တစ်ထောင်ထောင်နဲ့ ကျုပ် အင်္ဂလိပ်စကားက တောင်တစ်လုံး မြောက်တစ်လုံး။ အကျိုးအပဲ့တောင် တော်တော် ကြီးတဲ့ မလှမပ အကျိုး အပဲ့တွေပါ။

            အဲဒီလို ဖြစ်နေတုံး ကံလေးလိုက်ချင်တော့ ပြောပါတယ်။ မွေးသမိခင် ကျေးဇူးရှင် ရဲ့ ကျေးဇူးကြောင့် အိမ်ဝိုင်း ရောင်းရငွေလေးနဲ့ “မင်း တတ်နိုင်မှ ပြန်ဆပ်ပေါ့”ဆိုပြီး ပြောလို့ လက်ထဲ တုတ်လေး ရလာတာပေါ့။ လက်ထဲ ပိုက်ဆံရှိလာလို့ နိုင်ငံခြား ထွက်မယ်ပေါ့။ ဘယ်နိုင်ငံသွားမလဲ။ကိုရီးယားလား၊ မလေးရှားလား၊ စင်္ကာပူလား။ သူငယ်ချင်း မိတ်ဆွေ တစ်ယောက်ကျေးဇူးနဲ့ ပိုက်ဆံများများ ရတယ်ဆိုတဲ့ ကိုရီးယားသွားမယ်ပေါ့။ ပိုက်ဆံများများ မြန်မြန်ရ။ မြန်မြန် များများစု။ နိုင်ငံခြားမှာ နှစ်ရှည်လများ နေမယ်ဆိုတဲ့ စိတ်လဲ မရှိတာကြောင့် ကိုရီးယားဘဲ ကျုပ်ထွက်ခဲ့တယ်။ ပေးလိုက်ရတဲ့ ပိုက်ဆံ။ ကုန်လိုက်တဲ့ငွေ။ တိုတိုပြောရရင် ကိုရီးယားရောက်တယ်ဆိုပါတော့။ အင်ဂျင်နီယာ ဘာသာရပ်တွေ ညာတွေ ဘေးချိတ်။ ပိုက်ဆံရမယ်၊ ပိုက်ဆံပေးမယ်။ လူကို ဗလကာယ မလုပ်ဘူးဆိုရင် ဘာမဆို လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်တာဆိုတော့ အဆင်ပြေပါတယ်။ ပိုက်ဆံ စုချင်လို့ သုံးနှစ် အလုပ် လုပ်ခဲ့တဲ့ ကြားထဲ မြန်မာပြည်တောင် အလည်မပြန်ဘူး။ တစ်လ တစ်လ မြန်မာငွေ ဆယ့်နှစ်သိန်း၊ ဆယ့်သုံးသိန်း ပို့နိုင်ပါတယ်။ သုံးနှစ်ပြည့်လို့ မြန်မာနိုင်ငံ ပြန်မယ်လဲ ဆိုရော အမေ့ အကြွေး ကျေတယ်။ တိုက်ခန်းလေး ခပ်လတ်လတ် တစ်ခန်းရတယ်။ မိန်းမတစ်ယောက်ရတယ်။ လက်ထဲ သိန်းငါးဆယ်လောက်ရတယ်။ ဒါဘဲ။ အသက်က သုံးနှစ်ကြီးသွားတယ်။

လက်ထဲက ပိုက်ဆံနဲ့ စီးပွားရေး လုပ်မယ်ဆိုပြီး လင်မယားနှစ်ယောက် တိုင်ပင်တော့ ကိုသင်းမြိုင်+ မလှလှဌေး (BE Civil) ဆိုပြီး ၀က်သားတုတ်ထိုးဘဲ ရောင်းရမလိုလို။ အသုတ်စုံဘဲ ရောင်းရမလိုလို ဖြစ်နေတာ။ ပူပူနွေးနွေး တရားဝင် ယူပြီးလို့ မိန်းမနား ကပ်မလို့ ကြံကာ စည်ကာ ရှိသေး လက်ထဲက ငွေက လုံးပါး ပါးလိုက်လာတယ်လေ။

