ပြည့်ဖို့ခက်သည့် သူငယ်ချင်းဆုတောင်း

September 18, 2012

ဖိုးထက်
စက်တင်ဘာ ၁၈၊ ၂၀၁၂
အမည်မည်း၊ အမည်ဖြူ ကိစ္စများ ၊ “ပြည်သူတွေ မြှောက်စားလို့ တောက်ကြွားရမယ့် မင်းသားလေးပါခင်ည” ဆိုသည့် ဟန်ပန်အမူအရာများဖြင့် ကားပေါ်တက်ကခုန်နေကြသော အချိန်အခါသမယကြီးမှာ ကျနော် ခွင့်တစ်ပတ်ရသဖြင့် မြန်မာနိုင်ငံသို့ အလည်ပြန်သွားခဲ့သည်။ အိမ်ပြန် ရောက်ရောက်ချင်း ဆွေမျိုးအရင်းကြီးတွေဆီဖုန်းဆက်မှ ဘယ်အချိန်ကတည်းက အမည်မည်းဖြစ်နေခဲ့ရှာဟန် မသိသည့် အမတစ်ယောက်က “အေးဟယ် ငါလဲခုမှသိရတော့တယ်” ဟုပြောလာသည်။


သံချည်းတက်အရောင်များ၊ ဖုန်အလိမ်းလိမ်းတက်၊ ရေညှိတွေ မင်းမူနေသောဆိုင်းဘုတ်များ၊ မရွှင်လန်း မတက်ကြွသော မျက်နှာများ၊ အစီ အစဉ်မကျနမှုများကြားမှာ ဘာတွေများပြောင်းလဲနေပြီလဲဆိုသည့်အသိနှင့် သတိထားကြည့်မိသည်။ နတ်ရေကန်ထဲ ပြစ်ချသလိုပြောင်းလဲ စေချင်သော၊ မျက်လှည့်ပြသလို အပ်ချလောင်းဆိုပြီး ပြောင်းလဲစေချင်သော ကျနော့်အတွက် အားမရတာတော့အမှန်။ အထက်စီး၊ အပေါ်စီး ကမကြည့်ဖြစ်ဘဲ အားမလို၊ အားမရဖြစ်ခြင်း၊ ယူကျုံးမရဖြစ်ခြင်းများသာ ခံစားရသည်။ တစ်ချိန်ထဲမှာပင် ငါ့မြေ၊ ငါ့လေ၊ ငါ့ရေဆိုသည့် စိတ်ခံစားမှုတစ်ခုတည်းနှင့်ပင် ကြည်နူးပီတိဖြစ်ရပါသည်။ စိတ်လုံခြုံမှုကို ဖြစ်ပေါ်စေပါသည်။

တွေ့ဆုံနှုတ်ဆက်ရမည့်လူများအား ဂါရ၀ပြုပြီးချိန်၊ အဖန်ရေကျကျ လ္ဘက်ရည်အခွက်ပေါင်းများစွာ သောက်ပြီးသောအချိန်မှာတော့ စာအုပ် ဆိုင်များဘက်သို့ မျက်နှာမူမိသည်။ စာအုပ်ဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင် ၀င်ရောက်မွှေနှောက်မိသည်။ စာဟောင်း၊ ပေဟောင်း၊ စာကြီး ပေကြီး များကို ပြန်လည်ထုတ်ဝေလာကြတာ တွေ့ရသည်။ ကျနော်မသိသောစာရေးဆရာများစွာ၏စာအုပ်များစွာလဲ တွေ့ရသည်။ စာရေးဆရာ အသစ်များ၏စာများကို မြည်းစမ်းကြည့်နေချိန်မှာ ဘေးမှလာရပ်ပြီး စောင့်ကြည့်နေတာကြီးကတော့ သိပ်မနိပ်လှပါ။

စာအုပ်ဆိုင်များမှ ကျနော်ပြန်ထွက်လာတော့ လက်ထဲမှာ စာအုပ်အတော်များများပါလာသည်။ စာအုပ်ဈေးတွေကြီးသည်။ ပညာတတ်ဘွဲ့ ရတစ်ယောက် လစာတစ်သိန်းခွဲခန့်သာရသောခေတ်ကြီးမှာ စာအုပ်တစ်အုပ် လေးငါးထောင်ဖြစ်နေခြင်းကို ဈေးကြီးသည်လို့ သတ်မှတ်မိခြင်း ဖြစ်သည်။ ကျနော်ဝယ်လာသောစာအုပ်တွေထဲမှာ ဆရာမောင်သာချို၏ “ဖျတ်ခနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ”၊ ကို ကိုကြီး၏ “ပြောချင်လို့ ပြောခဲ့တာတွေ” ဆိုသည့် စာအုပ်နှစ်အုပ်ကတော့ ကျနော့်ညတာများကို ရှည်စေခဲ့ပါသည်။

ကွမ်းခြံကုန်းသား ဆရာမောင်သာချိုကို အရင်က ကျနော်သိပ်သတိမထားမိပါ။ ဂျက်ကွမ်းခြံကုန်းဆိုသည့်ကလောင်ရှင်သည် “သမီးဖတ်ဖို့” စာအုပ်ကိုရေးသည့် မောင်သာချိုနှင့်အတူတူဆိုမှ ကျနော် အံ့သြတကြီး ဖြစ်ခဲ့ရသည်။ “သမီးဖတ်ဖို့” ဟု ဆရာက သူ့သမီးကိုရည်ရွယ်ပြီး ရေးပေမယ့် သေခါနီး ဟိုလူကြီးတွေကို အတင်းချုပ်ပြီး ဖတ်ပြချင်စိတ်တွေပေါ်လာအောင် ဆရာက ရေးတတ်လွန်လွန်းသည်။ သောင်းပြောင်း ထွေလာမဂ္ဂဇင်းများထဲမှာ အမြဲပါလေ့ရှိသည့် ဂျက်ကွမ်းခြံကုန်းကလောင်ကို ကျနော်သိပ်မခိုက်ပေမယ့် မောင်သာချိုစာအုပ်ဆိုရင် “လာ ထား” ဖြစ်ခဲ့ရသည်။

အခုဆရာ့စာအုပ်လေးဖြစ်သည့် “ဖျတ်ခနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ” စာအုပ်လေးကလဲ ကျနော့်စိတ်ချဉ်ခြင်းတပ် ခြင်းများကို အဆာပြေစေသည်။ ဆရာတွေ့ကြုံခဲ့ရသော စာရေးဆရာကြီးများကို ဆရာက သူ့ကိုယ်ပိုင်ခံစားချက်များဖြင့် ဖွဲ့နွဲ့ပုံများမှာ လက်က မချချင်အောင်ဖြစ်ရသည်။ ပထမအကြိမ်ထုတ်ဝေစဉ်က ချန်ခဲ့ရသည်ဆိုသည့် ဆရာတင်မိုး၊ ဆရာကြည်အောင်တို့အတွက် ဆရာ ရေးသောအမှာစာလေးမှာ ကျနော့်နှလုံးသားကို ဆုပ်ညှစ်သွားသည်။ ဆရာက “မည့်သူ့ကိုမျှ ဖယ်မထားသော၊ ပယ်မထားသော မြစ်ကြီး များ၊ ခေတ်ကြီးများ ဆက်လက်စီးဆင်းနိုင်ပါစေ” ဆိုပြီး ဆုတောင်းချွေသည်။ ကျနော်တို့က သဘောထားသေးသိမ်စွာ ဖယ်ထား၊ ချန် ထားကြရင်း ကျနော်တို့ကိုယ်တိုင် ကျန်နေရစ်ခဲ့ကြရသည်ကိုပြန်ကြည့်ရင်း အချိန်တွေကိုနှမြောမိသည်။

ဆရာ့စာအုပ်လေးက ကိုယ်တိုင်ရေးတာဆိုတာ အငြင်းပွားဖို့ မလိုသလို ဆရာ့အမြင်များကို ကိုယ်တိုင်တာဝန်ယူမှုများဖြင့် ချယ်မှုန်းခဲ့သည်။ တစ်ချို့အမြင်များက ကျနော်တို့နှင့် တူချင်မှတူမည်။ သဘောကျချင်မှ ကျကြမည်။ ထပ်တူကျတာများလဲရှိသလို စောဒကတက်ပြီး တွေးမိ သည်များလဲရှိသည်။ ဘယ်လိုဘဲဖြစ်ဖြစ် ဆရာ့စာအုပ်လေးက ကျနော်တို့လို စာဖတ်ဝါသနာပါသည့် ငချွတ်တားများအတွက် စာအုပ်၊ စာပေ၊ စာရေးဆရာများကို ပိုမိုခင်တွယ်ချစ်ခင်သည့်စိတ်များသာ ဖြစ်ပေါ်စေသည်။ ဆရာရေးပြမှ ငါ့မှာ စာဖတ်စရာတွေတပုံတပင်ကြီး ကျန်သေးပါ လားဆိုသည့် ရှက်ရွံ့မှုနှင့်အတူ အလောတကြီး ရှာဖွေဖတ်ရှုချင်သည့်စိတ်များ ဖြစ်ပေါ်စေသည်။

ကို ကိုကိုကြီး၏ ထောင်မှလွတ်လာပြီး ယခုအချိန်အထိ ဂျာနယ်၊ စာစောင်များနှင့် အင်တာဗျူးများကို ပြန်လည်စုစည်းပြီးထုတ်ဝေသည့် “ပြောချင်လို့ ပြောခဲ့တာတွေ” ဆိုသည့် စာအုပ်ပါးလေးကတော့ ကျနော်အလွန်နှစ်သက်မိသည်။ စာအုပ် နောက်ကျောမျက်နှာဖုံးမှာ ကျနော် အကြိုက်ဆုံး ကိုကိုကြီး၏ quote ဖြစ်သည့် “ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး ဒုက္ခတွေ၊ အကျပ်အတည်းတွေဟာ နိုင်ငံရေးကြောင့်ဖြစ်တယ်။ နိုင်ငံရေးဟာ အခြေခံဘဲ။ နိုင်ငံသား တစ်ဦးချင်းအနေနဲ့ နိုင်ငံရေးနဲ့ မပတ်သက်လို့မရဘူး၊ ကိုယ်တိုင် တစ်ပိုင် တစ်နိုင် ပါဝင်ကြမှဖြစ်မယ်” ဆိုသည့်စာပိုဒ်အတိုလေးကို တင်ထားသည်။

ကို ကိုကိုကြီး၏ ရိုးသားဖြူစဉ်သည့် နိုင်ငံရေးအမြင်များ၊ အတွေးများမှ ဖြစ်ပေါ်လာသည့် ပြောချင်လို့ ပြောပြစ်ခဲ့တာတွေသည် ကျနော့်အတွက် မမှတ်သားဘဲ မနေနိုင်အောင် ဖြစ်ရသည်။ အရိုးဆုံးသည် အလှဆုံးဟုဆိုကြသလို ကိုကိုကြီး၏ ရိုးရှင်းလွယ်ကူသည့် နိုင်ငံရေးအတွေး၊ အမြင်များသည် အလှဆုံးသောအင်တာဗျူးများ ဖြစ်နေပါသည်။

နိုင်ငံရေးကို ဗျူဟာများ၊ နည်းစနစ်များ၊ လှည့်ကွက်များဖြင့် မြင်ကြ၊ ရေးကြ၊ ပြောနေကြပေမယ့် အရိုးသားဆုံးဖြစ်စေချင်ပြီး အရိုးသားဆုံးသာ မြင်ချင်သည့် ကျနော့်အတွက် ကိုကိုကြီးဆိုသည့်ဘဲကြီးကို (ကန်တော့ဗျာ ချစ်လို့ပါ) ဖက်နမ်းချင်စိတ်တွေ ပေါက်လာသည်။

ကိုကိုကြီး၏စာအုပ်ကိုဖတ်ပြီး တက်ကြွနေသည့်ကျနော်က NGO တစ်ခုမှာ နှစ်တွေအကြာကြီးအလုပ်လုပ်နေသည့် သူငယ်ချင်းနှင့် ညနေစာ အတူစားဖို့ ချိန်းခဲ့သည်။ သူ့အသက်မွေးဝမ်းကျောင်းပညာရပ်နှင့် မည်သို့မှမလိုက်ဖက်သော လူတွေကိုကူညီရသည့် NGO မှာ အလုပ် လုပ် နေရသောသူ့ကို ကျနော်က သနားစိတ်မပေါ်ဘဲ မနာလိုစိတ်သာဖြစ်မိသည်။ သူနှင့် ညစာအတူစားရင်း၊ မြန်မာပြည်ကြီးကိုမြုံ့ရင်း သူ့ကို အင်တာဗျူးနေမိသည်။

NGO အလုပ်ဆိုတာ ကုသိုလ်လဲရ၊ ၀မ်းလဲဝဟု ထင်မြင်မိသည့်ကျနော့်အတွက် သူပြောမှသိရသည့်အခက်အခဲများကိုနားထောင်ပြီး မအီ မလည်ကြီး ပိုမူးလာသည်။ NGO စစ်တမ်းတစ်ခုအတွက် ဒေသခံများကို မေးခွန်းများ၊ အချက်အလက်များလိုက်ယူနေသည့် သူ့အဖွဲ့ကို စသုံးလုံးက လာမေးသည်။ စရဖက လာမေးသည်။ SB က လာမေးသည်။ နယ်ထိန်းဆိုသည့်လူများက လာမေးသည်။ ယဉ်ယဉ်ကျေး ကျေးမေးသူများရှိသလို၊ မဟုတ်တာတော့မလုပ်နဲ့ မီးပွင့်သွားမယ်ဆိုသည့် မေးခွန်းများလဲ ကြုံရသည်ဆို၏။ ကျနော်က “ဟ အဲဒီအဖွဲ့တွေက ပြည်ထဲရေးလက်အောက်ထဲမှာ အတူတူဘဲမဟုတ်ဘူးလား။ တစ်ဖွဲ့မေးရင် ရပြီမဟုတ်လား” ဟု မေးမိသည်။

ဒင်းက သက်ပြင်းအရှည်ကြီးကို ချပြီး “ အေး ငါလဲ အဲဒါကိုနားမလည်တာဘဲကွာ။ NGO ထဲမှာလဲ အကုန်လုံးက ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်တာ ငါနားလည်ပါတယ်ကွာ။ ကိုယ့်နယ် ရောက်လာတဲ့ NGO အဖွဲ့ကို ဘာလာလုပ်တယ်၊ ဘာလုပ်မလဲဆိုတာ အုပ်ချုပ်သူတွေအနေနဲ့ သိရမှာ ငါနားလည်ပါတယ်။ တော်ပြီပေါ့ကွာ တစ်ဖွဲ့မေးရင်။ ပြီးတော့ မေးတဲ့အဖွဲ့တွေက ပြည်ထဲရေးလက်အောက်ကလူတွေချည်းဘဲ။ သူတို့အချင်းချင်း သတင်း ၊ အချက်အလက် မဖလှယ်ကြဘူးလား။ စိတ်ပျက်စရာကြီးကွ။ တော်ရုံသင့်ရုံ ကြောက်တတ်၊ လန့်တတ်တဲ့သူဆိုရင် သေးဖြန်းဖြန်းပါအောင် မေးတဲ့မေးခွန်းမျိုးတွေ ပါသေးတာကွ။ ဘာတွေမှန်းလဲ မသိပါဘူးကွာ။ လာပါကွာ။ ထားလိုက်ပါ။ တွေ့တုန်း သောက် ကြရအောင်” ဆိုပြီး ခွက်တိုက်သည်။

သူငယ်ချင်းက သူ့အလုပ်အမောများ၊ ဘ၀အမောများကို ငယ်သူငယ်ချင်းဖြစ်သူ ကျနော်နှင့်တွေ့တုန်း မေ့ပြစ်ချင်ပြီး ပြောပြချင်ဟန်မတူ။ သို့သော် မြန်မာပြည်ကြီးများ ဗိုက်ထဲသို့ ပိုမိုရောက်သွားလေ၊ သူကလဲ ပြောပြချင်လေ၊ ကျနော်ကလဲ မေးမိလေ ဖြစ်နေခဲ့သည်ကို နှစ်ယောက် လုံး သတိမထားမိခဲ့။ နေပြည်တော်မှ ကျန်းမာရေးဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး အတည်ပြုထားသော NGO ပရောဂျက်တစ်ခုအတွက် တိုင်းဒေသ၀န်ကြီးချုပ်က ပယ်ချသည်။ ဂျစ်ကတ်ကတ်လုပ်သည်ဆိုသည်။ တိုင်းဒေသ၀န်ကြီးချုပ် အတည်ပြုချက်ရအောင် ဂါရ၀ပြုရသည်။ ထို့နောက် တိုင်းဒေသ ကျန်းမာရေးညွှန်မှူးက စဉ်းစားဦးမယ်ဆိုပြီး လုပ်လာသည်ဆိုပြန်သည်။ ဂါရ၀ပြုရပြန်သည်။

တစ်ခါက Documentry လေးတစ်ခုရိုက်ဖို့ Jica က sponsor ပေးသည်။ ၀န်ကြီးဌာနက သဘောတူပြီးသား။ ဂျပန်ရိုက်ကူးရေး ပညာရှင်တွေ ကို ငှားရမ်းထားသည်။ ရိုက်မယ့်နေ့မရောက်ခင်ကတည်းက ကြိုသိနေသဖြင့် သက်ဆိုင်ရာနယ်ပိုင်ရှင်များ၊ ဆိုင်ရာပိုင်ရာများကို အသိပေး ပြီးပြီ။ ရိုက်ကူးသည့်နေ့ရောက်တော့ ယူနီဖောင်းအပြည့်အစုံနှင့်လာပြီး ရပ်ပါ။ သဘောမတူပါ။ အရေးယူရပါလိမ့်မည်ဆိုသဖြင့် ဂျပန် ပညာ ရှင်တွေကို ဟိုတယ်မှာ သုံးရက်ခန့်စရိတ်အကုန်ခံပြီး ထားခဲ့ရသည်။ သုံးရက်ခန့်နေမှ ရိုက်ခွင့်ပြုသည်ဆိုသဖြင့် ဆက်လက်ရိုက်ကူးကြသည်။ ဂျပန်ပညာရှင်တွေက ရက်ပြည့်တော့ ပြန်သွားခဲ့သည်။ အချိန်ဇယားဖြင့် အတိအကျရေးဆွဲထားသည့် ရိုက်ကူးရေးအစီအစဉ်များက အပြီး မသတ်ရသေး။ အဆုံးသတ်ရိုက်ကူးစရာများကို မြန်မာပညာရှင်များဖြင့်ရိုက်ကူးစဉ်မှာ ရက်ပြည့်သွားပြီ၊ အရေးယူရပါလိမ့်မယ်ဆိုပြီး လုပ် လာကြပြန်သည်။ ဖမ်းချင်လဲဖမ်း၊ လုပ်ချင်တာသာလုပ်ကြတော့ဆိုပြီး ဆက်ပြီးရိုက်ကူးတော့မှ လုပ်ပါ၊ လုပ်ပါ ဖြစ်သွားကြသည်ဆို၏။

ကျနော်တို့နှစ်ယောက် အတင်းတွေပြောရင်း၊ မြန်မာရွှေရည်များကိုမော့ကြရင်း မင်းသာဆိုရင်၊ ငါသာဆိုရင် သူတို့နေရာမှာဆိုရင် ဘာလုပ် မလဲဟု အပြန်အလှန်မေးကြည့်ကြသည်။ သူငယ်ချင်းက ခံထားရသူပီပီ “ ဟ ကျန်းမာရေးဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးပြီးခွင့်ပြုထားတာ။ ငါသာဆိုရင် လိုအပ်တာကူညီပေးမှာပေါ့” ဟု စားပွဲကို ဘုန်းခနဲ ထုရင်း ဖြေသဖြင့် ဖြေးဖြေးလုပ်ပါ ဆရာရယ်ဟု တောင်းပန်လိုက်ရသေးသည်။ “မင်းဆိုရင်ကော ဘာလုပ်မလဲ” ဆိုသည့် သူ့အမေးကို ကျနော် ပြန်မဖြေဖြစ်ပါ။ ဖြေစရာမလိုဘူးဟု ကျနော်ထင်သလို သူလဲ သဘောတူဟန် တူသည်။

ကျနော်တို့ဝိုင်းသိမ်းတော့ ဒင်းက သူ့ဝသီအတိုင်း ဆုတောင်းကြမယ်ဟု လုပ်လာသည်။ သူက ခရစ်ယာန်ဘာသာကို ယုံကြည်မြတ်နိုးသူ။ ကျနော်က သူ့ဘာသာကို လေးစားသူ။ ကျောင်းကတည်းက သောက်စားပြီးကြလို့ ၀ိုင်းသိမ်းပြီဆိုလျှင် “ ဒီလို စားရ၊ သောက်ရတဲ့အတွက် ဖ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ဆုတောင်းနေကြ။ အခုလဲ ၀ိုင်းသိမ်းပြီဆိုတော့ သူ၏ ချစ်စရာကောင်းသော အကျင့်စရိုက်လေး ကို ကျနော်သဘောတူသည်။ သူက လက်နှစ်ဖက်ကိုဆုပ်ရင်း အလေးအနက်ဆုတောင်းသည်။ ကျနော်က ဘီယာခွက်ကြီးကို မြှောက်ကိုင်ရင်း ဘယ်ဘုရားမှ မကြိုက်သော အပြုအမူကို ပြုမူသည်။

