ရေငတ်စေသော စာပေဟောပြောပွဲ (Po Htet)

August 23, 2012

ရေငတ်စေသော စာပေဟောပြောပွဲ

ဖိုးထက်၊ သြဂုတ် ၂၃၊ ၂၀၁၂

အမှန်အကန်သီရိသုဓမ္မဘွဲ့ခံ ဒေါ်ခင်ကြည် သည် ကျနော်တို့အတွက် ဘွားခင်ကြည်ဘဲ ဖြစ်ပါလိမ့်မည်။ ဘွားခင်ကြည် ကို ချစ်ခင် မြတ်နိုးစိတ်နှင့် စတင်ပြီး မှတ်မှတ်ရရ ရှိစေသည်က သီချင်း တစ်ပုဒ်ဖြစ်သည်။

“ငွေသော်တာ ရောင်ခြည် ထိန်လင်းတော့မည်၊ ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ၊ သဒ္ဒါက ပိုသည် ဆရာမ ကိုဘဲ အသဲစွဲအောင် ချစ်မိသည်” ဆိုသည့် သီချင်းလေးမှာ လူရိုးကြီး ဗိုလ်ချုပ်နှင့် လမင်းကြီးလို ၀ိုင်းဝိုင်းစက်စက် အေးမြ ကြည်လင်မှုကို ပေးနိုင်သည့် ဘွားခင်ကြည်ကို မြင်ယောင်မိလာစေသည်။ ပြုံးမိစေသည်။

“သေရင် ပြီးပြီ” ဟု ဆရာကြီးတစ်ယောက် ဆောင်ပုဒ်သည် လူ့လောကမှာ ကောင်းကျိုး မယ်မယ်ရရ မလုပ်သောလူများ အတွက် မှန်ပါလိမ့်မည်။ သို့သော် လောကကြီးအတွက် အရုပ်ဆိုးလွန်းသောလူများ၊ လှပသပ်ရပ်အောင် ထုဆစ် ပုံဖော်ပေးသွားကြသူများအတွက်မူ သေရင် မပြီး။ လူသေသော်လည်း နာမည်မသေ။ ချစ်စရာရှိတာကို လက်ဆင့်ကမ်းပြီး ချစ်သွားကြသည်။ ရွံစရာ၊ အော့နှလုံးနာစရာ၊ မုန်းစရာများကိုလဲ မမေ့နိုင်ဘဲ တသသ ရှိတတ်ကြ၏။

စင်္ကာပူမှာ ဘွားခင်ကြည်ဖောင်ဒေးရှင်း စာပေဟောပြောပွဲ ကျင်းပမည်ဆိုသောကြောင့် August 19, 2012 တွင် အရောက်သွားဖြစ်ခဲ့သည်။ စာပေဟောပြောပွဲ နှင့် Debate လုပ်ခြင်း နှစ်ခုမှာ ကျနော်က Debate ကို နည်းနည်း ပိုစိတ်ညွှတ်သည်။ ကျနော် ကြိုက်သော Debate မှာ ငါ့စကားနွားရ၊ ငါ့အဆိုမှ အမှန်ဆိုသည့် စကားရေလုပွဲလို မဟုတ်ဘဲ အကြောင်းအရာ တစ်ခုကို ပညာရှင်၊ ပညာတတ်များက သူ့အမြင်၊ ကိုယ့်အမြင် ထောင့်မျိုးစုံမှ ပေါင်းစုံစဉ်းစားပြီး နားထောင်သူ ပရိတ်သတ်ကို အကြီးအကျယ် အသိတိုးစေသည့် စကားဝိုင်းမျိုးကို ဆိုလိုသည်။

August 19, 2012 က စင်္ကာပူမှာ ကျင်းပသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စာပေဟောပြောပွဲသည် အရင် ကျနော်တို့ နားထောင်နေကြ၊ တွေ့နေကြ စာပေဟောပြောပွဲ ပုံစံများနှင့် မတူဘဲ အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ဆရာကြီး သုံးယောက် သပ်သပ်ဆီ ဆွေးနွေးသွားသလို ဖြစ်နေခဲ့သည် ဟု ထင်သည်။

