မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၉)

September 4, 2012

မေခ
စက်တင်ဘာ ၄၊ ၂၀၁၂
(Twilight Over Burma)
နောက်တနေ့ မနက် စောစောတွင် နိုင်းနိုင်းသည် လားရှိုးတွင်ရှိသော သူမ၏ဆွေမျိုးများထံ တရားဝင် အလည်ခရီးထွက်သွားခဲ့လေသည်။တပတ်ကြာသောအခါ စိတ်လှုပ်ရှားစရာများစွာဖြင့် ပြန်လာမည့်နိုင်းနိုင်းကို သုစန္ဒာက မျှော်လင့်ချက်ကြီးစွာဖြင့် စတင်စောင့်နေတော့သည်။ အရှေ့စံအိမ်တော်သို့ သောင်းကျန်းသူစစ်သားများလာသည့်အချိန်တိုင်းတွင် သူမသည် နိုင်းနိုင်း၏လျှို့ဝှက်ချက်ကို သူတို့များ သိသွားကြပြီ လားဟု စိုးထိတ်ကြောက်လန့်နေတော့လေသည်။ သူတို့က အခြားကိစ္စအတွက် သူမ၏ခွင့်ပြုလက်မှတ်ကိုလိုချင်၍လာကြခြင်းဖြစ်ပြီး အ ခြားရှာဖွေမှု သို့မဟုတ် မေးခွန်းတွေမေးဖို့လာကြသည် ။သူမကလည်း သူတို့ကို မနှစ်မြို့ပဲ ပြောရလုပ်ရလေသည်။

……………..

စဝ်သည် သူ့ဝါးတဲ အကျဉ်းစခန်းလေးထဲမှ အပြင်က စစ်ဖိနပ်သံ တဂျောက်ဂျောက်ကိုကြားလိုက်ရသောအခါ နောက်ဆုံးမှာတော့ အရေးကြီး သောပုဂ္ဂိုလ်တယောက် သူ့ကိုလာတွေ့ပြီဆိုတာ သိလိုက်ရပေသည်။ သူတဝက်မျှော်လင့်ထားသူကတော့ သူတို့၏ ဗိုလ်မှူးကြီးအဆင့်ရှိသူတယောက်ဖြစ်သည်။ အရင်တခေါက်ကသူသည် ရာထူးအဆင့်နိမ့်သောသူနှင့် စကားလက်ခံပြောဖို့ငြင်းဆိုထားခဲ့သောကြောင့်ဖြစ်သည်။ စဝ်ဖျာပေါ်ထထိုင်လိုက်သည်။ သူနှင့်လာဆွေးနွေးသူကို မျက်လုံးချင်း တေ့တေ့ဆိုင်ဆိုင်ပြောဖို့ ဆုံးဖြတ်ထားသည်။ ထိုအချိန်တွင် တံခါး သည် ပစ်ချလိုက်သလိုပွင့်သွားသည်။ ဝဝတုတ်တုတ်ဂင်တိုတို ၊ နှုတ်ခမ်းမွှေးနှင့် ဗိုလ်မှူးလွိုင်ဖြစ်သည်။ သူတို့၏ခေါင်းဆောင်ကြီးက လွှတ် လိုက်မှန်း သံသယဖြစ်စရာမလိုချေ။ သူသည် သူ့ခေါင်းဆောင်အတွက် လုံးဝသစ္စာရှိသူတယောက်ဖြစ်သည်။

စဝ်ကလည်း အကျဉ်းသားတယောက်လိုမပြုမူပဲ ခွန်မိန်းတယောက်လို တင်းတင်းရပ်နေလိုက်သည်။ စကားတလုံးမှမပြောပဲ သူ့ရှေ့က ယူနီဖောင်းဝတ်ထားသူ ပုကွကွ၏အရပ်ကို ခေါင်းမှခြေဖျားထိတိုင်းကြည့်နေမိသည်။ သောင်းကျန်းသူဗိုလ်မှူးသည် မသက်မသာဖြင့် သူ့ နောက်က လက်နက်ကိုင်စစ်သားကိုလည်း ထွက်သွားခိုင်းလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။ သူပြောတော့မည့်စကားအတွက် သက်သေအ ဖြစ် ရှိမစေချင်သောကြောင့်ဟု ထင်ရသည်။

သောင်းကျန်းသူဗိုလ်မှူးသည် ကြိုးစားပြီး ရင်းရင်းနှီးနှီးလေသံဖြင့် စဝ်ကို မြန်မာလိုပင်စတင်ပြောသည်။

“ခွန်မိန်းကြီး ကျွန်တော်က ခွန်မိန်းလွတ်မြောက်ဖို့အတွက် တစိတ်တပိုင်းအလုပ်ဖြစ်အောင် လာပြောပေးတာပါ။ အထက်ကခေါင်းဆောင်ကြီး ရော ကျွန်တော်ကရော စဝ်အတွက်အကျိုးရှိဖို့ လာတောင်းခံတာပါ။ ကျွန်တော်တို့ ထိုင်ပြောကြရအောင်”
“ကျွန်တော်ရပ်နေမယ် ” စဝ်က အေးစက်စက်ပြန်ပြောလိုက်သည်။ လက်ပိုက်ပြီး တည့်တည့်စိုက်ကြည့်နေလိုက်သည်။ ထိုပုကွ ဂင်တိုလူ သည် အကြင်နာတရားကင်းပြီး ရက်စက်ယုတ်မာသော မရိုးသားသောသူဟု အလွန်ကျော်ကြားသူဖြစ်လေသည်။