ကိုင်းစမယ်ဆိုပြီး သူဆုတောင်းသည်။ သူ့ဆုတောင်းကို ကျနော်ကြားရချိန်မှာ ကျနော့်လက်ထဲရှိ လေထဲတွင် မြှောက်ထားသည့် ဘီယာ ခွက်က စားပွဲပေါ်သို့ ဒေါက်ခနဲ ပြန်ကျလာသည်။ “အဖ ဘုရားသခင် ကျနော့်အား လူတွေ၏ စိတ်အမူအကျင့်ကို ပြုပြင်နိုင်သည့်အင်အားကို ပေးသနားတော်မူပါ..အာမင်” ဆိုသည့် ဆုတောင်းကြောင့်ဖြစ်သည်။

အိမ်ကို ကျနော် ပြန်လာတော့ လမ်းမှာ တွေးမိသည်။ သူ့ဆုတောင်းကြီးက ပက်စက်လွန်းသည်။ ပြည့်နိုင်မည်မထင်။ ဖဘုရားသခင်တောင်မှဘဲ အာဒမ်နှင့်ဧ၀ကို မထိန်းနိုင်သဖြင့် ကျနော်တို့လို စိတ်ညစ်စရာခေတ်ကြီး ဖြစ်လာတာမို့လား။ သူ့ယုံကြည်မှုနှင့်သူ။ ကိုယ့်ယုံကြည်မှုနှင့်သူ။ သူ့ဆုတောင်း ပြည့်ပါစေလို့ ကျနော်ကလဲ ဗုဒ္ဓရှင်တော်မြတ်ဆီမှာ ဆုတောင်းမိသည်။ သုရာမေယျရကံကျူးလွန်ထားသည့် ကျနော်လို ကောင်ကို ဘယ်နတ်ကောင်း၊ နတ်မြတ်ကမှ ကူညီမှိုင်းမမည် မထင်။

နောက်တစ်ရက် ညနေမှာ ခွင့်ရက်နည်းပေမယ့် မသွားမဖြစ်ကိစ္စရှိသဖြင့် မန္တလေးသို့ ကျနော်ထွက်လာခဲ့သည်။ မြန်မာပြည်၏ ခရိုနီဘီလူးကြီး ၏ မော်တော်ယာဉ်လိုင်းဟု ကျနော်သိထားသည့် မော်တော်ယာဉ်လိုင်းမှာ လက်မှတ်ရသည်။ တိုက်တိုက်ဆိုင်ဆိုင် ကားမောင်းသူက ကျ နော့်ဆရာမ၏ အမျိုးသား။ လမ်းမှာ ထမင်းအတူစားရင်းကမှ သိလာရသည်။ ခရိုနီကြီး နာမည်ခံထားပေမယ့် တကယ့်ပိုင်ရှင်က ကျနော်တို့ လွှတ်တော်သူရဲကောင်းကြီး၏ သားတော်။ ရှုပ်ထွေးပွေလီလွန်းသော ခေတ်၊ စနစ်ကြီးကို ကျနော်တွေးမိရင်း တစ်လမ်းလုံး အိပ်လို့မပျော်နိုင် ခဲ့။

ခွင့်ရက်ပြည့်တော့ ကျနော်ပြန်မယ်ဆိုတော့ သူငယ်ချင်းဆီကို ဖုန်းမဆက်ဖြစ်ခဲ့တော့။ သူ့ဆုတောင်း ပြည့်၊ မပြည့်ကိစ္စတွေလဲ ကျနော် မေး ချင်စိတ်မရှိ။ ကျနော့် လက်ဆွဲခရီးဆောင်အိတ်ထဲမှာ မောင်သာချိုပါသည်။ ကိုကိုကြီးပါသည်။ ကိုဂျင်မီနှင့် ကိုမင်းကိုနိုင်ပါသည်။ မင်္ဂလာ ဒုံလေယာဉ်ကွင်းက လေယာဉ်ကြီးပျံတက်သောအခါ အောက်ဘက်ကို ငုံ့ကြည့်မိသည်။ သံချီးတက်အမိုးများ တွေ့ရသည်။ ကျိုးတိုး ကျဲတဲ ဓာတ်တိုင်များတွေ့သည်။ လူတွေ၏ mild set ကိုပြင်ဖို့ သူငယ်ချင်း၏ဆုတောင်းသံမှ ဖြစ်လာဟန်ရှိသည့် မပီပြင်၊ မထင်ရှားသော တိမ်စိုင် တစ်စက ကျနော့်လေယာဉ် ပြတင်းပေါက် မလှမ်းမကမ်းမှ အိပဲ့ အိပဲ့ဖြင့် ဖြတ်သွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်