အိမ် (Po Htet)

August 22, 2012

အိမ်

ဖိုးထက်၊ သြဂုတ် ၂၂၊ ၂၀၁၂


“ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့အိမ်

ရံရွေလယ် ထယ်ဝါစွာ ဆယ်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလဲ အိမ်”


          ကိုဓိရာမိုရ် ရဲ့ “အိမ်”  ဆိုသည့် သီချင်းလေးထဲမှာ အထက်ပါ ခြေဆင်း အပိုဒ်လေးသည် ကျနော့်အတွက် ကြည်လင်ချမ်းမြေ့သော စိတ်ခံစားမှုကို ပေးစွမ်းပါသည်။

          အင်္ဂလိပ်စကားလုံးမှာ Home နှင့် House အား ကွဲပြား ခြားနားမှုကို ကျနော် အမှတ်သား ထားရှိမှုက နည်းနည်းတော့ အူကြောင်ကြောင် နိုင်သည်။ Home ဆိုတာ သုခရိပ်မြုံ။ ဒါကြောင့် Home sweet Home လို့ ရှိသည်။ House sweet House လို့ မရှိ။ နောက်ပြီး House ဆိုတာ ဟောက်စားလုပ်နိုင်သူများသာ နေထိုင်ကြသော အဆောက်အဦးဖြစ်သည် လို့ ကျနော်က ခွဲခြား မှတ်သားထားသည်မှာ ရီစရာ ကောင်းနေပါလိမ့်မည်။ ကျနော်က မြန်မာလို အိမ်၊ အင်္ဂလိပ်လို Home ကို ပြည့်စုံ ကြွယ်ဝလွန်းလှသည့် နန်းတော်ကြီး၊ ရဲတိုက်ကြီးတွေထက် ပိုမို တန်ဖိုးထားမိသည်။

          ရှေးခေတ် အတီအတာ သမိုင်းမတင်မှီခေတ်များက လူများ မည်ကဲ့သို့ နေထိုင်ခဲ့ကြလေသနည်း။ ကျောက်ဂူကြီးတွေထဲမှာ၊ သစ်ပင် ကြီးတွေ အောက်မှာ စသည်ဖြင့် လေကာ ၊ မိုးလုံ နေရာတွေမှာ နေထိုင်ခဲ့ကြမည်ထင်သည်။ အခုခေတ်ချိန်ခါမှာတော့ ပိုက်ဆံရှိရင် ရှိသလောက်၊ တတ်နိုင်ရင် တတ်နိုင်သလောက် အိမ် ဆိုသည့် ဝေါဟာရကို ချဲ့ကား ကြွားဝါကြသည်။ အိမ်တစ်လုံးအတွက်  ဒေါ်လာသန်းချီသုံးစွဲကြသည်။ ခေတ်သစ် မြို့ပြ လူလတ်တန်းစား လူတန်းစားများက ကတ်ထူပုံးတွေ ထပ်ထားသလို တိုက်ခန်းများဖြင့် အိမ် ဆိုသည့် ဝေါဟာရကို သတ်မှတ်ကြသည်။ ဆင်းရဲသည့် လူတွေအတွက်တော့ ကျောတစ်ခင်းစာနှင့် အမိုး၊ အကာအရံ ပါသည် ဆိုကာမျှဖြင့် အိမ်ဖြစ်ကြရသည်။

          ကျနော်မွေးဖွားကြီးပြင်းရာ ရွှေမြေကြီးပေါ်ရှိ အိမ်မှ ဝေးကွာနေရသော ရွှေ့ပြောင်း အလုပ်သမား ကျနော့်အတွက် အများ လွမ်းဆွတ်သလို အိမ် ကိုလွမ်းသည်။ အိမ်မှာ ကျနော့်ကို ချစ်သော လူများ နေကြသည်။ ကျနော် ချစ်သော လူများ ရှိကြသည်။ ကျနော့် ကောင်းကျိုးအဖြာဖြာကို လိုလားသော လူများ အိမ်မှာ နေကြသည်။ “အ၀တ်တန်းလုပ်ဖို့ သံလေး တစ်ချောင်းရိုက်ဖို့ဆိုရင် နင့်ကို သတိရလိုက်တာဟယ်” “အိမ်က လျှပ်စစ်ပေါင်းအိုး ပျက်နေတယ်..လာမှ ကြည့်ပေးစမ်း”  ဆိုသည့် စကားသံများသည် ကျနော့်ကို ခိုင်းစားချင်လို့ဆိုသည့် စိတ်ခံစားမှုကို မဖြစ်ပေါ်စေဘဲ အိမ်ကို ပိုမိုတမ်းတ လွမ်းဆွတ်စေသည်။