            အရင် စာပေဟောပြောပွဲတွေမှာ စာရေး ဆရာကြီးများ၊ ဆရာမကြီးများက မိမိအားသန်ရာ၊ အားသန်ရာ ၊ မိမိနှစ်သက်ရာ နှစ်သက်ရာ အကြောင်းအရာကို ပရိတ်သတ်အား ဟောပြောခဲ့ကြသည်။ ရသစာပေ၊ သီချင်း၊ စာပေသမိုင်း စသည်ဖြင့် ဟောပြောသူ စာရေး ဆရာနှင့် စာပေ ပါတ်သက် ဆက်စပ်ပုံကို ဟောပြောကြတာ များသည်။ သို့သော် ယနေ့မှာတော့ နိုင်ငံရေး၊ ဒီမိုကရေစီ အရေးအတွက် ဆရာကျော်ဝင်း၊ ဆရာ မောင်ဝံသ၊ ဆရာ အော်ပီကျယ် သုံးဦးမှ အမြင် သုံးခုဖြင့် ဗဟုသုတ၊ အသိစိတ်ဓာတ်၊ တွေးကြည့်သင့်သည့် အတွေးများကို ဟောပြောပေးသွားခဲ့ကြသည်။

“စာရေးဆရာဆိုတာ စာပေဘဲ ပြောပေါ့ ၊ နိုင်ငံရေးနှင့် မပါတ်သက်၊ မပြောနဲ့။ နိုင်ငံရေး ပြော၊ ဟောချင်ရင် နိုင်ငံရေး သမား သပ်သပ်လုပ်ပေါ့” လို့ အသိဥာဏ်မဲ့ မှတ်ချက်မျိုး ကြားဘူးကြပါလိမ့်မည်။ တစ်နေ့တာ စားခြင်း၊ အိပ်ခြင်း၊ သွားခြင်း၊ လာခြင်းသည်လည်း နိုင်ငံရေးဟု ဆိုကြလျှင် ဦးဏှောက် အလုပ်၊ တွေးခေါ်ခြင်း အလုပ် ဖြစ်သည့် စာရေးခြင်းဆိုသည်မှာ နိုင်ငံအရေးနှင့် ပိုမို နီးစပ်ဖို့သာ ရှိသည်။ ထို့ကြောင့် ဆရာသုံးဦးကလည်း ယနေ့ မြန်မာနိုင်ငံ ခေတ်အခြေအနေအရ သဘာဝကျစွာ မြန်မာ့ ဒီမိုကရေစီအရေး၊ မြန်မာ့ နိုင်ငံရေး အခြေအနေကို သုံးသပ်ဆွေးနွေးသွားခဲ့ကြသည်။ တွန်းအားပေး၊ ထောက်ပြ ဆွေးနွေးသွားခဲ့ကြသည်။

