fbpx

သန်းဝင်းလှိုင် – အမတ်ကြီး ဦးပေါ်ဦး

December 18, 2013

အ မတ် ကြီး ဦး ပေါ် ဦး 
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၈၊ ၂၀၁၃


အမတ်ကြီး ဦးပေါ်ဦးသည် အမရပူရမြို့တည်နန်းတည် ဘိုးတော်မင်းတရား  လက်ထက်မှစ၍ မင်းသုံးဆက်တိုင်အောင် အမှုတော်ထမ်းခဲ့ရသော ပညာရှိ အမတ်ကြီး ဖြစ်လေသည်။
သက္ကရာဇ် ၁၁၂၁ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂)ရက် (ခရစ် ၁၇၆ဝ၊ မတ် ၂)၊ တနင်္ဂနွေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ ယခု ရွှေဘိုခရိုင် မြေဒူးအောက်တိုက် တန်ဆည်ရွာ (ယခု တဇယ်ရွာ)ဇာတိဟု ဆိုကြသည်။ မိဘများမှာ ဦးစံခိုင်၊ ဒေါ်ပိုးဇီတို့ ဖြစ်သည်။ မွေးချင်းဟူ၍ ဦးတုတ်ကြီး ဆိုသူ အစ်ကိုတစ်ဦး ရှိသည်။ ရဟန်းအဖြစ် သုံးနှစ်နေ၍ စာပေသင်ကြားပြီးနောက် လူထွက်ကာ မင်းမှုထမ်းသည်။ ဘိုးတော်ဦးဝိုင်း (ဗဒုံမြို့စား)သည် ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် ဆင်းဆင်းရဲရဲ အိမ်နိမ့်စံနေစဉ်အခါကပင် မောင်ပေါ်ဦးသည် မိမိ၏အရှင်နှင့် ဆင်းရဲအတူ ချမ်းသာအမျှ နေထိုင်ခဲ့သည်။ ဘိုးတော်မင်းတရား နန်းတက်ပြီး နောက်တစ်နှစ် သက္ကရာဇ်၁၁၄၄ခုနှစ်တွင် မဟာဇေယျသူရသင်္ခယာဘွဲ့နှင့် နားခံတော်ကြီးအဖြစ် ချီးမြှင့်တော်မူခြင်းကို ခံရသည်။ ၁၁၄၅ခုနှစ်တွင် မင်းကြီးသီရိမဟာနန္ဒသင်္ကြံဘွဲ့နှင့် ယောမြို့၊ ဆောမြို့စား အတွင်းဝန်ကြီးအဖြစ်ဖြင့် ခန့်ထားခြင်းခံရလေသည်။
ဘိုးတော်မင်းတရား၏ နန်းစံ (၃၈)နှစ်ပတ်လုံး အမတ်ကြီး ဦးပေါ်ဦးသည် အမှုတော်ကို ထမ်းခဲ့သည်။ ဘိုးတော်မင်းတရားသည် ဦးပေါ်ဦးကို လေးစားချစ်ခင်တော်မူသည်။ အားကိုးအားထားလည်း ပြုသည်။ အထူးမြှောက်စားကာ ဆုလာဘ်တော်များလည်း ပေးသနားသည်။ သို့သော် မိမိလက်ထက်တော်တွင်မူ မြှောက်စားလွန်းရာကျမည်စိုး၍ ရာထူးကြီးများဖြင့် မချီးမြှင့်ခဲ့ပေ။ မိမိရိုက်ရာတော် ဆက်ခံကြမည့် စစ်ကိုင်းမင်းသား (ဖလ်နန်းရှင်ဘကြီးတော်မင်းတရား)နှင့် သာယာဝတီမင်းသား (ရွှေဘိုမင်း၊ ကုန်းဘောင်မင်း)တို့ကိုမူ ဦးပေါ်ဦးအား ရာထူးကြီးများဖြင့် ချီးမြှင့်မြှောက်စား၍အရာခပ်သိမ်းတိုင်တိုင်ပင်ပင်ပြုကြရန် တင်းတင်းကြပ်ကြပ် မိန့်မှာထားခဲ့လေသည်။
ထို့ကြောင့် ဘကြီးတော်မင်းလက်ထက် ကျရောက်သောအခါ ဝန်ကြီးသတိုးမင်းကြီး မဟာမင်းခေါင်ဘွဲ့နှင့် အဂ္ဂမဟာသေနာပတိဗိုလ်မှူးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသည်။ ကုန်းဘောင်မင်းတရားလက်ထက်တွင်မူ ဝန်ကြီးသတိုးမင်းကြီး မဟာသုဓမ္မရာဇာကျော်ထင်ဘွဲ့နှင့် တရားဝန်ကြီးချုပ်အဖြစ် ချီးမြှင့်ခြင်း ခံရသည်။