          ပျော်ရာမှာ မနေ၊ တော်ရာမှာ နေဆိုသည့် စကားအရ နိုင်ငံခြားတိုင်းပြည်တွေမှာ ကျွန်သက်ရှည်နေသော ကျနော်လို လူမျိုးတွေအတွက် ရွှေပြည်ကြီးရှိ အိမ် ကို မေ့ထားနိုင်ဖို့ ကြိုးစားကြရသည်။ ကျောတစ်ခင်းစာ၊ ရေချိုးဖို့၊ ကိုယ်လက်သန့်စင်ဖို့  နေရာ တစ်ခု ရလျှင်ပင် ကျနော်တို့အတွက် အိမ် ဆိုသည့် ဝေါဟာရက ပြည့်စုံပြီလို့ ယူဆနိုင်သည်။ ကျနော့်အတွက်ကတော့ ကုသိုလ်ကံကောင်းသောကြောင့် ပြည့်စုံတာထက် ပိုလျှံလွန်းသော အိမ် တစ်လုံးကို ရရှိထားသည်။

          တကယ်ကျတော့ ကျနော့် အိမ်နှင့် ကျနော် အလုပ် လုပ်ရာ နေရာသည် ဝေးကွာလွန်းလှသည်။ တစ်ရက်ကို အသွားပြန် သုံးနာရီခွဲခန့် အချိန်ပေးရသည်။ ခရီးစရိတ် ငွေရေး ကြေးရေး အားဖြင့် ကြည့်လျှင်လဲ မထောင်းတာလှ။ အလုပ် နားနီးရာတွင် ကျောတစ်ခင်းစာ အိပ်စက် နားနေဖို့ အခန်းတစ်ခု ငှားပြီး နေမည်ဆိုက နေနိုင်သည်။ ကျနော် မနေလို။ အချိန်ဆုံးရှုံးသည်ကို လမ်းမှာ စာဖတ်ရင်း ကာကွယ်နိုင်သည်။ ငွေကြေး နှင့် အိမ်ဆိုသည့် စိတ်လုံခြုံမှုကို မလဲရက်။ မလဲနိုင်။

          လက်ရှိ ကျနော် နေသော အိမ်မှာ လူစုံ၊ ဘ၀စုံ ရှိသည်။ လင်မယားနှစ်ယောက်နှင့်  ပုစုခရု ပိစိကွေး အာဗြဲကောင်လေး တစ်ယောက်ရှိသည်။  ဂစ်တာတီးတတ်ပြီး သီချင်း မဆိုသောသူရှိသည်။ သီချင်းဆိုပြီး လေတောင် မချွန်တတ်သော သူရှိသည်။ သခင်ကိုယ်တော်မှိုင်းဆိုတာ သခင်အောင်ဆန်းသူငယ်ချင်းလားဟု မေးသောသူရှိသည်။ တောင်မရောက် မြောက်မရောက် စာရေးဆရာကွဟု အမြဲပြောပြီး လီယိုတော်စတွိင်းဆိုတာ ဘယ်လို ဘာညာပြောတော့ လီယိုနတ်မောင်မောင်လွင့် အဖေလားဟု အမေးခံရသူရှိသည်။ ဟင်းချက် အလွန်ကောင်းသော စိုင်းစိုင်းခမ်းလှိုင် ကိုယ်ခန္ဓာနှင့် ချာတိတ်တစ်ကောင်ရှိသည်။ ပန်းပဲ မောင်တင့်တယ် Body နှင့် ညီအရွယ် တစ်ကောင်ရှိသည်။