ကျနော်တို့က Global ကျော်ဝင်း (ကန်တော့ပါ ဆရာ) ဟု သိထားသော ဆရာဦးကျော်ဝင်းက “အကောင်းဆုံး အနာဂတ်ကို ဦးတည်ခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောပေးသွားခဲ့သည်။ Global ဆိုသည့် ရရှိထားသော ဂုဏ်ပုဒ်နှင့် ထိုက်တန်အောင် ဆရာက ကမ္ဘာ့ ဒီမိုကရေစီရေးရာ အဖြာဖြာဖြင့် မြန်မာ့နိုင်ငံရေးကို သုံးသပ်သွားခဲ့သည်။ ဆရာ့ ဟောပြောချက်များ၊ သုံးသပ်ချက်များ၊ ကိုးကားချက်များသည် ကျနော့်အတွက် စကားလုံးတိုင်း စကားလုံးတိုင်း စဉ်းစားစရာ၊ တွေးတောစရာ။ ပုဂံခေတ်မှ စတင်ပြီး သီပေါမင်း ပါတော်မူသည်အထိ မြန်မာနိုင်ငံမှာ အကြွင်းမဲ့ ဘုရင်စနစ် ဖြစ်ပေါ်ခဲ့သည်ကို ဥရောပ နိုင်ငံများနှင့် နှိုင်းယှဉ်ပြခဲ့သည်။ ဒီမိုကရေစီ ရင့်ကျက်ပြီး ရှေ့တန်းရောက်နေသော ဥရောပ နိုင်ငံတွေမှာ ဘုရင့် အာဏာကို ဖီဆန်နိုင်သည့် ကျောင်းတော် အဖွဲ့၊ လွတ်လပ်သော နယ်စား ပါယ်စား အဖွဲ့၊ ပြီးမှ ဘုရင့် မိသားစု။ သုံးဦး သုံးဖလှယ် ထိမ်းကြ၊ သိမ်းကြ၊ အာဏာလုကြရင်း အာဏာဆိုတာ ခွဲဝေယူပြီး နိုင်ငံသားတွေ ကောင်းအောင် ကြိုးစားကြရမယ် ဆိုသည့် အလေ့အကျင့်ကို ရခဲ့ဟန်တူသည်။ ကျနော်တို့မှာက ဘုရင်၏ အိမ်တော်ပါ ကျွန်၊ ညီတော်၊ နှမတော်၊ သားတော်၊ သမီးတော်၊ တူတော်၊ ဦးရီးတော်၊ ကိုယ်လုပ်တော်၊ မိဖုရား စသည်ဖြင့် မိမိ အကျိုးစီးပွားကို အလုံစုံကာကွယ်ပေးမည့် လူများသာ မင်းမူသည်။ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်သည်။

မင်းကျင့်တရား ဆယ်ပါး ဆိုတာ ဥပဒေမဟုတ်။ ကျင့်ဝတ်မျှသာ ဖြစ်တယ်ဆိုသည့် ဆရာ့ ထောက်ပြ ဆွေးနွေးချက်သည် လက်ချိုးရေလျှင်တောင် တစ်ဖက် မပြည့်ချင်သည့် မြန်မာ မင်းကောင်း၊ မင်းမြတ်တွေအတွက် ဂုဏ်ယူချင်နေသည့် ကျနော့် အတွေးကို လှုပ်ခတ်စေသည်။ မင်းကျင့်တရား ဆယ်ပါးဆိုသည့် ကျင့်ဝတ်ကြီးကို မျက်နှာပြောင်ပြောင် ဖောက်ဖျက်ပြီး မိမိတို့ အသိုင်းအ၀ိုင်း ကောင်းစားရေးသာ လုပ်ခဲ့ကြသော၊ လုပ်ချင်နေသေးကြသော အုပ်ချုပ်သူ အစုတ်အပဲ့များကို နီတိတွေ၊ ကျင့်ဝတ်တွေနှင့် လုပ်နေလို့ မရတာကို သိလာ၏။ တရားမျှတသည့် ဥပဒေသည်သာ လူစုတ်၊ လူပဲ့များအတွက် အထိန်းအကွပ် ဖြစ်လာနိုင်လိမ့်မည်။

ဆရာက မြန်မာလူမျိုးများ၏ ဘုရားရှစ်ခို၊ ဆုတောင်းထဲတွင် ပါဝင်သည့် ၀ိပတ္တိတရားလေးပါး ထဲမှ “မင်းဆိုးမင်းညစ်တို့၏ လက်မှ လွတ်ကင်းရပါလို၏” ဆိုသည့် ဆုတောင်းကို ထောက်ပြသွားခဲ့သည်။ ဘုရားရှစ်ခိုးတိုင်း ခပ်တိုးတိုးသာ ရွတ်ဖတ်မိသော ကျနော့် အကျင့်ကို ပြင်ရတော့မည်။ နှစ်ရှည်လများ အကြိမ်ပေါင်းများစွာ ဆုတောင်း ရှစ်ခိုးခဲ့သော ကျနော်တို့အတွက် ဆုတောင်း ပြည့်စပြုလာပြီလို့ဘဲ ထင်ချင်ပါသည်။