အမတ်ကြီး ဦးပေါ်ဦးသည် ကျယ်ဝန်းထက်မြက်သော ဥာဏ်ပညာပါရမီနှင့် ပြည့်စုံ၍ တင်္ခဏုပ္ပတ္တိဥာဏ် လျင်မြန်ပြီး မင်း၏ စိတ်နှလုံးရွှင်ပြုံးလာအောင် ရုတ်ခြည်း တင်လျှောက်နိုင်သည့် အရာတွင် နှိုင်းယှဉ်နိုင်ဖွယ်ရာ ရှားသော ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်သည်။ ပိဋကတ်ကျမ်းဂန်၊ ဗေဒင်၊ ဓမ္မသတ် စသော ဂန္ထန္တရတို့၌ နှံ့စပ်ကျွမ်းကျင်သည်။ ကဗျာဖွဲ့ဆိုမှု၌လည်း ကဝိတစ်ဆူဖြစ်သည်။ စကားပရိယာယ်ကြွယ်ဝ၍ မင်းက မေးတော်မူသမျှကို ပါဠိ၊ အဋ္ဌကထာ၊ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ၊ ဇာတ်နိပါတ်၊ ရာဇဝင်တို့မှ ဥဒါန်းစကားအစဉ်တို့ဖြင့် ထုတ်နုတ်တင်လျှောက်နိုင်စွမ်း ရှိသည်။ မိမိအရှင်၏အရေး၊ တိုင်းပြည်အရေးကို အစဉ်သဖြင့် ထောက်တွေးမြော်ရှုလေ့ရှိသည်။ တိုင်းပြည်သေဌ်နင်း မင်းဧကရာဇ်ပင် ဖြစ်သော်လည်း နည်းလမ်းမမျှ စည်းကမ်းမကျ ပြုမူနေသည်ကို သိရလျှင် မိမိ၏ အသက်စည်းစိမ်ကို မငဲ့ကွက်ဘဲ မင်း၏အမျက်တော်ရှခြင်းကိုပင် ခံယူကာ ပြတ်ပြတ်သားသား တင်လျှောက်ဝံ့သူဖြစ်သည်။
တိုင်းပြည်၏အကျိုး၊ မိမိအရှင်၏အကျိုးကို ဘုရင်မျက်မာန်ရှသည်ကိုပင် ခံယူခဲ့ရသော သာဓကတစ်ခုမှာ ဘိုးတော်မင်းတရားသည် မြစ်တော်ချစ် ညောင်ရမ်းမင်းသားကလေးအတွက် မြဧယာဉ် ခမည်းပေးရန် သဿဗေဒအခွန်တော်မှ ငွေတော်ရှစ်သိန်း ထုတ်ယူသုံးစွဲရန် အမိန့်ထုတ်သည်။ ဦးပေါ်ဦးက ထိုအမိန့်တော်ကိုကြားလျှင် ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမဝဟု ဆိုလိုက်သည်။ ထိုစကားကို ရွှေနားတော်ပေါက်ကြားလျှင် ဘုရင်မျက်တော်မူ၍ ဦးပေါ်ဦးအား ချီးမြှင့်ထားသော ရာထူးဌာနန္တရများကို ရုပ်သိမ်းပြီးလျှင် သိန္နီမြို့နယ်သို့ အကျဉ်းနှင့် ပို့နှင်လေသည်။ 
ဦးပေါ်ဦးသည် သိန္နီမြို့နယ်မှ ရတုခြောက်ပုဒ်ရေးသား၍ ရွှေနားတော်ဆက်သွင်းသည်။ လိုရင်းအပုဒ်ဖြစ်သော ‘ကျင့်ဆက်မျိုးဝေ …..’ ချီရတုတွင်  ဘုရင်မင်းမြတ်တို့ ကျင့်ရိုးဓမ္မာ ဆုံးမရာဖြစ်သော ရာဇက္ကမအနုသာသနီကျမ်းထွက်အရ ဘုရင်မင်းမြတ်တို့သည် မည်သည့် အခွန်အတုတ်မျိုးကို မည်သည့်နေရာ၌ မည်သို့သုံးစွဲရသည်ကို ညွှန်ပြကာ သဿမေဓခွန်ကို ဘုရင်တို့သည် မိမိတို့ကိုယ်ရေးကိုယ်တာအတွက် မသုံးအပ်သည်ကို ဖော်ပြသည်။ ထိုအခါ ဘိုးတော်ဘုရားသည် ကျွန်ယုံချစ်ကာ၊ မိမိကိုယ်တော်၏ အကျိုးလိုလား၍ ဆိုခဲ့ပြောခဲ့သည်ကို ပြန်လည် ဆင်ခြင်မိကာ ဦးပေါ်ဦးအား နေပြည်တော်သို့ ပြန်ခေါ်ပြီး ရှေးရာထူးဌာနန္တရအတိုင်း သူကောင်းပြုတော်မူလေသည်။