            အမျိုးတွေကတော့ စေတနာနဲ့ အကြံပေးကြပါတယ်။ တက်စီလေး ထောင်ပါ့လားပေါ့။ သူတို့ ပြောသလို ချီးဟယ်၊ ငှားဟယ်နဲ့ တက်စီလေး တစ်စီး ၀ယ်မောင်းရမလားလဲ စဉ်းစားပါသေးတယ်။ ကျုပ်သား၊ သမီးတွေကို မင်းတို့အဖေ အင်ဂျင်နီယာဘွဲ့ရ Taxi ဒရိုင်ဘာလို့ ကျုပ် ပြောချင်ဘူးဗျာ။ ဂျီးများတယ် ပြောချင်ပြော။ လက်ကြောမတင်းဘူးလို့ မပြောကြစေချင်ဘူး။ ကိုရီးယားမှာ လက်ကြောမတင်းရင် ဘယ်လို မှ မဖြစ်ဘူးဆိုတာ ကိုရီးယားမှာ အလုပ် လုပ်ဖူးသူတိုင်း သိကြပါတယ်။ ဒီလိုနဲ့ မိန်းမ ကိုယ်ဝန် ငါးလလောက်မှာ နိုင်ငံခြား စင်္ကာပူသို့ နောက် တစ်ခေါက်ပေါ့ဗျာ။

            စင်္ကာပူမှာ ရှိတဲ့ သူငယ်ချင်းတွေက ကူညီကြရှာပါတယ်။ အင်တာဗျူးတွေလဲ ရပါတယ်။ အလုပ်လဲ ရတယ်။ S.pass တင်တော့ တစ်သက်နဲ့ တစ်ကိုး ဘ၀မှာ ဘုရားနဲ့ ဒီလောက် နီးနီးကပ်ကပ် ဘယ်တုံးကမှ မရှိခဲ့လောက်အောင် ရှစ်ခိုး ဆုတောင်းလိုက်ရတာ မြန်မာနိုင်ငံက မိန်းမတောင် အဆစ်ပါသေး။ ကံလေး လိုက်ချင်တော့ အဆင်ပြေပါတယ်။ pass ကျပါတယ်။ ဒါပေမယ့် မိန်းမလဲ မွေးရော ကျုပ်က အလုပ် စ၀င်ခါစ။ အလုပ်က ခွင့်မပေး။ ယောင်္ကျားလေးမွေးတယ်။ ကျန်းမာတယ်။ မင်း ကျန်းမာအောင်နေနော်။ မောင် ကျန်းမအောင် နေနော်။ ကျန်းမာရေး ဂရုစိုက်။ မောင့်သား ကို စိတ်ချပါ ဆိုတာနဲ့ ကျုပ်မှာ ယောက်ကျားတန်မဲ့ မိန်းမ စိတ်မကောင်းဖြစ်မှာစိုးလို့ မသိအောင် ငိုလိုက်ရတာ ပြောမနေနဲ့တော့။ ဘာတတ်နိုင်မှာလဲ။

            ကျုပ် စလုံးမှာ အလုပ် လုပ်နေတာ ခုနှစ်ကျော် ရှစ်နှစ်ထဲ ရောက်နေပြီ။ ကြားထဲမှာ တစ်နှစ် တစ်ခါလောက် မိန်းမနဲ့ ကလေးဆီ ပြန်ပါတယ်။ ကျုပ် ပထမဆုံး ပြန်တုံးက နေ့ကို မေ့လို့ကို မရဘူး။ လေယာဉ်ကွင်းမှာ အခါလည်သားလောက် ရှိနေတဲ့ ကျုပ်သားက ကျုပ်ကို ဘယ်က လူကြီးလဲ မသိဘူးဆိုပြီး တွေးသလား မသိပါဘူးဗျာ။ ချီဖို့ နေနေသာသာ “သား ငါ မင်း အဖေလေကွာ” လို့ ပြောတာလေးနဲ့ကို ငိုလိုက်တာ အာဗြဲနဲ့။ စဉ်းစားသာ ကြည်ပေါ့ဗျာ။ ရင်ထဲ မကောင်းချက်တော့။

            နောက်ပြီး ဆံစနေ ခြေဖျားအထိ ရှစ်ကြီး ခိုးပါရဲ့။ မရိုသေ့စကားပြောပါရစေ။ ကျုပ်က ရဟန္တာမှ မဟုတ်တာ။ ကိလေသာလဲရှိတယ်။ ရာဂလဲ ရှိတယ်။ ကိုယ့်မိန်းမ မဟုတ်ရင် တစိမ်းမိန်းမတွေကို ဘယ်စိတ်နဲ့မှ မပြစ်မှားမိအောင် နေ နိုင်ပေမယ့် ကျုပ် မိန်းမ ကျုပ်တော့ အားရ ပါးရ ပြစ်မှားတယ်ဗျာ။ ဟယ် ကြမ်းလိုက်၊ ရိုင်းလိုက် တာလို့ ကျုပ်ကို မြင်ကောင်း မြင်ကြမှာပေါ့လေ။ ကျုပ် အမှန်အတိုင်းပြောတာပါ။ သွေးနဲ့ သားနဲ့ ကိုယ်ဘဲဗျာ။