“ခွန်မိန်းကြီးဒါ ခွန်မိန်းအကျိုးအတွက်ပဲ။ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ပါ” သောင်းကျန်းသူဗိုလ်မှူးအသံက သိသိသာသာပင် အေးစက်နေ သည်။ သူသည် စဝ်ထံမှ စကားပြန်ပြောသည်အထိ အကြာကြီးစောင့်နေသည်။

စဝ်က ဘာမှပြန်မပြော။

“ကောင်းပြီလေ။ ဒါဆိုရင် ကျွန်တော်ကပဲ အဓိကအချက်ကို တည့်တည့်ပြောပါ့မယ်။ အဲဒါက ခွန်မိန်းကို ပိုတုန့်ပြန်စေမယ်လို့ မျှော်လင့်တာပဲ။ ဒီလူကို တိုင်းယိုင်လို အိုက်နွတ် (သို့မဟုတ်) နှုတ်ခမ်းမွှေးနှင့်လူဟု ခေါ်လေမလား” သူက ငေါ့တော့တော့ ပြောလာသည်။

“ပြည်ထောင်စုကြီးကို သစ္စာဖောက်မှာလား ဒါမှမဟုတ် ကျွန်တော်တို့နဲ့လက်တွဲလုပ်မလား”

သည်လိုပြောခြင်းသည် စဝ်အတွက် အဓိပ္ပါယ်မဲ့နေသည်။ စဝ်သည် သူ့ကိုလုံးလုံး တအံ့တသြကြည့်နေမိတော့သည်။ စဝ်သည်သူ့ကို စိတ်ဆိုး သည့်စိတ်လည်းမဖြစ်ပေါ်သလို နည်းနည်းလေးမှကြောက်စိတ်လည်း မခံစားရချေ။

“ခင်ဗျားက မဖြစ်နိုင်တာကို လေးလေးနက်နက်ပြောနေတာကိုး” စဝ်ကပြောသည်။
“ဟုတ်တယ်။ ကျွန်တော် သိပ်ကို လေးလေးနက်နက်ပြောနေတာပါ”

“ခင်ဗျားတို့ သောင်းကျန်းသူအဖွဲ့က ကျွန်တော့်ကို လုပ်ချင်သလိုလုပ်လို့ရတယ်။ ဒါပေမဲ့ တရားရုံးကတော့ မသိနားမလည်လို့ပါလို့ ပြောလို့ ရမှာမဟုတ်ဖူး”

“ခွန်မိန်းက အခု ကျွန်တော်တို့ တရားရုံးရောက်နေပြီလေ။ သူတို့က ကျွန်တော်တို့ခိုင်းသလိုလုပ်မှာ” သောင်းကျန်းသူဗိုလ်မှူးက ဖြတ်ဝင်ပြော လိုက်သည်။

“ပြီးတော့ ကျွန်တော်တို့ ခွန်မိန်းအကြောင်း အများကြီးသိထားပါတယ်”
“ဘာတွေလဲ”

”ခင်ဗျားက ဗမာအစိုးရကို ငွေကြေးထောက်ပံ့နေတယ်။ ခင်ဗျားကဆီးတိုးအဖွဲ့နဲ့ လျှို့ဝှက်ပြီး ဆက်သွယ်အလုပ်လုပ်နေတယ်။ ခင်ဗျားက သစ္စာဖောက်ပဲ”
“ခင်ဗျား နားလည်လားဗိုလ်မှူး” စဝ်က တည်ငြိမ်စွာပြန်ပြောသည်။ “ကျွန်တော်လုပ်ချင်ရင် အဲဒါတွေအားလုံး လုပ်လို့ရတယ်။ ပြီးတော့ ဒီနေ ရာမှာလည်း ရပ်နေဖို့လည်းမရှိဖူး။ နားထောင်နေဖို့လည်း မရှိဖူး”

သောင်းကျန်းသူဗိုလ်မှူးမျက်နှာ နီရဲသွားသည်။ သူ့ကြည့်ရတာ ချက်ခြင်းပဲ တဲအတွင်းမှ ခြေဆောင့်ထွက်သွားမည့်ပုံမျိုးဖြစ်သည်။ သူသည် အကျဉ်းသားနှင့် ထပ်စကားပြောဖို့ ကျင့်သားရသေးဟန်မတူချေ။

“ကျွန်တော်တို့ကို ဆွယ်မနေပါနဲ့” သူသည် စဝ်ကို ထိန်းပြီးပြောလိုက်သော်လည်း သူ့အသံကခြိမ်းခြောက်သံပါနေသည်။
“ခင်ဗျားရဲ့မိန်းမနဲ့ကလေးတွေဘဝကိုလည်း ဒုက္ခရောက်သွားအောင် လုပ်လို့ရတယ်”

ဒီအချက်သည် စဝ်ကို ထည့်တွက်ဖို့ပြောလိုက်သည်။ လောလောဆယ် သူသည်ကြောက်လန့်စွာ အကျဉ်းကျခံနေရပြီး သည်အချိန်မှာ သူ့ မိသားစုကို လုပ်လျှင်ဖြစ်နိုင်လေသည်။

“ဒါဆို ခင်ဗျားဘာလုပ်ချင်လဲ ” သူမေးလိုက်သည်။

မျက်နှာက ဟန်ပြုံးပြုံးရင်း သောင်းကျန်းသူဗိုလ်မှူးသည် ခေါက်ထားသောစာရွက်ကို ဆွဲထုတ်လိုက်ပြီး စဝ်ကိုထိုးပေးလိုက်သည်။

“အားလုံးအတွက် ခင်ဗျားလုပ်ဖို့အမှန်ဆုံးကတော့ လက်မှတ်ထိုးလိုက်ဖို့ပါပဲ”