ဆရာက တွေးဆ ဆင်ချင်စရာ ဟောပြောချက်များဖြင့် မိုးကြီး ရွာသွန်းသလို ဟောပြောသည်။ ကျနော်က လက်ခုပ်ဖြင့် မိုးရေကို ခံယူပြီး သောက်သုံး သည့် ငမိုက်သားကဲ့သို့ ဖြစ်နေခဲ့သည် ထင်၏။ ဆရာက မြန်မာ့နိုင်ငံရေးမှာ အားလုံး ပါဝင်ကြဖို့၊ စဉ်းစားကြဖို့၊ အရှိကို အရှိအတိုင်း လက်ခံပြီး ပြုပြင်ကြဖို့ စသည်များကို ပညာရှိဆန်ဆန်ပြောသွားပေမယ့် မဆိုင်သလို နေကြသူများ၊ အာဏာဆိုတာ ငါတို့ အတွက်ဘဲလို့ ယူဆနေကြသူများ ကြားမှ ကြားနိုင်ပါ့မလားလို့ မချင့်မရဲ ဖြစ်မိသည်။

ဆရာက နိဂုံးချုပ်မှာ ဗိုလ်ချုပ်၏ မိန့်ခွန်းလေးကို ကိုးကားကာ အဆုံးသတ်သွားခဲ့သည်။ “ခင်ဗျားတို့ အက်စ် (S) ကျင့်တွေ ပြင်ရမယ်” လို့ ဆရာပြောသွားခဲ့သည်ကို ကျနော်တို့က ကျေနပ်စွာ လက်ခုပ်တီးပါ၏။ သက်ဆိုင်သော လူ့ အကြီးကြီးများလဲ ဆရာကိုးကားသော ဗိုလ်ချုပ်၏ “ ခင်ဗျားတို့ အက်စ်(S) ကျင့်တွေ ပြင်ရမယ်” လို့ သွားပြောရင် မနာကြဘဲ ကျေကျေနပ်နပ်ကြီး ရှိစေချင်လှပါဘိ။

ဒုတိယ ဟောပြောသူက ဆရာကြီး မောင်ဝံသ ဖြစ်သည်။ “သတင်းသည် ပြည်သူ့အတွက်” ဆိုသည့် ဆရာ့ ခေါင်းစဉ်ကို ကျနော်က အစိုးရ မီဒီယာများကို ကြည့်ပြီး သံသယ၀င်မိသည်။  မြန်မာ့ဒီမိုကရေစီအရေးအတွက် ထောင်ထဲမှာ စွန့်လွှတ်အနစ်နာခံခဲ့ရသော သတင်းသမား၊ စာရေး ဆရာကြီး ပီပီ ဆရာကျော်ဝင်းထက် ကျနော်က ပိုမို မျှော်လင့်ခဲ့သည်။ သို့သော် ဆရာ့မှာ အလုပ်များ၊ စိတ်များ၊ စိတ်တွေ ရှုပ်နေဟန်တူသည်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး နှစ်မျိုး နှစ်စားသော စကားများကို ပြောနေသော လူများဖြင့် စကားများရ၊ ရန်ဖြစ်ရ ရှိနေသည့်အတွက် စိတ်အားသတ္တိများ ကုန်ခန်းနေဟန်ရှိ၏။ ပြည်သူ့ခေတ်ဂျာနယ်အတွက်၊ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းများအတွက် ဆရာ့စိတ်က စာပေဟောပြောပွဲသို့ အလုံးစုံ အာရုံ စူးစိုက်နိုင်ဟန် မတူ။ စကားလုံးတွေ ထစ်အနေခဲ့သည်။ အချိန်နည်းသည့်အတွက်လဲ စိတ်အနှောင့် အယှက်ဖြစ်ရှာဟန်တူ၏။