ဘိုးတော်ဘုရားလက်ထက်တော်အခါက အမတ်ကြီးဦးပေါ်ဦး၏ ရာထူးသည် အတွင်းဝန်မျှသာ ဖြစ်သည်။ သို့သော် အခြားတစ်ပါးသော ဝန်ကြီး၊ မှူးကြီး၊ သားတော်၊ သမီးတော်တို့ပင် မတင်လျှောက်ဝံ့သော အရေးအခင်းများကို ဦးပေါ်ဦးသာလျှင် တင်လျှောက်ဝံ့သည်။ ဦးပေါ်ဦးသည် မင်းရိပ်မင်းခြည်လည်း သိသည်။ မင်းလျော်ဝင်သဖြင့် မင်းတရားကြီးကလည်း ချစ်ခင်မြတ်နိုးသည်။ အရေးအခင်းကြုံ၍ ချဉ်းကပ်လျှင် နစ်နာရသည်မရှိ။ သက်သာခွင့်ရသည်။
အခါတစ်ပါးတွင်ရတနာသိင်္ဃစီရင်စုမှမင်းတရားကြီး၏ လယ်တော်များကို ပိုင်းခြားသတ်မှတ်ရာ လယ်တော်အုပ်များ တိုင်းထွာပုံမညီမျှမှုကြောင့် ထိုစီရင်စုတွင် တောင်ယာခုတ်နေထိုင်ကြသည့် ဆွေတော်မျိုးတော်တို့ မခံမရပ်နိုင်ဖြစ်ကာ နေပြည်တော်သို့ လာရောက်၍ တရားစွဲဆိုရန်ပြုကြသည်။ ထိုအရေးကိစ္စ၌ ဘိုးတော်မင်းတရားကို တရားခံထား၍ စွဲဆိုရမည့်အမှုဖြစ်သဖြင့် မည်သည့် ရုံးတော်လွှတ်တော်၊ ဝန်ကြီး မှူးကြီးကမှ အမှုကို လက်ခံပြီးလျှင် ရေမြေ့သေဌ်နင်းပြည့်ရှင်မင်းကို တရားခံအဖြစ် စစ်ဆေးရန် မဆင့်ခေါ်ရဲကြပေ။ သို့သော် အမတ်ကြီး ဦးပေါ်ဦးသည် ပြည့်ရှင်မင်းကို စစ်ဆေးရန် ဆင့်ခေါ်စာကို ကိုယ်တိုင်ရေးသား သုံးနှုန်းထားပုံမှာ –
“ ……  နိုင်ငံတော်ကြီး၏ ကျက်သရေဆောင်၊ ဝင်းပြောင်ထိန်လျှပ်၊ ကျမ်းဂန်တတ်သည့် အမတ်ကြီးမင်း၊ ထင်လင်းသေချာ၊ ဆင့်ဆိုရာကို၊ နာခံမှတ်သားအပ်သည့်၊ ပတ္တမြားနဝရတ်၊ စီခြယ်တပ်သည့်၊ ပြာသာဒ်ကြီးဥကင်နေ၊ လူမွှေကြီး ထိပ်တင်ဝိုင်း ……..” ဟူ၍ ဖြစ်လေသည်။
ထိုဆင့်စာကို ဘိုးတော်ဘုရားက ပမာမပြုဘဲနေသောအခါ ထိုဆင့်စာမျိုး ထပ်မံဆက်သွင်းသည်။ ထို့ကြောင့် မင်းတရားကြီးက သံတော်ဆင့်ကြီးတစ်ဦးကိုစေလွှတ် တရားဆိုင်စေရသည်။ ဦးပေါ်ဦးက တရားလိုများနှင့် ကိုယ်စားတော် တရားခံများကို စစ်ဆေးပြီးသော် မင်းတရားကြီးအား တရားရှုံးထား၍ စီရင်ချက်ချလိုက်သည်။ ထိုစီရင်ချက်တွင် –
“မဟာမောသ၊ စောရတပိုင်း၊ မောင်လူဝိုင်း၏ အဆိုသည်။ ယွင်းယိုဖောက်ပြန်၊ မမှန်အချက် ….” များရှိ၍ တရားရှုံးပေးရကြောင်း။ “ဥာဏ်ဝိဇိန်နှင့် ကံရှိန်တင်ထူးသော” မိမိ၏ စီရင်ချက်ကို ဓားမဦးချတည်စေ” ဟု ချမှတ်ခဲ့လေသည်။