စဝ်သည် စာရွက်ကိုဆွဲယူလိုက်ပြီး အလင်းရောင်ကောင်းကောင်းရသော တဲဒေါင့်လေးဆီယူသွားလိုက်သည်။ ဝါယာမျက်မှန်ကိုင်းလေးကို ညှိလိုက်သည်။ သူ့ကို လက်မှတ်ထိုးစေလိုသောအကြောင်းက ဘာလဲဟု သူစတင်ဖတ်သည်။

“မထိုးဘူး” စဝ်ပြောလိုက်သည်။ စာရွက်ကို ဗိုလ်မှူးလွိုင်ထံပြန်ပေးလိုက်သည်။
“ကျွန်တော် ဘယ်တော့မှသဘောတူနိုင်မှာမဟုတ်ဖူး။ ဘယ်တော့မှ။ နှစ်ပေါင်း သန်းချီပြီးတော့မှ”

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နောက်ပိုင်းဖြစ်လာမဲ့အကျိုးဆက်တွေအတွက် ထည့်စဉ်းစားနိုင်ဖို့ခင်ဗျားကို ကျွန်တော်အချိန် နည်းနည်းပေးပါ့ မယ် ။ပြီးတော့ တခေါက်ပြန်လာပါဦးမယ်”

ရုတ်တရက် သတိမထားလိုက်မိခင်မှာ သူသည် စဝ်ဆီသို့ဖတ်ကနဲရောက်လာပြီး စဝ်မျက်နှာပေါ်က မျက်မှန်ကို ဆတ်ဆိုဆွဲဖြုတ်ယူလိုက် သည်။ “ကျွန်တော် နောက်တခေါက်ပြန်လာတဲ့အထိဒါ မလိုသေးဘူး”
……….. ….

သုစန္ဒာသည် ကြောက်စရာကောင်းသော မြန်မာလိုသတင်းစာခေါင်းကြီးကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားရလေသည်။

“နမ့်ပန်းခွန်မိန်း စဝ်ခွန်ဖ ပျောက်ဆုံးလျက်ရှိခြင်း။ မည်သည့်နေရာရောက်မှန်း မည်သူကဖမ်းဆီးခေါ်ဆောင်သွားမှန်း မသိရသေးခြင်း”

သူမသည် သတင်းစာပါ အဘိဇ္ဇျာများသောဆောင်းပါးကိုဖတ်သည်။ ပြန်ဖတ်သည်။ သူမလက်တွေ ဆတ်ဆတ်တုန်လာပြီး အံတကြိတ် ကြိတ်လုပ်နေမိတော့သည်။ သောင်းကျန်းသူခေါင်းဆောင်သည် မရိုးသားသောကစားပွဲတခုကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိ လိုက်ရ၍ ကြောက်ရွံ့လာလေသည်။ အကယ်၍ စဝ်ကို သူတို့ကဖမ်းဆီးထားခြင်းမဟုတ်ဟုဆိုလျှင် သူတို့မှာ စဝ်နှင့်ပတ်သက်သော တာဝန် အဝဝမရှိဟု ဆိုလိုရာရောက်လေသည်။ သုစန္ဒာသည် သတင်းစာကိုကောက်ဆွဲယူပြီး ဗိုလ်မှူးပန်ဖတ်ရုံးခန်းသို့ ချက်ခြင်းထွက်ခဲ့လေသည်။ သူမနှင့်အတူသွားနေကျ မွိုင်းကိုခေါ်ဖို့ လုံးလုံးမေ့သွားလေသည်။

“ကျမယောက်ျား အကြောင်းဘာလို့လိမ်ညာထားရတာလဲ ဗိုလ်မှူး” သူမပြောရင်းက သတင်းစာကို သူ့နှာခေါင်းနားထိထိုးပေးလိုက်သည်။

သတင်းစာခေါင်းကြီးပိုင်းကိုဖတ်ကြည့်ပြီးသောအခါ သူအံ့သြသွားသည်။

“မဟာဒေဝီသိတယ် မဟုတ်လား။ သတင်းစာဆိုတာက အမျိုးမျိုးရေးနိုင်တာပဲလေ” သူက သတိထားပြီးပြောသည်။
“ကျမတို့နှစ်ယောက်လုံး သိကြပါတယ်နော်။ စဝ်ကို ရပ်စောက်မှာအဖမ်းခံနေရတယ်ဆိုတာလေ ”သုစန္ဒာ ပိုပြီးလှုပ်လှုပ်ရှားရှားဖြစ်လာပြီး မထိုင်ပဲ ဆက်ပြောနေသည်။

ဗိုလ်မှူး၏ မမျှော်လင့်သောတုန့်ပြန်မှုကို မြင်လိုက်ရသည်။

“မဟာဒေဝီနဲ့ကျွန်တော် သဘောတူတယ်” သူပြောလိုက်သည်။
“ကျွန်တော်အကြံပေးချင်တာက မဟာဒေဝီကိုယ်တိုင် အဖြစ်မှန်တွေရေးပြီး သောင်းကျန်းသူဌာနချုပ်ကိုရေးပါ။ ကျွန်တော်ပို့ပေးမယ်”

သုစန္ဒာသည် သူ့မျက်နှာကို အသေအချာစိုက်ကြည့်လိုက်မိသည်။ ရိုးသားဟန်တော့ပေါ်နေသော်လည်း သည့်ထက်ပိုပြီးမမှန်းနိုင်ချေ။ သူမ သည် သတင်းစာကိုဖြည်းညှင်းစွာခေါက်လိုက်ပြီး ဂျိုင်းကြားမှာညှပ်လိုက်သည်။

“ကောင်းပြီ။ ကျမကြိုးစားကြည့်မယ်။ ဒါပေမဲ့ နှစ်ပတ်အတွင်းမရေးနိုင်ခဲ့ရင် တခြားနည်းလမ်းတခုရှာပြီး ပြည်သူတွေသိအောင်လုပ်မယ်” ပြောပြီး သူမသည်လှည့်လိုက်သည်။ ထို့နောက် သောင်းကျန်းသူဗိုလ်မှူး၏ရုံးခန်းအတွင်းမှ ထွက်လာခဲ့လေသည်။
….. ….