ကျုပ် ဘော်ဒါ စာလေး ဘာလေး ရေး၊ ဖတ်တဲ့ အကောင် ပြောတာ သတိရမိတယ်။ ဒီကောင်ပြောတာ ဘာတဲ့။ “အေးဗျာ..သွေးသားကောင်းတုံး အရွယ်ကျတော့ ဝေးနေရတယ်။ မကျန်းမမာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အချိန်ကျမှ မောင်ရေ..မိန်းမရေ နဲ့ ဟား ဟား” ဆိုပြီး မောင်ရေ နဲ့ မိန်းမရေ ဆိုတဲ့ အသံကို အဘိုးကြီး အဘွားကြီး အသံနဲ့ ပြောတော့ ကျုပ်မှာ မရီရဘဲ တွန့်တွန့်သွားတယ်။

            မိန်းမနဲ့ သားဆီကို ကျုပ် တစ်ပါတ် တစ်ခါ ဖုန်းဆက်တယ်။ တယ်လီဖုန်းထဲကနေ ကိုယ့်မိန်းမကိုယ် သားပြော မယားပြော ပြောရတာလောက် အရသာရှိတာ ကျုပ်လို နိုင်ငံခြားမှာ မိသားစုနဲ့ ခွဲပြီး လုပ်နေရတဲ့သူတွေဘဲ ခံစားဘူးမယ် ထင်သာဘဲ။ သားတော်မောင်ကတော့ အသက်နည်းနည်းကြီးလာတော့ ကျုပ်ကို အဖေအဖြစ် အသိအမှတ် ပြုရှာပါတယ်။ ဒါပေမယ့် နီးနီးကပ်ကပ် မနေရဘဲ တစ်ခါ ပြန်လာမှ တစ်လလောက် ဧည့်သည်ပြန် ပြန်နေတဲ့ ကျုပ်ကို ဟက်ဟက်ပက်ပက် တယ်မရှိလှပါဘူး။ စိတ်မကောင်းပေမယ့် ဒီကောင် ကျနော့်လို မပူမပင်ရ ကျောင်းတက်၊ စားနိုင်၊ ၀တ်နိုင်နေတာနဲ့ကို ဖြေသိမ့်နိုင်ပါတယ်လေ။

            ဒီလောက် နှစ်တွေ အကြာကြီး လုပ်လာတာ ပိုက်ဆံ တွေ အတော်စုမိပြီပေါ့လို့ အကြောင်းမသိတဲ့ အမျိုးတွေကတော့ ထင်ကြပါတယ်။ အထင်လဲ ကြီးကြပါတယ်။ ဒုက္ခသုက္ခရောက်ရင်  အားကိုးတကြီး လာပြီး အကူအညီလဲ တောင်းကြပါရဲ့ ။ မိန်းမက ဒါတော့ စိတ်ရင်းကောင်းတယ်။ ကျုပ်အမျိုး သူ့အမျိုး ခွဲခြားမနေဘဲ သွားစရာရှိတာသွား။ ပေးစရာ ရှိတာပေး။ ကမ်းစရာ ရှိတာ ကမ်းရှာပါတယ်။ ပေးနိုင် ကမ်းနိုင်လို့ ကျုပ်ကို ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့ အမျိုးတွေ မေတ္တာပို့သံတွေ ပိုလျှံနေတာဘဲ ရှိတယ်။ ချမ်းသာမလာပါဘူး။ မိန်းမရေ မင်း စုထားတာ ဘယ်လောက်ရှိပြီလဲ လို့ ကျုပ်မေးရင် ရှင် မယုံရင် ရှင့်ဘာသာ လာသုံးကြည့်။ ကျုပ်စာရင်းပို့လိုက်မယ်ဆိုပြီး သူ့စာရင်း စာရွက် ရောက်လာတော့လဲ ဟုတ်သားဟလို့ ဖြစ်ရတာပါဘဲ။