          သူများတွေ ဒီမိုကရေစီရ မရ မသိ။ အမှန်အကန်လား အကြံအဖန်လားဟု မေးရမည့် ဒီမိုကရေစီဟု ရန်ဖြစ်နေကြရချိန်တွင် ကျနော့် အိမ်မှာ ဒီမိုကရေစီ အမှန်ရသည်။ သို့သော် အနည်းငယ် ပုံပျက် ပန်းပျက်နိုင်သော ဒီမိုကရေစီဖြစ်သည်။ လင်မယားနှစ်ယောက်နှင့် ပိစိကွေလေးက နာမည်ခံ အိုးခွဲချက်စားသည်။ နာမည်ခံဆိုသည်မှာ သူတို့ လင်မယား ချက်သော ဟင်းကို ၀င်ရောက်ပြီး တွယ်ကြသောကြောင့်ဖြစ်သည်။ ဟင်းချက်ကောင်းသော ပိန်တာရိုးလေးက ဟင်း အမြဲချက်သည်။ ငပိနံ့သင်းသင်း ငရုတ်သီးစပ်စပ် အစိမ်းကြော်မှာ ငပိမပါရင် မစားတတ်သော သင်းကလေး၏ ဧရာဝတီတိုင်းသား ဟင်းချက်နည်းကို အညာသား ကျနော်က အလွန်ကြိုက်သည်။ ကျန် ငပျင်း သကောင့်သားများက “မင်းက ဟင်းချက်မှာတော့ နိုးတူး (NO TWO) ဘဲ” ဟု ပြောပြီး မြှောက်ပေးသည်။ ကျနော်တို့ သူ့ကို ပြောသော နိုးတူးဆိုသည်မှာ အိမ်မှာ ဟင်းချက်မယ့်သူ နောက်တစ်ယောက်မရှိဟု ဆိုလိုသည်။

          စားချင်သော အစားအစာကို လောက်ငှအောင် ၀ယ်ချင်သော သူက ၀ယ်လာခွင့်ရှိသည်။ ၀ယ်လာသော ဖြတ်ပိုင်းကို သံချွန်မှာ ချိတ်ထား။ လကုန်လျှင် စာရင်းချုပ်။ ဝေမျှ ကျခံ။ သုံးလတစ်ခါခန့် “စိတ်အလိုလေး လိုက်ကြအုံးစို့ရဲ့” ဟု ဘယ်တုံးကမှ စိတ်အလို မလိုက်ခဲ့ဘူးကြသော အရိယာပုဂ္ဂိုလ်ကြီးများကဲ့သို့ ပြောဆိုကာ သီချင်းသွားဆိုကြ။ ယမကာလေး မှီဝဲကြသေးသည်။

          အိမ်မှာ အလ္လာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်ဆည်းကပ်သူရှိသည်။ မြတ်ဗုဒ္ဓကို သက်ဝင်ယုံကြည်သူ ရှိသည်။ ယေရှူအရှင်ကို အစဉ်အမြဲ ကယ်မပါဟု တိုင်တည်သော သူရှိသည်။ မူဆလင်ကောင်လေးက မြတ်ဗုဒ္ဓဘုရားကျောင်းဆောင် မီးပျက်နေသည်ကို ပြုပြင်ပေးသည်။ မူဆလင်ကောင်လေး ရာမဒန် ဥပုတ်ယူသော အချိန်တွင် အိမ်မှာ ၀က်သားရှောင်သည်။ ယေရှူအရှင်ကို အာမင် ဟု ဆုတောင်းချိန်တွင် တိတ်တိတ်ဆိတ်ဆိတ်နေပေးရင်း ခရစ်စမတ်မှာ အရက်တိုက်ဟု မဲဆွယ်ကြသည်။ ကိုယ်ကြိုက်တာ ကို ကိုးကွယ်။ ကိုယ် ယုံကြည်ရာ ကိုယ်လျှောက်။ လိုအပ်သော နေရာမှာ လှူဖို့ တန်းဖို့ ဘယ် ဘာသာဝင်က နှိုးဆော် နှိုးဆော် “ငါ့အတွက် နင်စိုက်ထား။ လကုန်တော့ တောင်း”  လုပ်ကြ၏။