စံအိမ်တော်မှထွက်သွားပြီး ၁၄ ရက်ကြာသောအခါ နိုင်းနိုင်းသည် အရှေ့စံအိမ်တော်သို့ အငှားကားဖြင့်ပြန်လာလေသည်။

သုစန္ဒာသည် နိုင်းနိုင်းကို သူမ၏အိပ်ခန်းအတွင်းသို့ ခပ်သုတ်သုတ် ဆွဲခေါ်သွားလိုက်သည်။ ဒါမှ သူတို့ လွတ်လွတ်လပ်လပ်ပြောနိုင်ကြ မည်။ သူမနှလုံးသည် တဒုံးဒုံး ခုန်နေသည်။ လက်ဝါးတွေမှာ ချွေးစေးများထွက်ပြီး စွတ်စိုနေတော့သည်။

“သူ့ကိုတွေ့ခဲ့လားဟင်” သုစန္ဒာက တိုတိုမေးလိုက်သည်။
“ကျမစိတ်မကောင်းဖူး။ မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ သူအခုထိ အဲဒီမှာရှိနေပါသေးတယ်။ အနည်းဆုံး ကျမထွက်လာခဲ့တဲ့အချိန်အထိတော့ ရှိနေ ပါသေးတယ်” နိုင်းနိုင်းသည် အင်္ကျီဘော်လီအောက်ကစာတစောင်ကို ဆွဲထုတ်လိုက်သည်။

“ဘာလို့ဒီစာကိုပြန်ယူလာရတာလဲ” သူမက စိတ်ပျက်ညှိုးငယ်စွာမေးလိုက်သည်။
“သောင်းကျန်းသူဗိုလ်က ဒီစာကို သိမ်းမထားရဲဘူး။ သူက အစာင့်ထောက်လှမ်းရေးတွေကိုဖြတ်ပြီး ပို့ပေးဖို့လမ်းမမြင်ဘူးတဲ့”

“နိုင်းနိုင်း ကျေးဇူးပြုပြီး တခုခုပြောစမ်းပါ။ သူ့အကြောင်း အားလုံးပြောပြစမ်းပါ” သုစန္ဒာ တောင်းပန်လိုက်သည်။

“ကျမ မသိဖူးစဝ်မေ” သူမရပ်လိုက်သည်။ အင်္ကျီလက်ကိုခေါက်တင်လိုက်သည်။ မျက်လွှာချထားလိုက်သည်။
“ဘာလို့ မသိရတာလဲ” သုစန္ဒာ တဖြည်းဖြည်း သတိတိုးတိုးလာသည်။

“ကျမတို့စဝ်ဘုရား ပြန်လာနိုင်ပါတော့မလား ကျမလည်းမသိပါဘူး”
“ဘာလို့ ကျမကို ဒီလိုပြောရတာလဲ နိုင်းနိုင်း” သုစန္ဒာပြောသည်။ သူမအသံသည် ကြောက်ရွံ၍ ဆောက်တည်ရာမရဖြစ်ပြီး အော်ပြောလိုက် မိတော့သည်။

“ပထမအပတ် ကျမအဲဒီမှာရှိနေတော့ ကရင်သောင်းကျန်းသူဗိုလ်ကပြောတယ်။ စဝ်ဘုရားရှိတဲ့ဝါးတဲနားကို အရောက်သွားလို့ရတဲ့နည်း လမ်း သူရှာပေးမယ်တဲ့။ နေ့တိုင်း သူကတိပေးတာပဲ။ စဝ်တဲအပြင်ဘက်မှာ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့အခါ ကျမ မကြာခင်မှာမြင်ရလိမ့်မယ်လို့ပြောတယ်။ ဒါကြောင့် ကျမစောင့်နေတယ်။ နောက်တော့ ရုတ်တရက်ကြီး ၉ ရက်မြောက်နေ့မှာပဲ ကရင်ဗိုလ်က သူ့ကွာတားကိုအမြန် ပြန်လာပြီးပြောတယ်။ နိုင်းနိုင်း ကျေးဇူးပြုပြီး အထုပ်အပိုးအမြန်ပြင်ပါ။ ဒီကနေ အခုချက်ခြင်းထွက်သွားပါပြောတယ်။ ကြောက်စရာအဖြစ်တခုခုဖြစ်နေပြီထင်တယ်။ ကျွန်တော်ပြောခဲ့တာတွေအားလုံး မေ့ပစ်လိုက်ပါ။ ပြီးတော့ ခွန်မိန်းနဲ့ပတ်သက်တဲ့မေးခွန်းတွေ တခုမှမမေးပါနဲ့ လို့ပြောတယ်။ သူ့ဆီက တခြားဘာစကားတလုံးမှ မကြားရတော့ဘူး။ ဒါပေမဲ့ ကျမသိပါတယ်။ ကျမက သူ့ဆန္ဒကို လေးစားရမယ်လေ”

သုစန္ဒာသည် နိုင်းနိုင်းကို မကြည့်တော့ပေ။ သူမခေါင်းကို နောက်ဘက်လှန်လိုက်ပြီး မျက်နှာကျက်ကို ငေးကြည့်နေတော့လေသည်။

