ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ အပိုင်း (၂) (Reporter in Exile)

September 9, 2012

အဝေးရောက် သတင်းထောက် တဦးရေးသားသည်။ 

     စစ်အစိုးရက ၁၉၉၀ခုနှစ် မေလ ၂၇ရက်တွင် ရွေးကောက်ပွဲတခုကျင်းပမည်ဟုကြေငြာထား၏။ ပြည်တွင်းရှိပြည်သူအများစုတို့၏ ဆန္ဒမည်သို့ရှိနေမှန်း ကျွန်တော်မသိခဲ့သော်လည်း၊ နိုင်ငံတကာအစိုးရများနှင့် ပြည်ပရောက် ဒီမိုကရေစီအင်းအားစုအားလုံးကမူ ရွေးကောက်ပွဲမှာ မည်သည့်နည်းနှင့်မျှတရားမျှတလိမ့်မည်မဟုတ်ဟု ခံယူဆန့်ကျင်ခဲ့ကြသည်။

ဒီမိုကရေစီကြိုးပမ်းရေးနိုင်ငံတကာအဖွဲ့လိုနေသည် 

ချီကာဂိုမြန်မာအသင်းနှင့်တွဲကာ အောင်အောင်မြင်မြင် တချီတမောင်းဆင်နွှဲနှိုင်ခဲ့သော်မင့် အထစ်အငေါ့ရှိခဲ့သည်ကိုကျွန်တော့ရင်ထည်း၌ဘဝင်မကျနှိုင်ဖြစ်လျှက်ကျန်ရစ်ပါ၏။ စိတ်ရင်းစေတနာရှိကြသော်လည်း အချိန်၊ အတွေ့အကြုံနှင့် နေရာဒေသကလည်း စကားပြောလာသည်။ ကျွန်တော့အနေနှင့်သည့်ထက်ကျယ်ကျယ်ပြန့် ပြန့်လှုပ်ရှားလိုစိတ် နေ့စဉ်နှင့်အမျှပြင်းပြလာနေပါ၏။

၁၉၈၈ခုနှစ်တွင်၊ မယ်မယ်ရရ၊ အမေရိကန်ဗာဂျီးနီးယားပြည်နယ်(Virginia) အခြေစိုက်သော၊ မြန်မာပြည်တွင် ဒီမိုကရေစီပြန်လည်ထွန်းကားရေး ကော်မီတီ Committee for Restoration of Democracy in Burma (CRDB) ရှိပြီး၊ ယင်းအဖွဲ့နှင့်မည်ကာမတ္တဆက်နွယ်နေသော နိုင်ငံတကာအဖွဲ့ခွဲများ၊ အင်္ဂလန်၊ ဂျာမနီ နှင့် ဩစတြေးလျတို့၌တည်ရှိနေ၏။ အဖွဲ့ခေါင်းဆောင်မှာ ယခင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဝင်း၏သား ဦးတင်မောင်ဝင်းဖြစ်၏။

ထိုအဖွဲ့ကိုပထမဦးစွာမေရီလင်းဒ်ပြည်နယ် (Maryland) မှ၊ကုလသမဂ္ဂဆိုင်ရာ ယာယီသံအမတ်ကြီးဟောင်းဦးဘသောင်းနှင့်ကြေးမုံဦးသောင်းတို့ပါပါဝင်ဖွဲ့စည်းခဲ့သည်။ အသင်း၏အမည်ကိုပင်ဆရာဦးသောင်းကရွေးချယ်မှည့်ခေါ်ခဲ့ခြင်းဖြစ်၏။ သို့သော်လည်း၊ နိုင်ငံရေးအသင်းအဖွဲ့၌မပါလိုဟုဆိုကာ၊ ဦးသောင်းကဘေးထွက်ထိုင်နေသည်ဟုဆို၏။

နိုင်ငံတကာအသင်းဟုသာဆိုသော်ငြားလည်း၊ တဖွဲ့နှင့်တဖွဲ့ ဆက်သွယ်လုပ်ကိုင်မှုမရှိသလောက်ဖြစ်ပြီး၊ အဖွဲ့သားချင်းပင်သိကျွမ်းမှုမရှိသည်ကိုတွေ့ရ၏။ အမှန်အားဖြင့် ဗာဂျီးနီးယားအဖွဲ့သည်သာလှုပ်ရှားတက်ကြွမှုရှိခဲ့လေသည်။ ၈၈ အရေးအခင်းများဖြစ်ပွားပြီး နောက်ပိုင်တွင်ကား၊ နိုင်ငံအတော်များများ၌ ဒီမိုကရေစီအဖွဲ့များမှိုလိုပေါက်အောင်ဖွဲ့စည်းလာခဲ့ကြ၏။ ယင်းအဖွဲ့များ၏အဓိကလှုပ်ရှားမှုမှာ မြန်မာသံရုံးများရှေ့တွင်၊ နေ့ကြီးရက်ကြီးများ၌သွားရောက်ဆန္ဒပြခြင်းသာဖြစ်သည်။

ကျွန်တော်အမေရိကန်နိုင်ငံသို့ရောက်ပြီးမကြာမှီ CRDB အဖွဲ့နှင့်အတူဝါရှင်တန် မြန်မာသံရုံးရှေ့တွင်သွားရောက်ဆန္ဒပြခဲ့ဘူး၏။

ဝါရှင်တန်ဧရီယာသည်၊ ဗာဂျီးနီးယားနှင့် မေရီလင်းဒ်ပြည်နယ်တို့ဆုံတွေ့ရာနယ်စပ်ဖြစ်၏။ ဦးဘသောင်းက CRDBအဖွဲ့မှထွက်ပြီးနောက်၊ သူ၏မိတ်ဆွေများနှင့် အသင်းတသင်းသီးသန့်ဖွဲ့စည်းခဲ့သည်။ ကျွန်တော်သိသည်မှာ နိုင်ငံရေးအသင်းအဖွဲ့ဆို၍ ထိုနှစ်သင်းသာပြောပလောက်အောင်ရှိသည်။ သို့ရာတွင် အများ၏လှောင်ပြောင်ချက်များအတိုင်း၊ မြန်မာနှစ်ဦးရှိပါက အသင်းသုံးသင်းအနည်းဆုံးဖွဲ့ထားနိုင်၏။ တဦးချင်းကကိုယ်စီအဖွဲ့ဖွဲ့ထားပြီး၊ နှစ်ယောက်လုံးပါဝင်သည့်အဖွဲ့လည်းတဖွဲ့ရှိ၏။ ထိုပုဂ္ဂိုလ် နှစ်ဦးလုံးပင်သူတို့အသင်းများ၌ ရာသက်ပန်ဥက္ကဌများဖြစ်နေရန်မှာလည်းမြေကြီးလက်ခတ်မလွဲပါ။ ကျွန်တော်မသိသော၊ သို့မဟုတ်သတိမထားမိသော အသင်းငယ်များလည်းရှိနှိုင်ပါသည်။