          ထိုကဲ့သို့သော အိမ်မှ ဖယ်ခွာပြီး အိမ်ရှင် မျက်နှာ ကြည့်နေရမည့် အခြားအိမ်တစ် အိမ်သို့ ကျနော်က ဘယ်တုံးကမှ ပြောင်းရွှေ့ဖို့ မစဉ်းစားမိပါ။ သကောင့်သားများကလဲ ဘယ်တုံးကမှ အလုပ်နားနီးရာ ပြောင်းတော့မယ်ဟု လေသံမဟ။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ နေရာမှ ပြန်လာ။ စားပွဲပေါ်မှာ သူ့အတွက်သပ်သပ်ဖယ်ချန်ထားသော ဟင်းတစ်ခွက် အမြဲ ရှိနေတတ်သော အိမ်ကို ကျနော်တို့က ခင်တွယ်ကြသည်။ အိမ်ကို စောစောပြန်လာလျှင် အာဗြဲပိစိကွေးလေး၏ အသံစူးစူးလေးကို ကြားရမည်။ အချင်းချင်း စနောက်နေကြသဖြင့် တဟီးဟီး တဟား ဟား အသံများကို ကြားရမည်။ ပျော်ရွှင်ချမ်းမြေ့ဖွယ်၊ တွယ်တာဖွယ်ကောင်သော အိမ်ကို ကျနော်တို့ အတတ်နိုင်ဆုံး အစောဆုံး ပြန်ရောက်ဖို့ ကြိုးစားကြသည်။ နောက်ကျနေလျှင် ဘယ်ရောက်နေသလဲဟု အိမ်ရှိ လူစုံ၏ တယ်လီဖုန်းဆက် မေးမြန်းစေ့ငုခြင်းကို ခံရမည်။

          ကျနော်တို့ အိမ်မှာ အလုံးစုံ ချောမွေ့ အဆင်ပြေနေသော အိမ်တော့ မဟုတ်။ မီးဖိုချောင် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး၊ ရေချိုးခန်း၊ အိမ်သာ သန့်ရှင်းရေး စသည့် မပင်ပန်းပါဘဲ ယောက်ကျားသားများအတွက် အလွန် ပျင်းဖို့ ကောင်းသော အလုပ်တွေအတွက် ရာသီဥတု မကြည်မလင် ရှိတတ်သော အချိန်များလဲရှိသည်။ အဓိက ဒဏ်အခံရဆုံးမှာ သူငယ်ချင်း ဇနီးမောင်နှံ ဖြစ်သည်။ အဖုအထစ်လေးများ၊ အဆင်မပြေမှုလေးများကို သူ နားခံသာ၊ ကိုယ် နားခံသာ “ဟဲ့ကောင်တွေ အိမ်သန့်ရှင်းရေး လုပ်ကြအုံး။ ပေညစ်ပွနေပြီ။ လာခဲ့ ငါကောလုပ်မယ်” ဆိုပြီး ဦးဆောင်သူနောက်သို့ ရီကျဲကျဲ ဖြင့် “သိပ်ရှုပ်တာဘဲ။” “ဒါကြောင့် ဘုံမိန်းမတစ်ယောက်လောက် ယူထားပါလို့ ပြောသားနဲ့” “ သြော် လောက လောက နားချိန်မှာတောင် ကောင်းကောင်း မနားရတဲ့ လောကပါလား” စသည့် စကားများဖြင့် ပြောင်လက်တောက်ပြောင်သွားအောင် သန့်ရှင်းလေး လုပ်ကြသည်။ မပြော မဆိုဘဲ တစ်ယောက်တည်း ကျိတ်လုပ်၊ တစ်ယောက်တည်း ဒေါသထွက်နေသော အပြုအမူများကို ကျနော်တို့ ရှောင်ကြသည်။ 