“သူကကြိုးစားပြီး ဘာပြောမယ်ထင်လဲ နိုင်းနိုင်း”
“အိုး ဘုရားသခင် ….။ ကျမသိပ်သိချင်တာပေါ့။ ဒါပေမဲ့ မသိခဲ့ရပါဘူး။ ရပ်စောက်ကထွက်လာတဲ့ညပဲ စဝ်ဘုရားအကြောင်း ကျမထူးဆန်းတဲ့ အိပ်မက်မက်တယ်။ စဝ်ဘုရားကို တိမ်စီးပြီး ကောင်းကင်ဘုံဆီတက်သွားတာတွေ့လိုက်ရတယ်။ ဝမ်းနည်းကြေကွဲတဲ့မျက်နှာနဲ့ ကလေးတွေနဲ့ ကျမတို့ကို လက်ပြသွားတယ်။ ကျမတို့က သူကောင်းကင်ဘုံကိုတက်သွားတာ စောင့်ကြည့်နေကြတယ်”

မိန်းမနှစ်ယောက် ဘာတခုမှ ထပ်မပြောနိုင်ကြတော့ပါ။ ကလေးနှစ်ယောက်သည် လှေခါးမှပြေးတက်လာကြပြီး နိုင်းနိုင်းကိုခိုင်းဖို့ခုန်ပေါက် အော်ဟစ်ဝင်လာကြသည်အထိ သူတို့နှစ်ယောက်သား အတွေးကိုယ်စီဖြင့် ငြိမ်သက်စွာထိုင်နေမိကြလေသည်။
……. …..

စဝ်အားစာရွက်ပေါ်လက်မှတ်ထိုးခိုင်းပြီး စဝ်ကငြင်းဆိုလိုက်သောအခါ စဝ်၏မျက်မှန်ကိုဆွဲချွတ်ယူသွားသော သောင်းကျန်းသူဗိုလ်မှူး လွိုင် ထွက်သွားပြီးနောက်တွင် စဝ်သည် တယောက်ထည်းကျန်ရစ်ပြန်လေသည်။

စဝ်၏မျက်မှန်ကို သောင်းကျန်းသူဗိုလ်မှူးလွိုင်ချွတ်သွားခဲ့သည့်တိုင်အောင် သူ့အဖို့ကြည့်စရာ ဖတ်စရာလည်း မရှိပါချေ။ သူသည် အိပ်နေ ချိန်မှလွဲလို့ သူတို့မရှိပဲလည်း အမြဲ သတိရမနေနိုင်ချေ။ သူသည် မပြည့်မစုံ နေသားမကျသောစိတ်တွေ ခံစားနေရသည်။ ဗိုလ်မှူးသည် ဘာ ကိုမျှော်လင့်ပြီး အနိုင်ရယူချင်တာလဲဆိုတာကို သူတိတိကျကျမသိချေ။ သူတို့သည် သူ့ကိုစတင်ပြီး စိတ်ဓာတ်ရေးရာ အနှောက်အယှက် ပြင်းပြင်းထန်ထန်ပေးဖို့ စတင်လိုက်ခြင်းဖြစ်သည်ကို စဝ်ကမျှော်လင့်ပြီးသားဖြစ်သည်။ အထူးသဖြင့် သူက သူတို့သဘောအတိုင်း ဘယ် တော့မှ မလိုက်လျောခဲ့ခြင်းကြောင့်ဖြစ်သည်။ သူ့တွင် မရပ်မနား စဉ်းစားဖို့အချိန်တွေ အများကြီးရှိသည်။ သူ့အတွက် ညနေစာလာပို့မပေးပါ။ ဒါသည် ပထမဆုံးအကြိမ်စတင်ပြီး အကျဉ်းသားကို အစာဖြတ်လိုက်ခြင်းပင်ဖြစ်သည်။

သို့ရာတွင် စဝ် မဆာချေ။ ပထမနေ့အကျဉ်းကျစဉ်က အစာကို မစားပဲနေခဲ့ပြီးနောက် သူသည် အစာနှစ်ကြိမ်စားတိုင်း လည်ချောင်းထဲသို့ ထမင်းအလုတ် နည်းနည်းလေးတိုင်းကို ဇွတ်မျိုချနေခဲ့ရသည်။ ထိုသို့ နေ့စဉ်ဖြစ်နေလေသည်။ သူသည် အခုတိုင်ရုပ်အားဖြင့် သန်သန်မာမာရှိနေဆဲဟုထင်နေသော်လည်း ကိုယ်အလေးချိန် အတော်များများကျသွားခဲ့ရလေသည်။ ဖြစ်နိုင်တာက ရေဓာတ်ခမ်းသွားသော ကြောင့်ဖြစ် မည်ဟု သူထင်သည်။ စဝ်သည် မကြိုချက်သောရေကို ရှောင်သည်။ စစ်မထားသောရေကိုသူ့အတွက် မြေခယားဖြင့်လာချပေးသည်။ ရေ နွေးခယားသေးသေးလေးကို တရက်တခါလာပေးသော်လည်း သိပ်မကြာလှပါချေ။