အမတ်ကြီးဦးပေါ်ဦး၏ ဥာဏ်ပညာပါရမီ ကျယ်ဝန်းထက်မြက်ပုံမှာ သက္ကရာဇ် ၁၁၅၃ခုနှစ် သုဓမ္မာပထမပြန်စာမေးပွဲကျင်းပရန် သာသနာပိုင်ဆရာတော်နှင့် ဘိုးတော်မင်းတရားကြီးတို့ ဆွေးနွေးရာမှ မာတိကာ၊ ဓာတုကထာတို့၏ များပြားကျယ်ဝန်းပုံကို ဆရာတော်ကြီးက မိန့်ကြားသည်။ ထိုအခါ မင်းတရားကြီးက မာတိကာ၊ ဓာတုကထာတို့ စာစောင်မည်မျှ၊ နယမည်မျှ၊ ပါဒမည်မျှထား၍ မည်မျှကျယ်ဝန်းပါသနည်းဟု မေးမြန်းလျှောက်ထားရာ ဆရာတော်ဘုရားကြီးမှာ ပမာဒလေခ၍ရုတ်တ ရက်မဖြေနိုင်ပေ။ အပါးတွင်ခစားလျက်ရှိသောဦးပေါ်ဦးအား ဆရာတော်ကြီးကကိုယ်စားလွှဲအပ်ရာ မင်း တရားကြီးမေးတော်မူသမျှကို ဒိုးဒိုးဒေါက်ဒေါက် ပိဋကတ်တော်များမှအာဂုံဆောင်၍ ဖြေကြားလေသ ဖြင့် ဘုရင်မင်းမြတ်သည်ဦးပေါ်ဦး၏ဥာဏ်ပညာပါရမီကို များစွာနှစ်အားရ၍ဆုလာဘ်များ ချီးမြှင့်ပေး သနားသည်။ ဆရာတော်ဘုရားကြီးကလည်း ဦးပေါ်ဦး၏ဥာဏ်ပညာပါရမီ ထူးကဲပွင့်လင်းပုံကို အကြိမ် ကြိမ်သာဓုခေါ်တော်မူလေသည်။ ဦးပေါ်ဦးသည် မင်းလျော်ဝင်သဖြင့် မင်းပျော်ရွှင်တော်မူရန် အပျော် တော်များလည်းဆက်ရသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဦးပေါ်ဦး၏ပညာပါရမီကို ဆရာတော်ဘု ရားကြီးနှင့် မင်းတရားကြီးတို့ကချီးကျူးကြရပြီးနောက် မင်းတရားကြီးကစကားစပ်လျဉ်းသဖြင့် မိမိငယ် တော်မူစဉ်ကတွေ့ဖူးသော သာမဏေကြီးတစ်ပါးအကြောင်း မိန့်ကြားသည်။ ထိုသာမဏေကြီးသည် ယင်းနေထိုင်ရာဇရပ်အပေါ်သို့ လာသမျှလူပေါင်းကလေးသူငယ်၊ ယောက်က်ျား၊ မိန်းမ မရွေးတွေ့မြင် လိုက်လျှင် ရှိခိုးလွှတ်တတ်သည်။ အခြားသူတို့ကသာမဏေကြီးကိုရှိခိုးလျှင် မခံမရပ်နိုင်ဖြစ်ပြီးလျှင် အော်ငိုတတ်သည်မှာ အဘယ်ဝဋ်ကြွေးကြောင့်နည်းဟု မင်းတရားကြီးကဦးပေါ်ဦးအား မေးတော်မူ သည်။
ဦးပေါ်ဦးကထိုသာမဏေကြီးသည် လွန်ခဲ့သောအတိတ်ဘဝတွင် ရှင်ဘုရင်သော်လည်းကောင်း သာသနာပိုင်ဆရာတော်ကြီးသော်လည်းကောင်း ဖြစ်ခဲ့၍ ထိုစဉ်ကတစ်ရာ့တစ်ပါးသောလူမျိုးတို့၏ မသဒ္ဓါ ရေ၊ သဒ္ဓါရေ ရှိခိုးခြင်းခံခဲ့ရသောကြောင့် ယခုဘဝတွင်ပါခဲ့သော ရှိခိုးကြွေးတို့ကိုမပြေမချင်းဆပ် နေဟန်တူပါကြောင်း လျှောက်ထားလေရာ မင်းတရားကြီးကပေါ်ဦးအရူးကိုမေးရလျှင် သည်နည်းများ သည် များချေသည်ဟု ရယ်ရွှင်မိန့်ကြားသည်။ သာသနာပိုင်ဆရာတော်ကြီးကမူ မောင်မင်းအရှင် ဘု ရင်ဧကရာဇ်ကို မောင်မင်းဘယ်လိုပြောပြော ငါ့ဆီကိုဖြင့်မစောင်းပါနှင့် မချိပ်ပါနှင့်ဟု ပြုံး၍ပြန်ကြွသွား ရလေသည်။ 