          ထိုကဲ့သို့ ချစ်ခင်တွယ်တာစရာ များဖြင့် ပြည့်စုံသော အိမ်ကို ကျနော် ခင်တွယ်သည်။ အလုပ်ထဲမှာ ပင်ပန်း နွမ်းနယ်သမျှ၊ ဖိအားမှန်သမျှကို အိမ် ကို ပြန်နေတယ်ဆိုသည့် အတွေးတစ်ခုတည်းနဲ့ပင် ရာခိုင်နှုန်း တစ်ဝက်ခန့် ဖြေလျှော့သွားစေသည်။ ဟင်းမကောင်းဘဲ၊ တစ်ခါတစ်ရံ ဟင်း မရှိပါဘဲ ရှိတာလေးနဲ့စား၊ တစ်ယောက်နှင့် တစ်ယောက် နောက်ပြောင် စနောက် လိုက်သည်နှင့်ပင် နောက် တစ်ရက် အလုပ် လုပ်ဖို့ စိတ်အားသတ္တိ ပြည့်စုံသည်။

          အိမ် ဆိုသည့် စကားလုံးနှင့် ဆက်စပ်ပြီး ကျနော့်အတွေးတွေက ရပ်တန့်မသွား။ ကြီးကြီးကျယ်ကျယ်တွေ ဆက်လက်တွေးနေမိသည်။ အိမ်ကို ပြန်လာကြဖို့၊ ပြန်လာကြပါ၊ ပြန်လာကြပါဟု ခေါ်နေသော်လည်း နှလုံးသားတွေ နှစ်ဦး နှစ်ဘက် မနွေးထွေးရင် ဘယ်သူက ပြန်လာချင်ကြမှာလဲ။ အိမ်မှာ တန်းတူညီမျှသာယာမှု မရှိပါဘဲ ဘယ်သူက အိမ်မှာ ပျော်နိုင်ပါ့မလဲ။ အပြင်မှာ ပိုက်ဆံရပေါက်၊ ရလမ်းသာယာလို့ အပြင်မှာဘဲ နေမယ်။ အိမ်တော့ မပြန်ချင်ဘူးဆိုသည့် ခပ်နုံနုံ သနားစရာ လူများကိုတော့ အိမ် ဆိုသည့် စကားလုံးနှင့် တွဲဖက်ပြီး မစဉ်းစားချင်။ အိမ်ကို လွမ်းနေပါလျက်နှင့် အိမ်မှာ ပျော်ရွှင်လို့ရပါ့မလားဟု သံသယ၀င်သူများကိုတော့ အပြစ်မဆိုသာဘူး မို့လား။

          ကျနော် ငယ်ငယ်တုံးက အမေကြီးက “ငါသေရင် ငါ့ရွာမှာ ခေါင်းချချင်တယ် ငါ့သမီးရယ်” ဟု အမေ့ကို ခကြာခဏ ပြောသံ ကြားဘူးသည်။ ကျနော် ခံစားလို့မရ။ “သေတာတောင် နေရာရွေးတယ်။ မေကြီးကလဲ” ဟု ကျနော်အထွန့်တက်တော့ “ငါ့မြေး အသက်ကြီးလာရင် နားလည်လာမှာပါ။” ဟု ရှင်းပြသံကို ကျနော် အခုအရွယ်မှာတော့ နားလည်စ ပြုလာသည်။ လူမှာ ဇာတိစိတ် ရှိသည်ဟု ဆိုကြသည်။ ဒါကြောင့်ဘဲ အိမ်လွမ်း၊ နိုင်ငံလွမ်း၊ မြို့လွမ်း၊ရွာလွမ်း စသည့် နှစ်သက်ဖွယ် အလွမ်းများ ဖြစ်ပေါ်လာခြင်းဘဲ ဖြစ်မည်။