            ကြည့်လေ။ ကျုပ် ပို့နိုင်တာ တစ်လကို ဆယ်သိန်းထားပါတော့။ ဒါတောင် အများဆုံးနော်။ ဒီထက်တော့ ကျော်ဖို့ မရှိဘူး။ ဒီဘက်က ကျုပ် အခန်းငှားခ၊ စားစရိတ်၊ ခရီးစရိတ် ၊ ဘာညာ နှုတ်လိုက်ရင် လစာက တစ်ဝက်စား တစ်ဝက်ပို့ဖြစ်နေရတာ။ မိန်းမဘက် စာရင်းစာရွက်လဲ ကြည့်အုံး။ ရှင် ဆယ်သိန်းပို့။ သားအမိ နှစ်ယောက် အသုံးစရိတ်၊ အိမ်စရိတ် တစ်သိန်းခွဲ။ ရှင့်သား ကျူရှင်နဲ့ ကျောင်းဖယ်ရီခက  ငါးသောင်း။ သူ့ အင်္ဂလိပ်စာ ကျောင်းလခနဲ့ ဖယ်ရီခက တစ်လ ၇ သောင်း။ ရှင့် အမေ ၊ ကျုပ်အမေ ကန်တော့ စုစုပေါင်း နှစ်သိန်း။ ဒီလစုငွေ ငါးသိန်း (သုံးသောင်း ခြေစောင့်လက်စောင့်ထား) ဆိုပြီး စာရင်းတွက်ပြတော့လဲ ဟုတ်နေတာဘဲ။ ဒါတောင် ကြားထဲမှာ လူမှုရေးတွေဖြစ်တဲ့ မင်္ဂလာဆောင်သွားရတာ၊ ကူငွေ ပို့ရတာ၊ ဆေးရုံ ဆေးခန်းပြရတာ မပါမှ တစ်လ ငါးသိန်း စုနိုင်တာ။ တစ်နှစ်ကို သိန်းခြောက်ဆယ်။ ကျုပ် ခုနှစ်နှစ် လုပ်တယ်ဘဲထားပါတော့။ သိန်း ၄၂၀။ သိန်း ၄၂၀နဲ့ ကျုပ်သား ရှေ့ရေးနဲ့။ ကျုပ်တို့ အဘိုးကြီး အဘွားကြီးဖြစ်တော့ သုံးဖို့ စွဲဖို့နဲ့ အဲဒီငွေဆိုတာ အလကားဆိုတာ လူတိုင်း သိပါတယ်ဗျာ။

            ဘယ်လိုဘဲ ဖြစ်ဖြစ်ပါလေ။ ကျုပ်က ညည်းပြတာ မဟုတ်ပါဘူး။ ကျုပ် ကြေနပ်ပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဆရာကြီး ဦးအောင်သင်းစကားကို ပြောချင်သားဗျ။ ဆရာကြီးက လူဆိုတာ ကိုယ့်အမျိုးကိုယ် တစ်ဆင့်မြင့်အောင် လုပ်ပေးနိုင်တဲ့ လူဖြစ်အောင် ကြိုးစားရမယ်လို့ ပြောတယ်မို့လား။ ဒီပြင် မြန်မာလူမျိုးတွေ ကိုယ့်အမျိုးကိုယ် ချေးတွင်းထဲရောက်အောင် ဘာလုပ်ကြ လုပ်ကြ ကျုပ်အမျိုးတော့ ကျုပ် မြှင့်ရမှာဘဲ။ အခုဆို ကျုပ်ညီနဲ့ ညီမကို ကျောင်းထားပေးတာ ဘွဲ့ရကုန်ပြီ။ နောက် နှစ်လလောက်ဆို ညီကို ခေါ်ပြီး အလုပ် ရှာပေးရအုံးမယ်။ အငယ်မကတော့ ဆိုင်လေး ဖွင့်ချင်တယ်ဆိုလို့ လုပ်ပေးရအုံးမယ်။ ကျုပ်မိန်းမလဲ သူ့ မောင်လေးကို ကျုပ်သိအောင် တစ်မျိုး။ မသိအောင် တစ်မျိုးပေးမှာပါ။ ကျုပ် သဒ္ဒါပါတယ်။ ပေးပါစေလေ။ ကျုပ်ရှာဖွေရသမျှ သူနဲ့လဲ ဆိုင်တယ်မို့လား။