            သို့သော် “ဆရာက ဆရာပါဗျာ” ဆိုသလို ဆရာ ပြောသမျှ၊ ဟောသမျှသည်လည်း မှတ်သားစရာများ ဖြစ်သည်။ ဗဟုသုတ များသာ ဖြစ်သည်။ ဆရာဖြတ်သန်းခဲ့သော NLD၊ ၈၈ အရေးအခင်း၊ စက်တင်ဘာ ၇ အရေးအခင်း၊ မဆလ ပါတီကောင်စီခေတ် စသည့် ဝေမျှ ဟောပြောချက်များသည် ကျနော်တို့ အနာဂတ်အတွက် သတိထားစရာ၊ စောင့်ကြည့်စရာများ ဖြစ်ခဲ့ပါသည်။ ကျနော်တို့ မြန်မာ့နိုင်ငံရေး အာဏာ ကလိမ်ကျမှုများ၊ မဲခိုးမှုများကို ဆရာက အတွေ့အကြုံရင့် ပုဂ္ဂိုလ်ကြီးပီပီ လက်ဆင့်ကမ်းသွားခဲ့သည်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေသော သတင်းဆရာကြီးပီသစွာ ဆရာရပ်တည်ခဲ့ပုံများသည် ပီတိသောမနသ ပွားစေပါ၏။

            နိုင်ငံအတွက် တရားမျှတမှု လိုလာသည့် ပညာရှင်များကို ထောင်ထဲထည့်ပြီး အချိန်ဖြုန်းစေခဲ့သည့် ခေတ်၊ စနစ်ဆိုးကြီး ကို ဆရာက ထောက်ပြသွားခဲ့သည်။ နိုင်ငံတိုးတက်ဖို့ ပညာရှင်တွေကို အနိုင်ကျင့်၊ ထောင်ချခဲ့သည့် ခေတ်၊ စနစ်ကြီး ပြည်ဖုံးကား ချသွားပြီလို့ဘဲ ဆရာမျှော်လင့်သလို ကျနော်တို့လဲ ယူဆနိုင်ပါမည်လား။ ဆရာက အရင်လူတွေ လုပ်သမျှကို ဖြတ်ဖို့၊ သင်ခန်းစာယူကြဖို့၊ နပိုလီယံကြီးတို့ကို သမိုင်းထဲမှာ ချန်ထားခဲ့ဖို့၊ အမှားတွေက သင်ယူကြရင်း ရှေ့ကို ဆက်လျှောက်ကြဖို့ ပြောသွားသည်ကို သန်း ၆၀ ဆယ်သော လူတွေ အကုန်ကြားအောင် ကိုယ့်ထမင်း ကိုယ်စားပြီး ကျနော် လိုက်အော်နေလျှင် နားရင်း အုပ်လွှတ်သူတွေ မရှိပါစေနေလို့ ဆုတောင်းမိသည်။

            နောက်ဆုံးပိတ် အိတ်နှင့် လွယ်ဆိုသလို ဆရာ အော်ပီကျယ်က “ဤခရီး မနီးသေးပါ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောသွားခဲ့သည်။ ဆရာအော်ပီကျယ် အပြောကောင်း၊ အဟောကောင်းသည်ကို စာဖွဲ့နေရလျှင် အချိန်ကုန်။ စာမျက်နှာ ကုန်ရုံသာရှိသည်။ ပြည့်စုံမှု မရှိနိုင်ပေ။ Power Point ဖြင့် ဆရာက သူ့ကာတွန်းများ၊ သူခံစားရသော ကာတွန်းများဖြင့် ပရိတ်သတ် ပွဲကျအောင် ဟောပြောသွားခဲ့သည်။