          ကျနော့် ယောက်ဖ အလတ်က “ငါ မင်းလိုတော့ နိုင်ငံခြားမှာ နှစ်ရှည်လများ အလုပ် လုပ်မနေချင်ဘူးကွာ။ မင်း အမနဲ့ မင်းတူမကို ငါမခွဲနိုင်ဘူး။ ပညာတော်သင်ဖြစ်ဖြစ်၊ ဈေးဝယ်ဖြစ်ဖြစ် ခဏ တစ်ဖြုတ်တော့ သွားချင်ပါတယ်”ဟု ပြောဘူးသည်။ ခဏတစ်ဖြုတ်အလည်ပြန်တုံး တွေ့ရသော ယောက်ဖကို စကားမများချင်။ “ ဘယ်သူကတော့ ပျော်လို့ နိုင်ငံခြားမှာ အလုပ် လုပ်နေတယ် ဟုတ်ပါ့မလဲ အစ်ကိုရာ။ ပြည်တွင်းမှာဘဲ ဘ၀ရပ်တည်မှု ခိုင်ခိုင်မာမာနဲ့ ဖြူဖြူစင်စင် လုပ်ကိုင်စားသောက်လို့ ရချင်တာပေါ့။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ လူတွေလဲ ရှိတန်သလောက် ရှိမှန်းသိတာပေါ့။ ဒါပေမယ့် ဘယ်အုပ်ချုပ်သူလူတန်းစားကိုမှ မလိုအပ်ဘဲ စကားတွေ မပြောရဘဲ ကိုယ်အစွမ်းရှိရင် ရှိသလောက် လုပ်ကိုင်စားသောက်လို့ရတဲ့ အလုပ် လုပ်ချင်တာဗျ။” ဟု ရှည်ရှည်ဝေးဝေး ကျနော် ရင်ဖွင့်ခဲ့သည်။

          အခုအချိန်မှာတော့ မောင်းထောင်းရာမှာ မကျွမ်းကျင်သော လက်သင် လူတစ်ယောက် မောင်းထောင်းသကဲ့သို့ နေရာအနှံအပြားသို့ ရွှေပြည်ကြီးသူ၊ ရွှေပြည်ကြီးသားများ ပြန့်နှံ့နေသည်ထင်သည်။ ကမ္ဘာ့အနောက်ဖျားမှစပြီး အရှေ့ဖျားအထိ မြန်မာ ပြည်သူ၊ ပြည်သားများ ရှိကြမည် ထင်သည်။ တစ်ချို့က ပရောဂျက်တွေတင်၊ ဒီလို လုပ်မယ်၊ ဟိုလိုလုပ်မယ်ဟု ကိုယ့်လိပ်ပြာမှ ကိုယ်မလုံ လက်ဖြန့် တောင်စားပြီး  အိမ်ကြီး အိမ်ကောင်းဖြင့်နေသူများလဲ ရှိသည်ဟု ဖတ်နေရ၊ သိနေရသည်။ တစ်ချို့က တန်းတူညီမျှမှုဆိုသည့် ဒီမိုကရေစီအရေးအတွက် တစ်ကြောင်းထဲသော စိတ်ကို ထားကာ မိမိတတ်နိုင်တဲ့ နေရာမှ ကူညီညာဝိုင်းရင်း ဘ၀ကို ဖြတ်သန်းနေကြသည်။ တစ်ချို့က နယ်စပ် ဒုက္ခသည် စခန်းမှာ လေလုံ၊ မိုးလုံ ရှိကာမျှဖြင့် ရှိနေကြသည်။ တစ်ချို့က သူများနိုင်ငံတွေမှာ သူများနိုင်ငံတွေ အကျိုးစီးပွားအတွက်၊ မိမိ အကျိုးစီးပွားအတွက် တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ဘ၀အတွက် မပေးဆပ်ချင်ဘဲ ပေးဆပ်နေရသည့် လူတွေလဲ ရှိမည် ထင်သည်။ တစ်ချို့က ကျောတစ်ခင်းစာနေရာတစ်ခု၊ မဖြစ်စလောက်သော လစာငွေကြေးလေးဖြင့် ဘ၀ကို မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် လူများ ရှိကြမည်။ ဘယ်လိုဘဲဖြစ်ဖြစ် အားလုံးကတော့ အိမ်နှင့် ဝေးနေကြသူများ။ အိမ်လွမ်းနေသည့် သူများ ဖြစ်ဖို့ သေချာပါသည်။