နောက်ထပ်ဘယ်လောက်ကြာလျှင် ဗိုလ်မှူးလွိုင်ပြန်လာပြီး ထိပ်တိုက်ရင်ဆိုင်ရလိမ့်ဦးမလဲ။ သူတို့၏အုပ်စုခေါင်းဆောင်ကြီးသည် စဝ်က ဘယ်တော့မှ သူတို့နှင့်အတူ ပူးပေါင်း မဆောင်ရွက်မှာကိုသိနေသည့်အတွက် ဘာတွေထပ်ဖြစ်လာလိမ့်ဦးမလဲ သူတွေးလေသည်။ သူသည် သူတို့နှင့်ဆွေးနွေးအဖြေရှာပြီး သူ့ယုံကြည်ချက်ကိုမပြောင်းလဲနိုင်ပဲ ရွေးချယ်စရာလမ်းမရှိခဲ့လျှင် သူ၏မိန်းမနှင့် ကလေးတွေအတွက် ဘယ် လိုအကာအကွယ်ရမလဲဟု တွေးပူစိတ်ကပြင်းပြသောဆန္ဒ ဖြစ်နေလေသည်။ သူ့ရန်သူတွေက သူ့ကို သူတို့၏ဓါးစားခံအဖြစ် တကယ်တော့ မျှော်လင့်သည်မဟုတ်ချေ။

သူတို့ အဖွဲ့ထဲတွင် ပြောရေးဆိုခွင့်ရှိသူ၊ တိုင်းယိုင်တွေ၏ကိုယ်စားပြုသူအနေဖြင့်သာ ထည့်ထားချင်ပုံရှိလေသည်။ သောင်းကျန်းသူခေါင်း ဆောင်ကြီးသည် စဝ်အပေါ် သိပ်ဆိုးဆိုးဝါးဝါး ပရမ်းပတာတော့ ယုံကြည်ထားမည်မဟုတ်တာသေချာသည်။ စဝ်သည် အမြဲ သစ္စာဖောက်ဖို့ကြံ နေသူဟု ထင်နေပုံရသည်။ နောက်ဆက် ဘာတွေပဲဖြစ်ဖြစ် အကြောင်းမဟုတ်သော်လည်း သူ၏ယုံကြည်ချက်ကိုတော့ အစတေးမခံနိုင်ချေ။ စဝ်က ဗုဒ္ဓ၏အဆုံးအမကို လုံးဝကျေကျေနပ်နပ် လက်ခံယုံကြည်ထားသူဖြစ်လေသည်။ လူတယောက်စီ၏ဘဝသည် သူပြုခဲ့ဖူးသော ကံပေါ် တွင်မူတည်ပြီး ဖြစ်လာရသည်။ သူ့မိန်းမနှင့်ကလေးတွေ၏ အနာဂါတ်ကံကြမ္မာသည်လည်း သူတို့ပြုခဲ့ဖူးသော အတိတ်ကံအကျိုးအတိုင်း ပြဌာန်းပြီးသားဖြစ်သည်။ သူက ဆုံးဖြတ်ပေးလို့မရချေ။ သူက သူ့ယုံကြည်ချက်ကို ဆန့်ကျင်လုပ်သည့်တိုင် သူသည် သူတို့ကံကြမ္မာကို အကူအညီမပေးနိုင်ချေ။ သူ၏မကောင်းမှုကံတွေသာ သူ့အပေါ်စုပုံလာနိုင်လေသည်။

အေးစိမ့်ပြီး လကွယ်ညသည် သူ့တဲလေးပေါ်စိုးမိုးကျရောက်နေချိန်တွင် သူတရေးနိုးလာသည်။ သူသည် နေ့ခင်းကအပူကြောင့် ခံနိုင်ရည်မရှိ တော့ပဲ နွမ်းနယ်အားကုန်ခမ်းလာသည်။ သူ့တဲလေးကို သံဖြူသွပ်ပြား အပိုင်းအစများဖြင့်မိုးထားပြီး လေဝင်လေထွက်လည်း မရှိချေ။ သူက ညတွေကို ပိုသဘောကျသည်။ ညတွင် သူတယောက်တည်း တွေးချင်ရာတွေးလို့ရသည်။ သူချစ်တဲ့သူတွေနှင့် စိတ်စွမ်းအားကောင်း ကောင်းဖြင့် ဆက်သွယ်လို့ရသည်။ ဝါးတဲလေးထဲကနေ သူဆက်သွယ်ချင်သောကမ္ဘာသို့ ဆက်သွယ်လို့ရလေသည်။

များစွာသောဖိနပ်သံများ ချည်းကပ်လာသံနှင့် စူးရှလင်းတောက်သော မီးအရောင်တို့ကြောင့် စဝ်အိပ်ရာမှရုတ်တရက်နိုးလာသည်။ သောင်း ကျန်းသူ ဗိုလ်မှူးလွိုင်သည် အမှောင်ထုကိုအကာအကွယ်ယူပြီး ပြန်လာဖို့ဆုံးဖြတ်လိုက်သည်။ သောင်းကျန်းသူခေါင်းဆောင်ကြီး၏ လက်ရုံး များသည် တဲလေးအတွင်း အပြည့်ဝင်ရောက်လာကြသည်။ သောင်းကျန်းသူဗိုလ်နှင့် သူ၏လက်နက်အပြည့်ကိုင်ဆောင်လာကြသော စစ် သားလေးယောက်က စဝ်ကို အော်တိုမတ်တစ်သေနတ်များဖြင့် ဝိုင်းချိန်ထားလိုက်ကြသည်။ သည်တကြိမ်မှာတော့ ဗိုလ်မှူးက သူ့လူတွေကို ဆက်နေခိုင်းသည်။ စဝ်ကို တဲနံရံဆီကို စစ်သားနှစ်ယောက်က ဆွဲဖိကပ်ထားလိုက်ပြီး မီးအားကောင်းကောင်း လက်နှိပ်ဓာတ်မီးဖြင့် စဝ်၏ မျက်နှာတည့်တည့်ကို ထိုးထားလိုက်သည်။ မီးအားပြင်းပြင်းကြောင့် မျက်လုံးမှာပြာပြီး မမြင်ရတော့။ စဝ် သူ့မျက်လုံးကိုပိတ်လိုက်သည်။ ရှေ့ဘက်တိုးပြီး ကိုယ်ကိုတအားဖိကပ်ထားသောနံရံမှ ပြန်ထိန်းလိုက်သည်။