ဆရာ့ကာတွန်းပြကွက်တွေထဲက အကြိုက်ဆုံး၊ အထိခိုက်ဆုံး အကွက်များမှာ ကလေးများ အနာဂတ်အတွက် တို့၊ ထိ ရေးဆွဲထားသည့် ကာတွန်းများဖြစ်သည်။ ပန်းချီဆွဲဝါသနာပါသည့် ကလေးလေး ဆေးသုတ်သမား ဖြစ်သွားရပုံ၊ သစ်တုံးလေးတွေဖြင့် ထပ်ဆင့် ဆော့ကစားနေသောကလေးလေးက ပန်းရံသမားဖြစ်သွားပုံ၊ ဖက်ရှင် ပညာကို စိတ်ဝင်စားသော ချာတိတ်မလေးက အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်ရပုံ စသည့် ကာတွန်းကွက်များသည် ကျနော့်အတွက် ရီစရာလို့ မမြင်နိုင်တော့ပါ။ စိတ်ကူး စိတ်သန်းလှသော ကလေးလေးများ အနာဂတ်မဲ့ပြီး ဘ၀တွေ ခါးသက်သွားရခြင်းကိုဆရာက ရီစေ၊ ပြုံးစေလိုသည့် ရည်ရွယ်ချက်ဖြင့် ခံစားရေးဆွဲသည်လို့ ကျနော် မထင်ပါ။

            ဆရာက စိတ်ခံစားမှုကို ရှေ့တန်းတင်ပြီး လူမှုရေး ၀က်ဘ်ဆိုဒ်တွေပေါ်မှာ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲနေကြသည့် လူများကို ရပ်၊ ကြည့်၊ တွေးနိုင်အောင် ထောက်ပြသွားသည်။ တစ်ခါတစ်ရံ ကျနော်တို့က စိတ်ခံစားမှုကို ရှေ့တန်း တင်ပြီး လွန်လွန်ကဲကဲ မှတ်ချက်တွေ ရေးကြသည်။ စုတ်ပဲ့နေအောင် ရေးကြ၊ ပြောကြသည်။ လက်သီး လက်မောင်းတန်းကြသည်။ လွန်ကဲသော မည်သည့် အပြုအမူမဆို အဆိုးဘက်ကိုသာ ဦးတည်နိုင်ကြောင်းကို ဆရာ ဟောပြောသွားသည်လို့ ကျနော် ခံယူမိသည်။

ဤခရီး နီးသလား

ငါးနာရီ လာရသည်

မီးရထား စီးလာပါ

အလကား မစီးရ။

            အထက်ပါ ကဗျာလေးမှာ ကျနော်တို့ မူလတန်းတုံးက အလွန် ကျက်မှတ်လို့ ကောင်းသော ကဗျာလေး ဖြစ်ပေမယ့် ဆရာ အော်ပီကျယ် ရွတ်ပြမှ ခရီးတစ်ခုရောက်ဖို့ အချိန်ပေးရမည်၊ မီးရထားကဲ့သို့ ခေတ်မှီ နည်းပညာများ လိုသည်။ အလကား စီးနင်းသော လူများ မလိုအပ်ဟု ဆပွား တွေးစရာတွေ ရလာည်။