          အိမ် ဆိုသည့် အိမ် သည် နန်းတော်ကြီးကဲ့သို့ ကြီးကျယ် ခမ်းနားဖို့ လိုမည် မထင်။ အများ အမြင် တင့်တယ်သည့် တောင့်တောင့်တင်းတင်း၊ တည့်တည့်မတ်မတ်၊ သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ် အိမ်ကလေး တစ်လုံး ဖြစ်လျှင်ကိုဘဲ ပြည့်စုံပါလိမ့်မည်။ ပေါင်းမြက်ပင်တွေ တောထ မင်းမူနေသည်ကို မင်းရှင်း၊ ငါရှင်း လုပ်နေသည့် လူများနှင့်တော့ မဖြစ်ဘူး ထင်ပါသည်။ ဓားလွတ်ဘေးချပြီး အိမ်ဦးခန်း တက်ထိုင်ချင်နေသည့် လူများနှင့်တော့ အဘယ်မှာ ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ဖြစ်လာပါ့မလဲ။ ရှိအတူ၊ မရှိအတူ မျှဝေခံစားသည့် မိသားစုဝင်တွေ ရှိဖို့ လိုမည်ထင်သည်။ အိမ်က ချမ်းသာသမျှ၊ ပိုင်ဆိုင်သမျှ ခိုးဝှက်၊ ရောင်းစားပြီး အိမ်ထဲမှာ အိမ်ထပ်ဆောက်ချင်သည့် မိသားစုဝင်များနှင့်တော့ ရန်ဖြစ်၊ ငြင်းခုံသံတွေဘဲ ကြားရဖို့ ရှိသည်။ ရန်ပွဲများဖြင့် ဆူညံပွက်လောရိုက်နေသော အိမ်ကို မိသားစုဝင်များ ပြန်လာဖို့ တွန့်ဆုတ်နေကြမည်ထင်သည်။

          အိမ်မှာ ခိုင်းစေဖို့ အခြွေ အရံ အသင်းအပင်း များစွာဖြင့် ကျောက်ဖြူတိုင်လုံးကြီးများဖြင့် ခမ်းနားကြီးကျယ်သော အိမ်ဖြစ်ဖို့ ကြိုးစားနေကြသလား။ ပြောင်လက်တောက်ပသော မဟော်ဂနီ အရောင် တဖိတ်ဖိတ်လက်နေသည့် အိမ်ကြီး အိမ်ကောင်းကြီး  လိုချင်ကြသလား။ သဘာဝကျသော လူ့လောဘ ဖြစ်ပါလိမ့်မည်။ သို့သော် ကျနော့်သဘောကတော့ မရှိအတူ၊ ရှိအတူ၊ တစ်ယောက် ကောင်းကျိုး တစ်ယောက်လိုလားသော၊ တန်းတူညီမျှမှု စိတ်ထားများဖြင့် ပြည့်စုံသော အိမ်သားများ နေသည့် ကျူထရံတွေ ကာထားသည့် လေလုံ၊ မိုးလုံ အိမ်လေးဆိုရင်ကိုဘဲ ပြည့်စုံပါသည်။ အိမ်ကလေးထဲမှာ အိမ်ကလေးတွေ ထပ်ထပ်၊ ထပ်ထပ် ဆောက်ချင်နေသည့် လူတွေ များနေသည့် အိမ်ဆိုလျှင်တော့ အပြင်မှာဘဲ ကြယ်မြင်၊ လမြင် အိပ်တာဘဲ ပိုကောင်းပါလိမ့်မည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

4 Responses to အိမ် (Po Htet)

  1. Khin Nyein Thit on August 22, 2012 at 12:18 pm

    Very good artical.

  2. kyaw hla on August 22, 2012 at 8:16 pm

    ko po htet,right.this is our good second home .But,how long stay we live?how long,?????

  3. Kyu on August 25, 2012 at 2:17 am

    i read this one already 2times.also me whencan i go back home?

  4. သော်သော်ကို on August 26, 2012 at 8:46 am

    အဝေးရောက်တွေအတွက် ခံစားချက်ပြင်းပါတယ်။ အဲဒီသီချင်းခံမှုလေးတစ်ခုကိုဒီမှာလည်းဖတ်ဖူးတယ်ဗျာ။

    http://www.thanlwin.com/new/index.php?option=com_content&task=view&id=2350&Itemid=464

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်