“ဆိုစမ်းပါဦး ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကဘယ်လိုလဲ” သောင်းကျန်းသူဗိုလ်မှူးလွိုင်က တိုပြတ်ပြတ်မေးလိုက်သည်။
“ကျွန်တော့်စိတ်ကို မပြောင်းနိုင်ဘူး။ ခင်ဗျားတို့အသုံးချတာကို မခံနိုင်ဘူး”

“ဘယ်လောက်များကံဆိုးလိုက်လဲ။ ခင်ဗျားကံကြမ္မာကို မစိုးရိမ်ဖူးလား။ ပြီးတော့ ခင်ဗျားမိန်းမနဲ့ကလေးတွေအတွက်ရော”

ဗိုလ်မှူးသည် စဝ်မျက်နှာနား ပိုမိုတိုးကပ်လိုက်သည်။ စဝ်က ရန်သူ၏ပူလောင်သော အသက်ရှုထုတ်လှုပ်ရှားနေမှုကိုရှောင်ရန် ခေါင်းကို တ ဘက်သို့လှည့်လိုက်သည်။ စဝ်ဘာမှ မတုန့်ပြန်ပဲနေသည်။ ထို့ကြောင့် ဗိုလ်မှူးလွိုင်ကို အပြင်းအထန်ဒေါဟုန်ထစေလေသည်။

“ငါပြောနေတယ် စကားပြန်ပြောစမ်း။ မင်းကြားလား” သူအော်သည်။

စဝ်ကငြိမ်တိတ်နေစဉ် ဗိုလ်မှူးသည် သူ့ဘေးကတပ်ကြပ်ကို တိုးတိုးကပ်ပြောလိုက်သည်။ ပြီးနောက် သူသည် လှည့်ပြီး သုတ်သုတ်ထွက် သွားသည်။

ဗိုလ်မှူး၏နောက်လူတယောက်ကဆွဲလိုက်သောအခါ စဝ်မှာ တွန်းလှန်ဖို့အားမရှိတော့ချေ။ သူတို့သည် စဝ်ကို လျှပ်စစ်လိုလှစ်ကနဲဆွဲပြီး နံရံမှ အဝေးသို့တွန်းလိုက်သည်။ သူ့လက်နှစ်ဖက်ကို ကျောဘက်မှာလက်ထိပ်ခတ်လိုက်သည်။

“ခင်ဗျားကို ဗိုလ်မှူးရုံးခန်းထဲခေါ်ခဲ့ဖို့ ကျွန်တော်တို့ကိုအမိန့်ပေးထားတယ်” တပ်ကြပ်က စဝ်ကို အပြင်ထုတ်လာသောအခါ သေချာရအောင် အခြား လက်နက်ကိုင်စစ်သားတွေက စဝ်နားမှာ ပူးကပ်ထားကြသည်။

စဝ်သည် သတိကောင်းကောင်းရှိနေတာတောင်မှ သူတို့ကို ခုခံဖို့အခွင့် မမြင်ချေ။ သူအဆိုးဆုံးကို မျှော်လင့်ထားလိုက်သည်။ သူတို့သည် ညအမှောင်ထဲတွင် ဘာလို့သူကို လက်နောက်ပြန် လက်ထိပ်ခတ်ခေါ်ထုတ်လာကြတာလဲ။ သူအသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ ည မိုက်လေအေးသည် တင်းကြပ်နေသောသူ့ရင်ကို တိုးတိုက်သွားသဖြင့် သူစိတ်အေးချမ်းသွားပြီး ကျေးဇူးတင်ရလေသည်။ သစ်သားအဆောက် အဦးကြီးဆီရောက်သည်ထိသူသည် သူတို့ရှေ့တွင် ခြေတဖက်တည်းဖြင့်လိုက်လာရပြီး မကောင်းမှုကို အမှောင်ညတွင်လုပ်ချင်ပုံရလေသည်။ သူတို့ အဆောက်ဦးရှည်ကြီး၏အပြင်ကိုရောက်သောအခါ စဝ် အလင်းရောင်ကိုမြင်ပြီး အသံတွေကြားရလေသည်။

“သယ်ခဲ့စမ်း မြန်မြန်”

စစ်သားတွေက စဝ်ကို ဗိုလ်မှူးလွိုင်၏ရုံးခန်းအတွင်းသို့ တွန်းပို့လိုက်ကြသည်။ သူသည်ကြီးမားသော ကျွန်းစားပွဲ၏နောက်တွင် ထိုင်စောင့်နေ သည်။

“ထုံးစံအတိုင်းလုပ်ရတာ စိတ်မကောင်းပါဖူး။ ခင်ဗျား သိပါတယ်” ဗိုလ်မှူးလွိုင်ကအချက်ပြလိုက်သောအခါ တပ်ကြပ်သည် စဝ်လက်ထိပ်ကို ဖြုတ်ပေးလိုက်သည်။

“ကျေးဇူးပြုပြီးထိုင်ပါဦး ခွန်မိန်းကြီး။ ကျွန်တော် မေးစရာမေးခွန်းတွေအများကြီးရှိပါတယ်”

စဝ် သက်သာသလိုလိုရှိသော်လည်း မောပန်းနေသေးသည်။ သူပြောတာကို လက်ခံပေးနေသည်။ သူသည် ဗိုလ်မှူးရှေ့မှာဖြတ်ပြီးထိုင်ခုံ ပေါ် ထိုင်ချလိုက်သည်။ ပြီးနောက် သူ့လက်ကောက်ဝတ်ကို စပွတ်နေသည်။

“ခင်ဗျားဟာ တိုင်းယိုင်ခွန်မိန်းအဖွဲ့အစည်းရဲ့အတွင်းရေးမှူး ဟုတ်သလား”
“ဟုတ်တယ်။ အခုထိ ကျွန်တော်ပဲ”

“ခင်ဗျားဟာ တခြားနိုင်ငံခြားအင်အားတွေနဲ့ ဆွေးနွေးဖူးသလား”
“မဆွေးနွေးဖူးပါဖူး”

“ဒါပေမဲ့ ခင်ဗျားဟာ မြန်မာပြည်ထောင်စုကနေ မိန်းတိုင်းနယ်ခွဲထွက်ရေးကို သဘောကျတယ်မဟုတ်လား။ မဟုတ်ဖူးလား“
“ကျွန်တော်တယောက်တည်းအနေနဲ့ဆို မဟုတ်ဖူး။ ဒါပေမဲh ခွဲထွက်ခွင့်ကို ဖွဲ့စည်းပုံထဲမှာအာမခံထားတာပဲ”

“အလကားကောင်” ဗိုလ်မှူး မျက်နှာနီရဲလာသည်။
“လူတွေက ဒါအတွက် တိုက်ကြခိုက်ကြမယ်။ ဒါကို ခင်ဗျားကြိုက်လား မကြိုက်ဖူးလား”

“မဟုတ်ဖူး သူတို့ ဒီလိုမလုပ်ဖူး။ ခင်ဗျားလို ဒုက္ခပေးမဲ့ပြဿနာကောင်ကို ဖြုတ်ထုတ်ပစ်ရမယ်” သူ့ထိုင်ခုံမှ ရှေ့ကုန်းလိုက်သည်။ ဗိုလ်မှူးက စဝ်ကို ဒေါသမီးဟုန်းဟုန်းတောက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ဗိုလ်မှူး ကျွန်တော့်ကိုမကြောက်ပါနဲ့။ ကျွန်တော် လိပ်ပြာသန့်တယ် စိတ်ရှင်းတယ်။ ဒါကျွန်တော့်အကြောင်းရင်းပဲ”
“မှားတယ်။ ခင်ဗျားဟာ တိုင်းယိုင်တွေတော်လှန်တာကို အပြစ်ပြောနေတယ်။ ပြည်ထောင်စုကြီးကို ခြိမ်းခြောက်နေတယ်”

စဝ် စိတ်ဆိုးလာတော့သည်။ “ခင်ဗျားကောင်းကောင်းသိတာပေါ့။ ဘာလို့ ကျွန်တော့်လူတွေမကျေနပ်ကြလဲ။ အဲဒါ ခင်ဗျားတို့ကြောင့်ပေါ့ ။ ခင်ဗျားတို့အလိမ်တွေကြောင့်ပဲ”
“ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ သစ္စာဖောက်မှုကို အခုပဲ သက်သေပြလိုက်ပြီပဲ ။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ကျွန်တော်တို့ဘက်မှာပူးပေါင်းပါ။ အစိုးရကိုတိုက်ဖို့ကူညီပါ။ ကျွန်တော်တို့နဲ့အတူလုပ်ရင် ကြီးပွားမယ်”

“သေတာကမှမြတ်သေးတယ်” စဝ်က အာခံစွာဖြင့် ပြန်ပြောလိုက်သည်။

ဗိုလ်မှူး ထခုန်လိုက်သည်။ စားပွဲရှေ့ဖြတ်ကုန်းလိုက်သည်။ ပြီးတော့ လေသံတိုးတိုးဖြင့် “ခင်ဗျားက ခင်ဗျားကံကြမ္မာကို ဆုံးဖြတ်လိုက်တာပဲ ” ပြီးနောက် သူသည် သူ့တပ်ကြပ်ဘက်သို့လှည့်လိုက်ပြီး “ဒီအကျဉ်းသားကို နေရာအသစ်ပို့လိုက်စမ်း။ ပြီးတော့ အပိုဆုလေးပေးလိုက်ပါ ဦး”

စဝ်ကိုဆွဲထုတ်မသွားမီတွင် လက်ထိပ်လည်းခပ်၊ ခြေချင်းလည်း ခပ်လိုက်ကြလေသည်။ ထို့နောက် သံပြားဖြင့်ဆောက်လုပ်ထားသည့် ကျဉ်း မြောင်းသော တိုက်ထဲထည့်လိုက်သည်။ ညစ်ပတ်နံစော်နေသော ကြမ်းပြင်ပေါ်တွင် လူ့မစင်များဖြင့် စိုရွဲနစ်နေတော့သည်။ မည်သည့်နည်း နှင့်မျှ လေကောင်းလေသန့်မရနိုင်ချေ။ စဝ်သည် ချက်ခြင်းပင် ဝေါ့ကနဲ တအား ထိုးပျို့တက်လာသည်။ သည်လို နံစော်ပုပ်ဟောင် စိုစိညစ်ပတ် ပေရေနေသောအခြေအနေကို သူဘယ်လောက်ကြာကြာ သည်းခံ၍နေနိုင်ပါမည်လဲဟု တွေးနေမိလေသည်။ သူသံသယ ဖြစ်လာသည်။ သူ့အခြေအနေဆိုးသည် ညံ့ဖျင်းသည်ထက် ညံ့ဖျင်းလာပြီး ဒါဟာ သူ့ကံကြမ္မာပဲဟု တံဆိပ်နှိပ်ထားပြီး ဖြစ်နေလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)