ဦးပေါ်ဦးသည် စိန္တာက၀ိပရိယာယ်ဖြင့် မင်းမျက်သင့်ခြင်းမှတစ်ခါလွတ်ဖူးသည်။ အမတ်ကြီး အားမင်းကချစ်ခင်မြတ်နိုး အလိုလိုက်မြှောက်စားသည်တစ်ကြောင်း၊ အရေးအခင်းကိစ္စရှိက ဦးပေါ်ဦး ဆောင်ရွက်ပေးလျှင်အောင်မြင်သည်ကတစ်ကြောင်းတို့ကြောင့် ဦးပေါ်ဦးထံဝင်ထွက်ဆည်းကပ်သူများ ပြားသည်။ ထိုအခါဦးပေါ်ဦးအား မလိုမုန်းထားသူမှူးမတ်တစ်စုက ဘိုးတော်မင်းတရားကြီးအား ပုန် ကန်ရန်လူစုကြံစည်နေသည်ဟု ချောပစ်စကားအကြိမ်ကြိမ်လျှောက်ထားကြသည်။ တစ်ကြိမ်၊ နှစ်ကြိမ် လျှောက်ထားချိန်က မယုံမကြည် အရေးမယူခဲ့သော်လည်း ကြိမ်ဖန်များလတ်သော် စုံစမ်းကြည့်ရန်အ ကြံဖြစ်ပေါ်လာသည်။ ထို့ကြောင့်ညဥ့်ညီလာခံအစဲတွင် ဦးပေါ်ဦးအားခေါ်ထားပြီးလျှင် ဘိုးတော်ဘုရား သည်ထီးနန်းစည်စိမ်ကိုငြီးငွေ့၍ တောထွက်ရန်အကြံဖြစ်သည်။ အခါအခွင့်သင့်ပါမည်လောဟုမေး တော်မူသည်။ ဦးပေါ်ဦးကလည်းခါတိုင်းကဲ့သို့ပင် သဘောရိုးထင်မှတ်ကာ တရားသံဝေဂတို့လျှောက် ထားပြီးသော် နက္ခမပါရမီဖြည့်နိုင်လျှင် သင့်မြတ်ပါကြောင်းလျှောက်ထားသည်။ ထိုအခါမင်းတရားကြီး သည် မိမိအားထီးနန်းစွန့်စေလိုတော့၍တင်လျှောက်ခြင်းဟု အထင်အမြင်မှားတော်မူကာ ရွှေမျက်နှာေ တော်ပျက်၍ ရုတ်ခြည်းထပြီးလျှင်အတွင်းတော်ဝင်သွားလေသည်။
ဦးပေါ်ဦးသည် ကိုယ်စိတ်မချမ်းမသာဖြစ်၍ကျန်နေခဲ့ရာမှ နေအိမ်သို့အလျင်အမြန်ပြန်ခဲ့ပြီး နောက် မအိပ်မနေအကျိုးအကြောင်းကိုဆင်ခြင်သည်။ မိုးသောက်ယံကျမှအကြောင်းအရင်းမှန်ကိုတွေး ဆမိသဖြင့် ဆံမုတ်ဆိတ်တို့ကိုပယ်၍ ပိတ်ဖြူဆီးကာ ပုတီး၊ တောင်ဝှေးတို့ကိုစွဲကိုင်ပြီးသော် အခစား ဝင်ခဲ့သည်။ အချိန်မဟုတ် ဘိုးသူတော်ရုပ်ဖြင့်အခစားဝင်လာသောကြောင့် မင်းတရားကြီးကမေးမြန်း တော်မူလျှင် သိဒ္ဓတ္ထမင်းသားတောထွက်သောအခါ နောက်တော်ပါးကဆန္ဒလိုက်ပါသကဲ့သို့ အရှင်မင်း တရားတောထွက်လျှင် ဖဝါးထက်ကြပ်လိုက်ပါ၍ ပါရမီဖြည့်လိုသဖြင့် လာစောင့်ပါကြောင်းလျှောက် ထားသည်။ ထိုအခါမင်းတရားကြီးသည် ပေါ်ဦးကားငါ့အားတကယ်ချစ်မြတ်နိုးသည်။ သင်း ပုန်ကန်ရန် ကြံစည်သည်ဆိုသည်မှာ အခြားမှူးမတ်တို့ကုန်းချောခြင်းသာဟု ဆင်ခြင်မိ၍ အမျက်တော်ပြေရပြန် လေသည်။ 
အမတ်ဦးပေါ်ဦးသည် စကားပရိယာယ်ကြွယ်ဝစွာနှင့် စကားစစ်ထိုးနိုင်မှုကြောင့် တရုတ်နိုင်ငံ နှင့်မြန်မာနိုင်ငံတို့အချင်းများမည့်အရေးမှလည်း ကင်းလွတ်ပြေငြိမ်းခဲ့ရသည်။ တစ်ခါတစ်ပါးတွင် နေ ပြည်တော်တရုတ်ကြီးတန်းရှိ တရုတ်လူမျိုးငရွှေကြည်၏ ခေါက်ဆွဲဖိုမှစတင်သောမီးကြောင့် နေပြည် တော်အ၀န်း နန်းတော်၊ ရုံးတော်၊ လွှတ်တော်နှင့်နေအိမ်တိုက်တာများပါ မီးသင့်ကာဘုရင်နှင့်တကွနေ ပြည်တော်သူ နေပြည်တော်သားအားလုံး စိတ်နှလုံးမချမ်းမသာဖြစ်နေကြသည်။ ထိုအချိန်တွင်တရုတ် မင်းကစေလွှတ်သော သံအဖွဲ့ဝင်တို့သည်ကုန်ဝယ်ရန်ရောက်လာပြီးလျှင် ရန်ကင်းတောင်အနီးစခန်းချ နေခိုက် စစ်ကိုင်းမင်းသား၏အိမ်တော်သားများသည် တရုတ်တို့ထံပါလာသောကုန်ဝယ်ရန် ငွေရှစ်သိန်း ကိုဓားပြတိုက်လုယူကြကာ တရုတ်တို့ကိုလည်းထုထောင်းရိုက်နှက်၍ ကုန်တင်ရန်ပါလာသော လားအ ကောင်ရေခုနှစ်ထောင်ကျော်ကိုလည်း ကစဥ့်ကရဲလွှတ်ပစ်ခဲ့ကြသည်။ ထို့အတွက်တရုတ်သံအဖွဲ့ဝင်တို့ က တရုတ်မင်းထံအကြောင်းကြားအမိန့်ခံပြီးလျှင် ဓားပြတိုက်သူများကိုဖမ်းဆီးပြီးတော့ သူတို့လက် အပ်ရန် သို့မဟုတ် ဆုံးရှုံးမှုအတွက် ငွေတော်ကိုးသိန်းလျော်ကြေးပေးရန် ဘိုးတော်မင်းတရားထံတင် လျှောက်တောင်းကြလေသည်။ 
နေပြည်တော်အားလုံးမီးသင့်ထား၍ များစွာပျက်ဆီးဆုံးရှုံးနေခိုက် မီးလောင်ရာလေပင့်လာ သောထိုကိစ္စတွင် လျှော်ကြေးပေးရန်လည်းမတတ်နိုင် ဓားပြတိုက်သူများအားဖမ်းဆီး၍ သူတို့လက် အပ်ရန်လည်းမဖြစ်နိုင်သဖြင့် ထိုအရေးကိုမင်းတရားကြီးက ဦးပေါ်ဦးကနေပြည်တော်အားလုံးပြာကျ အောင်မီးစပျိုးခဲ့ပြီးနောက် တရုတ်နိုင်ငံသို့လက်လွတ်ထွက်ပြေးသည့် ငရွှေကြည်ကိုတရုတ်မင်းက တ ရုတ်နိုင်ငံ၌ရှာဖွေ၍ မြန်မာမင်းအားဆက်သနိုင်လျှင် တရုတ်သံမင်းတို့တောင်းဆိုသောငွေကို အပြေအ ကြေပေးပါမည်ဟုဆိုသည်။ တရုတ်သံမင်းတို့က ငရွှေကြည်ကိုဖမ်းပေးရန် ရှာဖွေ၍မတွေ့ကြောင်းပြန် ကြားသောအခါ ဦးပေါ်ဦးကနေပြည်တော်အလုံးမီးလောင်ကျွမ်း၍ ကုဋေရှစ်ဆယ်မကဆုံးရှုံးစေသော မူ လမီးရှင်ငရွှေကြည်တစ်ယောက်ကိုသာဖမ်းဆီးပေးရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။ ငရွှေကြည် ကြောင့်ဆုံးရှုံးရမှုကိုမဟာမိတ်မပျက်စေရန်မတောင်းခဲ့ပါ။ ထိုတစ်ယောက်ကိုပင် သံမင်းတို့ဘက်မှဖမ်း မပေးနိုင်ဟုပြန်ကြားသည်။ သံမင်းတို့တောင်းဆိုသောဓားပြတို့မှာ လူများစွာဖြစ်၍ဖမ်းဆီးအပ်နိုင်ရန် ကျွန်ုပ်တို့အတွက်ခက်ခဲလှပါသည်။ သံမင်းတို့ပျက်စီးဆုံးရှုံးမှုမှာ ငရွှေကြည်ကြောင့်ကျွန်ုပ်တို့ပျက်စီးဆုံး ရှုံးမှုနှင့်စားသော် ရယ်ဖွယ်မျှသာဖြစ်၍ နိုင်ငံအချင်းချင်းမိတ်မပျက်မလိုပါလျှင် တောင်းခံရန်ပင်မသင့်ဟူ သော အဓိပ္ပါယ်ပါသည့် စကားပရိယာယ်ဖြင့်ပြောကြားသည်။ 
ထိုအခါတရုတ်သံတို့သည် တရုတ်မင်းထံပြန်လည်အကြောင်းကြားလေသော် နိုင်ငံချင်းရင်းနှီး ခဲ့သည်ကိုမိတ်မပျက်စေလိုသောကြောင့် တရုတ်မင်းကလျော်ကြေးတောင်းခံခြင်းမပြုကြတော့ဘဲ ပြန် လာရန်တရုတ်သံအဖွဲ့ဝင်တို့အား အမိန့်ပြန်ကြားလိုက်လေသည်။ 
ယင်းသို့ဖြင့်ဦးပေါ်ဦး၏စကားပရိယာယ်ကြွယ်ဝစွာဖြင့် စကားစစ်တရားစစ်ထိုးနိုင်မှုကြောင့် တ ရုတ်တို့နှင့်အကြည်အသာ အရေးပြီးမြောက်အောင်မြင်ခဲ့လေသည်။ အမတ်ကြီးဦးပေါ်ဦး ကွယ်လွန်အ နိစ္စရောက်သော သက္ကရာဇ်နှင့်ပတ်သက်၍ မြန်မာစာညွှန့်ပေါင်းကျမ်းဒုတိယအတွဲတွင် “သက္ကရာဇ် ၁၂ဝဝပြည့်နှစ်၊ အသက်(၇၉)နှစ်”ဟုပြဆိုသည်။ “အမတ်ကြီးဦပေါ်ဦးလျှောက်ထုံးဖြစ်သော က၀ိ သေတ္တုမဉ္ဇူသာကျမ်း၌မူ ‘၁၂ဝ၅ခုနှစ်၊ အသက်(၈၄)နှစ်’ဟု ပြချေသည်။ ဤအဆိုနှစ်ရပ်ကိုစိစစ်သော် သက္ကရာဇ်၁၂ဝဝပြည့်နှစ်၊ အသက်(၇၉)နှစ်တွင်ကွယ်လွန်အနိစ္စရောက်ကြောင်းကိုပြသော ‘မြန်မာစာ ညွှန့်ပေါင်းကျမ်း’ ဆိုသည်က အမှန်နှင့် ပို၍နီးစပ်သည်ဟုဆိုရပေမည်။ သို့ဆိုရခြင်းအကြောင်းမှာ မြန်မာစာညွှန့်ပေါင်းကျမ်းတွင်ဦးပေါ်ဦးသည်ကွယ်လွန်အနိစ္စရောက်ပြီးသည့်နောက် မိမိ၏နောက်သို့ ပစ္စည်းတစ်စုံတစ်ရာကိုမျှယူ၍မသွားနိုင်။ လက်ချည်းသာသွားရလေသည်ဟု လူအများကိုသိစေခြင်းငှာ မိမိ၏လက်ယာလက်တစ်ဖက်ကို‘ခေါင်း’အပြင်သို့ထုတ်ချ၍ လက်ဝါကိုပြထားစေရန်သားမယားတို့ ကိုမှာထားခဲ့သည်”ဟုဆိုထားသည်။‘က၀ိသေတ္တုပဉ္ဇူသာ’ကျမ်းတွင်မူကား အထက်ပါမှတ်သား ချက်နှင့်တစ်ပြေးညီစွာပင်ဆိုသည်သာမက‘ခေါင်း’ ၏အပြင်ဘက်သို့လက်ထုတ်ထားရခြင်းအကြောင်း နှင့်ပတ်သက်၍ ရဟန်းရှင်လူတို့ အုတ်ကျက်သောင်းလဲ ပြောဆိုခြင်းပြုကြရကား ဘ၀ရှင်မင်းတရားကြီးက ရွှေမြို့တော်လေးပြင်ရပ်ရှိ ကျမ်းတတ်အကျော်တံဆိပ်ရ၊ မရ ဆရာတော်တို့ကို နန်းတော်သို့ပင့်ဖိတ်လျှောက် ထားတော်မူပုံ၊ ထိုအခါ မည်သည့်ဆရာတော်ကမျှ တစ်ခွန်းတစ်ပါဒမျှမိန့်ဆိုတော်မမူရကား ‘စက္ကိန္ဒာဘ သီရိပ၀ရလင်္ကာရ သဒမ္မပါလ က၀ိဓဇ မဟာဓမ္မရာဇာဓိရာဇာဂုရု’ တံဆိပ်နာမံတော်ခံ ‘မဟာအောင်မြေစံ’ အုတ်ကျောင်းဆရာတော်ဦးဗုဓ်က ‘ဦးပေါ်ဦးသည်ပစ္စည်း၊ ဥစ္စာ၊ ရတနာ၊ ရွှေငွေ အထွေထွေအားဖြင့် အလွန်တရာမှကြွယ်ဝသော အမတ်ကြီးတစ်ပါးပင်ဖြစ်၏။သို့ရာတွင်မိမိဘဝတစ်ပါးသို့ကူးပြောင်းသွားရအခါ အဏုမြူခန့်သောဥစ္စာ ကိုမျှယူဆောင်ခြင်းငှာမစွမ်းနိုင်ရာသဖြင့်မပါလက်ချည်းသာသွားရသည်ကို နေပြည်တော်ရှိလူတလွှား တို့ မိမိအားကြည့်၍ သတိသဓမ္ပဇညတရာပွားများရှိရစ်ကြစေရန် ရည် သန်ရွယ်စူးလျက် ‘ခေါင်း’ ၏အပြင်ဘက်သို့ မိမိ၏လက်ကိုထုတ်ကာပြစေခြင်းသာဖြစ်သည်’ ဟုအမိန့် တော်ရှိကြောင်းနှင့်လည်း အကျယ်တ၀င့်ဖော်ပြပါရှိသည်။ဤတွင်အုတ်ကျောင်းဆရာတော်ဦးဗုဓ်က ဖွင့်ဆိုမြွက်ကြွားဖူးကြောင်း နှင့် အခြားအမှတ်အသားများလည်း များစွာရှိသည်။ ဆရာစဉ်လည်းပြောစ မှတ်ပြုခဲ့သည်။ သို့ရာတွင် ဆရာတော်ဦးဗုဓ်က ထိုစကားရပ်များကို ဖွင့်ဆိုမြွက်ကြွားလာသည့်အချိန်အခါမှာ ‘က၀ိသေတ္တုမဉ္ဇူသာ’  ကျမ်းတွင်လာသကဲ့သို့သက္ကရာဇ် ၁၂ဝ၅ခုနှစ်၊ တပို့တွဲလဆန်း(၈)ရက်၊ အင်္ဂါနေ့ဟုတ်သလားဟူငြားအံ့။ ထိုအချိန်အခါသည်မဟုတ်ဟုဆိုရပေမည်။အကြောင်းသော်ဆရာတော်ဦးဗုဓ်သည် ထိုအချိန်တော် တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးပါးခန့်နီးသော သက္ကရာဇ် ၁၂၀၄ခုနှစ်၊ နယုန်လပြည့်ကျော် (၁)ရက်နေ့ကပျံလွန်ခဲ့ပြီးဖြစ်သောကြောင့်တည်း။သို့ဖြစ်ရကားမြန်မစာညွှန့်ပေါင်းကျမ်းတွင် ပြဆိုထား သကဲ့သို့ သက္ကရာဇ် ၁၂ဝဝပြည့်နှစ်တွင် ဦးပေါ်ဦး၏ အနိစ္စရောက်၍ ရဟန်းရှင်လူ တို့အပေါ်တွင်ထားခဲ့သော ဦးပေါ်ဦး၏စေတနာအကြောင်းတရား၊ သံဝေဂရဖွယ်ရာအကြောင်းတို့ကို ဆရာတော်ဦးဗုဓ်က ဖွင့်ဆိုမြွက်ကြွားခြင်းဖြစ်ပေသည်။ 
ထို့ပြင် ‘က၀ိသေတ္တုမဉ္ဇူသာ’ ကျမ်းတွင်ဖော်ပြပါရှိသည့် ဦးပေါ်ဦး၏လျှောက်ထုံးများမှာလည်း ခုနှစ်သက္ကရာဇ်နှင့်အပြီးကမ္ပည်းခေါင်းစဉ်များထိုးမှတ်ပါရှိရာ သက္ကရာဇ် ၁၂ဝဝပြည့်နှစ်သို့အပြောင်း တွင်ဘဝရှင်မင်းတရားကြီး နှစ်သစ်ကန်တော့ခံထွက်တော်မူရာ၌ အမတ်ကြီးဦးပေါ်ဦး၊ ဘိုးသူတော်ဦး မင်းနှင့်စာဆိုတော်ဦးမင်းတို့ ဘုရင့်အမိန့်တော်အရ (၁၂)ရာသီဖွဲ့ရေးသားဆက်သွင်းကြရကြောင်း၊ ထို အခါအမတ်ကြီးဦးပေါ်ဦးက ‘ဆယ့်နှစ်လီဒွာရမှာ၊ ခါမိဿရာသီ’ ချီ (၁၂)ရာသီဖွဲ့တေးထပ်များ ဆက် သွင်းကြောင်းနှင့် နောက်ဆုံးမှတ်သားချက်ကိုတွေ့ရသည့်နောက် ကဗျာ၊ လင်္ကာများကိုရေးသားဆက် သွင်းရသည်ဟူ၍လည်းကောင်း အမှတ်အသားမတွေ့ရတော့ချေ။ ထို့ကြောင့်ဦးပေါ်ဦးသည် သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်၊ တပို့တွဲလဆန်း (၈)ရက် (ခရစ် ၁၈၉၃၊ ဇန်န၀ါရီလ ၂၂၊ အင်္ဂါနေ့တွင်)ကွယ်လွန်သည် ဟု ဆရာဒဂုဏ်၏ မြန်မာ့ရိုးရာကောဇာဂြိုဟ်စီးဂြိုဟ်နင်း၊ ဗေဒင်ပညာတတိယတွဲစာအုပ်တွင်ဖော်ပြ ထားသည်။ 
စာကိုး
 (က) မြန်မာ့စွယ်စုံကျမ်း အတွဲ ၆၊ စာ ၃၇၃၊ ၃၈၁
 (ခ) မောင်သုတ ‘စာဆိုတော်များအတ္ထုပ္ပတ္တိ’ စာ ၃၁၃၊ ၃၁၆
 (ဂ) သန်းဝင်းလှိုင်၊ အကျော်ဇေယျစာဆိုတော်များ၊ စာ ၅၆၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)