            မြန်မာနိုင်ငံမှာ အမှန်အကန်၊ ရေမရော ဒီမိုကရေစီရဖို့၊ ခရီးရောက်ဖို့ အလကား စီးသူတွေ များလွန်းနေတာကို ဆရာက ပြောချင်ဟန်တူသည်။ “ငါတို့နဲ့ မဆိုင်ဘူး။ ဝေးဝေးနေစမ်းပါ” ဆိုသည့် အလကားရထားစီးချင်သူများကို ဆရာက သတိပေးချင်ဟန်တူ၏။ ဆရာ့အတွေးနှင့် ကျနော်တို့ အတွေး ထပ်တူကျနေသည်ကို မအပ်မစပ် ၀မ်းမြောက်မိသည်။ ကျနော်တို့ ပါတ်ဝန်းကျင်မှာ “နိုင်ငံရေးလား။ မသိပါဘူး” ဆိုပြီး မြန်မာနိုင်ငံသားတစ်ယောက်က မြန်မာ့နိုင်ငံရေးကို သူနှင့် မဆိုင်သလို၊ မပါတ်သက်သလို နေစိမ့်လွန်းသော လူများ ရှိနေတာကို ကျနော် သဘောတူသည်။ လမ်းပေါ်တက်မှ နိုင်ငံရေးဟု မြင်နေသေးသော လူများ ရှိနေသေးတာကို ဆရာမနှစ်မြို့သလို ကျနော်တို့ သဘောမကျနိုင်ပါ။

            ဆရာတို့ သုံးယောက် ဟောပြောချက်များက ဦးတည်ချက်တူသည်။ တရားမျှတမှုအတွက် ရည်ရွယ်ကြသည်။ အသက် ၆၀၊ ၇၀ ရှိပြီး ဖြစ်သော စာရေးစရာ၊ ကာတွန်းဆရာ၊ သတင်းသမား တို့ သုံးဦးသည် သူတို့အတွက် မဟုတ်ဘဲ နောင်မျိုးဆက်အတွက် လေကုန်ခံ၊ အချိန်ကုန်ခံပြီး ဟောပြောသွားကြသည်လို့ ထင်မြင်မိသည်။

            စာပေဟောပြောပွဲက ပြန်တော့ ကျနော် အင်တာနက် သုံးရင်း သတင်းတွေ လျှောက်ကြည့်မိသည်။ ရာသီဥတုဆိုးရွားမှုဒဏ်ခံရမည့် နိုင်ငံတွေထဲတွင် မြန်မာက ဆု ချိတ်သည်။ လောလောဆယ် ရေတွေ ကြီးနေသည်။ သစ်တောတွေ ပြုန်းနေသည်။ သံယံဇာတတွေ နှစ်ရှည်စာချုပ်များဖြင့် ရောင်းစားထားပြီးပြီ။ ရုပ်ဒဏ်ရာတွေကိုကုစားဖို့ နေနေသာသာ စနစ်ဆိုးကြီးကို ဖောက်ထွက်ဖို့၊ စိတ် အပုတ်အပဲ့ ပြည်နာတွေကို ဖောက်ထုတ်နိုင်ဖို့ အခုမှ ကြိုးစားနေကြရဆဲဆိုတာ ကျနော် သတိထားမိလာသည်။ ခရီးက အဝေးကြီး ရှိနေသေးသည်။ တက်တွေထောင်ပြီး အချင်းချင်းများ ချ ကုန်ကြလေမည်လား။

            စိတ်တွေ ရှုပ်လာရင်၊ ပင်ပန်းလာရင် အိပ်စက် အနားယူခြင်းသာ အကောင်းဆုံးဟု ယူဆထားသော ကျနော်က အိပ်စက် အနားယူမိသည်။ အိပ်မက်ထဲမှာ ကျနော် ရေနစ်သည်။ အသက်ရှူမ၀။ အရေပြားတွေ ခြောက်သွေ့ပြီး မီးလောင်သည်ဟု အိပ်မက်သည်။ အလန့်တကြား လန့်နိုးသည်။ “အိပ်မက် မကောင်းရင် အနာဂတ် မကောင်းဘူး”ဆိုတာ တွေးမိပြီး ကျနော် ရေငတ်လာခဲ့သည်။

to watch the video archives – http://photojittoomonywa.blogspot.com/2012/08/live-stream-video.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, သတင်းဆောင်းပါး

One Response to ရေငတ်စေသော စာပေဟောပြောပွဲ (Po Htet)

  1. witmone on August 23, 2012 at 6:10 pm

    ကြားနာခြင်းမှ..လက်တွေ့အကောင်ထည်ဖေါ်သူများသို့

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်