မြန်မာပြည်တွင်း၌၊ ကျောင်းသားများကစတင်ကာ၊ ပြည်သူတရပ်လုံးအုံကြွလာချိန်ဖြစ်၏။ ဦးနေဝင်းနှင့်သူ၏နောက်လိုက်များက ရာထူးမှအသီးသီးနှုတ်ထွက်ပြီး၊ ဟန်ပြအစိုးရများတက်လာနေ၏။ ထိုသို့သောအချိန်တွင်၊ ဆင်းရဲဒုက္ခဒဏ်ကိုမခံနှိုင် မခံလိုဘဲ၊ ကြုံရာ နည်းဖြင့် နိုင်ငံရပ်ခြားသို့ရောက်လာကြသူများက၊ တိုင်းပြည်ကိုကယ်တင်လိုစိတ်များ ပြင်းပြလာကြသည်။ ထမင်းရောင်းသူ၊ ငါး ပုဇွန်ရောင်းသူ၊ တက္ကစီမောင်းသူ၊ စက်ရုံအလုပ်ရုံများတွင် အလုပ်ကြမ်းလုပ်ကိုင်သူ၊ ရုံးကနားများတွင် စာရေးစာချီနှင့်မင်းစေလုပ်သူများကပါမကျန်၊ ပြည်တွင်းရှိလူထုကိုသွားရောက်အုပ်ချုပ်ရန် အသင့်ပြင်ဆင်နေကြလေတော့၏။ သူတို့အများစုက ပြည်တွင်းရှိပြည်သူတို့ကို နိုင်ငံ့အုပ်ချုပ်ရေး၊ စီးပွားရေးတို့နှင့်ပါတ်သက်ကာ နကန်းတလုံးမျှ“မသိနားမလည်”သူများဟုယူဆနေကြ၏။ အချို့ကသူတို့ကိုလာရောက်ပင့်ဖိတ်ပြီး အစိုးရဖွဲ့ခိုင်းမည်ကို၊ စိတ်မရှည်စွာ စောင့်ဆိုင်းနေချိန်လည်းဖြစ်၏။

ကျွန်တော် နိုင်ငံရေးသမား ဖြစ်လိုစိတ်လည်းမရှိ၊ ဖြစ်နှိုင်ရန် အရည်အသွေးရှိသည်ဟုလည်းမထင်ပါ။ သို့ရာတွင် တတိုင်းပြည် လုံးအုံးအုံးကြွက်ကြွက်ဖြစ်နေချိန်၌၊ ပြည်ပမှစည်းလုံးညီညွတ်ပြီး၊ ပြည်တွင်းအင်အားများ၏လိုအပ်ချက်များကိုဖြည့်ဆီးပေးနှိုင်မည့် အပြည်ပြည်ဆိုင်ရာအသင်းအဖွဲ့တခု ရှိနေသင့်သည်ဟုယူဆ၏။ လက်ရှိအဖွဲ့အချို့မှာ သူတို့အာဏာရရန်သာစိတ်အားသန်လျှက်ရှိကြ၏။ ထို့ကြောင့်နေ့စဉ်နှင့်အမျှ၊ ယင်းရည်ရွယ်ချက်နှင့် ညီညွတ်သော နိုင်ငံတကာအသင်းတသင်းဖွဲ့စည်းနှိုင်ရေးအတွက်လုံးပမ်းခဲ့သည်။ တွေ့သမျှ မြင်သမျှ မြန်မာ့နိုင်ငံရေးစာစောင်များကိုလည်းဖတ်ရှုလေ့လာခဲ့၏။

ဤသို့ဖြင့်နိုင်ငံတကာတွင်အလားတူကျိုးပမ်းဆောင်ရွက်နေကြသောဒီမိုကရေစီဘက်တော်သားများ၏ အမည်နာမများကို သိရှိနှိုင်ရန်ကြိုးစားခဲ့သည်။

အကျိုးဆက်မှာကား၊ ဆရာဦးသောင်းနှင့်ဦးတင်မြတို့အပြင်၊ တိုင်းပြည်အတွက် စေတနာသက်သက်ဖြင့်၊ ကိုယ်ကျိုးမပါ၊ တိုင်းပြည်ချစ်စိတ်၊ အမျိုးချစ်စိတ်ရှိသည့်အခြားသူနှစ်ဦးကို ကျွန်တော်ဆက်သွယ်နှိုင်ခဲ့ပါတော့သည်။

မှတ်မိပါသေးသည်။ တနေရာမှရလာသော ဖုံးနံပါတ်တခုကို နေ့ခင်းနေ့လည် အချိန်ရခိုက်ဆက်လိုက်ပါ၏။ ကျွန်တော်ကြိုတင် သတိမထားလိုက်မိသည်မှာကား၊ တယ်လီဖုံးလက်ခံသော စိတ္တဇရောဂါကုဆရာဝန် ဒေါက်တာသန်းလွင်နေထိုင်သည့် ဩစတြေးလျတွင် နံက်စောစော (၄)နာရီသာရှိသေးသည်ဆိုခြင်းကိုပင်။ ကြည်ကြည်ဖြူဖြူပင် ဆရာဦးသန်းလွင်က “စကားပြောရတာကိုဘဲဝမ်းသာလှပြီ” ဟုမိတ်ဟောင်းဆွေဟောင်းသဖွယ်၊ ခင်မင်ရင်းနှီးစွာဆိုလေပါမှ၊ ကျွန်တော့မှာအနည်းငယ်စိတ်သက်သာရာရသွားရ၏။

နယ်စပ်ရှိ ကျောင်းသားများထုတ်ဝေသော စာစောင်တခုတွင်၊ ဂျပန်နိုင်ငံရောက်မြန်မာများအသင်းက ကျောင်းသားများကိုပစ္ဓည်း များပေးဝေလှူဒါန်းသည့် သတင်းကိုဖတ်ရ၏။ နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးထွားလာစေရန် ဂျပန်အသင်းနှင့်အဆက်အသွယ်လုပ်လိုက်သည်။အသင်း၏ကိုယ်စားလှယ်တယောက်ဖြစ်သော ဒေါက်တာမောင်မင်းညိုကိုပင် ချီကာဂိုဆွေးနွေးပွဲသို့ဖိတ်ခေါ်နှိုင်ခဲ့ပါသည်။ ဂျပန်ပြည်တိုကျိုမြို့အခြေစိုက် မြန်မာအသင်းဥက္ကဌဒေါက်တာဦးထွန်းအေးမှာ ပြည်တွင်း၌အရေးအခင်းများဖြစ်နေစဉ် တိုကျိုမြန်မာသံရုံးရှေ့တွင် နေ့စဉ်တကိုယ်တော် သွားရောက်ဆန္ဒပြခဲ့သူဖြစ်၏။