            တစ်လောက စင်္ကာပူကို ကျောင်းတုံးက ကျုပ်သူငယ်ချင်း အရာရှိတစ်ယောက် လာသွားတယ်။ အလုပ်ကိစ္စနဲ့ လာတာလို့တော့ ပြောတာဘဲ။ အတော် အဆင်ပြေနေပုံရပါတယ်။ သူ့အဖေက ကျုပ်နေ့စားလုပ်ခဲ့တဲ့ ၀န်ကြီးဌာနမှာ ရာထူး အတော်ကြီးပါတယ်။ အရှင်မွေးတော့ နေချင်းကြီးလာတဲ့ ပုံစံပါဘဲ။ လူဆိုတာ ကိုယ့်ယုံကြည်ရာ ကိုယ်ပေါ့ဗျာ။ သူရွေးချယ်ရာ လမ်းအတွက် သူရွေးချယ်ပြီး ကျေနပ်နေပုံရပါရဲ့။ ကျုပ်ကို နေ့စားဝန်ထမ်းဘ၀နဲ့ ဆက်ပြီး လုပ်မသွားလို့ စေတနာကောင်းနဲ့ ဒီကောင်က အပြစ်တင်သွားသေးတယ်။ ကျုပ် ဘာမှ ပြန်မပြောလိုက်ပါဘူး။ ဒီလိုပါဘဲကွာလို့ ခပ်ဖော့ဖော့ ပြောလိုက်ရတယ်။ သူ့သမီး ကျောင်းထားတာ တစ်လကို ဘယ်လောက်ကုန်ကြောင်း။ သူဘယ်လောက်ဝင်ကြောင်းတွေကို ဒီကောင့်ထုံးစံအတိုင်း ခပ်ကြွားကြွား ပြောသွားလေရဲ့။

            ကျုပ် သူ့ကို လေယာဉ်ကွင်း လိုက်ပို့လိုက်တော့ မင်းဒီလိုဘဲ နေတော့မှာလားလို့ ပြောသွားလေရဲ့။ ဒီကောင့်မျက်လုံးတွေထဲမှာ ရိုးသားမှု အပြည့်နဲ့ ကျုပ်ကို သနားတဲ့ အရိပ်အရောင်တွေ မြင်ရပါတယ်။ ကျုပ် ဘာမှ ပြန်မပြောတော့ပါဘူးလေ။ သူလဲ သူ့မိသားစု၊ သူ့မျိုးဆက်ကို သူယုံကြည်ရာနဲ့ မြှင့်တင်ပေးတယ်လို့ ကျုပ်တွေးပါတယ်။ ကျုပ်လဲ ကျုပ်တတ်နိုင်တာနဲ့ ကျုပ် မျိုးဆက်ကို တတ်နိုင်သလောက် မြှင့်ရမှာမို့လား။ ဒါပေမယ့် ပတ်ဝန်းကျင်ကို မထိခိုက်တဲ့၊ အများ တကာ စိတ်ဆင်းရဲရမယ့် မြှင့်တင်ခြင်းမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ဒါပေမယ့် ကျုပ်သားကြရင် သူယူမယ့် မိန်းမနဲ့ နီးနီးကပ်ကပ်မှာ နေပြီး ဘ၀ကို ရိုးရိုးသားသား ဖြတ်သန်းတဲ့သူဖြစ်ရင် ကျုပ်တာဝန်ကြေပြီ။ ကျုပ်သူငယ်ချင်းက သူ့မျိုးဆက်ကို မြှင့်တဲ့ နေရာမှာ အပြစ်ကင်းပါစေလို့ဘဲ ကျုပ် စိတ်ထဲ ရှိတဲ့ အတိုင်း ဆုတောင်းတယ်ဗျာ။ ကျုပ်ကို သူငယ်ချင်းကိုမနာလိုဖြစ်နေတယ်လို့ ထင်ချင်သလားဗျ။ ကျုပ်သူငယ်ချင်းလို မနေခဲ့လို့ အပြစ်များ တင်ချင်ကြသလား။ ကျုပ်သား လူကြီး ဖြစ်လာရင် ငါ့အဖေက နိုင်ငံခြားမှာ အလုပ် လုပ်ပြီးစုဆောင်းရင်းနဲ့ ငါတို့ကို လုပ်ကြွေးလာခဲ့တာကွလို့ ၀င့်ဝင့်ကြွားကြွား ပြောနိုင်ရင်ကို ကျုပ်နဲ့ ကျုပ်မိန်းမ သွေးသားကောင်းတာတွေ၊ ငယ်တုံးရွယ်တုံးတွေ၊ သူများကျွန်တွေ ဘာတွေကို ကျုပ် မေ့ပစ်လိုက်နိုင်ပါတယ်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

4 Responses to ကျွန်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် (Po Htet)

  1. khit ya tu on August 15, 2012 at 2:36 pm

    very good

  2. Set Htun on August 15, 2012 at 4:22 pm

    Oversea is leveling ground to show everyone’s capacity without any back grounds, all rely on own’s attempt.

    • Kyaw on August 16, 2012 at 9:50 pm

      Not completely true. Our capabilties are much better in every corner in locals but still bottom .Probably this is the Asian style.

  3. P Soe on August 16, 2012 at 3:19 pm

    Ko Po Htet, very coincidence! almost same as my experience. It seems that you are senior to me in YIT.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments