ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ အပိုင်း (၅) နိဂုံးပိုင်း

September 29, 2012

အဝေးရောက် သတင်းထောက်တဦး

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သိန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံကြစဉ်က (ဓါတ်ပုံ Reuters)

ဆရာတော်ဦးရေဝတနှင့်မြန်မာ့ဒီမိုကရေစီ

ပြည်ပမှနေ၍ မြန်မာပြည်၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ဖေါ်ပြရေးသားလျှင်၊ ပျံလွန်တော်မူသွားပြီဖြစ်သော၊ ဆရာတော် ဒေါက်တာ ဦးရေဝတကို မဖေါ်ပြ၍မဖြစ်နိုင်ပါ။ ဆရာတော်သည် အင်္ဂလန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာမင်ဂ်ဟင်မ် (Birmingham) ၌ကျောင်းထိုင်ခဲ့သည်။
ဂျာမနီ၌ရှိစဉ် ဂျာမန်သတင်းစာတစောင်အတွက် ဆောင်းပါးနှင့်သတင်းများ ကျွန်တော်ရေးသားနေခိုက်၊ ကချင်လွတ်လပ်ရေးတပ် ခေါင်းဆောင် ဦးဘရန်ဆိုင်းလာရောက်လည်ပါတ်သည်နှင့်ကြုံနေခဲ့၏။ ကျွန်တော်က ဥက္ကဌကြီး ဦးဘရန်ဆိုင်းကိုတွေ့ဆုံမေးမြန်းသည့် ဆောင်းပါးတစောင်ရေးခဲ့သည်။ ထိုစဉ်က ဂျာမနီသို့ကြွလာသောဆရာတော်ကိုလည်း သိကျွမ်းခွင့်ရခဲ့၏။ ကျွန်တော်အင်္ဂလန်သို့အလည် အပါတ် ရောက်သောအခါ၌လည်း၊ ဆရာတော်က အင်္ဂလန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများဖြစ်သော၊ ဦးညွန့်အောင်တို့ ဇနီးမောင်နှံ၊ မစ္စတာ ခရစ္စတိုဖာဆင်မ်ဆင်န်၊ မစ္စတာဝီလီဘအိုတို့နှင့်မိတ်ဆက်ပေးလေသည်။
နောက်ပိုင်းတွင်၊ ဆရာတော် နယူးယောက်သို့ရောက်တိုင်း ကျွန်တော်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤမျှသာမက ဖုံးဖြင့်လည်း မကြာခန ဆက်သွယ်ကာ၊ ကျွန်တော်တို့ အမြင်ချင်း၊ လုပ်ကိုင်ဆောင်ရွက်မှုချင်း နှီးနှောဖလှယ်ခဲ့ကြ၏။ ထိုကြိုးပမ်းမှုများအနက်မှ၊ ဆရာတော်နှင့် ကျွန်တော်လက်တွဲပူးပေါင်းဆောင်ရွက်မှုတခုကို အလေးထားဖေါ်ပြလိုပါ၏။
၁၉၉၃ခု နှစ်လည်ပိုင်းတွင်ဖြစ်ပါသည်။ ထိုအချိန်က နိုင်ငံရပ်ခြားရောက် မြန်မာအတော်များများ ကိုယ့်တိုင်းကိုယ့်ပြည်သို့သွားရောက် လည်ပါတ်ခွင့်ရစအချိန်ဖြစ်၏။ မိဘဆွေမျိုးများကိုတွေ့ဆုံရန် သွားရောက်လိုသူများက၊ ပြည်တွင်းဝင်ရောက်ခွင့်ဗီဇာများ လျှောက်ထား ကြရ၏။ ထိုသူများကို စစ်အစိုးရထံ ဒူးထောက်သူ သစ္စာဖေါက်များဟု ဝေဖန်ရှုံ့ချသူများရှိလာသဖြင့်၊ နှစ်ဦးနှစ်ဘက် အငြင်းပွားနေချိန် လည်းဖြစ်သည်။ ကျွန်တော်ကမူ နိုင်ငံခြားသို့ထွက်လာသူများကိုပြန်လာခွင့်မပြုဘဲ၊ ဆွေမျိုးသားချင်းများနှင့်တကွဲတပြားဖြစ်နေစေခဲ့ ခြင်းမှာ၊ လူသူမဆန်ဟု ယုံကြည်သည့်အတိုင်း၊ “ကိုယ့်မွေးရပ်မြေ၊ ကိုယ့်ဆွေမျိုးသားချင်းများဆီသို့ သွားရောက်လည်ပါတ်လိုသူများကို ပိတ်ပင်တားမြစ်ရန် မသင့်လျှော်” ဟု၊ ဆောင်းပါးများရေးသားခဲ့၏။

ဆရာတော်ဦးရေဝတက မြန်မာပြည်သို့ခေတ္တပြန်ကြွမည်ဆိုသောအခါ၊ လူပုဂ္ဂိုရ်များရော၊ ရဟန်းသံဃာအချို့ကပါ၊ အပြင်းအထန်ရှုံ့ချ ပြစ်တင်ကြလေသည်။ ထိုစဉ်က စစ်အစိုးရကပြည်တွင်းသံဃာတော်များကို သာသနာဘွဲ့ထူးများ ပေးအပ်ချီးမြှင့်နေချိန်လည်းဖြစ်ရာ၊ ဆရာတော်ဦးရေဝတလည်း အဂ္ဂမဟာပဏ္ဍိတကဲ့သို့သောဘွဲ့များရရှိရေး မျှော်ကိုးချက်ဖြင့်ပြန်ကြွခြင်းဖြစ်ရမည်ဟု ဝေဖန်ကြ၏။ ဆရာ တော်ကမူ မည်သို့မျှအငြင်းပွားမနေတော့ဘဲ၊ စစ်အစိုးရကဘွဲ့များအပ်နှင်းလျှင်လည်း လက်မခံဟုဆိုကာ၊ ၁၉၉၄ခု မေလတွင် မြန်မာပြည် သို့ ပြန်ကြွသွားခဲ့၏။ ဆိုခဲ့ပြီးသည့်အတိုင်း၊ ကျွန်တော်ကမူ ဆရာတော်ပြန်ကြွသည်ကို အားပေးအားမြှောက်ပြုခဲ့သည်။

ဆရာတော်ဦးဆောင်သည့် မြန်မာပြည်ငြိမ်းချမ်းရေးအဖွဲ့က၊ ကုလသမဂ္ဂရုံးချုပ်နှင့် ဆက်သွယ်လှုပ်ရှားနှိုင်ရန် နယူးယောက်တွင် ရုံးခန်းတခုဖွင့်ထား၏။ ထိုအဆက်အသွယ်ကို အကြောင်းပြုကာ၊ ဆရာတော်သည် ကုလသမဂ္ဂ အာရှတောင်ပိုင်းနှင့်ပစိဖိတ်ဒေသ နိုင်ငံရေးကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာဗင်ဒဲလ် (Mr. Francesc Vendell) နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်။ ဆရာတော်က စစ်အစိုးရနှင့် အတိုက်အခံ နိုင်ငံရေးသမားများအကြား၊ ပဋိပက္ခဖြစ်နေမှုများကို စေ့စပ်ဖြေရှင်းပေးလိုသော ဆန္ဒရှိနေခဲ့သည်။ ယင်းစေ့စပ်မှု များတွင်၊ ကုလသမဂ္ဂက အကူအညီများစွာပေးနှိုင်သည်ဟု ဆရာတော်ကယူဆ၏။ ဆရာတော် မြန်မာပြည်မှ ပြန်ကြွလာပြီးနောက်၊ ဇွန်လလည်ခန့်၌ နယူးယောက်သို့ဆက်ကြွလာ၏။ ထို့နောက် သူ၏ရည်ရွယ်ချက်များကို ရှင်းလင်းပြရင်း၊ မြန်မာပြည်တွင် ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်အပါအဝင် စစ်ဗိုလ်များနှင့်၎င်း၊ အရေးပါသော နိုင်ငံရေးသမားများနှင့်၎င်း တွေ့ဆုံဆွေးနွေးခဲ့ပုံကို မစ္စတာဗင်ဒဲလ်အား အသိပေးခဲ့၏။ ထိုမျှသာမက ကုလသမဂ္ဂဆိုင်ရာ အနောက်နိုင်ငံများမှ သံအမတ်များနှင့်လည်း တွေ့ဆုံကာ သူတို့၏သဘောထားများကို တောင်းခံခဲ့သေးသည်။

သံတမန်များက စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလည်းလွှဲမပေးနှိုင်၊ လွှတ်လည်းမလွှတ်ပေးနှိုင်လျှင်၊ အနည်း ဆုံး သူနှင့်တွေ့ဆုံဆွေးနွေးမှုကိုပြုသင့်သည်ဟု ပြောကြသည်။ ကုလသမဂ္ဂရှိသံတမာန်အများစုက မြန်မာပြည်တွင်စေ့စပ်ဆွေးနွေးပွဲများ ဖြစ်မြောက်လာရေး စိတ်ဝင်တစားရှိကြ၏။

ဤသို့ ငြိမ်းချမ်းရေးနှင့် အပြစ်အခတ်ရပ်စဲရေးစေ့စပ်ပွဲများ၌ ဗုဒ္ဓဘာသာဆရာတော်ကြီးများ ဦးဆောင်လုပ်ကိုင်ခဲ့ကြသည်မှာ မြန်မာ့ ရာဇဝင်တွင်၊ အထင်အရှားရှိခဲ့ပါ၏။ ဆရာတော်ဦးရေဝတသည်၊ မြန်မာ့အရေး၌သာမက၊ ငြိမ်းချမ်းရေးအတွက်ဆိုပါက မည်သည့်နိုင်ငံ အတွက်မဆို၊ ကူညီဆောင်ရွက်ရန်ဝန်လေးသော ဆရာတော်မဟုတ်ပါ။ အိန္ဒိယနှင့် တရုပ်ပြည်တို့ ပဋိပက္ခဖြစ်နေကြစဉ်က၊ အိန္ဒိယ ဝန်ကြီးချုပ် မစ္စစ်အင်ဒီရာဂန္ဒီ၏ပေးစာကို တရုပ်ခေါင်းဆောင်များထံ လက်ထိလက်ရောက်သွားရောက်ပေးပို့ခဲ့သူမှာ ဆရာတော်ဦးရေဝတ ပင်ဖြစ်သည်။