ဆရာဦးသန်းလွင်နှင့် ဆရာဦးထွန်းအေးတို့မှာ ကျွန်တော့အတွက်အတုယူစရာ မျိုးချစ်ပုဂ္ဂိုလ်ကြီးများဖြစ်ကြပါသည်။ ဆရာဦးသန်းလွင်ဆိုလျှင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်ရမည်ဆိုပါက၊ အလုပ်ကိုပင်ပြစ်ပြီး ကမ္ဘာလှည့်စည်းရုံးရေးဆင်းခဲ့သူ့ဖြစ်၏။ မြန်မာပြည်နိုင်ငံရေးဆောင်ရွက်ရာ၌လည်း၊ မိမိနေရာရရေးထက်၊ ရည်မှန်းချက် အောင်မြင်နှိုင်ရေးကိုသာ ရှေ့ရှုသူလည်းဖြစ်သည်။ သူနှင့်လုပ်ဖေါ်ကိုင်ဖက်များက သူ့အားအထင်လွဲမှားညိုညင်ခဲ့ကြသောတချိန်၌၊ ညင်းခုန်နေခြင်းမရှိဘဲ၊ သူ့ကိုပေးအပ်ထားသော ဥက္ကဌနေရာမှ အသာတကြည်နှုတ်ထွက်လိုက်၏။ ထို့အပြင် အဖွဲ့အစည်းကိုလည်းမပြစ်ပါယ်ဘဲ၊ သာမန်အသင်းသားအဖြစ် တက်ကြွစွာဆက်လက်ပါဝင်ခဲ့၏။ ဤမျှစိတ်ရင်းစေတနာသန့်ပြီး၊ သဘောထားမြင့်မြတ်သူလည်းဖြစ်သည်။
ကံအကြောင်းမလှချင်တော့၊ သူ့လူနာဖြစ်ဘူးသူ စိတ္တဇဝေဒနာရှင်တဦးက သတ်သဖြင့်သေဆုံးသွားရရှာသည်။ ဆရာဦးသန်းလွင် သေဆုံးသွားချိန်၌၊ ကျွန်တော်တို့နှစ်ဦးလုံး ပါဝင်လှုပ်ရှားနေသောအဖွဲ့ ပိုမိုညီညွတ်ခိုင်မာစေရေးအတွက်၊ သူကတိုင်းပြည်အချို့သို့ လှည့်လည်စည်းရုံးရန်စီစဉ်ထားချိန်ဖြစ်သည်။ ကျွန်တော်တို့ပြည်ပမှနိုင်ငံရေးလှုပ်ရှားသူများအတွက် တအားလျှော့ခဲ့ကြရပါ၏။ ကျွန်တော်တို့ထုတ်ဝေနေသော The Burma Reviewစာစောင်သို့လည်း၊ သဒ္ဓါရက်ရောစွာဖြင့် ငွေကြေးလှူဒါန်းခဲ့သူဖြစ်၏။ ကျေးဇူးရှင် ဆရာဦးသန်းလွင် ကောင်းရာသုဂတိလားစေကြောင်း၊ ထာဝရဆုတောင်းနေခဲ့မိပါသည်။

ဆရာဦးထွန်းအေး၊ ဆရာဦးသန်းလွင်တို့နှင့်ဆက်သွယ်မိပြီး၊ စကားစမည်ပြောကြသောအခါ၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကျွန်တော့ထက်အဆများစွာသာအောင် စိတ်အား ထက်သန်ကြသူများ၊ ကိုယ်ကျိုးစွန့်ကြသူများဖြစ်ကြောင်းတွေ့လာရ၏။ ကျွန်တော် အလွန်ကြေနပ်အားရကိုးစားမိသည်။

စစ်အစိုးရက ၁၉၉၀ခုနှစ် မေလ ၂၇ရက်တွင် ရွေးကောက်ပွဲတခုကျင်းပမည်ဟုကြေငြာထား၏။ ပြည်တွင်းရှိပြည်သူအများစုတို့၏ဆန္ဒမည်သို့ရှိနေမှန်း ကျွန်တော်မသိခဲ့သော်လည်း၊ နိုင်ငံတကာအစိုးရများနှင့် ပြည်ပရောက် ဒီမိုကရေစီအင်းအားစုအားလုံးကမူ ရွေးကောက်ပွဲမှာ မည်သည့်နည်းနှင့်မျှတရားမျှတလိမ့်မည်မဟုတ်ဟု ခံယူဆန့်ကျင်ခဲ့ကြသည်။

ထိုစဉ်က ပါရဂူဘွဲ့သင်တန်းတက် နေသော ကိုဇာနည်က ရွေးကောက်ပွဲကို ခါးခါးသီးသီးဆန့်ကျင်သော ဆောင်းပါးတစောင်ရေးကာ၊ ကျွန်တော်တို့ထံ ပေးပို့လာ၏။ ပြည်တွင်းမှလာသောသတင်းများအရဆိုလျှင်လည်း၊ စစ်အစိုးရ၏ ညစ်ပါတ်ယုတ်မာမှုများနှင့် မဲဆွယ်ရေးတင်းကြပ်နေမှုများသာ ကြားနေရပါသည်။

ဆရာဦးထွန်းအေးက ပြည်ပရောက် ဒီမိုကရေစီလိုလားသူမြန်မာများ၏ ရွေးကောက်ပွဲနှင့်ပါတ်သက်သည့် ဆွေးနွေးပွဲတခုကို ကြီးမှူးကျင်းပလို၏။ သူတို့ဂျပန်နိုင်ငံ၌ မေလပထမပါတ်ကို ရွှေရက်သတ္တပါတ်ဟုခေါ်တွင်ကာ ရုံးများ၊ ကျောင်းများပိတ်လျှက်၊ အားလပ်ရက်များအဖြစ် သတ်မှတ်ထားကြ၏၊ နွေဦးပေါက်မှို့ရာသီဥတုကလည်းကောင်းသည်နှင့်အမျှ၊ မိသားစုအသီးသီးက တနှစ်ပါတ်လုံးပင်ပန်းနွမ်းနယ်ခဲ့သမျှကို အတိုးချအပန်းဖြေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတတ်ကြသည်ဆို၏။

၁၉၉၀ခုနှစ်ရွေးကောက်ပွဲမတိုင်မှီ နိုင်ငံတကာမှ ဒီမိုကရေစီလိုလားသူမြန်မာများ၏ဆွေးနွေးပွဲကို၊ ရွှေရက်သတ္တပါတ်အတွင်းကျင်းပရန် အစီအစဉ်ရေးဆွဲကြသည်။ ယင်းအစီအစဉ်ကို အားပေးထောက်ခံသောကျွန်တော်က ကမ္ဘာ့နိုင်ငံအတော်များများရှိ အဆက်အသွယ်များကိုဖိတ်ကြားပေးခဲ့ရာ၊ နိုင်ငံ(၈)နိုင်ငံမှကိုယ်စားလှယ်(၂၅၀) ခန့်တက်ရောက်ခဲ့လေသည်။ ပြည်ပ၌ပြုလုပ်ခဲ့သော မြန်မာ့ဒီမိုကရေစီအစည်းအဝေးများစွာတို့အနက် အအောင်မြင်ဆုံးအစည်းအဝေးတခုဖြစ်ခဲ့၏။

ကျွန်တော့မေတ္တာရပ်ခံချက်ဖြင့် အစည်းအဝေးသို့ အမေရိကန်ဆီးနိတ် အထက်လွှတ်တော်အမတ်များ ဖြစ်သော မစ္စတာအက်ဒ်ဝါ့ဒ်ကင်နေဒီ (Senator Edward M. Kennedy)နှင့် မစ္စတာပက်ထရစ်ခ် မိုနီဟင်န် (SenatorDaniel Patrick Moynihan) တို့က၎င်း၊ (House of Representatives) အောက်လွှတ်တော် ကွန်ဂရက်အမတ်များဖြစ်ကြသော မစ္စတာစတီဗင်ဆိုးလာ့ဇ် (Representative Stephen J. Solarz)နှင့် မစ္စတာ ဒေနာရိုးရာဘတ်ခါ (Representative Dana Rohrabacher) တို့က၎င်း၊ သဝဏ်လွှာများ ပို့ခဲ့ကြပါသည်။

ယင်းသဝဏ်လွှာများတွင် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှူံ့ချထားသည့်အပြင်၊ မကြာမှီကျင်းပမည့်ရွေးကောက်ပွဲကို လွတ်လပ် သန့်ရှင်းစွာဖြင့်ပြုလုပ်ရန်လည်း တောင်းဆိုထား၏။ အနောက်တိုင်းနိုင်ငံများရှိ ပြည်ပရေဒီယိုများမှ မြန်မာပိုင်းအစီအစဉ်များက ထိုသဝဏ်လွှာများ၏ စာသားအသေးစိပ်ကိုဖေါ်ပြကြသည်သာမက၊ ထူးထူးခြားခြား မော်စကိုရေဒီယို မြန်မာပိုင်းအစီအစဉ်ကပါ၊ ဆီနေတာကင်နေဒီနှင့် House of Representativesအောက်လွှတ်တော် နိုင်ငံခြားရေးကော်မီတီ၏  အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကော်မီတီခွဲ၏နာယကမစ္စတာဆိုးလာ့ဇ်တို့၏ သဝဏ်လွှာများကို ဖတ်ကြားလွှင့်ထုတ်ခဲ့ပါ၏။

စစ်အစိုးရက ရွေးကောက်ပွဲမတိုင်မှီ ညစ်ပါတ်နည်းမျိုးစုံဖြင့် ဒီမိုကရေစီအင်အားစုများ အနိုင်မရစေရန် ကြံဆောင်ခဲ့၏။ သို့ရာတွင်၊ ရွေးကောက်ပွဲမစမှီနှစ်ပါတ်ခန့်အလို၌ ရုတ်တရက်အပြောင်းအလဲလုပ်ကာ လွတ်လွတ်လပ်လပ်မဲဆွယ်ခွင့်ပြုခဲ့ပြီး၊ မဲပေးပွဲသက်သက်ကြည့်လျှင်ကား၊ အနည်းနှင့်အများလွတ်လပ်သော ရွေးကောက်ပွဲဖြစ်သွားခဲ့သည်။ ထိုစဉ်က စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးစောမောင်က၊ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများအတွက် လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန်ထက်၊ မဲပေးသူပြည်သူတို့အတွက် လွတ်လပ်သောမဲဆန္ဒပေးပွဲသာပိုမိုဖြစ်စေလိမ့်မည်ဟုပြောကြားခဲ့၏။ ရွေးကောက်ပွဲနီးမှ အပြောင်းအလဲလုပ်ခဲ့ခြင်းအတွက် ဆင်ခြေတမျိုးဟုဆိုရန်မှတပါး အခြားမဖြစ်နှိုင်ပါ။ အချို့က ထိုသို့အပြောင်းအလဲဖြစ်ခဲ့ခြင်းမှာ အမေရိကန်အမတ်များ၏ဝေဖန်မှုနှင့် ရုရှ၏တွန်းအားပေးမှုပါဝင်သည်ဟု သုံးသပ်ကြလေသည်။

အမေရိကန်နိုင်ငံသို့ အဝင်အထွက်ခက်ခဲနေမည်ဖြစ်သဖြင့် တိုကျိုကွန်ဖရင့်စ်သို့ ကျွန်တော်မတက်ရောက်နှိုင်ခဲ့ပါ။  ဆွေးနွေးပွဲ၌ မေလတွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန်နှင့်၊ ပြည်သူများအား မဲမပေးကြရေး တိုက်တွန်းနှိုးဆော်ကြရန် ဆုံးဖြတ်ကြလေသည်။ ရွေးကောက်ပွဲတွင်အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို၊ အစိုးရဖွဲ့စည်းခွင့်ပြုပြီး၊ အာဏာလွှဲပြောင်းပေးရန်မဟုတ်ဘဲ၊  ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစေရေးအတွက်သာ ဖြစ်သည်ကိုဝေဖန်ခဲ့ကြ၏။ ရွေးကောက်ပွဲပြီးသည့်နောက် အနည်းဆုံးနှစ်နှစ်ခန့်အတွင်း၊ အပြောင်းအလွဲလုံးဝမရှိနှိုင်သည်ကိုလည်းထောက်ပြကြ၏။

ဆွေးနွေးပွဲ၌ မြန်မာပြည်တွင်း ဒီမိုကရေစီအင်အားစုများကို ပြည်ပမှ ထိထိရောက်ရောက်ကူညီရိုင်းပင်းနှိုင်ရေးအားရှေ့ရှုလျှက် နိုင်ငံတကာအဖွဲ့အစည်းတခုကိုဖွဲ့စည်းရန်လည်း သဘောတူဆုံးဖြတ်ကြ၏။ အဖွဲ့ကို မြန်မာပြည်တွင် ဒီမိုကရေစီထွန်းကားရေးအတွက်နိုင်ငံတကာ ပူးပေါင်းလက်တွဲဆောင်ရွက်မှုအဖွဲ့ INDB (International Network for Democracy in Burma) ဟုခေါ်တွင်အမည်ပေးခဲ့ကြသည်။ ယင်းအစည်းအဝေးကြီးကပင် အိမ်ခံဆရာဦးထွန်းအေးကို အဖွဲ့ခေါင်းဆောင်အဖြစ် အများသဘောတူတင်မြှောက်ခဲ့ပါ၏။

အစည်းအဝေး ကိုယ်စားလှယ်များက ကျွန်တော့ကိုအတွင်းရေးမှူး တာဝန်ပေးလိုကြောင်းဖြင့် ကျွန်တော့သဘောထားကို မေးမြန်းသည့်အခါ ကျွန်တော်ကလည်း နိုင်ငံရေးအသင်းအဖွဲ့မဟုတ်လျှင်၊ စိတ်ဝင်စားလိုလားကြောင်း ဖြေကြားခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် ရွေးကောက်ပွဲမတိုင်မှီရက်ပိုင်းသာအလို၌ သပိတ်မှောက်ရေးတိုက်တွန်းရန် အဆိုပြုကြသည်ကို၊စည်းရုံးလုပ်ကိုင်နှိုင်ရန်ခက်ခဲလှသဖြင့် ကျွန်တော်မလိုလားပါ။ သို့ရာတွင် အများကဆုံးဖြတ်ပြီးတာဝန်ပေးသည့်အခါ ကျွန်တော်တာဝန်ကြေကြေ ဆောင်ရွက်လျှက် ကြေငြာချက်များထုတ်ဝေခဲ့၏။ ယင်းသပိတ်မှောက်အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း၊ ကွယ်လွန်သူဒေါက်တာမိုက်ကယ်လ်အေးရစ်စ် (Dr. Michael Aris)ကစတင်ဝေဖန်လေသည်။

သူက မြန်မာပြည်၏ အဓိကပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင် ပါဝင်ဆင်နွှဲသောရွေးကောက်ပွဲကို ယခုမှသပိတ်မှောက်ရန်ဆုံးဖြတ်ခြင်းမှာ မသင့်လျော်ဟုဆိုပါသည်။ အခြား မြန်မာပြည်၌ ဒီမိုကရေစီပြန်လည်ထွန်းကားရေးကို လိုလားသောနိုင်ငံခြားသားများကလည်း၊ အပြုသဘောဝေဖန်ကြ၏။

မည်သို့ပင်ဆိုစေ။ ပြည်သူတို့က မိမိတို့လိုလားနှစ်သက်သော နိုင်ငံရေးပါတီကိုမဲပေးနှိုင်ခွင့်ရခဲ့ကြ၍၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် National League for Democracy (NLD)ပါတီက တပြည်လုံး၌ အမတ်နေရာအများစုကို မဲအပြတ်အသတ်နှင့်အနိုင်ရရှိခဲ့၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရရှိသည်ကို ကျွန်တော်တို့အားလုံးပီတိထောမနာဖြစ်ကာ ဝမ်းသာကြရပါသည်။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲနှင့်ပါတ်သက်၍ စစ်အစိုးရက တိုင်းပြည် အုပ်ချုပ်မင်းလုပ်ခွင့်ပြုရန်၊ သို့မဟုတ်အရွေးကောက်ခံအမတ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစေရန်သာရည်ရွယ်သည်ဆိုသည်ကို ယခုတိုင်အငြင်းပွားနေဆဲဖြစ်ပါ၏။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပြည်သူ့ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစေရေး အတွက်သာ စစ်အစိုးရကရည်ရွယ်ခဲ့သည်မှာ အိုင်အင်န်ဒီဘီ ၏ ယင်းရွေးကောက်ပွဲကို သပိတ်မှောက်ရန် လှုံ့ဆော်ချက်ဖြစ်ခဲ့လေသည်။

ဒေါက်တာအေးရစ်စ်သည် ကျွန်တော်တို့ ပြည်ပဒီမိုကရေစီ လှုပ်ရှားသူများအား အထူးတလည် အကြံပေးကူညီနှိုင်သူတဦးဖြစ်သည်။ ဥရောပတခွင်၌ အဆက်အသွယ်လည်းကောင်းပြီး ဇနီးသည်၏လိုအပ်ချက်များနှင့်၊ ကျွန်တော်တို့အားနည်းချက်များကို အလုပ်တဖက်၊ အရွယ်မရောက်သေးသော သားနှစ်ယောက်ကို ကြည့်ရှူစောင့်ရှောက်ရသည်ကတဖက်ဖြင့် ဖြည့်ဆီးခဲ့သူပင်။ အနိုင်နိုင်ငံ၌ဖြစ်ပွားခဲ၊့ ဖြစ်နေသောသာဓကများကိုကြည့်ကာ၊ ဇနီးဖြစ်သူ၏ အသက်အန္တရာယ်ကိုအလွန်စိုးရိမ်ပူပန်နေခဲ့သူလည်းဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်အချုပ်အနှောင်မှ လွတ်မြောက်ရေးအတွက် သူနှင့် ကျွန်တော် နှစ်အတော်ကြာ လက်တွဲဆောင်ရွက်ခဲ့ဘူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပါတီက ရွေးကောက်ပွဲတွင် အမတ်နေရာအများစုကို အနိုင်ရရှိသော်လည်း စစ်အာဏာရှင်တို့က သူ့ကိုမလွှတ်ပေးသည်သာမက၊ အာဏာလွှဲပြောင်းပေးရေးနှင့် ပါတ်သက်၍တခွန်းတပါဒမျှ စကားမဟခဲ့ချေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းတွင်လည်း၊ စစ်တပ်နှင့်လက်တွဲဆောင်ရွက်ရေး၊ လက်မတွဲရေးမှစကာ၊ သဘောထားကွဲလွဲမှုများပေါ်ပေါက်လာခဲ့၏။

ဗဟို အလုပ်အမှုဆောင်ကော်မီတီဝင်များဖြစ်ကြသော ဦးစိုးသိမ်း (စာရေးဆရာမောင်ဝံသ) နှင့် ဦးချမ်းအေး (စာရေးဆရာမောင်စူးစမ်း) တို့ကစစ်အစိုးရနှင့် စေ့စပ်ဆွေးနွေး ပူးပေါင်းလုပ်ကိုင်လိုသည်ကို ကျန်လက်ဝဲဘက်သို့ယိမ်းသော ခေါင်းဆောင်များက  “ဝံချမ်း” အဖွဲ့ဟု သမုတ်ကာ ဆန့်ကျင်ရှူံ့ချပွဲများပြုလုပ်ခဲ့ကြသည်။

ထို့ထက်ဆိုးသည်မှာကား ရွေးကောက်တင်မြှောက်ထားခြင်းခံရသည့် လူရွယ်လူလတ်ပြည်သူ့ကိုယ်စားလှယ်များမှာ စစ်အာဏာရှင်တို့၏လှည့်ဖျားမှုများကို မအောင့်အီးသည်းမခံနှိုင်၊ သည်းမခံချင်ကြတော့ဘဲ စင်ပြိုင်အစိုးရဖွဲ့ရန်ကြံစည်ကြခြင်းပေပင်။

ယင်းသို့သောသတင်းများကို စစ်အာဏာပိုင်တို့ကြားသိသောအခါ၊ သင်္ကာမကင်းရှိသူ ပြည်သူ့ကိုယ်စားလှယ်များကို စတင်ဖမ်းဆီးလေတော့၏။

စစ်အစိုးက အဖမ်းအဆီးများလုပ်လာသောအခါ၊ အင်န်အယ်လ်ဒီ၊ တသီးပုဂ္ဂလနှင့် ပါတီငယ်အချို့မှ လူလတ်ပိုင်း ပြည်သူ့ကိုယ်စားလှယ်များ၊ ယိုးဒယား မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ အချို့ကိုယ်စားလှယ်များ၏ပြောပြချက်အရ သူတို့ကနယ်စပ်တွင် အစိုးရအဖွဲ့တဖွဲ့ဖွဲ့စည်းရန် တိုင်ပင်ဆုံးဖြတ်ကာ၊ ခေါင်းဆောင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မောင်တဝမ်းကွဲ၊ ကွယ်လွန်သူအာဇာနည်ခေါင်းဆောင်ကြီးဦးဘဝင်း၏သား ဒေါက်တာစိန်ဝင်းကို အပါခေါ်ခဲ့ကြသည်ဟုသိရ၏။

နယ်စပ်သို့ ပြည်သူ့ကိုယ်စာလှယ်အချို့ ရောက်လာသည်ဟုကြားသိရသော်လည်း၊ အစကနဦးတွင် သာမန် အဖမ်းအဆီးများကိုရှောင်တိမ်းရန်သာ လာကြသည်ဟုထင်မှတ်မိခဲ့၏။ ၁၉၉၀ခုနှစ် အောက်တိုဘာလအတွင်းဟုထင်ပါသည်။ ဂျပန်နိုင်ငံတိုကျိုမြို့မှ အိုင်အင်န်ဒီဘီခေါင်းဆောင်တဦးဖြစ်သူ ဒေါ်မြမြဝင်းက အရေးတကြီးဖြင့်ဖုံးဆက်ကာ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့ ဟော်တယ်တခုမှ ဖုံးနံပါတ်တခုကိုလှမ်းပေး၏။

ယင်းဟော်တယ်တွင် နယ်စပ်သို့ တိမ်းရှောင်လာကြသောပြည်သူ့ကိုယ်စားလှယ်များ၏ ခေါင်းဆောင် ဒေါက်တာစိန်ဝင်းနှင့် အဖွဲ့ဝင်တဦး (ဦးဝင်းကို) တို့တည်းခိုနေကြကြောင်းနှင့်၊ စင်ပြိုင်အစိုးရဖွဲ့စည်းလိုသည့် သူတို့နှင့်တိုင်ပင်ဆွေးနွေးရန် ဥက္ကဌဆရာဦးထွန်းအေးက လိုလားကြောင်းအကြောင်းကြားလာ၏။

အိုင်အင်န်ဒီဘီအဖွဲ့သားများ၏ သဘောထားမှာ ရှင်းလင်းပြတ်သားသည်ဟု ကျွန်တော်ယူဆခဲ့ပါသည်။ ဆရာဦးထွန်းအေးသာမက အမေရိကန်ရှိမြန်မာအသင်းအဖွဲ့များကို ကိုယ်စားပြုသော မြန်မာသံအမတ်ကြီးဟောင်းဦးဘသောင်း၊ စာရေးဆရာ၊ သတင်းစာဆရာကြီးဦးသောင်းနှင့် မြန်မာ့အရေးစိတ်ဝင်စားသော အမေရိကန်ကွန်ဂရက်အမတ်များ၊ နိုင်ငံရေးဝေဖန်သူများကပါ၊ ပြည်ပ၌စင်ပြိုင်အစိုးရဖွဲ့ခြင်းကို မလိုလား၊ အားမပေးကြပါ။ အကြောင်းမှာ ထိုသို့အစိုးရဖွဲ့လိုက်ခြင်းဖြင့် စစ်အာဏာရှင်တို့အတွက် ပြည်တွင်း၌နိုင်ငံရေးဖိနှိပ်ချုပ်ချယ်ရန် အကွက်ကောင်းရသွားမည့်အပြင်၊ စင်ပြိုင်အစိုးရအနေနှင့် သူတို့မကျွမ်းကျင်သော ပြည်ပ၌ ဒီမိုကရေစီထွန်းကားရေးရှေ့ရှုသည့်၊ ထူးခြားသော တိုးတက်မှုတစုံတရာမျှ လုပ်ဆောင်နှိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြသဖြင့်ဖြစ်၏

ဦးစိန်ဝင်းနှင့် ဆက်သွယ်စကားပြောရာတွင် ယင်းအချက်ကို အလေးအနက်ထားရှင်းပြခဲ့ပြီး၊ အခြားအကူအညီများလိုအပ်ပါက၊ တဦးချင်းအနေနှင့်ရော၊ အဖွဲ့ကိုယ်စားပါစိတ်အားထက်သန်စွာကူညီသွားမည်ဖြစ်ကြောင်းတင်ပြခဲ့၏။ သို့ရာတွင် သူတို့ကနယ်စပ်ဒေသများရှိ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များနှင့် သဘောတူညီချက်ရယူထားပြီး၊၊ မကြာမှီအစိုးရအဖွဲ့ဖွဲ့ရန် စိုင်းပြင်းနေကြချိန်ု ဖြစ်သည်။

၁၉၈၉ခုနှစ်လည်ပိုင်းတွင် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များက ဦးစီး၍၊ မြန်မာပြည်ဒီမိုကရေစီမဟာမိတ်အဖွဲ့ Democratic Alliance of Burma (DAB)ဖွဲ့ထား၏။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အခြေစိုက်စီအာဒီဘီအဖွဲ့ခေါင်းဆောင် ဦးတင်မောင်ဝင်းက မြန်မာပြည်မသားများ၏ ကိုယ်စားလှယ်အဖြစ်၊ ဒီအေဘီတွင် အသင်းသားဖြစ်လာသည်။ အဖွဲ့၏ ဥက္ကဌမှာ ကရင်အမျိုးသားတပ်ပေါင်းစု Karen National Union (KNU)ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြဖြစ်ပြီး၊ ဒုဥက္ကဌများမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ Kachin Independence Army (KIA) ခေါင်းဆောင် ဦးဘရန်ဆိုင်းနှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်နိုင်ရွှေကျင်တို့ဖြစ်ကြ၏။ ဦးတင်မောင်ဝင်းက ဒီအေဘီ အထွေထွေအတွင်းရေးမှူးဖြစ်လာပြီး၊ စီအာဒီဘီ ဒုခေါင်းဆောင် ဦးရဲကျော်သူက အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ကြလေသည်။

ဒီအေဘီအဖွဲ့ဝင်ဖြစ်သော ဦးတင်မောင်ဝင်းတို့အဖွဲ့က စင်ပြိုင်အစိုးရဖွဲ့ခြင်းကို အကြွင်းမဲ့ ထောက်ခံကြောင်းလည်းကြားသိရသည်။

စင်ပြိုင်အစိုးရအဖွဲ့၌ဝန်ကြီးချုပ်ဖြစ်လာမည့် ဒေါက်တာစိန်ဝင်းက သူတို့ကြံစည်စီမံထားသော အစီအစဉ်ကိုပြောင်းလဲမည်မဟုတ်ဟု ကျွန်တော့ကိုအဖြေပေး၏။ နိုင်ငံတကာအစိုးရများ၊ အသင်းအဖွဲ့များ၏ အကူအညီရနှိုင်ရန် ကျွန်တော်တို့က လက်တွဲကြိုးပမ်းပေးမည် ဆိုသည့်ကမ်းလှမ်းချက်ကိုပင်၊ မလိုအပ်ကြောင်းဖြင့်ပြန်ကြား၏၊

သူတို့အစိုးရဖွဲ့ပြီးမကြာမှီ၊ နယ်စပ်ရှိလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များနှင့်၊ နိုင်ငံတကာအစိုးရများ၏ထောက်ခံအားပေးမှုဖြင့်စစ်အစိုးရကိုဖြုတ်ချနှိုင်မည်ဖြစ်ကြောင်း၊ သူတို့အစိုးရတက်လာလျှင်ပြည်ပရောက် ကျွန်တော်တို့မြန်မာများ ပြန်လာခွင့်ရရှိနှိုင်မည်ဖြစ်ကြောင်း၊ ထိုအခွင့်အရေးရရှိနှိုင်ရန် ပြည်ပရောက် မြန်မာတိုင်းက စင်ပြိုင်အစိုးရသစ်ကို လစဉ်အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာစီထောက်ပန့်ကြဘို့လိုကြောင်း ပြောကြား၏။ ထိုထောက်ပန့်ငွေများရရှိရေးအတွက် နိုင်ငံတကာ၌ကောက်ခံရန် ကျွန်တော်တို့ကို တာဝန်ပေးလိုကြောင်းလည်း ထုတ်ဖေါ်ပြောကြား၏။ ကျွန်တော်က ကျွန်တော်တို့အဖွဲ့ဝင်များနှင့် တိုင်ပင်ပါဦးမည်ဟုသာ မယုတ်မလွန်ဖြေကြားခဲ့သည်။

ရက်အနည်းငယ်အကြာ၌ ဦးစိန်ဝင်းနှင့် ထပ်မံဆွေးနွေးရန် ကြိုးစားသော်လည်း အခွင့်မသာခဲ့။ ကျွန်တော်ရရှိသည့် ဖုံးနံပါတ်မှာ ဘန်ကောက်တွင် နေထိုင်သော မြန်မာမိသားစုတစု၏ အိမ်မှဖြစ်နေ၏၊ တည်းခိုအိမ်တွင်ဦးစိန်ဝင်းအမှန်ပင်မရှိ၍လော၊ သို့တည်းမဟုတ် ကျွန်တော်နှင့် စကားမပြောလို၍လောမသိပါ။ ထိုအိမ်ရှိအမျိုးသားတဦးက ကျွန်တော်နှင့် စကားလာပြောသည်။ သူကကျွန်တော်ဖုံးဆက်သည့်ကိစ္စကိုမေးမြန်းယင်း၊ အစိုးရဖွဲ့မည့်ကိစ္စသို့ရောက်သွားရာ၊ ကျွန်တော်က ကျွန်တော်တို့သဘောထားမှန်ကို ပြောလိုက်၏၊ တဖက်မှဖြေကြားသူပြောကြားသည့်စကားများကို ကျွန်တော်ယနေ့တိုင် နားထဲတွင်ကြားယောင်နေပါသေးသည်။

“အစိုးရဖွဲ့လိုက်ရင်၊ ပိုက်ဆံတွေအများကြီးရလာမှာ။ ကျောင်းသားတွေကိုလဲ ထောက်ပန့်နှိုင်မယ်၊ အစိုးရလဲငွေအလုံးအရင်းနဲ့ စစ်အစိုးရကိုတိုက်နှိုင်မယ်”ဟူ၏။ ဟုတ်ချေပြီ။ ငွေတွေအများကြီးရလာနှိုင်သည်ဟူသတတ်။

၁၉၉၀ခုနှစ်ဒီဇင်ဘာလ ၁၈ ရက်တွင်ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များ၏ မနာပလောစခန်း၌်ြ မန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရNational Coalition Gevernment of the Union of Burma (NCGUB)ကိုဖွဲ့စည်းလိုက်ကြ၏။

၁၉၆၂ခုနှစ်မတ်လတွင်၊ ဗိုလ်ချုပ်ကြီးနေဝင်းက  ပြည်သူတို့ဒီမိုကရေစီနည်းကျကျ ရွေးကောက် တင်မြှောက်ထားသော အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းယူခဲ့၏။