ကုလသမဂ္ဂ၏ အားပေးမှုကြောင့် တအားတက်ကာ ဆရာတော်က၊ မြန်မာပြည်တွင် စစ်အစိုးရခေါင်းဆောင်များနှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တို့ စေ့စပ်ဆွေးနွေးစေရေးကို၎င်း၊ လက်နက်ကိုင် တော်လှန်ပုန်ကန်နေသူများကို စေ့စပ်ဆွေးနွေးရေးစားပွဲသို့ ခေါ်ဆောင်ရန်ကို၎င်း၊ ဆက်လက်ကြိုးစားရန်သန္ဓိဌာန်ချခဲ့လေသည်။ ဆရာတော်က ယင်းကိစ္စရပ်များနှင့် ပါတ်သက်၍ တိုင်ပင်နှီးနှောသောအခါ၊ ကျွန်တော်ကထောက်ခံအားပေးရုံမျှမက၊ ကိုယ်တိုင်စိတ်ရောကိုယ်ပါ ပါဝင်ကူညီမည်ဖြစ်ကြောင်း လျှောက်ထားခဲ့ပါသည်။

ဆရာတော်ဦးရေဝတသည်၊ ၁၉၉၄ခု သြဂုတ်လ (၅) ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ကြွသွားခဲ့၏။ ဆရာတော်က ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်ထပ်မံတွေ့ဆုံသောအခါ၊ တကမ္ဘာလုံးကစစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန်နှင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့အာဏာလွှဲပြောင်းပေးအပ်ရန် လိုလားနေကြကြောင်းမြွက်ကြားခဲ့သည်။ အကယ်၍ မလွှတ်ပေးနှိုင်လျှင်၊ တွေ့ဆုံဆွေးနွေး စေ့စပ်ရေးများမူ ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့၏။ ထိုစဉ်က ဒုဗိုလ်ချုပ်ကြီးခင်ညွန့်မှာမြန်မာပြည်တွင် သြဇာအာဏာအရှိဆုံးဟု တကမ္ဘာလုံးကသတ်မှတ်ထားပြီး၊ လူမုန်းလည်းအများဆုံးဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုမူ “ဦးလေးကြီးလိုဘဲ”ဟုချီးကြူး ထောမနာ ပြုနေကြချိန်ဖြစ်၏။ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က သူတို့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးနှိုင်ရသည့်အကြောင်းနှင့်၊ အာဏာလွှဲမပေးနှိုင်ရသည့် အကြောင်းရင်းများကို လုံးစေ့ပါတ်စေ့ ဆရာတော်အား ရှင်းပြခဲ့သည်ဆို၏။ ဆရာတော်က ဆက်လက်၍ ဆင်ခြေမတက်ခဲ့ချေ။

ထိုဒုတိယအခေါက်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့လေသည်။ နှစ်အတော်ကြာ အတူနေအိမ်ဖေါ်များမှတပါး၊ မိသားစု များအပါအဝင် မည်သူနှင့်မှ တွေ့ဆုံခွင့်၊ စကားပြောဆိုခွင့်မရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်၊ ငါးနှစ်ခန့်အတွင်း ပထမဆုံး ပြင်ပမြန်မာအဖြစ် ဆရာတော်ဦးရေဝတကို တွေ့ဆုံဖူးမျှော်ခွင့်ရမည်ဆိုသောအခါ၊ ဝမ်းသာအယ်လဲရှိသွားဟန်တူသည်။ ဆွမ်း၊ ကွမ်းပါ ကပ်လိုပါသည်ဟု ပင့်ဖိတ်လိုက်၏။

ဝန်ကြီးချုပ်ဦးနု၏ ပြည်ထောင်စုအစိုးရတက်လာသောအခါ၊ ဦးနုက ကွယ်လွန်သူလွပ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ သားဦးအောင်ဆန်းဦးနှင့် သမီးဒေါ်အောင်ဆန်းစုကြည်တို့လည်း အိန္ဒိယသို့ လိုက်ပါသွားခဲ့ကြ၏။ ထိုစဉ်ကဆရာတော်ဦးရေဝတမှာ အိန္ဒိယသို့ ပညာတော်သင်အဖြစ်သွားရောက်ပြီးနောက်၊ ယင်းနိုင်ငံ၌ ပင် ဆက်လက်သီတင်းသုံးနေထိုင်နေစဉ်ဖြစ်သည်။ သံအမတ်ကြီးက ဗုဒ္ဓသာသနာတော်ကိုလွန်စွာကြည်ညိုလေးစားသဖြင့် ဆရာတော် ဦးရေဝတနှင့် အခြားသံဃာတော်များကို၊ မကြာခဏ ပင့်ဖိတ်ဆွမ်းဆက်ကပ်လေ့ရှိသည်ဟုဆို၏။ သို့ဖြင့်အရွယ်ရောက်စ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း ဆရာတော် တရင်းတနှီးသိကျွမ်းခဲ့လေသည်။

ယင်းသို့သော အခြေအနေများကိုထောက်ရှုလျှက်၊ ဆရာတော်က၊ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို၊ ရင်ကြားစေ့ ပေးလိုသည်ဆိုသည့်အခါ၊ စေ့စပ်ဆွေးနွေးရေးကို လိုလားအားပေးဟန်ရှိသော၊ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က လက်ခံကြိုဆိုခဲ့ပုံရ၏။

ဘာသာရေးကို လေးစားသော ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း၊ ရေငတ်စဉ်ရေတွင်းထည်းသို့ ကျသည့်ပမာပေပင်။ ၁၉၉၄ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသည်မှာ၊ မြန်မာပြည်၏ နိုင်ငံရေးပြောင်းလဲရန် လမ်းစဖြစ်လာနှိုင်စေခဲ့၏။

သြဂုတ်လ လဆန်းပိုင်း မြန်မာပြည်သို့ဆရာတော်လာရောက်စဉ်၊ ဒေါက်တာအေးရစ်စ်သည်လည်း ဇနီးသည်ထံလည်ပါတ်ခွင့် ရနေ ချိန်ဖြစ်၏။ ဆရာတော်၏ပေါက်ရောက်မှုကိုသိသော ဒေါက်တာအေးရစ်စ်က၊ သူ့ဇနီးသည်ထံသို့ အလည်အပါတ်သွားရောက်လိုကြောင်း လျှောက်ထားသဖြင့်၊ ဆရာတော်ကအကူအညီပေးခဲ့သည်။ ဆွမ်းကွမ်းဆက်ကပ်ပြီးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆရာတော်တို့ လွတ်လပ်စွာဆွေးနွေး ပြောဆိုနှိုင်ကြစေရန် ဒေါက်တာအေးရစ်စ်နှင့် အိမ်ရှိလူအားလုံးက အခမ်းတွင်းမှထွက်သွားကြသည်ဟုသိရ၏။

“ဒေါသနဲ့ မုန်းတီးမှုတွေကိုရင်ထဲမှာသိမ်းထားမယ်ဆိုရင်၊ နှစ်လုံးသားထဲမြွေပွေးပိုက်ထားသလို အန္တရာယ်ကြီးလှပါတယ်” ဟု ပြောယင်း၊ သူ့အနေနှင့် သူ့အားအကျယ်ချုပ်ချထားသောစစ်အာဏာရှင်များကို စိတ်လည်းမဆိုး။ အမုန်းလည်းမပွားဟု ဒေါ်အောင်ဆန်း စုကြည်ကဆိုကြောင်း ဆရာတော်ကပြောပြ၏။ သူ့အနေနှင့် ကိုယ်တိုင်လွတ်မြောက်ရေးထက်၊ အဖမ်းအဆီးခံရပြီး အနယ်နယ်အရပ်ရပ်၌ ထောင်သွင်း အကျဉ်းချခံနေရသော အခြားဒီမိုကရေစီဘက်တော်သားများ လွတ်မြောက်ရေးကိုသာပိုမိုလိုလားကြောင်း။ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခွင့်ရမည်ဆိုပါက သူ၏ကိုယ်တိုင်လွတ်မြောက်ရေးမှာ လိုအပ်ချက်တခုဖြစ်သည်ဟုပင် မယူဆကြောင်း ဒေါ်အောင်ဆန်း စုကြည်ကပြောခဲ့သည်ဟုသိရ၏။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတို့၏ ပြဿနာများကို မြန်မာများကသာနားလည်နှိုင်ပြီး၊ အယူအဆနှင့် သဘောထား ကွဲလွဲချက်များကို မြန်မာအချင်းချင်းကသာ ဆွေးနွေးညှိနှိုင်းနှိုင်မည်ဖြစ်ကြောင်း။ သူ့ဖခင်တည်ထောင်ခဲ့သော မြန်မာ့တပ်မတော်မှ တပ်မတော်သားများကို၊ မောင်နှမအရင်းအချာများသဖွယ်သာ သဘောထားကြောင်းနှင့် စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး ရန်အသင့်ရှိကြောင်းပြောကြားသည်ဟုလည်း သိရ၏။

“ဘုန်းကြီးက မစုမွေးနေ့မှာ တကာကြီးဆွမ်းကပ်အမျှပေးဝေတဲ့အကြောင်းပြောပြတော့၊ မစုကပြုံးနေတယ်” ဟု ဆရာတော်က ကျွန်တော့ကိုအသိပေး၏။ ဆိုခဲ့ပြီးသည့်အတိုင်း ၉၀စုနှစ် စောစောပိုင်းများတွင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူနည်းပါး လှ၏။ အနိုင်နိုင်ငံမှ မြန်မာ့ဒီမိုကရေစီကိုထောက်ခံအားပေးသော အစိုးရများကပင်၊ ဒေါ်အောင်ဆန်းစုကြည်၏အရေးပါမှုကို သံသယ ဖြစ်လာကြကာ၊ ခေါင်းဆောင်သစ်ရှာလာနေကြသည်။ ၁၉၉၁ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရရှိခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် အတွက် ပြည်တွင်းနိုင်ငံရေးအခြေအနေမှာ ထူးခြားတိုးတက်လာခြင်းမရှိခဲ့ပါ။ ထိုအချိန်တွင် လူနည်းစု၌ပါဝင်သော ကျွန်တော်ကမူ စိုက်လိုက်မတ်တတ် သူ့ကိုထောက်ခံအားပေးကာ၊ သူ့မွေးနေ့များကိုလည်း အမှတ်တရ နည်းနည်းနှင့်ကျဲကျဲဝိုင်းလျှက် ကျင်းပပေးခဲ့သည်။ သူအနှောင်အဖွဲ့မှလွတ်ရာလွတ်ကြောင်း ဆွမ်းကပ်အမျှဝေရုံမျှသာမက၊ ကျွန်တော်တို့စာစောင် The Burma Review တွင်၊ လစဉ် သူနှင့်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ပြီးသည့်နောက်၊ ဆရာတော်က ဒုဗိုလ် ချုပ်ကြီးခင်ညွန့်ကို အတိုက်အခံနိုင်ငံရေးခေါင်းဆောင်၏ သဘောထားများအား ပြန်လည်ပြောကြားခဲ့၏။ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့အထက်ခေါင်းဆောင်များကိုလည်း ကိုယ်တိုင်မြွက်ဆိုရန်လျှောက်ထားကာ၊ နောက်တနေ့တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ကို ဆရာတော်ထံခေါ်လာခဲ့လေသည်။

ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဗိုလ်ချုပ်ကြီးများအပေါ်အာဂါတမရှိဘဲ၊ မောင်နှစ်မရင်းများသဖွယ်သာခင်မင်လေးစား ကြောင်း ပြောပြသည့်အခါ၊ “ဗိုလ်ချုပ်သန်းရွှေကလည်း၊ သူတို့အနေနဲ့အကြောင်းကြောင်းကြောင့် မစုကို အကျယ်ချုပ်ချထားရပေမဲ့၊ ညီမလေးသဖွယ်သဘောထားကြောင်းပြောပြတယ်” ဟု နယူးယောက်သို့ ဆရာတော်ထပ်မံကြွလာသောအခါ၊ ကျွန်တော့ကိုမိန့်ကြား၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မကြာမှီဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်ဟုဂတိပြုကြောင်း ကြားရသဖြင့်၊ ကျွန်တော်အားတက်မိသည်။ လိပ်ခဲတင်းလင်း၊ ရှဥ့်မလျှောက်သာ၊ ပျားမစွဲသာဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကိုကျော်လွန်ရန် အလွန်လိုအပ်နေသော အချိန်လည်းဖြစ်ပါ၏။ မကြာမှီ သတင်းထူးများကြားရနှိုင်သည်ဟု ဆရာတော်ကနိမိတ်ဖတ်လေသည်။

ဝါတွင်းဖြစ်သဖြင့် တပါတ်သာနေပြီး၊ သြဂုတ်လ (၁၀) ရက်နေ့ မြန်မာပြည်မှထွက်ခွာလာခါနီးတွင်၊ “ဗိုလ်ချုပ်များက မကြာမှီတွေ့ဆုံ စကားပြောရန်ရှိကြောင်း” ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုံးဆက်ကာ၊ ဆရာတော်ကအသိပေးခဲ့သေး၏။

ဆရာတော်က သူ၏ကြိုးပမ်းအောင်မြင်မှုများကို ကုလသမဂ္ဂသို့သတင်းပို့ရန်၊ အထောက်အထားများနှင့်တကွ ရောက်ရှိလာ၏။ ဒေါ်အောင်ဆန်းစုကြည်က ဆရာတော်အားရေးသားသော စာတစောင်နှင့်၊ ဆရာတော်ကိုလာရောက်ဖူးမျှော်ကြသည့် ဗိုလ်ချုပ်ကြီးများ ဓါတ်ပုံတို့လည်းပါဝင်သည်။ ဘရွတ်က်လင်း (Brooklyn) ရှိ ဆရာတော်ဦးအိန္ဒက၏ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဦးရေဝတနှင့်ပြန်လည်တွေ့ဆုံမိသောအခါ၊ ဆရာတော်က ကုလညွှန်ကြားရေးမှူးကိုပြသရန် ဒေါ်အောင်ဆန်းစုကြည်၏စာကို ဘာသာပြန် ခိုင်းသည်။ ကျွန်တော်မှာမြန်မာစာနှင့် နှစ်အတော်ကြာကွာဝေးနေသည့်အပြင် မေတ္တာ၊ ဂရုဏာစသည့် ပါဠိစကားများကို ဘာသာပြန် နှိုင်စွမ်းလည်းမရှိသဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်၏အလွန်လေးနက်သော စာအရေးအသားကို အဓိပ္ပါယ်မှီအောင်ပြန်ဆိုရန် အခက်အခဲ တွေ့နေခဲ့ရသည်။

ထိုစဉ်က ဆရာတော်ကိုကူညီလုပ်ကိုင်ပေးနေသော အင်္ဂလိပ်လူမျိုးတယောက်ရှိ၏။ ကျမ္မာရေးချို့တဲ့သဖြင့် မကျမ္မာပင်စင်ယူထား ရသောဒေးဗစ်ဒ်ဖြစ်သည်။ ဗုဒ္ဓဘာသာပါဠိစကားအချို့ကို အင်္ဂလိပ်ဘာသာသို့ သူကပြန်နှိုင်စွမ်းရှိသည်။ ကျွန်တော်မကျွမ်းမကျင် ဘာသာ ပြန်ထားသည့်စာမှ ပါဠိစကားများကို သူကပြီးပြည့်စုံအောင် ထပ်မံရေးသားပေးခဲ့သည်ဟု ဆရာတော်ကပြောပြ၏။

ဒေးဗစ်ဒ်က ဘာသာပြန်ပေးရုံသာမက စာကိုမိတ္တူကူးယူကာ၊ သူနှင့်နီးစပ်သော မြန်မာအချို့ကိုပြသခဲ့လေသည်။ အမှန်က ဒေါ်အောင်ဆန်းစုကြည်ရေးသားသောစာမှာ၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်စာတစောင်ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များအပေါ် ယုံကြည်မှုရရှိလာနှိုင်စေရေးအတွက်၊ ဆရာတော်က ကုလသမဂ္ဂ ခေါင်းဆောင်များကို၊ စာနှင့်ပါတ်သက်၍အသိပေးလို၏။ စာပါအချက် အလက်များကိုလည်းသိစေလို၏။ ဤသည်မှတပါး၊ ဆရာတော်၌အခြားရည်ရွယ်ချက်လုံးဝမရှိချေ။ စာနှင့်ဓါတ်ပုံအား ကျွန်တော်တို့ စာစောင်တွင် ထည့်သွင်းဖေါ်ပြခွင့် မပြုသည်သာမက၊ ယင်းစာနှင့်ဓါတ်ပုံများရှိသည်ကိုပင် အရိပ်အမြွက်ရေးသားခွင့်မပြုခဲ့ချေ။

၁၉၉၄ခု စက်တင်ဘာလဆန်းပိုင်းတွင် လာရောက်သောခရီးစဉ်အတွင်း၊ ကျွန်တော်နှင့် နီးနီးကပ်ကပ်နေထိုင်ဆွေးနွေးနှိုင်ရန်အတွက်၊ ဆရာတော်က ကျွန်တော့အိမ်ခမ်းသို့ပြောင်းရွှေ့သီတင်းသုံးလှာသည်။ လူစိမ်းတရံစာများ အဝင်အထွက်ကင်းရှင်းသော ကျွန်တော့ထံ တွင်၊ ကျွန်တော်တို့နှစ်ဦး အေးအေးလူလူရှေ့လုပ်ငန်းစဉ်များကိုရေးဆွဲခဲ့ကြ၏။ လူစိမ်းတရံစာများအဝင်အထွက်ကင်းရှင်းသည်ဆိုသော် လည်း၊ ဆရာတော်နှင့်အလွန်ရင်းနှီးသော မရွှေဇင်ဦးကိုမူ လာရောက်လည်ပါတ်ကာ၊ ဆရာတော်အားဖူးမျှော်ခွင့်ပြုခဲ့ရသည်။ ထိုအချိန်က မစ္စတာဂျော့ဂ်ျဆောရို့စ် (Mr. George Soros) ၏ ပွင့်လင်းသောလူ့အဖွဲ့အစည်း (Open Society) မှမြန်မာပြည်ဆိုင်ရာဌာနခွဲတွင် အလုပ်လုပ်နေသော မရွှေဇင်ဦး ကား အသက်အရွယ်ငယ်ငယ် အိန္ဒိယ၌ နေစဉ်ကပင် ဆရာတော်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်၍၊ သူလာရောက်သည်ကိုမတားမြစ်ခဲ့ပါချေ။

ဆရာတော် နယူးယောက်၌ရှိနေစဉ်၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကုန်ပိုင်း၌တွေ့ဆုံရန် စီစဉ်ထားကြောင်း သတင်း ထုတ်ပြန်လိုက်သည်။ သို့ရာတွင် အစိုးရများနှင့် သံတမာန်များက မြန်မာပြည်တွင် တွေ့ဆုံဆွေးနွေးရေးများ အလျှင်အမြန် အကောင် အထည်ဖေါ်ရန် တိုက်တွန်းကြ၏။ ထို့ကြောင့်၊ ဆရာတော်က အင်္ဂလန်ရှိမြန်မာသံအမတ်ကြီးဦးလှမောင်ကို ဖုံးဆက်ကာ၊ သူချက်ချင်း ပြန်ကြွလာမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။ သံအမတ်ကြီးဦးလှမောင်၏အကူအညီဖြင့် စစ်အစိုးရအား နိုင်ငံတကာဆန္ဒ အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အမြန်ဆုံးတွေ့ဆုံရန် မေတ္တာရပ်ခံလိုက်သည်။

ကမ္ဘာနှင့်အဝှမ်း ကြေညာခဲ့သည့်အတိုင်း၊ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁၉၉၄ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြလေသည်။ နှစ်ဦးနှစ်ဘက်စလုံးကလည်း ထပ်မံ တွေ့ဆုံရန် လိုလားကြောင်းပြောကြားခဲ့ကြသည်။

အများသိကြသည့်အတိုင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ငါးနှစ်ခန့်ကြာ မည်သူနှင့်မျှတွေ့ဆုံပြောဆိုခွင့်မပြုခဲ့ပါ။ ထို့ကြောင့် ကျွန်တော်က စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏တွေ့ဆုံပွဲကို၊ အများကဝမ်းသာအားရ ထောက်ခံကြ ကြောင်း၊ အတိုက်အခံခေါင်းဆောင်သိစေ့ချင်၏။ ပြည်သူက ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များက ထောက်ခံ ကြသည်ဆိုလျှင် ပိုမိုသင့်လျှော်သည်ဟုလည်းယုံကြည်သည်။ ထို့ကြောင့် ပြင်ဦးလွင်နယ်မြေမှရွေးကောက်တင်မြှောက်ခံထားရသော ဦးပီတာလင်းပင်ကို အကူအညီတောင်းခဲ့၏။
ဦးပီတာလင်းပင်မှာ ၉၂ခုနှစ်လည်ကတည်းက စင်ပြိုင်အစိုးရတွင်ပါဝင်ခြင်းမရှိတော့ပါ။ နယူးယောက်တွင်အခြေချကာ၊ လခစား အလုပ်တခုကိုလုပ်ကိုင်လျှက်ရှိ၏။ တကြိမ်တွင် အလုပ်ခွင်၌ ဓါးပြတိုက်ခံရကာ၊ သေနတ်နှင့်အပြစ်ခံရပြီး၊ ဒဏ်ရာရရှိခဲ့စဉ် သူ့ကို၊ ကျွန်တော်ကကူညီအားပေးစကားများပြောခဲ့၍ ပိုမိုခင်မင်ရင်းနှီးလာခဲ့သည်။ အားလပ်သောအချိန်များတွင်၊ နိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရန် အဖေါ်ကောင်းတယောက်ရရှိခဲ့သဖြင့် ဝမ်းသာအားရရှိခဲ့ရသည်။ သူက လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကိုလည်း၊ အတွင်းကျကျသိရှိနားလည်၏။

၁၉၉၄ခုနှစ်တွင် ပြည်ပသို့ရောက်ရှိနေသောပြည်သူ့ကိုယ်စားလှယ်ပေါင်း ၁၅ဦးခန့်ရှိမည်ထင်ပါသည်။ ဦးပီတာလင်းပင် ဦးဆောင် မှုဖြင်၊့ ပြည်သူ့ကိုယ်စားလှယ်များက စစ်တပ်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးခြင်းကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း ကြေငြာနိုင်ရန် ကျွန်တော်တို့ကြိုးစားခဲ့၏။ ထိုထောက်ခံမှုနှင့်အတူ ပြည်သူတို့ကကြိုဆိုအားပေးပါက ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေ များစွာတိုးတက်ပြောင်းလဲလာနိုင်ခြေရှိ၏။

တကယ်တန်းလိုက်လံစည်းရုံးသောအခါ၌မူ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးတွင် ပါဝင်သူအများစုက ထိုဆွေးနွေးပွဲကိုဆန့်ကျင် နေကြကြောင်း မျက်ဝါးထင်ထင်တွေ့မြင်လာရသည်။ ဥရောပမှ နိုင်ငံရေးခေါင်းဆောင်တဦးက၊ “တချို့လူတွေက ညီညွတ်ရေး ညီညွတ်ရေးကြွေကြော်နေကြပေမဲ့၊ တကယ်ညီညွတ်သွားမှာကို ကြောက်ကြတာလဲသူတို့ဘဲ” ဟုဝေဖန်ဘူးသည်ကို သွားသတိရမိ၏။ နိုင်ငံခြားအစိုးရများနှင့်အတူ သာမန်မြန်မာပြည်သူတို့က ထိုတွေ့ဆုံဆွေးနွေးပွဲမှ ရလာဒ်ကောင်းကို အတော်အတန် မျှော်လင့်ထားကြ သည်ဟု ကျွန်တော်ယုံကြည်ပါသည်။

အခြေအမြစ်မရှိသော မျှော်လင့်ချက်များထားကာ၊ စိတ်ကူးယဉ်အိမ်မက်များဖြင့်၊ လေထဲတိုက်အိမ်ဆောက်တတ်ခြင်းမှာ၊ ကျွန်တော် တို့မြန်မာလူမျိုးများ၏ အကျင့်လောမသိပေ။ မည်သူကမည်သို့ဝါဒဖြန့်ထားသည်မသိ၊ နိုင်ငံခြားရောက် မြန်မာအများစုက၊ စစ်အစိုးရကို အဖွဲ့မှထုတ်ပါယ်ပြစ်သည်အထိအရေးယူရန် ကုလသမဂ္ဂကအဆင်သင့်ဖြစ်နေပြီ။ ကုလသမဂ္ဂ၏ အရေးယူမှုကိုရှောင်လွှဲနှိုင်ရန်၊ စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။ ဆွေးနွေးပွဲမလုပ်လျှင်လည်း စစ်အစိုးရပြုတ်ကျတော့မှာအမှန်ဖြစ်သည် ဟု သတင်းများပြန့်နှံ့နေ၏။ ဆင်ကိုမော့ကြည့်ပြီး စိတ်ကူးယဉ်နေသောခွေးကလေးအကြောင်း မြန်မာ့ဆိုရိုးစကားတခုကို သွားအမှတ်ရ လိုက်မိပါ၏။

ကျွန်တော်တယ်လီဖုံးတလုံးဖြင့် ကမ္ဘာအရပ်ရပ်သို့ ဆက်သွယ်ကာစည်းရုံးရေးဆင်းခဲ့ပါသည်။ ယိုးဒယားတွင်အခြေချပြည်သူ့ ကိုယ်စားလှယ်များအနက်မှ စင်ပြိုင်အစိုးရ၏ တရားရေးဝန်ကြီးဟောင်းဦးသိန်းဦးမှအပ၊ ကျန်သူများက ထောက်ခံရန်ငြင်းဆိုကြ၏။ အိန္ဒိယရောက်ကိုယ်စားလှယ်များခေါင်းဆောင် ဒေါက်တာတင့်ဆွေကလည်း၊ သူတို့အဖွဲ့ဝင်များအနေဖြင့် ဆွေးနွေးပွဲကိုမလိုလားဟု ပြတ်ပြတ်သားသားဖြေကြားသည်။ စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းက တွေ့ဆုံပွဲသတင်းကိုကြိုဆိုသော်လည်း စစ်အစိုးရ၏ သဘောထား ရိုးသားသည်ဟုမယုံကြည်နှိုင်ဆိုကာ၊ ပြင်းပြင်းထန်ထန် သတိပေးစကားဆိုလိုက်သည်။ “အပြည်ပြည်ဆိုင်ရာအခမ်းအနား တခု စတော့မယ်ဆိုတိုင်း၊ ဒီအာဏာသိမ်းအဖွဲ့က ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ကြေညာတတ်ပြီး၊ အခမ်းအနားတွေလဲပြီးရော ဘာမှ ဆက်မလုပ်တော့ဘူး” ဟု စတင်ကျင်းပနေသည့် ကုလသမဂ္ဂအထွေထွေညီလာခံကိုရည်ညွှန်းကာ ဝေဖန်ကြောင်း ကြားသိရသည်။
နောက်ဆုံးတွင် ဦးပီတာလင်းပင်၊ ဦးသိန်းဦးနှင့် ပြည်ပရောက် အခြားပြည်သူ့ကိုယ်စားလှယ်လေးဦးကသာ ပြည်တွင်းမှ ထိပ်သီးဆွေးနွေး ပွဲကို အကြွင်းမရှိထောက်ခံကြကြောင်း လက်မှတ်ရေးထိုးကြေငြာကြလေသည်။

ထိုကြေငြာချက်ကိုကိုင်၍၊ ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးနိုင်ရန်၊ ကျွန်တော်သတင်းတပုဒ်ရေးခဲ့၏။ ဘီဘီစီမြန်မာပိုင်း အစီ အစဉ်မှနေ၍ထိုသတင်းကိုထုတ်လွှင့်မည်ဆိုသောအခါ၊ ထိုစဉ်က ဘီဘီစီ မြန်မာပိုင်းဌာနမှူး မစ္စတာဒဲရက်ခ်ဘရွတ်ခ်ဝေးဗဲလ်စ် (Mr. Derek Brookwavels) က၊ လွှင့်သင့်မလွှင့်သင့် ပြန်လည်စဉ်းစားရန် ကျွန်တော့ကိုတိုက်တွန်းလေသည်။ မစ္စတာဘရွတ်ခ် ဝေးဗဲလ်စ်မှာ မြန်မာပြည်သို့ သွားရောက်လည်ပါတ်ကာ၊ စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြန်ရောက်ခါစဖြစ်၏။

“စစ်ဗိုလ်တွေက အောင်ဆန်းစုကြည်ကိုကြောက်နေကြတာ။ အခုလိုဟိုလူကထောက်ခံတယ်၊ ဒီလူကထောက်ခံတယ် ဖြစ်လာရင်၊ သူတို့ပိုတွန့်ဆုတ်သွားနှိုင်တယ်။ သူ့ကိုလူအများစုကထောက်ခံတယ်ဆိုတာလဲ အောင်ဆန်းစုကြည်သိပြီးသားဘဲ” ဟုသူကစေတနာ ဖြင့်ထောက်ပြ၏။ ကျွန်တော်ကမူ ဤတွေ့ဆုံဆွေးနွေးပွဲကို ထောက်ခံသူ ပြည်သူ့ကိုယ်စားလှယ်များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သိရှိရန်လိုအပ်သည်ဟုယူဆ၏။ နောက်ဆုံးတွင် မစ္စတာဘရွတ်ခ်ဝေးဗဲလ်စ်က လက်လျှော့ကာ သတင်းလွှင့်သည်ကိုမတားမြစ်တော့ပါ။

အင်္ဂလန်ထုတ်စာနယ်ဇင်းများတွင် ဆရာတော်၏စေ့စပ်ရေးကြိုးပမ်းမှုများကို၊ အကျယ်တဝင့်ရေးသားဖေါ်ပြကြ၏။ အချို့သတင်းများ အရ ပြည်တွင်းရှိပြည်သူအပေါင်းတို့က တွေ့ဆုံပွဲကို အကောင်းဘက်သို့ရှေ့ရှုမည့် နိုင်ငံရေးတိုးတက်ရာလမ်းကြောင်း အစဦးဖြစ်သည်ဟု အားတက်သရော သြဘာပေးကြသည်ဟုသိရ၏။ ပြုံးပြုံးရွှင်ရွှင်နှင့် စစ်ဗိုလ်ချုပ်များကိုတွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်မြင် သံကြား၌တွေ့ရသည့်အခါ၊ “ကျွန်တော်လက်ခုပ်လပ်ဝါးမတီးဘဲမနေနိုင်တော့ဘူး” ဟု၊ သက်ကြီးရွယ်အို မြန်မာအမျိုးသားတဦးက ဆိုကြောင်း နိုင်ငံခြားသတင်းဌာနများကရေးသား၏။ ပုဂ္ဂလိကကုန်သွယ်ရေးသမားများကမူ တိုင်းပြည်၏ စီးပွားကုန်သွယ်ရေးအတွက် ကောင်းမြတ်သောလက္ခဏာဖြစ်ကြောင်းဝေဖန်ကြသည်ဟု တိုင်းမ်မဂ္ဂဇင်းမှ ဆောင်းပါးရှင် ဂျိမ်းမ်စ်ဝဲလ်ရှ် (James Walsh) က ရေးလေသည်။ အလားတူပင် ပြည်တွင်းပြည်ပရှိ သံတမာန်များ၊ နိုင်ငံတကာအစိုးရများက ချီးကြူးအားပေးစကားပြောကြားကြ၏။

သို့ရာတွင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါဝင်သော ပြည်ပရောက်အင်အားစု ရာခိုင်နှုံးပြည့်နီးပါးမှာ၊ ဤတွေ့ဆုံပွဲကို ခါးခါးသီးသီး ဆန့်ကျင်ကြလေသည်။ တွေ့ဆုံဆွေးနွေးပွဲကို အကြိမ်ကြိမ်တောင်းဆိုနေသူများက၊ အမှန်တကယ်တွေ့ဆုံပွဲကို ဆန့်ကျင်လာကြသော အခါ၊ ကျွန်တော်တို့မျက်စေ့လည်ကြရ၏။ ထို့ထက်ဆိုးဝါးသည်မှာ၊ စစ်အစိုးရကိုသာမက၊ ဗိုလ်ချုပ်များကိုတွေ့ဆုံသော ဒေါ်အောင်ဆန်း စုကြည်နှင့်၊ တွေ့ဆုံပွဲဖြစ်မြောက်ရန်ကြိုးစားသော ဆရာတော်ဦးရေဝတတို့ကို ပုဂ္ဂိုလ်ရေးအရပါ နှစ်ပြားမတန်ပြောဆိုဝေဖန်လာကြခြင်း ဖြစ်သည်။ အချို့ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းများက အကျယ်ချုပ်မှလွတ်မြောက်ရေးအတွက် အခြားဒီမို ကရေစီအင်အားစုများကို သစ္စာဖေါက်ကာ၊ ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်များနှင့် လျှို့ဝှက်အပေးအယူလုပ်နေသည်ဟု စွပ်စွဲကြ၏။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် နှင့်လက်တွဲကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ခေါင်းဆောင်ခဲ့ဘူးသူတဦးက “ဒီလောက် ကြာကြာအကျယ်ချုပ်နဲ့နေခဲ့တဲ့သူက၊ တကယ့်အခြေအနေမှန်ကိုဘာသိမှာလဲ၊ ကျွန်တော်တို့လို နိုင်ငံတကာလှည့်ပြီး ကမ္ဘာ့ခေါင်းဆောင် တွေနဲ့တွေ့နေတဲ့သူတွေကသာ အရာရာကိုသိနှိုင်တာ” ဟုဝင့်ကြွားစွာမြွက်ဆို၏။
ဒေးဗစ်ဒ်မှတဆင့်ပေါက်ကြားသွားသော ဒေါ်အောင်ဆန်းစုကြည်၏စာနှင့်၊ စစ်ဗိုလ်များ၏ဓါတ်ပုံကို၎င်း၊ ဆရာတော်၏ စာနယ်ဇင်းများ နှင့် တွေ့ဆုံဖြေကြားချက်များကို၎င်း၊ ထောက်ပြကာ စစ်အစိုးရ၏လက်ဝေခံအဖြစ်၊ ဆရာတော်မှာ ကိုယ်တိုင်နံမည်ကြော်ကြားရေး အတွက်၊ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေခြင်းဖြစ်ကြောင်း၊ ဝေဖန်ပြစ်တင်သံများလည်းညံလာနေခဲ့သည်။
ပြည်ပရောက် အချို့ရဟန်းပျိုများက ဆရာတော်ဦးရေဝတ၏ ဆောင်ရွက်ချက်များကို ပထမကနဦးကပင် မနှစ်သက်ကြသည့် အားလျှော်စွာ ယခုနောက်ပိုင်း၌ ပိုမိုနှာခေါင်းရှုံ့ကြပါ၏။ ကနေဒါမှ ဒီမိုကရေစီလှုပ်ရှားသူ ခေါင်းဆောင်တဦးက ရိုင်းပြစွာဝေဖန် ပြောဆိုသည်ဟု စိတ်မသက်သာဖွယ်ကြားရပါ၏။ “သူက ဗုဒ္ဓဘာသာဝင်မှမဟုတ်တော့ဘဲ၊ ဘုန်းတော်ကြီးတွေကို အနဲဆုံးရိုသေလေးစား စွာ ဆက်ဆံရတယ်ဆိုတာမေ့သွားပြီထင်တယ်” ဟုအချို့ကခွင့်လွှတ်လိုက်ကြသည်။ အချို့ကလည်း အစဉ်အလာကိုမေ့ကာ၊ ကိုယ့်လိုဘ ကိုသာစိတ်စောလျှက် “ဘုန်းကြီးတွေက နိုင်ငံရေးမှာဝင်မရှုပ်သင့်ဘူး” ဟုအပြစ်တင်ကြ၏။ ကျွန်တော်မှာ ပထမပိုင်း၌် စိတ်တွင်းမှသာ စိတ်မသက်မသာရှိခဲ့မိသော်လည်း၊ ဝေဖန်ပြစ်တင်သံများညံလာသောအခါ မအောင့်အီးနှိုင်တော့ပါ။

တနေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ လေ့လာရေးရောက်ရှိလာသော၊ လွတ်မြောက်နယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်ဦးဝင်းခက်ကို နေ့လည်စာဖိတ်ကြွေးရင်း ရင်ဖွင့်လိုက်သည်။
“နေပါဦး ဦးဝင်းခက်ရဲ့၊ မြန်မာပြည်ရဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ၊ ခင်ဗျားတို့အုပ်စုတွေဘဲလုပ်ခွင့်ရှိတယ်။ ကျန်လူတွေက ခင်ဗျားတို့သဘောမတူရင်မလုပ်ရတော့ဘူးလား” ဟု ဗြောင်မေးခဲ့၏။ ဦးဝင်းခက်နှင့် ကျွန်တော်မှာ သတင်းစာလောက၊ စာပေလောကမှ လာကြသူချင်း ရင်းနှီးပြီးသားမှို့ ကျွန်တော်မေးရဲခြင်းဖြစ်၏။ သို့ရာတွင် အရှိုက်အထိုးခံလိုက်ရသူနှယ်ရှူးရှူးရှဲရှဲဖြင့် “ခင်ဗျား ဒီလိုဘုပြော တတ်လို့ လူတွေကအမြင်ကတ်တာ” ဟု သူကပြန်ပက်လေသည်။ မြန်မာများက သူတို့အယူအဆနှင့်ဆန့်ကျင်ဘက်ပြောလျှင် ဘုပြော သည်ဟုဆိုတတ်ကြ၏။ သူတို့ပြောသမျှ နားထောင်ပြီး၊ လက်ညှိုးထောင် ခေါင်းငြိမ့်မလုပ်လျှင်၊ အငြင်းသန်သည်ဟုစွပ်စွဲတတ်ကြ၏။

“ခင်ဗျားတို့သဘောမတူရင် နိုင်ငံရေးမလုပ်ရဘူးလားသိချင်လို့ပါဗျာ။ မလုပ်ရဘူးဆိုလဲ မလုပ်ဘဲနေမလို့ပါ” ဟု ကျွန်တော်က နောက် ပြောင်လိုက်ပါသည်။

ဤပြည်ပမှ ဂယက်သည် ပြည်တွင်းသို့လည်းရောက်သွားခဲ့၏။ ပြည်ပရှိ “အချိန်ပိုင်း” နိုင်ငံရေးသမားများမွှေနှောက်မှုက မြန်မာ့ ဒီမိုကရေစီအရေးအတွက် တိုးတက်မှု ၁၇နှစ်ကျော်မျှဆုတ်ယုတ်ခဲ့ရသည်ကို၊ ၂၀၁၂ခုနှစ်သို့ရောက်သောအခါ ကျွန်တော်တို့ မျက်ဝါး ထင်ထင် မြင်တွေ့ကြရပေပြီ။

ဆရာတော်က ပြည်တွင်းစေ့စပ်ဆွေးနွေးရေး အောင်မြင်နှိုင်စေရန်အတွက်၊ နိုင်ငံတကာရှိအစိုးရဌာနများ၊ လွှတ်တော်အမတ်များ၊ သံတမာန်များနှင့် တွေ့ဆုံကာ၊ အကြံဥာဏ်များတောင်းခံခဲ့၏။ နိုဝင်္ဘာလအတွင်း နယူးယောက်၌မြန်မာပြည်ဆိုင်ရာကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ပါမောက္ခယိုဇို ယိုကိုတာနှင့်တွေ့ဆုံစဉ်၊ ပါမောက္ခက “စစ်အစိုးရအနေနဲ့ သူတို့လုပ်နေတဲ့ အမျိုးသားညီလာခံကို ဆက်လုပ်သွားဘို့ သန္ဓိဌာန်ချထားပြီးသားဆိုတာ သေချာတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနဲ့ပူးပေါင်းလုပ်ဆောင် နှိုင်ဘို့အရေးကြီးတယ်။ သူတို့ပေးလာတဲ့ဘာတာဝန်ကိုမဆိုလက်ခံယူလိုက်ရင်၊ တနေ့ကျ တိုင်းပြည်မှာ သူဖြစ်စေချင်တာတွေ ဖြစ်အောင် လုပ်လာနှိုင်မှာပါ” ဟုဝေဖန်ပြောကြားသွားသည်ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရလက်တွဲမဆောင်ရွက်သမျှ မြန်မာ ပြည်တွင် လုံးဝတိုးတက်မှုမရနှိုင်ဟု ကျွန်တော်လည်းယုံကြည်သည်။ မိတ်ဆွေများနှင့်စကားစပ်မိတိုင်း ကျွန်တော်ထိုသို့ပြောတတ်သဖြင့်၊ အချို့က ကျွန်တော့ကိုအော့နှလုံးနာလာကြ၏။ ထိုသူတို့က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်အစိုးရကို ရာသက်ပန်ဆန့်ကျင်နေရန် လိုလားကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကားပြောဘူးသော ကုလသမဂ္ဂအထူးကိုယ်စားလှယ်တော်က ထိုသို့ဝေဖန်အကြံပေးခြင်းမှာ အကြောင်းရှိနှိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှလွတ်မြောက်လာပြီးမကြာမှီ၊ အမျိုးသားညီလာခံသို့ တက်ရောက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များသည်၊ ညီလာခံမှထွက်ခွာသွားကြကုန်၏။

ဆရာတော်ဦးရေဝတ၏ ကူညီမှုဖြင့် မိုက်ကယ်လ်အေးရစ်စ်သာမက၊ သူ့မိခင်ပါ ၁၉၉၄ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ထံ အကြိမ်ကြိမ် လာရောက်လည်ပါတ်ခွင့်ရရှိခဲ့ကြသည်။ မစ္စတာဂျော့ဂ်ျဆောရို့စ်၏ ပွင့်လင်းသောလူ့အဖွဲ့အစည်းမှ မြန်မာပြည်ဆိုင်ရာ အစီအစဉ်၌ ညွှန်ကြားရေးမှူးဖြစ်နေသော ဒေါ်မိုရင်းအောင်သွင်၊ မြန်မာစားသောက်ဆိုင်ရှင်ဒေါ်မီးမီးမြင့်ဖူး စသူတို့ကလည်း မြန်မာပြည်သို့ သွားရောက်လိုသဖြင့်၊ ဆရာတော်ကို ဗီဇာရရန်အကူအညီတောင်းကြသည်။

ဆရာတော် မြန်မာပြည်သို့ ၁၉၉၄ခု ဒီဇင်ဘာလတွင် ထပ်မံကြွသွားသောအခါ၊ မစ္စတာအေးရစ်စ်နှင့် သားနှစ်ယောက်လည်း ရောက်ရှိ နေ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်ခေါင်းဆောင်များ၊ နှစ်ကြိမ်တိုင် တွေ့ဆုံပြီးချိန်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့်ထပ်မံတွေ့ဆုံကာ၊ ကုလသမဂ္ဂနှင့် အမေရိကန် အစိုးရပိုင်းအရာရှိများ၊ ဂျပန်လွှတ်တော်အမတ်များ၊ အခြား မြန်မာပြည်၏ နိုင်ငံရေးကိုစိတ်ပါဝင်စားသော အပြည်ပြည်ဆိုင်ရာခေါင်းဆောင်များ၊ သံတမာန်များ၏ အကြံပြုချက်များကို တဆင့်ပြောပြ ဆွေးနွေးရန် ဆရာတော်ကကြံစည်ထား၏။
XXXXX XXXXX XXXXX

ညီညွတ်သွားမှာကြောက်ကြသလား
၁၉၉၄ခု ဒီဇင်ဘာလခရီးစဉ်နှင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပုံကို၊ ဆရာတော်က အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။
“ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ဘုန်းကြီး ရန်ကုန်ကိုထပ်ရောက်ပါတယ်။ နောက်တနေ့မှာ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က ဘုန်းကြီးတည်းခို နေတဲ့ အစိုးရဧည့်ဂေဟာကိုရောက်လာပြီး၊ ဘုန်းကြီးနဲ့ နှစ်နာရီလောက် စကားပြောကြပါတယ်။ ရန်ကုန်ကိုကြွမလာခင်ဆွေးနွေးကြားသိ ခဲ့ရတာတွေပြောပြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာတွေ့ပါလိမ့်ဦးမယ်လို့ ဗိုလ်ချုပ်ခင်ညွန့် က ဖြေပါတယ်။ အဲဒီနောက်မှ တွေ့ဘို့စီစဉ်ကြတာပေါ့လို့လဲလျှောက်ထားသွားပါတယ်။
“အဲဒီအချိန်မှာ စစ်အစိုးရရဲ့ လေးလပါတ်အစည်းအဝေးကျင်းပနေတာရယ်၊ တရုပ်ဝန်ကြီးချုပ် အလည်အပါတ်ရောက်နေတာရယ်နဲ့ ကြုံနေလို့ဒီဇင်ဘာ (၂၇) ရက်ကျမှဘဲ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးမောင်အေး၊ ဒုဗိုလ်ချုပ်ကြီးများဖြစ်တဲ့၊ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်တင်ဦးတို့လိုက်ပါပြီး၊ ဘုန်းကြီးကိုလာတွေ့ပါတယ်။
“ဘုန်းကြီးတို့ဆွေးနွေးကြတာတွေကတော့၊ မြန်မာပြည်တွင်းနဲ့နိုင်ငံခြားမှာ လက်ရှိဗုဒ္ဓသာသနာအခြေအနေဘဲဖြစ်ပါတယ်။ ပြန်ခါနီးမှာ ဗိုလ်ချုပ်မှူးကြီးက ဘုန်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့နှိုင်ရေး လိုအပ်တဲ့အစီအစဉ်တွေလုပ်ပေးဘို့ ဗိုလ်ချုပ်ခင်ညွန့်ကိုညွှန်ကြား လိုက်ပါတယ်။ နောက်ချက်ချင်း မစ္စတာအေးရစ်စ်နဲ့ သားနှစ်ယောက်ရောက်နေတာသတိရသွားပြီး၊ သူတို့မိသားစုကို အေးအေးဆေးဆေး နေကြပါစေဦး။ ဆရာတော်နောက်မှတွေ့တာ ကောင်းပါတယ်လို့လျှောက်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ အနှောက် အယှက်မရှိ အေးအေးလူလူရှိနှိုင်အောင်အထိ စိုးရိမ်ပူပန်ရှာတာကို ဘုန်းကြီးသတိထားမိလိုက်ပါတယ်။ ဘုန်းကြီးလဲအနှစ်လေးဆယ် လောက်ကြာအောင်မရောက်ဖြစ်ခဲ့တဲ့ အညာဘက်ကိုအလည်အပါတ်ထွက်ခဲ့ပါတယ်။

“မစ္စတာအေးရစ်စ်က ဇန္နဝါရီ (၂၂) ရက်နေ့မှာပြန်သွားပါတယ်။ ဘုန်းကြီးက (၃၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါ တယ်။ သူ့အမူအရာတွေကသိသိသာသာပြောင်းလဲနေပြီး ဘုန်းကြီးကိုလဲနှစ်နှစ်ကာကာတွေ့လိုပုံမပေါ်ပါဘူး။ ဘုန်းကြီးကတော့ ပြောဘို့ ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံခြားမှအရာရှိအရာခံများရဲ့အထွေထွေသဘောထားမှာ သူ့အနေနဲ့ စစ်အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်ကြ စေလိုတာဘဲဖြစ်တယ်လို့ ပြောပြပါတယ်။ သူက ဘုန်းကြီးကြွလာတာနောက်ကျတယ်လို့အပြစ်တင်ပြီး၊ ဇန္နဝါရီ (၂၂)ရက်မှာ သူ ကြေငြာ ချက်တရပ်ထုတ်ခဲ့ပြီးပြီဖြစ်ကြောင်းနဲ့၊ အင်္ဂလန်ပြန်ရောက်တဲ့အခါ သတင်းစာများကသော်၎င်း၊ တစုံတဦးကသော်၎င်း သူနဲ့ပါတ်သက်လို့ မေးလျှင်၊ သူ့ရဲ့ ဇန္နဝါရီ (၂၂) ရက် ကြေငြာချက်ပါအချက်များကိုသာ ထပ်ပြောပြပါလို့မှာပါတယ်”

ဒေါက်တာအေးရစ်စ်က မြန်မာပြည်မှထွက်ခွာလာပြီး၊ ယိုးဒယားနိုင်ငံ၊ ဘန်ကောက်သို့ရောက်သည်နှင့်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သတင်းစာရှင်းလင်းပွဲတခုပြုလုပ်လေသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနှင့် စစ်အစိုးရ နှင့် လျှို့ဝှက်သဘောတူညီမှုများပြုလုပ်ရန် အစီအစဉ်မရှိကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထိပ်တန်းအဖွဲ့ဝင်များ၊ အခြား ဒီမို ကရေစီအရေးလှုပ်ရှားသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ စစ်အစိုးရနှင့်အပေးအယူပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့လေသည်။
ထိုကြေငြာချက်က စစ်အစိုးရခေါင်းဆောင်များကို များစွာစိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။ ဆရာတော်နှင့် ကျွန်တော်တို့မှာလည်း စိတ်လက်မချမ်းသာ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရပါ၏။

မြန်မာပြည်မှပြန်လည်ထွက်ခွာလာပြီး၊ ဘန်ကောက်လေဆိပ်တွင်လေယာဉ်ဆိုက်သည်နှင့်၊ လေဆိပ်မှနေ၍၊ ဆရာတော်ကကျွန်တော့ ကိုဖုံးဆက်ကာ၊ အကြောင်းစုံကိုရှင်းပြလေသည်။
“သူစိတ်ပြောင်းသွားပြီ။ စစ်အစိုးရနဲ့ သူဆက်ဆွေးနွေးပြီးစေ့စပ်ချင်ပုံမပေါ်တော့ဘူး။ ဘုန်းကြီးကိုတောင် စကားသိပ်ပြောချင်ပုံမတွေ့ ရတော့ဘူ။ တကာကြီးနဲ့ ဘုန်းကြီးတို့ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်ပြီထင်တယ်” ဟုဆရာတော်က စိတ်ပျက်အားလျှော့ဟန် ညဉ်းညူလေ၏။
ပြည်ပရောက်စင်ပြိုင်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချကာ မြန်မာပြည်၏နိုင်ငံရေးတွင် မိမိတို့ကိုယ်ကျိုးအတွက် ဝင်ရောက်စွက်ဖက်လိုသော အင်္ဂလန်ရှိအချို့ပုဂ္ဂိုလ်များက၊ မဟုတ်မမှန်လုပ်ကြံသတင်းများ ပို့ထားကြသည်ဟု စစ်အစိုးရအသိုင်းအဝိုင်း ကစွပ်စွဲ၏။ စစ်အစိုးရမှာ ပြုတ်ကျလုလုအသက်ငင်လျှက်ရှိသည်။ ကုလသမဂ္ဂ၏အရေးယူမှုကြောင့် လမ်းဆုံးသို့ရောက်နေချေပြီ။ ရေနစ်စဉ်ကောက်ရိုးတမျှင်ကိုဆွဲကာ အသက်ရှင်ရေးကြိုးပမ်းနေခြင်းဖြစ်သည်။ နိုင်ငံရေးနှင့်ပါတ်သက်၍ နကန်းတလုံးနားမလည်သော ဘုန်းကြီးတပါးကိုအသုံးချကာ စစ်ဗိုလ်များက ဒေါ်အောင်ဆန်းစုကြည်၏ ထမီနားခိုကပ်လျှက် သက်ဆိုးရှည်နှိုင်ရေးကြိုးပမ်းနေခြင်း ဖြစ်သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲများမလုပ်လျှင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်အား အာဏာလွှဲပြောင်းပေးရေး၊ မပေးရေးထက်၊ မည်သည့်နေရက်တွင် လွှဲပြောင်းပေးလိမ့်မည် ဆိုသည်ကိုသာ မေးရန်လိုတော့သည် စသည်ဖြင့်လှော်ထားကြသည်ဟုကြားရ၏။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့သောအခါ၊ တတိယမြောက် စစ်အာဏာသိမ်းခေါင်းဆောင်က “သူ့ယောင်္ကျားယူလာတဲ့ Laptop (ခရီးသွားပေါင်ပေါ်တင်ကွန်ပြူတာ) ထဲမှာစင်ပြိုင်အစိုးရနဲ့ တခြားလူတွေက ပေးလိုက်တဲ့စာတွေပါတယ်ဆိုတာ၊ တပည့်တော်တို့သိပါ တယ်။ ဒါပေမဲ့ တပည့်တော်တို့က ဘာမှမလုပ်ဘဲလွှတ်ပေးလိုက်ပါတယ်” ဟု ဆရာတော်အား လျှောက်ထားသည်ဆို၏။

ထိုစာများတွင် သူတို့စိတ်ကူးယဉ်တွေးထင်ထားသည့် စစ်အစိုးရ၏ အားနည်းပျော့ညံ့ချက်များကို ထောက်ပြရေးသားထားသည်သာ မက၊ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့်တွေ့ဆုံဆွေးနွေးနေသောကြောင့်၊ ဒီမိုကရေစီအင်အားစုများမကြေမချမ်းဖြစ်ကာ ဒေါသမီး တဟုန်းဟုန်းတောက်လောင်နေသည်ဟု သွယ်ဝိုက်ခြိမ်းခြောက်သောစာများဖြစ်သည်ဟုဝေဖန်ကြ၏။ ထိုဆွေးနွေးပွဲများ၌ ပါဝင်လက်ခံ ပြောဆိုနေခြင်းမှာ မိမိအကျယ်ချုပ်မှ လွတ်မြောက်ရေးအတွက် စစ်အစိုးရနှင့် အပေးအယူလုပ်ကာ၊ လျှို့ဝှက်သဘောတူညီချက်များ ရေးဆွဲပြီး၊ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများကိုရောင်းစားသည့် ဥာဏ်နီဥာဏ်နက်ပင်ဖြစ်ကြောင်းလည်း စွပ်စွဲထားကြသည်ဆို၏။

မစ္စတာအေးရစ်စ် သယ်ဆောင်လာသည့်စာများတွင် မည်မျှအထိ ဝေဖန်ပြစ်တင် ရေးသားဖေါ်ပြထားသည်ကိုမသိရှိနှိုင်သော်လည်း၊ ၁၉၉၅ခုဇန္နဝါရီလ(၂၂)ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထုတ်ပြန်သောကြေငြာစာ၌၊ သူ၏အကျယ်ချုပ်မှ လွတ် မြောက်ရေးအတွက်သော်၎င်း၊ အခြားကိစ္စတစုံတရာအတွက်သော်၎င်း၊ စစ်အစိုးရနှင့် “မည်သည့်လျှို့ဝှက်သဘောတူညီချက်မျှမလုပ် ခဲ့ပါ။ ရှေ့တွင်လည်းလုပ်ရန်မရှိပါ” ဟု ဖြေရှင်းရေးသားထားလေသည်။

ထို့ပြင် သူ့အနေနှင့် မြန်မာပြည်တွင်စစ်မှန်သောဒီမိုကရေစီစံနစ်တည်ဆောက်ရေးအတွက် သူလုပ်သည့် လှုပ်ရှားမှုတိုင်းတွင်၊ ဒီမို ကရေစီနည်းကျကျ သူ့နိုင်ငံရေးအပေါင်းအဖေါ်များနှင့် တိုင်ပင်ညှိနှိုင်းပြီးမှသာ လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့်၊ ဆက်လက်၍ ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်တက်ကြွကြွပါဝင်ဆင်နွှဲလျှက်ရှိပါသေးကြောင်း ခုခံကာကွယ်ရေးသားနေရလေသည်။ ၁၉၉၅ခု ဇူလိုင်လတွင် အကျယ်ချုပ်မှလွတ်လာသောအခါ၊ သူ့ကိုရာခိုင်နှုံးပြည့်ထောက်ခံကြရန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဒေါ်အောင်ဆန်း စုကြည်က ပန်ကြားနေရပြန်၏။

မည်သူကမျှမထင်မှတ်ဘဲ ၊ ၁၉၉၅ခု ဇူလိုင်လ (၁၀)ရက်နေ့တွင် အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက်၊ မည်သည့်ထူးခြားချက် မှမတွေ့ရသည့်အခါ၊ ဒေါ်အောင်ဆန်းစုကြည်မှာ အံ့အားသင့်သွားပုံရသည်။ ကုလသမဂ္ဂကကြီးမှူးသော စစ်အစိုးရဖြုတ်ချရေးအစီအစဉ် လည်းမရှိ၊ အာဏာလွှဲပြောင်းရေးဆိုသည်မှာ အရိပ်အရောင်ပင်မတွေ့ရ။ အကျယ်ချုပ်မှလွတ်မြောက်ပြီး နှစ်ရက်အကြာတွင် The New York Times သတင်းစာကြီးမှသတင်းထောက်နှင့် တွေ့ဆုံမေးမြန်းပွဲပြုလုပ်ရာ၌ “စစ်အစိုးရနှင့် အာဏာခွဲဝေယူရန် စဉ်းစားမည်” ဟုပြောဆိုခဲ့ခြင်းမှာ၊ “မုန့်ဆီကျော်ဘယ်နေမှန်းမသိဘဲ၊ နှုတ်ခမ်းနာနှင့်တည့်ပါ့မလား” တွေးပူနေသည်နှင့်တူနေလေသည်။
ထို့ပြင် အမျိုးသားစည်းလုံးညီညွတ်ရေးဆွေးနွေးပွဲများ ကျင်းပမည့်အလားအလာလည်းကင်းမဲ့နေ၏။ စစ်အစိုးရက သူတို့၏အင်အား ခိုင်မာတောင့်တင်းနေသဖြင့်၊ သူတို့အားအစဉ်တစိုက်အတိုက်အခံပြုပြီး၊ ထော်လော်ကန့်လန့်လုပ်ခဲ့သူနှင့် ရဲရဲတင်းတင်းဆွေးနွေးပွဲများ ပြုလုပ်သည့်အပြင်၊ အချုပ်မှပင်လွှတ်ပေးခဲ့သည်။ နိုင်ငံရေးပါးဝသော အပြည်ပြည်ဆိုင်ရာအစိုးရများ၊ သံတမာန်များက ယင်းအခြေအနေ ကို သတိမူမိကြသော်လည်း၊ မနူးမနပ်အချိန်ပိုင်းမြန်မာနိုင်ငံရေးသမားဆိုသူများက၊ ကျွဲဂျိုပေါ်နားသော ကျီးကန်းပမာ၊ ကိုယ့်အင်အားကို ရှိသည်ထက်အဆများစွာ ပိုမိုတွက်ခဲ့ကြကုန်၏။ စိတ်ပျက်လက်ပျက်ရှိဟန်တူသော ဒေါ်အောင်ဆန်းစုကြည်က “ကျမကိုတော့လွှတ်လိုက် တယ်။ အဲဒါကလွဲရင်ဘာမှအပြောင်းအလဲမရှိဘူး” ဟု ညီးတွားလေသည်။

စေ့စပ်ဆွေးနွေးရေးကို အသံကုန်ဟစ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ကိုယ်စားလှယ်များက မကြာမှီ အမျိုးသားညီလာခံကို သပိတ်မှောက်ထွက်ခွာခဲ့ကြ၏၊ ဒေါ်အောင်ဆန်းစုကြည်က အိမ်ခြံစည်းရိုးပေါ်တက်ကာ စောင်းပါးရိပ်ခြေပြစ်တင်ဝေဖန်သော တရား ဟောပွဲများကျင်းပလေသည်။ စစ်အစိုးရနှင့် ဒီမိုကရေစီအင်အားစုတို့၏ဆက်ဆံရေးမှာ တစထက်တစ ဆိုးဝါးလာကာ၊ ၁၉၈၈ ခုနှစ်၊ အခြေအနေနီးပါး ပြန်လည်ရောက်ရှိလာလေတော့သည်။

အနည်းဆုံး သူ့ထံမဟုတ်တန်းတရားများရေးသားသတင်းပို့ခဲ့သည့် သူ့မောင်ဝမ်းကွဲဦးဆောင်သော စင်ပြိုင်အစိုးရဆိုသည်မှာ၊ “ပလ္လင် ပေါ်မှမျောက်ကလေး” သာဖြစ်သည်ကို၊ သဘောပေါက်နားလည်လာဟန်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်နှင့်၊ ဂျပန်အစိုးရက မြန်မာပြည်သို့ အထောက်အပန့်များ ပြန်လည်ပေးတော့မည်ဖြစ်ကြောင်း ကြေငြာသည်။ နိုင်ငံတကာမှစစ်အစိုးရအပေါ်ဖိအားပေးမှုသည်လည်းလျော့ပါးလာခဲ့၏။ အရှေ့တောင်အာရှနိုင်ငံများအသင်းက၊ မြန်မာ ပြည်အတွက်အသင်းဝင်ဖြစ်ရေးမှာ မွေးရာပါအခွင့်အရေးတရပ်ဖြစ်သည်ဟု ကြေငြာလိုက်သည်။

မည်သို့ပင်ဖြစ်စေ။ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံရေးခေါင်းဆောင်နှိုင်မှုကိုပြသရန်၊ လိုအပ်လာနေချိန်ဖြစ်သည်။ နိုင်ငံတကာ နှင့်စစ်ခေါင်းဆောင်းများကလိုလားသကဲ့သို့၊ စစ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ပါက၊ ဒီမိုကရေစီဘက်တော်သားများ၏ ပုန်ကန်မှုကိုခံရ မည်ဖြစ်ပြီး၊ သူ့ကိုထောက်ခံအားပေးနေသူများအလိုကျ စစ်အာဏာပိုင်များကိုဆက်လက်ဆန့်ကျင်ပါက၊ ဒီမိုအင်အားစုများသာမက၊ အနောက်နိုင်ငံအစိုးရများကပါ ထောက်ခံအားပေးမှုရနှိုင်၏။ သို့သော် စစ်အစိုးရသက်ဆိုးရှည်ကာ၊ သူ့အနေနှင့် ရှေ့မတိုးသာ နောက် မဆုတ်သာ ဖြစ်နေရန်သာများသည်ဟု အများကဝေဖန်ကြ၏။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရတို့တွေ့ဆုံဆွေးနွေးမှုကို မကြေမနပ်ဖြစ်လျှက်၊ ခါးခါးသီးသီးပြစ်တင်ရှူံ့ချခဲ့သူများမှာ၊ ပြည် ပရောက်မြန်မာများနှင့် သူတို့၏အဖွဲ့အစည်းများသာအများစုဖြစ်၏။ ထိုသူတို့က မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲ၌ သူတို့နေရာမရ လိုက်ဘဲကျန်ရစ်ခဲ့မည်ကို စိုးရိမ်ပူပန်နေကြပုံရသည်။

အခြားတအုပ်စုမှာ ဒီမိုကရေစီလှုပ်ရှားမှုကိုဘန်းပြလျှက် နိုင်ငံတကာအစိုးရများ၊ အသင်းအဖွဲ့များမှ ထောက်ပံ့ငွေများရရှိနေသူများ ဖြစ်၏။ အကယ်၍ပြည်တွင်း၌ စည်းလုံးညီညွတ်မှုရသွားလျှင်၊ သူတို့အတွက်စားပေါက်ပိတ်ကာ ရရှိနေသောအထောက်အပန့်များ ရပ်တန့် သွားမည်ကို ကြောက်လန့်နေကြ၏။
ကျန်လူနည်းစုမှာကား၊ စိတ်ရင်းစေတနာကောင်းဖြင့်၊ ဒီမိုကရေစီထွန်းကားရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်၊ ပွင့်ပွင့်လင်းလင်း၊ စစ်မှန် ရိုးသားသောဆွေးနွေးပွဲများ ဖြစ်လာစေလိုသူများဖြစ်သည်။
ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အနည်းငယ်သော မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအဖွဲ့ များနှင့် ဆရာတော်ဦးရေဝတတို့၏ကြိုးပမ်းမှုများမှာ၊ နောက်ဆုံးတွင် ဒီမိုကရေစီအရေခြုံ ကိုယ်ကျိုးရှာအဖျက်သမားတို့၏ နှောက်ရှက် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားခဲ့ရ၏။ အကျိုးဆက်မှာကား နောက်ထပ် ၁၇နှစ်ကြာ စစ်အာဏာရှင်များက အနှောက်အယှက် အတား အဆီးမရှိ၊ ထင်ရာစိုင်းသည်ကို တကမ္ဘာလုံးက ထိုင်ကြည့်နေခဲ့ကြရသည်။ ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်း စစ်ခေါင်းဆောင် များနှင့် တိုက်ရိုက်ဆွေးနွေးခွင့်ရရှိရန် ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်း၊ အချည်းနှီးသာဖြစ်ခဲ့လေ၏။
မြန်မာနိုင်ငံ၏ ဝမ်းနည်းကြေကွဲဘွယ် ကံအကြောင်းတရားဟု ဆိုရလေမည်လားမသိပါ။ယခုစာရေးသားချိန်တွင်ကား၊ လွန်ခဲ့သော ၁၇နှစ်ခန့်က နိုင်ငံရေးအရည်အသွေးပြည့်ဝသူများ လိုလားတောင့်တခဲ့သည့် အခြေအနေ များ၊ စတင်အကောင်အထည် ပေါ်လာနေချိန်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဝါရင့်နိုင်ငံရေးသမားတဦး၏ ခေါင်းဆောင်မှုမျိုးဖြင့် ဓမ္မဓိဌာန်မကျတော့သော ၁၉၉၀ခုနှစ်ရွေးကောက် ပွဲရလာဒ်တောင်းဆိုမှုကိုလက်လျှော့ကာ၊ ရွေးကောက်ပွဲသစ်တွင်လက်ခံယှဉ်ပြိုင်အနိုင်ယူခဲ့သည်။ လက်တွဲဆောင်ရွက်နှိုင်သမျှကို၊စစ်ဗိုလ် တဖြစ်လဲ သမတနှင့်တိုင်ပင်ဆွေးနွးကာ တိုင်းပြည်အကျိုးအတွက် ရှေ့ရှုလုပ်ကိုင်ခဲ့သည်။ မြန်မာပြည်သူပြည်သားများသာမက၊ တကမ္ဘာ လုံးက နှစ်ထောင်းအားရဖြင့် ကြိုဆိုထောက်ခံအားပေးခဲ့၊ အားပေးနေကြ၏။

ခါကျဉ်ကောင်အားမာန်ကြီးသော်လည်း
ငယ်စဉ်ကကြည့်ခဲ့ဘူးသော ရုပ်ရှင်မင်းသား(ဦး)ဝင်းဦး၏ ခုနှစ်ကိုယ်ခွဲရုပ်ရှင်ကားတခုကိုသွားသတိရမိ၏။ ညီအငယ်ဆုံးဝင်းဦးက အကိုခြောက်ယောက်၏ ဇနီးများကိုကြည့်ကာ၊ လက်ထပ်ရန်ဝန်လေးနေခဲ့သည်။
မရီးတဦးက အရက်သေစာအလွန်အကျွန်သောက်၏။ အခြားမရီးတဦးကအလောင်းအစားသန်၏။ နောက်တယာက်က အသုံးအစွဲ ကြီးသည်စသည်ဖြင့် မနှစ်မြို့စရာများတွေ့နေရသည်။ ညီအငယ်ဆုံးက သူလက်ထပ်သောအခါ၊ ယင်းအကျင့်ဆိုးများမရှိသူ ဇနီးကိုသာ ရှာဖွေယူမည်ဟု သံဓိဌာန်ချထားခဲ့၏။ သို့ရာတွင် သူအမှန်တကယ်လက်ထပ်သောမိန်းမမှာ၊ သူရွံမုန်းခဲ့သော မရီးအားလုံး၏အမူအကျင့် များရှိသူဖြစ်နေတော့သည်။
ဒီမိုကရေစီအဖွဲ့များအနေဖြင့် ၇၅%သော ပြည်သူ့လွှတ်တော်အမတ်နေရာများကိုရနှိုင်သော်လည်း၊ စစ်တပ်က ၂၅%မောင်ပိုင်စီး သည်ကိုလက်မခံနှိုင်သဖြင့်၊ ထိုဖွဲ့စည်းပုံကို နှစ်၂၀ကျော်ကြာပါယ်ချခဲ့၏။ ယခုထိုဖွဲ့စည်းပုံသည်ပင် တိုင်းပြည်၏အချုပ်အချာ အာဏာပိုင် ဥပဒေဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် လက်တွဲမဆောင်ရွက်နှိုင်သဖြင့် ဆွေးနွေးပွဲများရပ်ဆိုင်းခဲ့ရ၏။ ယခု ၁၇နှစ် ကျော်ကြာသောအခါ စစ်ဗိုလ်များခေါင်းဆောင်သော အစိုးရနှင့်လွှတ်တော်၌ အမတ်အဖြစ် ပါဝင်ဆွေးနွေးနေ၏။
ကျွန်တော်ရော၊ ဆရာတော်ဦးရေဝတနှင့် အခြားစိတ်တူသဘောတူ ဒီမိုကရေစီဘက်တော်သားများအားလုံးကပါ၊ စစ်အစိုးရ၏ ၂၅% ခွဲတမ်းစံနစ်ကိုလုံးဝသဘောမကျပါ။ သို့ရာတွင် ချီလီနိုင်ငံ၌ပြုလုပ်ခဲ့သကဲ့သို့၊ ပထမအရေးအကြီးဆုံးမှာ ဒီမိုကရေစီစည်းဝိုင်းအတွင်းသို့ ခြေတလှမ်းဝင်ထားလိုခြင်းဖြစ်ပါ၏။ အင်အားကြီးမားလှသောစစ်အာဏာရှင်တို့ကို အလုံးစုံမရလျှင်မယူစတမ်း စစ်ကြေငြာနေပါက၊ “ခါကျဉ်ကောင်အားမာန်ကြီးသော်လည်း၊ တောင်ကြီးဖြိုမဲ့ကြံ၊ ခါးကမသန်” ဖြစ်ရန်သာအကြောင်းရှိနေ၍ဖြစ်ပါသည်။
အင်္ဂလိပ်စကားပုံတခုဖြင့်ဆိုရလျှင်၊ နောက်ကျပါစေ၊ လုံးဝမဖြစ်လာသည်နှင့်စာလျှင် ပိုမိုကောင်းမွန်သင့်လျှော်ပါသေးသည်။ မည်သို့ ပင်ဆိုစေ။ မြန်မာပြည်နှင့် မြန်မာလူမျိုးတိုးတက်ကောင်းစားရေးမှာကား၊ အရှေ့မှနေဝန်းထွက်သည့်ပမာ၊ မြေကြီးလက်ခတ်မလွဲ တော့ပါချေ။ ကျွန်တော်တို့အားလုံး ဖြစ်ပျက်ပြီးခဲ့သမျှမှ သင်္ခန်းစာယူကာ စဉ်းစားချင့်ချိန်နှိုင်ရန်လိုအပ်လှပါသည်။

အိမ်နီးနားခြင်းနိုင်ငံများနှင့်နှိုင်းစာလျှင်ပင်နှစ်ပေါင်းများစွာခေတ်နောက်ကျကျန်ရစ်နေသော မြန်မာလူမျိုးတို့သည်၊ ကမ္ဘာနှင့်ရင်ဘောင် တန်းရပ်တည်လိုပါက၊ ပြုပြင်ပြောင်းလဲရန်၊ အမူအကျင့်အလေ့အထများစွာရှိနေသည်ကို သတိမူမိရန်လိုနေပေ၏။ အခြားလူမျိုး များနည်းတူ လူနေမှုအဆင့်မြင့်မားလိုသော်လည်း၊ မိမိတို့၏ ခေတ်နောက်ကျကျန်ရစ်သော စည်းစံနစ်၊ လူမှုဆက်ဆန်ရေး၊ ကိုယ်ကျိုးရှာမှု စသည်တို့ကို မပြောင်းလဲနှိုင်ပါက၊ ဆက်လက်၍ အောက်တန်း နောက်တန်း ကျနေရန်သာရှိပါသည်။ သို့ဆိုလျှင် မြန်မာ့စကားပုံအတိုင်း မည်သူမပြု၊ မိမိမှုဟုဆိုရမည်သာဖြစ်ပါသည်။
(ဤ ဆောင်းပါးသည့် ဆောင်းပါးရှင်၏ အာဘော်မျှသာဖြစ်ပါသည်။ သမိုင်းအဖြစ်အပျက် ဆိုင်ရာ အချက်အလက်များ နောင်လူများအတွက် တန်ဖိုးတစုံတရာရှိမည်ဟု ယုံကြည်ပါသဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ မိုးမခအယ်ဒီတာ)

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, အခန်းဆက်များ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

Western Union

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly ဇူလိုင်လ ထုတ် ထွက်ပြန်ဘီ တဲ့ ...

မိုးမခမာတိကာစဉ်

Twitter: moemaka

%d bloggers like this:

မိုးမခကို အားပေးကြပါစို့ …

၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း) ၂။အမေ့အိမ်(ပန်းဆိုးတန်း) ၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း) ၄။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း) ၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း) ၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း) ၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း) ၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း) ၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း) ၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း) ၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်) ၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း) တို့တွင် ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ တဆင့်ပြန်လည် ရောင်းချလိုသူများအနေဖြင့် နန်းဦးစာပေ (၀၁- ၃၇၈၄၀၈၊ ၀၁-၂၅၁၁၈၇ )သို့လည်းကောင်း ၊ရန်အောင်စာပေ (ရန်ကင်း)သို့လည်းကောင်း ဆက်သွယ်၍ ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မိုးမခနဲ့ ပတ်သက်သမျှ

အာဇာနည်နေ့အမှတ်တရမျက်နှာဖုံးနဲ့ မိုးမခမဂ္ဂဇင်း ထွက်ပြီ

By

ဓာတ်ပုံသတင်း ဇူလိုင် ၉၊ ၂ဝ၁၄ ဇူလိုင်လထုတ် မိုးမခမဂ္ဂဇင်း ထွက်နေပါပြီ။ စာအုပ်ဆိုင်ကြီးများတွင် ၀ယ်ယူနိုင်ပါသည်။...

Read more »

မိုးမခ မဂ္ဂဇင်း မိတ်ဆက်ပွဲ နှင့် ရသစာပေအနာဂတ် ဆွေးနွေးပွဲ (ဇွန် ၄)

By

မိုးမခ မဂ္ဂဇင်း မိတ်ဆက်ပွဲ နှင့် ရသစာပေအနာဂတ် ဆွေးနွေးပွဲ ကျင်းပ မိုးမခအထောက်တော် (ရန်ကုန်)။...

Read more »

မိုးမခမဂ္ဂဇင်း အမှတ် ၃ စာအုပ်ဆိုင်ပေါ်ရောက်ပါပြီ

မိုးမခမဂ္ဂဇင်း အမှတ် ၃ စာအုပ်ဆိုင်ပေါ်ရောက်ပါပြီ ဓာတ်ပုံသတင်း မေ ၃၁၊ ၂ဝ၁၄မိုးမခမဂ္ဂဇင်း အမှတ်...

Read more »

မိုးမခမဂ္ဂဇင်း စာနယ်ဇင်းမိတ်ဆက်ပွဲ (4th June, Wednesday)

By

မိုးမခမဂ္ဂဇင်း စာနယ်ဇင်းမိတ်ဆက်ပွဲ မိုးမခ မေ ၂၉၊ ၂၀၁၄   မကြာသေးမီကမှ မြန်မာနိုင်ငံအတွင်း...

Read more »

Recent Comments

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