တိုင်းပြည်တွင်ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေ၍ အာဏာသိမ်းသည်ဟုအကြောင်းပြရာ၊ အထောက်တော်သတင်းစာက၊ အာဏာသိမ်းပွဲမှာ ပြဿနာ သောင်းခြောက်ထောင့်တစ်ဖြစ်သည်ဟု ရေးသားခဲ့သည်။

ဒေါက်တာစိန်ဝင်းတို့စင်ပြိုင်အစိုးရဖွဲ့ကြခြင်းကို၊ ပြဿနာသောင်းခြောက်ထောင့်နှစ်ဟု ခေါ်ရမည်လားမသိ။

စစ်အစိုးရက ပြည်တွင်း၌ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသောပြည်သူ့ကိုယ်စားလှယ် ၈၀ ကျော်နှင့် အခြားနိုင်ငံရေးနှင့် ပါတ်သက်သောကျောင်းသားများ၊ သံဃာတော်များကို ဖမ်းဆီးလိုက်သည်ဟုသတင်းရရှိသည်။ ထို့ပြင် အစိုးရအမှုထမ်းများကိုလည်း၊ စင်ပြိုင်အစိုးရကို မထောက်ခံကြောင်းဝန်ခံချက်များရေးသားစေခဲ့၏။

မြန်မာပြည်တွင်းရှိ သံတမာန်များက ဤအစိုးရဖွဲ့ခြင်းမှာ အခြား ဒီမိုကရေစီအရေးကြိုးပမ်းနေသူများကို အန္တရာယ်ကြီးစွာ ဖြစ်စေသော သွေးရူးသွေးတမ်း လုပ်ဆောင်ချက်ဟုဝေဖန်ပြစ်တင်နေကြကြောင်း ယိုးဒယား သတင်းစာတစောင်ကရေးသား၏၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အားပေးထောက်ခံနေသော အမေရိကန်ကွန်ဂရက်အမတ်အချို့ကမူ အကြံတုံးဥာဏ်တုံးဖြင့်၊ မစဉ်းစားမဆင်ခြင်၊ ထင်ရာစိုင်းသည့်လုပ်ရပ်ဟု အပြစ်တင်ရှူံ့ချကြသည်။ စစ်အာဏာသိမ်းအဖွဲ့အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က တရားမဝင်အသင်းအဖွဲ့များဖြစ်သည့် နယ်စပ်ရှိ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ အစိုးရဖွဲ့ခြင်းမှာ အလွန်မှားယွင်းသော လုပ်ရပ်ဖြစ်သည်ဟု ထောက်ပြ၏။

မကြာမှီ ဒေါက်တာစိန်ဝင်းဦးစီးသော အမျိုးသားဒီမိုကရေစီပါတီ (NPD) ပါတီငယ်လေးကိုတရားမဝင်ကြောင်းကြေညာခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း နယ်စပ်သို့ထွက်ပြေးကာအစိုးရဖွဲ့ခဲ့သူပြည်သူ့ကိုယ်စားလှယ်ရှစ်ဦးကိုထုတ်ပါယ်စေခဲ့၏။

စင်ပြိုင်အစိုးရတခု ပေါ်ပေါက်လာသည်ကို၊ ဆရာဦးသောင်းကနှစ်သက်လိုလားဟန်ရှိ၏။ နယ်စပ်ရောက်ကျောင်းသားများနှင့်၊ ပြည်ပရောက်မြန်မာအများစုကလည်း စင်ပြိုင်အစိုးရကို လက်ခံကြိုဆိုကြသည်ဟု ယူဆရ၏။

ကျွန်တော်ကမြူ ပည်သူ့ကိုယ်စားလှယ်အနည်းငယ်က အစိုးရအဖွဲ့ဖွဲ့ကာ ဒီမိုကရေစီအရေးလှုပ်ရှားနေခြင်းထက်၊ ပြည်ပရောက် ပြည်သူ့ကိုယ်စားလှယ်များအဖွဲ့အနေဖြင့် ရပ်တည်ဆောင်ရွက်ခြင်းကိုသာ လိုလားပြီး၊ ပိုမိုအောင်မြင်မှုလည်းရရှိနှိုင်မည်ဟုလည်း ယုံကြည်၏။ ကျွန်တော့ယုံကြည်ချက်ကို ဝေဖန်တိုက်ခိုက်သူ များစွာရှိခဲ့ပါသည်။

ကျွန်တော် ဦးဆောင်ထုတ်ဝေသောလစဉ်စာစောင်The Burma Review သို့ ရံဖန်ရံခါ အလှူငွေပေးပို့တတ်သော ကာလီဖိုးနီးယားရောက် ဆရာဝန်တဦးက “ကျွေးတဲ့လက်ကိုကိုက်သည်” ဟုစွပ်စွဲပြီး၊ အင်္ဂလန်ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ အမျိုးသမီးတဦးကမူ “စာတပုဒ်၊ နှစ်ပုဒ်ရေးဘူးသည်နှင့်၊ မတန်မရာရှောက်ပြောနေသည်” ဟုရှူံ့ချလေသည်။ သူတို့ဘာဆိုလိုမှန်းပင် ကျွန်တော်လုံးဝနားမလည်ခဲ့ပါ။

စင်ပြိုင်အစိုးရအဖွဲ့ဝင်တို့က၊ သူတို့သည် ပြည်သူ့ကိုယ်စားလှယ်အများစု၏ ဆုံးဖြတ်ချက်ဖြင့်၊ ယိုးဒယားနယ်စပ်ဒေသသို့ လာရောက်အစိုးရဖွဲ့ခြင်းဖြစ်ကြောင်းပြောကြ၏။ သို့ရာတွင် ပြည်သူ့ကိုယ်စားလှယ်အများစု၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အထောက်အထား တစုံတရာကိုမျှပြနှိုင်ခြင်း၊ ပြလိုခြင်းမတွေ့ခဲ့ရချေ။

( အပိုင်း ၃ ကို ဆက်လက်ဖေါ်ပြပါမည်)

 (ဤ ဆောင်းပါးသည့် ဆောင်းပါးရှင်၏ အာဘော်မျှသာဖြစ်ပါသည်။ သမိုင်းအဖြစ်အပျက် ဆိုင်ရာ အချက်အလက်များ နောင်လူများအတွက် တန်ဖိုးတစုံတရာရှိမည်ဟု ယုံကြည်ပါသဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ မိုးမခအယ်ဒီတာ) 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်